မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၆

ဖြောင့်မတ်မှုကို ဘုရားလူမျိုး ချစ်မြတ်နိုး

ဖြောင့်မတ်မှုကို ဘုရားလူမျိုး ချစ်မြတ်နိုး

“ဖြောင့်မှန်တာကို လုပ်ချင်စိတ် ပြင်းပြသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။”—မ. ၅:၆

သီချင်း ၉ တို့ဘုရင် ယေဟောဝါ

အကြိုသုံးသပ်ချက် a

၁။ ယောသပ် ဘာစမ်းသပ်မှု ကြုံရသလဲ။ ဘယ်လို တုံ့ပြန်သလဲ။

 ယာကုပ်ရဲ့ သား ယောသပ်ဟာ ခက်ခဲတဲ့ စမ်းသပ်မှု ကြုံခဲ့ရတယ်။ “ဒို့နဲ့အတူ အိပ်ပါ” လို့ အမျိုးသမီးတစ်ယောက် ပြောတယ်။ အဲဒီအမျိုးသမီးက သခင် ပေါတိဖာရဲ့ ဇနီး။ သွေးဆောင်မှုကို ယောသပ် ငြင်းတယ်။ ‘ယောသပ် ဘာကြောင့် ငြင်းတာပါလိမ့်’ လို့ ဒီနေ့ခေတ် လူတချို့ တွေးမိမယ်။ အိမ်မှာ ပေါတိဖာ မရှိဘူး။ ပြီးတော့ ယောသပ်က ကျွန်တစ်ယောက်။ သခင်မ အလိုကိုသာ မလိုက်ရင် ဒုက္ခရောက်အောင် သခင်မ လုပ်ပစ်နိုင်တယ်။ ဒါနဲ့တောင် အကျင့်ပျက်ဖို့ သွေးဆောင်တာကို ယောသပ် တောက်လျှောက် ငြင်းတယ်။ ဘာကြောင့်လဲ။ “ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” လို့ ပြောတယ်။—က. ၃၉:၇-၁၂

၂။ အိမ်ထောင်ရေး ဖောက်ပြန်တာ ဘုရားကို ပြစ်မှားရာရောက်မှန်း ယောသပ် ဘယ်လို သိသလဲ။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို “ကြီးလေးတဲ့အပြစ်” လို့ ဘုရား ယူမှတ်မှန်း ယောသပ် ဘယ်လို သိသလဲ။ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့” ဆိုတဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက် ပါဝင်တဲ့ မောရှေပညတ်ကို နောက်နှစ်ပေါင်း နှစ်ရာလောက်မှ အစ္စရေးတွေ ရတာ။ (ထွ. ၂၀:၁၄) ဒါပေမဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကို ယေဟောဝါဘုရား မကြိုက်လောက်ဘူးဆိုတာ သိနေတဲ့အထိ ဘုရားအကြောင်း ယောသပ် ကောင်းကောင်း သိထားတယ်။ ဥပမာ၊ အိမ်ထောင်ရေးဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အတွက်ပဲ ယေဟောဝါ ရည်ရွယ်မှန်း ယောသပ် သိမှာ သေချာတယ်။ ဘေးမ စာရာရဲ့ အရှက်သိက္ခာကို နှစ်ကြိမ်တိုင်တိုင် ယေဟောဝါ ကာကွယ်ပေးခဲ့ကြောင်း၊ အိဇက်ရဲ့ ဇနီး ရေဗက္ကာကိုလည်း ကာကွယ်ပေးခဲ့ကြောင်း ယောသပ် ကြားဖူးမှာပဲ။ (က. ၂:၂၄။ ၁၂:၁၄-၂၀။ ၂၀:၂-၇။ ၂၆:၆-၁၁) ဒီအကြောင်းတွေ စဉ်းစားလိုက်တဲ့အခါ ဘုရားအမြင်မှာ ဘယ်ဟာ မှန်တယ်၊ မှားတယ်ဆိုတာ ယောသပ် သဘောပေါက်လာတယ်။ ယေဟောဝါဘုရားနဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးတဲ့အတွက် ဖြောင့်မှန်တာကို လုပ်ဖို့ ဆုံးဖြတ်ထားတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ဖြောင့်မတ်မှုကို သင် မြတ်နိုးသလား။ မြတ်နိုးမှာ သေချာတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး မစုံလင်ကြလို့ သတိမထားရင် ဖြောင့်မတ်ခြင်းနဲ့ပတ်သက်တဲ့ လောကအမြင် အလွယ်တကူ လွှမ်းမိုးလာနိုင်တယ်။ (ဟေရှာ. ၅:၂၀။ ရော. ၁၂:၂) ဒါကြောင့် ဖြောင့်မတ်မှုဆိုတာ ဘာလဲ၊ ဖြောင့်မတ်မှုကို မြတ်နိုးရင် ဘာအကျိုးရမလဲဆိုတာ သုံးသပ်ကြမယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို ပိုမြတ်နိုးတတ်လာအောင် ကူညီပေးမယ့် အဆင့် သုံးဆင့်ကိုလည်း ဆွေးနွေးပါမယ်။

ဖြောင့်မတ်မှုဆိုတာ ဘာလဲ

၄။ ဖြောင့်မတ်မှုနဲ့ပတ်သက်ပြီး ဘယ်လို မှားယွင်းစွာ ရှုမြင်နေကြသလဲ။

လူဖြောင့်လူမှန်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်ပြီး ဘဝင်ခိုက်နေသူ၊ တခြားသူတွေကို ဝေဖန်တတ်သူလို့ လူများစွာ ထင်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီအရည်အသွေးတွေကို ဘုရား လုံးဝ မကြိုက်ဘူး။ ဖြောင့်မတ်တယ်လို့ အထင်ခံရအောင် လုပ်ပြတတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ယေရှု မြေကြီးပေါ် ရှိစဉ် ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။ (ဒေ. ၇:၁၆။ လု. ၁၆:၁၅) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာ စစ်မှန်တဲ့ ဖြောင့်မတ်မှု မဟုတ်ဘူး။

၅။ ကျမ်းစာအရ ဖြောင့်မတ်မှုဆိုတာ ဘာလဲ။ ဥပမာပေးပါ။

ဖြောင့်မတ်မှုဟာ အရည်အသွေးကောင်းတစ်ခုပါ။ ယေဟောဝါဘုရားရဲ့ အမြင်မှာ မှန်ရာ လုပ်ဆောင်ခြင်းကို ဆိုလိုတယ်။ ကျမ်းစာမှာ “ဖြောင့်မတ်ခြင်း” ဆိုတဲ့ စကားလုံးဟာ ယေဟောဝါရဲ့ အမြင့်မားဆုံး စံနှုန်းတွေနဲ့အညီ နေထိုင်ခြင်းကို ဆိုလိုတယ်။ ဥပမာ၊ “မှန်ကန်တဲ့ အလေး” သုံးဖို့ ကုန်သည်တွေကို ယေဟောဝါ မိန့်မှာတယ်။ (တရား. ၂၅:၁၅) “မှန်ကန်” လို့ ပြန်ဆိုထားတဲ့ မူရင်း ဟီဘရူး စကားလုံးကို “ဖြောင့်မှန်” လို့လည်း ပြန်ဆိုနိုင်တယ်။ ဘုရားအမြင်မှာ ဖြောင့်မှန်တာကို လုပ်ချင်တဲ့ ခရစ်ယာန်တွေဟာ စီးပွားရေး ကိစ္စအားလုံးမှာ အကြွင်းမဲ့ ရိုးသားဖြောင့်မှန်တယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ တစ်ယောက်ယောက် မမျှမတ ဆက်ဆံခံရတာကို ကြည့်မနေနိုင်ဘူး။ “ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိ” ချင်လို့ ကိုယ့်ဆုံးဖြတ်ချက်တွေကို ဘုရား ဘယ်လို သဘောထားမလဲဆိုတာ ထည့်တွက်တယ်။—ကော. ၁:၁၀

၆။ ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေကို ဘာကြောင့် စိတ်ချနိုင်သလဲ။ (ဟေရှာယ ၅၅:၈၊ ၉)

ကျမ်းစာမှာ ယေဟောဝါကို ဖြောင့်မတ်မှုရဲ့ ရင်းမြစ်၊ “ဖြောင့်မတ်ခြင်း တည်ရာ” လို့ ခေါ်ထားတယ်။ (ယေ. ၅၀:၇) ဖန်ဆင်းရှင် ဖြစ်လို့ ယေဟောဝါသာ အမှားအမှန်စံနှုန်းတွေ ချပိုင်ခွင့် ရှိတယ်။ ကျွန်တော်တို့ဟာ မစုံလင်တဲ့ အပြစ်သားတွေ ဖြစ်လို့ ပြည့်ဝစုံလင်တဲ့ ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေကို အပြည့်အဝ နားမလည်တဲ့အချိန်တွေ ရှိနိုင်တယ်။ (ပညာ. ၁၄:၁၂။ ဟေရှာယ ၅၅:၈၊ ၉ ကို ဖတ်ပါ။) ဒါပေမဲ့ ဘုရားရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရလို့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်နိုင်တယ်။ (က. ၁:၂၇) နေလည်း နေထိုင်ချင်ကြတယ်။ ဘုရားကို ချစ်လို့ အတတ်နိုင်ဆုံး အတုယူကြတယ်။—ဧ. ၅:၁

၇။ ယုံကြည်စိတ်ချထိုက်တဲ့ စံနှုန်းတွေ ဘာကြောင့် လိုအပ်သလဲ။ ဥပမာ ပေးပါ။

ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေအတိုင်း နေထိုင်လို့ ကျွန်တော်တို့ အကျိုးရကြတယ်။ ဘာကြောင့်လဲ။ စဉ်းစားကြည့်ပါ– ဘဏ်တိုင်းကသာ ငွေကြေးတန်ဖိုးကို ကိုယ့်စံနှုန်းနဲ့ကိုယ် သတ်မှတ်နေကြရင်၊ ဆောက်လုပ်ရေး ကုမ္ပဏီတိုင်းကသာ အတိုင်းအတာတွေကို ကိုယ့်စံနှုန်းနဲ့ကိုယ် သတ်မှတ်နေကြရင် ဘာတွေ ဖြစ်ကုန်မလဲ။ ပရမ်းပတာ ဖြစ်ကုန်မှာပေါ့။ သတ်မှတ်ထားတဲ့ ဆေးကုသမှု စံနှုန်းကို ဆရာဝန်တွေ၊ သူနာပြုတွေ မလိုက်နာရင် လူနာတွေ အသက်ဆုံးရှုံးနိုင်တယ်။ ယုံကြည်စိတ်ချထိုက်တဲ့ စံနှုန်းတွေဟာ အကာအကွယ် ဖြစ်မှန်း ရှင်းနေပါတယ်။ အလားတူပဲ၊ ဘုရားရဲ့ အမှားအမှန်စံနှုန်းတွေက ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။

၈။ ဖြောင့်မှန်တာကို လုပ်ချင်သူတွေအတွက် ဘာကောင်းချီးတွေ စောင့်ကြိုနေသလဲ။

ယေဟောဝါက မိမိစံနှုန်းတွေအတိုင်း နေထိုင်ဖို့ ကြိုးစားသူတွေကို ကောင်းချီးပေးတယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ ကတိပေးတယ်။ (ဆာ. ၃၇:၂၉) ယေဟောဝါရဲ့ စံနှုန်းတွေကို လူတိုင်း လိုက်နာတဲ့အချိန်ရောက်ရင် ဘယ်လောက် စည်းလုံး၊ ငြိမ်သက်၊ ပျော်ရွှင်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီလိုအသက်တာမျိုး ကျွန်တော်တို့ကို ယေဟောဝါ ရစေချင်တယ်။ ဖြောင့်မတ်မှုကို မြတ်နိုးဖို့ အကြောင်းကောင်းတွေ တကယ် ရှိပါတယ်။ ဘယ်လိုနည်းနဲ့ ဖြောင့်မတ်မှုကို ပိုမြတ်နိုးတတ်လာမလဲ။ အဆင့် သုံးဆင့်ကို သုံးသပ်ကြရအောင်။

ယေဟောဝါရဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးစိတ် တိုးများစေပါ

၉။ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးဖို့ ဘာက ကူညီပေးမလဲ။

အဆင့် ၁။ စံနှုန်း ချမှတ်ပေးရှင်ကို ချစ်ပါ။ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးဖို့ဆိုရင် အမှားအမှန်စံနှုန်း ချမှတ်ပေးတဲ့အရှင်ကို ချစ်မြတ်နိုးစိတ် တိုးများနေရမယ်။ ယေဟောဝါကို ချစ်လေ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်ချင်လာလေပဲ။ စဉ်းစားကြည့်ပါ– အာဒံနဲ့ ဧဝသာ ယေဟောဝါကို ချစ်ရင် ဘုရားပညတ်ကို ချိုးဖောက်ခဲ့မှာ မဟုတ်ဘူး။—က. ၃:၁-၆၊ ၁၆-၁၉

၁၀။ ယေဟောဝါအကြောင်း ပိုသိအောင် အာဗြဟံ ဘာလုပ်သလဲ။

၁၀ အာဒံနဲ့ ဧဝ လုပ်ခဲ့တဲ့ အမှားမျိုး ကျွန်တော်တို့ မလုပ်ချင်ကြဘူး။ ယေဟောဝါအကြောင်း ဆက်လေ့လာနေမယ်၊ ဘုရားအရည်အသွေးတွေကို ဆက်လေးမြတ်နေမယ်၊ ဘုရားရဲ့ စဉ်းစားပုံကို နားလည်ဖို့ ဆက်ကြိုးစားနေမယ်ဆိုရင် အဲဒီလိုအမှားမျိုး ရှောင်နိုင်မယ်။ ဘုရားကိုလည်း ပိုချစ်လာမယ်။ အာဗြဟံအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါကို တကယ် ချစ်တယ်။ ဘုရားရဲ့ ဆုံးဖြတ်ချက်ကို နားလည်ဖို့ ခက်တဲ့အချိန်မှာတောင် ကလန်ကဆန် မလုပ်ဘူး။ ဘုရားအကြောင်း ပိုသိအောင် ကြိုးစားတယ်။ ဥပမာ၊ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးမယ်ဆိုတာ ကြားတော့ လူကောင်းတွေကို လူဆိုးတွေနဲ့ ရောပြီး “မြေတစ်ပြင်လုံးရဲ့တရားသူကြီး” ဖျက်ဆီးလိုက်မှာကို အာဗြဟံ စိတ်ပူသွားတယ်။ စဉ်းစားရ ခက်သွားတယ်။ ဒါနဲ့ ယေဟောဝါကို မေးခွန်းတွေ ဆက်တိုက် မေးတော့တယ်။ ယေဟောဝါ စိတ်ရှည်ရှည် ဖြေပေးတယ်။ နောက်ဆုံးတော့၊ လူတိုင်းရဲ့ စိတ်နှလုံးကို ဘုရား စစ်ဆေးမှန်း၊ လူကောင်းတွေကို လူဆိုးတွေနဲ့ ရောပြီး ဘယ်တော့မှ အပြစ်မပေးမှန်း အာဗြဟံ သဘောပေါက်သွားတယ်။—က. ၁၈:၂၀-၃၂

၁၁။ ယေဟောဝါကို ချစ်တယ်၊ ယုံတယ်ဆိုတာ အာဗြဟံ ဘယ်လို ပြသလဲ။

၁၁ သောဒုံနဲ့ ဂေါမောရမြို့အကြောင်း ယေဟောဝါနဲ့ စကားပြောပြီးနောက် အာဗြဟံ စိတ်ထိမိသွားတယ်။ ဘုရားကို အရင်ကထက် ပိုချစ်ကြောက်ရိုသေလာတယ်။ နှစ်များစွာ ကြာပြီးနောက် ယေဟောဝါကို ယုံကြည်ကြောင်း ပြဖို့ ခက်တဲ့ အခြေအနေတစ်ခု ကြုံရတယ်။ ချစ်သား အိဇက်ကို ပူဇော်ဖို့ ဘုရား တောင်းဆိုတယ်။ ဘုရားအကြောင်း အာဗြဟံ ကောင်းကောင်း သိနေပြီမို့ ဒီတစ်ကြိမ် မေးခွန်းတွေ ထုတ်မနေတော့ဘူး။ ဘုရား တောင်းဆိုတဲ့အတိုင်း ထလုပ်တယ်။ ဒီတာဝန်အတွက် ပြင်ဆင်နေချိန်မှာ အာဗြဟံ ဘယ်လောက် စိတ်ထိခိုက်မလဲ မြင်ယောင်ကြည့်ပါ။ ယေဟောဝါအကြောင်း သိလာတာတွေကို လေးလေးနက်နက် စဉ်းစားခဲ့ရမှာပဲ။ မဖြောင့်မတ်တဲ့၊ မေတ္တာမဲ့တဲ့ လုပ်ရပ် ယေဟောဝါ ဘယ်တော့မှ မလုပ်ဘူးဆိုတာ သိတယ်။ တမန်တော် ပေါလုရဲ့ စကားအရ ချစ်သားအိဇက်ကို ယေဟောဝါ ပြန်ထမြောက်ပေးနိုင်တယ်ဆိုတာ အာဗြဟံ ယုံတယ်။ (ဟီ. ၁၁:၁၇-၁၉) ဒါ့အပြင် အိဇက်ဟာ လူမျိုးကြီးရဲ့ ဖခင် ဖြစ်လာမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီအချိန်မှာ အိဇက် သားသမီး မရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဖြောင့်မှန်တာကို ဘုရား အမြဲ လုပ်မယ်ဆိုတာ အာဗြဟံ ယုံတယ်။ ဘုရားကို ချစ်တယ်။ ခက်ပေမဲ့ ယုံကြည်ခြင်းကြောင့် နာခံခဲ့တယ်။—က. ၂၂:၁-၁၂

၁၂။ အာဗြဟံကို ဘယ်လို အတုယူနိုင်သလဲ။ (ဆာလံ ၇၃:၂၈)

၁၂ အာဗြဟံကို ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ အာဗြဟံလိုပဲ ယေဟောဝါအကြောင်း ဆက်လေ့လာနေရမယ်။ ဒါဆိုရင် ဘုရားနဲ့ ပိုရင်းနှီးချစ်ခင်လာမယ်။ (ဆာလံ ၇၃:၂၈ ကို ဖတ်ပါ။) အမှားအမှန် သိစိတ်ဟာ ဘုရားရဲ့ စဉ်းစားပုံနဲ့ ကိုက်ညီလာမယ်။ (ဟီ. ၅:၁၄) အမှားလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ငြင်းပယ်နိုင်မယ်။ ဘုရား စိတ်ထိခိုက်မယ့်၊ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်မယ့်အရာ တစ်ခုခု လုပ်ဖို့ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူး။ ဖြောင့်မတ်မှုကို မြတ်နိုးကြောင်း ဘယ်လို ပြနိုင်သေးသလဲ။

၁၃။ ဖြောင့်မတ်ခြင်းကို ဘယ်လို လိုက်စားနိုင်သလဲ။ (ပညာအလိမ္မာ ၁၅:၉)

၁၃ အဆင့် ၂။ တစ်ရက်ပြီး တစ်ရက် ဖြောင့်မတ်မှုကို ပိုမြတ်နိုးလာဖို့ ကြိုးစားပါ။ ကြွက်သား သန်မာဖို့ နေ့တိုင်း ကြိုးကြိုးစားစား လေ့ကျင့်ခန်း လုပ်ရတယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်တတ်လာဖို့လည်း ကြိုးစားအားထုတ်မှု လိုအပ်တယ်။ နေ့တိုင်း ကြိုးစားရမယ်။ ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ ကျွန်တော်တို့ တတ်နိုင်တာထက် ဘယ်တော့မှ ပိုမတောင်းဆိုဘူး။ (ဆာ. ၁၀၃:၁၄) ‘ဖြောင့်မတ်ခြင်း လိုက်စားသူတွေကို ချစ်မြတ်နိုးတယ်။’ (ပညာအလိမ္မာ ၁၅:၉ ကို ဖတ်ပါ။) ယေဟောဝါရဲ့ အမှုတော်မှာ ပန်းတိုင်တစ်ခုခုကို လိုက်စားတဲ့အခါ ကျွန်တော်တို့ ကြိုးစားအားထုတ်ကြတယ်။ ဖြောင့်မတ်ခြင်းကို လိုက်စားတဲ့အခါမှာလည်း အလားတူပဲ။ အချိန်နဲ့အမျှ ကျွန်တော်တို့ တိုးတက်လာဖို့ ယေဟောဝါ စိတ်ရှည်ရှည် ကူညီပေးပါလိမ့်မယ်။—ဆာ. ၈၄:၅၊ ၇

၁၄။ “ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ” ဆိုတာ ဘာလဲ။ ဘာကြောင့် လိုအပ်သလဲ။

၁၄ ဖြောင့်မတ်ခြင်းဟာ လိုက်စားဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ဘူးလို့ ယေဟောဝါ မေတ္တာပါစွာ သတိပေးတယ်။ (၁ ယော. ၅:၃) တကယ်တော့ အကာအကွယ်တောင် ဖြစ်သေးတယ်။ အဲဒီအကာအကွယ်ကို ကျွန်တော်တို့ နေ့တိုင်း လိုအပ်တယ်။ တမန်တော် ပေါလု ဖော်ပြတဲ့ ပုံဆောင် ချပ်ဝတ်တန်ဆာအကြောင်း သတိရပါ။ (ဧ. ၆:၁၄-၁၈) စစ်သားရဲ့ နှလုံးကို ဘာက ကာကွယ်ပေးသလဲ။ “ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ” ပါ။ အဲဒါ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ပုံဆောင်တယ်။ ရင်အုပ်တန်ဆာက ပကတိ နှလုံးကို ကာကွယ်ပေးသလို ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေက ပုံဆောင် စိတ်နှလုံးကို ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ ချပ်ဝတ်တန်ဆာမှာ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ မဖြစ်မနေ ပါနေပါစေ။—ပညာ. ၄:၂၃

၁၅။ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဘယ်လို ဝတ်ဆင်နိုင်သလဲ။

၁၅ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဘယ်လို ဝတ်ဆင်နိုင်သလဲ။ နေ့စဉ် ရွေးချယ်ဆုံးဖြတ်တဲ့အခါ ဘုရားစံနှုန်းတွေကို ထည့်စဉ်းစားခြင်းအားဖြင့်ပါ။ ဘာပြောမလဲ၊ ဘာသီချင်း နားထောင်မလဲ၊ ဘာဖျော်ဖြေရေး ကြည့်မလဲ၊ ဘာစာအုပ် ဖတ်မလဲ ဆုံးဖြတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပါ– ‘ငါ့စိတ်ကို ဘာအစာတွေ ကျွေးနေသလဲ။ ဒါကို ယေဟောဝါ နှစ်သက်မလား။ အဲဒါတွေက မဖြောင့်မတ်ဘူးလို့ ယေဟောဝါ ရှုမြင်တဲ့ အကျင့်ပျက်မှု၊ အကြမ်းဖက်မှု၊ လောဘ၊ တစ်ကိုယ်ကောင်းဆန်မှုကို အားပေးအားမြှောက်ပြုနေသလား။” (ဖိ. ၄:၈) ယေဟောဝါရဲ့ အလိုတော်နဲ့ ညီတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဖြောင့်မတ်တဲ့ စံနှုန်းတွေက စိတ်နှလုံးကို ကာကွယ်ပေးပါလိမ့်မယ်။

သင့်ဖြောင့်မတ်ခြင်းဟာ “ပင်လယ်လှိုင်းတွေလို” ဖြစ်နိုင် (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

၁၆-၁၇။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း ထာဝစဉ် နေထိုင်နိုင်တယ်ဆိုတာ ဟေရှာယ ၄၈:၁၈ က ဘယ်လို အာမခံသလဲ။

၁၆ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ် နေထိုင်နိုင်ပါ့မလားလို့ စိုးရိမ်ဖူးသလား။ ဟေရှာယ ၄၈:၁၈ မှာ ယေဟောဝါ သုံးထားတဲ့ ဥပမာကို စဉ်းစားကြည့်ပါ။ (ဖတ်ပါ။) ကျွန်တော်တို့ရဲ့ “ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်” လို့ ယေဟောဝါ ကတိပေးတယ်။ ပင်လယ်ကမ်းစပ်မှာ ရပ်ရင်း လှိုင်းတွေ အဆက်အပြတ် ရိုက်ခတ်တာကို ကြည့်နေတယ် ဆိုပါစို့။ တစ်နေ့၊ လှိုင်းတွေ မရိုက်ခတ်တော့မှာကို စိုးရိမ်မလား။ စိုးရိမ်မှာ မဟုတ်ဘူး။ ဟိုးနှစ်ပေါင်း ထောင်ချီကတည်းက ကမ်းစပ်ကို လှိုင်းတွေ ရိုက်ခတ်နေတယ်၊ ဆက်ရိုက်ခတ်နေဦးမယ်ဆိုတာ သိနေလို့ပဲ။

၁၇ သင့်ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် ယေဟောဝါရဲ့ အလိုတော်ကို အရင်ဆုံး စဉ်းစားပါ။ ပြီးရင် အဲဒီအတိုင်း လုပ်ပါ။ ဘယ်လောက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါစေ သင့်ကို မေတ္တာရှင်အဖ အမြဲ ခွန်အားပေးမယ်။ ဖြောင့်မှန်တာကို နေ့တိုင်း လုပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ဟေရှာ. ၄၀:၂၉-၃၁

၁၈။ တခြားသူတွေကို ကိုယ့်စံနှုန်းနဲ့ အကဲဖြတ်တာမျိုး ဘာကြောင့် ရှောင်ရမလဲ။

၁၈ အဆင့် ၃။ အကဲဖြတ်စီရင်မယ့်ကိစ္စ ယေဟောဝါလက်ထဲ အပ်ထားပါ။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း ကျွန်တော်တို့ ကြိုးစားနေထိုင်ကြတယ်။ ဒါပေမဲ့ တခြားသူတွေကို အကဲဖြတ်တာ၊ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာမျိုး ရှောင်ရမယ်။ တခြားသူတွေကို ကိုယ့်စံနှုန်းနဲ့ အကဲဖြတ်ပိုင်ခွင့် ကျွန်တော်တို့ကို ယေဟောဝါ ပေးမထားဘူး။ ယေဟောဝါသာ “မြေတစ်ပြင်လုံးရဲ့တရားသူကြီး” ဖြစ်တယ်။ (က. ၁၈:၂၅) “ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့” လို့ ယေရှု ပြောတယ်။—မ. ၇:၁ b

၁၉။ ယေဟောဝါရဲ့ တရားစီရင်ချက်ကို ယုံကြောင်း ယောသပ် ဘယ်လို ပြသလဲ။

၁၉ ဖြောင့်မတ်သူ ယောသပ်အကြောင်း ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သူတွေကိုတောင် တရားမစီရင်ဘူး။ အစ်ကိုတွေက ယောသပ်ကို အနိုင်ကျင့်တယ်။ ကျွန်အဖြစ် ရောင်းစားတယ်။ ယောသပ် သေပြီဆိုပြီး အဖေကို လှည့်စားတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မိသားစု ပြန်ဆုံဆည်းတယ်။ ယောသပ် အာဏာရှိနေပြီ။ အစ်ကိုတွေကို ပြင်းပြင်းထန်ထန် တရားစီရင်လို့၊ လက်စားချေလို့ ရတယ်။ အစ်ကိုတွေ စိတ်ရင်းမှန်နဲ့ နောင်တရနေပြီ ဖြစ်ပေမဲ့ ယောသပ် လက်စားချေမှာ စိုးရိမ်နေကြတယ်။ ဒါပေမဲ့ ယောသပ်က “မစိုးရိမ်ပါနဲ့၊ အစ်ကိုတို့ရာ။ ဘုရားသခင်ကပဲ အပြစ်ပေးနိုင်တာပါ။ ကျွန်တော် ပေးလို့ မရပါဘူး” လို့ ပြောတယ်။ (က. ၃၇:၁၈-၂၀၊ ၂၇၊ ၂၈၊ ၃၁-၃၅။ ၅၀:၁၅-၂၁) တရားစီရင်ခြင်းကိစ္စကို ယေဟောဝါလက်ထဲ ယောသပ် နှိမ့်ချစွာ အပ်တယ်။

၂၀-၂၁။ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာကို ဘယ်လို ရှောင်နိုင်သလဲ။

၂၀ ယောသပ်လိုပဲ ကျွန်တော်တို့လည်း အကဲဖြတ်စီရင်မယ့်ကိစ္စကို ယေဟောဝါလက်ထဲ အပ်ထားကြတယ်။ ဥပမာ၊ ညီအစ်ကို/မတွေရဲ့ စိတ်ရင်းကို ဝေဖန်အကဲမဖြတ်ကြဘူး။ လူတွေရဲ့ အတွင်းစိတ်ကို ကျွန်တော်တို့ မမြင်နိုင်ဘူး။ ယေဟောဝါသာ “စိတ်ရင်းကို စစ်ဆေးတယ်။” (ပညာ. ၁၆:၂) နောက်ခံ၊ ယဉ်ကျေးမှု အသီးသီးက လူအမျိုးမျိုးကို ချစ်တယ်။ “နှလုံးသားကို ကျယ်ကျယ် ဖွင့်ထား” ဖို့ ကျွန်တော်တို့ကို အားပေးတယ်။ (၂ ကော. ၆:၁၃၊ အောက်ခြေမှတ်ချက်) ဒါကြောင့် ညီအစ်ကို/မအားလုံးကို ချစ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဝေဖန်အကဲမဖြတ်ကြဘူး။

၂၁ အသင်းတော်ပြင်ပက လူတွေကိုလည်း အကဲမဖြတ်ရဘူး။ (၁ တိ. ၂:၃၊ ၄) “ဒီတစ်ယောက်ကတော့ အမှန်တရားထဲ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး” ဆိုပြီး ကိုယ့်ယုံကြည်ချက်ကို လက်မခံတဲ့ ဆွေမျိုးတစ်ယောက်ကို အကဲဖြတ်ဖူးသလား။ ဒါဆိုရင် ရောင့်တက်ရာ၊ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်ရာ ရောက်သွားမယ်။ “နေရာတိုင်းမှာရှိတဲ့ လူတွေကို” နောင်တယူဖို့ ယေဟောဝါ အခွင့်အရေး ပေးနေတုန်းပဲ။ (တ. ၁၇:၃၀) ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်တာဟာ မဖြောင့်မတ်တာပဲဆိုတာ အမြဲ သတိရပါ။

၂၂။ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးဖို့ သင် ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ။

၂၂ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးတာက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ ကျွန်တော်တို့ကိုကော ဘုရားကိုပါ ချစ်လာဖို့ တခြားသူတွေကို လှုံ့ဆော်ပေးရာ ကျတယ်။ ဒါကြောင့် “ဖြောင့်မှန်တာကို လုပ်ချင်စိတ်” အမြဲ “ပြင်းပြ” နေကြပါစို့။ (မ. ၅:၆) သင့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ အမြဲ သတိပြုမိကြောင်း၊ သင့်တိုးတက်မှုအတွက် အမြဲ ဂုဏ်ယူနေကြောင်း စိတ်ချပါ။ လောကမှာ မဖြောင့်မတ်မှု တိုးများလာနေပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ “ဖြောင့်မတ်သူတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်” ဆိုတာ အမြဲ သတိရနေပါ။—ဆာ. ၁၄၆:၈

သီချင်း  ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a ဆိုးညစ်တဲ့ ဒီလောကမှာ ဖြောင့်မတ်သူတွေ ရှာတွေ့ဖို့ ခက်တယ်။ ဒါပေမဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်မှာ လျှောက်လှမ်းနေသူ သန်းနဲ့ချီ ရှိတယ်။ အဲဒီထဲမှာ သင်လည်း ပါဝင်မှာ သေချာတယ်။ ဖြောင့်မတ်မှုကို မြတ်နိုးတဲ့ ယေဟောဝါကို သင် ချစ်လို့ ဒီလမ်းစဉ်မှာ လျှောက်လှမ်းနေတာ ဖြစ်တယ်။ ဒီဆောင်းပါးမှာ ဖြောင့်မတ်မှုဆိုတာ ဘာလဲ၊ ဖြောင့်မတ်မှုကို မြတ်နိုးရင် ဘာအကျိုးရမလဲ၊ ဖြောင့်မတ်မှု မြတ်နိုးစိတ် တိုးများလာအောင် ဘယ်လို လုပ်နိုင်သလဲဆိုတာ သုံးသပ်သွားပါမယ်။

b အသင်းတော် အကြီးအကဲတွေဟာ ကြီးလေးတဲ့ အပြစ်၊ နောင်တယူခြင်း စတာတွေ ပါဝင်တဲ့ တရားရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့အချိန်တွေ ရှိတယ်။ (၁ ကော. ၅:၁၁။ ၆:၅။ ယာ. ၅:၁၄၊ ၁၅) ဒါပေမဲ့ မိမိတို့ဟာ လူတွေရဲ့ အတွင်းစိတ်ကို မမြင်နိုင်ကြောင်း၊ ယေဟောဝါအတွက် တရားစီရင်နေတာ ဖြစ်ကြောင်း နှိမ့်ချစွာ အသိအမှတ်ပြုကြတယ်။ (၂ ရာဇဝင်ချုပ် ၁၉:၆ နဲ့ နှိုင်းယှဉ်ပါ။) ဘုရားရဲ့ အကျိုးသင့်အကြောင်းသင့် ရှိတဲ့၊ ကရုဏာ ပါတဲ့ တရားရေး စံနှုန်းတွေကို ဂရုတစိုက် လိုက်နာကြတယ်။