သင် သိပါသလား
ဂျေရုဆလင် ဗိမာန်တော်မှာ တိရစ္ဆာန်ရောင်းတဲ့ ကုန်သည်တွေကို “ဓားပြ” လို့ခေါ်တာ သင့်လျော်ပါသလား။
မဿဲခရစ်ဝင်ကျမ်း မှတ်တမ်းအရ “ယေရှုက ဗိမာန်တော်ထဲ ဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေသူတွေကို မောင်းထုတ်လိုက်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံတွေကို မှောက်လှန်ပစ်တယ်။ ပြီးတော့ ‘“ငါ့အိမ်ကို ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်” ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့ကတော့ ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ’ လို့ပြောတယ်။”—မ. ၂၁:၁၂၊ ၁၃။
ဂျူးသမိုင်းမှတ်တမ်းတွေအရ ဗိမာန်တော်ကုန်သည်တွေ မတန်တဆ ဈေးတင်ရောင်းခြင်းအားဖြင့် ဝယ်သူတွေကို အမြတ်ထုတ်နေကြတယ်။ ဥပမာ၊ မစ်ရှ်နာ (ကေရီတွတ် ၁:၇) မှာ ပူဇော်မယ့် ခိုနှစ်ကောင်ကို ရွှေဒင်္ဂါးတစ်ပြားအထိ ဈေးတင်ရောင်းကြတဲ့ အေဒီ ပထမရာစု အဖြစ်အပျက်တစ်ခုကို ဖော်ပြထားတယ်။ အဲဒါ သာမန်အလုပ်သမားရဲ့ ၂၅ ရက်စာ လုပ်ခနဲ့ ညီမျှတယ်။ ချိုးငှက်၊ ခိုငှက်တွေကို ဆင်းရဲသားတွေ ပူဇော်လို့ရတယ်။ ဒါပေမဲ့ ဈေးကြီးလွန်းလို့ အဲဒီငှက်တွေကိုတောင် မဝယ်နိုင်ကြတော့ဘူး။ (ဝတ်. ၁:၁၄။ ၅:၇။ ၁၂:၆-၈) ဒီအခြေအနေကို ရဗ္ဗိ ဆီမွန် ဘင် ဂါမလီအယ် ဒေါသထွက်ပြီး ပူဇော်သကာစာရင်းကို လျှော့ချခဲ့တယ်။ အဲဒီတော့မှပဲ ချိုးငှက်နှစ်ကောင်ရဲ့ တန်ဖိုးဟာ အဆတစ်ရာလောက် ချက်ချင်း ကျသွားတယ်။
အထက်ပါအချက်တွေအရ ဗိမာန်တော်ကုန်သည်တွေရဲ့ အမြတ်ထုတ်မှု၊ လောဘကြီးမှုကြောင့် သူတို့ကို “ဓားပြ” လို့ ယေရှု ခေါ်တာ သင့်လျော်ပါတယ်။