မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာသ၊ ယောရှဖတ်၊ ဟေဇကိ၊ ယောရှိ

ယေဟောဝါကို စုံလင်တဲ့စိတ်နှလုံးနဲ့ ဝတ်ပြုပါ

ယေဟောဝါကို စုံလင်တဲ့စိတ်နှလုံးနဲ့ ဝတ်ပြုပါ

‘အို​ယေဟောဝါ၊ အကျွန်ုပ်​သည် ရှေ့တော်​၌ သစ္စာစောင့်​လျက်၊ စုံလင်​သော စိတ်နှလုံး​နှင့် ကျင့် . . . ကြောင်းကို အောက်မေ့​တော်မူပါ။’—၄ ရာ. ၂၀:၃

သီချင်း– ၅၂၊ ၆၅

၁-၃။ ယေဟောဝါကို “စုံလင်​သော စိတ်နှလုံး” နဲ့ ဝတ်ပြုခြင်း​မှာ ဘာ​ပါဝင်​သလဲ။ ရှင်းပြပါ။

ကျွန်တော်တို့ မစုံလင်​တဲ့အတွက် မှား​တတ်ကြတယ်။ ကျွန်တော်တို့ နောင်တရ​မယ်၊ ယေရှုရဲ့ ရွေးနုတ်ဖိုး ပူဇော်သက္ကာ​ကို အခြေခံပြီး နှိမ့်ချ​ယုံကြည်​စွာ ဆုတောင်း​မယ်ဆိုရင် “ပြစ်မှားခြင်း​နှင့်​အလျောက်” ယေဟောဝါ မစီရင်​တဲ့အတွက် ကျေးဇူးတင်စရာ​ပါပဲ။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ် ကိုးကွယ်​မှုကို ယေဟောဝါ လက်ခံ​နိုင်​ဖို့ဆိုရင် ရှောလမုန်​ကို ဒါဝိဒ် ပြောခဲ့​သလို “စုံလင်​သော နှလုံး . . . နှင့် ဝတ်ပြု” ရမယ်။ (၅ ရာ. ၂၈:၉) မစုံလင်​တဲ့ လူသားတွေ ဘယ်လို ဝတ်ပြု​နိုင်မလဲ။

ယုဒဘုရင် အာသ​နဲ့ ဘုရင် အာမဇိ​တို့ရဲ့ ဘဝကို နှိုင်းယှဉ်​ကြည့်နိုင်တယ်။ သူတို့​နှစ်ယောက်စလုံး ယေဟောဝါရဲ့​အမြင်မှာ မှန်​ရာကို လုပ်ခဲ့​ပေ​မဲ့ အာသ​က​တော့ စုံလင်​တဲ့ စိတ်နှလုံး​နဲ့ လုပ်​ခဲ့တယ်။ (၆ ရာ. ၁၅:၁၆၊ ၁၇။ ၂၅:၁၊ ၂။ သု. ၁၇:၃) ဘုရင်​နှစ်ပါး​စလုံး မစုံလင်​ဘူး၊ အမှားတွေ လုပ်ခဲ့ကြ​ပေ​မဲ့ အာသ​က​တော့ ယေဟောဝါရဲ့ လမ်းစဉ်​က​နေ မ​သွေဖည်​ဘဲ ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်​ခဲ့တယ်။ အာမဇိ​ကျတော့ ယေဟောဝါကို အကြွင်းမဲ့ မ​ဆည်းကပ်​ခဲ့ဘူး။ ရန်သူ​တွေကို အနိုင်ရ​ပြီးနောက် သူတို့ရဲ့ ဘုရား​တွေကို ယူ​လာပြီး ကိုးကွယ်​ခဲ့တယ်။—၆ ရာ. ၂၅:၁၁-၁၆

ဘုရားသခင်​ကို “စုံလင်​သော စိတ်နှလုံး” နဲ့ ဝတ်ပြုခြင်း​မှာ အကြွင်းမဲ့ ဆည်းကပ်မှု ပါဝင်တယ်။ ကျမ်းစာမှာ “စိတ်နှလုံး” ဆိုတဲ့ စကားလုံး​ဟာ လူတစ်ယောက်ရဲ့ အတွင်းသဘော​ကို ရည်ညွှန်း​လေ့ရှိတယ်။ အလိုဆန္ဒ၊ အတွေးအခေါ်၊ စိတ်​နေ​သဘောထား၊ စွမ်းရည်၊ ရည်ရွယ်ချက်၊ ပန်းတိုင်တွေ ပါဝင်တယ်။ ဒါကြောင့် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြု​သူဟာ ဟန်ဆောင် ဝတ်​မပြုဘူး။ ဟန်​ပြ​သဘော​လောက်​ပဲ မကိုးကွယ်​ဘူး။ ကျွန်တော်တို့​ကော။ မစုံလင်​ပေ​မဲ့ ဟန်ဆောင်မှု မရှိဘဲ ဘုရားသခင်​ကို စိတ်နှလုံး အကြွင်းမဲ့ ဆည်းကပ်​နေမယ်​ဆိုရင် စုံလင်​သော စိတ်နှလုံး​နဲ့ ဝတ်ပြု​နိုင်​ပါလိမ့်မယ်။—၆ ရာ. ၁၉:၉

၄။ ဘာအကြောင်း သုံးသပ်​ကြ​မလဲ။

ဘုရားသခင်​ကို စုံလင်​တဲ့ စိတ်နှလုံး​နဲ့ ဝတ်ပြုခြင်း​အကြောင်း နားလည်ဖို့ အာသ​ရဲ့ ဘဝကို သုံးသပ်​သွား​ပါမယ်။ ဘုရားသခင်​ကို စိတ်နှလုံး အကြွင်းမဲ့ ဆည်းကပ်​ခဲ့တဲ့ ယောရှဖတ်၊ ဟေဇကိ၊ ယောရှိ​တို့​အကြောင်း​ကိုလည်း သုံးသပ်​ပါမယ်။ သူတို့​လေးယောက်​စလုံး အမှားတွေ လုပ်ခဲ့​ပေ​မဲ့ ယေဟောဝါရဲ့ မျက်နှာသာ ရရှိ​ခဲ့ကြတယ်။ သူတို့​တစ်တွေ စုံလင်​တဲ့ စိတ်နှလုံး​နဲ့ ဝတ်ပြု​ခဲ့တယ်​လို့ ဘုရား ဘာကြောင့် ရှုမြင်​ခဲ့​သလဲ။ သူတို့ကို ဘယ်လို တုပ​နိုင်သလဲ။

အာသ​ရဲ့ ‘စိတ်နှလုံး ယေဟောဝါ​ရှေ့တော်​၌ စုံလင်’

၅။ အာသ ဘယ်လို ပြတ်ပြတ်သားသား လုပ်ဆောင်​ခဲ့​သလဲ။

အာသ​ဟာ အစ္စရေး မြောက်ပိုင်း ဆယ်နွယ်နိုင်ငံ ခွဲထွက်​ပြီးနောက် ယုဒပြည်​ရဲ့ တတိယမြောက် ဘုရင် ဖြစ်တယ်။ တိုင်းပြည်​က​နေ ရုပ်တုကိုးကွယ်​မှုနဲ့ ဗိမာန်​ပြည့်တန်ဆာ​ယောက်ျား​တွေကို ဖယ်ရှား​ခဲ့တယ်။ ‘ရုပ်တု လုပ်​တဲ့’ အဖွား​တော် မာခါ​ကို ‘မိဖုရား​အရာက​နေ နု​တ်’ ခဲ့တယ်။ (၃ ရာ. ၁၅:၁၁-၁၃) ‘ယေဟောဝါကို ရှာပြီး ပညတ်​တရားကို စောင့်ရှောက်’ ဖို့​လည်း ပြည်သူ/သား​တွေကို တိုက်တွန်း​ခဲ့တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေး​ကို အာသ မြှင့်တင်​ခဲ့တယ်။—၆ ရာ. ၁၄:၄

၆။ အီသီယိုးပီးယား​တွေ ကျူးကျော်ဝင်ရောက်​တဲ့အခါ အာသ ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။

အာသနန်းစံ ပထမ​ဆယ်နှစ်​အတွင်း ယုဒပြည်​ကို ယေဟော​ဝါ ငြိမ်းချမ်း​စေခဲ့တယ်။ အဲဒီနောက် အီသီယိုးပီးယား​ဘုရင် ဇေရ​ဟာ ယုဒပြည်​ကို တိုက်​ဖို့ စစ်သည် ၁,၀၀၀,၀၀၀၊ မြင်းရထား ၃၀၀ နဲ့ ချီတက်​လာတယ်။ (၆ ရာ. ၁၄:၁၊ ၆၊ ၉၊ ၁၀) အာသ ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်အားကိုး​ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၁၄:၁၁ ကိုဖတ်ပါ။) အီသီယိုးပီးယား စစ်တပ်​ကို အပြတ်အသတ် အနိုင်ရ​စေခြင်း​အားဖြင့် အာသ​ရဲ့ ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြား​ပေးခဲ့တယ်။ (၆ ရာ. ၁၄:၁၂၊ ၁၃) ဘုရင်တွေ သစ္စာမဲ့​ချိန်မှာ​တောင် မိမိရဲ့ နာမတော်အတွက် ရန်​သူတွေ​အပေါ် ယေဟောဝါ အောင်ပွဲခံ​စေခဲ့​တာပဲ။ (၃ ရာ. ၂၀:၁၃၊ ၂၆-၃၀) အာသ​က​တော့ ယေဟောဝါကို အားကိုး​တဲ့အတွက် သူ့ရဲ့​ဆုတောင်းချက် ဖြေကြား​ခံ​ခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အာသ ပညာမဲ့​စွာ ပြုမူ​ခဲ့တယ်။ ဥပမာ၊ ယေဟောဝါ​ဆီ အကူအညီ တောင်း​မယ့်အစား ဆီးရီး​ယား​ဘုရင်​ဆီ အကူအညီ တောင်း​ခဲ့တယ်။ (၃ ရာ. ၁၅:၁၆-၂၂) ဒါပေမဲ့ ‘လက်ထက်​တော်​ကာလပတ်​လုံး အာသ​စိတ်နှလုံး​သည် ယေဟောဝါ​ရှေ့တော်​၌ စုံလင်ခြင်း ရှိ၏’ လို့ ဘုရားသခင် ခြုံငုံသုံးသပ်​ခဲ့တယ်။ အာသ​ရဲ့ ကောင်းကွက်​ကို ဘယ်လို တုပ​နိုင်သလဲ။—၃ ရာ. ၁၅:၁၄

၇၊ ၈။ ယေဟောဝါကို ဝတ်ပြု​ရာမှာ အာသ​ကို ဘယ်လို တုပ​နိုင်သလဲ။

ဘုရားသခင်​ကို အကြွင်းမဲ့ ဆည်းကပ်​နေ​မနေ သိ​ဖို့ ကျွန်တော်တို့​ယောက်တိုင်း ကိုယ့်​စိတ်​နှလုံးကို ဆန်းစစ်​နိုင်တယ်။ ‘ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ စစ်မှန်တဲ့ ဝတ်ပြုရေး​ကို ကာကွယ်​ဖို့၊ မကောင်းတဲ့​ဩဇာ​က​နေ ဘုရား​လူမျိုး​ကို ကာကွယ်​ဖို့ ငါ​စိတ်ပိုင်းဖြတ်​ထား​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ “မိဖုရား” မာခါ​ကို ရင်ဆိုင်​ဖို့ အာသ ဘယ်လောက် သတ္တိမွေး​ခဲ့ရ​မလဲဆိုတာ စဉ်းစားကြည့်ပါ။ မာခါ​လို လူစား​မျိုး​ကို သင် သိချင်​မှ​သိမယ်။ ဒါပေမဲ့ အာသ​ရဲ့ စိတ်ထက်သန်​မှုကို တုပ​နိုင်တဲ့ အခြေအနေတွေ ရှိ​နိုင်ပါတယ်။ ဥပမာ၊ မိသားစုဝင်၊ ရင်းနှီး​တဲ့ မိတ်ဆွေ​တစ်ယောက်ယောက် အပြစ်လုပ်​ပြီး နောင်တ​မယူ​လို့ နှင်ထုတ်​ခံရ​တော့မယ်​ဆိုရင် ဘယ်လို လုပ်​မလဲ။ သူနဲ့ ပြတ်ပြတ်သားသား အဆက်အသွယ် ဖြတ်လိုက်​မလား။ ဘာ​လုပ်ဖို့ သင့်​စိတ်နှလုံး လှုံ့ဆော်ပေး​မလဲ။

ဆန့်ကျင်မှု၊ မကျော်​လွှား​နိုင်​ပုံ​ရတဲ့ ဆန့်ကျင်မှု​တွေ ကြုံရ​ချိန်မှာ ဘုရားသခင်​ကို အကြွင်းမဲ့ အားကိုးခြင်း​အားဖြင့် စုံလင်​တဲ့ စိတ်နှလုံး​ရှိကြောင်း အာသ​လိုပဲ တင်ပြ​နိုင်ပါတယ်။ ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ်​ ရပ်တည်​လို့ ကျောင်းမှာ ကဲ့ရဲ့လှောင်ပြောင်​ခံရ​နိုင်တယ်။ ဘုရားရေးရာ​အလုပ်တွေ​အတွက် ခွင့်ယူ​လို့၊ မကြာခဏ အချိန်ပို မ​ဆင်း​လို့ အလုပ်ဖော်​တွေ ကဲ့ရဲ့​နိုင်တယ်။ အဲဒီလို​အခြေအနေ​မျိုးမှာ အာသ​လိုပဲ ဘုရားသခင်​ဆီ ဆုတောင်း​ပါ။ ယေဟောဝါကို အားကိုး​ပါ၊ မှန်​တယ်လို့ ကိုယ်​သိထား​တဲ့အတိုင်း အခိုင်အမာ ရပ်တည်​ပါ။ အာသ​ကို ဘုရား​သခင် အားပေးကူညီ​ခဲ့​သလို သင့်​ကိုလည်း ကူညီပေး​ပါလိမ့်မယ်။

၉။ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​တဲ့အခါ စုံလင်​တဲ့ စိတ်နှလုံး ရှိကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။

ဘုရားသခင့် ကျေးကျွန်​တွေဟာ ကိုယ့်​အတွက်​ပဲ မစဉ်းစား​ကြဘူး။ အာသ​ဟာ စစ်မှန်တဲ့ ဝတ်ပြုရေး​ကို မြှင့်တင်​ခဲ့တယ်။ ကျွန်တော်တို့လည်း ‘ယေဟောဝါကို ရှာ’ ဖို့ တခြားသူတွေကို ကူညီပေး​နေတယ်။ ယေဟောဝါကို စိတ်ရင်းမှန်နဲ့ ချစ်​လို့၊ လူတွေရဲ့ ထာဝရ ကောင်းကျိုး​ကို စိတ်ဝင်စား​လို့ ဘုရား​အကြောင်း ပြောပြ​တာကို ဘုရားသခင် မြင်တဲ့အခါ အလွန်​ဝမ်းသာပီတိ​ဖြစ်​မှာပဲ။

ယေဟောဝါကို ယောရှဖတ် ရှာ​ခဲ့

၁၀၊ ၁၁။ ယောရှဖတ်​ရဲ့ လမ်းစဉ်​ကို ဘယ်လို တုပ​နိုင်သလဲ။

၁၀ အာသ​ရဲ့ သား ယောရှဖတ်​ဟာ “ခမည်းတော်​အာသ လိုက်​သော​လမ်း​ကို . . . အကုန်​အ​စင် လိုက်” ခဲ့တယ်။ (၆ ရာ. ၂၀:၃၁၊ ၃၂) ဘယ်နည်း​အားဖြင့်​လဲ။ ဖခင်​လိုပဲ ယေဟောဝါကို ရှာ​ဖို့ လူတွေကို အားပေးခဲ့တယ်။ ‘ယေဟောဝါရဲ့ ပညတ္တိကျမ်း’ ကို သုံး​တဲ့ သွန်သင်​ခြင်း​လုပ်ငန်းကို စီစဉ်ဖွဲ့စည်း​ပေးခဲ့တယ်။ (၆ ရာ. ၁၇:၇-၁၀) အစ္စရေး မြောက်ပိုင်း​နယ်မြေ​အထိ၊ ဧဖရိမ်​တောင်တန်းဒေသ​အထိ သွားပြီး လူတွေကို ‘ယေဟောဝါ​ထံ​တော်သို့ ပြန်စေ’ ခဲ့တယ်။ (၆ ရာ. ၁၉:၄) ယောရှဖတ်​ဟာ ‘ယေဟော​ဝါကို စိတ်နှလုံး အကြွင်းမဲ့ ရှာ’ တဲ့​ဘုရင် ဖြစ်ခဲ့တယ်။—၆ ရာ. ၂၂:၉

၁၁ ဒီနေ့ ယေဟောဝါ လုပ်ဆောင်​နေတဲ့ သွန်သင်ခြင်း​လုပ်ငန်းကြီး​မှာ ကျွန်တော်တို့အားလုံး ပါဝင်​နိုင်တယ်။ လတိုင်း တခြားသူတွေကို ကျမ်းစာ​အကြောင်း သင်​ပေးဖို့၊ ယေဟောဝါကို ဝတ်ပြု​လာအောင် သူတို့ရဲ့ စိတ်​နှလုံး​ကို လှုံ့ဆော်​ဖို့ သင်​ပန်းတိုင်​ထား​သလား။ အစွမ်းကုန် ကြိုးစားခြင်း​နဲ့ ဘုရားသခင့် ကောင်းချီး​ကြောင့် ကျမ်းစာသင်အံမှု​တစ်ခု စ​နိုင်​ပါလိမ့်မယ်။ အဲ​ဒီ​ပန်းတိုင်​အကြောင်း သင်​ဆုတောင်း​သလား။ အားလပ်ချိန်​တချို့ကို​တောင် အဲဒီ​လုပ်ငန်း​အတွက် သုံး​ချ​င်​သလား။ စစ်မှန်တဲ့ ဝတ်ပြုရေး​ဘက် လှည့်​လာအောင် လူတွေကို ကူညီပေးဖို့ ဧဖရိမ်​တောင်တန်းဒေသ​အထိ ယောရှဖတ် သွားခဲ့​သလို ကျွန်တော်တို့လည်း မ​လှုပ်​မ​ရှား ဖြစ်နေ​သူတွေ​ဆီ သွား​နိုင်ပါတယ်။ အသင်းတော်​ရပ်ကွက်​ထဲမှာ ရှိပြီး အပြစ်​လမ်းစဉ်​ကို စွန့်ခဲ့​ပြီး​ဖြစ်​မယ့် နှင်ထုတ်​ခံ​ထား​ရသူ​တွေဆီ လည်ပတ်​ကူညီပေးဖို့ အသင်းတော် အကြီးအကဲတွေ စီစဉ်​နိုင်တယ်။

၁၂၊ ၁၃။ (က) ကြောက်မက်ဖွယ် အခြေအနေ ကြုံရ​ချိန်မှာ ယောရှဖတ် ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။ (ခ) အားနည်း​ချက်ကို အသိအမှတ်ပြု​ရာမှာ ယောရှဖတ်​ကို ဘာကြောင့် တုပ​သင့်သလဲ။

၁၂ ဖခင်​အာသ​လိုပဲ ယောရှဖတ်​ဟာ ကြောက်မက်ဖွယ် ရန်သူ​ခြိမ်းခြောက်မှု ကြုံရချိန်​မှာတောင် ဘုရားသခင်​ကို ဆည်းကပ်​ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၂၀:၂-၄ ကိုဖတ်ပါ။) ကြောက်ရွံ့​ခဲ့​ပေ​မဲ့ ‘ယေဟောဝါကို ရှာ​ခြင်း​ငှာ သဘော​ချ’ ထားတယ်။ “ဤ​အလုံးအရင်း​ကြီး​ကို . . . ဆီးတား​ခြင်း​ငှာ မတတ်နိုင်” ကြောင်း၊ ဘာ​ဆက်လုပ်​ရ​မှန်း မသိ​ဖြစ်နေ​ကြောင်း နှိမ့်ချ​စွာ ဝန်ခံ​ဆုတောင်း​ခဲ့တယ်။ “ကိုယ်တော်​ကိုသာ မျှော်ကြည့်​လျက် နေကြ​ပါ​သည်”လို့​ပြောပြီး ယေဟောဝါကို အကြွင်းမဲ့ အားကိုး​ခဲ့တယ်။—၆ ရာ. ၂၀:၁၂

၁၃ ကျွန်တော်တို့လည်း တစ်ခါတလေ ယောရှဖတ်​လိုပဲ ဘာ​ဆက်လုပ်​ရ​မှန်း​မသိ ဖြစ်ပြီး ကြောက်ရွံ့​မိ​နိုင်တယ်။ (၂ ကော. ၄:၈၊ ၉) မိမိ​နဲ့ မိမိ​လူတွေ ဘယ်လောက် အားနည်း​မှန်း လူထုရှေ့ ဆုတောင်းချက်မှာ ယောရှဖတ် ဝန်ခံ​ခဲ့တာ သတိရပါ။ (၆ ရာ. ၂၀:၅) အိမ်ထောင်ဦးစီး​တွေဟာ ပြဿနာ​ကို ဖြေရှင်း​နိုင်​ဖို့ ယေဟောဝါ​ဆီ လမ်းညွှန်မှု​နဲ့ ခွန်အား တောင်းခံခြင်း​အားဖြင့် ယောရှဖတ်​ကို တုပ​နိုင်တယ်။ အဲဒီလို​တောင်းခံ​တာကို မိသားစုဝင်​တွေ​ကြားမှာ မရှက်​ပါနဲ့။ ယေဟောဝါကို သင် ယုံကြည်ကိုးစား​ကြောင်း သူတို့ သိလာ​ပါလိမ့်မယ်။ ယောရှဖတ်​ကို ယေဟောဝါ ကူညီပေး​ခဲ့​သလို သင့်​ကိုလည်း ကူညီပေး​ပါလိမ့်မယ်။

မှန်​ရာကို ဟေဇကိ ဆက်လုပ်​ဆောင်ခဲ့

၁၄၊ ၁၅။ ဘုရားသခင်​ကို အကြွင်းမဲ့ အားကိုး​ကြောင်း ဟေဇကိ ဘယ်လို ဖော်ပြ​ခဲ့​သလဲ။

၁၄ ‘ယေဟောဝါ​၌ ဆည်းကပ်’ ခဲ့တဲ့ ဟေဇကိ​ဟာ ယောရှ​ဖတ်​နဲ့ မတူဘဲ ရုပ်တုကိုးကွယ်​တဲ့ ဖခင်​ရဲ့ မကောင်းတဲ့​ဩဇာ​ကို တွန်းလှန်​ခဲ့ရတယ်။ ‘မြင့်​သော​အရပ်​တို့ကို ပယ်၊ ရုပ်တုဆင်းတု​တို့ကို ချိုးဖဲ့၊ အာရှရပင်​တို့ကို ခုတ်လှဲ’ ခဲ့ရတယ်။ ရုပ်တုကိုးကွယ်​ရာမှာ တလွဲသုံး​နေတဲ့ “မောရှေ​လုပ်​သော ကြေးဝါ​မြွေ​ကို အပိုင်း​ပိုင်း ဖြတ်” ခဲ့တယ်။ “မောရှေ​၌ ထာဝရဘုရား ထား​တော်မူသော ပညတ်တော်​တို့ကို စောင့်ရှောက်” ပြီး ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်​ခဲ့တယ်။—၄ ရာ. ၁၈:၁-၆

၁၅ အဲဒီအချိန်​တုန်းက ကမ္ဘာ့အာဏာစက် အဆီးရီးယား​တွေ ယုဒပြည်​ကို ကျူးကျော်ဝင်ရောက်​လာပြီး ဂျေရု​ဆလင်မြို့​ကို ဖျက်ဆီး​မယ်လို့ ခြိမ်းခြောက်​ချိန်မှာ​တောင် ယေဟောဝါကို ဟေဇကိ စိတ်နှလုံး အကြွင်းမဲ့ အားကိုး​ခဲ့တယ်။ အဆီးရီးယား​ဘုရင် သနာခရိပ်​က ယေဟောဝါကို ကဲ့ရဲ့​ပြီး ဟေဇကိ လက်နက်​ချ​အော​င် ခြိမ်းခြောက်​ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကယ်တင်နိုင်စွမ်း​ကို အကြွင်းမဲ့ ယုံကြည်ကိုးစား​ကြောင်း ဟေဇကိ ဆုတောင်း​ပြောပြ​ခဲ့တယ်။ (ဟေရှာယ ၃၇:၁၅-၂၀ ကိုဖတ်ပါ။) အဆီးရီးယား​စစ်သား ၁၈၅,၀၀၀ ကို လုပ်ကြံ​ဖို့ ကောင်းကင်တမန်​တစ်ပါး​ကို စေလွှတ်ခြင်း​အားဖြင့် ဟေဇကိရဲ့ ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြား​ခဲ့တယ်။—ဟေ​ရှာ. ၃၇:၃၆၊ ၃၇

၁၆၊ ၁၇။ ဘုရားသခင်​ကို ဝတ်ပြု​ရာမှာ ဟေဇကိ​ကို ဘယ်လို တုပ​နိုင်သလဲ။

၁၆ နောက်ပိုင်း ဟေဇကိ သေ​လု​မြော​ပါး ဖျားနာ​ခဲ့တယ်။ ယေဟောဝါဘုရား​ရှေ့မှာ ဘယ်လို ကျင့်ကြံ​ခဲ့​ကြောင်း အမှတ်​ရဖို့ အသနားခံ​ခဲ့တယ်။ (၄ ဓမ္မရာဇဝင် ၂၀:၁-၃ ကိုဖတ်ပါ။) အံ့ဖွယ်​ကုသမှု​ဖြစ်စေ၊ အသက်ပိုရှည်​ဖို့​ဖြစ်စေ ဘုရားသခင်​ဆီက မမျှော်လင့်​နိုင်​တဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်​နေကြ​ကြောင်း ကျမ်းစာ​အရ သိရတယ်။ ဒါပေမဲ့ ဟေဇကိ​လိုပဲ “အကျွန်ုပ်​သည် ရှေ့တော်​၌ သစ္စာစောင့်​လျက်၊ စုံလင်​သော စိတ်နှလုံး​နှင့် ကျင့်” ကြံ​ပါတယ်​လို့ ဆုတောင်း​နိုင်တယ်။ ဖျားနာ​ချိန်မှာ သင့်ကို ယေဟောဝါ ထောက်မပေး​နိုင်စွမ်း​ရှိကြောင်း၊ ထောက်မပေး​လို​ကြောင်း ယုံကြည်​ပါသလား။—ဆာ. ၄၁:၃

၁၇ ဟေဇကိရဲ့ ပုံနမူနာ​ကို တွေးတောဆင်ခြင်​တဲ့အခါ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်​စေတဲ့၊ စစ်မှန်တဲ့ ဝတ်ပြုရေး​က​နေ အာရုံလွဲ​သွား​စေတဲ့ အရာ​တစ်ခုခုကို ဖယ်ရှား​ဖို့ လို​နေမှန်း သတိထား​မိ​နိုင်တယ်။ လူ​မှု​မီဒီယာ​ကို သုံးပြီး လူတွေကို ဘုရား​သဖွယ် ဆက်ဆံ​နေ​သူတွေကို ကျွန်တော်တို့ မတုပ​ချ​င်​ကြဘူး။ မီဒီယာ​တွေကို သုံးပြီး မိသားစုဝင်​တွေ၊ မိတ်ဆွေတွေ​နဲ့ ဆက်သွယ်​နေတဲ့ ခရစ်ယာန်​တချို့ ရှိ​နိုင်ပါတယ်။ ဒါပေမဲ့ လောကမှာ​ရှိတဲ့​လူများစွာ​က လူ​မှု​မီဒီယာ​ကို အလွန်အကျွံ​သုံးပြီး ကိုယ်​မသိ​တဲ့ အမျိုးသား/သမီး​တွေ​နောက် လိုက်​နေကြတယ်။ သူတို့​ပုံတွေ ကြည့်ဖို့၊ သူတို့​အကြောင်း​တွေ ဖတ်​ဖို့ အချိန်​အကုန်ခံ​နေကြတယ်။ အသေးအမွှား​လေး​တွေနဲ့ အချိန်ကုန်​သွားနိုင်တယ်။ ခရစ်ယာန်​တစ်ယောက်​ဟာ ကိုယ့်​ပုံတွေ၊ စာ​တွေကို ဘယ်​နှ​ယောက်​ကြိုက်​လို့​ဆိုပြီး မာန​တက်လာ​နိုင်တယ်။ ကိုယ့်​နောက်ဆက်​မ​လိုက်​တော့​လို့ စိတ်​တောင်​ဆိုး​သွားနိုင်တယ်။ တမန်တော် ပေါလု၊ အာကုလ၊ ပြစ်ကိလ​တို့ နေ့တိုင်း ပုံ​တင်​နေတာ၊ ညီအစ်ကို/မ မဟုတ်တဲ့ အပြင်​လူတွေ​နောက် လိုက်​နေတာကို မြင်ယောင်ကြည့်​နိုင်​သလား။ ပေါလုဟာ “တရားဟော​ခြင်း​အမှု​ကိုသာ အာရုံစိုက်​ဆောင်ရွက်” ခဲ့တယ်​လို့ ဖတ်​ရတယ်။ ပြစ်ကိလ​နဲ့ အာကုလ​လည်း တခြားသူတွေကို “ဘုရားသခင်၏ လမ်းစဉ်​တော်​အကြောင်းကို သာ၍​မှန်ကန်စွာ” ရှင်း​ပြဖို့ အချိန်သုံး​ခဲ့ကြတယ်။ (တ. ၁၈:၄၊ ၅၊ ၂၆) ဒါကြောင့် ကျွန်တော်တို့လည်း ‘လူတွေကို ကိုးကွယ်​တာကို ရှောင်​နေ​သလား၊ အဖိုးတန်​အချိန်​တွေကို အရေး​မကြီး​တဲ့ကိစ္စ​တွေအတွက် အကုန်ခံ​နေ​သလား’ လို့ မေးနိုင်တယ်။ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။

ယေဟောဝါရဲ့ ပညတ်များ​ကို ယောရှိ စောင့်ရှောက်

၁၈၊ ၁၉။ ဘယ်နည်းတွေနဲ့ ယောရှိ​ကို တုပ​ချ​င်​သလဲ။

၁၈ ဟေဇကိရဲ့ မြစ် ဘုရင်​ယောရှိ​လည်း ယေဟောဝါရဲ့ ပညတ်​တရားကို “စိတ်နှလုံး အကြွင်းမဲ့” စောင့်ရှောက်​ဖို့ စိတ်ပိုင်းဖြတ်​ခဲ့တယ်။ (၆ ရာ. ၃၄:၃၁) ဆယ်ကျော်သက်​အရွယ်မှာ​တောင် “အဘ​ဒါဝိဒ်​၏ ဘုရားသခင်​ကို ဆည်းကပ်​စ​ပြု” ခဲ့တယ်။ အသက် ၂၀ ရောက်​တဲ့အခါ ယုဒပြည်​မှာ ရုပ်တုကိုးကွယ်​မှုကို ဖယ်ရှား​ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁-၃ ကိုဖတ်ပါ။) ဘုရား​နှစ်သက်​ရာကို လုပ်ဆောင်​ရာမှာ တခြား​ယုဒဘုရင်​များစွာ​ထက် စိတ်ထက်သန်​ခဲ့တယ်။ ဒါတောင် မောရှေ​ရဲ့ ပညတ်ကျမ်း​မူ​ရင်းကို တွေ့​ရှိပြီး ဖတ်ပြ​ကြတဲ့​အ​ခါ ဘုရားအလိုတော်​ကို အပြည့်အဝ လုပ်​ဆောင်ဖို့ လို​နေ​သေးတယ်​လို့ ခံစား​ခဲ့တယ်။ ယေဟောဝါကို ဝတ်ပြု​ဖို့ တခြားသူတွေကို တိုက်တွန်း​ခဲ့တယ်။ ရလဒ်အနေနဲ့ ယောရှိ​လက်ထက်​မှာ လူတွေ ‘ထာဝရဘုရား နောက်တော်​သို့ လိုက်​ကြ’ တ​ယ်။—၆ ရာ. ၃၄:၂၇၊ ၃၃

၁၉ ယောရှိ​လိုပဲ လူငယ်​တွေလည်း ငယ်ငယ်​ကတည်းက ယေဟောဝါကို ရှာဖွေ​သင့်တယ်။ နောင်တ​ရတဲ့ ဘုရင်​မနာ​ရှေ​ဟာ ဘုရားသခင့် ကရုဏာ​အကြောင်း ယောရှိ​ကို သင်ပေး​ခဲ့တာ ဖြစ်နိုင်တယ်။ လူငယ်တို့၊ မိသားစုနဲ့ အသင်းတော်မှာရှိတဲ့ သစ္စာရှိ​အသက်ကြီးသူ​တွေနဲ့ တရင်းတနှီး​နေ​ပါ။ သူတို့​အပေါ် ယေဟောဝါ ဘယ်လောက် ကောင်း​ခဲ့​မှန်း သင်ယူ​ပါ။ ကျမ်းစာဖတ်​ခြင်းက ယောရှိ​ရဲ့ စိတ်​နှလုံးကို ထိမိ​ပြီး လက်တွေ့​လုပ်ဆောင်​စေခဲ့​တာကို အမှတ်ရပါ။ သင်လည်း ကျမ်းစာဖတ်​ရှု​မယ်ဆိုရင် လက်တွေ့​လုပ်​ဆောင်ဖို့ လှုံ့ဆော်ခံ​ရ​နိုင်တယ်။ ပျော်ရွှင်မှု တိုးများ​စေ​နိုင်တယ်။ ဘုရားသခင်​နဲ့ ဆက်ဆံရေး ကောင်း​လာ​စေ​နိုင်တယ်။ ဘုရားသခင်​ကို ရှာ​အောင်​ တခြားသူတွေကို ကူညီပေးဖို့ တွန်းအားပေး​နိုင်တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁၈၊ ၁၉ ကိုဖတ်ပါ။) ကျမ်းစာလေ့လာခြင်း​က အမှုဆောင်လုပ်ငန်းမှာ တိုးတက်​နိုင်မယ့် နည်းလမ်း​တွေကို သိရှိ​စေ​နိုင်တယ်။ သိလာ​ပြီ​ဆိုရင် ယောရှိ​လိုပဲ လက်တွေ့ကျင့်သုံး​ပါ။

ယေဟောဝါကို စုံလင်​တဲ့ စိတ်နှလုံး​နဲ့ ဝတ်ပြု​ပါ

၂၀၊ ၂၁။ (က) ဘုရင်​လေးပါး​မှာ ဘာ​ဆင်တူချက် ရှိ​သလဲ။ (ခ) နောက်​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၀ ယေဟောဝါကို စုံလင်​တဲ့ စိတ်နှလုံး​နဲ့ ဝတ်ပြု​ခဲ့တဲ့ ယုဒဘုရင်​လေးပါး​အကြောင်း သုံးသပ်တဲ့​အတွက် ဘာ​အကျိုးရ​ရှိ​နိုင်သလဲ။ ဘုရားအလိုတော်​အတိုင်း လုပ်ဆောင်​ရာမှာ သူတို့ စိတ်ထက်သန်​ကြ​တ​ယ်။ အကြွင်းမဲ့ ဆည်းကပ်​လုပ်ဆောင်​ခဲ့ကြတယ်။ အင်အားကြီး​ရန်သူ​တွေနဲ့ ရင်ဆိုင်​ရတဲ့​အခါမှာ​တောင် ဘုရားအလိုတော်​အတိုင်း ဆက်​လုပ်ဆောင်​ခဲ့ကြတယ်။ အရေးကြီးဆုံး​က​တော့​ ယေဟောဝါကို စိတ်ရင်းမှန်နဲ့ ဝတ်ပြု​ခဲ့ကြ​တာပါ​ပဲ။

၂၁ အဲ​ဒီ​ဘုရင်​လေးပါး​စလုံး အမှားတွေ လုပ်​ခဲ့ကြ​တယ်။ စိတ်​နှလုံးကို စစ်ဆေး​တဲ့​အရှင် စစ်ဆေး​တဲ့အခါ သူတို့​မှာ စုံလင်​တဲ့ စိတ်နှလုံး​ရှိကြောင်း တွေ့ရှိခဲ့တယ်။ ကျွန်တော်တို့လည်း မစုံလင်​ကြဘူး။ ကျွန်တော်​တို့ကို ယေဟောဝါ စစ်ဆေး​တဲ့အခါ စုံလင်​တဲ့ စိတ်နှလုံး​ရှိတယ်လို့ ယူမှတ်​မလား။ အဲ​ဒီ​ဘုရင်​လေးပါး​ရဲ့ အမှားတွေ​က​နေ ဘာ​သင်ယူနိုင်​ကြောင်း နောက်​ဆောင်းပါးမှာ ဆွေးနွေးကြ​ပါမယ်။