မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၀

“ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ”

“ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ”

“ချစ်ရတဲ့ တိမောသေ၊ မင်းဆီ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ။”—၁ တိ. ၆:၂၀

သီချင်း ၂၉ နာမည်နဲ့ လျော်ညီအောင် နေထိုင်ပါ

အကြိုသုံးသပ်ချက် a

၁-၂။ ၁ တိမောသေ ၆:၂၀ အရ တိမောသေ ဘာတွေ အပ်နှင်းခံရသလဲ။

 ကျွန်တော်တို့က ကိုယ်တန်ဖိုးထားတဲ့အရာကို စောင့်ရှောက်ပေးဖို့ တခြားသူတွေဆီ အပ်ထားလေ့ရှိတယ်။ ဥပမာ၊ ကိုယ့်ရဲ့ ငွေ လုံခြုံအောင်၊ မပျောက်အောင်၊ အခိုးမခံရအောင် ဘဏ်မှာ အပ်ထားတတ်တယ်။ ဒါကြောင့် ကိုယ်တန်ဖိုးထားတဲ့အရာကို တခြားသူတွေဆီ ယုံယုံကြည်ကြည် အပ်တယ်ဆိုတာ ဘာကို ဆိုလိုမှန်း ကျွန်တော်တို့ သဘောပေါက်တယ်။

၁ တိမောသေ ၆:၂၀ ကိုဖတ်ပါ။ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်အကြောင်း တိကျမှန်ကန်တဲ့ အဖိုးတန် အသိပညာကို တိမောသေ ရရှိထားတယ်လို့ တမန်တော် ပေါလု ပြောတယ်။ ‘တရားစကား ဟောပြော’ ခွင့်ကိုလည်း တိမောသေ အပ်နှင်းခံရတယ်။ (၂ တိ. ၄:၂၊ ၅) ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ဖို့ တိမောသေကို ပေါလု တိုက်တွန်းတယ်။ တိမောသေလိုပဲ ကျွန်တော်တို့လည်း တန်ဖိုးရှိရာတွေ အပ်နှင်းခံထားရတယ်။ အဲဒါတွေက ဘာတွေလဲ။ ယေဟောဝါ ပေးထားတဲ့ တန်ဖိုးရှိရာတွေကို ဘာကြောင့် စောင့်ရှောက်ရမလဲ။

အဖိုးတန် အမှန်တရား အပ်နှင်းခံရ

၃-၄။ ကျမ်းစာ အမှန်တရား တန်ဖိုးရှိရတဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။

ယေဟောဝါက ကျမ်းစာကတစ်ဆင့် အမှန်တရားနဲ့ဆိုင်တဲ့ တိကျမှန်ကန်တဲ့ အသိပညာ ပေးထားတယ်။ အဲဒီအမှန်တရားတွေဟာ သိပ်တန်ဖိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရနိုင်ပုံ၊ ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှု ရနိုင်ပုံတွေကို ရှင်းပြပေးလို့ပဲ။ ကျမ်းစာ အမှန်တရားကို လက်ခံပြီး အဲဒီအတိုင်း နေထိုင်မယ်ဆိုရင် မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ မကောင်းတဲ့ အကျင့်တွေရဲ့ ကျွန်ဘဝကနေ လွတ်မြောက်မယ်။—၁ ကော. ၆:၉-၁၁

ကျမ်းစာ အမှန်တရား တန်ဖိုးရှိရတဲ့ နောက်အကြောင်းရင်း တစ်ခုကတော့ ယေဟောဝါက “စိတ်ရင်းမှန်” တဲ့ နှိမ့်ချသူတွေကိုပဲ အဲဒီအမှန်တရား ဖွင့်ပြပေးလို့ ဖြစ်တယ်။ (တ. ၁၃:၄၈) စိတ်နှိမ့်ချသူတွေဟာ ဒီနေ့ခေတ်မှာ အမှန်တရား ဖြန့်ဝေပေးဖို့ ယေဟောဝါ သုံးနေတဲ့ သစ္စာရှိကျွန်ကို လက်ခံတယ်။ (မ. ၁၁:၂၅။ ၂၄:၄၅) ကျမ်းစာ အမှန်တရားကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ နားမလည်နိုင်ဘူး။ အဲဒါတွေကို နားလည်ရတာ တန်ဖိုးအရှိဆုံးပဲ။—ပညာ. ၃:၁၃၊ ၁၅

၅။ ဘယ်အခွင့်ထူးကိုလည်း ကျွန်တော်တို့ကို ယေဟောဝါ အပ်နှင်းထားသေးသလဲ။

ဘုရားနဲ့ပတ်သက်တဲ့၊ ဘုရားရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း တခြားသူတွေကို သွန်သင်ပေးခွင့် ယေဟောဝါ အပ်နှင်းထားတယ်။ (မ. ၂၄:၁၄) ကျွန်တော်တို့ ဟောပြောတဲ့သတင်းဟာ သိပ်တန်ဖိုးရှိတယ်။ ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်လာအောင် လူတွေကို ကူညီပေးပြီး ထာဝရအသက် ရဖို့ လမ်းပွင့်စေလို့ပဲ။ (၁ တိ. ၄:၁၆) ကျွန်တော်တို့ယောက်တိုင်း အမှုဆောင်လုပ်ငန်းမှာ နည်းနည်း ပါဝင်နိုင်တာ ဖြစ်စေ၊ များများ ပါဝင်နိုင်တာဖြစ်စေ ဒီအရေးကြီးဆုံးလုပ်ငန်းကို ထောက်မပေးနေကြတယ်။ (၁ တိ. ၂:၃၊ ၄) ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်ရတာ တကယ့် အခွင့်ထူးပါပဲ။—၁ ကော. ၃:၉

အပ်နှင်းထားတဲ့အရာကို မြဲမြဲ ဆုပ်ကိုင်ထားပါ

လူတချို့ အမှန်တရားလမ်းကနေ လွဲသွားပေမဲ့ တိမောသေကတော့ အခိုင်အမာ ရပ်တည် (စာပိုဒ် ၆ ကိုကြည့်ပါ)

၆။ တန်ဖိုးထားစိတ် ပျောက်သွားသူတချို့ ဘာဖြစ်ခဲ့သလဲ။

ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်ခွင့်ကို တိမောသေရဲ့ တစ်ခေတ်တည်းသားတချို့ တန်ဖိုးမထားကြဘူး။ ဒေမဟာ လက်ရှိ လောကစနစ်ကို စွဲလမ်းတဲ့အတွက် ပေါလုနဲ့ တွဲအမှုဆောင်ခွင့်ကို စွန့်လွှတ်လိုက်တယ်။ (၂ တိ. ၄:၁၀) ဖုဂေလုနဲ့ ဟေရမောဂင်ဟာ ပေါလုလို နှိပ်စက်ညှဉ်းပန်းခံရမှာစိုးလို့ အမှုဆောင်လုပ်ငန်းကို စွန့်ခဲ့ကြပုံရတယ်။ (၂ တိ. ၁:၁၅) ဟုမေနဲ၊ အလက်ဇန္ဒားနဲ့ ဖိလက်ဟာ အယူဖောက်ပြန်ပြီး အမှန်တရားလမ်းကနေ သွေဖည်သွားကြတယ်။ (၁ တိ. ၁:၁၉၊ ၂၀။ ၂ တိ. ၂:၁၆-၁၈) သူတို့အားလုံးဟာ တစ်ချိန်က ယုံကြည်ခြင်း ခိုင်မာသူတွေ ဖြစ်ပေမဲ့ အပ်နှင်းခံထားရတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး။

၇။ စာတန် သုံးနေတဲ့ နည်းပရိယာယ်တချို့က ဘာတွေလဲ။

ယေဟောဝါ အပ်နှင်းထားတဲ့ တန်ဖိုးရှိရာတွေကို စွန့်လွှတ်လိုက်ဖို့ ကျွန်တော်တို့ကို စာတန် ဘယ်လို သွေးဆောင်နေသလဲ။ စာတန်ရဲ့ နည်းပရိယာယ်တချို့ကို စဉ်းစားကြည့်ပါ။ ယေဟောဝါကို ချစ်တဲ့စိတ်၊ နာခံတဲ့စိတ် တဖြည်းဖြည်း ပျောက်သွားစေမယ့် အတွေးအခေါ်၊ လုပ်ရပ်တွေ ပေါ်လာစေဖို့ ဖျော်ဖြေရေးနဲ့ မီဒီယာကို စာတန် သုံးနေတယ်။ ရွယ်တူချင်း ဖိအားနဲ့ နှိပ်စက်ညှဉ်းပန်းမှုကို သုံးပြီး ကျွန်တော်တို့ ကြောက်စိတ် ဝင်အောင်၊ ဆက်မဟောတော့အောင် စာတန် ကြိုးစားနေတယ်။ အမှန်တရားကို စွန့်သွားစေဖို့ အယူဖောက်ပြန်သူတွေရဲ့ “မှားယွင်းတဲ့ ‘အသိပညာ’” ဘက် နားယောင်သွားအောင်လည်း သွေးဆောင်နေတယ်။—၁ တိ. ၆:၂၀၊ ၂၁

၈။ ဒန်နီယယ်လို့ ခေါ်တဲ့ ညီအစ်ကိုရဲ့ ဖြစ်ရပ်ကနေ ဘာသိရသလဲ။

ကျွန်တော်တို့ သတိမထားဘူးဆိုရင် အမှန်တရားလမ်းကနေ တဖြည်းဖြည်း လွဲသွားနိုင်တယ်။ ဗီဒီယိုဂိမ်းတွေ နှစ်သက်တဲ့ ဒန်နီယယ် b အကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်တော် ဆယ်နှစ်သားလောက်ကတည်းက ဗီဒီယိုဂိမ်းတွေ ဆော့လာတာ။ ပထမတော့ သိပ်အန္တရာယ် မရှိတဲ့ဂိမ်းတွေ ဆော့တယ်။ တဖြည်းဖြည်း အကြမ်းဖက်တဲ့၊ နတ်ဆိုးနဲ့ဆိုင်တဲ့ ဂိမ်းတွေ ဆော့လာတယ်” လို့ ပြောတယ်။ နောက်ဆုံး တစ်ရက်ကို ၁၅ နာရီလောက်အထိ ဆော့လာတယ်။ “ကိုယ်ဆော့တဲ့ ဂိမ်းအမျိုးအစားနဲ့ ဆော့တဲ့ အချိန်ပမာဏက ကျွန်တော့်ကို ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တယ်ဆိုတာ သိနေတယ်။ ဒါပေမဲ့ ကိုယ့်စိတ်က ကိုယ့်ကို ပြန်လှည့်စားပြီး ကျမ်းစာအတိုင်း လိုက်စရာ မလိုပါဘူးလို့ တွေးလာတယ်” ဆိုပြီး ဒန်နီယယ် ပြောတယ်။ ဖျော်ဖြေရေးရဲ့ မသိမသာ ဩဇာလွှမ်းမိုးမှုကြောင့် အမှန်တရားကို မြဲမြဲ ဆုပ်ကိုင်ဖို့ အခက်တွေ့နိုင်တယ်။ အဲဒီလို ဖြစ်လာရင် ယေဟောဝါ အပ်နှင်းထားတဲ့ အဖိုးတန်ရာတွေ ဆုံးရှုံးသွားနိုင်တယ်။

အမှန်တရားကို မြဲမြဲ ဆုပ်ကိုင်ထားနိုင်ပုံ

၉။ ၁ တိမောသေ ၁:၁၈၊ ၁၉ အရ တိမောသေကို ပေါလု ဘယ်သူနဲ့ ခိုင်းနှိုင်းသလဲ။

၁ တိမောသေ ၁:၁၈၊ ၁၉ ကိုဖတ်ပါ။ ပေါလုက တိမောသေကို စစ်သားတစ်ယောက်နဲ့ ခိုင်းနှိုင်းပြီး “မွန်မြတ်တဲ့ စစ်ပွဲကို ဆက်ပြီး တိုက်ခိုက်သွား” ဖို့ အားပေးတယ်။ ပကတိ စစ်ပွဲတော့ မဟုတ်ဘူး။ ပုံဆောင်စစ်ပွဲပါ။ ခရစ်ယာန်တွေဟာ စစ်သားတွေလိုပဲ ဘယ်နည်းတွေနဲ့ စစ်တိုက်နေကြသလဲ။ ခရစ်တော်ရဲ့ စစ်သားတွေအနေနဲ့ ဘယ်အရည်အသွေးတွေ မွေးမြူဖို့ လိုအပ်သလဲ။ ပေါလုရဲ့ ပုံဥပမာကနေ သင်ခန်းစာ ငါးခု သင်ယူကြပါမယ်။ အဲဒီသင်ခန်းစာတွေက အမှန်တရားကို မြဲမြဲ ဆုပ်ကိုင်ထားဖို့ ကူညီပေးနိုင်တယ်။

၁၀။ ဘုရားတရား ကိုင်းရှိုင်းတယ်ဆိုတာ ဘာလဲ။ ဘာကြောင့် လိုအပ်သလဲ။

၁၀ ဘုရားတရား ကိုင်းရှိုင်းပါ။ စစ်သားကောင်းဟာ သစ္စာရှိတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်တန်ဖိုးထားတဲ့အရာကို ကာကွယ်ဖို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တယ်။ ဘုရားတရား ကိုင်းရှိုင်းဖို့၊ တစ်နည်းအားဖြင့် ဘုရားကို သစ္စာစောင့်ဖို့ တိမောသေကို ပေါလု အားပေးတယ်။ (၁ တိ. ၄:၇) ဘုရားကို ချစ်တဲ့ မေတ္တာနဲ့ ဘုရားတရား ကိုင်းရှိုင်းမှု တိုးများလာလေ အမှန်တရားကို မြဲမြဲ ဆုပ်ကိုင်ထားချင်စိတ် တိုးများလာလေ ဖြစ်ပါလိမ့်မယ်။—၁ တိ. ၄:၈-၁၀။ ၆:၆

တစ်ရက်တာ အကုန်မှာ မောပန်းနေလို့ အစည်းအဝေး တက်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရနိုင်ပေမဲ့ ဘုရား ကောင်းချီး ခံစားရ (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုသလဲ။

၁၁ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ။ စစ်သားတစ်ယောက်ဟာ တိုက်ပွဲအတွက် အသင့်ဖြစ်နေဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမယ်။ တိမောသေဟာ မှားယွင်းတဲ့ အလိုဆန္ဒတွေကို ဝေးဝေး ရှောင်ဖို့၊ အရည်အသွေးကောင်းတွေ မွေးမြူဖို့၊ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းဖို့ ဆိုတဲ့ ပေါလုရဲ့ အကြံဉာဏ်ကို လိုက်လျှောက်တဲ့အတွက် ယုံကြည်ခြင်းမှာ ဆက်ခိုင်မာနေခဲ့တယ်။ (၂ တိ. ၂:၂၂) အဲဒီလို ဖြစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ခဲ့ရတယ်။ ကျွန်တော်တို့လည်း သွေးသား အလိုဆန္ဒတွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ အောင်မြင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမယ်။ (ရော. ၇:၂၁-၂၅) စရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ် ဝတ်ဆင်နိုင်ဖို့၊ တစ်ရက်တာ အကုန်မှာ မောပန်းနေပေမဲ့ အစည်းအဝေး သွားဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမယ်။—ဧ. ၄:၂၂၊ ၂၄။ ဟီ. ၁၀:၂၄၊ ၂၅

၁၂။ ဘယ်နည်းတွေအားဖြင့် ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာမလဲ။

၁၂ စစ်သားတစ်ယောက်ဟာ လက်နက်တွေ သုံးတတ်အောင် လေ့ကျင့်ထားရမယ်။ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့ဆိုရင် ပုံမှန် သုံးနေဖို့ လိုတယ်။ ကျွန်တော်တို့လည်း ကျမ်းစာကို ပိုင်ပိုင်နိုင်နိုင် သွန်သင်ရှင်းပြနိုင်စွမ်း ရှိရမယ်။ (၂ တိ. ၂:၁၅) အဲဒီစွမ်းရည်ကို အစည်းအဝေးတွေကတစ်ဆင့် ရလာနိုင်တယ်။ ကျမ်းစာ အမှန်တရား တကယ် တန်ဖိုးရှိတယ်ဆိုတာ တခြားသူတွေ ယုံကြည်စိတ်ချလာအောင် သွန်သင်ပေးဖို့ဆိုရင် ကိုယ်တိုင်က ပုံမှန် ကျမ်းစာလေ့လာပြီး ယုံကြည်ခြင်း ခိုင်မာအောင် တည်ဆောက်နေဖို့ လိုတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ကျမ်းစာ ဖတ်ရုံထက်မက လိုအပ်တယ်။ ဖတ်တဲ့အရာကို တွေးတောဆင်ခြင်ရမယ်။ ကျမ်းစာစာပေတွေမှာ ရှာဖွေလေ့လာရမယ်။ ဒါမှ ကျမ်းချက်တွေကို မှန်မှန်ကန်ကန် နားလည်ပြီး သွန်သင်ရှင်းပြနိုင်မယ်။ (၁ တိ. ၄:၁၃-၁၅) သွန်သင်ပေးတဲ့အခါမှာလည်း ကျမ်းချက် ဖတ်ပြရုံနဲ့ မလုံလောက်ဘူး။ ကျမ်းချက်ကို နားထောင်သူတွေ နားလည်ဖို့၊ လက်တွေ့ကျင့်သုံးနိုင်ပုံကို သိလာဖို့ ကူညီပေးပါ။ ကိုယ်ပိုင် ကျမ်းစာလေ့လာမှု ပုံမှန် လုပ်ခြင်းအားဖြင့် တခြားသူတွေကို သွန်သင်တဲ့အခါ ကျမ်းစာသုံးနိုင်တဲ့ စွမ်းရည် တိုးတက်လာပါလိမ့်မယ်။—၂ တိ. ၃:၁၆၊ ၁၇

၁၃။ ဟီဘရူး ၅:၁၄ အရ ပိုင်းခြားသိမြင်မှု ရှိဖို့ ဘာကြောင့် လိုအပ်သလဲ။

၁၃ ပိုင်းခြားသိမြင်မှု ရှိပါ။ စစ်သားတစ်ယောက်ဟာ အန္တရာယ်ကို ကြိုမြင်ပြီး ရှောင်တတ်ရမယ်။ ကျွန်တော်တို့လည်း အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ကြိုမြင်ပြီး ရှောင်တတ်ရမယ်။ (ပညာ. ၂၂:၃။ ဟီဘရူး ၅:၁၄ ကိုဖတ်ပါ။) ဥပမာ၊ အပန်းဖြေမှုနဲ့ ဖျော်ဖြေရေးကို ပညာရှိရှိ ရွေးချယ်ရမယ်။ တချို့ တီဗီလိုင်းတွေ၊ ရုပ်ရှင်တွေမှာ လိင်အကျင့်ပျက် ပြကွက်တွေ တင်ဆက်လေ့ရှိတယ်။ ဘုရား ပြစ်တင်ရှုတ်ချတဲ့ အဲဒီအကျင့်တွေက ကျွန်တော်တို့ကို အန္တရာယ် ဖြစ်စေနိုင်တယ်။ ဒါကြောင့် ဘုရားကို ချစ်တဲ့ မေတ္တာ တဖြည်းဖြည်း လျော့သွားစေနိုင်တဲ့ ဖျော်ဖြေရေးတွေကို ရှောင်ရမယ်။—ဧ. ၅:၅၊ ၆

၁၄။ ပိုင်းခြားသိမြင်မှုက ဒန်နီယယ်ကို ဘယ်လို ကူညီပေးသလဲ။

၁၄ အကြမ်းဖက်တဲ့၊ နတ်ဆိုးနဲ့ဆိုင်တဲ့ ဗီဒီယိုဂိမ်းတွေ အန္တရာယ် ရှိမှန်း အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒန်နီယယ် သိလာတဲ့အတွက် ကင်းမျှော်စင် စာကြည့်တိုက် မှာ ရှာဖွေလေ့လာတယ်။ ဘာရလဒ် ရသလဲ။ မသင့်တော်တဲ့ ဗီဒီယိုဂိမ်းတွေ၊ တခြား ကစားသမားတွေနဲ့ ချိတ်ဆက်ပြီး ကစားတာတွေကို ဖြတ်လိုက်တယ်။ “အခုဆို ဗီဒီယိုဂိမ်း ဆော့တဲ့အချိန်ကို အိမ်အပြင်မှာ တစ်ခုခု လုပ်တာ၊ အသင်းတော်က မိတ်ဆွေတွေနဲ့ ပေါင်းသင်းတာတွေအတွက် သုံးနေတယ်” လို့ ဒန်နီယယ် ပြောတယ်။ ဒန်နီယယ်ဟာ အခု ရှေ့ဆောင်နဲ့ အကြီးအကဲအဖြစ် အမှုဆောင်နေတယ်။

၁၅။ မှားယွင်းတဲ့ သတင်းအချက်အလက်တွေက ဘာကြောင့် အန္တရာယ်ရှိသလဲ။

၁၅ တိမောသေလိုပဲ ကျွန်တော်တို့လည်း အယူဖောက်ပြန်သူတွေ ဖြန့်တဲ့ မှားယွင်းတဲ့ သတင်းအချက်အလက်တွေရဲ့ အန္တရာယ်ကို ပိုင်းခြားသိမြင်ရမယ်။ (၁ တိ. ၄:၁၊ ၇။ ၂ တိ. ၂:၁၆) ဥပမာ၊ အယူဖောက်ပြန်သူတွေဟာ ညီအစ်ကို/မတွေနဲ့ ယေဟောဝါအဖွဲ့အစည်းကို သံသယဝင်စေဖို့ သတင်းမှားတွေ ဖြန့်နိုင်တယ်။ အဲဒီသတင်းမှားတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို အားနည်းသွားစေနိုင်တယ်။ “စိတ်ယိုယွင်းနေတဲ့သူတွေ၊ အမှန်တရား ကင်းမဲ့သူတွေက” ‘အချေအတင် ပြောဆိုတာ၊ အငြင်းပွားတာတွေ’ ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းမှားတွေ ဖြန့်နေလို့ အဲဒီဝါဒဖြန့်မှုကို ရှောင်ရမယ်။ (၁ တိ. ၆:၄၊ ၅) အယူဖောက်ပြန်သူတွေက ကျွန်တော်တို့ကို သူတို့ရဲ့ အလိမ်အညာတွေ ယုံစေချင်ပြီး ညီအစ်ကို/မတွေအပေါ် သံသယဝင်စေချင်တယ်။

၁၆။ ဘယ်အာရုံပျံ့လွင့်စရာတွေကို ရှောင်ရမလဲ။

၁၆ အာရုံမပျံ့ပါနဲ့။ “ခရစ်တော်ယေရှုရဲ့ စစ်သားကောင်းတစ်ဦးအနေနဲ့” တိမောသေဟာ လောကအလုပ်တွေ၊ ပစ္စည်းဥစ္စာ လိုက်စားမှုတွေနဲ့ အာရုံလွဲသွားမယ့်အစား အမှုဆောင်လုပ်ငန်းကို အာရုံစိုက်ခဲ့တယ်။ (၂ တိ. ၂:၃၊ ၄) တိမောသေလိုပဲ ကျွန်တော်တို့လည်း ပစ္စည်းဥစ္စာ ပိုပိုင်ဆိုင်ချင်စိတ်ကြောင့် အာရုံလွဲမသွားသင့်ဘူး။ “စည်းစိမ်ရဲ့ လှည့်စားမှု” က ယေဟောဝါကို ချစ်တဲ့စိတ်၊ ကျမ်းစာကို လေးမြတ်တဲ့စိတ်၊ ကျမ်းစာ အမှန်တရားအကြောင်း ဟောပြောချင်စိတ် ပျောက်ဆုံးသွားစေနိုင်တယ်။ (မ. ၁၃:၂၂) ဒါကြောင့် ဘဝကို ရိုးရိုးရှင်းရှင်း ထားပါ။ ကိုယ့်အချိန်နဲ့ ခွန်အားကို သုံးပြီး “နိုင်ငံတော်ကို အမြဲ ဦးစားထား” ပါ။—မ. ၆:၂၂-၂၅၊ ၃၃

၁၇-၁၈။ ယေဟောဝါနဲ့ ဆက်ဆံရေး မထိခိုက်အောင် ဘယ်လို ကာကွယ်နိုင်သလဲ။

၁၇ ချက်ချင်း လုပ်ဆောင်တတ်ဖို့ အသင့်ပြင်ထားပါ။ စစ်သားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာ ကြိုစီစဉ်ထားဖို့ လိုတယ်။ ကျွန်တော်တို့လည်း ယေဟောဝါ အပ်နှင်းထားတဲ့အရာတွေကို စောင့်ရှောက်ဖို့ အန္တရာယ်ကို မြင်တာနဲ့ ချက်ချင်း တုံ့ပြန်တတ်ရမယ်။ ချက်ချင်း တုံ့ပြန်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ကြိုတင်စီစဉ်ထားခြင်းပါပဲ။

၁၈ ဥပမာ၊ ပွဲတစ်ခုခု တက်တဲ့အခါ တက်ရောက်သူတွေက ပွဲမစခင် အနီးဆုံး ထွက်ပေါက်ကို ရှာထားလေ့ရှိတယ်။ ဘာကြောင့်လဲ။ အရေးပေါ် ဖြစ်လာတဲ့အခါ ချက်ချင်း ထွက်ပြေးနိုင်ဖို့ပဲ။ ကျွန်တော်တို့လည်း အင်တာနက် သုံးတဲ့အခါ၊ ရုပ်ရှင် ဒါမှမဟုတ် တီဗီ ကြည့်တဲ့အခါ လိင်အကျင့်ပျက်တဲ့၊ ကြမ်းကြုတ်တဲ့ ပြကွက်တွေ၊ အယူဖောက်ပြန်သူတွေ တင်ဆက်ထားတဲ့ အကြောင်းအရာတွေ ပေါ်လာတဲ့အခါ ဘယ်လို ချက်ချင်း “ထွက်” ရမယ်ဆိုတာ ကြိုတင်စီစဉ်ထားရမယ်။ ဖြစ်လာနိုင်မယ့်အရာအတွက် ကြိုပြင်ဆင်ထားမယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး မထိခိုက်အောင် ကာကွယ်နိုင်ပြီး ယေဟောဝါရှေ့ ဆက်သန့်ရှင်းနေနိုင်ပါလိမ့်မယ်။—ဆာ. ၁၀၁:၃။ ၁ တိ. ၄:၁၂

၁၉။ ယေဟောဝါ အပ်နှင်းထားတဲ့ တန်ဖိုးရှိရာတွေကို စောင့်ရှောက်ရင် ဘာကောင်းချီးတွေ ရမလဲ။

၁၉ အဖိုးတန် ကျမ်းစာ အမှန်တရား၊ အဲဒီအမှန်တရားအကြောင်း တခြားသူတွေကို သွန်သင်ပေးခွင့်ဆိုတဲ့ ယေဟောဝါ အပ်နှင်းထားတဲ့ တန်ဖိုးရှိရာတွေကို ကျွန်တော်တို့ စောင့်ရှောက်ရမယ်။ အဲဒီလို စောင့်ရှောက်မယ်ဆိုရင် ကြည်လင်တဲ့ သိစိတ်၊ အဓိပ္ပာယ်ရှိတဲ့ ဘဝ၊ ယေဟောဝါအကြောင်း သိအောင် တခြားသူတွေကို ကူညီခြင်းကနေ ရတဲ့ ပျော်ရွှင်မှုကို ရရှိပါလိမ့်မယ်။ ယေဟောဝါ အပ်နှင်းထားတဲ့အရာတွေကို ဘုရားအကူအညီနဲ့ ဆက်စောင့်ရှောက်နိုင်ပါလိမ့်မယ်။—၁ တိ. ၆:၁၂၊ ၁၉

သီချင်း ၁၂၇ ဘယ်လို လူစားမျိုး ဖြစ်သင့်

a ကျွန်တော်တို့ဟာ အမှန်တရားကို သိပြီး တခြားသူတွေကို သွန်သင်ပေးဖို့ အခွင့်ထူး ရထားတယ်။ ရထားတဲ့ အဲဒီအခွင့်ထူးကို မြဲမြဲ ဆုပ်ကိုင်ထားနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

b အမည်လွှဲများ။