ဒီနေ့ခေတ် အစာခေါင်းပါးမှုအကြောင်း ကျမ်းစာအဆိုက ဘာလဲ
“ငတ်မွတ်မှု အဆုံးသတ်ရေး။” ဒီစကားတွေက ကမ္ဘာ့ခေါင်းဆောင်တွေ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အကြီးမားဆုံးပြဿနာတစ်ခုကို ဖော်ပြနေပါတယ်။ လူတိုင်း စားနပ်ရိက္ခာရရှိရေးဆိုတဲ့ ပန်းတိုင်ပါပဲ။ a ဘယ်လူသားမှ ဆာလောင်မွတ်သိပ်မှု မကြုံရတော့မယ့်အချိန် ရောက်နိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။
အခုခေတ်မှာ အစာခေါင်းပါးမယ့်အကြောင်း ကျမ်းစာ ကြိုပြောထား
“နောက်ဆုံးကာလ” လို့ခေါ်တဲ့ ကျွန်တော်တို့ခေတ်မှာ အစာရှားပါးမှုတွေ ဖြစ်မယ်လို့ ကျမ်းစာ ကြိုဟောထားတယ်။ (၂ တိမောသေ ၃:၁) အစာခေါင်းပါးမှုအတွက် ဘုရားမှာ တာဝန်မရှိပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်လာမယ့်အကြောင်း ကြိုသတိပေးထားတယ်။ (ယာကုပ် ၁:၁၃) ကျမ်းစာ ကြိုဟောချက်နှစ်ခုကို သတိပြုကြည့်ပါ။
“အစာခေါင်းပါးတာ . . . တွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။” (မဿဲ ၂၄:၇) ဒေသများစွာမှာ အငတ်ဘေးဆိုက်မယ့်အကြောင်း ကျမ်းစာ ကြိုဟောထားတာပါ။ အစာထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေက မကြာသေးခင်က အခုလို အစီရင်ခံခဲ့တယ်– “မွတ်သိပ်မှု ပပျောက်ရေး၊ အာဟာရပြည့်ဝတဲ့ အစားအစာ အလုံအလောက် ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေက လှုပ်လေမြုပ်လေပါပဲ။” b ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက သန်းရာချီတဲ့ လူတွေ အစားအစာ ချို့တဲ့နေတယ်။ စိတ်မကောင်းစရာက အစာရှားပါးမှုကြောင့် အများစု သေဆုံးသွားကြတယ်။
“ကြည့်လိုက်တော့ မြင်းနက်တစ်စီးကို မြင်တယ်။ မြင်းစီးသူရဲက ချိန်ခွင်တစ်လက် ကိုင်ထားတယ်။” (ဗျာဒိတ် ၆:၅) ဒီကြိုဟောချက်မှာ ဖော်ပြထားတဲ့ မြင်းနဲ့ မြင်းစီးသူရဲဟာ နောက်ဆုံးကာလမှာဖြစ်ပျက်မယ့် အစာခေါင်းပါးမှုကို တင်စားနေတယ်။ c မြင်းစီးသူရဲရဲ့လက်ထဲမှာ ချိန်ခွင်ရှိတယ်။ အစားအစာသိပ်မရှိတော့ နည်းနည်းချင်းစီပဲ ချိန်တွယ်ပေးနိုင်တယ်ဆိုတဲ့ သဘောပါ။ မြင်းစီးသူရဲ ထွက်လာတဲ့အခါ အသံတစ်သံကိုလည်း ကြားရတယ်။ အစားအစာတွေ တအားစျေးကြီးလာတော့မှာမို့ အခြေခံစားသောက်ကုန်တွေကို မဖြုန်းတီးပါနဲ့ဆိုပြီး သတိပေးတဲ့စကားပါ။ (ဗျာဒိတ် ၆:၆) ဒီစကားတွေက ဒီနေ့ခေတ် ကမ္ဘာချီ စားနပ်ရိက္ခာပြဿနာကို တိတိကျကျ ကွက်ကွက်ကွင်းကွင်း လှစ်ဟဖော်ပြနေတယ်မဟုတ်လား။ အခုအချိန်မှာ လူသန်းထောင်ချီဟာ အာဟာရရှိတဲ့အစားအစာတွေ မရကြဘူး၊ မဝယ်နိုင်ကြဘူး။
အစာခေါင်းပါးမှု ဘယ်လိုပပျောက်သွားမလဲ
ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ မှီတင်းနေထိုင်နေသူယောက်တိုင်းအတွက် အစားအစာ လောက်ငရုံထက်မက ပိုလျှံအောင် ထုတ်လုပ်ပေးနေတယ်လို့ ပညာရှင်တွေ ဆိုကြတယ်။ ဒါဆို ဘာကြောင့် အစာရှားပါးမှု ပြဿနာဖြစ်နေတာလဲ။ ဒီပြဿနာတွေကို ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင် ယေဟောဝါ d ဖြေရှင်းပေးမယ့်အကြောင်း ကျမ်းစာမှာ ဘယ်လိုဆိုထားသလဲ။
ပြဿနာ။ လူတွေ ဆာလောင်ငတ်မွတ်နေတာ ဆင်းရဲမွဲတေမှု၊ စီးပွားရေး မမျှတမှုတွေကြောင့်ပါ။ ပြဿနာက အဲဒီအရာတွေကို လူ့အစိုးရတွေ မဖယ်ရှားပေးနိုင်ဘူး။
ဖြေရှင်းနည်း။ ပြီးပြည့်စုံမှုမရှိတဲ့ လူ့အစိုးရတွေနေရာမှာ ပြီးပြည့်စုံတဲ့ ဘုရားနိုင်ငံတော်အစိုးရ အစားထိုးပါတော့မယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) ဒီနေ့ခေတ်မှာ ဆင်းရဲသားတွေဟာ ထမင်းလေးတစ်နပ် စားရဖို့အရေး ရုန်းကန်နေရတယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားမယ်။ ဘုရားနိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်အကြောင်း ကျမ်းစာ အခုလိုဆိုတယ်– “အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ၊ နိမ့်ကျသူတွေ၊ ကူကယ်ရာမဲ့သူတွေကို မင်းကြီး ကယ်တင်လိမ့်မယ်။ . . . ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၂၊ ၁၆။
ပြဿနာ။ စစ်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးမှု၊ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်လာလို့ အစားအစာ ဖြန့်ဝေဖို့ ခက်ခဲလာတယ် ဒါမှမဟုတ် ရပ်ဆိုင်းသွားတယ်။
ဖြေရှင်းနည်း။ “[ယေဟောဝါ] က မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။” (ဆာလံ ၄၆:၉) ဘုရားက စစ်လက်နက်တွေ၊ စစ်ပွဲတွေဖြစ်လာအောင် ကြိုးကိုင်သူတွေကို ဖျက်ဆီးပါလိမ့်မယ်။ စစ်ပွဲတွေသာ အဆုံးတိုင်သွားရင် လူတိုင်း အစားအစာကို အလွယ်တကူ ရနိုင်ကြမယ်။ ကျမ်းစာမှာ ဒီလိုကတိပြုထားတယ်- “ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ . . . ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။”—ဆာလံ ၇၂:၇။
ပြဿနာ။ ဆိုးရွားတဲ့ရာသီဥတုနဲ့ သဘာဝဘေးတွေကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးပြီး မွေးမြူထားတဲ့ တိရစ္ဆာန်တွေ သေကြေရတယ်။
ဖြေရှင်းနည်း။ ဘုရားက သဘာဝအင်အားတွေကို ထိန်းချုပ်မယ်။ မိုးလေဝသမှန်ရင် စိုက်ပျိုးရေးလည်း ဖြစ်ထွန်းမယ်။ ကျမ်းစာ ဒီလိုဆိုတယ်– “[ယေဟောဝါ] ဘုရားက မုန်တိုင်းစဲစေတယ်။ ပင်လယ်လှိုင်းတွေကို ငြိမ်သက်စေတယ်။ . . . ကန္တာရကိုတော့ ကျူပင်ပေါတဲ့ရေအိုင် ဖြစ်စေတယ်။ ခြောက်သွေ့တဲ့မြေကို စမ်းချောင်း ဖြစ်စေတယ်။ ဆာလောင်သူတွေကို အဲဒီမှာ နေထိုင်စေ . . . တယ်။ လယ်တွေမှာ မျိုးကြဲပြီး စပျစ်ခြံတွေ စိုက်ပျိုးကြတယ်။ သီးနှံတွေ အလျှံပယ်ထွက်တယ်။”—ဆာလံ ၁၀၇:၂၉၊ ၃၅-၃၇။
ပြဿနာ။ လောဘသမားတွေ၊ အကျင့်ပျက်ခြစားသူတွေက ဘေးဖြစ်စေတဲ့ အစားအစာတွေ ထုတ်လုပ်ကြတယ်။ လိုအပ်သူတွေဆီ အစားအစာတွေ မရောက်တာကလည်း သူတို့ရဲ့ လက်ဝါးကြီးအုပ်မှုကြောင့်ပါ။
ဖြေရှင်းနည်း။ ဘုရားနိုင်ငံတော်က မရိုးသားသူ၊ အကျင့်ပျက်ခြစားသူအားလုံးကို ဖယ်ရှားပစ်မယ်။ (ဆာလံ ၃၇:၁၀၊ ၁၁။ ဟေရှာယ ၆၁:၈) ယေဟောဝါဘုရားဟာ “လိမ်လည်လှည့်စားခံရသူတွေကို တရားသဖြင့် စီရင်ပေးတဲ့အရှင်၊ ဆာလောင်နေသူတွေကို အစာရေစာ ပေးသနားတဲ့အရှင်ပဲ” လို့ ကျမ်းစာဆိုတယ်။—ဆာလံ ၁၄၆:၇။
ပြဿနာ။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စားနပ်ရိက္ခာသုံးပုံတစ်ပုံ အလဟဿ ဖြစ်သွားတယ်။
ဖြေရှင်းနည်း။ ဘုရားနိုင်ငံတော်မှာ စီမံခန့်ခွဲမှုကောင်းမယ်။ ကမ္ဘာမြေပေါ် ယေရှုရှိခဲ့တုန်းက အစားအစာတွေကို မဖြုန်းတီးခဲ့ဘူး။ ဥပမာ၊ တစ်ခါက လူ ၅,၀၀၀ ကျော်ကို အံ့ဖွယ်နည်းနဲ့ ယေရှု ကျွေးမွေးပြီးတဲ့နောက် တပည့်တွေကို အခုလို ညွှန်ကြားတယ်– “အလေအလွင့် မဖြစ်အောင် စားကြွင်းစားကျန်တွေကို ကောက်သိမ်းကြ။”—ယောဟန် ၆:၅-၁၃။
ဘုရားနိုင်ငံတော်က ငတ်မွတ်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားပစ်တော့မှာဖြစ်လို့ လူသားအားလုံး အာဟာရရှိတဲ့အစားအစာတွေ အလျှံပယ် ရရှိပါတော့မယ်။ (ဟေရှာယ ၂၅:၆) ဒါတွေကို ဘုရားနိုင်ငံတော် ဘယ်တော့လုပ်ဆောင်ပေးမလဲ။ ထပ်သိချင်ရင် “ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။
a ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ စီမံကိန်းကို လက်ခံကျင့်သုံးခဲ့တယ်။
b ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ရဲ့ ပူးတွဲအစီရင်ခံချက်။
c ဗျာဒိတ်ကျမ်းထဲက မြင်းစီးသူရဲလေးဦးအကြောင်း ပိုသိချင်ရင် “မြင်းစီးသူရဲလေးဦး သူတို့ဟာ ဘယ်သူတွေလဲ” ဆောင်းပါးကို ဖတ်ပါ။
d ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကိုကြည့်ပါ။