လေ့လာရန် ဆောင်းပါး ၁၀
ယေဟောဝါကို ချစ်တဲ့မေတ္တာက နှစ်ခြင်းခံဖို့ လှုံ့ဆော်
“ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီးနေလို့လဲ။”—တ. ၈:၃၆။
သီချင်း ၃၇ ယေဟောဝါကို တစ်သက်တာလုံး ဝတ်ပြုခြင်း
အကြိုသုံးသပ်ချက် a
၁-၂။ တမန်တော် ၈:၂၇-၃၁၊ ၃၅-၃၈ အရ နှစ်ခြင်းခံဖို့ အီသီယိုးပီယား မိန်းမစိုးကို ဘာက လှုံ့ဆော်ပေးသလဲ။
ခရစ်တော်ရဲ့ တပည့်အဖြစ် သင် နှစ်ခြင်းခံချင်သလား။ ယေဟောဝါကို ချစ်တဲ့မေတ္တာနဲ့ ဘုရား လုပ်ပေးတာတွေအတွက် ကျေးဇူးတင်လေးမြတ်စိတ်က နှစ်ခြင်းခံဖို့ လူများစွာကို လှုံ့ဆော်ပေးတယ်။ အီသီယိုးပီးယား ဘုရင်မရဲ့ အမှုထမ်းတစ်ယောက်အကြောင်း သုံးသပ်ကြည့်ပါ။
၂ အီသီယိုးပီးယား မိန်းမစိုးဟာ ဘာလုပ်ရမယ်ဆိုတာ ကျမ်းစာကနေ သိလာတာနဲ့ ချက်ချင်း နှစ်ခြင်းခံခဲ့တယ်။ (တမန်တော် ၈:၂၇-၃၁၊ ၃၅-၃၈ ကိုဖတ်ပါ။) ဘာက သူ့ကို လှုံ့ဆော်ပေးသလဲ။ မြင်းရထားပေါ်မှာ ဟေရှာယကျမ်း ဖတ်နေတဲ့အတွက် သူဟာ ကျမ်းစာကို လေးမြတ်မှန်း ထင်ရှားတယ်။ ဖိလိပ္ပုနဲ့ စကားပြောတဲ့အခါ ယေရှု လုပ်ဆောင်ပေးတာတွေအတွက် ကျေးဇူးတင်စိတ် ပေါ်လာတယ်။ တကယ်တော့ ယေဟောဝါကို ချစ်တဲ့စိတ် ရှိနှင့်ပြီးသားဖြစ်လို့ ခုလေးတင် ဂျေရုဆလင်မြို့မှာ ဝတ်ပြုပြီး ပြန်လာတာ။ မိရိုးဖလာ ဘာသာကို စွန့်ပြီး စစ်မှန်တဲ့ ဘုရားဆီ ဆက်ကပ်ထားတဲ့ လူမျိုးနဲ့ ပူးပေါင်းနေတာ။ ယေဟောဝါကို ချစ်တဲ့ အဲဒီမေတ္တာကပဲ အရေးကြီးတဲ့အရာ နောက်တစ်ခုကို လုပ်ဖို့ လှုံ့ဆော်ပေးတယ်။ နှစ်ခြင်းခံပြီး ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ပဲ။—မ. ၂၈:၁၉။
၃။ နှစ်ခြင်းခံဖို့ ဘာက အတားအဆီး ဖြစ်နိုင်သလဲ။ (“ သင့်စိတ်နှလုံးဟာ ဘယ်မြေအမျိုးအစားနဲ့ တူသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၃ ယေဟောဝါကို ချစ်တဲ့ မေတ္တာက နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးနိုင်တယ်။ ဒါပေမဲ့ ချစ်ခင်စွဲလမ်းမှုတချို့က အတားအဆီး ဖြစ်စေနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ နမူနာတချို့ သုံးသပ်ကြည့်ပါ။ သင်ဟာ မယုံကြည်သူ မိသားစုနဲ့ မိတ်ဆွေတွေကို သိပ်ချစ်တယ်။ နှစ်ခြင်းခံလိုက်ရင် သူတို့ မုန်းသွားမှာ စိုးရိမ်မိနိုင်တယ်။ (မ. ၁၀:၃၇) ဘုရား မုန်းတဲ့ အကျင့်တွေကို သင် စွဲလမ်းနေတယ်။ အဲဒါတွေကို ဖြတ်ဖို့ ခက်နေနိုင်တယ်။ (ဆာ. ၉၇:၁၀) ငယ်ငယ်ကတည်းက ကျင်းပနေကျ မှားယွင်းတဲ့ ဘာသာရေး ပွဲတွေကို သင် နှစ်သက်တယ်။ အဲဒီပွဲတွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေ အများကြီးပဲ။ ဒါကြောင့် ယေဟောဝါ မနှစ်သက်တဲ့ အဲဒီထုံးတမ်းစဉ်လာတွေကို စွန့်ဖို့ ခက်နေနိုင်တယ်။ (၁ ကော. ၁၀:၂၀၊ ၂၁) ဒီတော့ “ဘာကို၊ ဘယ်သူ့ကို အချစ်ဆုံးလဲ” ဆိုတာ ဆုံးဖြတ်ရတော့မယ်။
ဘယ်သူ့ကို ချစ်ဖို့ အရေးကြီးဆုံးလဲ
၄။ နှစ်ခြင်းခံဖို့ ဘာက အဓိက လှုံ့ဆော်ပေးမလဲ။
၄ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ မလေ့လာခင်ကတည်းက သင်ဟာ ကျမ်းစာကို လေးမြတ်သူ၊ ယေရှုကို ချစ်မြတ်နိုးသူ ဖြစ်နိုင်တယ်။ ယေဟောဝါသက်သေတွေနဲ့ တွေ့တော့ သူတို့နဲ့ ပေါင်းသင်းရတာကို နှစ်သက်လာတယ်။ ဒါပေမဲ့ အဲဒီလောက်နဲ့တော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံချင်လာမှာ မဟုတ်ဘူး။ ယေဟောဝါကို ချစ်တဲ့ မေတ္တာကပဲ အဓိက လှုံ့ဆော်ပေးမှာ ဖြစ်တယ်။ အရာအားလုံးထက် ယေဟောဝါကို ချစ်မယ်ဆိုရင် ဘုရားကို ဝတ်မပြုဖို့ ဘယ်အရာ၊ ဘယ်သူ့ကိုမှ တားဆီးခွင့်ပြုမှာ မဟုတ်ဘူး။ ယေဟောဝါကို ချစ်တဲ့ မေတ္တာဟာ နှစ်ခြင်းခံဖို့သာမက နှစ်ခြင်းခံပြီးနောက် ဆက်သစ္စာရှိဖို့ပါ ကူညီပေးပါလိမ့်မယ်။
၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၅ ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်ရမယ်လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၃၀) ဘယ်လိုနည်းနဲ့ ယေဟောဝါကို အဲဒီလို ချစ်ခင်လေးစားတတ်လာမလဲ။ ကျွန်တော်တို့အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို တွေးတောဆင်ခြင်ခြင်းအားဖြင့်ပါပဲ။ (၁ ယော. ၄:၁၉) ယေဟောဝါကို ချစ်တဲ့မေတ္တာ ရှိလာအောင် ဘာတွေ လုပ်ရမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ b
၆။ ရောမ ၁:၂၀ အရ ယေဟောဝါအကြောင်း သင်ယူနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။
၆ ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း သင်ယူပါ။ (ရောမ ၁:၂၀ ကိုဖတ်ပါ။ ဗျာ. ၄:၁၁) သစ်ပင်နဲ့ တိရစ္ဆာန်တွေကို ဖန်ဆင်းထားပုံမှာ တွေ့ရတဲ့ ဘုရားရဲ့ ဉာဏ်ပညာအကြောင်း တွေးကြည့်ပါ။ သင့်ရဲ့ အံ့ဖွယ်ကိုယ်ခန္ဓာအကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ပါ။ (ဆာ. ၁၃၉:၁၄) နေစွမ်းအင်အကြောင်းလည်း စဉ်းစားကြည့်ပါ။ ဒါတောင် နေဟာ ကြယ်သန်းထောင်ပေါင်းများစွာထဲက တစ်လုံးပဲ ရှိသေးတယ်။ c (ဟေရှာ. ၄၀:၂၆) အဲဒါတွေကို စဉ်းစားရင် ယေဟောဝါကို ပိုလေးစားလာမယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ တန်ခိုးအကြောင်း သိတာက ဘုရားနဲ့ သင့်ဆက်ဆံရေးအတွက် အခြေခံသာ ဖြစ်တယ်။ ယေဟောဝါကို ပိုချစ်လာဖို့ ဘုရားအကြောင်း ပိုသိရမယ်။
၇။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ဖို့ ဘာကို စိတ်ချနေရမလဲ။
၇ သင့်ကို ယေဟောဝါ ဂရုစိုက်ကြောင်း စိတ်ချနေဖို့ လိုတယ်။ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့အရှင်က သင့်ကို သိပြီး ဂရုစိုက်တယ်ဆိုတာ သင် ယုံဖို့ ခက်နေသလား။ ဒါဆိုရင် “ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး” ဆိုတာ သတိရပါ။ (တ. ၁၇:၂၆-၂၈) ဘုရားက “လူအားလုံးရဲ့ စိတ်နှလုံးကို စစ်ဆေး” တယ်။ မိမိကို “ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်” လို့ ကတိပေးထားတယ်။ (၁ ရာ. ၂၈:၉) သင် ကျမ်းစာ လေ့လာဖြစ်နေတဲ့ အကြောင်းရင်းကိုယ်နှိုက်က ယေဟောဝါ “ဆွဲဆောင်” နေလို့ပဲ။ (ယော. ၆:၄၄) ယေဟောဝါ လုပ်ဆောင်ပေးတာတွေကို ကျေးဇူးတင်လေးမြတ်လေ ဘုရားကို ပိုချစ်လေ ဖြစ်လာမယ်။
၈။ ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို တုံ့ပြန်နိုင်သလဲ။
၈ ယေဟောဝါရဲ့ မေတ္တာကို တုံ့ပြန်နိုင်တဲ့ နည်းတစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ ကိုယ့်စိုးရိမ်စရာတွေကို ပြောပြတဲ့အခါ၊ ဘုရား လုပ်ပေးသမျှအတွက် ကျေးဇူးတင်တဲ့အခါ ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာမယ်။ ဆုတောင်းချက်တွေ အဖြေရတဲ့အခါ ယေဟောဝါနဲ့ နှောင်ကြိုး ပိုခိုင်မြဲလာမယ်။ (ဆာ. ၁၁၆:၁) သင့်ကို ဘုရား နားလည်ကြောင်း စိတ်ချလာမယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးနိုင်ဖို့ ဘုရားရဲ့ စဉ်းစားပုံ၊ သင့်ဆီက ဘုရား တောင်းဆိုထားရာတွေကို သိရမယ်။ အဲဒီလို သိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျမ်းစာလေ့လာခြင်းပါပဲ။
၉။ ကျမ်းစာကို လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၉ ကျမ်းစာကို လေးမြတ်တတ်ဖို့ သင်ယူပါ။ ယေဟောဝါအကြောင်း၊ သင့်အတွက် ဘုရားရည်ရွယ်ချက်အကြောင်း အမှန်တရားတွေကို ကျမ်းစာမှာပဲ တွေ့ရတယ်။ ကျမ်းစာ နေ့တိုင်း ဖတ်တာ၊ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တာ၊ သိလာတာကို လက်တွေ့ကျင့်သုံးတာက ကျမ်းစာကို လေးမြတ်ကြောင်း ပြရာရောက်တယ်။ (ဆာ. ၁၁၉:၉၇၊ ၉၉။ ယော. ၁၇:၁၇) သင့်မှာ ကိုယ်ပိုင် ကျမ်းစာဖတ်ရှုတဲ့ ဇယား ရှိသလား။ နေ့တိုင်း ဇယားအတိုင်း ဖတ်ဖြစ်သလား။
၁၀။ ကျမ်းစာရဲ့ ထူးခြားချက်တစ်ခုက ဘာလဲ။
၁၀ ကျမ်းစာရဲ့ ထူးခြားချက်တစ်ခုကတော့ ယေရှုအကြောင်း မျက်မြင်သက်သေ မှတ်တမ်းတွေ ပါဝင်တာ ဖြစ်တယ်။ သင့်အတွက် ယေရှု လုပ်ဆောင်ပေးတာတွေကို ကျမ်းစာကပဲ တိကျမှန်ကန်စွာ ဖော်ပြတယ်။ ယေရှု ပြောဆို၊ လုပ်ဆောင်ခဲ့တာတွေကို သိလာတဲ့အခါ ယေရှုနဲ့ မိတ်ဆွေ ဖြစ်ချင်လာပါလိမ့်မယ်။
၁၁။ ယေဟောဝါကို ချစ်ဖို့ ဘာက ကူညီပေးမလဲ။
၁၁ ယေရှုကို ချစ်တတ်အောင် သင်ယူပါ။ ယေရှုကို ချစ်ရင် ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဖခင်ရဲ့ အရည်အသွေးတွေကို ယေရှု အပြည့်အဝ တုပလို့ပဲ။ (ယော. ၁၄:၉) ယေရှုအကြောင်း သိလေ ယေဟောဝါကို ပိုသိပြီး လေးမြတ်လေ ဖြစ်လာမယ်။ တခြားသူတွေ အထင်သေးတဲ့ ဆင်းရဲသား၊ ဖျားနာသူ၊ အကာအကွယ်မဲ့သူတွေကို ယေရှု ဘယ်လို ထောက်ထားစာနာမှု ပြခဲ့ကြောင်း စဉ်းစားကြည့်ပါ။ ယေရှု ပေးတဲ့ လက်တွေ့ကျ အကြံဉာဏ်ကို ကျင့်သုံးလို့ သင့်ဘဝ ဘယ်လို တိုးတက်ကောင်းမွန်လာကြောင်းလည်း စဉ်းစားကြည့်ပါ။—မ. ၅:၁-၁၁။ ၇:၂၄-၂၇။
၁၂။ ယေရှုအကြောင်း သိလာတဲ့အခါ ဘာလုပ်ဖို့ လှုံ့ဆော်ခံရသလဲ။
၁၂ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယေရှု ပေးခဲ့တဲ့ ပူဇော်သက္ကာအကြောင်း အလေးအနက် တွေးတောတဲ့အခါ ယေရှုကို ချစ်တဲ့ မေတ္တာ တိုးများလာမယ်။ (မ. ၂၀:၂၈) သင့်အတွက် ယေရှု လိုလိုလားလား အသေခံခဲ့ကြောင်း နားလည်လာတဲ့အခါ နောင်တယူပြီး ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ရှာဖို့ လှုံ့ဆော်ခံရနိုင်တယ်။ (တ. ၃:၁၉၊ ၂၀။ ၁ ယော. ၁:၉) ယေရှုနဲ့ ယေဟောဝါကို ချစ်လာတဲ့အခါ သူတို့ကို ချစ်တဲ့ တခြားသူတွေကိုပါ ချစ်တတ်လာပါလိမ့်မယ်။
၁၃။ သင့်အတွက် ယေဟောဝါ ဘာပြင်ဆင်ပေးထားသလဲ။
၁၃ ယေဟောဝါကို ချစ်တဲ့သူတွေကို ချစ်တတ်ဖို့ သင်ယူပါ။ ယေဟောဝါဆီ သင် ဘာကြောင့် ဆက်ကပ်အပ်နှံချင်တယ်ဆိုတာ မယုံကြည်သူ ဆွေမျိုး၊ မိတ်ဆွေတွေ နားလည်ကြမှာ မဟုတ်ဘူး။ ဆန့်တောင် ဆန့်ကျင်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက သင့်ကို ကူညီဖို့ ညီအစ်ကို/မတွေ ပေးထားတယ်။ သူတို့နဲ့ ရင်းရင်းနှီးနှီး နေရင် လိုအပ်တဲ့ မေတ္တာနဲ့ ထောက်မမှု ရပါလိမ့်မယ်။ (မာ. ၁၀:၂၉၊ ၃၀။ ဟီ. ၁၀:၂၄၊ ၂၅) တဖြည်းဖြည်း သင့်မိသားစုဝင်တွေလည်း ယေဟောဝါကို ဝတ်ပြုပြီး ဘုရားစံနှုန်းတွေအတိုင်း နေထိုင်လာနိုင်တယ်။—၁ ပေ. ၂:၁၂။
၁၄။ ၁ ယောဟန် ၅:၃ အရ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ပတ်သက်ပြီး သင် ဘာသိလာသလဲ။
၁၄ ယေဟောဝါရဲ့ စံနှုန်းတွေကို လေးမြတ်ပြီး လိုက်နာတတ်အောင် သင်ယူပါ။ ယေဟောဝါကို မသိခင်က ကိုယ်ပိုင်စံနှုန်းတွေအတိုင်း နေထိုင်ခဲ့မှာပဲ။ အခုတော့ ယေဟောဝါရဲ့ စံနှုန်းတွေ ပိုကောင်းမှန်း သိလာပြီ။ (ဆာ. ၁:၁-၃။ ၁ ယောဟန် ၅:၃ ကိုဖတ်ပါ။) လင်ယောက်ျား၊ ဇနီး၊ မိဘ၊ သားသမီးတွေအတွက် ကျမ်းစာမှာပါတဲ့ အကြံဉာဏ်ကို စဉ်းစားကြည့်ပါ။ (ဧ. ၅:၂၂–၆:၄) အဲဒါတွေကို လိုက်နာလို့ မိသားစုဘဝ တိုးတက်လာသလား။ အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ပါဆိုတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို နာခံလို့ ပိုကောင်းတဲ့သူ၊ ပိုပျော်တဲ့သူ ဖြစ်လာသလား။—ပညာ. ၁၃:၂၀။ ၁ ကော. ၁၅:၃၃။
၁၅။ ကျမ်းစာမူတွေကို ကျင့်သုံးဖို့ ခက်နေရင် ဘာလုပ်နိုင်သလဲ။
၁၅ သိလာတဲ့ ကျမ်းစာမူတွေကို ကျင့်သုံးဖို့ တစ်ခါတလေ ခက်နိုင်တယ်။ ဒါကြောင့် အမှားအမှန် ခွဲခြားသိဖို့ ကူညီပေးနိုင်တဲ့ ကျမ်းစာအခြေပြု စာပေတွေကို အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးတယ်။ (ဟီ. ၅:၁၃၊ ၁၄) အဲဒီစာပေတွေကို ဖတ်ရှုလေ့လာတဲ့အခါ ကျမ်းစာမူတွေ ဘယ်လောက် လက်တွေ့ကျမှန်း၊ အသေးစိတ်ကျမှန်း သိလာပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းဝင် ဖြစ်ချင်လာမယ်။
၁၆။ မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ဖွဲ့စည်းထားသလဲ။
၁၆ ယေဟောဝါရဲ့ အဖွဲ့အစည်းကို ချစ်ပြီး ထောက်မတတ်ဖို့ သင်ယူပါ။ ယေဟောဝါက မိမိလူမျိုးကို အသင်းတော်တွေအဖြစ် ဖွဲ့စည်းထားတယ်။ သားတော် ယေရှုက ဦးခေါင်း ဖြစ်တယ်။ (ဧ. ၁:၂၂။ ၅:၂၃) မိမိ ပြီးမြောက်စေချင်တဲ့ လုပ်ငန်းကို စီစဉ်ဖွဲ့စည်းရာမှာ ဦးဆောင်ဖို့ ဘိသိက်ခံ အုပ်စုလေးကို ယေရှု ခန့်အပ်ထားတယ်။ အဲဒီအုပ်စုလေးကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” လို့ ခေါ်တယ်။ သူတို့တာဝန်က သင့်ကို ဘုရားနဲ့ ဆက်ဆံရေး ကောင်းအောင် ကူညီပေးဖို့၊ အဲဒီဆက်ဆံရေး မထိခိုက်အောင် ကာကွယ်ပေးဖို့ပဲ။ အဲဒီတာဝန်ကို သူတို့ အလေးအနက် ထားကြတယ်။ (မ. ၂၄:၄၅-၄၇) သင့်ကို သစ္စာရှိကျွန် ဂရုစိုက်နေတဲ့ နည်းတစ်နည်းကတော့ အရည်အချင်းရှိ အကြီးအကဲတွေကို ခန့်အပ်ပေးတာပဲ။ (ဟေရှာ. ၃၂:၁၊ ၂။ ဟီ. ၁၃:၁၇။ ၁ ပေ. ၅:၂၊ ၃) အကြီးအကဲတွေက သင့်ကို နှစ်သိမ့်ပေးဖို့၊ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေဖို့ အစွမ်းကုန် ကူညီပေးတယ်။ ယေဟောဝါအကြောင်း တခြားသူတွေကို သင်ပေးတတ်အောင်လည်း ကူညီပေးတယ်။—ဧ. ၄:၁၁-၁၃။
၁၇။ ရောမ ၁၀:၁၀၊ ၁၃၊ ၁၄ အရ ယေဟောဝါအကြောင်း တခြားသူတွေကို ဘာကြောင့် ပြောပြကြသလဲ။
၁၇ ယေဟောဝါကို ချစ်တတ်လာအောင် တခြားသူတွေကို ကူညီပေးပါ။ ယေဟောဝါအကြောင်း တခြားသူတွေကို သင်ပေးဖို့ နောက်လိုက်တွေကို ယေရှု မိန့်မှာတယ်။ (မ. ၂၈:၁၉၊ ၂၀) ဒါကို တာဝန်အရ လုပ်ရင်လည်း ဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာတဲ့အခါ “ကျွန်တော်တို့ကတော့ ကြားခဲ့ မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ပြောတဲ့ တမန်တော် ပေတရုနဲ့ ယောဟန်လို ခံစားလာရပါလိမ့်မယ်။ (တ. ၄:၂၀) ယေဟောဝါကို ချစ်လာဖို့ တခြားသူတွေကို ကူညီပေးခွင့်ရတာလောက် ပျော်ရွှင်စေတာ မရှိတော့ဘူး။ ကျမ်းစာ အမှန်တရား သိလာပြီး နှစ်ခြင်းခံဖို့ အီသီယိုးပီးယား မိန်းမစိုးကို ကူညီပေးလိုက်ရတဲ့အခါ ဖိလိပ္ပု ဘယ်လောက် ပျော်ရွှင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဖိလိပ္ပုကို တုပမယ်၊ ဟောပြောပါဆိုတဲ့ ယေရှုအမိန့်ကို နာခံမယ်ဆိုရင် ယေဟောဝါသက်သေ ဖြစ်ချင်ကြောင်း ဖော်ပြနေတာပဲ။ (ရောမ ၁၀:၁၀၊ ၁၃၊ ၁၄ ကိုဖတ်ပါ။) အဲဒီအခါ “ကျွန်တော် နှစ်ခြင်းမခံရအောင် ဘာက တားဆီးနေလို့လဲ” ဆိုပြီး အီသီယိုးပီးယား မိန်းမစိုးလို သင် မေးလာပါလိမ့်မယ်။—တ. ၈:၃၆။
၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၈ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာဟာ ဘဝမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ပဲ။ ဒါကြောင့် အသေအချာ စဉ်းစားဖို့ လိုတယ်။ နှစ်ခြင်းအကြောင်း ဘာသိထားရမလဲ။ နှစ်ခြင်းမခံခင်၊ ခံပြီးနောက် ဘာလုပ်ရမလဲ။ အဲဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
သီချင်း ၂ နာမတော် ယေဟောဝါ
a ယေဟောဝါကို ချစ်တဲ့သူတချို့ဟာ သက်သေခံအဖြစ် နှစ်ခြင်းခံဖို့ အသင့်ဖြစ်မဖြစ် မသေမချာ ဖြစ်နေကြတယ်။ သင် အဲဒီလိုဖြစ်နေရင် ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ လက်တွေ့ကျ အချက်တချို့ကို သုံးသပ်ကြည့်ပါ။ အဲဒါက နှစ်ခြင်းခံဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။
b တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အကြံပြုချက်တွေကို အစဉ်လိုက် မဟုတ်လည်း သင့်တော်သလို လိုက်နာနိုင်ပါတယ်။
c နောက်ထပ်သိချင်ရင် သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာကို ကြည့်ပါ။
d ပုံအညွှန်း– ဈေးဝယ်ရင်း ဆုံတွေ့တဲ့ အမျိုးသမီးငယ်ကို ညီအစ်မတစ်ယောက် ဝေစာ ပေးနေတယ်။