မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတိနဲ့ စောင့်နေကြပါ

ဘာသာရေးနဲ့ ယူကရိန်းနိုင်ငံ စစ်ရေး—ကျမ်းစာမှာ ဘာပြောထားသလဲ

ဘာသာရေးနဲ့ ယူကရိန်းနိုင်ငံ စစ်ရေး—ကျမ်းစာမှာ ဘာပြောထားသလဲ

 ယူကရိန်းနိုင်ငံ စစ်ရေးနဲ့ အထင်ကရ ဘာသာရေး ခေါင်းဆောင်တွေအကြောင်း အောက်ပါအချက်အလက်တွေကို သုံးသပ်ကြည့်ပါ–

  •   “ရုရှား ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ရုရှား ဩသဒေါက် ချာ့ချ် ဘုန်းတော်ကြီး ကီရီ ဘာတစ်ခွန်းမှ ဝေဖန်မထားဘူး။ . . . ပူတင်က ယူကရိန်းနဲ့ပတ်သက်ပြီး ဘုန်းတော်ကြီးရဲ့ ချာ့ချ် ဆက်တိုက် ဖြန့်နေတဲ့ ဝါဒမှားတွေ သုံးပြီး စစ်တိုက်ရတဲ့ အကြောင်းရင်းကို ဆင်ခြေပေးတယ်။”—အီးယူ စောင့်ကြည့်ရေးအဖွဲ့၊ မတ် ၇၊ ၂၀၂၂။

  •   “ဘုန်းတော်ကြီး ကီရီက . . . ဒီတိုက်ပွဲဟာ အပြစ်ကို တိုက်ထုတ်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသ ဖြစ်တယ်ဆိုပြီး ယူကရိန်းကို ရုရှား တိုက်ရတဲ့ အကြောင်းရင်းကို အကြီးအကျယ် ကာကွယ်ပြောဆိုတယ်။”—အေပီ သတင်း၊ မတ် ၈၊ ၂၀၂၂။

  •   “ကိဗ်မြို့တော်၊ ယူကရိန်း ဩသဒေါက် ချာ့ချ် ခေါင်းဆောင် အက်ပီဖီးနီးယက်စ် ၁ က ‘ရုရှား ကျူးကျော်သူတွေကို ပြန်တိုက်’ ဖို့ အသင်းသားတွေကို တနင်္လာနေ့တုန်းက ကောင်းချီးပေးခဲ့တယ်။ . . . ရုရှား စစ်သားတွေကို သတ်တာ အပြစ်မရောက်ဘူးလို့လည်း ပြောခဲ့တယ်။”—ဂျေရုဆလင် သတင်း၊ မတ် ၁၆၊ ၂၀၂၂။

  •   “ယူကရိန်း စစ်တပ်နဲ့ တိုက်ပွဲဝင်သူအားလုံးကို [ယူကရိန်းနိုင်ငံ ချာ့ချ်များနဲ့ ဘာသာရေး အဖွဲ့အစည်းများ ကောင်စီ (UCCRO)] အနေနဲ့ ကျွန်တော်တို့ ထောက်ခံပါတယ်။ ရန်သူ့လက်ကနေ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို ကောင်းချီးပေးပါတယ်။ ဆုတောင်းပေးပါတယ်။”—UCCRO a ထုတ်ပြန်ချက်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။

 သင် ဘယ်လို ထင်ပါသလဲ။ ယေရှုခရစ်နောက် လိုက်ပါတယ်ဆိုတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအနေနဲ့ အသင်းသားတွေကို စစ်တိုက်ဖို့ အားပေးသင့်ပါသလား။ ကျမ်းစာမှာ ဘာပြောသလဲ။

စစ်ရေးမှာ ဘာသာရေး ပါဝင်မှု သမိုင်း

 ဘာသာရေး အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသယောင်နဲ့ စစ်မှုကို လက်သင့်ခံကြောင်း၊ အားပေးအားမြှောက် ပြုကြောင်း သမိုင်းက သက်သေထူတယ်။ ဒီလိုဘာသာရေး အရေခြုံမှုကို ယေဟောဝါသက်သေတွေ ဖော်ထုတ်လာတာ ဆယ်စုနှစ် ချီပြီ။ ကျွန်တော်တို့ရဲ့ စာပေတွေမှာ ဖော်ပြခဲ့တဲ့ နမူနာတချို့ကို ကြည့်ပါ။

  •   ဘုရားနဲ့ ခရစ်တော်ရဲ့ နာမည်ကို ခုတုံးလုပ်ပြီး ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ရိုမန် ကက်သလစ် ချာ့ချ် တာဝန်မကင်းကြောင်း “ခရူးဆိတ် စစ်ပွဲ— ကြေကွဲစရာ လှည့်စားမှု” ဆောင်းပါးမှာ ဖော်ပြခဲ့တယ်။

  •   လူမျိုးစု စစ်ပွဲ၊ မျိုးဖြုတ်သတ်ဖြတ်မှုတွေကို ဘာသာရေး တားဆီးမပေးခဲ့ကြောင်း ဥပမာတစ်ခုကို “အာဖရိကမှ ကက်သလစ် ချာ့ချ်” ဆောင်းပါးမှာ ဖော်ပြခဲ့တယ်။

  •   စစ်ပွဲများစွာမှာ နှစ်ဖက်စလုံးကို ကက်သလစ်၊ ဩသဒေါက်၊ ပရိုတက်စတင့် ဘုန်းတော်ကြီးတွေ ဘယ်လို ထောက်ခံခဲ့ကြကြောင်း “ဘာသာတရားရဲ့ အပြစ်လား၊” “စစ်ရေးမှာ ဘာသာရေးရဲ့ အခန်းကဏ္ဍ၊” “ဘာသာရေးရဲ့ ဘက်လိုက်မှု” ဆောင်းပါးတွေမှာ ဖော်ပြခဲ့တယ်။

စစ်ပွဲကို ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေ ထောက်ခံသင့်သလား

 ယေရှု ဘာသင်ပေးသလဲ။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မဿဲ ၂၂:၃၉) “ရန်သူကို ချစ်မြဲ ချစ်ပါ။”—မဿဲ ၅:၄၄-၄၇

 စဉ်းစားကြည့်ပါ။ မေတ္တာ ပြခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာနေပါတယ်ဆိုတဲ့ ဘာသာရေး အဖွဲ့အစည်းဟာ စစ်ပွဲမှာ တခြားသူတွေကို သတ်ဖြတ်ဖို့ အသင်းသားတွေကို အားပေးလို့ ရသလား။ အဖြေ သိနိုင်ဖို့ “ရန်သူများကို ချစ်ဖို့ ဖြစ်နိုင်သလော” ဆောင်းပါးကို ဖတ်ကြည့်ပါ။

 ယေရှု ဘာပြောသလဲ။ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။ ဒီလောကနဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်တွေက ဂျူးတွေလက်ထဲ ကျွန်တော် မရောက်သွားရအောင် တိုက်ခိုက်မှာပဲ။” (ယောဟန် ၁၈:၃၆) “ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်။”—မဿဲ ၂၆:၄၇-၅၂

 စဉ်းစားကြည့်ပါ။ ယေရှုကို ကာကွယ်ဖို့တောင် ခရစ်ယာန်တွေ တိုက်ခိုက်လို့ မရဘူးဆိုရင် တခြားအကြောင်းရင်းကြောင့် တိုက်ခိုက်သင့်သလား။ ယေရှုရဲ့ သွန်သင်ချက်ကို အစောပိုင်း ခရစ်ယာန်တွေ ဘယ်လို သစ္စာရှိရှိ လိုက်နာခဲ့ကြောင်း “ခရစ်ယာန်ဘာသာသည် စစ်မှုရေးရာနှင့် အပ်စပ်သလော” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

စစ်မှုကို အားပေးအားမြှောက် ပြုတဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ဘာဖြစ်သွားမလဲ

 ယေရှုနောက်လိုက် အမည်ခံပြီး ယေရှုရဲ့ သွန်သင်ချက်တွေ မလိုက်နာတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို ဘုရား ငြင်းပယ်တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။—မဿဲ ၇:၂၁-၂၃။ တိတု ၁:၁၆

  •   “မြေကြီးပေါ်မှာ ကွပ်မျက်ခံရသူအားလုံးရဲ့” သေဆုံးမှုအတွက် အဲဒီဘာသာရေး အဖွဲ့အစည်းတွေ အပြစ်မကင်းဘူးလို့ ဘုရား ရှူမြင်ကြောင်း ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၈:၂၁၊ ၂၄) အကြောင်းရင်းကို သိဖို့ “မဟာဗာဗုလုန်ဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

  •   ဘုရား လက်မခံတဲ့ ဘာသာရေး အဖွဲ့အစည်း အားလုံးဟာ ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေအတွက် ဖျက်ဆီးခံရမယ်လို့ ယေရှု ပြောတယ်။ မကောင်းတဲ့ အသီး သီးလို့ “ခုတ်လှဲပြီး မီးထဲ ပစ်ချခံရ” တဲ့ မကောင်းတဲ့ အပင်နဲ့ တူပါလိမ့်တယ်။ (မဿဲ ၇:၁၅-၂၀) အကြောင်းရင်းကို သိဖို့ “မှားယွင်းတဲ့ ဘာသာရေးရဲ့ အဆုံး နီးပြီ” ဆောင်းပါးကို ဖတ်ကြည့်ပါ။

Photo credits, left to right: Photo by Sefa Karacan/Anadolu Agency/Getty Images; Maxym Marusenko/NurPhoto via Getty Images

a ယူကရိန်းနိုင်ငံ ချာ့ချ်များနဲ့ ဘာသာရေး အဖွဲ့အစည်းများ ကောင်စီ (UCCRO) မှာ ဩသဒေါက်၊ ဂရိ၊ ရိုမန် ကက်သလစ်၊ ပရိုတက်စတင့်၊ ဧဝံဂေလိ ဂိုဏ်း ၁၅ ခုနဲ့ ဂျူး၊ မွတ်စလင်အသင်းတွေ ပါဝင်တယ်။