အသက်ကြီးခရစ်ယာန်တွေရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား
ကမ္ဘာတစ်ဝန်းက အကြီးအကဲတွေဟာ လုပ်ငန်းတော် အခွင့်ထူးတွေကို လေးမြတ်ကြတယ်။ သူတို့ဟာ ကျွန်တော်တို့ အားလုံးအတွက် ကောင်းချီးပါပဲ။ ဒါပေမဲ့ မကြာသေးခင်က ပြုပြင်ပြောင်းလဲမှုတစ်ခု လုပ်ခဲ့တယ်။ အသက်ကြီးတဲ့ အကြီးအကဲတွေဟာ လူငယ်အကြီးအကဲတွေဆီ တာဝန်ကြီးတွေ လွှဲအပ်ဖို့ တောင်းဆိုခံရတယ်။
တိုက်နယ်ကြီးကြပ်မှူးတွေ၊ သင်တန်းပို့ချသူတွေဟာ အသက် ၇၀ ပြည့်ရင် တာဝန်ရပ်စဲပြီ။ အသက် ၈၀ ပြည့်တဲ့ အကြီးအကဲတွေလည်း ဌာနခွဲ ညှိနှိုင်းရေးမှူး၊ ဒေသခံ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူးစတဲ့ တာဝန်အသီးသီးကို လူငယ်အကြီးအကဲတွေဆီ လွှဲအပ်ရမယ်။ ဒီပြုပြင်ပြောင်းလဲမှုကို သူတို့ ဘယ်လို တုံ့ပြန်ကြသလဲ။ ယေဟောဝါနဲ့ အဖွဲ့အစည်းကို သစ္စာစောင့်သိကြောင်း သူတို့ ပြကြတယ်။
ဌာနခွဲကော်မတီ ညှိနှိုင်းရေးမှူးအဖြစ် ၄၉ နှစ်နီးပါး အမှုဆောင်ခဲ့တဲ့ ကန်က “ဒီဆုံးဖြတ်ချက်ကို လုံးဝ သဘောတူတယ်။ ညှိနှိုင်းရေးမှူးအဖြစ် အမှုဆောင်နိုင်မယ့် လူငယ်ညီအစ်ကို လိုနေတယ်လို့ အဲဒီမနက်ပဲ ယေဟောဝါဆီ ဆုတောင်းခဲ့တာ” လို့ပြောတယ်။ ကမ္ဘာတစ်ဝန်းက သစ္စာရှိ
အသက်ကြီးသူတွေလည်း ကန်လိုပဲ တုံ့ပြန်ကြတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေအတွက် အမှုဆောင်ရတာကို မြတ်နိုးတော့ အစပိုင်းမှာ စိတ်ဓာတ်ကျတာမျိုး ရှိခဲ့ကြတယ်။အသင်းတော် အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး ဖြစ်ခဲ့တဲ့ အက်စ်ပါရန်ဒိုက “နည်းနည်းတော့ ဝမ်းနည်းတယ်။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုနေတာ” လို့ပြောတယ်။ အက်စ်ပါရန်ဒိုဟာ ယေဟောဝါကို သစ္စာရှိရှိ ဆက်အမှုဆောင်နေပြီး အသင်းတော်အတွက် ကောင်းချီးဖြစ်နေဆဲပဲ။
အမှုဆောင်လုပ်ငန်း နောက်တစ်မျိုးကို ပြောင်းလိုက်ရတဲ့ သက်တမ်းကြာ နယ်လှည့်ကြီးကြပ်မှူးတွေကော ဘယ်လိုလဲ။ “ကြားကြားချင်း ကျွန်တော် လန့်သွားတယ်” ဆိုပြီး နယ်လှည့်ကြီးကြပ်မှူးအဖြစ် ၃၈ နှစ် အမှုဆောင်ခဲ့တဲ့ အယ်လန် ပြောတယ်။ ဒါပေမဲ့ လူငယ်တွေကို လေ့ကျင့်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသိအမှတ်ပြုပြီး သစ္စာရှိရှိ ဆက်အမှုဆောင်နေတယ်။
နယ်လှည့်ကြီးကြပ်မှူးနဲ့ သင်တန်းပို့ချသူအဖြစ် နှစ်ပေါင်း ၄၀ အမှုဆောင်ခဲ့တဲ့ ရပ်စယ်ဟာ အစပိုင်းမှာ စိတ်ဓာတ်ကျမိတယ်။ “ဒီအခွင့်ထူးကို ကျွန်တော်တို့ ဇနီးမောင်နှံ သိပ်မြတ်နိုးတာ။ ဆက်လုပ်ဖို့လည်း ခွန်အားရှိသေးတယ်” လို့ပြောတယ်။ ရပ်စယ်နဲ့ ဇနီးဟာ ရထားတဲ့ လေ့ကျင့်မှုနဲ့ အတွေ့အကြုံကို အသင်းတော်မှာ အသုံးပြုနေလို့ ကြေညာသူတွေ သိပ်ပျော်ကြတယ်။
သင်ဟာ အဲဒီအပြောင်းအလဲကို ကိုယ်တိုင် မကြုံရရင်တောင် ၂ ရှမွေလမှာပါတဲ့ မှတ်တမ်းက သူတို့ကို နားလည်ဖို့ ကူညီပေးနိုင်တယ်။
ကျိုးနွံမှုရှိပြီး လက်တွေ့ကျသူ
ဘုရင်ဒါဝိဒ်ဟာ သားဖြစ်သူ အဗရှလုံ ပုန်ကန်တဲ့အခါ ဂျေရုဆလင်မြို့ကနေ ဂျော်ဒန်မြစ်အရှေ့ဘက် မဟာနိမ်မြို့ကို ထွက်ပြေးရတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေ နေစရာ၊ စားစရာ လိုအပ်နေပြီ။ ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာ မှတ်မိသလား။
လူသုံးယောက်က အိပ်ရာ၊ စားစရာနဲ့ လိုအပ်တာတွေ ယူလာပေးတယ်။ တစ်ယောက်ကတော့ ဗာဇိလဲပါပဲ။ (၂ ရှ. ၁၇:၂၇-၂၉) အဗရှလုံရဲ့ ပုန်ကန်မှုပြီးနောက် ဂျေရုဆလင်ကို ဒါဝိဒ် ပြန်တဲ့အခါ ဂျော်ဒန်မြစ်အထိ ဗာဇိလဲ လိုက်ပို့တယ်။ ဗာဇိလဲဟာ “သိပ်ချမ်းသာ” ပြီး စားသောက်ဖို့ ပူစရာ မလိုပေမဲ့ ဂျေရုဆလင်ကို လိုက်ခဲ့ဖို့ ဒါဝိဒ် ခေါ်တယ်။ (၂ ရှ. ၁၉:၃၁-၃၃) ဗာဇိလဲရဲ့ အရည်အသွေးကောင်းတွေ၊ သူပေးနိုင်တဲ့ အကြံဉာဏ်ကောင်းတွေကို ဒါဝိဒ် တန်ဖိုးထားပုံရတယ်။ နန်းတော်မှာ နေရမှာ အခွင့်ထူးကြီးပါပဲ။
ဒါပေမဲ့ ကျိုးနွံပြီး လက်တွေ့ကျတဲ့ ဗာဇိလဲက မိမိဟာ အသက် ၈၀ ရှိပြီ၊ “ကောင်းမကောင်းကို မပိုင်းခြားနိုင်တော့ဘူး” လို့ပြောတယ်။ ဘာကို ဆိုလိုတာလဲ။ ဗာဇိလဲဟာ ဘဝတစ်လျှောက် အသိပညာအများကြီး ရခဲ့မှာပဲ။ နောက်ပိုင်း ဘုရင်ရောဗောင်ခေတ်က “အသက်ကြီးသူတွေ” လို အကြံဉာဏ်ကောင်းတွေ ပေးနိုင်သေးတယ်။ (၁ ဘု. ၁၂:၆၊ ၇။ ဆာ. ၉၂:၁၂-၁၄။ ပညာ. ၁၆:၃၁) ဒါကြောင့် ကောင်းမကောင်း မပိုင်းခြားနိုင်တော့ဘူးဆို တာ ကာယပိုင်း မတတ်စွမ်းနိုင်တာကို ဆိုလိုခြင်း ဖြစ်နိုင်တယ်။ အသက်ကြီးလို့ ရသာရုံ၊ အကြားအာရုံ ထိခိုက်နေပြီလို့ သူဝန်ခံတယ်။ (ဒေ. ၁၂:၄၊ ၅) ဒါကြောင့် သားဖြစ်ပုံရတဲ့ လူငယ် ခိမဟံကိုပဲ ခေါ်သွားဖို့ ဒါဝိဒ်ကို တိုက်တွန်းတယ်။—၂ ရှ. ၁၉:၃၅-၄၀။
အနာဂတ်အတွက် ပြင်ဆင်ခြင်း
အစပိုင်းမှာပါတဲ့ အသက်အရွယ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဟာ ဗာဇိလဲရဲ့ အမြင်နဲ့ ကိုက်ညီတယ်။ အခုခေတ်မှာတော့ တစ်ဦးတစ်ယောက်ရဲ့ အခြေအနေ၊ အရည်အသွေးတွေအပေါ် မူတည်ပြီး ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းက သစ္စာရှိ အကြီးအကဲတွေရဲ့ အကောင်းဆုံးအကျိုးအတွက် လက်တွေ့ကျကျ စဉ်းစားသုံးသပ်ဖို့ လိုအပ်နေလို့ ဖြစ်တယ်။
နှစ်ပေါင်းများစွာ ကိုယ်ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကို လူငယ်ညီအစ်ကိုတွေဆီ လွှဲအပ်တာဟာ အဖွဲ့အစည်းရဲ့ အနာဂတ်တိုးတက်မှုအတွက် ဖြစ်ကြောင်း ကျိုးနွံမှုရှိတဲ့ အသက်ကြီးခရစ်ယာန်တွေ နားလည်ကြတယ်။ ဗာဇိလဲက သားကို၊ တမန်တော် ပေါလုက တိမောသေကို လေ့ကျင့်ပေးသလို အသက်ကြီးတဲ့ ညီအစ်ကိုတွေက လူငယ်တွေကို လေ့ကျင့်ပေးကြတယ်။ (၁ ကော. ၄:၁၇။ ဖိ. ၂:၂၀-၂၂) အဲဒီလူငယ်တွေဟာ “ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပေး” နိုင်တဲ့ “လက်ဆောင်” တွေပါပဲ။—ဧ. ၄:၈-၁၂။ တောလည်ရာ ၁၁:၁၆၊ ၁၇၊ ၂၉ နဲ့ နှိုင်းယှဉ်ပါ။
ရနိုင်တဲ့ အခွင့်ထူးများ
ကမ္ဘာတစ်ဝန်းမှာ တာဝန်တွေကို လွှဲအပ်ခဲ့သူများစွာဟာ ယေဟောဝါရဲ့ လုပ်ငန်းမှာ အခွင့်အရေးသစ်တွေ ရနေကြတယ်။
“အခြေအနေသစ်ကြောင့် အသင်းတော်ထဲက ညီအစ်မတွေရဲ့ မယုံကြည်သူခင်ပွန်းတွေကို ကူညီပေးနိုင်တယ်” လို့ ၁၉ နှစ်ကြာ နယ်လှည့်ကြီးကြပ်မှူး လုပ်ခဲ့တဲ့ မာကို ပြောတယ်။
“ကျွန်တော်တို့ရဲ့ ပန်းတိုင်သစ်ကတော့ မလှုပ်မရှား ဖြစ်နေသူတွေကို ကူညီဖို့၊ ကျမ်းစာသင်အံမှုအသစ်တွေ စဖို့ပဲ” ဆိုပြီး နယ်လှည့်လုပ်ငန်းမှာ ၂၈ နှစ် ပါဝင်ခဲ့တဲ့ ဂျေရဒူ ပြောတယ်။ သူနဲ့ ဇနီးဟာ ကျမ်းစာသင်အံမှု ၁၅ ခု ရှိနေပြီ။ အခုဆို မလှုပ်မရှားဖြစ်နေသူ အတော်များများ အစည်းအဝေးတွေ ပြန်တက်နေပြီ။
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အယ်လန်က “အခုဆို ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်နိုင်ပြီ။ လူထုရှေ့၊ စီးပွားရေးရပ်ကွက်နဲ့ အိမ်နီးချင်းတွေကို သက်သေခံရတာ သိပ်ပျော်တာပဲ။ နှစ်ယောက်ဆို အစည်းအဝေးတွေ တက်နေပြီ” လို့ပြောတယ်။
သင်ဟာ တာဝန်သစ်တွေရထားတဲ့ သစ္စာရှိညီအစ်ကို ဖြစ်မယ်ဆိုရင် လုပ်ဆောင်နိုင်တာ ရှိသေးတယ်။ လူငယ်တွေကို သင့်ရဲ့ အတွေ့အကြုံကောင်းတွေ မျှဝေပေးပါ။ “အရည်အချင်းရှိတဲ့ လူငယ်တွေကို ယေဟောဝါ လေ့ကျင့်ပြီး အသုံးပြုနေတယ်။ သူတို့ရဲ့ အင်တိုက်အားတိုက် သွန်သင်ထိန်းကျောင်းမှုကနေ ညီအစ်ကို/မတွေ အကျိုးရနေကြတယ်” လို့ ရပ်စယ်ပြောတယ်။—“ လူငယ်တွေကို ပန်းတိုင်ရောက်အောင် ကူညီပေးပါ” လေးထောင့်ကွက်ကို ကြည့်ပါ။
သင့်ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား
သင်ဟာ အမှုဆောင်လုပ်ငန်း နောက်တစ်မျိုးမှာ ပြောင်းရွှေ့ပါဝင်နေတယ်ဆိုရင် အပြုသဘော ဆက်ထိန်းထားပါ။ လူတွေကို အင်တိုက်အားတိုက် ကူညီပေးခဲ့ပြီး ဆက်ကူညီပေးနိုင်ပါတယ်။ သင်ဟာ ချစ်မြတ်နိုးခံခဲ့ရပြီး ဆက်ချစ်မြတ်နိုးခံရဦးမှာပါ။
အရေးကြီးဆုံးကတော့ သင့်ကို ယေဟောဝါ အမြဲအမှတ်ရနေပါတယ်။ ‘သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တဲ့၊ အခုလည်း အလုပ်အကျွေးပြုနေတဲ့ သင့်ရဲ့ လုပ်ရပ်နဲ့ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။’ (ဟီ. ၆:၁၀) ဒီကျမ်းချက်က အရင်က လုပ်ခဲ့တာ တွေနဲ့ပဲ မသက်ဆိုင်ဘူး။ အရင်က လုပ်ခဲ့တာရော အခုလုပ်ဆောင်နေတာတွေပါ ယေဟောဝါအတွက် သိပ်တန်ဖိုးရှိတယ်။
သင့်တာဝန် အပြောင်းအလဲမရှိရင်လည်း ဒီကိစ္စက သင်နဲ့ တိုက်ရိုက် သက်ဆိုင်နိုင်ပါတယ်။ ဘယ်နည်းနဲ့လဲ။
သင်ဟာ တာဝန်ပြောင်းသွားတဲ့ သစ္စာရှိ အသက်ကြီးညီအစ်ကိုရဲ့ ရင့်ကျက်မှုနဲ့ အတွေ့အကြုံကနေ အကျိုးရနိုင်တယ်။ သူ့ဆီမှာ အကြံဉာဏ် တောင်းပါ။ လက်ရှိတာဝန်ကို သူ ဘယ်လို သစ္စာရှိရှိ ထမ်းဆောင်နေကြောင်း မှတ်သားပါ။
သင်ဟာ တာဝန်သစ်ရတဲ့ အသက်ကြီးသူဖြစ်စေ၊ အကျိုးရမယ့်သူဖြစ်စေ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့သူ၊ ဆက်အမှုဆောင်နေသူတွေကို ယေဟောဝါ တန်ဖိုးထားကြောင်း အမှတ်ရပါ။