မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါကို လမ်းညွှန်ခွင့်ပြုခြင်း

ယေဟောဝါကို လမ်းညွှန်ခွင့်ပြုခြင်း

အသက် ၁၆ နှစ်မှာ ကျွန်တော် သိပ်ကြိုက်တဲ့ လောက​အလုပ်​တစ်ခု ရွေးခဲ့တယ်။ ကိုယ့်လမ်းကိုယ် လျှောက်မယ်ပေါ့။ ဒါပေမဲ့ နောက်တစ်လမ်းကို ယေဟောဝါ ရွေးပေးတယ်။ “မင်း​ကို ငါ ထိုးထွင်းဉာဏ် ရှိစေမယ်၊ သွားသင့်တဲ့လမ်းကို ညွှန်ပြပေးမယ်” လို့ ပြောလိုက်သလိုပါပဲ။ (ဆာ. ၃၂:၈) ယေဟောဝါကို လမ်းညွှန်ခွင့် ပြုလို့ အသက်တာကို အမှုတော်မှာ အသုံးပြုနိုင်​ခဲ့တယ်။ အာဖရိက​မှာ အမှုဆောင်ခဲ့တဲ့ ၅၂ နှစ် အပါအဝင် အခွင့်ထူးနဲ့ ကောင်းချီး အများကြီး ရခဲ့တယ်။

တိမ်မည်းဒေသမှ အာဖရိကရဲ့ အသည်းနှလုံးဆီသို့

၁၉၃၅၊ အင်္ဂလန်​နိုင်ငံ၊ တိမ်မည်းဒေသထဲက ဒါလက်စတန်မြို့မှာ ကျွန်တော် မွေးလာတယ်။ စက်ရုံ၊ အလုပ်ရုံတွေက ထွက်တဲ့ မီးခိုးငွေ့ မည်းမည်းတွေကြောင့် အဲဒီ​ဒေသ​ကို တိမ်မည်းဒေသလို့ ခေါ်ကြတာ။ ကျွန်တော် အသက် လေးနှစ်​လောက်​မှာ ယေဟောဝါ​သက်သေတွေ​နဲ့ မိဘတွေ ကျမ်းစာ စလေ့လာကြတယ်။ အသက် ၁၄၊ ၁၅ နှစ်လောက်မှာ ဒါ အမှန်တရား​ပဲ​ဆိုတာ သေချာ​သွားပြီး ၁၉၅၂၊ အသက် ၁၆ နှစ်မှာ နှစ်ခြင်းခံလိုက်တယ်။

အဲဒီအချိန်​လောက်​မှာ​ပဲ စက်တပ်ယာဉ် ပစ္စည်းတွေ ထုတ်လုပ်​တဲ့ စက်ရုံကြီးတစ်ခုမှာ အလုပ်သင်​အဖြစ် အလုပ်စဝင်တယ်။ ကုမ္ပဏီ အတွင်းရေးမှူး​အဖြစ် လေ့ကျင့်ခံရတယ်။ ဒီအလုပ်ကို ကျွန်တော် သိပ်ကြိုက်တယ်။

ဝီလန်ဟောမြို့ အသင်းတော် ကြားရက် စာအုပ်ကြီး​သင်တန်း ကိုင်ဖို့ နယ်လှည့်​ကြီးကြပ်မှူး ဖိတ်ခေါ်ချိန်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချခဲ့ရတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒီတုန်းက အသင်းတော် နှစ်ခု​နဲ့ ကျွန်တော် ပူးပေါင်းနေတာ။ ကြားရက်ဆိုရင် အလုပ်နဲ့ နီးတဲ့ ဘရမ်ဂရို့မြို့​က အသင်းတော်မှာ တက်တယ်။ အိမ်နဲ့ မိုင် ၂၀ (၃၂ ကီလိုမီတာ) လောက် ဝေးတယ်။ စနေ၊ တနင်္ဂနွေနေ့တွေဆိုရင်တော့ မိဘအိမ် ပြန်ပြီး ဝီလန်ဟောမြို့မှာ အစည်းအဝေး တက်တယ်။

ယေဟောဝါရဲ့ အဖွဲ့အစည်း​ကို ထောက်မချင်စိတ်ကြောင့် နယ်လှည့်ကြီးကြပ်မှူးရဲ့ ဖိတ်ခေါ်ချက်​ကို လက်ခံ​လိုက်တယ်။ သိပ်ကြိုက်တဲ့ အလုပ်တော့ ထွက်လိုက်ရတာပေါ့။ ဒီကိစ္စမှာ ယေဟောဝါကို လမ်းညွှန်ခွင့် ပြုလိုက်လို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်တဲ့ ဘဝ​ရဖို့ လမ်းပွင့်သွားတယ်။

ဘရမ်ဂရို့မြို့ အသင်းတော်မှာ တက်တုန်းက ဘုရားကို ချစ်ပြီး သိပ်လှတဲ့ ညီအစ်မ အန်းနဲ့ ဆုံတယ်။ ၁၉၅၇ မှာ ကျွန်တော်တို့ လက်ထပ်​လိုက်ကြတယ်။ မှန်မှန်ရှေ့ဆောင်၊ အထူးရှေ့ဆောင်၊ နယ်လှည့်လုပ်ငန်း၊ ဗေသလ​လုပ်ငန်းတွေ​မှာ အတူအမှုဆောင်ခွင့် ရခဲ့တယ်။ အန်းကြောင့် ကျွန်တော် သိပ်ပျော်ခဲ့ရတယ်။

၁၉၆၆ မှာ ၄၂ ကြိမ်မြောက် ဂိလဒ်ကျောင်း တက်ခွင့်ရလို့ စိတ်လှုပ်ရှားခဲ့ကြတယ်။ မာလာဝီ​နိုင်ငံမှာ တာဝန်ကျတယ်။ ဖော်ရွေကြင်နာတတ်တဲ့ လူတွေကြောင့် အာဖရိကရဲ့ အသည်းနှလုံး​လို့ လူသိများတဲ့ နိုင်ငံ​ပေါ့။ အဲဒီမှာ သိပ်ကြာကြာ နေ​ရမှာ မဟုတ်မှန်း အဲဒီတုန်းကတော့ မသိသေးဘူး။

မာလာဝီ​မှာ အမှုဆောင်ခြင်း

မာလာဝီ နယ်လှည့်လုပ်ငန်းမှာ သုံးတဲ့ ကိုင်ဇာဂျစ်ကား

၁၉၆၇၊ ဖေဖော်ဝါရီ ၁ မှာ မာလာဝီ​ကို ရောက်လာ​တယ်။ တစ်လ​လုံးလုံး ဘာသာစကား သင်တန်း တက်ပြီးနောက် ခရိုင်​လုပ်ငန်း စကြတယ်။ မြစ်​ထဲ​မှာ​တောင် မောင်းနိုင်တယ်လို့ လူသိများတဲ့ ကိုင်ဇာဂျစ်ကားနဲ့ သွားကြတယ်။ တကယ်တမ်း ရေတိမ်ပိုင်းလောက်မှာပဲ မောင်းနိုင်တာ​ပါ။ တစ်ခါတလေ မိုးတွင်းတွေဆိုရင် ရွှံ့နဲ့ မံထားတဲ့ တဲတွေမှာ နေ​ရတယ်။ ရေမယိုအောင် ခေါင်မိုးအောက်မှာ တာလပတ် ကာထားရတယ်။ အဲဒါ သာသနာပြုဘဝ အစ​ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ သိပ်ပျော်ကြတယ်။

ဧပြီလရောက်တော့ တိုင်းပြည်​မှာ ပြဿနာ တက်တော့မယ်ဆိုတာ သတိထား​မိတယ်။ သမ္မတ ဒေါက်တာ ဟက်စတင်း ဘန်ဒါ ရေဒီယို​ကနေ မိန့်ခွန်းပြောတယ်။ ယေဟောဝါ​သက်သေတွေ အခွန် မပေးဘူး၊ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရှုပ်တယ်လို့ စွပ်စွဲတယ်။ အဲဒီစွပ်စွဲချက်တွေ မမှန်ပါဘူး။ အဓိက ပြဿနာ​က ကြားနေမှုကြောင့်၊ နိုင်ငံရေး ပါတီကတ်တွေ မဝယ်တဲ့အတွက်ကြောင့်ပဲဆိုတာ ကျွန်တော်တို့ သိတယ်။

ညီအစ်ကိုတွေကြောင့် နေရာတိုင်းမှာ ပြဿနာ ဖြစ်နေတာဆိုတဲ့ သမ္မတ စွပ်စွဲချက် စက်တင်ဘာလ သတင်းစာမှာ ပါလာတယ်။ ယေဟောဝါ​သက်သေတွေကို ပိတ်ပင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အစိုးရ​အဖွဲ့ အမြန် အကောင်အထည် ဖော်တော့မယ်လို့ နိုင်ငံရေး အစည်းအဝေး​တစ်ခု​မှာ သမ္မတ ကြေညာ​သွားတယ်။ ၁၉၆၇၊ အောက်တိုဘာ ၂၀ မှာ ပိတ်ပင်မှု စတယ်။ မကြာခင်​မှာ​ပဲ ရဲအရာရှိတွေ၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေ ဌာနခွဲ​ကို ရောက်လာပြီး ပိတ်လိုက်တယ်။ သာသနာပြုတွေကိုလည်း နယ်နှင်လိုက်တယ်။

၁၉၆၇ တုန်းက သာသနာပြု ဂျက်၊ လင်ဒါ ဂျိုဟန်စန်​နဲ့​အတူ အဖမ်းခံ​ရပြီး မာလာဝီ​ကနေ နယ်နှင်ခံရစဉ်

ထောင်ထဲမှာ သုံးရက် နေရပြီးနောက် ဗြိတိန် လက်အောက်ခံ မော်ရစ်ရှ​ကို ကျွန်တော်တို့ နယ်နှင်ခံ​ရတယ်။ မော်ရစ်ရှ​မှာ ရှိတဲ့ အာဏာပိုင်တွေ​လည်း သာသနာပြုတွေကို နေခွင့်မပြုဘူး။ ဒါကြောင့် ရိုဒီးရှား (အခု ဇင်ဘာဘွေ) မှာ တာဝန်ကျတယ်။ အဲဒီကိုရောက်တော့ တော်တော်ဆိုးတဲ့ လူဝင်မှု ကြီးကြပ်ရေး အရာရှိ​နဲ့ တွေ့တယ်။ သူက ပြည်ဝင်ခွင့် မပေးတဲ့​အပြင် “ခင်ဗျားတို့က မာလာဝီ​ကနေ နယ်နင်ခံရသူတွေ။ မော်ရစ်ရှ​မှာလည်း နေခွင့်မရဘူး။ အခုတော့ ဒီ​မှာ အနေချောင်မှာပဲဆိုပြီး ရောက်လာကြပြန်ပြီ” လို့ ပြောတယ်။ အန်းခမျာ ငိုတော့တာပေါ့။ ကျွန်တော်တို့ကို ဘယ်သူမှ မကြိုက်ကြပုံပဲ။ အဲဒီ​တဒင်္ဂ​မှာတော့ အင်္ဂလန်​ကို ချက်ချင်းသာ ပြန်သွားလိုက်ချင်တာ။ နောက်ဆုံးတော့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက ဌာနခွဲရုံး​မှာ တစ်ည နေခွင့် ပေးတယ်။ နောက်တစ်နေ့မှာ သူတို့​ရုံးချုပ်​ကို သတင်းပို့​ပါတဲ့။ ကျွန်တော်တို့ တော်တော် မောပန်းနေပြီ။ ဒါပေမဲ့ ယေဟောဝါ​လက်ထဲ အားလုံး ပုံအပ်ထားလိုက်တယ်။ နောက်တစ်နေ့ နေ့လယ်ရောက်တော့ ဇင်ဘာဘွေ​မှာ ဧည့်သည်အဖြစ် မမျှော်လင့်ဘဲ နေခွင့် ရသွားတယ်။ အဲဒီ​နေ့​က ခံစားချက်ကို တစ်သက်လုံး မေ့မှာ မဟုတ်ဘူး။ ယေဟောဝါ လမ်းညွှန်​နေတယ်ဆိုတာ စိတ်ချသွားတယ်။

မာလာဝီ​ကနေ ဇင်ဘာဘွေ​မှာ တာဝန်သစ်

၁၉၆၈၊ ဇင်ဘာဘွေ ဗေသလမှာ အန်းနဲ့​အတူ

ဇင်ဘာဘွေ ဌာနခွဲ၊ လုပ်ငန်းတော် ဌာနမှာ အမှုဆောင်​ရတယ်။ မာလာဝီ​နဲ့ မိုဇမ်ဘစ်​ကို ကြီးကြပ်ပေးရတယ်။ မာလာဝီ​မှာ ရှိတဲ့ ညီအစ်ကိုတွေ အပြင်းအထန် နှိပ်စက်ခံနေရတယ်။ ကျွန်တော့် တာဝန်​ထဲ​မှာ မာလာဝီ တိုက်နယ်​ကြီးကြပ်မှူးတွေ ပို့တဲ့ မှတ်တမ်းတွေကို ဘာသာပြန်ပေးရတာလည်း ပါတယ်။ တစ်ည​နေ​မှာ မှတ်တမ်း​တစ်ခု အပြီးသတ်​နေတုန်း ညီအစ်ကို/မတွေ ကြုံရတဲ့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ဖတ်​လိုက်ရ​လို့ ငိုမိတယ်။ a သူတို့ရဲ့ သစ္စာ၊ ယုံကြည်ခြင်း၊ ခံနိုင်ရည်ကြောင့် တော်တော် စိတ်ထိမိ​သွားတယ်။—၂ ကော. ၆:၄၊ ၅

မာလာဝီ​မှာ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေ၊ အကြမ်းဖက် မခံရအောင် မိုဇမ်ဘစ်​ကို ပြေးလာတဲ့ ညီအစ်ကိုတွေ ကျမ်းစာ​အကြောင်းအရာတွေ ရနိုင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ မာလာဝီ​ရဲ့ လူ​ပြော အများဆုံး ချီချေဝါ ဘာသာစကား​နဲ့ ဘာသာပြန်​အဖွဲ့ကို ဇင်ဘာဘွေ​က ညီအစ်ကို​တစ်ယောက်​ရဲ့ ခြံကြီးထဲမှာ ပြန်ဖွဲ့စည်းကြတယ်။ ဘာသာပြန်တွေအတွက် အိမ်နဲ့ ရုံးခန်း​ကို အဲဒီညီအစ်ကို ဆောက်ပေးတယ်။ ကျမ်းစာ စာပေတွေ ဘာသာပြန်​တဲ့ အရေးကြီး​လုပ်ငန်းကို အဲဒီမှာ ဆက်လုပ်ဆောင်ကြတယ်။

မာလာဝီ​က တိုက်နယ်​ကြီးကြပ်မှူးတွေ နှစ်တိုင်း ဇင်ဘာဘွေ​မှာ ချီချေဝါ ခရိုင်​အစည်းအဝေး တက်နိုင်ဖို့ ကျွန်တော်တို့ စီစဉ်​ပေးတယ်။ အဲဒီ​ကို ရောက်မှ သူတို့ ဟောပြောချက် အောက်လိုင်းတွေ ရကြတာ။ မာလာဝီ​ကို ပြန်ရောက်တဲ့အခါ အစည်းအဝေးတွေမှာ ညီအစ်ကို/မတွေကို အဲဒီ​အကြောင်းအရာတွေ အတတ်နိုင်ဆုံး ပြန်ဝေမျှကြတယ်။ သတ္တိ​ရှိတဲ့ တိုက်နယ်​ကြီးကြပ်မှူးတွေ ဇင်ဘာဘွေ​ကို လာတဲ့ တစ်နှစ်​မှာတော့ နိုင်ငံတော် ဓမ္မအမှုကျောင်း စီစဉ်​ပေးတယ်။

ဇင်ဘာဘွေ​နိုင်ငံ၊ ချီချေဝါ/ရှိုနာ ခရိုင်​အစည်းအဝေး​မှာ ကျွန်တော် ချီချေဝါ​စကားနဲ့ ဟောပြောချက် ပေးနေစဉ်

၁၉၇၅၊ ဖေဖော်ဝါရီ​လမှာ မိုဇမ်ဘစ် ဒုက္ခသည်​စခန်း​ကို ပြေးလာတဲ့ မာလာဝီ သက်သေခံတွေဆီ ကျွန်တော် သွားလည်ပတ်တယ်။ အကြီးအကဲအဖွဲ့ ဖွဲ့စည်း​တဲ့ အစီအစဉ်သစ် အပါအဝင် အဖွဲ့အစည်း​ရဲ့ နောက်ဆုံး​လမ်းညွှန်ချက်တွေ​အတိုင်း သူတို့ လိုက်နေ​ကြတယ်။ အကြီးအကဲ​သစ်တွေ​က လူထု​ဟောပြောချက် ပေးတာ၊ နေ့စဉ်​ကျမ်းချက်​နဲ့ ကင်းမျှော်စင် ဆွေးနွေးတာ၊ တိုက်နယ်​အစည်းအဝေး ကျင်းပတာ စတဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေကို စီစဉ်ပေးကြတယ်။ ဒုက္ခသည်​စခန်း​ကို စီစဉ်​ဖွဲ့စည်း​ထားတာ အစည်းအဝေးကြီး ကျနေတာပဲ။ သန့်ရှင်းရေးဌာန၊ အစားအစာဝေတဲ့ ဌာန၊ လုံခြုံရေးဌာန​နဲ့။ အဲဒီ​သစ္စာရှိ ညီအစ်ကိုတွေ​ဟာ ယေဟောဝါရဲ့ ကောင်းချီးကြောင့် များစွာ ပြီးမြောက်နေကြတယ်။ သူတို့ဆီ လည်ပတ်ပြီး ကျွန်တော် သိပ်အားရှိသွားတယ်။

၁၉၇၉ ဝန်းကျင်​လောက်​မှာ ဇမ်ဘီယာ ဌာနခွဲ​က မာလာဝီ​ကို စကြီးကြပ်ပေးတယ်။ ဒါပေမဲ့ ကျွန်တော့်​စိတ်ထဲ​မှာတော့ မာလာဝီ​က ညီအစ်ကိုတွေ ရှိနေတုန်းပဲ။ သူတို့အတွက် ဆုတောင်းပေးနေတုန်းပဲ။ မာလာဝီ၊ တောင်​အာဖရိက၊ ဇမ်ဘီယာ​က တာဝန်ရှိ ညီအစ်ကိုတွေ​နဲ့​အတူ ကျွန်တော်လည်း ဇင်ဘာဘွေ ဌာနခွဲ ကော်မတီဝင်​အဖြစ် ဌာနချုပ် ကိုယ်စားလှယ်တွေနဲ့ မကြာမကြာ တွေ့ဖြစ်တယ်။ သူတို့နဲ့ တွေ့တိုင်း “မာလာဝီ​က ညီအစ်ကိုတွေ​အတွက် ဘာလုပ်ပေးနိုင်ဦးမလဲ” ဆိုတာပဲ ဆွေးနွေးဖြစ်ကြတယ်။

အချိန်တွေ ကြာတော့ နှိပ်စက်​ညှဉ်းပန်းမှု အရှိန်လျော့လာတယ်။ ထွက်ပြေးသွားသူတွေ မာလာဝီ​ကို တဖြည်းဖြည်း ပြန်လာ​ကြတယ်။ တိုင်းပြည်​ထဲ ကျန်ရစ်သူတွေလည်း သိပ်နှိပ်စက်မခံရတော့ဘူး။ အနီးအနား တိုင်းပြည်တွေမှာ ယေဟောဝါရဲ့ လူမျိုးကို တရားဝင် အသိအမှတ်ပြု​လာပြီး ကန့်သတ်မှုတွေ လျှော့ပေးလာတယ်။ ၁၉၉၁၊ မိုဇမ်ဘစ်​မှာလည်း အဲဒီလို ဖြစ်လာတယ်။ “မာလာဝီ​က ယေဟောဝါ​သက်သေတွေ​ကော ဘယ်တော့ လွတ်လပ်မှာလဲ” လို့ တွေးမိတယ်။

မာလာဝီ​ကို ပြန်သွား

မာလာဝီ​ရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲ​လာတယ်။ ၁၉၉၃ မှာ အစိုးရ​က ယေဟောဝါ​သက်သေတွေကို ပိတ်ပင်​ထားတာ ရုပ်သိမ်း​လိုက်တယ်။ မကြာခင် သာသနာပြု​တစ်ယောက်က “မာလာဝီ​ကို ပြန်သွားမှာလား” လို့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော် အသက် ၅၉ နှစ် ရှိနေပြီ။ “မသွားတော့ဘူး။ တော်တော် အသက်ကြီးနေပြီ” လို့ ပြန်ဖြေ​လိုက်တယ်။ ဒါပေမဲ့ ပြန်သွားဖို့ ကမ်းလှမ်းတဲ့ စာ​ကို အဲဒီ​နေ့မှာပဲ အုပ်ချုပ်ရေးအဖွဲ့ဆီက ရလိုက်တယ်။

ဇင်ဘာဘွေ​မှာ အမှုဆောင်ရတာ ပျော်နေပြီမို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အခြေတကျ ဖြစ်နေပြီ။ မိတ်ဆွေကောင်းတွေ ရှိနေပြီ။ တာဝန် မပြောင်းချင်ရင်လည်း ဇင်ဘာဘွေ​မှာ ဆက်နေ​လို့ ရပါတယ်ဆိုပြီး အုပ်ချုပ်ရေး​အဖွဲ့ ပြောတယ်။ ဒါကြောင့် ဇင်ဘာဘွေ​မှာ​ပဲ ဆက်နေ​ဖို့ လွယ်လွယ်လေး ဆုံးဖြတ်လိုက်လို့ ရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို နာခံပြီး အသက်ကြီးမှ ကိုယ့်အိုးအိမ်ကို စွန့်ခဲ့တဲ့ အာဗြဟံ​နဲ့ စာရာတို့အကြောင်း စဉ်းစားမိတယ်။—က. ၁၂:၁-၅

ယေဟောဝါ​အဖွဲ့အစည်း​ရဲ့ လမ်းညွှန်ချက်​အတိုင်း လိုက်ဖို့ ဆုံးဖြတ်ပြီး ၁၉၉၅၊ ဖေဖော်ဝါရီ ၁ ရက်မှာ မာလာဝီ​ကို ပြန်သွားလိုက်တယ်။ အဲဒါ မာလာဝီ​ကို စရောက်ပြီး ၂၈ နှစ်တိတိ ပြည့်တဲ့နေ့ပဲ။ ကျွန်တော်၊ နောက်ညီအစ်ကို နှစ်ယောက်​နဲ့ ဌာနခွဲ ကော်မတီ ဖွဲ့စည်း​လိုက်တယ်။ မကြာခင်​မှာ​ပဲ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း ပြန်စကြတယ်။

ယေဟောဝါ ကြီးထွားစေ

လုပ်ငန်းကို ယေဟောဝါ အလျင်အမြန် ကြီးထွားစေတာ မြင်ရတာ တကယ့်ကောင်းချီးပါပဲ။ ၁၉၉၃ တုန်းက ကြေညာသူ အရေအတွက် ၃၀,၀၀၀ လောက်​ကနေ ၁၉၉၈ မှာ ၄၂,၀၀၀ ကျော် တိုးတက်သွားတယ်။ b တိုးတက်လာတဲ့ လုပ်ငန်း လိုအပ်ချက်​အရ ဌာနခွဲရုံး အသစ် ဆောက်လုပ်​ဖို့ အုပ်ချုပ်ရေး​အဖွဲ့ သဘောတူလိုက်တယ်။ လီလောင်ဝေးမြို့မှာ မြေဧက ၃၀ ဝယ်လိုက်တယ်။ ဆောက်လုပ်ရေး ကော်မတီ​မှာ လုပ်ဖို့ ကျွန်တော် တာဝန်ရတယ်။

၂၀၀၁၊ မေလမှာ အဆောက်အအုံသစ် ဆက်ကပ်အပ်နှံပွဲ ဟောပြောချက်ကို အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို ဂိုင်းပီးယပ်စ် ပေးတယ်။ ဒေသခံ သက်သေခံ ၂၀၀၀ ကျော် တက်ရောက်​ကြတယ်။ သူတို့ထဲက အများစုဟာ နှစ်ခြင်းခံထားတာ နှစ် ၄၀ ကျော် ရှိပြီ။ အဲဒီ​သစ္စာရှိ ညီအစ်ကို/မတွေဟာ ပိတ်ပင်မှုအောက်မှာ အကြီးအကျယ် နှိပ်စက်ခံခဲ့ရတာ။ ဆင်းရဲကြပေမဲ့ ဘုရားရေးရာ​မှာတော့ သိပ်ချမ်းသာကြတယ်။ အခုတော့ ဗေသလ​အိမ်သစ်​ကို လည်ပတ်ကြည့်ရှုခွင့် ရလို့ ဝမ်းသာနေကြတယ်။ ဘယ်နားသွားသွား နိုင်ငံတော်​သီချင်းကို အာဖရိက​စတိုင်​နဲ့ သံပြိုင်ဆိုညည်းရင်း သွားကြတာ အစီအစဉ်​တစ်ခုလုံး​မှာ စိတ်ကြည်နူးစရာ အကောင်းဆုံး​အပိုင်း​ပါပဲ။ အခက်အခဲတွေကို သစ္စာရှိရှိ ခံရပ်​သူတွေကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးတယ်​ဆိုတဲ့ သက်ရှိ သက်သေတွေ​ပါပဲ။

ဌာနခွဲ ဆောက်လုပ်ရေး ပြီးသွားတော့ နိုင်ငံတော်​ခန်းမ ဆက်ကပ်အပ်နှံပွဲတွေအတွက် ကျွန်တော် တာဝန်ဆက်ရလို့ ဝမ်းသာရတယ်။ မာလာဝီ​နိုင်ငံ​က အသင်းတော်တွေဟာ ဆင်းရဲ​တဲ့ နိုင်ငံတွေအတွက် နိုင်ငံတော်​ခန်းမ ဆောက်ပေးတဲ့ အဖွဲ့အစည်း အစီအစဉ်​ကနေ အကျိုးရကြတယ်။ အရင်က အသင်းတော်​တချို့ဟာ ယူကလစ်ပင်​နဲ့ ဆောက်ထားတဲ့ တဲတွေမှာ စည်းဝေးကြတာ။ ကျူမြက်ဖျာတွေကို ခေါင်မိုးမိုးပြီး ရွှံ့စေး​နဲ့ ခုံတန်းရှည်တွေ လုပ်ကြ​ရတယ်။ အခုတော့ လှပတဲ့ ခန်းမ​သစ်တွေ ဆောက်ဖို့ အုတ်ဖိုမှာ ညီအစ်ကိုတွေ တက်တက်ကြွကြွ အုတ်ဖုတ်နေကြပြီ။ ဒါပေမဲ့ ခုံတန်းရှည်တွေကိုတော့ ကြိုက်နေကြတုန်းပဲ။ “ခုံတန်းရှည်ပေါ်မှာဆိုရင် နောက်တစ်ယောက်လောက်တော့ အမြဲ ကပ်ထိုင်လို့ ရပါတယ်” ဆိုတဲ့ ဆိုရိုးစကား ရှိတာကိုး။

ဘုရားရေးရာဘက် ရင့်ကျက်လာအောင် ညီအစ်ကိုတွေကို ယေဟောဝါ ကူညီပေးတာလည်း ကျွန်တော် မြင်ခွင့်ရတယ်။ အထူးသဖြင့် လူငယ် ညီအစ်ကိုတွေ​ဟာ ဘုရား​အဖွဲ့အစည်း​ရဲ့ လေ့ကျင့်မှုကနေ မြန်မြန်ဆန်ဆန် သင်ယူ​တတ်မြောက်​လာပြီး လိုလိုလားလား အသုံးတော်ခံကြတာ သိပ်အထင်ကြီးလေးစားဖို့ ကောင်းတယ်။ ဗေသလ​နဲ့ အသင်းတော်တွေမှာ တာဝန်ကြီးတွေ ထမ်းဆောင်နေကြတယ်။ အသစ်ခန့်အပ်ခံရတဲ့ ဒေသခံ တိုက်နယ်ကြီးကြပ်မှူးတွေကြောင့် အသင်းတော်တွေ ထပ်အားရှိလာတယ်။ တိုက်နယ်​ကြီးကြပ်မှူး အများစုဟာ အိမ်ထောင်သည်တွေ။ ယဉ်ကျေးမှု​ဖိအား၊ တစ်ခါတလေ မိသားစုဖိအားတွေ ရှိတာတောင် အခု​စနစ်​မှာ သားသမီး မယူဘဲ ယေဟောဝါရဲ့ အမှုတော်မှာ အပြည့်အဝ ပါဝင်​ဖို့ ဆုံးဖြတ်ထား​ကြတယ်။

ကိုယ့်ဆုံးဖြတ်ချက်အတွက် အားရ​ကျေနပ်

ဗြိတိန် ဗေသလမှာ အန်းနဲ့​အတူ

အာဖရိက​မှာ ၅၂ နှစ် နေ​ပြီးနောက် ကျွန်တော် ကျန်းမာရေး စချို့တဲ့လာတယ်။ ဗြိတိန်​ကို တာဝန်ပြောင်းပေးဖို့ ဌာနခွဲ ကော်မတီ​ရဲ့ ထောက်ခံချက်​ကို အုပ်ချုပ်ရေး​အဖွဲ့ သဘောတူလိုက်တယ်။ ကိုယ်သိပ်မြတ်နိုးတဲ့ တာဝန်ကို စွန့်ရလို့ စိတ်မကောင်း ဖြစ်ပေမဲ့ ဗြိတိန် ဗေသလ မိသားစုက သက်ကြီးရွယ်အို ကျွန်တော်တို့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးကြတယ်။

ယေဟောဝါကို လမ်းညွှန်ခွင့် ပြုခဲ့တာဟာ ကျွန်တော် ချခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်​ပဲ​ဆိုတာ သေချာတယ်။ ကိုယ့်ဉာဏ်ပညာကိုသာ အားကိုးပြီး လောက​အလုပ် ဆက်လုပ်နေရင် အခု ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း သိမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့“လမ်းခရီးတွေကို ဖြောင့်ဖြူးစေ” ဖို့ ဘာလိုတယ်ဆိုတာ ယေဟောဝါ အသိဆုံး​ပါ။ (ပညာ. ၃:၅၊ ၆) လူငယ်တစ်ယောက်အနေနဲ့ ကုမ္ပဏီကြီးတစ်ခု ဘယ်လို လည်ပတ်​တယ်ဆိုတာ သိပ်သိချင်ခဲ့တာ။ ဒါပေမဲ့ ယေဟောဝါရဲ့ ကမ္ဘာချီ အဖွဲ့အစည်း​က အဲဒီထက် ကျေနပ်စရာကောင်းတဲ့ အလုပ် ပေးခဲ့တယ်။ ယေဟောဝါ​အတွက် အမှုဆောင်ရတာဟာ ကျွန်တော့်အတွက်တော့ အဓိပ္ပာယ် အရှိဆုံး ဘဝ ဖြစ်ခဲ့ပြီး ဆက်ဖြစ်နေဦးမှာပါ။

a မာလာဝီ​နိုင်ငံ​ရဲ့ မှတ်တမ်း​ကို ၁၉၉၉ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်)၊ စာ. ၁၄၈-၂၂၃ မှာ ဖော်ပြထားတယ်။

b အခု မာလာဝီ​မှာ ကြေညာသူ ၁၀၀,၀၀၀ ကျော် ရှိနေပြီ။