လေ့လာရန် ဆောင်းပါး ၁၉
အဆုံးပိုင်းကာလမှာ “မြောက်ဘုရင်” ဘယ်သူလဲ
“အဆုံးပိုင်းကာလမှာ တောင်ဘုရင်က သူ [မြောက်ဘုရင်] နဲ့ အပြန်အလှန် တွန်းထိုးကြမယ်။”—ဒံ. ၁၁:၄၀။
သီချင်း ၁၅၀ ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ
အကြိုသုံးသပ်ချက် *
၁။ ကျမ်းစာ ပရောဖက်ပြုချက်တွေက ဘာသိစေသလဲ။
မဝေးတော့တဲ့ အနာဂတ်မှာ ယေဟောဝါရဲ့ လူမျိုး ဘာဖြစ်မလဲ။ ခန့်မှန်းနေစရာ မလိုပါဘူး။ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးကြီး ဖြစ်ရပ်တွေအကြောင်း ကျမ်းစာမှာ ကြိုဟောထားတယ်။ အထူးသဖြင့် ပရောဖက်ပြုချက်တစ်ခုမှာ တန်ခိုးအာဏာ အကြီးမားဆုံး ကမ္ဘာ့အစိုးရတချို့ ဘာလုပ်မယ်ဆိုတာ ကြိုဟောထားတယ်။ ဒံယေလ အခန်းကြီး ၁၁ မှာပါတဲ့ အဲဒီပရောဖက်ပြုချက်က ပြိုင်ဘက်အင်အားစု နှစ်ခုဖြစ်တဲ့ မြောက်ဘုရင်နဲ့ တောင်ဘုရင်အကြောင်း ဖော်ပြတယ်။ အဲဒီပရောဖက်ပြုချက်ရဲ့ အပိုင်းအများစု ပြည့်စုံခဲ့ပြီဖြစ်လို့ ကျန်တာတွေလည်း ပြည့်စုံမယ်ဆိုတာ စိတ်ချနိုင်တယ်။
၂။ ကမ္ဘာဦး ၃:၁၅၊ ဗျာဒိတ် ၁၁:၇၊ ၁၂:၁၇ မှာ ဖော်ပြတဲ့အတိုင်း ဒံယေလ ပရောဖက်ပြုချက်ကို လေ့လာတဲ့အခါ ဘယ်အချက်တွေကို စိတ်စွဲမှတ်ထားရမလဲ။
၂ ဒံယေလ အခန်းကြီး ၁၁ မှာပါတဲ့ ပရောဖက်ပြုချက်ကို နားလည်ဖို့ဆိုရင် ဒီပရောဖက်ပြုချက်ဟာ ဘုရားသခင့် လူမျိုးနဲ့ တိုက်ရိုက်ဆက်နွှယ်မှု ရှိတဲ့ အစိုးရတွေအကြောင်းကိုပဲ ကြိုပြောထားတာ ဖြစ်ကြောင်း စိတ်စွဲမှတ်ထားရမယ်။ ကမ္ဘာ့လူဦးရေနဲ့ နှိုင်းယှဉ်ရင် လူနည်းစုလေးသာဖြစ်တဲ့ ဘုရားသခင့် ကျေးကျွန်တွေဟာ အစိုးရတွေရဲ့ ပစ်မှတ် ဖြစ်လေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ စာတန်နဲ့ စာတန့်စနစ်တစ်ခုလုံးရဲ့ အဓိကပန်းတိုင်ဟာ ယေဟောဝါနဲ့ ယေရှုအတွက် အမှုဆောင်သူတွေကို ဖျက်ဆီးပစ်ဖို့ပဲ။ (ကမ္ဘာဦး ၃:၁၅။ ဗျာဒိတ် ၁၁:၇။ ၁၂:၁၇ ကိုဖတ်ပါ။) ဒါ့အပြင် ဒံယေလ ပရောဖက်ပြုချက်ဟာ ကျမ်းစာထဲက တခြား ပရောဖက်ပြုချက်တွေနဲ့ ကိုက်ညီနေရမယ်။ တကယ်တော့ ကျမ်းစာရဲ့ တခြားအပိုင်းတွေနဲ့ နှိုင်းယှဉ်မှသာ ဒံယေလ ပရောဖက်ပြုချက်ကို မှန်ကန်စွာ နားလည်နိုင်မယ်။
၃။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ အခု ဒံယေလ ၁၁:၂၅-၃၉ ကို ဆွေးနွေးပါမယ်။ ၁၈၇၀ ကနေ ၁၉၉၁ အထိ မြောက်ဘုရင်နဲ့ တောင်ဘုရင် ဘယ်သူတွေ ဖြစ်ခဲ့ကြောင်း၊ ဒီပရောဖက်ပြုချက်ရဲ့ အပိုင်းတစ်ပိုင်းနဲ့ပတ်သက်တဲ့ နားလည်မှုကို ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်ကြောင်း သိလာပါမယ်။ နောက်ဆောင်းပါးမှာတော့ ဒံယေလ ၁၁:၄၀–၁၂:၁ ကို ဆွေးနွေးပါမယ်။ ၁၉၉၁ ကနေ အာမဂေဒုန်အထိ အချိန်ကာလနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် နားလည်မှု ပိုရှင်းလင်းလာမယ်။ ဒီဆောင်းပါးနှစ်ခုကို လေ့လာတဲ့အခါ “အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ” ဇယားကွက်ကို သုံးသပ်တာ အကျိုးရှိမယ်။ ဦးဆုံး၊ ဒီပရောဖက်ပြုချက်မှာပါတဲ့ ဘုရင်နှစ်ပါးက ဘယ်သူလဲဆိုတာ သိဖို့ လိုတယ်။
မြောက်ဘုရင်နဲ့ တောင်ဘုရင်ကို ခွဲခြားသိရှိခြင်း
၄။ မြောက်ဘုရင်နဲ့ တောင်ဘုရင်ကို ခွဲခြားသိရှိဖို့ ဘယ်အချက် သုံးချက်က ကူညီပေးမလဲ။
၄ အစတုန်းကတော့ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” ဆိုတဲ့ နာမည်ဟာ အစ္စရေးနိုင်ငံရဲ့ မြောက်ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေကို ရည်ညွှန်းတယ်။ ဒံယေလကို သတင်းပေးတဲ့ ကောင်းကင်တမန်က “ဒီစိတ်အာရုံဟာ နောင်အနာဂတ်နဲ့ သက်ဆိုင်တဲ့အတွက် အဆုံးပိုင်းကာလမှာ ခင်ဗျားရဲ့ လူတွေ ကြုံရမယ့်အရာကို နားလည်အောင် ရှင်းပြဖို့ ကျုပ်ရောက်လာတာ” ဆိုပြီး ပြောလို့ပဲ။ (ဒံ. ၁၀:၁၄) အေဒီ ၃၃ အထိ ပကတိ အစ္စရေးလူမျိုးဟာ ဘုရားသခင့်လူမျိုး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်ကစပြီး ယေရှုရဲ့ သစ္စာရှိ တပည့်တွေဟာ မိမိလူမျိုးဖြစ်ကြောင်း ယေဟောဝါ ရှင်းလင်းစွာ ဖော်ပြခဲ့တယ်။ ဒါကြောင့် ဒံယေလ အခန်းကြီး ၁၁ မှာပါတဲ့ ပရောဖက်ပြုချက်ရဲ့ အပိုင်းအများစုဟာ ပကတိ အစ္စရေးလူမျိုးအကြောင်း မဟုတ်ဘဲ ခရစ်တော်ရဲ့ နောက်လိုက်တွေအကြောင်း ဖြစ်တယ်။ (တ. ၂:၁-၄။ ရော. ၉:၆-၈။ ဂလ. ၆:၁၅၊ ၁၆) မြောက်ဘုရင်နဲ့ တောင်ဘုရင်ဟာ အချိန်ကာလတစ်လျှောက် အမျိုးမျိုး ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ သူတို့အားလုံးမှာ ဆင်တူချက် အတော်များများ ရှိတယ်။ ပထမ၊ ဘုရင်တွေဟာ ဘုရားသခင့် လူမျိုးနဲ့ ထူးခြားတဲ့ ဆက်နွှယ်မှု တစ်ခုမဟုတ် တစ်ခု ရှိတယ်။ ဒုတိယ၊ စစ်မှန်တဲ့ဘုရား ယေဟောဝါကို မုန်းကြောင်း ဘုရားလူမျိုးအပေါ် သူတို့ရဲ့ ဆက်ဆံပုံက ဖော်ပြတယ်။ တတိယ၊ ဘုရင်နှစ်ပါးဟာ အာဏာရဖို့ အချင်းချင်း ပြိုင်ဆိုင်ကြတယ်။
၅။ အေဒီ ၁၀၀ ကနေ ၁၈၇၀ ကြားမှာ မြောက်ဘုရင်နဲ့ တောင်ဘုရင် ရှိသလား။ ရှင်းပြပါ။
၅ အေဒီ ဒုတိယရာစု တစ်ချိန်ချိန်မှာ အယူမှား သွန်သင်ချက်တွေကို သင်ပေးတဲ့၊ ကျမ်းစာအမှန်တရားကို ဖုံးကွယ်ထားတဲ့ ခရစ်ယာန် အတုအယောင်တွေက စစ်မှန်တဲ့ ခရစ်ယာန်အသင်းတော်ကို လွှမ်းမိုးလာတယ်။ အဲဒီအချိန်ကစပြီး ၁၉ ရာစု နှောင်းပိုင်းအထိ မြေကြီးပေါ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဘုရားကျေးကျွန်တွေ မရှိသေးဘူး။ ခရစ်ယာန် အတုအယောင် ပေါင်းပင်တွေ ကြီးထွားလာပြီး ခရစ်ယာန်စစ်တွေကို ခွဲခြားသိဖို့ ခက်လာတယ်။ (မ. ၁၃:၃၆-၄၃) အဲဒီအချက်က ဘာကြောင့် အရေးကြီးသလဲ။ အေဒီ ၁၀၀ ကနေ ၁၈၇၀ အတွင်း မြောက်ဘုရင်နဲ့ တောင်ဘုရင် တိုက်ခိုက်ဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ဘုရားအဖွဲ့အစည်း မရှိဘူး။ * ဒါကြောင့် မြောက်ဘုရင်နဲ့ တောင်ဘုရင်ဟာ အဲဒီအတောအတွင်း တစ်ချိန်ချိန်မှာ အာဏာရခဲ့တဲ့ အုပ်စိုးရှင်တွေ၊ နိုင်ငံတွေ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ၁၈၇၀ နောက်ပိုင်း ပေါ်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဘာကြောင့်လဲ။
၆။ ဘုရားလူမျိုး ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ဘယ်အချိန်မှာ ပြန်ထင်ရှားလာသလဲ။ ရှင်းပြပါ။
၆ ၁၈၇၀ ပြည့်နှစ်ကစပြီး ဘုရားလူမျိုးဟာ အုပ်စုတစ်စုအဖြစ် စနစ်တကျ စတင်ဖွဲ့စည်းခံရတယ်။ အဲဒီနှစ်မှာ စီတီရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ အုပ်စုဖွဲ့ပြီး ကျမ်းစာ လေ့လာတယ်။ သူတို့ဟာ မေရှိယနိုင်ငံ မတည်ထောင်မီ ‘လမ်းကို အသင့်ပြင်ပေးမယ့်’ ကြိုဟောထားတဲ့ စေတမန် ဖြစ်တယ်။ (မာလ. ၃:၁) ဘုရားလူမျိုး ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ပြန်ထင်ရှားလာပါပြီ။ ဘုရားကျေးကျွန်တွေအပေါ် ထူးထူးခြားခြား သက်ရောက်မှုရှိမယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အဲဒီအချိန်မှာ ရှိသလား။ အောက်ပါအချက်တွေကို စဉ်းစားကြည့်ပါ။
တောင်ဘုရင် ဘယ်သူလဲ
၇။ ပထမကမ္ဘာစစ်မှာ တောင်ဘုရင်က ဘယ်သူလဲ။
၇ ၁၈၇၀ ပြည့်နှစ်မှာ ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အင်ပါယာ ဖြစ်လာတယ်။ အင်အားအကြီးမားဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားတယ်။ ဒံယေလ ပရောဖက်ပြုချက်မှာ ချိုသုံးချောင်းကို ချိုးပစ်တဲ့ ချိုငယ်အကြောင်း ကြိုဟောထားတယ်။ အဲဒီချိုငယ်ဟာ ဗြိတိန်အင်ပါယာ ဖြစ်ပြီး သူ ချိုးပစ်တဲ့ ချိုသုံးချောင်းဟာ ပြင်သစ်၊ စပိန်၊ နယ်သာလန် ဖြစ်တယ်။ (ဒံ. ၇:၇၊ ၈) ဗြိတိန်ဟာ ပထမကမ္ဘာစစ်အထိ တောင်ဘုရင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အမေရိကန်ဟာ စီးပွားရေး အတောင့်တင်းဆုံးနိုင်ငံ ဖြစ်လာပြီး ဗြိတိန်နဲ့ မဟာမိတ် ဖြစ်လာတယ်။
၈။ နောက်ဆုံးကာလ တစ်လျှောက်လုံး တောင်ဘုရင်က ဘယ်သူလဲ။
၈ ပထမကမ္ဘာစစ်အတွင်း အမေရိကန်နဲ့ ဗြိတိန်ဟာ စစ်ရေးမှာ အင်အားကြီးမဟာမိတ် ဖြစ်လာပြီး အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်လာတယ်။ ဒံယေလ ကြိုဟောတဲ့အတိုင်း “အင်အားကြီးမားတဲ့ တပ်မဟာ” ကို ဒံ. ၁၁:၂၅) နောက်ဆုံးကာလ တစ်လျှောက်လုံး အင်္ဂလိပ်-အမေရိကန်ဟာ တောင်ဘုရင် ဖြစ်တယ်။ * ဒါဆိုရင် မြောက်ဘုရင် ဘယ်သူလဲ။
ပိုင်ဆိုင်ထားတယ်။ (မြောက်ဘုရင် ပြန်ပေါ်လာ
၉။ ဘယ်အချိန်မှာ မြောက်ဘုရင် ပြန်ပေါ်လာသလဲ။ ဒံယေလ ၁၁:၂၅ ဘယ်လို ပြည့်စုံခဲ့သလဲ။
၉ ရပ်စယ်လ်နဲ့ အပေါင်းပါတွေ ကျမ်းစာလေ့လာမှု အုပ်စု ဖွဲ့ပြီး နောက်တစ်နှစ် ၁၈၇၁ မှာ မြောက်ဘုရင် ပြန်ပေါ်လာတယ်။ အဲဒီနှစ်မှာ အောတို ဗွန် ဘစ်စမက်ဟာ ဂျာမန် အင်ပါယာကို တည်ထောင်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ပရပ်ရှား ဘုရင် ဝီဟမ် ၁ ဟာ ဦးဆုံး ဧကရာဇ် ဖြစ်လာပြီး ဘစ်စမက်ကို ဦးဆုံး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။ * ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက် ဂျာမနီဟာ အာဖရိကတိုက်နဲ့ ပစိဖိတ် သမုဒ္ဒရာထဲက နိုင်ငံတွေကို သိမ်းပိုက်ပြီး ဗြိတိန်နဲ့ အပြိုင် ဖြစ်လာတယ်။ (ဒံယေလ ၁၁:၂၅ ကိုဖတ်ပါ။) ဂျာမန် အင်ပါယာဟာ အင်အားကြီး စစ်တပ်နဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး ရေတပ်ကို တည်ဆောက်ခဲ့တယ်။ ပထမကမ္ဘာစစ်မှာ အဲဒီစစ်အင်အားကို ထုတ်သုံးခဲ့တယ်။
၁၀။ ဒံယေလ ၁၁:၂၅၊ ၂၆ ဘယ်လို ပြည့်စုံခဲ့သလဲ။
၁၀ ဂျာမန် အင်ပါယာနဲ့ သူတည်ဆောက်ထားတဲ့ စစ်အင်အား ဘာဖြစ်သွားမယ်ဆိုတာကို ဒံယေလ ဆက်ပြောတယ်။ မြောက်ဘုရင် “ရပ်တည်နိုင်မှာ မဟုတ်ဘူး” လို့ ပရောဖက်ပြုချက်မှာ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ‘သူ့ကို လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်ကြမှာ ဖြစ်လို့ပဲ။ သူ့ရဲ့ ပွဲတော်စာကို စားသုံးသူတွေရဲ့ လက်ချက်နဲ့ သူ ကျဆုံးလိမ့်မယ်။’ (ဒံ. ၁၁:၂၅၊ ၂၆) ဒံယေလခေတ်မှာ ဘုရင့် “ပွဲတော်စာကို စားသုံးသူတွေ” ထဲမှာ ဘုရင့်ဆီ “အမှုထမ်း” တဲ့ မင်းမှုထမ်းတွေ ပါဝင်တယ်။ (ဒံ. ၁:၅) ဒီပရောဖက်ပြုချက်က ဘယ်သူ့ကို ရည်ညွှန်းသလဲ။ ဗိုလ်ချုပ်တွေ၊ စစ်ရေး အကြံပေးအရာရှိတွေ အပါအဝင် ဂျာမန် အင်ပါယာရဲ့ အကြီးတန်း အရာရှိတွေကို ရည်ညွှန်းတယ်။ သူတို့ကြောင့် ဘုရင်စနစ် ကျဆုံးသွားတယ်။ * ပရောဖက်ပြုချက်က အင်ပါယာ ကျဆုံးမယ့်အကြောင်းသာမက တောင်ဘုရင်နဲ့ တိုက်တဲ့ စစ်ပွဲ ရလဒ်ကိုပါ ပြောတယ်။ “သူ့စစ်တပ်ဟာ တိုက်ချခံရပြီး အတုံးအရုံး သေကျေပျက်စီးလိမ့်မယ်” လို့ မြောက်ဘုရင်နဲ့ပတ်သက်ပြီး ပြောတယ်။ (ဒံ. ၁၁:၂၆) ကြိုဟောတဲ့အတိုင်း ပထမကမ္ဘာစစ်မှာ ဂျာမန်စစ်တပ်ဟာ “တိုက်ချခံရ” ပြီး “အတုံးအရုံး သေကျေပျက်စီး” ခဲ့တယ်။ အဲဒီအချိန်အထိ ဖြစ်ခဲ့သမျှ စစ်ပွဲတွေထဲမှာ သေကျေပျက်စီးမှု အများဆုံးစစ်ပွဲ ဖြစ်တယ်။
၁၁။ မြောက်ဘုရင်နဲ့ တောင်ဘုရင် ဘာလုပ်ကြသလဲ။
၁၁ ပထမကမ္ဘာစစ် မဖြစ်ခင်လေးမှာ မြောက်ဘုရင်နဲ့ တောင်ဘုရင်ဟာ “တစ်စားပွဲတည်း ထိုင်နေပေမဲ့ အချင်းချင်း လိမ်ပြောကြလိမ့်မယ်” လို့ ဒံယေလ ၁၁:၂၇၊ ၂၈ မှာ ပြောတယ်။ မြောက်ဘုရင်ဟာ “ပစ္စည်းဥစ္စာ အများကြီး” ရမယ်လို့လည်း ပြောတယ်။ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ဂျာမနီနဲ့ ဗြိတိန်ဟာ ငြိမ်းချမ်းရေး လိုချင်တယ်လို့ အချင်းချင်း ပြောပေမဲ့ ၁၉၁၄ မှာ ဖြစ်တဲ့ စစ်က သူတို့ လိမ်ပြောခဲ့မှန်း သိသာစေတယ်။ ၁၉၁၄ မတိုင်ခင် ဆယ်စုနှစ်တွေမှာ ဂျာမနီဟာ ကြွယ်ဝချမ်းသာလာပြီး ကမ္ဘာမှာ ဒုတိယ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာတယ်။ ပြီးနောက် ဒံယေလ ၁၁:၂၉ နဲ့ အခန်းငယ် ၃၀ ပထမအပိုင်း ပြည့်စုံတဲ့အနေနဲ့ ဂျာမနီဟာ တောင်ဘုရင်နဲ့ တိုက်ခိုက်တယ်။ ဒါပေမဲ့ စစ်ရှုံးသွားတယ်။
ဘုရားလူမျိုးကို ဘုရင်တွေ တိုက်ခိုက်
၁၂။ ပထမကမ္ဘာစစ်မှာ မြောက်ဘုရင်နဲ့ တောင်ဘုရင် ဘာလုပ်ခဲ့သလဲ။
၁၂ ၁၉၁၄ ကစပြီး ဘုရင်နှစ်ပါးဟာ အချင်းချင်းရော ဘုရားလူမျိုးကိုပါ ပိုတိုက်ခိုက်လာတယ်။ ဥပမာ၊ ပထမကမ္ဘာစစ်မှာ ဂျာမန်နဲ့ ဗြိတိန် အစိုးရ နှစ်ခုစလုံးက ဘုရားကျေးကျွန်တွေ လက်နက် မကိုင်လို့ နှိပ်စက်ခဲ့တယ်။ အမေရိကန် အစိုးရက ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်နေသူတွေကို ထောင်ချတယ်။ ဒါက ဗျာဒိတ် ၁၁:၇-၁၀ မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံတာ ဖြစ်တယ်။
၁၃။ ၁၉၃၀ ပြည့်လွန်နှစ်တွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း မြောက်ဘုရင် ဘာလုပ်ခဲ့သလဲ။
၁၃ ၁၉၃၀ ပြည့်လွန်နှစ်တွေ၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ မြောက်ဘုရင်ဟာ ဘုရားလူမျိုးကို မညှာမတာ တိုက်ခိုက်တယ်။ ဂျာမနီမှာ နာဇီပါတီ အာဏာရလာပြီး ဟစ်တလာနဲ့ နောက်လိုက်တွေက ဘုရားလူမျိုးရဲ့ လုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ ယေဟောဝါရဲ့ လူမျိုး ၁၅၀၀ လောက်ကို သတ်ပစ်ပြီး ထောင်နဲ့ချီကို ချွေးတပ်စခန်းတွေဆီ ပို့ခဲ့တယ်။ အဲဒီဖြစ်ရပ်တွေကို ဒံယေလ ကြိုဟောတယ်။ မြောက်ဘုရင်ဟာ ယေဟောဝါရဲ့ နာမည်အကြောင်း ဘုရားလူမျိုး လွတ်လပ်စွာ မကြေညာနိုင်အောင် တင်းတင်းကျပ်ကျပ် ကန့်သတ်ချုပ်ချယ်ခြင်းအားဖြင့် ‘သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ’ ပြီး “ပုံမှန်ဆက်သနေကျ ပူဇော်သက္ကာကိုလည်း ဖယ်ရှား” နိုင်ခဲ့တယ်။ (ဒံ. ၁၁:၃၀၊ ၃၁) ခေါင်းဆောင် ဟစ်တလာက ဂျာမနီမှာရှိတဲ့ ဘုရားလူမျိုးကို ချေမှုန်းပစ်မယ်လို့တောင် ကြုံးဝါးခဲ့တယ်။
မြောက်ဘုရင်အသစ် ထွက်ပေါ်လာ
၁၄။ ဒုတိယကမ္ဘာစစ် ပြီးနောက် ဘယ်သူ မြောက်ဘုရင် ဖြစ်လာသလဲ။ ရှင်းပြပါ။
၁၄ ဒုတိယကမ္ဘာစစ် ပြီးနောက် ဆိုဗီယက်ပြည်ထောင်စုရဲ့ ကွန်မြူနစ် အစိုးရဟာ ဂျာမနီဆီက သိမ်းပိုက်ထားတဲ့ နယ်မြေများစွာကို ထိန်းချုပ်ပြီး မြောက်ဘုရင် ဖြစ်လာတယ်။ နာဇီအစိုးရလိုပဲ ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေဟာ စစ်မှန်တဲ့ ဝတ်ပြုရေး ဦးစားထားသူတွေကို မုန်းတယ်။
၁၅။ ဒုတိယကမ္ဘာစစ် ပြီးနောက် မြောက်ဘုရင် ဘာလုပ်သလဲ။
၁၅ ဒုတိယကမ္ဘာစစ် ပြီးနောက် မကြာခင်မှာ မြောက်ဘုရင်အသစ် ဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်တွေဟာ ဘုရားလူမျိုးကို ဆန့်ကျင်တိုက်ခိုက်တယ်။ ဗျာဒိတ် ၁၂:၁၅-၁၇ မှာ ပရောဖက်ပြုထားတဲ့အတိုင်း မြောက်ဘုရင်ဟာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ပြီး ယေဟောဝါရဲ့ လူမျိုး ထောင်ပေါင်းများစွာကို ဆိုက်ဘေးရီးယားဆီ နယ်နှင်ဒဏ် ပေးခဲ့တယ်။ နောက်ဆုံးကာလတစ်လျှောက် မြောက်ဘုရင်က နှိပ်စက်ညှဉ်းပန်းမှု “မြစ်ရေ” ကို မှုတ်ထုတ်ပေမဲ့ ဘုရားလူမျိုးရဲ့ လုပ်ငန်းကိုတော့ မတားဆီးနိုင်ခဲ့ဘူး။ *
၁၆။ ဆိုဗီယက်ပြည်ထောင်စုက ဒံယေလ ၁၁:၃၇-၃၉ ကို ဘယ်လို ပြည့်စုံစေသလဲ။
၁၆ ဒံယေလ ၁၁:၃၇-၃၉ ကိုဖတ်ပါ။ အဲဒီပရောဖက်ပြုချက် ပြည့်စုံတဲ့အနေနဲ့ မြောက်ဘုရင်ဟာ ‘ဘိုးဘေးတို့ရဲ့ ဘုရားကို အရေးမစိုက်ဘူး။’ ဘယ်လိုနည်းနဲ့လဲ။ ဆိုဗီယက်ပြည်ထောင်စုဟာ ဘာသာရေးကို ချေမှုန်းဖျက်ဆီးဖို့ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ဩဇာအာဏာကို ရုပ်သိမ်းလိုက်တယ်။ ၁၉၁၈ ကတည်းက ဆိုဗီယက် အစိုးရဟာ ဘုရားမဲ့ဝါဒကို ကျောင်းတွေမှာ သင်ပေးဖို့ အမိန့်ထုတ်ခဲ့တယ်။ မြောက်ဘုရင်ဟာ ဘယ်လိုနည်းနဲ့ “ခံတပ်စောင့် နတ်ဘုရားကို ဘုရင်အဖြစ် ဂုဏ်တင်” သလဲ။ ဆိုဗီယက်ပြည်ထောင်စုဟာ စစ်တပ်အင်အား ခိုင်ခံ့ဖို့၊ နျူကလီးယား လက်နက် ထောင်ပေါင်းများစွာ ထုတ်လုပ်ဖို့ ငွေကြေး အမြောက်အမြား အကုန်အကျ ခံခဲ့တယ်။ ဒီလိုနဲ့ မြောက်ဘုရင်ရော တောင်ဘုရင်မှာပါ လူသန်းထောင်ပေါင်းများစွာကို သတ်ဖို့ လက်နက်တွေ အလုံအလောက် ရှိလာတယ်။
ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှု
၁၇။ “ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာ” က ဘာလဲ။
၁၇ မြောက်ဘုရင်ဟာ တောင်ဘုရင်နဲ့ ပူးပေါင်းပြီး “ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာကို နေရာချထား” တယ်။ (ဒံ. ၁၁:၃၁) အဲဒီ “ရွံရှာဖွယ်ရာ” ဟာ ကုလသမဂ္ဂ ဖြစ်တယ်။
၁၈။ ကုလသမဂ္ဂကို “ရွံရှာဖွယ်ရာ” အဖြစ် ဘာကြောင့် ဖော်ပြသလဲ။
၁၈ ကုလသမဂ္ဂကို “ရွံရှာဖွယ်ရာ” လို့ ဘာကြောင့် ဖော်ပြသလဲ။ ဘုရားနိုင်ငံတော်ကပဲ လုပ်ဆောင်ပေးနိုင်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမယ်ဆိုပြီး ကြုံးဝါးလို့ပဲ။ ရွံရှာဖွယ်ရာက ‘ဖျက်ဆီးတတ်တယ်’ လို့လည်း ပရောဖက်ပြုချက်မှာ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂဟာ မှားယွင်းတဲ့ ဘာသာအားလုံးကို ဖျက်ဆီးရာမှာ အဓိက ပါဝင်မှာ ဖြစ်လို့ပဲ။—“အဆုံးပိုင်းကာလ ပြိုင်ဘက် ဘုရင်များ” ဇယားကွက်ကို ကြည့်ပါ။
ဒီသမိုင်းကြောင်းကို သိဖို့ ဘာကြောင့် လိုအပ်
၁၉-၂၀။ (က) ဒီသမိုင်းကြောင်းကို သိဖို့ ဘာကြောင့် လိုအပ်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၉ ဒီသမိုင်းကြောင်းကို သိဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ၁၈၇၀ ပြည့်နှစ်ကနေ ၁၉၉၁ အထိ မြောက်ဘုရင်၊ တောင်ဘုရင်နဲ့ပတ်သက်တဲ့ ဒံယေလ ပရောဖက်ပြုချက် ပြည့်စုံခဲ့ကြောင်း သမိုင်းက ဖော်ပြလို့ပဲ။ ဒါကြောင့် ပရောဖက်ပြုချက်ရဲ့ ကျန်အပိုင်းလည်း ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။
၂၀ ၁၉၉၁ မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတယ်။ ဒါဆိုရင် ဒီနေ့ခေတ်မှာ မြောက်ဘုရင် ဘယ်သူလဲ။ နောက်ဆောင်းပါးမှာ အဲဒီအကြောင်း ဆွေးနွေးပါမယ်။
သီချင်း ၁၂၈ အဆုံးအထိ ခံရပ်နေပါ
^ အပိုဒ်၊ 5 “မြောက်ဘုရင်၊” “တောင်ဘုရင်” နဲ့ပတ်သက်တဲ့ ဒံယေလ ပရောဖက်ပြုချက် ဆက်ပြည့်စုံနေတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ပရောဖက်ပြုချက်ရဲ့ အသေးစိတ်အချက်တွေကို နားလည်ဖို့ ဘာကြောင့် လိုအပ်သလဲ။
^ အပိုဒ်၊ 5 ဒါကြောင့် ရောမဧကရာဇ် အော်ရီလီယန် (အေဒီ ၂၇၀-၂၇၅) ကို “မြောက်ဘုရင်” အဖြစ်၊ ဘုရင်မ ဇနိုးဘီးယား (အေဒီ ၂၆၇-၂၇၂) ကို “တောင်ဘုရင်” အဖြစ် ယူမှတ်တော့မှာ မဟုတ်ဘူး။ ဒါဟာ ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာအုပ်၊ အခန်း ၁၃၊ ၁၄ မှာပါတဲ့ နားလည်မှုကို ပြုပြင်လိုက်တာ ဖြစ်တယ်။
^ အပိုဒ်၊ 8 “ ကျမ်းစာပရောဖက်ပြုချက်ထဲက အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်” လေးထောင့်ကွက်ကို ကြည့်ပါ။
^ အပိုဒ်၊ 9 ၁၈၉၀ မှာ ဂျာမန် ဘုရင် ကိုင်ဇာ ဝီဟမ် ၂ က ဘစ်စမက်ကို ရာထူးဖြုတ်လိုက်တယ်။
^ အပိုဒ်၊ 10 သူတို့ဟာ အင်ပါယာ ကျရှုံးအောင် နည်းအမျိုးမျိုးနဲ့ ပူးပေါင်းကြံစည်ကြတယ်။ ဥပမာ၊ ဘုရင်ကို မထောက်ခံတော့ဘူး။ စစ်ပွဲရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတယ်။ ထီးနန်းစွန့်ဖို့ ဘုရင်ကို ဖိအားပေးတယ်။
^ အပိုဒ်၊ 15 ဒံယေလ ၁၁:၃၄ မှာ ဖော်ပြတဲ့အတိုင်း မြောက်ဘုရင် လက်အောက်မှာ ရှိတဲ့ ခရစ်ယာန်တွေဟာ သက်သာမှု ခဏ ရခဲ့တယ်။ ဥပမာ၊ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်မှာ ဖြစ်တယ်။