လေ့လာရန် ဆောင်းပါး ၂၂
မမြင်နိုင်တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြပါ
“မမြင်နိုင်တဲ့အရာတွေကို . . . အာရုံစိုက်ကြ [ပါ]။ မြင်နိုင်တဲ့အရာတွေဟာ တစ်ခဏသာ တည်တံ့ပြီး မမြင်နိုင်တဲ့အရာတွေကတော့ ထာဝရ တည်တံ့လို့ပဲ။”—၂ ကော. ၄:၁၈။
သီချင်း ၄၅ ကျွန်တော့်နှလုံးအကြံအစည်
အကြိုသုံးသပ်ချက် *
၁။ ကောင်းကင်ဘဏ္ဍာအကြောင်း ယေရှု ဘာပြောသလဲ။
လက်ဆောင်တွေထဲမှာ မမြင်နိုင်တဲ့ လက်ဆောင်တွေလည်း ရှိတယ်။ တကယ်တော့ တန်ဖိုးအကြီးဆုံး လက်ဆောင်တွေကို မမြင်နိုင်ဘူး။ ရုပ်ပစ္စည်းပိုင်ဆိုင်မှုထက် များစွာ သာလွန်တဲ့ ကောင်းကင်ဘဏ္ဍာအကြောင်း တောင်ပေါ်တရားတော်မှာ ယေရှု ဖော်ပြခဲ့တယ်။ “ကိုယ့်ဘဏ္ဍာရှိတဲ့ နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်” လို့ ဆက်ပြောတယ်။ (မ. ၆:၁၉-၂၁) လူတွေက ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြတယ်။ ကျွန်တော်တို့ကတော့ ဘုရားသခင်ရှေ့ နာမည်ကောင်း ရဖို့ ကြိုးစားခြင်းအားဖြင့် “ကောင်းကင်ဘဏ္ဍာ” ကို စုဆောင်းကြတယ်။ ယေရှု ရှင်းပြသလိုပဲ အဲဒီဘဏ္ဍာကို ဖျက်ဆီးလို့၊ ခိုးလို့ မရဘူး။
၂။ (က) ၂ ကောရိန္သု ၄:၁၇၊ ၁၈ မှာ ဘာကို အာရုံစိုက်ဖို့ ပေါလု တိုက်တွန်းသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာမလဲ။
၂ ‘မမြင်နိုင်တဲ့အရာတွေကို အာရုံစိုက်’ ဖို့ တမန်တော် ပေါလု တိုက်တွန်းတယ်။ (၂ ကောရိန္သု ၄:၁၇၊ ၁၈ ကိုဖတ်ပါ။) မမြင်နိုင်တဲ့အရာတွေထဲမှာ ကမ္ဘာသစ် ကောင်းချီးတွေ ပါဝင်တယ်။ အခုကတည်းက ကျွန်တော်တို့ကို အကျိုးပြုနေတဲ့ မမြင်နိုင်တဲ့ လက်ဆောင် လေးခုအကြောင်း ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။ အဲဒါတွေကတော့ ဘုရားနဲ့ မိတ်ဆွေဖြစ်ခွင့်၊ ဆုတောင်းခွင့်၊ သန့်ရှင်းသော စွမ်းအားတော် အကူအညီ၊ အမှုဆောင်လုပ်ငန်းမှာ ကောင်းကင်က ရတဲ့ ထောက်မမှုတို့ ဖြစ်တယ်။ မမြင်နိုင်တဲ့ အဲဒီလက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်ပုံကိုလည်း သုံးသပ်ကြပါမယ်။
ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခွင့်
၃။ မမြင်နိုင်တဲ့ တန်ဖိုးအကြီးဆုံး လက်ဆောင်က ဘာလဲ။ ဘယ်လိုနည်းနဲ့ ရနိုင်သလဲ။
၃ မမြင်နိုင်တဲ့ တန်ဖိုးအကြီးဆုံး လက်ဆောင်ကတော့ ယေဟောဝါနဲ့ မိတ်ဆွေဆာ. ၂၅:၁၄) ဘုရားသခင်ဟာ အပြစ်ရှိတဲ့ လူသားတွေနဲ့ မိတ်ဖွဲ့ရင်းနဲ့တောင် ဘယ်လို ဆက်သန့်ရှင်းနေနိုင်သလဲ။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာက “ဒီလောကရဲ့ အပြစ်ကို ဖယ်ရှားပေး” လို့ပဲ။ (ယော. ၁:၂၉) လူသားတွေကို ကယ်တင်ဖို့ သေတဲ့အထိ ယေရှု သစ္စာရှိမယ်ဆိုတာ ယေဟောဝါ ကြိုသိတယ်။ ဒါကြောင့် ခရစ်တော် မတိုင်ခင်မှာ အသက်ရှင်ခဲ့သူတွေနဲ့တောင် ဘုရား မိတ်ဖွဲ့ခဲ့တယ်။—ရော. ၃:၂၅။
ဖြစ်ခွင့်ပါပဲ။ (၄။ ခရစ်ယာန်ခေတ် မတိုင်ခင်က ဘုရားနဲ့ မိတ်ဆွေဖြစ်ခဲ့သူ တချို့ကို ဥပမာပေးပါ။
၄ ခရစ်ယာန်ခေတ် မတိုင်ခင်က ဘုရားရဲ့ မိတ်ဆွေတချို့အကြောင်း သုံးသပ်ကြည့်ပါ။ အာဗြဟံဟာ ယုံကြည်ခြင်း ခိုင်မာသူ ဖြစ်တယ်။ အာဗြဟံ သေဆုံးပြီး နှစ်ပေါင်း ၁,၀၀၀ ကျော်မှာ သူ့ကို ယေဟောဝါက “ငါ့မိတ်ဆွေ” လို့ ခေါ်ခဲ့တယ်။ (ဟေရှာ. ၄၁:၈) ဒါကြောင့် သေခြင်းကတောင် ယေဟောဝါနဲ့ ရင်းနှီးမှုနှောင်ကြိုးကို မပြတ်တောက်စေနိုင်ဘူး။ ယေဟောဝါရဲ့ မှတ်ဉာဏ်ထဲမှာ အာဗြဟံ အသက်ရှင်နေဆဲပဲ။ (လု. ၂၀:၃၇၊ ၃၈) နောက်တစ်ယောက်ကတော့ ယောဘ။ ကောင်းကင်တမန် အစုအဝေးရှေ့မှာ ယောဘအကြောင်း ယုံကြည်စိတ်ချမှု အပြည့်နဲ့ ယေဟောဝါ ပြောခဲ့တယ်။ ယောဘကို “ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ” လို့ ခေါ်တယ်။ (ယောဘ ၁:၆-၈) အယူမှား တိုင်းပြည်မှာ နှစ်ပေါင်း ၈၀ လောက် သစ္စာရှိရှိ အမှုဆောင်ခဲ့တဲ့ ဒံယေလနဲ့ပတ်သက်ရင်ကော ယေဟောဝါ ဘယ်လို ခံစားရသလဲ။ အသက်ကြီးသူ ဒံယေလဟာ ဘုရား “သိပ်တန်ဖိုးထားရတဲ့သူ” ဖြစ်တယ်လို့ ကောင်းကင်တမန်တွေ သုံးကြိမ် ပြောခဲ့တယ်။ (ဒံ. ၉:၂၃။ ၁၀:၁၁၊ ၁၉) ယေဟောဝါဟာ သေလွန်သွားတဲ့ ချစ်မိတ်ဆွေတွေကို ထမြောက်ပေးချင်စိတ် ပြင်းပြနေတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။—ယောဘ ၁၄:၁၅။
၅။ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ဖို့ ဘာလိုအပ်သလဲ။
၅ ဒီနေ့ မစုံလင်တဲ့ လူသား ဘယ်နှယောက် ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခွင့် ရနေကြသလဲ။ သန်းနဲ့ချီ ရှိတယ်။ ကမ္ဘာတစ်ဝန်းမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးများစွာဟာ ဘုရားမိတ်ဆွေ ဖြစ်ချင်ကြောင်း လုပ်ရပ်နဲ့ သက်သေပြနေကြတယ်။ ယေဟောဝါက ‘ရိုးဖြောင့်သူကို ခင်မင်ရင်းနှီးတယ်။’ (ပညာ. ၃:၃၂) ကျွန်တော်တို့ဟာ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကြောင့်သာ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံနိုင်တယ်။ ဒီနည်းအားဖြင့် စကြဝဠာမှာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်နဲ့ “ခင်မင်ရင်းနှီး” နေတဲ့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ခရစ်ယာန် သန်းပေါင်းများစွာထဲမှာ ကျွန်တော်တို့ ပါဝင်နေကြတယ်။
၆။ ဘုရားနဲ့ မိတ်ဆွေဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၆ ဘုရားနဲ့ မိတ်ဆွေဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ နှစ်တစ်ရာကျော် ဘုရားအပေါ် သစ္စာစောင့်သိခဲ့တဲ့ အာဗြဟံ၊ ယောဘတို့လိုပဲ ကျွန်တော်တို့လည်း ယေဟောဝါအတွက် အမှုဆောင်တာ ဘယ်လောက်ပဲ ကြာနေပါစေ ဆက်သစ္စာရှိရမယ်။ ဒံယေလလိုပဲ ဘုရားနဲ့ ဆက်ဆံရေးကို အသက်ထက် ပိုတန်ဖိုးထားရမယ်။ (ဒံ. ၆:၇၊ ၁၀၊ ၁၆၊ ၂၂) ယေဟောဝါရဲ့ အကူအညီကြောင့် ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ပြီး ဘုရားနဲ့ ဆက်ရင်းနှီးနေနိုင်ပါလိမ့်မယ်။—ဖိ. ၄:၁၃။
ဆုတောင်းခွင့်
၇။ (က) ပညာအလိမ္မာ ၁၅:၈ အရ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ (ခ) ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။
၇ မမြင်နိုင်တဲ့ နောက်လက်ဆောင်တစ်ခုကတော့ ဆုတောင်းခွင့်ပါပဲ။ ရင်းနှီးတဲ့ မိတ်ဆွေတွေဟာ ကိုယ့်အတွေး၊ ခံစားချက်တွေကို အချင်းချင်း ဝေမျှကြတယ်။ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာကော အဲဒီလိုပဲလား။ အဲဒီလိုပါပဲ။ ယေဟောဝါက ကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို စကားပြောတယ်။ မိမိရဲ့ အတွေး၊ ခံစားချက်တွေကို ဖော်ပြတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်အတွေး၊ ခံစားချက်တွေကို ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ ဆုတောင်းချက်တွေ နားထောင်ရတာကို ယေဟောဝါ နှစ်သက်တယ်။ (ပညာအလိမ္မာ ၁၅:၈ ကိုဖတ်ပါ။) မေတ္တာရှိတဲ့ မိတ်ဆွေလိုပဲ ယေဟောဝါက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်ရုံသာမက အဖြေလည်း ပေးတယ်။ တစ်ခါတလေ ချက်ချင်း အဖြေပေးတယ်။ တစ်ခါတလေကျရင်တော့ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဆက်ဆုတောင်းရတာမျိုး ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အသင့်တော်ဆုံးအချိန်မှာ အကောင်းဆုံးနည်းနဲ့ ယေဟောဝါ ဖြေကြားပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဘုရားရဲ့ အဖြေက ကိုယ်မျှော်လင့်ထားသလိုတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဥပမာ၊ အခက်အခဲကို ဖယ်ရှားပေးမယ့်အစား ဉာဏ်ပညာနဲ့ “ခံရပ်နိုင်ဖို့” ခွန်အား ပေးတာမျိုး ဖြစ်နိုင်တယ်။—၁ ကော. ၁၀:၁၃။
၈။ ဆုတောင်းခွင့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၈ ဆုတောင်းခွင့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ တစ်နည်းကတော့ “အမြဲမပြတ် ဆုတောင်းနေကြပါ” ဆိုတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို နာခံခြင်းအားဖြင့်ပါပဲ။ (၁ သက်. ၅:၁၇) ဆုတောင်းဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဖိအားမပေးဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားပြီး “ဇွဲမလျှော့တမ်း ဆုတောင်း” ဖို့ တိုက်တွန်းတယ်။ (ရော. ၁၂:၁၂) တစ်နေ့တာအတွင်း မကြာခဏ ဆုတောင်းခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ ဆုတောင်းတဲ့အခါ ယေဟောဝါကို ကျေးဇူးတင် ချီးမွမ်းတဲ့စကားတွေ ထည့်တောင်းသင့်တယ်။—ဆာ. ၁၄၅:၂၊ ၃။
၉။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ယောက် ဘယ်လို ခံစားရသလဲ။ သင်ကော ဘယ်လို ခံစားရသလဲ။
၉ ယေဟောဝါရဲ့ အမှုတော်မှာ သက်တမ်းကြာလေ၊ ဆုတောင်းချက်တွေ ဖြေကြားပေးပုံကို များများမြင်တွေ့ရလေ၊ ဆုတောင်းခွင့်အတွက် ကျေးဇူးတင်စိတ် တိုးများလေ ဖြစ်သင့်တယ်။ ဥပမာ၊ အချိန်ပြည့် လုပ်ငန်းမှာ ၄၇ နှစ်ကြာ ပါဝင်ခဲ့တဲ့ ညီအစ်ကို ခရစ္စ ဒီလိုပြောတယ်– “မနက်စောစော ထပြီး ယေဟောဝါဆီ အချိန်အကြာကြီး စကားပြောရတာကို ကြိုက်တယ်။ မနက်ခင်း နေခြည်ကြောင့် အရာရာ လှပနေချိန်မှာ ယေဟောဝါဆီ ဆုတောင်းရတာ ကြည်နူးစရာ ကောင်းလိုက်တာ။ ဒါက ဆုတောင်းခွင့် အပါအဝင် ဘုရားပေး လက်ဆောင်အားလုံးအတွက် ကျေးဇူးတင်ဖို့ လှုံ့ဆော်ပေးတယ်။ တစ်နေ့တာအကုန်မှာ ဆုတောင်းတာကလည်း စိတ်ကြည်ကြည်နဲ့ အိပ်ပျော်စေတယ်။”
သန့်ရှင်းသော စွမ်းအားတော်
၁၀။ ဘုရားသခင့် စွမ်းအားတော်ကို ဘာကြောင့် တန်ဖိုးထားသင့်သလဲ။
၁၀ ကျွန်တော်တို့ တန်ဖိုးထားသင့်တဲ့ မမြင်နိုင်တဲ့ နောက်လု. ၁၁:၉၊ ၁၃) စွမ်းအားတော်ကတစ်ဆင့် ကျွန်တော်တို့ကို “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ယေဟောဝါ ပေးတယ်။ (၂ ကော. ၄:၇။ တ. ၁:၈) စွမ်းအားတော် အကူအညီကြောင့် ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ပါလိမ့်မယ်။
လက်ဆောင်တစ်ခုကတော့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ပါပဲ။ သန့်ရှင်းသော စွမ်းအားတော် ရဖို့ တောင်းမြဲ တောင်းပါလို့ ယေရှု တိုက်တွန်းတယ်။ (၁၁။ သန့်ရှင်းသော စွမ်းအားတော်က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၁ သန့်ရှင်းသော စွမ်းအားတော်က ဘုရားအမှုတော်မှာ တာဝန်တွေကို ထမ်းဆောင်နိုင်အောင် ကူညီပေးတယ်။ အရည်အချင်း၊ အရည်အသွေး တိုးတက်လာစေတယ်။ ဘုရားအမှုတော်မှာ ရတဲ့ အောင်မြင်မှုတွေဟာ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ စွမ်းအားတော် အကူအညီကြောင့်သာ ဖြစ်ကြောင်း ကျွန်တော်တို့ သဘောပေါက်ကြတယ်။
၁၂။ ဆာလံ ၁၃၉:၂၃၊ ၂၄ အရ ကျွန်တော်တို့ ဘာလုပ်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် အကူအညီ တောင်းသင့်သလဲ။
၁၂ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်အတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ နောက်တစ်နည်းကတော့ ကျွန်တော်တို့စိတ်နှလုံးထဲက အတွေးအခေါ်၊ ဆန္ဒအမှားတွေကို မြင်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းခြင်း ဖြစ်တယ်။ (ဆာလံ ၁၃၉:၂၃၊ ၂၄ ကိုဖတ်ပါ။) အဲဒီလိုတောင်းတဲ့အခါ ယေဟောဝါက စွမ်းအားတော်ကတစ်ဆင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ ဆန္ဒအမှားတွေကို သတိပြုမိစေတယ်။ အဲဒါတွေကို သတိပြုမိတဲ့အခါ တွန်းလှန်ဖို့ ခွန်အားပေးနိုင်တဲ့ စွမ်းအားတော်ကို တောင်းခံသင့်တယ်။ ဒီနည်းအားဖြင့် စွမ်းအားတော်ကို အတားအဆီးဖြစ်စေတဲ့ ဘယ်အရာကိုမှ မလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြရာရောက်တယ်။—ဧ. ၄:၃၀။
၁၃။ သန့်ရှင်းသော စွမ်းအားတော်အတွက် ကျေးဇူးတင်စိတ် ဘယ်လို တိုးများလာနိုင်သလဲ။
၁၃ ဒီနေ့ခေတ်မှာ စွမ်းအားတော် ပြီးမြောက်စေတဲ့အရာတွေကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ကျေးဇူးတင်စိတ် တိုးများလာမယ်။ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး ရပြီး . . . ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ ကောင်းကင် မတက်ကြွခင် တပည့်တွေကို ယေရှု ပြောတယ်။ (တ. ၁:၈) အဲဒီစကားတွေ ဒီနေ့ ပြည့်စုံနေတယ်။ သန့်ရှင်းသော စွမ်းအားတော် အကူအညီကြောင့် ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့ ကျေးကျွန် ရှစ်သန်းခွဲလောက် စုသိမ်းခံထားရတယ်။ ဘုရားသခင့် စွမ်းအားတော်က ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း စတဲ့ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” မွေးမြူဖို့ ကူညီပေးတဲ့အတွက် ဘုရားသခင့် လူမျိုးဟာ စည်းလုံး ငြိမ်သက်နေတယ်။ (ဂလ. ၅:၂၂၊ ၂၃) သန့်ရှင်းသော စွမ်းအားတော်ဟာ တကယ့်ကို အဖိုးတန်လက်ဆောင်ပါပဲ။
အမှုဆောင်လုပ်ငန်းမှာ ကောင်းကင်က ရတဲ့ ထောက်မမှု
၁၄။ အမှုဆောင်လုပ်ငန်းမှာ မမြင်နိုင်တဲ့ ဘယ်ထောက်မမှုတွေ ရထားသလဲ။
၁၄ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်တွေနဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့် ရထားတာဟာလည်း မမြင်နိုင်တဲ့ လက်ဆောင်ပါပဲ။ (၂ ကော. ၆:၁) တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အချိန်တိုင်း အဲဒီအခွင့်အရေး ရနေတယ်။ “ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ” လို့ ပေါလု ပြောတယ်။ (၁ ကော. ၃:၉) အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ယေရှုရဲ့ လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်ခွင့်ရတယ်။ ‘လူမျိုးတကာဆီ သွားပြီး တပည့် ဖြစ်လာအောင် သွန်သင်ပေး’ ဖို့ နောက်လိုက်တွေကို မိန့်မှာပြီးနောက် “ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ ယေရှု ပြောတာကို သတိရပါ။ (မ. ၂၈:၁၉၊ ၂၀) ကောင်းကင်တမန်တွေကော။ ‘ကမ္ဘာပေါ်နေထိုင်သူတွေကို ထာဝရသတင်းကောင်း ကြေညာ’ တဲ့ လုပ်ငန်းမှာ ကောင်းကင်တမန်တွေရဲ့ လမ်းညွှန်မှု ရထားတာ တကယ့်ကောင်းချီးပါပဲ။—ဗျာ. ၁၄:၆။
၁၅။ အမှုဆောင်လုပ်ငန်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ယေဟောဝါ ပါဝင်နေကြောင်း ကျမ်းစာ နမူနာတစ်ခု ပြောပြပါ။
၁၅ ကောင်းကင်က ရတဲ့ ထောက်မမှုကြောင့် ဘာတွေ ပြီးမြောက်နေသလဲ။ နိုင်ငံတော် သတင်းတရားမျိုးစေ့ ကြဲတဲ့အခါ မျိုးစေ့တချို့ဟာ ကောင်းတဲ့မြေပေါ် ကျပြီး သီးပွင့်ဖြစ်ထွန်းလာတယ်။ (မ. ၁၃:၁၈၊ ၂၃) အဲဒီမျိုးစေ့တွေကို သီးပွင့်ဖြစ်ထွန်းစေတာ ဘယ်သူလဲ။ “[အဖဘုရား] သာ မဆွဲဆောင်ရင်” ဘယ်သူမှ မိမိနောက်လိုက် ဖြစ်မလာနိုင်ဘူးလို့ ယေရှု ရှင်းပြတယ်။ (ယော. ၆:၄၄) ကျမ်းစာ နမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဖိလိပ္ပိမြို့ပြင်က အမျိုးသမီးတစ်စုကို ပေါလု သက်သေခံတယ်။ လုဒိလို့ ခေါ်တဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုပြောတယ်– “ပေါလု ဟောပြောနေတာကို အာရုံစိုက် နားထောင်နိုင်ဖို့ သူ့စိတ်နှလုံးကို ယေဟောဝါ ဖွင့်ပေးတယ်။” (တ. ၁၆:၁၃-၁၅) လုဒိလိုပဲ တခြားသူ သန်းပေါင်းများစွာကိုလည်း ယေဟောဝါ ဆွဲဆောင်နေတယ်။
၁၆။ အမှုဆောင်လုပ်ငန်းမှာ ရတဲ့ အောင်မြင်မှုတွေအတွက် ဘယ်သူ ဂုဏ်တင်ခံထိုက်သလဲ။
၁၆ အမှုဆောင်လုပ်ငန်းမှာ ရတဲ့ အောင်မြင်မှုတွေအတွက် ဘယ်သူ ဂုဏ်တင်ခံထိုက်သလဲ။ “ကျွန်တော်က စိုက်ပျိုးတယ်။ အာပေါလုက ရေလောင်းတယ်။ အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။ စိုက်ပျိုးသူနဲ့ ရေလောင်းသူက အရေးပါတာ မဟုတ်ဘူး။ အပင်ကို ကြီးထွားစေတဲ့ ဘုရားသခင်ကသာ အရေးပါတာပါ” လို့ ကောရိန္သုအသင်းတော်ဆီ ရေးတဲ့ စာမှာ ပေါလု အဖြေပေးတယ်။ (၁ ကော. ၃:၆၊ ၇) ပေါလုလိုပဲ ကျွန်တော်တို့လည်း အမှုဆောင်လုပ်ငန်းမှာ ရတဲ့ ဘယ်အောင်မြင်မှုအတွက်မဆို ယေဟောဝါကိုပဲ အမြဲ ဂုဏ်တင်သင့်တယ်။
၁၇။ ဘုရားသခင်၊ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၇ ဘုရားသခင်၊ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ သတင်းကောင်း ဟောပြောဖို့ အခွင့်အရေးကို ထက်သန်စွာ ရှာဖွေခြင်းအားဖြင့်ပါပဲ။ ‘လူအများရှေ့၊ တစ်အိမ်တက်ဆင်း’ စတဲ့ နည်းလမ်းများစွာ ရှိတယ်။ (တ. ၂၀:၂၀) အလွတ်သဘောလည်း သက်သေခံနိုင်တယ်။ သူစိမ်းတစ်ယောက်ကို တွေ့တဲ့အခါ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စကားစမြည် ပြောဖို့ ကြိုးစားနိုင်တယ်။ ကောင်းစွာ တုံ့ပြန်သူတွေကို လိမ္မာပါးနပ်စွာ သတင်းကောင်း ပြောပြနိုင်တယ်။
၁၈-၁၉။ (က) အမှန်တရားမျိုးစေ့ကို ကျွန်တော်တို့ ဘယ်လို ရေလောင်းပေးကြသလဲ။ (ခ) ကျမ်းစာသင်သားတစ်ယောက်ကို ယေဟောဝါ ကူညီပေးခဲ့တဲ့ တွေ့ကြုံမှုတစ်ခု ပြောပြပါ။
၁၈ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အနေနဲ့ ကျွန်တော်တို့က အမှန်တရားမျိုးစေ့ကို ကြဲရုံသာမက ရေလည်း လောင်းကြတယ်။ လူတစ်ယောက် အမှန်တရားကို စိတ်ဝင်စားကြောင်း ပြတဲ့အခါ သူ့ဆီ ပြန်လည်ပတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ကျမ်းစာသင်အံမှု စတင်နိုင်ဖို့ စီစဉ်ပေးတယ်။ ကျမ်းစာသင်သားရဲ့ စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲလာအောင် ယေဟောဝါ ကူညီပေးတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။
၁၉ တောင်အာဖရိကမှာ နေတဲ့ ပယောဂဆရာ ရာပါလာလာနီအကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာလေ့လာမှုကနေ သိလာတာတွေကို သူ နှစ်သက်တယ်။ ဒါပေမဲ့ လူသေကို မေးမြန်းခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာ သွန်သင်ချက်ကို လက်ခံဖို့ ခက်နေတယ်။ (တရား. ၁၈:၁၀-၁၂) ဘုရားရဲ့ ပုံသွင်းပေးမှုကို လက်ခံတဲ့အတွက် စဉ်းစားတွေးခေါ်ပုံ ပြောင်းလာပြီး ဝင်ငွေကောင်းတဲ့ ပယောဂဆရာ အလုပ်ကို စွန့်လွှတ်လိုက်တယ်။ “နည်းလမ်းများစွာနဲ့ ကူညီပေးကြတဲ့ ယေဟောဝါသက်သေတွေကို သိပ်ကျေးဇူးတင်တယ်။ ကျွန်တော့်အတွက် အလုပ် ရှာပေးကြတယ်။ ယေဟောဝါကိုတော့ ကျေးဇူးအတင်ဆုံးပါပဲ။ ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲနိုင်အောင် ကူညီပေးတဲ့အတွက် နှစ်ခြင်းခံပြီးသား သက်သေခံတစ်ယောက်အနေနဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်ပြီ” လို့ အခု အသက် ၆၀ ရှိပြီဖြစ်တဲ့ ရာပါလာလာနီ ပြောတယ်။
၂၀။ ဘာလုပ်ဖို့ သင် စိတ်ပိုင်းဖြတ်ထားသလဲ။
၂၀ ဒီဆောင်းပါးမှာ မမြင်နိုင်တဲ့ လက်ဆောင် လေးခုအကြောင်း ဆွေးနွေးခဲ့ကြတယ်။ အကြီးမြတ်ဆုံး လက်ဆောင်ကတော့ ယေဟောဝါနဲ့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ခွင့်ပါပဲ။ အဲဒီလက်ဆောင်ကြောင့် တခြားလက်ဆောင်တွေကနေ အကျိုးရဖို့ လမ်းပွင့်သွားတယ်။ အဲဒါတွေကတော့ ဆုတောင်းခွင့်၊ သန့်ရှင်းသော စွမ်းအားတော် အကူအညီ၊ အမှုဆောင်လုပ်ငန်းမှာ ကောင်းကင်က ရတဲ့ ထောက်မမှုတို့ ဖြစ်တယ်။ အဲဒီလက်ဆောင်တွေအတွက် ကျေးဇူးတင်စိတ် တိုးများအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ အကောင်းဆုံးမိတ်ဆွေ ယေဟောဝါကို အမြဲ ကျေးဇူးတင်နေကြပါစို့။
သီချင်း ၁၄၅ ဘုရားကတိတော် ပရဒိသု
^ အပိုဒ်၊ 5 ရှေ့ဆောင်းပါးမှာ ဘုရားပေးထားတဲ့ မြင်နိုင်တဲ့ လက်ဆောင်တွေအကြောင်း ဆွေးနွေးခဲ့တယ်။ ဒီဆောင်းပါးမှာတော့ မမြင်နိုင်တဲ့ လက်ဆောင်တွေအကြောင်း၊ အဲဒီလက်ဆောင်တွေအတွက် ကျေးဇူးတင်တယ်ဆိုတာ ဘယ်လို ပြနိုင်ကြောင်း ဆွေးနွေးပါမယ်။ လက်ဆောင်ရှင် ယေဟောဝါဘုရားကို ပိုကျေးဇူးတင်ဖို့ ကူညီပေးပါမယ်။
^ အပိုဒ်၊ 58 ပုံအညွှန်း– (၁) ညီအစ်မတစ်ယောက် ဖန်ဆင်းခြင်းလက်ရာကို ကြည့်ရင်း ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခွင့်အကြောင်း တွေးတောဆင်ခြင်နေ။
^ အပိုဒ်၊ 60 ပုံအညွှန်း– (၂) သက်သေခံနိုင်ဖို့ ခွန်အားပေးပါဆိုပြီး ယေဟောဝါဆီ ညီအစ်မ ဆုတောင်းနေ။
^ အပိုဒ်၊ 62 ပုံအညွှန်း– (၃) အလွတ်သဘော သက်သေခံနိုင်ဖို့ သတ္တိရှိလာအောင် သန့်ရှင်းသော စွမ်းအားတော်က ညီအစ်မကို ကူညီပေး။
^ အပိုဒ်၊ 64 ပုံအညွှန်း– (၄) အလွတ်သဘော သက်သေခံခဲ့သူနဲ့ ကျမ်းစာ သင်အံမှု ကျင်းပနေ။ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ကောင်းကင်တမန်တွေရဲ့ အကူအညီနဲ့ ညီအစ်မ လုပ်ဆောင်နေ။