မိမိလူမျိုးကို ယေဟောဝါ ဦးဆောင်
‘ယေဟောဝါက မင်းတို့ကို အမြဲဦးဆောင်မယ်။’—ဟေရှာ. ၅၈:၁၁၊ ကဘ။
၁၊ ၂။ (က) ယေဟောဝါသက်သေတွေကို ဦးဆောင်သူတွေနဲ့ တခြားဘာသာတရားတွေရဲ့ ဦးဆောင်သူတွေ ဘယ်လို ကွာခြားသလဲ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
“ခင်ဗျားတို့ရဲ့ ခေါင်းဆောင် ဘယ်သူလဲ” ဆိုပြီး ယေဟောဝါသက်သေတွေကို မေးတတ်ကြတယ်။ ဒါ အံ့ဩစရာ မဟုတ်ပါဘူး။ ဘာသာတရားများစွာမှာ အမျိုးသားကဖြစ်ဖြစ်၊ အမျိုးသမီးကဖြစ်ဖြစ် ဦးစီးခေါင်းဆောင် လုပ်ရတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကတော့ မစုံလင်တဲ့ လူသားတစ်ယောက် မဟုတ်ကြောင်း ဂုဏ်ယူစွာ ပြောကြတယ်။ ခမည်းတော် ယေဟောဝါရဲ့ ဦးဆောင်မှုနောက် လိုက်တဲ့၊ ရှင်ပြန်ထမြောက်ပြီးတဲ့ ခရစ်တော်ရဲ့ ဦးဆောင်မှုနောက် ကျွန်တော်တို့ လိုက်ကြတယ်။—မ. ၂၃:၁၀။
၂ ဒါပေမဲ့ “သစ္စာနှင့် သတိပညာရှိသောကျွန်” အဖြစ် ဖွဲ့စည်းထားတဲ့ မျက်မြင်ရ အမျိုးသားအုပ်စုတစ်စုက ဘုရားလူမျိုးကို ဒီနေ့ ဦးဆောင်ပေးနေတယ်။ (မ. ၂၄:၄၅) ဒါဆိုရင် မမြင်ရတဲ့ သားတော်အားဖြင့် ယေဟောဝါ တကယ် ဦးဆောင်နေမှန်း ဘယ်လို သိနိုင်သလဲ။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဦးဆောင်ဖို့ လူတချို့ကို ယေဟောဝါ ဘယ်လို ညွှန်ကြားတယ်ဆိုတာ လေ့လာဆန်းစစ်သွားပါမယ်။ ဦးဆောင်သူတွေရဲ့ နောက်ကွယ်မှာ ယေဟောဝါ တကယ်ရှိခဲ့ကြောင်း၊ ရှိနေကြောင်း၊ ယေဟောဝါဟာ မိမိလူမျိုးကို အမှန်တကယ် ဦးဆောင်သူဖြစ်ကြောင်း အထောက်အထား သုံးခုကို ဆောင်းပါးနှစ်ခုစလုံးမှာ ဆွေးနွေးသုံးသပ်သွားကြပါမယ်။—ဟေရှာ. ၅၈:၁၁၊ ကဘ။
သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေး
၃။ အစ္စရေးလူမျိုးကို ဦးဆောင်နိုင်ဖို့ မောရှေကို ဘာက ခွန်အားပေးခဲ့သလဲ။
၃ သန့်ရှင်းသော စွမ်းအားတော်က ဘုရားကိုယ်စားလှယ်တွေကို ခွန်အားပေးတယ်။ အစ္စရေးလူမျိုးရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံရတဲ့ မောရှေကို သုံးသပ်ကြည့်ပါ။ အဲဒီတာဝန်ကြီးကို ထမ်းဆောင်နိုင်ဖို့ ဘာက ခွန်အားပေးခဲ့သလဲ။ ယေဟောဝါက ‘သန့်ရှင်းသော စွမ်းအားတော်’ ပေးခဲ့တယ်။ (ဟေရှာယ ၆၃:၁၁-၁၄ ကိုဖတ်ပါ။) မောရှေကို သန့်ရှင်းသော စွမ်းအားတော် ပေးခြင်းအားဖြင့် မိမိလူမျိုးကို ယေဟောဝါ ဆက်ဦးဆောင်ခဲ့တယ်။
၄။ မောရှေအပေါ်မှာ ဘုရားသခင့် စွမ်းအားတော် သက်ရောက်ကြောင်း အစ္စရေးတွေ ဘယ်လို သိနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၄ သန့်ရှင်းသော စွမ်းအားတော်ကို မမြင်ရတော့ မောရှေပေါ်မှာ စွမ်းအားတော် သက်ရောက်ကြောင်း အစ္စရေးတွေ ဘယ်လို သိနိုင်သလဲ။ အံ့ဖွယ်အမှုတွေ ပြုလုပ်ဖို့၊ ဖာရောရှေ့မှာ ဘုရားနာမတော် ကြေညာဖို့ သန့်ရှင်းသော စွမ်းအားတော်က မောရှေကို ခွန်အားပေးခဲ့တယ်။ (ထွ. ၇:၁-၃) အစ္စရေးတွေကို ဦးဆောင်နိုင်အောင် မေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းစတဲ့ အရည်အသွေးကောင်းတွေကို မွေးမြူဖို့ ကူညီပေးခဲ့တယ်။ တခြားတိုင်းပြည်တွေက ခက်ထန်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်တွေနဲ့ ကွာခြားလိုက်လေခြင်း။ (ထွ. ၅:၂၊ ၆-၉) အထောက်အထားကတော့ ရှင်းပါတယ်– ယေဟောဝါဟာ မိမိလူမျိုးရဲ့ ခေါင်းဆောင်အဖြစ် မောရှေကို ရွေးချယ်ခဲ့တယ်။
၅။ မိမိလူမျိုးကို ဦးဆောင်ဖို့ အစ္စရေးအမျိုးသားတွေကို ယေဟောဝါ ဘယ်လို ခွန်အားပေးခဲ့သလဲ။
၅ နောက်ပိုင်းမှာ ယေဟောဝါက မိမိလူမျိုးကို ဦးဆောင်ဖို့ တခြားအမျိုးသားတွေကို သန့်ရှင်းသော စွမ်းအားတော် ပေးခဲ့တယ်။ ‘နုန်ရဲ့သား ယောရှုဟာ [စွမ်းအားတော်ပေးတဲ့] ဉာဏ်ပညာ ပြည့်ဝတယ်။’ (တရား. ၃၄:၉) ‘ယေဟောဝါရဲ့ စွမ်းအားတော်က ဂိဒေါင်အပေါ် သက်ရောက်’ တယ်။ (သူကြီး. ၆:၃၄၊ ကဘ) ‘ယေဟောဝါရဲ့ စွမ်းအားတော်က ဒါဝိဒ်ကို ခွန်အားပေးတယ်။’ (၁ ရာ. ၁၆:၁၃၊ ကဘ) ဒီအမျိုးသားတွေဟာ ဘုရားသခင့် စွမ်းအားတော်ကို မှီခိုအားထားခဲ့ကြတယ်။ ကိုယ့်အစွမ်းအစနဲ့ မလုပ်ဆောင်နိုင်တဲ့ ထူးခြားတဲ့အမှုတွေကို လုပ်ဆောင်နိုင်ဖို့ စွမ်းအားတော်က ခွန်အားပေးခဲ့တယ်။ (ယောရှု ၁၁:၁၆၊ ၁၇။ သူကြီး. ၇:၇၊ ၂၂။ ၁ ရာ. ၁၇:၃၇၊ ၅၀) အဲဒီအံ့ဖွယ်အမှုတွေကြောင့် ယေဟောဝါကို တော်မှန်စွာ ချီးမွမ်းဂုဏ်တင်ခဲ့ကြတယ်။
၆။ အစ္စရေး ခေါင်းဆောင်တွေကို ယေဟောဝါ ဘာကြောင့် လေးစားစေချင်သလဲ။
၆ အဲဒီအမျိုးသားတွေကို သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေးနေတယ်ဆိုတဲ့ အထောက်အထားကို အစ္စရေးတွေ ဘယ်လို တုံ့ပြန်သင့်သလဲ။ မောရှေရဲ့ ဦးဆောင်မှုကို လူတွေအပြစ်တင်တဲ့အခါ ယေဟောဝါက “ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကို မရိုမသေ ပြုကြလိမ့်မည်နည်း” လို့ မေးခဲ့တယ်။ (တော. ၁၄:၂၊ ၁၁) တကယ်တော့ မောရှေ၊ ယောရှု၊ ဂိဒေါင်၊ ဒါဝိဒ်တို့ကို မိမိရဲ့ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ယေဟောဝါ ရွေးချယ်ခဲ့တာပါ။ အဲဒီအမျိုးသားတွေကို နာခံတာက ခေါင်းဆောင် ယေဟောဝါနောက် အမှန်တကယ် လိုက်နေတာပါပဲ။
ကောင်းကင်တမန်များ ကူညီပေး
၇။ ကောင်းကင်တမန်တွေ မောရှေကို ဘယ်လို ကူညီပေးခဲ့ကြသလဲ။
၇ ကောင်းကင်တမန်တွေက ဘုရားကိုယ်စားလှယ်တွေကို ကူညီပေးခဲ့တယ်။ (ဟေဗြဲ ၁:၇၊ ၁၄ ကိုဖတ်ပါ။) မောရှေကို တာဝန်ပေးဖို့၊ ကူညီဖို့၊ လမ်းညွှန်ဖို့ ကောင်းကင်တမန်တွေကို ယေဟောဝါ အသုံးပြုခဲ့တယ်။ “ချုံပုတ်၌ ထင်ရှားသော ကောင်းကင်တမန်အားဖြင့် အုပ်ချုပ်သူ၊ ကယ်နုတ်သူအဖြစ်” မောရှေကို “ဘုရားသခင် စေလွှတ်” ခဲ့တယ်။ (တ. ၇:၃၅) အစ္စရေးတွေကို လမ်းညွှန်ဖို့ မောရှေပညတ်ကို “ကောင်းကင်တမန်များမှတစ်ဆင့် ပေးအပ်” ခဲ့တယ်။ (ဂလ. ၃:၁၉) “ငါမှာထားသောအရပ်သို့ သူတို့ကို ယခု သွား၍ ပို့ဆောင်လော့။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည်” လို့ ယေဟောဝါ ပြောခဲ့တယ်။ (ထွ. ၃၂:၃၄) ဒီတာဝန်တွေကို ကောင်းကင်တမန်တွေ ထမ်းဆောင်တာ အစ္စရေးတွေ မျက်စိနဲ့ မြင်ရတယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ လူတွေကို မောရှေ လမ်းပြညွှန်ကြားပုံဟာ ကောင်းကင်တမန်တွေရဲ့ အကူအညီ ရထားမှန်း ထင်ရှားပါတယ်။
၈။ ယောရှုနဲ့ ဟေဇကိကို ကောင်းကင်တမန်တွေ ဘယ်လို ကူညီပေးခဲ့ကြသလဲ။
၈ မောရှေနေရာ ဆက်ခံသူ ယောရှုကို ‘ယေဟောဝါ၏ ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူး’ က အားပေးခဲ့တယ်။ ခါနာန်တွေကို တိုက်ခိုက်တဲ့အခါ ဘုရားလူမျိုးကို ဦးဆောင်ဖို့၊ အစ္စရေးတွေ အောင်ပွဲခံဖို့ ကူညီပေးခဲ့တယ်။ (ယောရှု ၅:၁၃-၁၅။ ၆:၂၊ ၂၁) နောက်ပိုင်းမှာ ဘုရင် ဟေဇကိဟာ ဂျေရုဆလင်မြို့ ကို ကျူးကျော်ထိပါးမယ့် အဆီးရီးယားစစ်တပ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တစ်ညတည်းမှာပဲ ‘ယေဟောဝါ၏ ကောင်းကင်တမန်သည် ထွက်၍ လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်’ ခဲ့တယ်။—၄ ရာ. ၁၉:၃၅။
၉။ ဘုရား ကိုယ်စားလှယ်တွေ မစုံလင်ကြပေမဲ့ အစ္စရေးတွေ ဘာလုပ်ရမလဲ၊ ရှင်းပြပါ။
၉ ကောင်းကင်တမန်တွေ စုံလင်ကြပေမဲ့ သူတို့ကူညီပေးနေတဲ့ လူတွေကတော့ မစုံလင်ကြဘူး။ တစ်ခါက ယေဟောဝါကို ဂုဏ်တင်ဖို့ မောရှေ ပျက်ကွက်ခဲ့တယ်။ (တော. ၂၀:၁၂) ဂိဗောင်လူမျိုးနဲ့ ပဋိညာဉ် မဖွဲ့ခင် ဘုရားသခင့် လမ်းညွှန်မှု ရှာဖွေဖို့ ယောရှု ပျက်ကွက်ခဲ့တယ်။ (ယောရှု ၉:၁၄၊ ၁၅) ဟေဇကိဟာ တစ်ခဏလောက် “စိတ်ထောင်လွှား” ခဲ့တယ်။ (၆ ရာ. ၃၂:၂၅၊ ၂၆) ဒီလူတွေ မစုံလင်ကြပေမဲ့ သူတို့ရဲ့ ဦးဆောင်မှုနောက် အစ္စရေးတွေ လိုက်ကြရမယ်။ သူတို့ကို ကောင်းကင်တမန်တွေအားဖြင့် ယေဟောဝါ ထောက်မကူညီခဲ့တယ်။ မှန်ပါတယ်၊ မိမိလူမျိုးကို ယေဟောဝါ ဦးဆောင်ခဲ့ပါတယ်။
ဘုရားစကားတော် လမ်းညွှန်ပေး
၁၀။ ဘုရားသခင့် ပညတ်တရားက မောရှေကို ဘယ်လို လမ်းညွှန်ခဲ့သလဲ။
၁၀ ဘုရားစကားတော်က ဘုရားကိုယ်စားလှယ်တွေကို လမ်းညွှန်ပေးတယ်။ အစ္စရေးတွေကို ပေးအပ်တဲ့ ပညတ်ကို “မောရှေ၏ ပညတ္တိကျမ်း” လို့ ကျမ်းစာမှာ ရည်ညွှန်းထားတယ်။ (၃ ရာ. ၂:၄) ဒါပေမဲ့ ကျမ်းစာမှာ ယေဟောဝါကို ပညတ်ပေးရှင်အဖြစ် ဖော်ပြထားပြီး မောရှေကိုယ်တိုင် အဲဒီပညတ်တရားကို နာခံရတယ်။ (၆ ရာ. ၃၄:၁၄) တဲတော် တည်ဆောက်ပုံကို ယေဟောဝါ ညွှန်ကြားပြီးတဲ့နောက် ‘ယေဟောဝါ မိန့်တော်မူသမျှအတိုင်း မောရှေပြု’ လုပ်ခဲ့တယ်။—ထွ. ၄၀:၁-၁၆။
၁၁၊ ၁၂။ (က) ယောရှုနဲ့ ဘုရားလူမျိုးကို အုပ်ချုပ်တဲ့ဘုရင်တွေ ဘာလုပ်ခဲ့ကြရသလဲ။ (ခ) ဘုရားလူမျိုးကို ဦးဆောင်သူတွေအပေါ် ဘုရားစကားတော် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
၁၁ ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ ရေးသားထားတဲ့ ဘုရားစကားတော် ကျမ်းစာ ရှိနေပြီ။ ‘ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကို နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်ရမည်’ လို့ ယောရှု မိန့်မှာခံရတယ်။ (ယောရှု ၁:၈) နောက်ပိုင်းမှာ ဘုရားလူမျိုးကို အုပ်ချုပ်တဲ့ ဘုရင်တွေလည်း အဲဒီအတိုင်းပဲ လုပ်ခဲ့ကြရတယ်။ သူတို့တစ်တွေ ပညတ်ကျမ်းကို နေ့တိုင်း ဖတ်ရမယ်၊ ကူးရေးရမယ်၊ “ဤပညတ်တရား စကားတော် အလုံးစုံတို့ကို ကျင့်စောင့်” ရမယ်။—တရားဟောရာ ၁၇:၁၈-၂၀ ကိုဖတ်ပါ။
၁၂ ဘုရားစကားတော်က ဦးဆောင်သူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။ ဘုရင်ယောရှိအကြောင်း သုံးသပ်ကြည့်ပါ။ မောရှေပညတ်ပါရှိတဲ့ မှတ်တမ်းကို တွေ့ရှိတဲ့အခါ ယောရှိရဲ့ အတွင်းရေးမှူးက ဖတ်ပြတယ်။ a ဘုရင် ဘယ်လို တုံ့ပြန်ခဲ့သလဲ။ “ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကို ကြားလျှင် မိမိအဝတ်ကို ဆုတ်” ခဲ့တယ်။ ဒါပေမဲ့ အဲဒီထက်မက လုပ်ဆောင်ခဲ့ပါတယ်။ ဘုရားစကားတော် လမ်းညွှန်မှုအားဖြင့် ရုပ်တုကိုးကွယ်မှုကို အင်တိုက်အားတိုက် ချေမှုန်းခဲ့ပြီး အကြီးကျယ်ဆုံး ပသခါပွဲကို ကျင်းပခဲ့တယ်။ (၄ ရာ. ၂၂:၁၁။ ၂၃:၁-၂၃) ယောရှိနဲ့ တခြားသစ္စာရှိခေါင်းဆောင်တွေဟာ ဘုရားစကားတော် လမ်းညွှန်မှုကြောင့် လိုလိုလားလား ပြုပြင်ပြောင်းလဲကြရတယ်။ ဘုရားလူမျိုးကို ရှင်းရှင်းလင်းလင်း ညွှန်ကြားပေးခဲ့ကြတယ်။ အဲဒီအပြောင်းအလဲတွေက ဘုရားရဲ့ ရှေးခေတ်လူမျိုးကို အလိုတော်နဲ့ ညီညွတ်စေခဲ့တယ်။
၁၃။ ဘုရားသခင့်လူမျိုး ခေါင်းဆောင်တွေနဲ့ တိတ္ထိလူမျိုးခေါင်းဆောင်တွေ ဘယ်လို ကွာခြားသလဲ။
၁၃ ဒီသစ္စာရှိဘုရင်တွေဟာ အမြော်အမြင်နည်းတဲ့ လူ့ဉာဏ်ပညာရဲ့ လမ်းညွှန်မှုကို ခံယူတဲ့ တခြားလူမျိုးခေါင်းဆောင်တွေနဲ့ ကွာခြားလိုက်လေခြင်း။ ခါနာန်လူမျိုး ခေါင်းဆောင်တွေအောက်မှာ လူတွေဟာ ရွံရှာဖွယ်ရာ သွေးနီးချင်း အိမ်ထောင်ပြုခြင်း၊ လိင်တူဆက်ဆံခြင်း၊ တိရစ္ဆာန်နဲ့ ကာမစပ်ယှက်ခြင်း၊ ကလေးတွေကို ပူဇော်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုလုပ်ကြတယ်။ (ဝတ်. ၁၈:၆၊ ၂၁-၂၅) ဒီ့အပြင် ဗာဗုလုန်နဲ့ အီဂျစ်ခေါင်းဆောင်တွေဟာ အစ္စရေးလူမျိုးကို ဘုရားပေးခဲ့တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု ပညတ်တွေကို မလိုက်နာကြဘူး။ (တော. ၁၉:၁၃) ဘုရားရဲ့ ရှေးခေတ်လူမျိုးတွေကတော့ ဝတ်ပြုရေး၊ စာရိတ္တရေး၊ ကာယရေးမှာ သန့်ရှင်းဖို့ သစ္စာရှိခေါင်းဆောင်တွေ လုပ်ဆောင်ကြပုံကို မြင်တွေ့ကြရတယ်။ ယေဟောဝါ သူတို့ကို ဦးဆောင်နေမှန်း ထင်ရှားပါတယ်။
၁၄။ ခေါင်းဆောင်တချို့ကို ယေဟောဝါ ဘာကြောင့် ဆုံးမခဲ့ရသလဲ။
၁၄ ရှေးခေတ် ဘုရားလူမျိုးကို အုပ်ချုပ်တဲ့ဘုရင်အားလုံး ဘုရားလမ်းညွှန်ချက်တွေကို လိုက်လျှောက်ကြတာတော့ မဟုတ်ဘူး။ ယေဟောဝါကို မနာခံတဲ့သူတွေက ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်၊ ကောင်းကင်တမန်တွေ၊ ဘုရားစကားတော် လမ်းပြမှုကို လက်မခံကြဘူး။ အခြေအနေတချို့မှာ ယေဟောဝါက အဲဒီခေါင်းဆောင်တွေကို ဆုံးမခဲ့ရတယ်၊ အစားထိုးခဲ့ရတယ်။ (၁ ရာ. ၁၃:၁၃၊ ၁၄) အချိန်တန်တဲ့အခါ လူတွေထက် သာလွန်တဲ့၊ စုံလင်တဲ့ ခေါင်းဆောင်တစ်ဦးကို ခန့်အပ်ပါလိမ့်မယ်။
စုံလင်တဲ့ ခေါင်းဆောင်တစ်ဦးကို ယေဟောဝါ ခန့်အပ်
၁၅။ (က) ထူးခြားတဲ့ ခေါင်းဆောင်တစ်ယောက် ပေါ်လာမယ်လို့ ပရောဖက်တွေ ဘယ်လို ဟောခဲ့ကြသလဲ။ (ခ) ကြိုဟောထားတဲ့ ခေါင်းဆောင်က ဘယ်သူလဲ။
၁၅ မိမိလူမျိုးအတွက် တကယ်ထူးခြားတဲ့၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ခန့်အပ်မယ်လို့ ရာစုနှစ်များစွာ ယေဟောဝါ ကြိုဟောခဲ့တယ်။ ‘သင်၏ဘုရားသခင် ယေဟောဝါသည် သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင့်အဖို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏စကားကို နားထောင်ရမည်’ လို့ အစ္စရေးတွေကို မောရှေ ပြောခဲ့တယ်။ (တရား. ၁၈:၁၅) သူဟာ ‘ခေါင်းဆောင်၊ အမိန့်ပေးသူ’ ဖြစ်လာမယ်လို့ ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၅၅:၄၊ ကဘ) ရောက်လာမယ့် ‘ခေါင်းဆောင်မေရှိယ’ အကြောင်း ရေးသားဖို့ ဒံယေလ လှုံ့ဆော်ခံရတယ်။ (ဒံ. ၉:၂၅၊ ကဘ) နောက်ဆုံးမှာ ယေရှုခရစ်က ကိုယ့်ကိုယ်ကိုယ် ဘုရားလူမျိုးရဲ့ “ခေါင်းဆောင်” အဖြစ် ဖော်ပြခဲ့တယ်။ (မဿဲ ၂၃:၁၀ ကိုဖတ်ပါ။) ယေရှုနောက်ကို တပည့်တွေ လိုလိုလားလား လိုက်ခဲ့ကြတယ်။ ယေဟောဝါ ရွေးချယ်ထားသူ ဖြစ်ကြောင်း အခိုင်အမာ ဆိုခဲ့ကြတယ်။ (ယော. ၆:၆၈၊ ၆၉) မိမိလူမျိုးကို ယေရှုခရစ်ကတစ်ဆင့် ယေဟောဝါ ဦးဆောင်တယ်လို့ ဘာကြောင့် သူတို့ယုံကြည်စိတ်ချခဲ့ကြသလဲ။
၁၆။ ယေရှုကို သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေးကြောင်း ဘာက သက်သေပြသလဲ။
၁၆ သန့်ရှင်းသော စွမ်းအားတော်က ယေရှုကို ခွန်အားပေးခဲ့တယ်။ ယေရှု နှစ်ခြင်းခံချိန်မှာ “ကောင်းကင်ပွင့်လျက် စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်” တာကို နှစ်ခြင်းဆရာ ယောဟန် မြင်တွေ့ခဲ့တယ်။ အဲဒီနောက် ‘စွမ်းအားတော်သည် ယေရှုကို တောသို့ ထွက်သွားစေ’ တယ်။ (မာ. ၁:၁၀-၁၂) ယေရှု မြေကြီးပေါ် အမှုဆောင်ချိန်တစ်လျှောက်မှာ အံ့ဖွယ်အမှုတွေ ပြုလုပ်ဖို့၊ အခွင့်အာဏာရှိရှိ ဟောပြောဖို့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ခွန်အားပေးခဲ့တယ်။ (တ. ၁၀:၃၈) အဲဒီအပြင် မေတ္တာ၊ ရွှင်လန်းမှု၊ ခိုင်မာတဲ့ ယုံကြည်ခြင်း အပါအဝင် စုံလင်တဲ့ အရည်အသွေးတွေကို ယေရှု တင်ပြဖို့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးခဲ့တယ်။ (ယော. ၁၅:၉။ ဟေဗြဲ ၁၂:၂) ဘယ်ခေါင်းဆောင်ကမှ ဒီလိုယုံကြည်စိတ်ချရတဲ့ အထောက်အထားမျိုး မပြနိုင်ကြဘူး။ ယေရှုဟာ ယေဟောဝါ ရွေးချယ်ထားသူပါပဲ။
၁၇။ ယေရှုကို ကူညီဖို့ ကောင်းကင်တမန်တွေ ဘာလုပ်ခဲ့ကြသလဲ။
၁၇ ကောင်းကင်တမန်တွေ ယေရှုကို ကူညီပေးခဲ့ကြတယ်။ ယေရှု နှစ်ခြင်းခံပြီးတာနဲ့ ‘ကောင်းကင်တမန်များ ရောက်လာ၍ ပြုစုကြ’ တယ်။ (မ. ၄:၁၁) မသေဆုံးခင်မှာလည်း ‘ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး အားပေး’ ခဲ့တယ်။ (လု. ၂၂:၄၃) ဘုရားအလိုတော် ပြီးမြောက်ဖို့ လိုအပ်တဲ့အခါတိုင်း ကောင်းကင်တမန်ကို ယေဟောဝါ စေလွှတ်မယ်ဆိုတာ ယေရှု ယုံကြည်တယ်။—မ. ၂၆:၅၃။
၁၈၊ ၁၉။ ယေရှုရဲ့ ဘဝနဲ့ သွန်သင်မှုမှာ ဘုရားစကားတော် ဘယ်လို လမ်းညွှန်ခဲ့သလဲ။
၁၈ ဘုရားစကားတော်က ယေရှုကို လမ်းညွှန်ပေးတယ်။ အမှုဆောင်လုပ်ငန်း စတာနဲ့ ကျမ်းစာရဲ့ လမ်းညွှန်မှု ခံယူခဲ့တယ်။ (မ. ၄:၄) ဒုက္ခသစ်တိုင်မှာ အသေခံတဲ့အထိ ဘုရားစကားတော်ကို နာခံခဲ့တယ်။ မသေဆုံးခင် ပြောခဲ့တဲ့ နောက်ဆုံးစကားတွေမှာ မေရှိယ ပရောဖက်ပြုချက်နဲ့ဆိုင်တဲ့ စကားတွေ ပါဝင်တယ်။ (မ. ၂၇:၄၆။ လု. ၂၃:၄၆) အဲဒီအချိန်တုန်းက ဘာသာရေးခေါင်းဆောင်တွေကတော့ ကိုယ်ပိုင်ထုံးတမ်းစဉ်လာတွေနဲ့ ဆန့်ကျင်တယ်ဆိုရင် ဘုရားစကားတော်ကို ပစ်ပယ်လိုက်ကြတယ်။ ပရောဖက် ဟေရှာယစကားကို ကိုးကားပြီး သူတို့အကြောင်း ယေရှု ဒီလိုပြောခဲ့တယ်– “ဤလူမျိုးသည် နှုတ်ဖြင့်သာ ငါ့ကို ရိုသေကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ သူတို့သည် လူတို့၏အယူဝါဒများကို သွန်သင်သောကြောင့် ငါ့ကို ကိုးကွယ်နေခြင်းမှာ အချည်းနှီးသာဖြစ်၏။” (မ. ၁၅:၇-၉) မိမိလူမျိုးကို ဦးဆောင်ဖို့ ဒီလိုလူတွေကို ယေဟောဝါ ရွေးချယ်ပါ့မလား။
၁၉ ယေရှုဟာ လုပ်ရပ်မှာသာမက သွန်သင်ချက်မှာပါ ဘုရားစကားတော်ရဲ့ လမ်းညွှန်မှု ခံယူခဲ့တယ်။ ဘာသာရေး အငြင်းပွားမှုတွေ ကြုံရတဲ့အခါ ကိုယ်ပိုင်ဉာဏ်ပညာ၊ အတွေ့အကြုံကို အားမကိုးခဲ့ဘူး။ ကျမ်းစာကိုပဲ စွဲကိုင်ခဲ့တယ်။ (မ. ၂၂:၃၃-၄၀) သူ့ရဲ့ ကောင်းကင်အသက်တာ အတွေ့အကြုံတွေ၊ စကြဝဠာ ဖန်ဆင်းခြင်းအကြောင်းတွေ ပြောပြီး ပရိသတ်တွေကို ဆွဲဆောင်မယ့်အစား “ကျမ်းစာ၏အနက်ကို အပြည့်အဝ နားလည်စေရန် သူတို့၏အသိဉာဏ်ကို ဖွင့်” ပေးခဲ့တယ်။ (လု. ၂၄:၃၂၊ ၄၅) ယေရှုဟာ ဘုရားစကားတော်ကို နှစ်သက်မြတ်နိုးပြီး တခြားသူတွေကို ပြောပြဖို့ စိတ်အားထက်သန်ခဲ့တယ်။
၂၀။ (က) ဘုရားသခင်ကို ယေရှု ဘယ်လို ဂုဏ်တင်ခဲ့သလဲ။ (ခ) ယေရှုနဲ့ ဟေရုဒ် အဂရိပ္ပမင်း ဘယ်လို ကွာခြားသလဲ။
၂၀ “နှစ်လို့ဖွယ် နှုတ်တော်ထွက်စကား” ကြောင့် ယေရှုကို လူတွေ အံ့ဩချီးမွမ်းကြပေမဲ့ ယေရှုကတော့ မိမိရဲ့ဆရာ ယေဟောဝါကိုပဲ ဂုဏ်တင်ခဲ့တယ်။ (လု. ၄:၂၂) လူချမ်းသာတစ်ယောက်က ယေရှုကို “ကောင်းမြတ်သောဆရာ” လို့ ချီးမွမ်းခဲ့ပေမဲ့ ယေရှုကတော့ “ငါ့ကို ကောင်းမြတ်သောသူဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမြတ်သောသူ တစ်စုံတစ်ဦးမျှ မရှိ” လို့ နှိမ့်ချစွာ ပြန်ပြောခဲ့တယ်။ (မာ. ၁၀:၁၇၊ ၁၈) နောက်ရှစ်နှစ်လောက်အကြာမှာ ယုဒပြည်ရဲ့ ခေါင်းဆောင်၊ ဘုရင် ဖြစ်လာတဲ့ ဟေရုဒ် အဂရိပ္ပမင်းနဲ့ ကွာခြားလိုက်လေခြင်း။ သံတမန် အစည်းအဝေးတစ်ခုမှာ ဟေရုဒ်ဟာ “မင်းမြောက်တန်ဆာ” ဝတ်ဆင်ထားတယ်။ သူ့ကို ကြည်ညိုလေးစားတဲ့လူအုပ်က “ဤအသံသည် လူ၏အသံ မဟုတ်၊ ဘုရား၏အသံ ဖြစ်သည်” လို့ကြွေးကြော်ကြတယ်။ ချီးမွမ်းခံရတာကို ဟေရုဒ် သဘောကျခဲ့တယ်။ သူ ဘာဖြစ်သွားသလဲ။ “ဘုရားသခင်၏ ဘုန်းတော်ကို မချီးမွမ်းသောကြောင့် ယေဟောဝါဘုရား၏ ကောင်းကင်တမန်က ချက်ချင်း ဒဏ်ခတ်သဖြင့် ပိုးစား၍ ကွယ်လွန်” ခဲ့တယ်။ (တ. ၁၂:၂၁-၂၃) မှန်မှန်ကန်ကန် ရှုမြင်တတ်တဲ့ လေ့လာသူတွေကတော့ ဟေရုဒ်ကို ခေါင်းဆောင်အဖြစ် ယေဟောဝါ မရွေးချယ်ဘူးလို့ ကောက်ချက်ချမှာပဲ။ ယေရှုကတော့ ဘုရားသခင် ခန့်အပ်ထားသူဖြစ်ကြောင်း ယုံကြည်စိတ်ချရတဲ့ အထောက်အထား တင်ပြခဲ့တယ်။ ယေဟောဝါကို မိမိလူမျိုးရဲ့ အကြီးမြတ်ဆုံး ခေါင်းဆောင်အဖြစ် အမြဲတမ်း ဂုဏ်တင်ခဲ့တယ်။
၂၁။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
၂၁ ယေရှုရဲ့ ခေါင်းဆောင်မှုဟာ နှစ်အနည်းငယ်အတွက်ပဲ မဟုတ်ဘူး။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။ . . . ငါသည်လည်း ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်” လို့ပြောခဲ့တယ်။ (မ. ၂၈:၁၈-၂၀) ဒါပေမဲ့ ကောင်းကင်မှာ မမြင်နိုင်တဲ့နာမ်ဝိညာဉ်သား ယေရှုက မြေကြီးပေါ်မှာရှိတဲ့ ဘုရားလူမျိုးကို ဘယ်လို ဦးဆောင်မလဲ။ ယေရှုရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ဆောင်ဖို့၊ မိမိလူမျိုးကို ဦးဆောင်ဖို့ ဘယ်သူ့ကို ယေဟောဝါ အသုံးပြုမလဲ။ ဘုရားရဲ့ ကိုယ်စားလှယ်တွေကို ခရစ်ယာန်တွေ ဘယ်လို ခွဲခြားသိမြင်နိုင်မလဲ။ နောက်ဆောင်းပါးမှာ ဒီမေးခွန်းတွေရဲ့ အဖြေကို ဆွေးနွေးသုံးသပ်ကြပါမယ်။
a ဒီမှတ်တမ်းဟာ မောရှေရေးခဲ့တဲ့ မူရင်းမှတ်တမ်း ဖြစ်နိုင်တယ်။