ကျမ်းစာမှာ ရေးထားသမျှကို နှလုံးသွင်းမလား
“ထိုအကြောင်းအရာများတို့သည် . . . ခေတ်စနစ်အဆုံး၌ရှိသော ငါတို့ကို သတိပေးရန် ကျမ်းစာ၌ ရေးထား၏။”—၁ ကော. ၁၀:၁၁။
၁၊ ၂။ ယုဒဘုရင် လေးပါးရဲ့ ပုံနမူနာတွေကို ဘာကြောင့် သုံးသပ်ကြမလဲ။
လမ်းပေါ်မှာ လူတစ်ယောက် ချော်လဲသွားတာကို မြင်ရင် အဲဒီလမ်းကို သင် သတိထားမယ် မဟုတ်လား။ တခြားသူတွေရဲ့ အမှားကို သုံးသပ်ခြင်းက ထပ်တူအမှားမျိုး မပြုမိအောင် ကူညီပေးနိုင်တယ်။ ကျွန်တော်တို့ရဲ့ ခရစ်ယာန်လမ်းစဉ်မှာလည်း အလားတူပါပဲ။ ကျမ်းစာမှာ မှတ်တမ်းတင်ထားသူတွေ အပါအဝင် တခြားသူတွေရဲ့ အမှားကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။
၂ ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့ ဘုရင်လေးပါးဟာ ယေဟောဝါကို စုံလင်တဲ့ စိတ်နှလုံးနဲ့ ဝတ်ပြုခဲ့ကြတယ်။ ဒါပေမဲ့ ကြီးလေးတဲ့ အမှားတွေ လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကနေ ဘာသင်ယူနိုင်သလဲ။ သူတို့ရဲ့ အမှားမျိုးကို ဘယ်လို ရှောင်နိုင်သလဲ။ ဒီပုံနမူနာတွေကို တွေးတောဆင်ခြင်မယ်ဆိုရင် ကျွန်တော်တို့ကို ဆုံးမသွန်သင်ဖို့ ရေးထားတဲ့အရာတွေကနေ အကျိုးရရှိနိုင်တယ်။—ရောမ ၁၅:၄ ကိုဖတ်ပါ။
လူ့ဉာဏ်ပညာကို အားကိုးခြင်းက ပျက်စီးစေ
၃-၅။ (က) အာသမှာ စုံလင်တဲ့ စိတ်နှလုံး ရှိပေမဲ့ ဘာပြဿနာ ကြုံခဲ့ရသလဲ။ (ခ) ယုဒပြည်ကို ဗာရှာ လာတိုက်တဲ့အခါ လူတွေကို အာသ ဘာကြောင့် အားကိုးခဲ့တာ ဖြစ်နိုင်သလဲ။
၃ အာသအကြောင်း၊ ကျွန်တော်တို့ရဲ့ ဘဝကို ဘုရားစကားတော် ကျမ်းစာ ဩဇာ လွှမ်းမိုးနိုင်ပုံအကြောင်း သုံးသပ်ကြည့်ကြစို့။ ယုဒပြည်ကို အီသီယိုးပီးယားစစ်သည် တစ်သန်း လာတိုက်တုန်းက ယေဟောဝါကို အာသ အားကိုးခဲ့တယ်။ ဒါပေမဲ့ အာသပိုင်နက်ရဲ့ နယ်စပ် ရာမမြို့ကို အစ္စရေးဘုရင် ဗာရှာ အခိုင်အမာ တည်ချိန်မှာတော့ ယေဟောဝါကို အာသ အားမကိုးတော့ဘူး။ (၆ ရာ. ၁၆:၁-၃) ဒီအချိန်မှာ ကိုယ့်ဉာဏ်ပညာကို အားကိုးပြီး ဗာရှာကို တိုက်ပေးဖို့ ဆီးရီးယားဘုရင် ဗင်ဟာဒဒ်ကို ငွေပေးခဲ့တယ်။ အာသရဲ့ ဗျူဟာ အောင်မြင်ခဲ့သလား။ “ထိုသတင်းကို ဗာရှာသည် ကြားသောအခါ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကို ဖြတ်၍နေ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၆ ရာ. ၁၆:၅) အပေါ်ယံ ကြည့်လိုက်ရင်တော့ အာသရဲ့ ဗျူဟာ အောင်မြင်ခဲ့သလိုပါပဲ။
၄ အာသရဲ့ လုပ်ရပ်ကို ယေဟာဝါ ဘယ်လို ရှုမြင်သလဲ။ မိမိကို အားမကိုးတဲ့အတွက် အာသကို ဆုံးမဖို့ ပရောဖက်ဟာနန်ကို ယေဟောဝါ စေလွှတ်ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၁၆:၇-၉ ကိုဖတ်ပါ။) “ယခုမှစ၍ စစ်မှု ရှိလိမ့်မည်” လို့ ဟာနန် ပြောတယ်။ ဗာရှာ ဆုတ်ခွာသွားပေမဲ့ အာသရဲ့ နောက်ပိုင်းနန်းစံချိန်တစ်လျှောက်လုံး စစ်ဘေးနဲ့ ကြုံခဲ့ရတယ်။
၅ ရှေ့ဆောင်းပါးမှာ တွေ့ခဲ့ရတဲ့အတိုင်း အာသရဲ့ စိတ်နှလုံးကို ဘုရားသခင် စစ်ဆေးတဲ့အခါ စုံလင်တဲ့ စိတ်နှလုံး ရှိတယ်လို့ စီရင်ခဲ့တယ်။ (၃ ရာ. ၁၅:၁၄) အာသရဲ့ ဆည်းကပ်မှုကို ဘုရားသခင် တွေ့မြင်ပြီး ကျေနပ်အားရခဲ့တယ်။ ဒါပေမဲ့ ပညာမဲ့ လမ်းစဉ်ရဲ့ ဆိုးကျိုးတွေကို အာသ ခံစားခဲ့ရတယ်။ ဗာရှာနဲ့ ရင်ဆိုင်ချိန်မှာ ယေဟောဝါအစား မိမိကိုယ်တိုင်နဲ့ ဗင်ဟာဒဒ်ကို အာသ ဘာကြောင့် အားကိုးခဲ့တာလဲ။ နိုင်ငံရေး၊ စစ်ရေးအရ ဖြေရှင်းတာဟာ ဘုရားသခင်ဆီ အကူအညီ တောင်းတာထက် ပိုကောင်းမယ်ဆိုပြီး ထင်လို့လား။ တခြားသူတွေရဲ့ မကောင်းတဲ့ အကြံဉာဏ်ကို နားယောင်မိလို့လား။
၆။ အာသရဲ့ အမှားကနေ ဘာသင်ယူနိုင်သလဲ။ ရှင်းပြပါ။
၆ အာသမှတ်တမ်းက ကိုယ့်လုပ်ရပ်ကို ဆန်းစစ်ဖို့ လှုံ့ဆော်ပေးသလား။ ကြီးမားလွန်းတယ်လို့ ထင်ရတဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ယေဟောဝါကို အားကိုးဖို့ လိုအပ်ကြောင်း သိမှတ်ဖို့ လွယ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် အသေးအမွှားကိစ္စတွေ ဖြေရှင်းတဲ့အခါ ဘာလုပ်ကြသလဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်ခြင်းအားဖြင့် လူ့ဉာဏ်ပညာကို အားထားသလား။ ကျမ်းစာမူတွေကို ရှာဖွေကျင့်သုံးခြင်းအားဖြင့် ယေဟောဝါရဲ့ နည်းလမ်းကို အားကိုးကြောင်း ပြသလား။ ဥပမာ၊ အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ တက်ဖို့ မိသားစုရဲ့ ဆန့်ကျင်မှု ကြုံရနိုင်တယ်။ အဲဒီအခါ အကောင်းဆုံး ဖြေရှင်းနည်းကို ညွှန်ပြပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ အလုပ်ပြုတ်သွားလို့ အလုပ်သစ် ရှာတွေ့ဖို့ ခက်နေရင်ကော။ အလုပ်လျှောက်တဲ့အခါ ကြားရက်အစည်းအဝေးတွေ ပုံမှန်တက်မယ့်အကြောင်း အသိပေးဦးမလား။ ဘာပြဿနာပဲ ကြုံရပါစေ “ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်” ဆိုတဲ့ ဆာလံဆရာရဲ့ စကားကို လိုက်နာသင့်ပါတယ်။—ဆာ. ၃၇:၅။
မကောင်းတဲ့ အပေါင်းအသင်းများ
၇၊ ၈။ ယောရှဖတ် ဘာအမှားတွေ လုပ်ခဲ့သလဲ။ ဘာရလဒ် ရရှိခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၇ အာသရဲ့ သား ယောရှဖတ်ကော ဘယ်လိုလဲ။ သူ့မှာ အရည်အသွေးကောင်းများစွာ ရှိပါရဲ့။ ယေဟောဝါကို အားကိုးတဲ့အတွက် ကောင်းမှုများစွာ ပြုလုပ်နိုင်ခဲ့ပါရဲ့။ ဒါပေမဲ့ ပညာမဲ့တဲ့ ဆုံးဖြတ်ချက်တွေလည်း ချခဲ့တယ်။ ဥပမာ၊ မိမိရဲ့ သားကို မြောက်ပိုင်းနိုင်ငံက မင်းဆိုး အာဟပ်ရဲ့ သမီးနဲ့ ပေးစားခဲ့တယ်။ ပရောဖက် မိက္ခာ သတိပေးနေတဲ့ကြား ဆီးရီးယားတွေကို တိုက်ဖို့ အာဟပ်နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ တိုက်ပွဲမှာ သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တယ်။ အဲဒီနောက် ဂျေရုဆလင်ကို ပြန်လာတယ်။ (၆ ရာ. ၁၈:၁-၃၂) အဲဒီအခါ ပရောဖက် ယေဟုက “မင်းကြီးသည် မတရားသောသူကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့် သလော” လို့မေးခဲ့တယ်။—၂ ရာဇဝင်ချုပ် ၁၉:၁-၃ ကိုဖတ်ပါ။
၈ ဒီအမှားကနေ ယောရှဖတ် သင်ယူခဲ့သလား။ ယေဟောဝါရဲ့ မျက်နှာသာရဖို့ ထက်သန်စွာ ဆက်လုပ်ဆောင်ခဲ့ပေမဲ့ အာဟပ်နဲ့ ပေါင်းသင်းတဲ့အမှား၊ ယေဟုရဲ့ သတိပေးစကားကနေ မသင်ယူခဲ့ဘူး။ ဘုရားသခင့် ရန်သူ၊ အာဟပ်ရဲ့ သား မင်းဆိုး အာခဇိနဲ့ ပညာမဲ့စွာ မိတ်ဖွဲ့ခဲ့ပြန်တယ်။ ယောရှဖတ်နဲ့ အာခဇိ သင်္ဘောတွေ ဆောက်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သင်္ဘောတွေ ပျက်သွားတဲ့အတွက် ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက် မအောင်မြင်ခဲ့ဘူး။—၆ ရာ. ၂၀:၃၅-၃၇။
၉။ မကောင်းတဲ့ အပေါင်းအသင်းက ဘယ်လို ထိခိုက်စေနိုင်သလဲ။
၉ ယောရှဖတ်ရဲ့ မှတ်တမ်းကို ဖတ်ရှုခြင်းက ကိုယ့်ဘဝကို ဆန်းစစ်ဖို့ လှုံ့ဆော်ပေးတယ်။ ဘယ်နည်းအားဖြင့်လဲ။ ယောရှဖတ်ဟာ မင်းကောင်းတစ်ပါးပါ။ မှန်ရာကို ပြုလုပ်ပြီး ‘ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ရှာ’ ခဲ့တယ်။ (၆ ရာ. ၂၂:၉) ဒါပေမဲ့ မကောင်းတဲ့ အပေါင်းအသင်းတွေရဲ့ ဩဇာ ခံခဲ့တယ်။ “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဆိုတဲ့ ကျမ်းစကားကို အမှတ်ရပါ။ (သု. ၁၃:၂၀) အမှန်တရားမှာ စိတ်ဝင်စားသူတွေကို ကျွန်တော်တို့ ကူညီပေးနေတာ ဖြစ်နိုင်တယ်။ အာဟပ်နဲ့ မလိုအပ်ဘဲ ပေါင်းသင်းခဲ့တဲ့အတွက် ယောရှဖတ် သေလုနီးပါး ဖြစ်ခဲ့ရသလို ကျွန်တော်တို့လည်း ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ မလိုအပ်ဘဲ ပေါင်းသင်းမယ်ဆိုရင် အန္တရာယ် ရှိတယ်။
၁၀။ (က) အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ယောရှဖတ်ဆီကနေ ဘာသင်ယူနိုင်သလဲ။ (ခ) မကောင်းတဲ့ အပေါင်းအသင်းကိစ္စ ကြုံရတဲ့အခါ ဘယ်အချက်ကို သတိရသင့်သလဲ။
၁၀ ယောရှဖတ်ရဲ့ ဖြစ်ရပ်ကနေ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ ခရစ်ယာန်တစ်ယောက်ဟာ အသင်းတော်ထဲမှာ သင့်တော်တဲ့ အိမ်ထောင်ဖက် ရှာမတွေ့နိုင်ဘူးလို့ တွေးပြီး ယေဟောဝါကို မချစ်သူတစ်ယောက်ယောက်ကို စိတ်ဝင်စားလာနိုင်တယ်။ ‘အရွယ်မလွန်ခင်’ အိမ်ထောင်ပြုဖို့ မယုံကြည်သူ ဆွေမျိုးတွေရဲ့ ဖိအားပေးမှု ခံရနိုင်တယ်။ တချို့ကလည်း “မေတ္တာနဲ့ လက်တွဲဖော် လိုချင်တယ်” လို့ပြောခဲ့တဲ့ ညီအစ်မတစ်ယောက်လို ခံစားရနိုင်တယ်။ ခရစ်ယာန်တစ်ယောက် ဘာလုပ်မလဲ။ ယောရှဖတ်ရဲ့ အတွေ့အကြုံကို တွေးတောခြင်းကနေ အကူအညီ ရနိုင်တယ်။ သူဟာ လမ်းညွှန်မှုရဖို့ ဘုရားကို မျှော်ကိုးနေကျပဲ။ (၆ ရာ. ၁၈:၄-၆) ဒါပေမဲ့ ယေဟောဝါကို မချစ် တဲ့ အာဟပ်နဲ့ ပေါင်းသင်းတဲ့အခါ ဘာဖြစ်သွားသလဲ။ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုသူတွေကို ယေဟောဝါ ကြည့်နေကြောင်း ယောရှဖတ် သတိရသင့်တယ်။ ဒီခေတ်မှာလည်း ကျွန်တော်တို့အကျိုးအတွက် ‘အစွမ်းတန်ခိုး ပြဖို့’ ယေဟောဝါ ‘မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေတယ်။’ (၆ ရာ. ၁၆:၉၊ ကဘ) ကျွန်တော်တို့ရဲ့ အခြေအနေကို နားလည်ပေးတယ်။ ကျွန်တော်တို့ကို ချစ်တယ်။ မေတ္တာနဲ့ လက်တွဲဖော် လိုအပ်မှုကို ဘုရားသခင် ဖြည့်ဆည်းပေးမယ်ဆိုတာ သင်ယုံကြည်သလား။ တစ်ချိန်ချိန်မှာ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချပါ။
မာနစိတ် မဝင်ပါစေနဲ့
၁၁၊ ၁၂။ (က) မိမိစိတ်ထဲ ရှိတာကို ဟေဇကိ ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ဘုရားသခင့် အမျက်တော်ကနေ ဟေဇကိ ဘာကြောင့် လွတ်မြောက်ခဲ့သလဲ။
၁၁ ဟေဇကိဆီကနေ သင်ယူရတဲ့ သင်ခန်းစာမှာ စိတ်နှလုံး ပါဝင်ပတ်သက်တယ်။ စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က ဟေဇကိရဲ့ စိတ်နှလုံးထဲမှာ ရှိတဲ့အရာကို ဖော်ထုတ်ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၃၂:၃၁ ကိုဖတ်ပါ။) ဟေဇကိ အသည်းအသန် ဖျားနာချိန်မှာ ပြန်ကောင်းလာမယ်ဆိုတဲ့ လက္ခဏာသက်သေကို ဘုရားသခင် ပေးခဲ့တယ်။ အရိပ် နောက်ပြန်ဆုတ်တဲ့ သက်သေအကြောင်း စုံစမ်းဖို့ သံတမန်တွေကို ဗာဗုလုန်ဘုရင် စေလွှတ်ခဲ့ပုံ ရတယ်။ (၄ ရာ. ၂၀:၈-၁၃။ ၆ ရာ. ၃၂:၂၄) ဒီကိစ္စမှာ ဘုရားသခင် ဝင်မပါဘဲ ဟေဇကိကို ‘လွှတ်ထား’ တဲ့အခါ စိတ်ထဲ ရှိတာတွေ ပေါ်လာပြီး “ဘဏ္ဍာတော် အလုံးစုံတို့ကို ပြ” လိုက်တယ်။ အဲဒီလုပ်ရပ်အမှားက “ဟေဇကိမင်း၏ သဘောကို အကုန်အစင်” ဖော်ပြလိုက်တာပဲ။
၁၂ ဟေဇကိ ဘာကြောင့် မာနစိတ် ဝင်လာတယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ အဆီးရီးယားတွေကို အောင်နိုင်လို့၊ ဘုရားသခင် အံ့ဖွယ်နည်းနဲ့ ရောဂါပျောက်စေခဲ့လို့ ဖြစ်နိုင်တယ်။ “များစွာသော စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေ ရှိ” လို့လည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် “မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက် မကျင့်” ဘဲ မာနထောင်လွှားခဲ့တယ်။ ဝမ်းနည်းစရာပါပဲ။ ယေဟောဝါကို စုံလင်တဲ့ စိတ်နှလုံးနဲ့ ဝတ်ပြုခဲ့ပေမဲ့ ယေဟောဝါ မနှစ်သက်တာကို တစ်ခဏတော့ လုပ်မိခဲ့တယ်။ နောက်ပိုင်း “ကိုယ်ကို နှိမ့်ချ” ခဲ့တဲ့အတွက် သူနဲ့ ပြည်သူ/သားတွေ ဘုရားသခင့် အမျက်တော်ကနေ လွတ်မြောက်ခဲ့ကြတယ်။—၆ ရာ. ၃၂:၂၅-၂၇။ ဆာ. ၁၃၈:၆။
၁၃၊ ၁၄။ (က) ကျွန်တော်တို့ရဲ့ သဘောကို စမ်းသပ်ဖို့ ဘယ်အချိန်မှာ ယေဟောဝါ ‘လွှတ်ထား’ နိုင်သလဲ။ (ခ) ပြီးမြောက်ခဲ့ရာအတွက် ချီးမွမ်းခံရတဲ့အခါ ဘာလုပ်နိုင်သလဲ။
၁၃ ဟေဇကိရဲ့ မှတ်တမ်းကို ဖတ်ရှုတွေးတောခြင်းကနေ ဘာအကျိုး ရရှိနိုင်သလဲ။ သနာခရိပ်ကို ယေဟောဝါ ရှုံးနိမ့်စေပြီးနောက်၊ ဟေဇကိရဲ့ သေလုမြောပါးဝေဒနာကို ပျောက်ကင်းစေပြီးနောက် မကြာခင်မှာပဲ ဟေဇကိ မာနထောင်လွှားလာကြောင်း သတိရပါ။ ကျွန်တော်တို့လည်း တစ်ခုခု အောင်မြင်တဲ့အခါ စိတ်ထဲ ရှိတာတွေ ပေါ်လာဖို့၊ ကျွန်တော်တို့ရဲ့ သဘောကို စမ်းသပ်ဖို့ ယေဟောဝါ ‘လွှတ်ထား’ တာ ဖြစ်နိုင်သလား။ ဥပမာ၊ ညီအစ်ကိုတစ်ယောက် ဟောပြောချက် ပြင်ဆင်ပြီး ပရိသတ်ကြီးရှေ့မှာ ဟောပြောတယ်။ ဟောပြောချက် ကောင်းလို့ လူတွေ ချီးမွမ်းကြတယ်။ ဘယ်လို တုံ့ပြန်မလဲ။
၁၄ ချီးမွမ်းခံရတဲ့အခါ ယေရှုရဲ့ ဒီစကားတွေကို လိုက်နာသင့်တယ်- “သင်တို့သည် စေခိုင်းသမျှကို ဆောင်ရွက်ပြီးသောအခါ ‘ငါတို့သည် အသုံးမကျသောကျွန်များ ဖြစ်ကြ၏။ ဆောင်ရွက်သင့်ရာများကိုသာ ငါတို့ ဆောင်ရွက်ခဲ့ကြ၏’ ဟုဆိုကြလော့။” (လု. ၁၇:၁၀) ဒီကိစ္စမှာလည်း ဟေဇကိရဲ့ အတွေ့အကြုံကနေ သင်ယူနိုင်ပါတယ်။ ဟေဇကိဟာ မာနထောင်လွှားလာပြီး “မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက် မကျင့်” ခဲ့ဘူး။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့တာတွေကို တွေးတောဆင်ခြင်ခြင်းက ဘုရားသခင် မုန်းတဲ့သဘောထားကို ရှောင်ဖို့ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းနိုင်တယ်။ မိမိလူမျိုးကို ကူညီပေးဖို့ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။
ဆုံးဖြတ်ချက် ချတဲ့အခါ သတိထားပါ
၁၅၊ ၁၆။ ဘုရားသခင့် ကာကွယ်မှုနဲ့ အသက်ကို ယောရှိ ဘာကြောင့် ဆုံးရှုံးခဲ့ရသလဲ။
၁၅ မင်းကောင်း ယောရှိရဲ့ အတွေ့အကြုံကနေ ဘာသင်ယူနိုင်သလဲ။ သူ့ကို ဘာက ရှုံးနိမ့်၊ သေဆုံးစေသလဲဆိုတာ သုံးသပ်ကြည့်ပါ။ (၂ ရာဇဝင်ချုပ် ၃၅:၂၀-၂၂ ကိုဖတ်ပါ။) အီဂျစ်ဘုရင် နေခေါနဲ့ ယောရှိ ဘာပြဿနာမှ မရှိပေမဲ့ နေခေါကို တိုက်ဖို့ ယောရှိ “စစ်ချီ” ခဲ့တယ်။ နေခေါရဲ့ စကားဟာ “ဘုရားသခင်၏ အမိန့်တော်” ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါဆိုရင် ယောရှိ ဘာကြောင့် စစ်ချီခဲ့သလဲ။ ကျမ်းစာမှာ မဖော်ပြထားဘူး။
၁၆ နေခေါရဲ့ စကားဟာ ယေဟောဝါဆီက ဖြစ်မှန်း ယောရှိ ဘယ်လို သိနိုင်သလဲ။ သစ္စာရှိပရောဖက် ယေရမိကို မေးမြန်းနိုင်တယ်။ (၆ ရာ. ၃၅:၂၃၊ ၂၅) ဒါပေမဲ့ မေးမြန်းခဲ့တဲ့ မှတ်တမ်း မရှိဘူး။ နေခေါဟာ ဂျေရုဆလင်ကို မဟုတ်ဘဲ တခြားလူမျိုးကို တိုက်ခိုက်ဖို့ ခါခေမိတ်မြို့ကို စစ်ချီတာ ဖြစ်တယ်။ ယေဟောဝါကိုရော ဘုရားလူမျိုးကိုပါ နေခေါ မစော်ကားဘူး။ ဒါကြောင့် နေခေါကို စစ်တိုက်တာ ယောရှိ မှားတယ်။ ဒီကနေ ဘာသင်ယူနိုင်သလဲ။ ပြဿနာ ကြုံတဲ့အခါ ယေဟောဝါရဲ့ အလိုတော် ဘာလဲဆိုတာ သုံးသပ်သင့်တယ်။
၁၇။ ပြဿနာ ကြုံရတဲ့အခါ ယောရှိရဲ့ အမှားမျိုး မပြုမိအောင် ဘယ်လို ရှောင်နိုင်သလဲ။
၁၇ ပြဿနာ ကြုံရတဲ့အခါ ဘယ်ကျမ်းစာမူတွေ ပါဝင်ပတ်သက်ကြောင်း၊ ဘယ်လို မျှမျှတတ ကျင့်သုံးနိုင်ကြောင်း စဉ်းစားသင့်တယ်။ ကိစ္စတချို့ကို အကြီးအကဲတွေနဲ့ တိုင်ပင်နိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပြီးသားအချက်တွေကို သုံးသပ်နိုင်တယ်။ စာပေတွေမှာ ရှာဖွေလေ့လာနိုင်တယ်။ ဒါပေမဲ့ ထည့်စဉ်းစားသင့်တဲ့ တခြားကျမ်းစာမူတွေလည်း ရှိနိုင်တယ်။ အဲဒါတွေကို ဆန်းစစ်ဖို့ အကြီးအကဲတစ်ယောက် ကူညီပေးနိုင်တယ်။ ဥပမာ၊ သတင်းကောင်း ဟောပြောဖို့ တာဝန်ရှိမှန်း ညီအစ်မတစ်ယောက် သိတယ်။ (တ. ၄:၂၀) အမှုဆောင်မှာ ပါဝင်ဖို့ နေ့တစ်နေ့ကို စီစဉ်ထားပေမဲ့ မယုံကြည်သူခင်ပွန်းက မသွားစေချင်ဘူး။ အခုတလော အချိန်သိပ်မရကြလို့ အဲဒီနေ့မှာတော့ နှစ်ယောက်အတူ တစ်နေရာသွားချင်တယ်။ အဲဒီအခါ ဘုရားကို နာခံပါ၊ တပည့်ဖြစ်စေပါဆိုတဲ့ ကျမ်းချက်တွေကို ညီအစ်မ စဉ်းစားမိနိုင်တယ်။ (မ. ၂၈:၁၉၊ ၂၀။ တ. ၅:၂၉) လက်အောက်ခံဖို့၊ အကျိုးသင့်အကြောင်းသင့်ရှိဖို့လည်း စဉ်းစားမိတယ်။ (ဧ. ၅:၂၂-၂၄။ ဖိ. ၄:၅) သူ့ခင်ပွန်းက အမှုဆောင်လုပ်ငန်းကို လုံးဝ ဆန့်ကျင်နေတာလား။ ဒါမှမဟုတ် ဒီတစ်ရက်ပဲ အတူရှိနေပေးဖို့ တောင်းဆိုတာလား။ ဘုရားသခင့် အလိုတော်ကို ပိုင်းခြားသိမြင်ပြီး ကြည်လင်တဲ့ သိစိတ်ရှိဖို့ ကြိုးစားရာမှာ မျှတဖို့ လိုတယ်။
စုံလင်တဲ့ စိတ်နှလုံး ထိန်းသိမ်းထားပါ
၁၈။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဘုရင်လေးပါးအကြောင်း သုံးသပ်ခြင်းကနေ ဘာအကျိုး ရရှိနိုင်သလဲ။
၁၈ ကျွန်တော်တို့ မစုံလင်တဲ့အတွက် အထက်မှာ ဆွေးနွေးခဲ့တဲ့ ဘုရင်လေးပါးရဲ့ အမှားမျိုး တစ်ခါတလေ ကျူးလွန်မိနိုင်တယ်။ (၁) လူ့ဉာဏ်ပညာကို အမှတ်မထင် အားကိုးမိနိုင်တယ်။ (၂) မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းမိနိုင်တယ်။ (၃) မာနကြီးလာနိုင်တယ်။ (၄) ဘုရားအလိုတော်ကို ထည့်မတွက်ဘဲ ဆုံးဖြတ်မိနိုင်တယ်။ ဘုရင်လေးပါးရဲ့ ကောင်းကွက်တွေကို ယေဟောဝါ မြင်ခဲ့သလို ကျွန်တော်တို့ရဲ့ ကောင်းကွက်ကိုလည်း မြင်ပေးလို့ ကျေးဇူးတင်စရာပါပဲ။ မိမိကို ဘယ်လောက် ချစ်မှန်း၊ ဘယ်လောက် အပြည့်အဝ အမှုဆောင်ချင်မှန်းလည်း ယေဟောဝါ သိတယ်။ ကြီးလေးတဲ့ အမှားတွေ မပြုမိအောင် ကူညီပေးတဲ့ သတိပေးနမူနာတွေကိုလည်း ဖော်ပြပေးထားတယ်။ ဒီကျမ်းစာမှတ်တမ်းတွေကို တွေးတောဆင်ခြင်ပြီး ယေဟောဝါ ပြင်ဆင်ပေးရာတွေအတွက် ကျေးဇူးတင်ကြပါစို့။