ဘဝအတ္ထုပ္ပတ္တိ
ပုံသက်သေကောင်းတွေကို တုပဖို့ ကြိုးစားခြင်း
“ကျွန်တော့်အသက် ဘယ်လောက်ရှိပြီလဲ ဆိုတာ သိသလား” လို့မေးတော့ “သိတာပေါ့ ” လို့အီဇတ် မာရေး ပြန်ဖြေတယ်။ နယူးယောက်ပြည်နယ်၊ ပက်တာစင်မြို့ကနေ ကော်လိုရာဒိုမှာရှိတဲ့ ကျွန်တော့်ကို ဖုန်းနဲ့ စကားပြောနေတာဖြစ်တယ်။ ဒီလို စကားပြောဖြစ်ခဲ့ပုံကို ရှင်းပြပါရစေ။
ကျွန်တော့်ကို ၁၉၃၆၊ ဒီဇင်ဘာ ၁၀၊ အမေရိကန်နိုင်ငံ၊ ကန်စပ်စ်ပြည်နယ်၊ ဝီချီတာမြို့မှာ မွေးဖွားခဲ့တယ်။ သားသမီးလေးယောက်ထဲမှာ သားကြီးဖြစ်တယ်။ မိဘနှစ်ပါးဖြစ်တဲ့ ဝီလျံနဲ့ ဂျင်းတို့ဟာ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုသူတွေ ဖြစ်တယ်။ အဖေက ကုမ္ပဏီအမှုထမ်းပါ။ အဲဒီတုန်းက အသင်းတော်မှာ ဦးဆောင်သူတွေကို အဲဒီလို ခေါ်တယ်။ အဖွား အမ္မာဝဂ္ဂနာက အမေ့ကို ကျမ်းစာသင်ပေးတယ်။ ဂါထရုစတီး အပါအဝင် လူများစွာကိုလည်း ကျမ်းစာအမှန်တရား သင်ပေးခဲ့တယ်။ သူက ပွာတီရီကိုမှာ သာသနာပြုအဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။ * ဒါကြောင့် ကျွန်တော့်မှာ တုပစရာ ပုံသက်သေများစွာ ရှိခဲ့တယ်။
ပုံသက်သေကောင်းတွေကို အမှတ်ရခြင်း
ကျွန်တော် ငါးနှစ်အရွယ်တုန်းက စနေနေ့ ညနေမှာ လမ်းသွားလမ်းလာတွေကို အဖေနဲ့အတူ ကင်းမျှော်စင် နဲ့ နှစ်သိမ့်မှု (အခု နိုးလော့!) မဂ္ဂဇင်း ဝေငှခဲ့တယ်။ ဒုတိယကမ္ဘာစစ်မှာ အမေရိကန် ဝင်ရောက်တိုက်ခိုက်နေချိန်ပေါ့။ အရက်မူးနေတဲ့ ဆရာဝန်တစ်ယောက် ရောက်လာပြီး ခရစ်ယာန်ကြားနေမှုကြောင့် စစ်ထဲ မဝင်တဲ့ ငကြောက်လို့ အဖေ့ကို ဆဲဆိုပါလေရော။ အဖေ့မျက်နှာနား ကပ်ပြီး “ငါ့ကို ပြန်ထိုးလေ၊ ငကြောက်ရဲ့” လို့ပြောတယ်။ ကျွန်တော် သိပ်ကြောက်ပေမဲ့ အဖေ့ကို အထင်ကြီး လေးစားသွားမိတယ်။ အဖေက စုရုံးလာတဲ့လူအုပ်ကို မဂ္ဂဇင်းတွေ ဆက်ဝေငှတယ်။ စစ်သားတစ်ယောက် ဖြတ်သွားတော့ အဲဒီဆရာဝန်က “ဒီငကြောက်ကို တစ်ခုခု လုပ်ဦးဟေ့” လို့အော်ပြောတယ်။ အရက်မူးနေမှန်း စစ်သား သိတဲ့အတွက် “အိမ်ပြန်ပြီး နှပ်နေလိုက်” လို့ပြောတယ်။ နှစ်ယောက်စလုံး ထွက်သွားကြတယ်။ အဖေ့ကို ယေဟောဝါ ပေးခဲ့တဲ့ ရဲစွမ်းသတ္တိအကြောင်း ကျေးဇူးတင်လေးမြတ်စိတ်နဲ့ ပြန်တွေးနေတုန်းပဲ။ အဖေက ဝီချီတာမြို့မှာ ဆံသဆိုင်နှစ်ဆိုင် ပိုင်တယ်။ အဲဒီဆရာဝန်က အဖေ့ဖောက်သည်ပေါ့။
ကျွန်တော် ရှစ်နှစ်အရွယ်မှာ မိဘတွေက အိမ်နဲ့ ဆိုင်တွေကို ရောင်းလိုက်ပြီး ကားအိမ်တစ်လုံး ဆောက်လိုက်တယ်။ ပိုလိုအပ်တဲ့ ကော်လိုရာဒိုပြည်နယ်ကို ပြောင်းရွှေ့ပြီး ဂရင်းဂျန်းရှင်းမြို့နားမှာ အခြေချတယ်။ အဲဒီမှာ မိဘတွေက ရှေ့ဆောင်လုပ်ပြီး စိုက်
ပျိုးမွေးမြူရေးခြံမှာ အချိန်ပိုင်းအလုပ် လုပ်ခဲ့တယ်။ ယေဟောဝါရဲ့ ကောင်းချီးနဲ့ သူတို့ရဲ့ ဇွဲကြောင့် အသင်းတော်တစ်ခု စနိုင်ခဲ့တယ်။ ၁၉၄၈၊ ဇွန် ၂၀ မှာ ကျွန်တော်နဲ့ အမှန်တရားလက်ခံတဲ့ တခြားသူတွေကို တောင်ကျချောင်းလေးတစ်ခုမှာ အဖေ နှစ်ခြင်းပေးခဲ့တယ်။ အဲဒီထဲမှာ ဘီလီနီကိုးတို့ ဇနီးမောင်နှံလည်း ပါတယ်။ နောက်ပိုင်း တိုက်နယ်လုပ်ငန်းမှာ သူတို့ပါဝင်ခဲ့တယ်။ သူတို့ရဲ့သားနဲ့ ဇနီးလည်း တိုက်နယ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ယေဟောဝါရဲ့ အမှုတော်မှာ အပြည့်အဝ ပါဝင်သူများစွာနဲ့ ကျွန်တော်တို့ ခင်မင်ရင်းနှီးတယ်။ အထူးသဖြင့် ဒွန်နဲ့ အာလင်း၊ ဒေ့ဗ်နဲ့ ဂျူလီယာ၊ စိုင်းနဲ့ မာသစတဲ့ စတီးမိသားစုဝင်တွေက ကျွန်တော့်ဘဝကို တော်တော်သြဇာလွှမ်းမိုးခဲ့တယ်။ ဘုရားနိုင်ငံတော်ကို ဦးစားထားခြင်းက စစ်မှန်တဲ့ ဘဝအဓိပ္ပာယ်နဲ့ ပျော်ရွှင်မှု ရရှိစေတယ်ဆိုတာ သူတို့သင်ပြပေးခဲ့တယ်။
ထပ်မံပြောင်းရွှေ့ခြင်း
ကျွန်တော် ၁၉ နှစ်အရွယ် ရောက်တော့ မိသားစုမိတ်ဆွေ ဘတ်ဟေစတီက အမေရိကန်တောင်ပိုင်းမှာ သူနဲ့အတူ ရှေ့ဆောင်လာလုပ်ဖို့ ခေါ်တယ်။ ကျွန်တော်တို့ကို တိုက်နယ်ကြီးကြပ်မှူးက လူဝီဇီယားနားပြည်နယ်၊ ရပ်စတန်မြို့ကို ပြောင်းဖို့ ပြောတယ်။ အဲဒီမှာ သက်သေခံအတော်များများ မလှုပ်မရှား ဖြစ်နေကြတယ်။ ဘယ်နှစ်ယောက်ပဲတက်တက် အပတ်စဉ် အစည်းအဝေးအားလုံးကို ကျင်းပဖို့ တိုက်နယ်ကြီးကြပ်မှူးက ပြောတယ်။ အစည်းအဝေး လုပ်ဖို့ သင့်တော်တဲ့နေရာတစ်ခု တွေ့သွားပြီး ပြုပြင်မွမ်းမံလိုက်တယ်။ အစည်းအဝေးအားလုံး ကျင်းပပေမဲ့ တစ်ခါတလေ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတယ်။ အစည်းအဝေးအပိုင်းတွေကို တစ်လှည့်စီ တင်ဆက်ကြတယ်။ မေးခွန်းအားလုံးကို တစ်ယောက်တည်း ဒိုင်ခံဖြေရတာပေါ့။ သရုပ်ပြအပိုင်းဆိုရင် နှစ်ယောက်စလုံး စင်ပေါ်ရောက်နေတော့ ပရိသတ် မရှိဘူး။ နောက်ဆုံး သက်ကြီး ညီအစ်မတစ်ယောက် လာတက်တယ်။ တဖြည်းဖြည်း ကျမ်းစာသင်သားတချို့နဲ့ မလှုပ်ရှားသူတချို့ တက်လာကြတယ်။ မကြာခင်မှာပဲ တက်ကြွတဲ့ အသင်းတော် ဖြစ်လာတယ်။
တစ်နေ့၊ ဘတ်နဲ့ ကျွန်တော် ချာ့ခ်ျအော့ဖ်ခရိုက်စ်ရဲ့ ဓမ္မဆရာနဲ့ တွေ့တယ်။ ကျွန်တော် အကျွမ်းမဝင်တဲ့ ကျမ်းချက်တွေကို သူပြောတယ်။ ကျွန်တော် နည်းနည်းတော့ လန့်သွားတယ်။ ကိုယ့်ယုံကြည်ချက်အကြောင်း လေးလေးနက်နက် ထပ်လေ့လာဖို့ လိုသေးတယ်လို့ ခံစားရတယ်။ သူ့မေးခွန်းတွေကို မီးခွက်ထွန်းပြီး ညနက်တဲ့အထိ တစ်ပတ်လောက် လေ့လာခဲ့တယ်။ ဒါက အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေဖို့ ကူညီပေးခဲ့တယ်။ နောက်ထပ် ဓမ္မဆရာတွေနဲ့ တွေ့ချင်နေပြီ။
မကြာခင်မှာပဲ တိုက်နယ်ကြီးကြပ်မှူးက အာကန်ဆောပြည်နယ်၊ အယ်ဒိုရာဒိုမြို့ကို ပြောင်းရွှေ့ပြီး အသင်းတော်ကို ကူညီပေးဖို့ တောင်းဆိုတယ်။ အဲဒီမြို့ကနေ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စစ်မှုထမ်းကြီးကြပ်ရေးကော်မတီရုံးကို အကြိမ်ကြိမ် ဆင့်ခေါ်
ခံရတယ်။ ခရီးစဉ်တစ်ခုမှာ ရှေ့ဆောင်တချို့နဲ့ ကျွန်တော်တို့ စီးတဲ့ကားဟာ တက္ကဆပ်ပြည်နယ်မှာ ယာဉ်မတော်တဆမှု ဖြစ်ပြီး တော်တော် ပျက်စီးသွားတယ်။ ညီအစ်ကိုတစ်ယောက်ကို ခေါ်လိုက်တော့ ရောက်လာပြီး သူ့အိမ်ဆီ ခေါ်သွားတယ်။ ပြီးတော့ အသင်းတော် အစည်းအဝေးကိုလည်း ခေါ်သွားတယ်။ ကျွန်တော်တို့တစ်တွေ မတော်တဆမှု ဖြစ်တဲ့အကြောင်း ကြေညာတော့ ညီအစ်ကိုတွေက ငွေကြေးအကူအညီ ပေးကြတယ်။ ကျွန်တော့်ကားကိုလည်း ၂၅ ဒေါ်လာနဲ့ ရောင်းပေးခဲ့တယ်။ဒီလိုနဲ့ ဝီချီတာမှာ ရှေ့ဆောင်လုပ်နေတဲ့ မိသားစုမိတ်ဆွေ မက်ကော့တနီဆီ သွားနိုင်ခဲ့တယ်။ သူ့ရဲ့ အမြွှာသားနှစ်ယောက် ဖရန့်ခ်နဲ့ ဖရန်စစ္စတို့က ကျွန်တော့်ရဲ့ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်နေတုန်းပါပဲ။ သူတို့ရဲ့ ကားဟောင်းကို ၂၅ ဒေါ်လာနဲ့ ကျွန်တော့်ကို ရောင်းတယ်။ ပျက်သွားတဲ့ကားအတွက် ကျွန်တော်ရလိုက်တဲ့ ငွေပမာဏ အတိအကျပါပဲ။ ဘုရားနိုင်ငံတော်ကို ဦးစားထားလို့ လိုအပ်ရာကို ယေဟောဝါ ပေးမှန်း ဦးဆုံးအကြိမ် ခံစားလိုက်ရတယ်။ အဲဒီခရီးမှာ မက်ကော့တနီက ချစ်စရာကောင်းတဲ့ ညီအစ်မ ဘက်သဲလ်ကရိန်နဲ့ မိတ်ဆက်ပေးတယ်။ သူ့အမေ ရုသ်က ကန်စပ်စ်ပြည်နယ်၊ ဝယ်လင်တန်မြို့က ထက်သန်တဲ့ ညီအစ်မပေါ့။ အသက် ၉၀ ကျော်အထိ ရှေ့ဆောင်လုပ်နေတုန်းပဲ။ တစ်နှစ်မပြည့်ခင် ၁၉၅၈ မှာ ကျွန်တော်တို့ လက်ထပ်လိုက်ပြီး အယ်ဒိုရာဒိုမှာ ရှေ့ဆောင်အတူ လုပ်ကြတယ်။
စိတ်လှုပ်ရှားစရာ ဖိတ်ခေါ်ချက်များ
ငယ်ငယ်ကတည်းက သိခဲ့ရတဲ့ ပုံသက်သေကောင်းတွေကို တုပချင်တဲ့အတွက် ယေဟောဝါရဲ့ အဖွဲ့အစည်း ပေးအပ်တဲ့ ဘယ်အလုပ်ကိုမဆို လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အာကန်ဆောပြည်နယ်၊ ဝေါနပ်ရိခ်ျမြို့မှာ အထူးရှေ့ဆောင်အဖြစ် တာဝန်ခန့်အပ်ခံရတယ်။ ၁၉၆၂ မှာ ၃၇ ကြိမ်မြောက် ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရလို့ စိတ်လှုပ်ရှားခဲ့ရတယ်။ ဒွန်စတီးနဲ့ တစ်တန်းတည်းကျလို့ ပျော်လိုက်တာ။ ကျောင်းဆင်းပြီးတဲ့နောက် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ တာဝန်ကျတယ်။ နယူးယောက်ကနေ ထွက်ခွာချိန်မှာ ရင်ထဲ ဆို့နေပေမဲ့ နိုင်ရိုဘီလေဆိပ်မှာ ညီအစ်ကို/မတွေနဲ့ တွေ့တဲ့အခါ သိပ်ပျော်သွားတယ်။
ကင်ညာနိုင်ငံနဲ့ ပျော်စရာအမှုဆောင်လုပ်ငန်းကို မြန်မြန်ဆန်ဆန်ပဲ သိပ်ကြိုက်သွားတယ်။ ဦးဆုံးကျမ်းစာသင်သားကတော့ ခရစ္စနဲ့ မေရီကာနိုင်ယာတို့ဖြစ်တယ်။ သူတို့ အခုချိန်အထိ ကင်ညာနိုင်ငံမှာ အချိန်ပြည့် အမှုဆောင်နေကြတုန်းပဲ။ နောက်တစ်နှစ်မှာ ယူဂန္ဓာနိုင်ငံ၊ ကမ်ပါလာမြို့မှာ ဦးဆုံး သာသနာပြုတွေအဖြစ် အမှုဆောင်ဖို့ တာဝန်ရတယ်။ အဲဒီအချိန်တွေဟာ စိတ်လှုပ်ရှားစရာပါပဲ။ အမှန်တရား သင်ယူချင်သူတွေ သိပ်များပြီး သက်သေခံ ဖြစ်လာကြတယ်။ အာဖရိကမှာ သုံးနှစ်ခွဲ နေပြီးတဲ့နောက်မှာတော့ မိသားစုဘဝ ထူထောင်ဖို့ အမေရိကန်ကို ပြန်သွားခဲ့ကြတယ်။ အာဖရိကကနေ ထွက်ခွာတဲ့နေ့မှာ နယူးယောက်ကနေ ထွက်ခွာတဲ့နေ့ထက် ပိုပြီး ဆို့နင့်ခဲ့ရတယ်။ အာဖရိကတိုက်သားတွေကို ကျွန်တော်တို့ ချစ်တယ်။ တစ်နေ့နေ့ သူတို့နဲ့ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။
တာဝန်သစ် ရရှိခြင်း
မိဘတွေ နေထိုင်တဲ့ ကော်လိုရာဒို အနောက်ပိုင်းမှာ ကျွန်တော်တို့ အခြေချတယ်။ မကြာခင်မှာပဲ သမီးဦးလေး ကင်ဘာလီကို မွေးဖွားခဲ့တယ်။ ၁၇ လအကြာမှာ စတက်ဖနီ မွေးတယ်။ မိဘဆိုတဲ့ တာဝန်သစ်ကိုလည်း အလေးအနက်ထား လုပ်ဆောင်ပြီး သမီးတွေရဲ့ စိတ်နှလုံးထဲ အမှန်တရား သွတ်သွင်းပေးခဲ့တယ်။ ကျွန်တော်တို့အတွက် ချမှတ်ခဲ့တဲ့ ပုံသက်သေကောင်းတွေအတိုင်း သမီးတွေရှေ့မှာ ကျွန်တော်တို့လည်း ပုံသက်သေကောင်း ချမှတ်ချင်ကြတယ်။ သားသမီးတွေအတွက် ပုံသက်သေကောင်း ချမှတ်ခြင်းက အရေးပါပေမဲ့ ယေဟောဝါကို သူတို့ဝတ်ပြုသွားမယ်ဆိုတဲ့ အာမခံချက်တော့ မဟုတ်ဘူး။ ကျွန်တော့်ညီနဲ့ ညီမဆိုရင် အမှန်တရားကို
စွန့်ခွာသွားကြတယ်။ သူတို့ရှေ့မှာ ချမှတ်ခဲ့တဲ့ ပုံသက်သေကောင်းတွေကို ပြန်တုပမယ်လို့ မျှော်လင့်ရတာပဲ။သမီးတွေကို ပြုစုပျိုးထောင်ရတာ သိပ်ပျော်တယ်။ ဘာမဆို မိသားစုလိုက် လုပ်ဖို့ အမြဲကြိုးစားခဲ့တယ်။ ကော်လိုရာဒိုပြည်နယ်၊ အက်စပန်မြို့နားမှာ နေတဲ့အတွက် မကြာခဏ အတူနှင်းလျှောစီးကြတယ်။ အဲဒီအချိန်တွေမှာ သမီးတွေနဲ့ စကားပြောဖို့ အချိန်ရတယ်။ အပျော်ညအိပ်ခရီးတွေလည်း သွားပြီး မီးပုံဘေးမှာ စကားပြောခဲ့ကြတာ သိပ်ပျော်စရာကောင်းတယ်။ သူတို့ ငယ်ရွယ်သေးပေမဲ့ “ကြီးလာရင် ဘာလုပ်ရမလဲ၊ ဘယ်လိုလူကို လက်ထပ်ရမလဲ” စတဲ့ မေးခွန်းတွေ မေးခဲ့ကြတယ်။ သမီးတွေရဲ့ စိတ်နှလုံးထဲမှာ ယေဟောဝါရဲ့ စံနှုန်းတွေကို မြတ်နိုးလာဖို့ သွန်သင်ပေးခဲ့တယ်။ အချိန်ပြည့်လုပ်ငန်းကို ပန်းတိုင်ချမှတ်ပေးတယ်။ ပန်းတိုင်တူတဲ့သူနဲ့ပဲ လက်ထပ်ဖို့လည်း အားပေးခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မပြုတာ အကောင်းဆုံးဖြစ်မှန်း နားလည်အောင် ကူညီပေးခဲ့တယ်။ “၂၃ နှစ်အထိ အိမ်ထောင်မပြုကြေး” ဆိုတဲ့စကားကို ပြောလေ့ရှိတယ်။
ကျွန်တော်တို့ရဲ့ မိဘတွေ လုပ်ခဲ့သလိုပဲ ကျွန်တော်တို့လည်း မိသားစုလိုက် အစည်းအဝေး တက်ဖို့၊ အမှုဆောင်လုပ်ငန်းမှာ မှန်မှန်ပါဝင်ဖို့ ကြိုးစားခဲ့တယ်။ အချိန်ပြည့် အမှုဆောင်တွေကိုလည်း အိမ်မှာ တည်းခိုဖို့ စီစဉ်ပေးတယ်။ သာသနာပြုလုပ်ခဲ့တဲ့အချိန်အကြောင်းကိုလည်း သတိတရ ပြောလေ့ရှိတယ်။ မိသားစုလေးယောက်စလုံး အာဖရိကကို အတူခရီးထွက်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်။ သမီးတွေလည်း တအားသွားလည်ချင်ကြတယ်။
မိသားစု သင်အံမှု ပုံမှန်လုပ်ပြီး ကျောင်းမှာ ကြုံတွေ့နိုင်တဲ့ အခြေအနေတွေကို သရုပ်ဆောင်ကြတယ်။ သမီးတွေက မေးခွန်းတွေကို ပြန်ဖြေတဲ့ သက်သေခံတွေအဖြစ် သရုပ်ဆောင်တယ်။ ဒီနည်းနဲ့ သင်ယူရတာကို သူတို့ပျော်ပြီး ယုံကြည်စိတ်ချမှု ရှိလာတယ်။ ကြီးလာတော့ မိသားစုသင်အံမှု လုပ်ရတာကို ညည်းညူတဲ့အခါလည်း ရှိတယ်။ တစ်ခါတုန်းက စိတ်ပျက်လက်ပျက်နဲ့ သင်အံမှု မလုပ်တော့ဘူး၊ အခန်းထဲ သွားနေကြလို့ ပြောလိုက်တယ်။ သူတို့ လန့်ပြီး ငိုကြပါလေရော။ ပြီးတော့ သင်အံမှု လုပ်ချင်တယ်လို့ ပြောကြတယ်။ အဲဒီတော့မှ ယေဟောဝါအကြောင်း သူတို့ သင်ယူချင်စိတ် ရှိလာအောင် ကူညီပေးနေမှန်း သိလာတယ်။ သင်အံမှုမှာ သူတို့ပျော်လာပြီး လွတ်လွတ်လပ်လပ် ပါဝင်ပြောဆိုလာကြတယ်။ တချို့အကြောင်းတွေကို လက်မခံဘူးလို့ ပြောတဲ့အခါတွေမှာတော့ စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ သူတို့စိတ်နှလုံးထဲမှာ ရှိတဲ့အရာကို သိခွင့်ရခဲ့တယ်။ သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်ပြီးတဲ့နောက်မှာတော့ ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့ သဘောထားကို သဘောပေါက်ကျေနပ်သွားကြတယ်။
နောက်ထပ် အပြောင်းအလဲများ
သမီးတွေကို ပြုစုပျိုးထောင်ပေးရတဲ့အချိန်တွေ အကုန်မြန်လိုက်တာ။ ဘုရားအဖွဲ့အစည်းရဲ့ ကူညီလမ်းပြမှုကြောင့် ယေဟောဝါကို ချစ်လာဖို့ အတတ်နိုင်ဆုံး ကူညီပေးနိုင်ခဲ့တယ်။ အထက်တန်းကျောင်း ပြီးသွားတော့ သမီးနှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ပြီး ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့လို့ ကျေးဇူးတင်စရာပဲ။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ တခြားညီအစ်မနှစ်ယောက်နဲ့အတူ တီနက်စီပြည်နယ်၊ ကလိဖ်လန်းကို ပြောင်းရွှေ့သွားကြတယ်။ သူတို့ကို သိပ်သတိရပေမဲ့ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြလို့ ကျေနပ်ပါတယ်။ ဘက်သဲလ်နဲ့ ကျွန်တော် ရှေ့ဆောင် ပြန်လုပ်တဲ့အတွက် တခြားအခွင့်ထူးတွေ ရရှိခဲ့တယ်။ အရန်တိုက်နယ်လုပ်ငန်းနဲ့ ခရိုင်အစည်းအဝေး လုပ်ငန်းတွေမှာ လုပ်ဆောင်ခဲ့ရတယ်။
သမီးတွေက တီနက်စီပြည်နယ်ကို မပြောင်းခင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်ဌာနခွဲရုံးကို သွားလည်ပတ်ခဲ့ကြတယ်။ အဲဒီမှာ ၁၉ နှစ်အရွယ် စတက်ဖနီက လူငယ် ဗေသလအိမ်သား ပေါလ် နော်တွန်နဲ့ ဆုံခဲ့တယ်။ နောက်တစ်ခေါက် ပြန်သွားတော့ ကင်ဘာလီက ပေါလ်ရဲ့ အလုပ်ဖော် ဘရိုင်ယန်လယ်ဝေလင်းနဲ့ ဆုံခဲ့တယ်။ စတက်ဖနီ ၂၃ နှစ်ပြည့်ပြီးနောက် ပေါလ်နဲ့ လက်ထပ်ခဲ့တယ်။ ကင်ဘာလီကတော့ နောက်တစ်နှစ်၊ ၂၅ နှစ်ပြည့်တဲ့အခါ ဘရိုင်ယန်နဲ့ လက်ထပ်ခဲ့တယ်။ သူတို့နှစ်ယောက်လုံး ၂၃ နှစ်အထိ အိမ်ထောင်မပြုခဲ့ကြဘူး။ သူတို့ရဲ့ အိမ်ထောင်ဖက်ကောင်း ရွေးချယ်မှုကို ကျွန်တော်တို့ အပြည့်အဝ သဘောတူပါတယ်။
ကျွန်တော်တို့နဲ့ ဘိုးဘွားတို့ရဲ့ ပုံသက်သေက ငွေကြေးခက်ခဲချိန်မှာတောင် ‘ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာ ရှာလျက်နေကြ’ ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံဖို့ ကူညီပေးခဲ့တယ်ဆိုပြီး သမီးတွေ ပြောတယ်။ (မ. ၆:၃၃) ၁၉၉၈၊ ဧပြီလမှာ ပေါလ်နဲ့ စတက်ဖနီတို့ဟာ ၁၀၅ ကြိမ်မြောက် ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်ခံရပြီးနောက် အာဖရိကတိုက်၊ မာလာဝီနိုင်ငံမှာ တာဝန်ကျတယ်။ အဲဒီအချိန်မှာပဲ ဘရိုင်ယန်နဲ့ ကင်ဘာလီဟာ လန်ဒန်ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရပြီး နောက်ပိုင်း မာလာဝီဗေသလမှာ ပြောင်းရွှေ့အမှုဆောင်ခဲ့တယ်။ ဒီလိုအကောင်းဆုံးနည်းနဲ့ အသက်တာကို လူငယ်တွေ အသုံးပြုနေတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ရပါတယ်။
စိတ်လှုပ်ရှားဖွယ် ဖိတ်ခေါ်ချက်နောက်တစ်ခု
၂၀၀၁၊ ဇန်နဝါရီမှာ အစပိုင်းမှာ ပြောခဲ့တဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်။ ဘာသာပြန်လုပ်ငန်းဌာန ကြီးကြပ်မှူး ညီအစ်ကို မာရေးက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်တွေအတွက် အင်္ဂလိပ်စကားသင်တန်းကို ညီအစ်ကိုတွေ စီစဉ်နေတဲ့အကြောင်း ပြောပြတယ်။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်ကို နည်းပြတစ်ယောက်အဖြစ် သင်တန်းပေးဖို့ စဉ်းစားနေတယ်။ ဘက်သဲလ်နဲ့ ကျွန်တော် အသေအချာ ဆုတောင်းပြီးနောက် အမေတွေနဲ့ တိုင်ပင်တယ်။ သူတို့နှစ်ယောက်လုံး ကျွန်တော်တို့ရဲ့ အကူအညီ ရတော့မှာ မဟုတ်ပေမဲ့ သွားစေချင်ကြတယ်။ ဒါနဲ့ ဒီအခွင့်ထူးကို လက်ခံပါတယ်လို့ ဖုန်းပြန်ဆက်လိုက်တယ်။
အဲဒီအချိန်မှာပဲ ကျွန်တော့်အမေမှာ ကင်ဆာရှိမှန်း သိလိုက်ရတယ်။ အမေနဲ့အတူ နေပြီး ညီမလေး လင်ဒါနဲ့အတူ ပြုစုပေးမယ်လို့ပြောတော့ “အဲဒီလို မလုပ်ပါနဲ့။ သားတို့ မသွားမှ အမေ ပိုဆိုးမှာ” လို့ပြောတယ်။ လင်ဒါလည်း အဲဒီလိုပဲ ပြောတယ်။ သူတို့ရဲ့ ကိုယ်ကျိုးစွန့်မှုနဲ့ ဒေသခံမိတ်ဆွေတွေရဲ့ အကူအညီအတွက် ကျေးဇူးတင်လိုက်တာ။ ပက်တာစင်မှာရှိတဲ့ ကင်းမျှော်စင် ပညာပေးဌာနကို ထွက်သွားပြီး နောက်တစ်နေ့မှာပဲ အမေဆုံးပြီလို့ လင်ဒါ ဖုန်းဆက်တယ်။ အမေဖြစ်စေချင်တဲ့အတိုင်း တာဝန်သစ်မှာ ဘဝကို မြှုပ်နှံခဲ့ကြတယ်။
ဦးဆုံး တာဝန်ကျတဲ့နေရာက သမီးတွေ၊ သမက်တွေ အမှုဆောင်နေတဲ့ မာလာဝီဌာနခွဲဖြစ်လို့ ပျော်လိုက်ရတာ။ စိတ်လှုပ်ရှားစရာ ပြန်လည်ဆုံဆည်းမှုပါပဲ။ မာလာဝီပြီးတော့ ဇင်ဘာဘွေနဲ့ ဇမ်ဘီယာမှာလည်း သင်တန်းပေးခဲ့တယ်။ သုံးနှစ်ခွဲ သင်တန်းပေးပြီးနောက် မာလာဝီကို ပြန်ပြီး ခရစ်ယာန်ကြားနေမှုကြောင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ သက်သေခံတွေရဲ့ တွေ့ကြုံမှုတွေကို ရေးသားပြုစုဖို့ တာဝန်ပေးခံရတယ်။ *
၂၀၀၅ ခုနှစ်မှာ ကော်လိုရာဒိုပြည်နယ်၊ ဘာဆော့မြို့က အိမ်ကို ပြန်တဲ့အခါလည်း ဆို့နင့်ခဲ့ရပြန်တယ်။ အဲဒီမှာ ဘက်သဲလ်နဲ့ ကျွန်တော် ရှေ့ဆောင် ဆက်လုပ်တယ်။ ၂၀၀၆ မှာ ဘရိုင်ယန်နဲ့ ကင်ဘာလီက မက္ကင်ဇီနဲ့ အဲလီဇဘက်ဆိုတဲ့ သမီးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့ ကျွန်တော်တို့အနားကို ပြောင်းလာကြတယ်။ ပေါလ်နဲ့ စတက်ဖနီကတော့ မာလာဝီဌာနခွဲမှာပဲ ဆက်အမှုဆောင်နေပြီး ပေါလ်က ဌာနခွဲ ကော်မတီဝင်အဖြစ် အမှုဆောင်နေတယ်။ ကျွန်တော့်အသက် ၈၀ ပြည့်တော့မယ်။ နှစ်တွေတစ်လျှောက် ကျွန်တော်နဲ့အတူ တွဲလုပ်ခဲ့တဲ့ လူငယ်လေးတွေက ကျွန်တော်လုပ်ခဲ့တဲ့တာဝန်တွေ ထမ်းဆောင်နေတာကို တွေ့ရတာ ဝမ်းသာအားရ ဖြစ်ရပါတယ်။ ကျွန်တော်တို့အတွက် တခြားသူတွေ ချမှတ်တဲ့ ပုံသက်သေကောင်းမျိုးကို သားသမီးတွေ၊ မြေးတွေအတွက် ချမှတ်နိုင်ခဲ့လို့ ဝမ်းမြောက်ပျော်ရွှင်ရပါတယ်။
^ စာပိုဒ်၊ 5 စတီးမိသားစုရဲ့ သာသနာပြုလုပ်ငန်းအကြောင်း သိချင်ရင် မေ ၁၊ ၁၉၅၆ ကင်းမျှော်စင် [အင်္ဂလိပ်] စာမျက်နှာ ၂၆၉-၂၇၂ နဲ့ မတ် ၁၅၊ ၁၉၇၁ ကင်းမျှော်စင် [အင်္ဂလိပ်] စာမျက်နှာ ၁၈၆-၁၉၀ မှာကြည့်ပါ။
^ စာပိုဒ်၊ 30 ထရောဖင်မ် နဆော်မ်ဘာရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၁၅၊ ဧပြီ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၈ မှာကြည့်ပါ။