မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အကောင်းဆုံး လက်ဆောင်ဟာ ဘာလဲ

အကောင်းဆုံးလက်ဆောင် ရှာပုံတော်

အကောင်းဆုံးလက်ဆောင် ရှာပုံတော်

လူတစ်ဦးအတွက် အကောင်းဆုံးလက်ဆောင်ဟာ ဘာဖြစ်မလဲဆိုတာ သိဖို့ မလွယ်ဘူး။ လက်ဆောင်ရဲ့တန်ဖိုးကို လက်ဆောင်ရသူကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ တစ်ယောက်အတွက် အကောင်းဆုံး ဖြစ်ပေမဲ့ နောက်တစ်ယောက်အတွက် အဲဒီလို ဖြစ်ချင်မှဖြစ်မယ်။

ဥပမာ၊ ဆယ်ကျော်သက်တစ်ဦးအတွက် နောက်ဆုံးပေါ် အီလက်ထရောနစ်ပစ္စည်းဟာ အကောင်းဆုံးလက်ဆောင် ဖြစ်နိုင်တယ်။ လူကြီးတွေဆိုရင်တော့ ဘိုးဘွားအမွေပစ္စည်းလို လက်ဆောင်မျိုး ရတာကို သိပ်တန်ဖိုးထားမှာပဲ။ တချို့ယဉ်ကျေးမှုတွေမှာ ငွေကြေးလက်ဆောင်ပေးရင် လူကြီးလူငယ်မရွေး ကြိုက်ကြတယ်။ အဲဒီငွေကို လိုသလို သုံးနိုင်လို့ပဲ။

သူများအတွက် စဉ်းစားပေးတတ်သူတွေကတော့ တစ်စုံတစ်ဦးအတွက် အသင့်တော်ဆုံးလက်ဆောင် ဘာဖြစ်မလဲဆိုတာ သိဖို့ ကြိုးစားကြတယ်။ အဲဒီလိုသိဖို့ အမြဲ မလွယ်ပေမဲ့ အောက်ပါအချက်တွေကို သိထားခြင်းက လက်ဆောင်ရွေးချယ်ရာမှာ အထောက်အကူ ပြုပါလိမ့်မယ်။ လက်ဆောင်ရသူကို ပျော်ရွှင်စေနိုင်တဲ့ အချက် လေးချက်ကို သုံးသပ်ကြည့်ကြစို့။

လက်ဆောင်ရသူရဲ့ လိုအင်ဆန္ဒ။ မြောက်ပိုင်းအိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့မှာ နေထိုင်သူတစ်ဦးက သူ အသက် ၁၀ နှစ်၊ ၁၁ နှစ်လောက်မှာ ရခဲ့တဲ့ ပြိုင်ဘီးဟာ အကောင်းဆုံးလက်ဆောင်ပဲလို့ ပြောတယ်။ ဘာကြောင့်လဲ။ “ကျွန်တော် သိပ်လိုချင်နေလို့ပဲ” ဆိုပြီး သူပြောတယ်။ လက်ဆောင်ကို တန်ဖိုးထား၊ မထားဆိုတာ ရရှိသူရဲ့ လိုအင်ဆန္ဒအပေါ် အများကြီးမူတည်မှန်း ဒီအချက်ကနေ သိရတယ်။ ဒါကြောင့် သင် လက်ဆောင်ပေးမယ့်သူရဲ့ အကြောင်းကိုသာမက သူ ဘာကို တန်ဖိုးထားတတ်မှန်း သိအောင် ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကိုယ်လိုချင်တဲ့အရာကို တန်ဖိုးထားတတ်ကြလို့ပဲ။ ဥပမာ၊ အဘိုးအဘွားတွေဟာ မိသားစုနဲ့အတူ ရှိနေရတာကို တန်ဖိုးထားလေ့ရှိတယ်။ သားသမီး၊ မြေးမြစ်တွေကို မကြာခဏ တွေ့ချင်ကြတယ်။ သားမြေးတွေနဲ့အတူ မိသားစုအားလပ်ရက် အပန်းဖြေတာကို တခြားလက်ဆောင်တွေထက် ပိုတန်ဖိုးထားကြတယ်။

လူတစ်ဦးရဲ့ လိုအင်ဆန္ဒတွေကို သိနိုင်ဖို့ဆိုရင် သူပြောတာကို ကောင်းကောင်း နားထောင်ပေးရမယ်။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး” လို့ ကျမ်းစာ တိုက်တွန်းတယ်။ (ယာကုပ် ၁:၁၉) မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ စကားပြောတဲ့အခါ သူတို့ ဘာတွေ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိနိုင်ဖို့ အသေအချာ နားထောင်ပေးပါ။ ဒါဆိုရင် သူတို့ကြိုက်တဲ့ လက်ဆောင်မျိုး ပေးနိုင်ပါလိမ့်မယ်။

လက်ဆောင်ရသူရဲ့ လိုအပ်ရာ။ စျေးကြီးတဲ့လက်ဆောင် မဟုတ်ရင်တောင် တကယ်လိုအပ်နေတဲ့အရာ ဖြစ်မယ်ဆိုရင် တန်ဖိုးထားကြစမြဲပဲ။ ဒါဆိုရင် သူ ဘာလိုအပ်နေမှန်း ဘယ်လို သိနိုင်သလဲ။

အလွယ်ကူဆုံးနည်းကတော့ သူ ဘာလိုအပ်တယ်၊ ဘာလိုချင်တယ်ဆိုတာ မေးလိုက်ရုံပါပဲ။ အဲဒီနည်းဟာ အများစုအတွက် သိပ်ပျော်စရာ မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဆောင်ရသူ အံ့သြဝမ်းသာသွားတာကို မြင်ချင်လို့ပဲ။ တချို့သူတွေဟာ ကိုယ်ဘာတွေ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ပြောပြတတ်ပေမဲ့ ဘာတွေ လိုအပ်တယ်ဆိုတာကိုတော့ ပြောလေ့မရှိဘူး။

ဒါကြောင့် တစ်ဖက်သားရဲ့ အခြေအနေကို မျက်စိရှင်ရှင်ထားပြီး အကဲခတ်ကြည့်ပါ။ လူကြီးလား၊ လူငယ်လား၊ တစ်ကိုယ်ရေလား၊ အိမ်ထောင်သည်လား၊ ကွာရှင်းထားသူလား၊ မုဆိုးဖိုလား၊ မုဆိုးမလား၊ အလုပ်အကိုင်ရှိသလား၊ ပင်စင်စားလား။ ဘယ်သူ့ကို ဘယ်လက်ဆောင်ပေးရင် သင့်တော်မလဲဆိုတာ စဉ်းစားပါ။

ကိုယ်လက်ဆောင်ပေးမယ့်သူရဲ့ လိုအပ်ရာကို သိမြင်နိုင်ဖို့ အတွေ့အကြုံရှိသူတွေနဲ့ တိုင်ပင်ကြည့်ပါ။ တခြားသူတွေ သတိမထားမိတဲ့ တကယ့်လိုအပ်ရာတွေကို သူတို့ ပြောပြနိုင်တယ်။ ဒီနည်းအားဖြင့် တခြားသူတွေ မစဉ်းစားမိတဲ့ လက်ဆောင်မျိုး ပေးနိုင်မယ်။

အချိန်ကိုက်ဖြစ်ခြင်း။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်” လို့ ကျမ်းစာပြောတယ်။ (ပညာအလိမ္မာ ၁၅:၂၃) အချိန်သင့်အခါသင့် ပြောလိုက်တဲ့စကားဟာ ထူးခြားမှု ရှိစေနိုင်တယ်ဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကလည်း အလားတူပါပဲ။ အချိန်သင့်အခါသင့် ပြောလိုက်တဲ့စကားဟာ ကြားရသူကို စိတ်ချမ်းသာစေနိုင်သလို အချိန်သင့်အခါသင့်ပေးတဲ့ လက်ဆောင်ဟာ ရတဲ့သူကို ဝမ်းသာအားရ ဖြစ်စေတယ်။

မိတ်ဆွေတစ်ဦး မင်္ဂလာဆောင်တော့မယ်။ လူငယ်တစ်ဦး အထက်တန်းကျောင်း ပြီးတော့မယ်။ မောင်နှံတစ်စုံ ရင်သွေး ရတော့မယ်။ အဲဒီလိုအချိန်အခါမျိုးမှာ လက်ဆောင်ပေးတတ်ကြတယ်။ တချို့သူတွေဟာ နောက်နှစ်မှာ ကျရောက်မယ့် အထူးအချိန်အခါတွေကို မှတ်ထားတတ်ကြတယ်။ ဒီနည်းနဲ့ အချိန်အခါနဲ့ကိုက်ညီမယ့် လက်ဆောင်မျိုး ကြိုတင်စီစဉ်နိုင်တယ်။ a

အထူးအချိန်အခါတွေကျမှ လက်ဆောင်ပေးဖို့ မဟုတ်ပါဘူး။ ဘယ်အချိန်ပဲပေးပေး ပျော်ရွှင်နိုင်ပါတယ်။ သတိထားစရာတစ်ခုတော့ ရှိတယ်။ ဥပမာ၊ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဘာအကြောင်းရင်းမှမရှိဘဲ လက်ဆောင်ပေးမယ်ဆိုရင် သူ့ကို စိတ်ဝင်စားလို့ပေးတာဆိုပြီး ထင်သွားနိုင်တယ်။ အဲဒီသဘောမျိုးနဲ့ပေးတာ မဟုတ်ဘူးဆိုရင် လက်ဆောင်ကြောင့် အထင်လွဲစရာဖြစ်ပြီး ပြဿနာတက်နိုင်တယ်။ ဒီအချက်က လက်ဆောင်ပေးသူရဲ့ သဘောထားဟာ အရေးကြီးမှန်း သိစေတယ်။

လက်ဆောင်ပေးသူရဲ့ သဘောထား။ လက်ဆောင်ရသူဟာ လက်ဆောင်ပေးသူရဲ့ သဘောထားကို အထင်လွဲသွားမလားဆိုတာ ထည့်စဉ်းစားသင့်ကြောင်း အထက်ပါ ဥပမာက ဖော်ပြတယ်။ လက်ဆောင်ပေးသူကလည်း ကိုယ့်ရဲ့ သဘောထားကို ဆန်းစစ်ကြည့်တာ ကောင်းတယ်။ လူအများစုကတော့ စိတ်ရင်းမှန်နဲ့ လက်ဆောင်ပေးတာလို့ ယူဆကြပေမဲ့ များသောအားဖြင့် နှစ်တစ်နှစ်ရဲ့ သတ်မှတ်ထားချိန်မှာ မပေးမဖြစ်လို့ ပေးကြတာ။ တချို့ကျတော့ တစ်ခုခုပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အကျိုးလိုလို့ ညောင်ရေလောင်းတာ ဖြစ်တယ်။

သဘောထားမှန်နဲ့ လက်ဆောင်ပေးတာမျိုးဖြစ်ဖို့ ဘာလုပ်ရမလဲ။ “အရာရာကို မေတ္တာရှေ့ထားပြီး လုပ်ကြပါ” လို့ ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၁၆:၁၄) တစ်ဖက်သားကို တကယ်ချစ်လို့၊ သူ့အကျိုးလိုလားလို့ ပေးတဲ့ လက်ဆောင်မျိုး ဖြစ်မယ်ဆိုရင် ရတဲ့သူဟာ ပျော်မယ်။ ပေးတဲ့သူကလည်း စေတနာနဲ့ပေးတာဖြစ်လို့ ပျော်ရွှင်ကြည်နူးရပါလိမ့်မယ်။ စိတ်ရင်းမှန်နဲ့ပေးမယ်ဆိုရင် ကောင်းကင်ဖခင်လည်း ပျော်မယ်။ ရှေးခေတ် ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေဟာ ယုဒပြည်က ခရစ်ယာန်တွေအတွက် ရက်ရက်ရောရော၊ ကြည်ကြည်ဖြူဖြူ လှူဒါန်းခဲ့လို့ တမန်တော်ပေါလု ချီးမွမ်းတယ်။ “စေတနာစိတ်နဲ့ လှူဒါန်းတဲ့သူကိုပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်” လို့ ပေါလု ပြောတယ်။—၂ ကောရိန္သု ၉:၇

အထက်ပါအချက်တွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် တခြားသူတွေကို ပျော်ရွှင်စေတဲ့ လက်ဆောင်မျိုး ပေးနိုင်မှာပဲ။ လူတွေကို ဘုရားပေးတဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်ဟာလည်း အဲဒီအချက်တွေနဲ့ ကိုက်ညီတယ်။ အဲဒီ အကောင်းဆုံးလက်ဆောင်အကြောင်း သိချင်ရင် နောက်ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

a လူအများစုဟာ မွေးနေ့မှာ၊ နေ့ထူးနေ့မြတ်တွေမှာ လက်ဆောင်ပေးတတ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုပွဲနေ့တွေဟာ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံတွေနဲ့ ဆက်စပ်လေ့ရှိတယ်။ ဒီမဂ္ဂဇင်းမှာပါတဲ့ “စာရှုသူများအမေး—ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။