မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချုပ်တည်းခြင်းကို မွေးမြူပါ

ချုပ်တည်းခြင်းကို မွေးမြူပါ

‘စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးကတော့ ချုပ်တည်းခြင်းပါပဲ။’—ဂလ. ၅:၂၂၊ ၂၃

သီချင်း– ၁၂၁၊ ၃၆

၁၊ ၂။ (က) ချုပ်တည်းမှု မရှိခြင်းကြောင့် ဘာတွေ ဖြစ်ပေါ်နိုင်သလဲ။ (ခ) ဘာကြောင့် ချုပ်တည်းခြင်းအကြောင်း ဆွေးနွေးသင့်သလဲ။

 ချုပ်တည်းခြင်းဆိုတာ ဘုရားပေး အရည်အသွေးပါ။ (ဂလ. ၅:၂၂၊ ၂၃) ယေဟောဝါမှာ ချုပ်တည်းမှု အပြည့်အဝ ရှိတယ်။ လူသားတွေကတော့ မစုံလင်တဲ့အတွက် ချုပ်တည်းနိုင်ဖို့ ကြိုးစားနေရတယ်။ လူတွေ ကြုံနေရတဲ့ ပြဿနာများစွာဟာ ချုပ်တည်းမှု မရှိလို့ပဲ။ ချုပ်တည်းမှု မရှိတဲ့အတွက် ကျောင်းမှာ၊ အလုပ်ခွင်မှာ အချိန်ဆွဲခြင်း၊ အလုပ်မတွင်ခြင်းတို့ ဖြစ်ပေါ်နိုင်တယ်။ ဆဲဆိုခြင်း၊ မူးယစ်ခြင်း၊ အကြမ်းဖက်ခြင်း၊ ကွာရှင်းခြင်း၊ အကြွေးတင်ခြင်း၊ တစ်ခုခုကို စွဲလမ်းခြင်း၊ ထောင်ကျခြင်း၊ မလိုချင်တဲ့ ကိုယ်ဝန်ရခြင်း၊ စိတ်ဒဏ်ရာ၊ လိင်ဆိုင်ရာ ကူးစက်ရောဂါစတာတွေလည်း ဖြစ်စေနိုင်တယ်။—ဆာ. ၃၄:၁၁-၁၄

ချုပ်တည်းမှု မရှိသူတွေက ကိုယ်တိုင်နဲ့ တခြားသူတွေအတွက် ပြဿနာတွေ ဖြစ်စေတယ်။ ချုပ်တည်းမှု မရှိတဲ့ ပြဿနာဟာ ပိုပိုဆိုးလာနေတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခြင်းအကြောင်း လေ့လာခဲ့ကြပေမဲ့ မကြာသေးခင်က လေ့လာမှုတွေအရ ပိုဆိုးလာတယ်။ “မချုပ်တည်းနိုင်သူ” များလာခြင်းက “နောက်ဆုံးကာလ” ရဲ့ လက္ခဏာတစ်ခုပဲလို့ ကျမ်းစာမှာ ကြိုပြောထားတဲ့အတွက် ကျမ်းစာလေ့လာသူတွေ မအံ့ဩကြဘူး။—၂ တိ. ၃:၁-၃

၃။ ချုပ်တည်းခြင်းကို ခရစ်ယာန်တွေ ဘာကြောင့် မွေးမြူသင့်သလဲ။

ချုပ်တည်းခြင်း မွေးမြူဖို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ အကြောင်းရင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ ချုပ်တည်းနိုင်သူတွေမှာ ကြီးမားတဲ့ ပြဿနာတွေ အဖြစ်နည်းတယ်။ သူတို့ဟာ ပိုပြီးစိတ်တည်ငြိမ်ကြတယ်။ မိတ်ဆွေကောင်းတွေ ဖွဲ့နိုင်တယ်။ မချုပ်တည်းနိုင်သူတွေလောက် ဒေါသ၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု မရှိကြဘူး။ ဒုတိယ၊ ဘုရားသခင့် မျက်နှာသာရဖို့ သွေးဆောင်မှုကို တွန်းလှန်နိုင်ခြင်း၊ မသင့်လျော်တဲ့ဆန္ဒတွေကို ထိန်းချုပ်နိုင်ခြင်း မရှိမဖြစ်လိုတယ်။ ဒါကို အာဒံနဲ့ ဧဝတို့ရဲ့အမှားက ဖော်ပြတယ်။ (က. ၃:၆) ချုပ်တည်းမှု မရှိတဲ့ တခြားသူတွေ ကြုံရတဲ့ ဆိုးကျိုးတွေအကြောင်း စဉ်းစားကြည့်ပါ။

၄။ ချုပ်တည်းဖို့ ခက်နေသူတွေကို ဘာက အားရှိစေသလဲ။

မစုံလင်တဲ့ ဘယ်လူသားမှ အပြည့်အဝ မချုပ်တည်းနိုင်ဘူး။ ချုပ်တည်းမှုရှိဖို့ မိမိကျေးကျွန်တွေ ကြိုးစားနေရမှန်း ယေဟောဝါ သိတယ်။ အပြစ်ရှိတဲ့ဆန္ဒတွေကို ချိုးနှိမ်နိုင်အောင် ကူညီပေးချင်တယ်။ (၁ ဘု. ၈:၄၆-၅၀) မိမိကို ဝတ်ပြုချင်တဲ့၊ ဘဝကဏ္ဍတချို့မှာ ချုပ်တည်းဖို့ ခက်နေတဲ့ စိတ်ရင်းမှန်သူတွေကို မေတ္တာရှိတဲ့ မိတ်ဆွေအနေနဲ့ အားပေးထားတယ်။ ယေဟောဝါရဲ့ ပြည့်ဝစုံလင်တဲ့ ပုံနမူနာကို သုံးသပ်ကြည့်ကြစို့။ ကျမ်းစာထဲက ပုံနမူနာကောင်းတွေ၊ ပုံနမူနာဆိုးတွေကနေလည်း သင်ယူကြပါမယ်။ ချုပ်တည်းမှု တိုးများစေနိုင်တဲ့ လက်တွေ့ကျ အကြံပြုချက်တွေကိုလည်း လေ့လာကြပါမယ်။

ယေဟောဝါ ပုံသက်သေပြ

၅၊ ၆။ ချုပ်တည်းမှုနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်ပုံသက်သေ ချမှတ်သလဲ။

ယေဟောဝါ “လုပ်ဆောင်သမျှ ပြီးပြည့်စုံ” တဲ့အတွက် အပြည့်အဝ ချုပ်တည်းနိုင်တယ်။ (တရား. ၃၂:၄) ကျွန်တော်တို့ကတော့ မစုံလင်ကြဘူး။ ဒါပေမဲ့ ချုပ်တည်းခြင်းအကြောင်း နားလည်ဖို့ ယေဟောဝါရဲ့ ပုံသက်သေကို ဆန်းစစ်ရမယ်။ ဒါမှ ဘုရားသခင်ကို ပိုတုပနိုင်မယ်။ ယေဟောဝါ ချုပ်တည်းမှု တင်ပြခဲ့တဲ့ အခြေအနေတချို့က ဘာတွေလဲ။

စာတန်ရဲ့ အတင့်ရဲတဲ့ ပုန်ကန်မှုကို ကိုင်တွယ်ရာမှာ ယေဟောဝါ ဘယ်လို ချုပ်တည်းမှု တင်ပြခဲ့ကြောင်း စဉ်းစားကြည့်ပါ။ ဒီပြဿနာကို ဖြေရှင်းရမယ်။ မာရ်နတ်ရဲ့ စိန်ခေါ်မှုကြောင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိတဲ့ ကောင်းကင်သတ္တဝါတွေ ဒေါသထွက်၊ စက်ဆုပ်ခဲ့မှာပဲ။ စာတန် ဖြစ်ပေါ်စေတဲ့ ဆင်းရဲဒုက္ခအားလုံးကို စဉ်းစားလိုက်တဲ့အခါ သင်လည်း အလားတူ ခံစားရမှာပဲ။ ဒါပေမဲ့ ယေဟောဝါ အလျင်စလို မတုံ့ပြန်ခဲ့ဘူး။ ချင့်ချင့်ချိန်ချိန်၊ သင့်သင့်တော်တော် တုံ့ပြန်ခဲ့တယ်။ ဘုရားဟာ အမျက်ထွက်နှေးပြီး စာတန့် ပုန်ကန်မှုကို တရားမျှတစွာ ကိုင်တွယ်ခဲ့တယ်။ (ထွ. ၃၄:၆။ ယောဘ ၂:၂-၆) ဘာကြောင့်လဲ။ ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ “လူအားလုံးကို နောင်တရစေချင်လို့” ယေဟောဝါ အချိန်ပေးထားတယ်။—၂ ပေ. ၃:၉

၇။ ယေဟောဝါရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။

ယေဟောဝါ ချုပ်တည်းမှု တင်ပြပုံက ကျွန်တော်တို့လည်း အလျင်စလို မဟုတ်ဘဲ ချင့်ချင့်ချိန်ချိန် ပြုမူပြောဆိုဖို့ သင်ပေးတယ်။ အရေးကြီးတဲ့ကိစ္စ ကြုံတဲ့အခါ ပညာရှိရှိ ပြုမူနိုင်အောင် အချိန်ယူပါ။ မှန်ကန်ရာကို ပြောဆိုပြုမူနိုင်အောင် ဉာဏ်ပညာပေးဖို့ ဆုတောင်းပါ။ (ဆာ. ၁၄၁:၃) သွေးဆူနေတုန်း စိတ်လိုက်မာန်ပါ လုပ်မိနိုင်တယ်။ နောင်တရစေတဲ့ စကားတွေ၊ လုပ်ရပ်တွေ ပြောဆိုပြုမူမိနိုင်တယ်။—ပညာ. ၁၄:၂၉။ ၁၅:၂၈။ ၁၉:၂

ဘုရားသခင့် ကျေးကျွန်တွေရဲ့ ပုံနမူနာကောင်း၊ ပုံနမူနာဆိုးများ

၈။ (က) ဘုရားပေး အရည်အသွေးရှိသူတွေရဲ့ ပုံနမူနာတွေကို ဘယ်မှာ ရှာတွေ့နိုင်သလဲ။ (ခ) ပေါတိဖာမိန်းမ ဖြားယောင်းမှုကို ယောသပ် ဘာကြောင့် တွန်းလှန်နိုင်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခြင်းရဲ့ တန်ဖိုးကို ပေါ်လွင်စေတဲ့ ဘယ်ကျမ်းစာ ပုံနမူနာတွေ ရှိသလဲ။ စမ်းသပ်ခံရချိန်မှာ သင့်လျော်စွာ ချုပ်တည်းခဲ့တဲ့ ကျမ်းစာ ဇာတ်ကောင်တွေကို သင် မှတ်မိမှာ သေချာပါတယ်။ တစ်ယောက်ကတော့ ယာကုပ်ရဲ့သား ယောသပ်ပါ။ ဖာရောရဲ့ ကိုယ်ရံတော်မှူး ပေါတိဖာရဲ့ အိမ်မှာ အလုပ်လုပ်ခဲ့တုန်းက ယောသပ် ချုပ်တည်းခဲ့ရတယ်။ “ကိုယ်လုံးကိုယ်ထည်တောင့်တဲ့ လူချော” ယောသပ်ကို ပေါတိဖာရဲ့ မိန်းမ မျက်စိကျပြီး ဖြားယောင်းသွေးဆောင်ခဲ့တယ်။ အကြိမ်ကြိမ် ဖြားယောင်းမှုကို ယောသပ် ဘာကြောင့် အလျှော့မပေးခဲ့သလဲ။ အလျှော့ပေးလိုက်လို့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို အချိန်ယူ စဉ်းစားခဲ့မှာ သေချာတယ်။ အခြေအနေ ဆိုးလွန်းတဲ့အခါ ထွက်ပြေးလိုက်ရတယ်။ ‘ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး အရောက်မခံနိုင်ဘူး’ လို့ ယောသပ် စဉ်းစားခဲ့တယ်။—က. ၃၉:၆၊ ၉။ ပညာအလိမ္မာ ၁:၁၀ ကိုဖတ်ပါ။

၉။ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ဘယ်လို ပြင်ဆင်နိုင်သလဲ။

ယောသပ်ရဲ့ ပုံနမူနာက ဘာသင်ပေးသလဲ။ ဘုရားသခင့် ပညတ်တွေကို ချိုးဖောက်စေတဲ့ သွေးဆောင်မှုကို ရှောင်ပြေးရမယ်။ သက်သေခံ ဖြစ်လာသူတချို့မှာ တစ်ချိန်က စားကြူးခြင်း၊ သောက်ကြူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ လိင်အကျင့်ပျက်ခြင်း စတဲ့အကျင့်တွေ ရှိခဲ့ကြတယ်။ နှစ်ခြင်းခံပြီးနောက်မှာတောင် အကျင့်ဟောင်းတွေ ပြန်ကျင့်ဖို့ သွေးဆောင်ခံရတဲ့အခါတွေ ရှိတယ်။ သင်လည်း ယေဟောဝါရဲ့ ပညတ် ချိုးဖောက်ဖို့ သွေးဆောင်ခံရတဲ့အခါ အပြစ်ရှိတဲ့ဆန္ဒတွေကို မထိန်းချုပ်လို့ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း အချိန်ယူစဉ်းစားခြင်းအားဖြင့် ချုပ်တည်းမှု တိုးများစေပါ။ သွေးဆောင်မှု ဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေကို ကြိုစဉ်းစားထားပြီး ဘယ်လို ရှောင်မယ်ဆိုတာ ဆုံးဖြတ်ထားပါ။ (ဆာ. ၂၆:၄၊ ၅။ ပညာ. ၂၂:၃) စမ်းသပ်မှု ကြုံရတဲ့အခါ ဉာဏ်ပညာ ပေးဖို့၊ တွန်းလှန်နိုင်အောင် ချုပ်တည်းမှု ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။

၁၀၊ ၁၁။ (က) လူငယ်တွေ ကျောင်းမှာ ဘာကြုံနေရသလဲ။ (ခ) အကျင့်ပျက်ဖို့ ဖိအားပေးမှုတွေကို တွန်းလှန်နိုင်အောင် ခရစ်ယာန်လူငယ်တွေကို ဘာက ကူညီပေးနိုင်သလဲ။

၁၀ ယောသပ်ကြုံရတဲ့ စမ်းသပ်မှုမျိုးကို ခရစ်ယာန်လူငယ်များစွာ ကြုံနေကြတယ်။ ကီမ်အကြောင်း သုံးသပ်ကြည့်ပါ။ အတန်းဖော်အများစုဟာ လင်စိတ်သားစိတ် ပြင်းထန်ကြတယ်။ စနေ၊ တနင်္ဂနွေပြီးလို့ ကျောင်းပြန်တက်တဲ့အခါ ကိုယ်တွေ့လိင်မှုကိစ္စတွေအကြောင်း ကြွားပြောကြတယ်။ ကီမ်မှာတော့ ပြောစရာ မရှိဘူး။ တခြားသူတွေလို လိုက်မလုပ်လို့ တစ်ခါတလေ “ဝိုင်းပယ်ခံရတယ်၊ အထီးကျန်တယ်” လို့ ဝန်ခံခဲ့တယ်။ ရည်းစား မရှိတော့ ရိုးအသူလို့ သူငယ်ချင်းတွေ ထင်ကြတယ်။ လူငယ်တွေကြားမှာ လိင်မှုကိစ္စပြုဖို့ သွေးဆောင်မှု ပြင်းထန်တယ်ဆိုတာကိုတော့ ကီမ် သိထားပါတယ်။ (၂ တိ. ၂:၂၂) ကျောင်းနေဖက်တွေက အပျိုစင် ဖြစ်နေတုန်းလားလို့ မေးတတ်ကြတယ်။ ဒါနဲ့ လိင်မှု မပြုရတဲ့ အကြောင်းရင်းကို ရှင်းပြခွင့် ရခဲ့တယ်။ အကျင့်ပျက်ဖို့ ဖိအားပေးမှုတွေကို တွန်းလှန်နေတဲ့ ခရစ်ယာန်လူငယ်တွေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ယေဟောဝါလည်း ဂုဏ်ယူပါတယ်။

၁၁ လိင်ကိစ္စမှာ ချုပ်တည်းမှု မရှိသူတွေရဲ့ သတိပေးပုံနမူနာတွေလည်း ကျမ်းစာမှာ ပါတယ်။ မချုပ်တည်းလို့ ရနိုင်တဲ့ ဝမ်းနည်းဖွယ် ဆိုးကျိုးတွေကိုလည်း ဖော်ပြထားတယ်။ ကီမ်လို အခြေအနေမျိုး ကြုံရသူတွေဟာ ပညာအလိမ္မာ အခန်းကြီး ၇ မှာ ဖော်ပြထားတဲ့၊ အတွေ့အကြုံမရှိတဲ့ လူငယ်အကြောင်း စဉ်းစားသုံးသပ်သင့်တယ်။ အာမနုန်ရဲ့ လုပ်ရပ်နဲ့ ဆိုးကျိုးတွေကိုလည်း စဉ်းစားကြည့်ပါ။ (၂ ရှ. ၁၃:၁၊ ၂၊ ၁၀-၁၅၊ ၂၈-၃၂) အထက်ပါ ကျမ်းချက်တွေကို သုံးပြီး မိသားစု ဝတ်ပြုမှုမှာ ရည်းစားထားခြင်းအကြောင်း ဆွေးနွေးခြင်းအားဖြင့် ချုပ်တည်းမှုနဲ့ ဉာဏ်ပညာ ရှိလာအောင် သားသမီးတွေကို မိဘတွေ ကူညီပေးနိုင်တယ်။

၁၂။ (က) အစ်ကိုတွေနဲ့ ဆက်ဆံတဲ့အခါ ယောသပ် ဘယ်လို ချုပ်တည်းခဲ့သလဲ။ (ခ) ဘယ်အခြေအနေတွေမှာ စိတ်ခံစားချက်ကို ထိန်းချုပ်ရမလဲ။

၁၂ နောက်တစ်ကြိမ်မှာလည်း ယောသပ် ချုပ်တည်းခဲ့တယ်။ စားနပ်ရိက္ခာ ဝယ်ယူဖို့ အီဂျစ်ပြည် ရောက်လာတဲ့ အစ်ကိုတွေရဲ့ စိတ်ရင်းကို သိအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါမှန်း ထုတ်မပြောခဲ့ဘူး။ စိတ်မထိန်းနိုင်တော့တဲ့အခါ ဘယ်သူမှ မရှိတဲ့အခန်းထဲ ပြေးဝင်ပြီး ငိုခဲ့တယ်။ (က. ၄၃:၃၀၊ ၃၁။ ၄၅:၁) ခရစ်ယာန်ချင်း ဒါမှမဟုတ် ချစ်ရသူတစ်ယောက် ချင့်ချိန်မှု နည်းသွားတဲ့အခါ ယောသပ်လို ချုပ်တည်းမှု တင်ပြခြင်းက အလျင်စလို မပြုမူမိအောင် ကူညီပေးနိုင်တယ်။ (ပညာ. ၁၆:၃၂။ ၁၇:၂၇) ဆွေမျိုးတွေ နှင်ထုတ်ခံထားရတဲ့အခါ မလိုအပ်ဘဲ မဆက်သွယ်ဖို့ ချုပ်တည်းရမယ်။ အဲဒီလို အခြေအနေတွေမှာ အလိုလို ချုပ်တည်းတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင့် ပုံသက်သေ၊ အကြံဉာဏ်နဲ့ ကိုက်ညီမှန်း သိထားရင် ချုပ်တည်းဖို့ ပိုလွယ်ကူပါမယ်။

၁၃။ ဘုရင်ဒါဝိဒ်ရဲ့ အဖြစ်ကနေ ဘာတွေ သင်ယူနိုင်သလဲ။

၁၃ ကျမ်းစာမှာ ဘုရင်ဒါဝိဒ်ရဲ့ ထင်ရှားတဲ့ ပုံနမူနာလည်း ပါတယ်။ ဒါဝိဒ်ဟာ အင်အားကြီးလာပေမဲ့ ရှောလုနဲ့ ရှိမိကို ဒေါသတကြီး မတုံ့ပြန်ခဲ့ဘူး။ (၁ ရှ. ၂၆:၉-၁၁။ ၂ ရှ. ၁၆:၅-၁၀) ဒါဝိဒ် အမြဲချုပ်တည်းခဲ့တာတော့ မဟုတ်ဘူး။ ဗာသရှေဘနဲ့ ပြစ်မှားခဲ့တယ်။ နာဗလအပေါ် ဒေါသအကြီးအကျယ် ထွက်ခဲ့တယ်။ (၁ ရှ. ၂၅:၁၀-၁၃။ ၂ ရှ. ၁၁:၂-၄) ဒါပေမဲ့ ဒါဝိဒ်ဆီကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။ ပထမ၊ ဘုရားသခင့် လူမျိုးရဲ့ ကြီးကြပ်မှူးတွေဟာ အခွင့်အာဏာကို အလွဲသုံးစား မလုပ်မိအောင် ချုပ်တည်းဖို့ အထူးဂရုပြုရမယ်။ ဒုတိယ၊ သွေးဆောင်မခံရပါဘူးဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်ဘူး။—၁ ကော. ၁၀:၁၂

လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရာများ

၁၄။ ညီအစ်ကိုတစ်ယောက် ဘာကြုံခဲ့ရသလဲ။ အလားတူ အခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ဘာကြောင့် အရေးကြီးသလဲ။

၁၄ ချုပ်တည်းမှု တိုးများအောင် ဘာလုပ်နိုင်သလဲ။ ဒီဖြစ်ရပ်မှန်ကို သုံးသပ်ကြည့်ပါ။ ကားတစ်စီးက လွီဂျီရဲ့ ကားကို အနောက်ကနေ ဝင်တိုက်သွားတယ်။ တစ်ဖက်ယာဉ်မောင်း မှားတာတောင် လွီဂျီကို ဆဲဆိုရန်ရှာသေးတယ်။ စိတ်ထိန်းနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ လွီဂျီ ဆုတောင်းခဲ့တယ်။ ကျေအေးဖို့ ဆွေးနွေးပေမဲ့ မရဘူး။ ဒါနဲ့ အဲဒီယာဉ်မောင်းရဲ့ အာမခံ အချက်အလက်တွေကို မှတ်ထားပြီး ထွက်သွားလိုက်တယ်။ ယာဉ်မောင်းကတော့ ဆဲဆိုကျန်ရစ်ခဲ့တယ်။ တစ်ပတ်ကြာတော့ အမျိုးသမီးတစ်ယောက်ဆီ လွီဂျီ ပြန်လည်ပတ်တယ်။ သူ့ခင်ပွန်းက အဲဒီယာဉ်မောင်း ဖြစ်နေတယ်။ သူ ရှက်ရှက်နဲ့ လွီဂျီကို တောင်းပန်တယ်။ လျော်ကြေး မြန်မြန်ပေးဖို့ လွီဂျီရဲ့ အာမခံကုမ္ပဏီကို ဆက်သွယ်ပေးတယ်။ ကျမ်းစာဆွေးနွေးမှုမှာ ပါဝင်လာပြီး ဆွေးနွေးခဲ့တာတွေကို သဘောကျတယ်။ ယာဉ်တိုက်မှုပြီးနောက် စိတ်တည်ငြိမ်အောင် ထိန်းဖို့ ဘယ်လောက် အရေးကြီးမှန်း၊ စိတ်မထိန်းခဲ့ရင် ဘယ်လောက် ထိခိုက်နိုင်မှန်း လွီဂျီ သိလိုက်ရတယ်။၂ ကောရိန္သု ၆:၃၊ ၄ ကိုဖတ်ပါ။

စိတ်တည်ငြိမ်ခြင်း၊ ဒေါသထွက်ခြင်းက ခရစ်ယာန်အမှုဆောင်လုပ်ငန်းအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကျိုးသက်ရောက်နိုင် (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၅၊ ၁၆။ ကျမ်းစာလေ့လာမှုက သင်နဲ့ သင့်မိသားစုကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ ဝီရိယရှိရှိ၊ အသိရှိရှိ ကျမ်းစာလေ့လာခြင်းက ချုပ်တည်းမှုရှိအောင် ခရစ်ယာန်တွေကို ကူညီပေးနိုင်တယ်။ “ဒီပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို မပြောဘဲမနေနဲ့။ အဲဒီမှာရေးထားသမျှကို ဂရုတစိုက် လိုက်နာနိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ပါ။ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်” လို့ ယောရှုကို ဘုရားသခင် ပြောခဲ့တာ အမှတ်ရပါ။ (ယောရှု ၁:၈) ကျမ်းစာလေ့လာမှုက ချုပ်တည်းမှု မွေးမြူနိုင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

၁၆ လေ့လာခဲ့တဲ့အတိုင်း ကိုယ့်အပြုအမူရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပေါ်လွင်စေတဲ့ မှတ်တမ်းတွေ ကျမ်းစာမှာ ရှိတယ်။ ဒီမှတ်တမ်းတွေကို ယေဟောဝါ မှတ်တမ်းတင်ထားတာ ရည်ရွယ်ချက် ရှိတယ်။ (ရော. ၁၅:၄) အဲဒါတွေကို ဖတ်ရှု၊ လေ့လာ၊ တွေးတောဆင်ခြင်တာ ပညာရှိတယ်။ သင်၊ သင့်မိသားစုနဲ့ သက်ဆိုင်ပုံကို သဘောပေါက်အောင် ကြိုးစားပါ။ ကျမ်းစာကို ကျင့်သုံးနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ကဏ္ဍတချို့မှာ ချုပ်တည်းမှု လိုနေတာ သတိထားမိရင် ဝန်ခံပါ။ အဲဒီအကြောင်း ဆုတောင်းပြီး တိုးတက်နိုင်ဖို့ ကြိုးစားပါ။ (ယာ. ၁:၅) ကျမ်းစာစာပေတွေကို ရှာဖွေလေ့လာခြင်းက သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရှာတွေ့နိုင်အောင် ထပ်ဆင့် ကူညီပေးပါလိမ့်မယ်။

၁၇။ ချုပ်တည်းမှု မွေးမြူဖို့ သားသမီးတွေကို မိဘတွေ ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။

၁၇ ချုပ်တည်းမှု မွေးမြူနိုင်အောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ ဒီအရည်အသွေးကို လူငယ်တွေ အလိုလို မရမှန်း မိဘတွေ သိတယ်။ သားသမီးတွေရှေ့ ပုံသက်သေပြပါ။ (ဧ. ၆:၄) ချုပ်တည်းဖို့ ခက်နေတာ သတိထားမိရင် သူတို့ရှေ့ ပုံသက်သေကောင်း ပြနေရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အမှုဆောင်၊ အစည်းအဝေးမှာ မှန်မှန်ပါဝင်ခြင်း၊ မိသားစုဝတ်ပြုမှု မှန်မှန် ပြုလုပ်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို လျှော့မတွက်ပါနဲ့။ လိုအပ်တဲ့အခါ သားသမီးတွေရဲ့ တောင်းဆိုမှုတွေကို ငြင်းဖို့ မစိုးရိမ်ပါနဲ့။ အာဒံနဲ့ ဧဝအတွက် ယေဟောဝါ ကန့်သတ်ချက်တွေ ချပေးခဲ့တယ်။ အဲဒါတွေက ဘုရားသခင့် အခွင့်အာဏာကို လေးစားမှု ဖြစ်စေနိုင်တယ်။ အလားတူပဲ မိဘရဲ့ စည်းကမ်းနဲ့ ပုံသက်သေက ချုပ်တည်းတတ်အောင် သားသမီးတွေကို သင်ပေးနိုင်တယ်။ ဘုရားသခင့် အခွင့်အာဏာကို မြတ်နိုးတတ်အောင်၊ ဘုရားစံနှုန်းတွေကို လေးစားတတ်အောင် သားသမီးတွေကို သင်ပေးတာက အဖိုးတန်ဆုံးပါပဲ။ပညာအလိမ္မာ ၁:၅၊ ၇၊ ၈ ကိုဖတ်ပါ။

၁၈။ အပေါင်းအသင်းကောင်းတွေဟာ ကောင်းချီးဖြစ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၈ မိဘ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ဖို့ လိုအပ်မှုကို လျစ်လျူမရှုပါနဲ့။ တော်သင့်တဲ့ပန်းတိုင်တွေ လိုက်စားဖို့၊ ပြဿနာတွေ ရှောင်ဖို့ အားပေးတဲ့ အပေါင်းအသင်းမျိုး ရှာပါ။ (ပညာ. ၁၃:၂၀) ဘုရားရေးရာစိတ်ဓာတ်ရှိတဲ့ အပေါင်းအသင်းတွေက ကောင်းတဲ့ဩဇာ လွှမ်းမိုးပါလိမ့်မယ်။ ချုပ်တည်းမှု ရှိသူတွေကို တုပဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ကိုယ့်အမူအကျင့်ကောင်းကလည်း မိတ်ဆွေတွေအတွက် အားပေးမှု ဖြစ်စေမှာ သေချာတယ်။ ချုပ်တည်းခြင်းက နေ့တိုင်း ဘုရားသခင့် မျက်နှာသာ ခံစားရစေတယ်။ ချစ်ရသူတွေနဲ့ ကောင်းတဲ့အရာတွေ မျှဝေခံစားစေတယ်။