ကာမီလာ ရိုစမ် | ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါကို နာခံဖို့ ကျွန်မ ပန်းတိုင်ထားခဲ့
အဘိုးနဲ့အဘွားက ၁၉၀၆ ခုနှစ်မှာ ယေဟောဝါရဲ့နိုင်ငံတော် လုပ်ပေးမယ့်အရာတွေအကြောင်း သိလာကြတယ်။ သားတစ်ယောက် ဆုံဆို့နာနဲ့ ဆုံးပြီးခါစအချိန်ပေါ့။ ကုပေးတဲ့ ဆရာဝန်ဟာ ကျမ်းစာကျောင်းသားတစ်ဦးပါ။ ယေဟောဝါသက်သေတွေကို အရင်တုန်းက ကျမ်းစာကျောင်းသားလို့ ခေါ်ကြတယ်။ ဆရာဝန်က ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အပါအဝင် ကျမ်းစာထဲက နှစ်သိမ့်မှုပေးတဲ့ မျှော်လင့်ချက်အကြောင်း ပြောပြခဲ့လို့ အဘိုး၊ အဘွား၊ အမေနဲ့ ကြီးတော်လည်း ကျမ်းစာကျောင်းသားတွေ ဖြစ်လာကြတယ်။
သူတို့ အမှန်တရားမှာ နှစ်အတော်ကြာ ဇွဲရှိခဲ့ကြတယ်။ အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၊ ရှီကာဂိုမြို့မှာ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” ပြတုန်းက အဘွား၊ အမေနဲ့ အဒေါ်က ဧည့်ကြိုတွေအဖြစ်တောင် လုပ်ခဲ့ကြတာ။ ဝမ်းနည်းစရာက၊ အမေတစ်ယောက်ပဲ ယေဟောဝါကို ဆက်ဝတ်ပြုတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေအထိ မိသားစုလိုက် ဘုရားကို အတူ ဝတ်ပြုလာခဲ့တာဆိုတော့ အမေ့အတွက် မလွယ်ဘူး။ ယေဟောဝါအပေါ် အမေ့ရဲ့ သစ္စာစောင့်သိမှုနဲ့ နာခံမှုက ကျွန်မအတွက်တော့ ပုံသက်သေကောင်းပဲ။ အဖေလည်း အမေ့လို သစ္စာရှိ ကျမ်းစာကျောင်းသားတစ်ဦးပါ။
၁၉၂၇ မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ ကလေးခြောက်ယောက်ထဲမှာ အကြီးဆုံးပါ။ ကလေးတွေအားလုံး အမှန်တရားထဲမှာ ရှိခဲ့တယ်။ အဖေက လက်သမား။ ရှီကာဂိုမြို့ ဆင်ခြေဖုံးက ခြံကျယ်ကြီးထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်၊ ကြက်၊ ဘဲတွေ မွေးပြီး မိသားစုတွေ ချောင်ချောင်လည်လည် နေခဲ့တာ။
ကျွန်မ အလုပ်လုပ်ရတာ ကြိုက်တယ်။ ကျွန်မ လုပ်ရတာတစ်ခုက မိသားစုဝင်တွေရဲ့ ခြေစွပ်တွေကို ဖာထေးရတာ။ အဲဒီအချိန်တုန်းကတော့ အခုလို ခြေစွပ်တွေ ပေါက်ပြဲလာရင် လွှင့်မပစ်ကြဘူး။ အပ်နဲ့အပ်ချည်သုံးပြီး ဖာကြတယ်။ အချုပ်အလုပ်မှာ ကျွမ်းကျင်ထားတော့ နောက်ပိုင်း တော်တော်အကျိုးရှိသွားတယ်။
မိဘတွေရဲ့ ပုံသက်သေကောင်း
အဖေက မိသားစုရဲ့ဝတ်ပြုရေးပိုင်းကို အမြဲ ဂရုစိုက်ပေးတယ်။ ကျွန်မတို့ ခရစ်ယာန် အစည်းအဝေးအားလုံးကို တက်ကြတယ်၊ အမှုဆောင်မှာ ပုံမှန်ပါဝင်တယ်၊ နေ့တိုင်း ကျမ်းချက်တစ်ချက် ဆွေးနွေးကြတယ်။ စနေညနေတွေဆိုရင် ကင်းမျှော်စင် ကိုသုံးပြီး မိသားစု ကျမ်းစာလေ့လာကြတယ်။
အိမ်နီးချင်းတွေကို ကောင်းကောင်းသက်သေခံနိုင်ဖို့ အဖေက ဧည့်ခန်းပြတင်းပေါက် အတွင်းပိုင်းမှာ လျှပ်စစ်ဆိုင်းဘုတ်တစ်ခု ဆင်ထားတယ်။ ညီအစ်ကိုတွေ လုပ်ထားတဲ့ အဲဒီဆိုင်းဘုတ်မှာ လူထုဟောပြောချက်ခေါင်းစဉ် ဒါမှမဟုတ် အဖွဲ့အစည်းစာပေတစ်ခုကို ရေးထားတာ။ ဆိုင်းဘုတ်ထဲက မီးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတော့ လမ်းသွားလမ်းလာတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အဖေက ကျွန်မတို့ရဲ့ကားမှာလည်း ဆိုင်းဘုတ်နှစ်ခု တပ်ထားသေးတယ်။
ယေဟောဝါကို နာခံဖို့ အရေးကြီးကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ အဖေ သင်ပေးခဲ့တယ်။ အမေက အဖေ့ကို ဘက်ပေါင်းစုံကနေ ထောက်မပေးတဲ့အပြင် အငယ်ဆုံးသမီး ငါးနှစ်အရွယ်ကတည်းက ရှေ့ဆောင်စလုပ်တာ။ နှစ်ပေါင်းများစွာ အမေ ရှေ့ဆောင်လုပ်ခဲ့တာ သူ သေဆုံးချိန်အထိပဲ။ ဒါထက်ကောင်းတဲ့ မိဘရှိပါဦးမလား။
အဲဒီတုန်းက ဘဝဟာ အခုခေတ်နဲ့တော့ ကွာတာပေါ့။ ရုပ်မြင်သံကြား မရှိဘူး။ ကျွန်မတို့ မောင်နှမတွေ ကြမ်းပြင်ပေါ် ထိုင်ပြီး ရေဒီယိုမှာ လွှင့်ပေးတဲ့အကြောင်းအရာတွေကို စိတ်ဝင်တစား နားထောင်ကြတယ်။ ကျွန်မတို့မိသားစု အကြိုက်ဆုံးကတော့ ယေဟောဝါအဖွဲ့အစည်းက ထုတ်လွှင့်ပေးတဲ့ ကျမ်းစာအခြေပြုအစီအစဉ်တွေပါ။
အစည်းအဝေးကြီး၊ ဓာတ်ပြားစက်နဲ့ ကြော်ငြာကတ်တွေ
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးတွေကို တက်ရရင် သိပ်ပျော်တာပဲ။ ၁၉၃၅ မှာကျင်းပတဲ့ အစည်းအဝေးကြီးမှာ ဗျာဒိတ် ၇:၉၊ ၁၄ ကို နားလည်လာတယ်။ “ကြီးစွာသောဒုက္ခ” ကနေလွတ်မြောက်လာတဲ့ “လူအုပ်ကြီး” ဆိုတာ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေဖြစ်မှန်း သိလာတယ်။ ၁၉၃၅ မတိုင်ခင်ကတော့ မိဘနှစ်ပါးစလုံးက အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေ သုံးဆောင်ခဲ့ကြတာ။ အဲဒီအစည်းအဝေးကြီးလည်းပြီးရော အဖေပဲ သုံးဆောင်တော့တယ်။ အမေ့ရဲ့မျှော်လင့်ချက်က ခရစ်တော်နဲ့အတူ ကောင်းကင်မှာ အုပ်စိုးဖို့မဟုတ်ဘဲ မြေကြီးပေါ်မှာ ထာဝစဉ်နေသွားဖို့ဆိုတာ အမေ နားလည်သွားတယ်။
၁၉၄၁၊ မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ်မြို့ အစည်းအဝေးကြီးမှာ အဲဒီတုန်းက အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ဂျိုးဇက် ရပ်သဖော့က ကလေးများ စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ပရိသတ်တွေ လက်ခုပ်တီးလိုက်ကြတာ အကြာကြီးပဲ။ ကျွန်မရဲ့ အသက်က ၁၄ နှစ်။ နှစ်ခြင်းခံထားတာ တစ်နှစ်ရှိပြီ။ စာအုပ်ရဖို့ တခြားကလေးတွေနဲ့အတူ တန်းစီပြီး စင်မြင့်ပေါ် တက်သွားတာကို ကောင်းကောင်းမှတ်မိနေတုန်းပဲ။
အဲဒီခေတ် အမှုဆောင်ပုံက အခုခေတ်လို မဟုတ်ဘူး။ ၁၉၃၀ နောက်ပိုင်းမှာ သယ်ရလွယ်တဲ့ ဓာတ်ပြားစက်တွေကို သုံးပြီး အသံသွင်းထားတဲ့ ကျမ်းစာဟောပြောချက်တွေကို အိမ်ရှင်တွေကို ဖွင့်ပြကြတယ်။ တံခါးမခေါက်ခင် ဓာတ်စက်ကို ရစ်ထားရပြီး ဓာတ်ပြားနဲ့ အပ်ကို အဆင်သင့်ဖွင့်ပြနိုင်အောင် လုပ်ထားရတယ်။ အိမ်ရှင်ထွက်လာတဲ့အခါ အတိုချုပ်မိတ်ဆက်ပြီး လေးမိနစ်ခွဲကြာ ကျမ်းစာဟောပြောချက်ကို ဖွင့်ပြတယ်။ ပြီးတဲ့နောက် စာပေ ဝေငှတယ်။ ကျွန်မတို့ဒေသကလူတွေက တလေးတစား နားထောင်ခဲ့ကြတာ။ မှတ်မိသလောက်ဆိုရင် ရိုင်းပျတဲ့သူတစ်ယောက်မှ မတွေ့ခဲ့ဘူး။ အသက် ၁၆ နှစ်မှာ ရှေ့ဆောင်စလုပ်တော့ အဖေက ကျွန်မကို ကိုယ်ပိုင်ဓာတ်ပြားစက် ပေးတယ်။ အမှုဆောင်မှာ ဂုဏ်ယူစွာ သုံးခဲ့တာပေါ့။ ရှေ့ဆောင်ကောင်းဖြစ်သူ ညီအစ်မလော်ရင်းက ကျွန်မရဲ့တွဲဖက်ပါ။
သက်သေခံတဲ့ပုံစံ နောက်တစ်နည်းကတော့ အုပ်စုလိုက်ချီတက်ပြီး သက်သေခံတာ။ ကတ်ပြားနှစ်ခုကို ခန္ဓာကိုယ် အရှေ့ဘက်မှာတစ်ခု၊ အနောက်ဘက်မှာတစ်ခု ဆွဲထားပြီး လမ်းလျှောက် ကြော်ငြာကြတယ်။ အဲဒီကတ်ပြားတွေမှာ “ဘာသာရေးဟာ ထောင်ချောက်၊ မသမာနည်းနဲ့ စီးပွားရှာမှုတစ်ခု ဖြစ်တယ်၊” “ဘုရားသခင်နဲ့ ဘုရင် ခရစ်တော်အတွက် အမှုဆောင်ကြ” စတဲ့ ဆောင်ပုဒ်တွေ ရေးထားတယ်။
ဆန့်ကျင်မှုကြုံရရင် ဘယ်လိုလုပ်မလဲ၊ အမှန်တရားကို ဘယ်လိုခုခံကာကွယ်ရမလဲဆိုတာ အစည်းအဝေးတွေမှာ သွန်သင်ပေးတယ်။ တကယ်လည်း ဆန့်ကျင်မှုတွေ ကြုံရတယ်။ ဥပမာ၊ လူစည်ကားတဲ့ စျေးတစ်ခုမှာ ဦးဆုံးအကြိမ် မဂ္ဂဇင်းဝေတုန်းကဆို ကျွန်မတို့ကို ရဲတွေဖမ်းပြီး ရဲစခန်းဆီ ကားနဲ့ခေါ်သွားတယ်။ နာရီအနည်းငယ် ချုပ်ထားပြီးတဲ့နောက် ပြန်လွှတ်လိုက်တယ်။ ယေဟောဝါကို နာခံလို့ နှိပ်စက်ခံရတာဆိုတော့ ပျော်တာပေါ့။
မင်္ဂလာဆောင်၊ ဂိလဒ်ကျောင်းတက်၊ စစ်မှုထမ်းဖို့ ဆင့်ခေါ် ခံရ
တစ်နေ့မှာ လော်ရင်းက ကျွန်မကို မင်နီစိုတာပြည်နယ်၊ မင်နီယာပူလစ်မြို့ အစည်းအဝေးပွဲမှာ တွေ့ခဲ့တဲ့၊ ယူဂျင်းလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ယူဂျင်းက ဖလော်ရီဒါပြည်နယ်၊ ကီးဝက်စ်မှာ ကြီးပြင်းလာတာ။ သူဆယ်တန်းရောက်တော့ မျိုးချစ်အခမ်းအနားတစ်ခုမှာ ပါဝင်ဖို့ ငြင်းဆန်လို့ ကျောင်းထုတ်ခံခဲ့ရတယ်။ သူ ချက်ချင်း ရှေ့ဆောင်စလုပ်တယ်။ တစ်ရက်မှာ အရင်ကအတန်းဖော် မိန်းကလေးတစ်ယောက်နဲ့ ဆုံတယ်။ စာတော်ရဲ့သားနဲ့ ယူဂျင်း ဘာလို့ ကျောင်းထုတ်ခံရတာလဲဆိုပြီး အဲဒီမိန်းကလေး သိချင်နေတာ။ ယူဂျင်းက သူ့ကို ကျမ်းစာသုံးပြီး ရှင်းပြတယ်။ ဒီလိုနဲ့ သူ ကျမ်းစာကို လေ့လာဖြစ်ပြီး သစ္စာရှိ ညီအစ်မတစ်ယောက် ဖြစ်လာတယ်။
ယူဂျင်းနဲ့ ကျွန်မ ၁၉၄၈ မှာ လက်ထပ်တယ်။ ပြီးတော့ ကီးဝက်စ်မှာ နှစ်ယောက်အတူ ရှေ့ဆောင်လုပ်ကြတယ်။ နောက်ပိုင်း၊ ၁၈ ကြိမ်မြောက် ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ် ခံရပြီး ၁၉၅၂ နှစ်ဆန်းမှာ သင်တန်း ပြီးသွားတယ်။ သင်တန်းမှာ စပိန်စကားလည်း သင်ရတော့ စပိန်စကားပြောနိုင်ငံတစ်ခုမှာ သာသနာပြုတာဝန်ရမယ်လို့ ထင်ခဲ့တာ။ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဂိလဒ်တက်နေတုန်း ကိုရီးယားစစ်ပွဲဖြစ်တယ်။ ယူဂျင်းကို စစ်မှုထမ်းဖို့ ဆင့်ခေါ် လို့ အံ့သြသွားတာပဲ။ တကယ်တော့ သူက သာသနာ့ဝန်ထမ်းဖြစ်လို့ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းဖို့ လွတ်ငြိမ်းခွင့် ရထားသူပါ။ အဲဒီဆင့်ခေါ်စာကြောင့် ကျွန်မတို့ အမေရိကန်ကနေ ထွက်လို့မရတော့ဘူး။ စိတ်ပျက်လက်ပျက်နဲ့ ငိုခဲ့ရတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် ယူဂျင်း လွတ်ငြိမ်းခွင့် ရသွားတယ်။ အဲဒီအဖြစ်အပျက်ကနေ အဖိုးတန်သင်ခန်းစာတစ်ခု ရခဲ့တယ်။ အခွင့်အရေးတံခါးတစ်ချပ် ပိတ်သွားရင် ယေဟောဝါက နောက်တစ်ချပ် ထပ်ဖွင့်ပေးနိုင်တယ်။ ကိုယ့်ဘက်က စိတ်ရှည်ဖို့ပဲ လိုတာ။ ဘုရား တကယ်ကို ဖွင့်ပေးခဲ့ပါတယ်။
နယ်လှည့်လုပ်ငန်းမှာ ပါဝင်ပြီးနောက် ကနေဒါကို ထွက်ခွာ
၁၉၅၃ မှာ အရီဇိုးနားပြည်နယ်၊ ထုဆန်မြို့က စပိန်စကားပြောအသင်းတော်မှာ ရှေ့ဆောင်လုပ်ကြတယ်။ အဲဒီနောက် တိုက်နယ်လုပ်ငန်းမှာ တာဝန်ရတယ်။ အိုဟိုင်အို၊ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ပြည်နယ်တွေမှာ တိုက်နယ်လှည့်ခဲ့ကြတယ်။ ၁၉၅၈ ရောက်တော့ ကယ်လီဖိုးနီးယားနဲ့ အော်ရီဂွန်ပြည်နယ်မှာ ခရိုင်လုပ်ငန်း a စတင်ထမ်းဆောင်တယ်။ ညီအစ်ကို/မတွေရဲ့အိမ်မှာပဲ တည်းခိုခဲ့တာ။ ၁၉၆၀ မှာ ကနေဒါကို သွားရတယ်။ အဲဒီမှာ ယူဂျင်းက အသင်းတော်ကြီးကြပ်မှူးတွေအတွက် နိုင်ငံတော်ဓမ္မအမှုသင်တန်း ပို့ချပေးတယ်။ ကနေဒါမှာ ၁၉၈၈ အထိ နေထိုင်ခဲ့ကြတယ်။
ကနေဒါမှာ ညီအစ်မတစ်ယောက်နဲ့ ကျွန်မ တစ်အိမ်တက်ဆင်း ပါဝင်နေတုန်း မိသားစုတစ်စုနဲ့ တွေ့ခဲ့တာကို အမှတ်ရနေသေးတယ်။ ဦးဆုံး မိခင်ဖြစ်သူ ဂေးလ်နဲ့ ဆုံတယ်။ သူ့သားတွေက အဘိုးဆုံးသွားလို့ ဝမ်းနည်းနေကြတဲ့အကြောင်း၊ “ဘာကြောင့် အဘိုး သေရတာလဲ၊” “အဘိုး ဘယ်ရောက်သွားပြီလဲ” လို့မေးကြတဲ့အကြောင်း ပြောပြတယ်။ ဂေးလ်က မဖြေတတ်ဘူး။ ဒါနဲ့ ကျွန်မတို့က ကျမ်းစာထဲက နှစ်သိမ့်မှုပေးတဲ့ ကျမ်းချက်တွေ ပြလိုက်တယ်။
ယူဂျင်း တိုက်နယ်ကြီးကြပ်မှူးအနေနဲ့ အသင်းတော်ကို လည်ပတ်နေတာဖြစ်လို့ ကျွန်မတို့ အဲဒီမှာ တစ်ပတ်ပဲ နေခဲ့ရတာ။ ဒါပေမဲ့ ကျွန်မနဲ့တွဲတဲ့ ညီအစ်မက ဂေးလ်ဆီ ပြန်လည်ပတ်ခဲ့တယ်။ အမှန်တရားကို ဂေးလ် လက်ခံခဲ့တယ်။ သူ့ခင်ပွန်း ဘီလ်နဲ့ သားသုံးယောက်ဖြစ်တဲ့ ခရစ္စတိုဖာ၊ စတိဗ်နဲ့ ပက်ထရစ်တို့လည်း လက်ခံခဲ့တယ်။ အခု ခရစ္စတိုဖာက ကနေဒါမှာ အသင်းတော်အကြီးအကဲ၊ စတိဗ်က ဖလော်ရီဒါပြည်နယ်၊ ပမ်ကို့စ်က သင်တန်းကျောင်းမှာ သင်တန်းပို့ချသူ၊ ပက်ထရစ်ကတော့ ထိုင်းနိုင်ငံမှာ ဌာနခွဲကော်မတီဝင် ဖြစ်နေပြီ။ နှစ်တွေတစ်လျှောက် ယူဂျင်းနဲ့ ကျွန်မဟာ ဒီမိသားစုနဲ့ အဆက်အသွယ် မပြတ်ခဲ့ဘူး။ သူတို့တွေ ယေဟောဝါကို သိရှိလာအောင် တစ်ထောင့်တစ်နေရာကနေ ကူညီပေးခွင့်ရလို့ ကျွန်မ သိပ်ဝမ်းသာတယ်။
ဆေးရုံလည်ပတ်မှုတွေကနေ ဆေးရုံဆက်သွယ်ရေး ကော်မတီအဖြစ်သို့
ကျွန်မတို့ ကနေဒါမှာ ရှိနေတုန်း ယေဟောဝါက ယူဂျင်းအတွက် အခွင့်အရေးတံခါးတစ်ချပ် ဖွင့်ပေးခဲ့တယ်။ စိတ်လှုပ်ရှားကောင်းပြီး တကယ့်ကိုအကျိုးရှိတဲ့ အလုပ်ပါ။ အဲဒီအကြောင်း ပြောပြပါရစေ။
အရင်ကဆို လူတွေက ယေဟောဝါသက်သေတွေ ဘာလို့ သွေးမသွင်းတာလဲဆိုတာ နားမလည်ကြတော့ ကျွန်မတို့ကို အထင်အမြင် လွဲကြတယ်။ သက်သေခံမိဘတွေက သူတို့ ကလေးတွေကို သွေးသွင်းခွင့်မပြုလို့ ကလေးတွေ သေဆုံးနေကြတယ်ဆိုပြီး ကနေဒါတစ်ခွင်က သတင်းစာတွေမှာ ထုတ်ဝေကြတယ်။ ကျွန်မခင်ပွန်းက အဲဒီသတင်းတွေမှားကြောင်း ဖြေရှင်းပေးခွင့် ရခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ နယူးယောက်ပြည်နယ်၊ ဘာ့ဖလိုမြို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ကျင်းပတယ်။ ကနေဒါနဲ့ အမေရိကန်က သက်သေခံ ၅၀,၀၀၀ လောက် အစည်းအဝေးကြီးကို လာတက်ကြမှာ။ တက်ရောက်သူ တစ်ယောက်ယောက် ကျန်းမာရေးပြဿနာကြုံလာရင် ဖြေရှင်းနိုင်ဖို့ အစည်းအဝေးကြီး မတိုင်ခင်လေးမှာ ယူဂျင်းက တခြားညီအစ်ကိုတွေနဲ့အတူ ဆေးရုံကြီးတွေဆီ သွားခဲ့တယ်။ သွေးနဲ့ပတ်သက်ပြီး သက်သေခံတွေရဲ့ ရပ်တည်ချက်အကြောင်း၊ အဲဒီရပ်တည်ချက်က ဘာကြောင့် အစွန်းမရောက်သလဲဆိုတဲ့ အကြောင်း ဆရာဝန်တွေကို ရှင်းပြတယ်။ ဆရာဝန်အသိုင်းအဝိုင်းမှာ နာမည်ရတဲ့ ဂျာနယ်တွေထဲက သွေးမဲ့ကုသခြင်းဆိုင်ရာ ဆောင်းပါးတွေလည်း ပေးခဲ့ကြတယ်။ ဆရာဝန်တွေရဲ့ တုံ့ပြန်မှုကောင်းကို ရခဲ့လို့ ကနေဒါက ဆေးရုံတွေကိုလည်း လည်ပတ်ကြည့်ဖို့ အကြံရသွားတယ်။ ဒါ့အပြင် အရေးပေါ် ကျန်းမာရေးအခြေအနေတွေ ပေါ်ပေါက်လာရင် ဘယ်လို ထိထိရောက်ရောက် ဖြေရှင်းရမလဲဆိုတာလည်း ဒေသခံအကြီးအကဲတွေကို သင်ပေးခဲ့တယ်။
တဖြည်းဖြည်း ရလဒ်ကောင်းတွေ ရလာတာကြောင့် မထင်မှတ်တဲ့ကိစ္စတစ်ခု ဖြစ်လာတယ်။ ဘာလဲဆိုတာ ရှင်းပြပါရစေ။
၁၉၈၅ ခုနှစ်လောက်မှာပါ။ နယူးယောက်မြို့၊ ဘရွတ်ကလင် ကမ္ဘာ့ဌာနချုပ်မှာရှိတဲ့ ညီအစ်ကို မီလ်တန် ဟန်ရှယ်က ယူဂျင်းကို ဖုန်းဆက်တယ်။ အုပ်ချုပ်ရေးအဖွဲ့က အမေရိကန်မှာ လုပ်ဆောင်နေတဲ့ အစီအစဉ်တစ်ခုကို တိုးချဲ့ချင်တယ်။ တခြားဆရာဝန်တွေဆီ အချက်အလက်တွေ ပေးဖို့ပါ။ ဒါကြောင့် ယူဂျင်းနဲ့ ကျွန်မ ဘရွတ်ကလင်ကို ပြောင်းရွှေ့လာတယ်။ ၁၉၈၈ ဇန်နဝါရီမှာ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ဌာနချုပ်မှာ ဆေးရုံသတင်းအချက်အလက်ဌာနကို ဖွဲ့စည်းတယ်။ ယူဂျင်းနဲ့ တခြားညီအစ်ကိုနှစ်ယောက်ကို ဆွေးနွေးပွဲတွေ ကျင်းပဖို့ တာဝန်ပေးတယ်။ ပထမတော့ အမေရိကန်မှာ၊ နောက်ပိုင်း တခြားနိုင်ငံတွေမှာ။ မကြာခင်မှာပဲ ဆေးရုံသတင်းအချက်အလက်ဌာနကို ဌာနခွဲတွေမှာ ဖွဲ့စည်းခဲ့ပြီး ဆေးရုံဆက်သွယ်ရေးကော်မတီတွေကို မြို့အသီးသီးမှာ ဖွဲ့စည်းခဲ့တယ်။ ယေဟောဝါရဲ့ အဲဒီမေတ္တာပါ အစီအစဉ်ကနေ ညီအစ်ကို၊ ညီအစ်မနဲ့ ကလေးငယ်များစွာ အကျိုးခံစားခဲ့ကြတယ်။ ယူဂျင်းက ဆွေးနွေးပွဲတွေ ကျင်းပပြီး ဆေးရုံတွေကို လည်ပတ်နေချိန်မှာ ကျွန်မကတော့ ရောက်နေတဲ့ ဗေသလမှာ အလုပ်လုပ်တယ်။ အများအားဖြင့် စက်ချုပ်ခန်းနဲ့ မီးဖိုချောင်မှာပေါ့။
အခက်ခဲဆုံးအချိန်
၂၀၀၆ ခုနှစ်က ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်ပေါ့။ သိပ်ချစ်ရတဲ့ ယူဂျင်း ဆုံးပါးသွားလို့ပါ။ သူ့ရဲ့မေတ္တာနဲ့ သူနဲ့အတူ ရှိခဲ့တဲ့အချိန်လေးတွေကို လွမ်းလိုက်တာ။ ခံရပ်နိုင်ဖို့ ဘာက ကျွန်မကို ထောက်ကူပေးခဲ့သလဲ။ အကြောင်းရင်း အတော်များများရှိပါတယ်။ ဥပမာ၊ ယေဟောဝါနဲ့ နီးကပ်နေအောင် ဆုတောင်းတယ်၊ ကျမ်းစာ မှန်မှန် ဖတ်တယ်။ ဗေသလမိသားစုနဲ့အတူ နေ့စဉ်ကျမ်းချက်ဆွေးနွေးတာကို နားထောင်တယ်။ နေ့စဉ်ကျမ်းချက် ကောက်နှုတ်ထားတဲ့ ကျမ်းစာအခန်းကြီးကို ဖတ်တယ်။ ဗေသလ အချုပ်အလုပ်ဌာနမှာ ရထားတဲ့တာဝန်ကို အခွင့်ထူးလို့ ရှုမြင်ပြီး ကြိုးကြိုးစားစား လုပ်တယ်။ အရင်ကဆိုရင် နယူးဂျာစီနဲ့ နယူးယောက်မှာရှိတဲ့ စည်းဝေးပွဲခန်းမတွေအတွက် ခန်းဆီးတွေတောင် ချုပ်ပေးခွင့် ရခဲ့တာ။ အခု ကျွန်မ ဖစ်ရှ်ခေး ဗေသလမှာ အမှုဆောင်နေတယ်။ အဝတ်အစားတွေ ပြင်ပေးတဲ့အလုပ်နဲ့ တခြားအလုပ်လေးတွေ လုပ်တယ်။ b
ကျွန်မဘဝမှာ အရေးကြီးဆုံးက ယေဟောဝါဘုရားကို ချစ်ဖို့၊ ဘုရားနဲ့အဖွဲ့အစည်းကို နာခံဖို့ပါ။ (ဟီဘရူး ၁၃:၁၇။ ၁ ယောဟန် ၅:၃) ယူဂျင်းနဲ့ ကျွန်မ ဘဝမှာ အဲဒီအတိုင်း အသက်ရှင်ခဲ့လို့ ပီတိဖြစ်မိတယ်။ မြေကြီးပရဒိသုမှာ အဆုံးမဲ့အသက်တာနဲ့ ယေဟောဝါဆုချမှာကို ကျွန်မ လုံးဝ ယုံကြည်စိတ်ချတယ်။ ကျွန်မတို့နှစ်ယောက် ပြန်ဆုံကြတဲ့အခါ ဘယ်လောက် ကြည်နူးစရာကောင်းလိုက်မလဲ။—ယောဟန် ၅:၂၈၊ ၂၉။