ဂျော်ဂျီယာ | ၁၉၉၁-၁၉၉၇
“အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။”—၁ ကော. ၃:၆။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ၁၉၉၁ ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံ လွတ်လပ်ရေးရခဲ့တယ်။ နိုင်ငံရေးအပြောင်းအလဲနဲ့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေက လူနေမှုအခြေအနေကို ပိုဆိုးရွားစေတယ်။ လူတွေက ပေါင်မုန့်ရဖို့ တစ်ရက်လုံးနီးပါး တန်းစီရတယ်လို့ အဲဒီနှစ်တွေတုန်းက တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တဲ့ ဂေနာဒီ ဂုဒါဇီက ပြောပြတယ်။
အဲဒီအချိန်တုန်းက သက်သေခံတွေဟာ တန်းစီစောင့်နေတဲ့ လူအုပ်ကို ကျမ်းစာသတင်းတရား ပြောပြလေ့ရှိတယ်။ “ခက်ခဲတဲ့ အဲဒီနှစ်တွေမှာ လူတိုင်းက အမှန်တရားကို လိုလားကြပုံရတယ်။ ကျမ်းစာသင်အံမှု တောင်းခံတဲ့စာရွက် ရာနဲ့ချီပြီး ရရှိကြတယ်” လို့ ဂေနာဒီ ပြောပြတယ်။
အစည်းအဝေးပြီးတိုင်း တာဝန်ရှိညီအစ်ကိုတွေက လည်ပတ်ဖို့ တောင်းဆိုသူတွေရဲ့ နာမည်နဲ့ လိပ်စာကို ဖတ်ပြတယ်။ ကြေညာသူတွေက အဲဒီအိမ်တွေကို သွားကြတယ်။
တဘီလီဆီမြို့က အကြီးအကဲ ညီအစ်ကို လေဗာနီ ဆာဘာရှဗီလီက လည်ပတ်ဖို့ တောင်းဆိုတဲ့ လင်မယားနှစ်ယောက်ကို မှတ်မိနေတယ်။ “ကြေညာသူတွေက လိပ်စာအားလုံးကို ယူသွားကြပြီ။ ဒါပေမဲ့ သူတို့ဆီ ဘယ်သူမှ မသွားကြဘူး။ သူတို့နေတဲ့နေရာက သိပ်ဝေးတယ်။ ကျွန်တော်တို့မှာလည်း ကျမ်းစာသင်အံမှု အများကြီး ရှိနေပြီ” လို့ သူပြောတယ်။
လအနည်းငယ်ကြာတော့ ဒီလင်မယားက စာထပ်ပို့ပြန်တယ်။ ဒါက တတိယအကြိမ်ဖြစ်ပြီး သက်သေခံတွေ သွေးပြစ်မသင့်အောင် နေဖို့ တောင်းဆိုတဲ့ စာတိုလေးပါ ထည့်ပေးလိုက်တယ်။ (တ. ၂၀:၂၆၊ ၂၇) “အဲဒီအချိန်က နှစ်သစ်ကူးရာသီမို့ လူတွေဆီ မလည်ပတ်ဘူး။ ဒါပေမဲ့ လည်ပတ်မှုကို ထပ်ရွှေ့ဆိုင်းလို့ မဖြစ်တော့ဘူးလို့ ခံစားရတယ်” လို့ လေဗာနီ ပြောပြတယ်။
အမှန်တရားကို ဆာမွတ်နေတဲ့ ရိုအီနီနဲ့ နာနာ ဂရီဂါလာရှဗီလီတို့ဟာ အေးစိမ့်နေတဲ့ မနက်ခင်းမှာ လေဗာနီနဲ့ နောက်ညီအစ်ကိုတစ်ယောက်ကို သူတို့ရဲ့အိမ်တံခါးဝမှာ တွေ့လိုက်ရလို့ အံ့ဩမဆုံး ဖြစ်သွားတယ်။ ချက်ချင်းပဲ ကျမ်းစာသင်အံမှု စလိုက်တယ်။ အခုဆိုရင် ရိုအီနီနဲ့ နာနာတို့ဟာ သားသမီးတွေနဲ့အတူ မှန်မှန်ရှေ့ဆောင် လုပ်နေကြပြီ။
မနားမနေ ကြိုးစားမှုကြောင့် စိတ်ဝင်စားသူတွေဆီ ရောက်
အမှန်တရားကို လက်ခံတဲ့သူတွေဟာ အလွန်ကျေးဇူးတင်ကြလို့ တခြားသူတွေကို သတင်းကောင်း ပြောပြဖို့ ကိုယ့်ရဲ့အချိန်၊ ခွန်အား၊ ငွေကြေးတွေကို မနှမြောဘဲ ပေးဆက်ကြတယ်။ မိသားစုတာဝန်တွေကြား စိတ်ဝင်စားသူတွေကို ကူညီပေးဖို့ ဝေးလံတဲ့ရွာတွေဆီ မမောမပန်း သွားတဲ့သူတွေထဲမှာ ဘာဒရီနဲ့ မာရီနာ ကိုပါလီယာနီတို့ လင်မယားလည်း ပါတယ်။
ဘာဒရီနဲ့ မာရီနာတို့ဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆယ်ကျော်သက် သားတွေနဲ့အတူ ဒူရှေတီမြောက်ပိုင်း လှပတဲ့ တောင်တန်းဒေသတွေဆီ သွားဖို့ စီစဉ်ကြတယ်။ တစ်ခါတလေ မိုင် ၉၀ လောက်ဝေးတဲ့ ရွာတွေဆီ သွားကြတယ်။
တစ်နေ့တော့ အမျိုးသမီးတစ်ယောက်က ဘာဒရီတို့ဇနီးမောင်နှံကို သူ့ရဲ့အလုပ်ခွင်ထဲ ဖိတ်ခေါ်တယ်။ ဘာဒရီ ခုလိုပြောပြတယ်– “အခန်းကြီးထဲမှာ လူ ၅၀ လောက် စောင့်နေတာကို တွေ့လိုက်ရတယ်။ စစချင်းတော့ အံ့ဩသွားပေမဲ့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ ပြီးတော့ မဿဲ အခန်းကြီး ၂၄ မှာပါတဲ့ နောက်ဆုံးကာလရဲ့ အဖြစ်အပျက်တွေကို ဆွေးနွေးကြတယ်။ လူတစ်ယောက်က အံ့ဩပြီး ‘ကျွန်တော်တို့ရဲ့ ဘုန်းကြီးတွေက ဘာဖြစ်လို့ ဒီအကြောင်းတွေ မပြောပြတာလဲ’ လို့မေးတယ်။”
သတိရအောက်မေ့ပွဲက လူတွေကို ဆွဲဆောင်
ယေရှုရဲ့သေခြင်း အောက်မေ့ပွဲက စိတ်ရင်းမှန်တဲ့ ဂျော်ဂျီယာလူမျိုးတွေ အမှန်တရားကြားခွင့် ရစေတယ်။ ဥပမာ၊ ၁၉၉၀ ပြည့်နှစ်တုန်းက စိတ်ဝင်စားတဲ့ အိမ်နီးချင်းတွေ များလွန်းလို့ တဘီလီဆီမြို့မှာရှိတဲ့ ညီအစ်မ အီယာ ဘာဒရီဇီရဲ့ အိမ်မှာ သတိရအောက်မေ့ပွဲ ကျင်းပတယ်။
ညီအစ်မ ဘာဒရီဇီက သူ့ရဲ့တိုက်ခန်းမှာ သတိရအောက်မေ့ပွဲ ကျင်းပခွင့်ပေးတယ်။ သူ့သားသမီးတွေရဲ့ အကူအညီနဲ့ ဧည့်ခန်းကို ရှင်းလိုက်တယ်။ ဒါပေမဲ့ ဧည့်သည်တွေအတွက် ထိုင်ခုံတွေ ဘယ်ကရမလဲ။ ဂျော်ဂျီယာမှာ စုဝေးမှုကြီးတွေအတွက် စားပွဲနဲ့ ထိုင်ခုံ ငှားပေးတဲ့ ထုံးစံရှိတယ်။ ညီအစ်မက ထိုင်ခုံပဲငှားလို့ ပိုင်ရှင်က “စားပွဲ မလိုဘူးလား။ ဘယ်လို စားသောက်ကြမလဲ” လို့မေးတယ်။
ယေရှုရဲ့ သေခြင်းအောက်မေ့ရာပွဲ တက်ရောက်လာသူအားလုံးကို ညီအစ်မ ဘာဒရီဇီက ၁၃ ထပ်မှာရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ နေရာရအောင် စီစဉ်ပေးခဲ့တယ်။ အံ့ဩစရာက တက်ရောက်သူ ၂၀၀ ရှိတယ်။ အိမ်နီးချင်းတွေက ယေဟောဝါသက်သေတွေအကြောင်း မေးခွန်းအများကြီး မေးကြတယ်။
အမှတ်ရစရာ အောက်မေ့ရာပွဲ
၁၉၉၂ ခုနှစ်မှာ အောက်မေ့ရာပွဲအတွက် အဆောက်အဦတွေ နိုင်ငံအနှံ့မှာ ငှားကြတယ်။ ဂိုရီမြို့မှာနေတဲ့ ဒေးဗစ် ဆမ်ခါရဒ်ဇီက အောက်မေ့ရာပွဲ အစီအစဉ်အကြောင်း နယ်လှည့်ကြီးကြပ်မှူးတွေ စုံစမ်းမေးမြန်းပုံကို ပြောပြတယ်။
ကြေညာသူတွေ အိမ်မှာ စုဝေးဖို့ လုပ်နေတာကို သိတဲ့အခါ “ဒီမြို့မှာ ခန်းမကြီးကြီး မရှိဘူးလား၊ ငှားကြည့်ပါလား” လို့ပြောတယ်။ ခန်းမက လူ ၁,၀၀၀ ကျော်ဆံ့ပြီး ကြေညာသူက ၁၀၀ ကျော်ပဲရှိလို့ ခန်းမငှားဖို့ မလိုဘူးလို့ ယူဆကြတယ်။
တိုက်နယ်ကြီးကြပ်မှူးက “ကြေညာသူတစ်ယောက်ကို လူဆယ်ယောက် ခေါ်လာရင် ထိုင်ခုံအားလုံး ပြည့်သွားမယ်လို့” အကြံပေးတယ်။ ဒီအကြံပြုချက်က လက်တွေ့မကျပုံရပေမဲ့ ကြေညာသူတွေ ကြိုးစားလိုက်နာကြတယ်။ အောက်မေ့ရာပွဲမှာ လူ ၁,၀၃၆ ယောက်ထက်မနည်း တက်ရောက်လာလို့ အံ့ဩဝမ်းသာကြတယ်။ *
ထက်သန်တဲ့ ရှေ့ဆောင်တွေ နယ်မြေသစ်တွေဆီ ရောက်ရှိ
၁၉၉၂ ခုနှစ်တုန်းက ဂျော်ဂျီယာမှာ ကျမ်းစာသတင်းတရား မရောက်သေးတဲ့ ဒေသတွေ တော်တော်များသေးတယ်။ တိုင်းပြည် စီးပွားရေး ကျပ်တည်းနေချိန်မှာ နယ်မြေသစ်တွေဆီ ဘယ်လိုသွားကြမလဲ။
အဲဒီအချိန်တုန်းက အနောက်ဂျော်ဂျီယာမှာနေတဲ့ တမာဇီ ဘီဘလိုင်အာ ခုလိုပြောပြတယ်– “လုပ်နိုင်တာတွေ ဆွေးနွေးဖို့ တိုက်နည်ကြီးကြပ်မှူးက ကျွန်တော်တို့နဲ့ တွေ့ဆုံတယ်။ အထူးရှေ့ဆောင်အစီအစဉ်အကြောင်း ကျွန်တော်တို့ သိပ်မသိဘူး။ ဒါပေမဲ့ သတင်းကောင်းကို အရေးတကြီး ဟောပြောရမယ်ဆိုတာတော့ သိတယ်။” (၂ တိ. ၄:၂) အဲဒါကြောင့် ရှေ့ဆောင် ၁၆ ယောက် ရွေးပြီး နိုင်ငံတစ်ဝန်းက နယ်မြေဒေသအသီးသီးမှာ တာဝန်ခန့်အပ်လိုက်တယ်။—ပူးတွဲပါမြေပုံမှာ ကြည့်ပါ။
၁၉၉၂၊ မေလမှာ အဲဒီနယ်မြေတွေမှာ ငါးလ တာဝန်ထမ်းဆောင်မယ့် ရှေ့ဆောင်တွေနဲ့ သုံးနာရီကြာ အစည်းအဝေးတစ်ခုကို တဘီလီဆီမြို့မှာ
လုပ်တယ်။ အကြီးအကဲတွေက လတိုင်း သူတို့ဆီ လည်ပတ်ပြီး လိုအပ်တဲ့ ရုပ်ပိုင်း၊ ဝတ်ပြုရေးပိုင်း အကူအညီတွေ ပေးကြရမယ်။မာနေအာ အဒူအာ ရှဗီလီနဲ့ နာဇီ ဇဗာနီယာ ရှေ့ဆောင် ညီအစ်မနှစ်ယောက်က အိုဇူဂေတီမြို့မှာ တာဝန်ကျတယ်။ အဲဒီအချိန်မှာ မာနေအာက အသက် ၆၀ ရှိပြီ။ သူ ဒီလိုပြောတယ်– “အိုဇူဂေတီမြို့နားမှာ စိတ်ဝင်စားသူတစ်ယောက် ရှိတယ်ဆိုတာ ကျွန်မတို့ သိတယ်။ အဲဒီကို ရောက်တာနဲ့ သူနဲ့တွေ့ဖို့ စီစဉ်တယ်။ သူ့အိမ်ကို ရောက်တဲ့အခါ ဖိတ်ထားသူ အယောက် ၃၀ က ကျွန်မတို့ကို စောင့်နေကြတယ်။ အဲဒီနေ့မှာပဲ ကျမ်းစာသင်အံမှု အတော်များများ စနိုင်ခဲ့တယ်။”
နောက်ပိုင်းလတွေမှာ တိုးတက်မှုတွေ တွေ့ရတယ်။ ငါးလကြာပြီးနောက်မှာ ၁၂ ယောက်က နှစ်ခြင်းခံဖို့ အသင့်ဖြစ်နေပြီ။
ကိုယ်ကျိုးစွန့်ရကျိူးနပ်ခဲ့
ညီအစ်ကို ပါဗလေ အဘဒူရှေလီရှဗီလီနဲ့ ပအာတာ မိုဘီဒါဇီ ရှေ့ဆောင်နှစ်ယောက်ဟာ တစာဂေရီမြို့မှာ တာဝန်ကျတယ်။ အဲဒီမြို့ဟာ ရှေးရိုး
ထုံးစံတွေနဲ့ အမည်ခံ ခရစ်ယာန် သွန်သင်ချက်တွေ ရောနှောနေတဲ့ ဒေသမှာ တည်ရှိတယ်။အအေးဓာတ်လွန်ကဲတဲ့ ဆောင်းရာသီ နီးလာတော့ ရှေ့ဆောင်တွေရဲ့ ငါးလကြာ တာဝန်လည်း ပြီးခါနီးပြီ။ ပအာတာကလည်း ဘာသာပြန်လုပ်ငန်းမှာ ကူညီဖို့ ဖိတ်ခေါ်ခံရတယ်။ ဒါကြောင့် ပါဗလေ ဆုံးဖြတ်ချက် ချရတော့မယ်။ သူ ဒီလိုပြောပြတယ်– “တစာဂေရီမြို့မှာ ဆောင်းတွင်းဆို သိပ်ခက်ခဲတယ်။ ဒါပေမဲ့ ကျမ်းစာသင်သားတွေက အကူအညီ လိုနေလို့ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။”
“ဒေသခံမိသားစုတစ်စုနဲ့ ကျွန်တော် အတူနေတယ်။ တစ်နေ့လုံးနီးပါး အပြင်ထွက် ဟောပြောတယ်။ ညနေခင်းမှာတော့ အဲဒီမိသားစုနဲ့အတူ ပထမထပ် ဧည့်ခန်းထဲက မီးဖိုဘေးမှာ ထိုင်တယ်။ အိပ်ခန်းထဲ သွားရတော့မယ်ဆိုရင် ဦးထုပ်ဆောင်း၊ စောင်ထူထူခြုံပြီး အိပ်တယ်။”
အဲဒီဆောင်းတွင်းမှာ အကြီးအကဲတွေ ပါဗလေဆီ လာတဲ့အခါ ၁၁ယောက်က နှစ်ခြင်းမခံတဲ့ ကြေညာသူဖြစ်ဖို့ အသင့်ဖြစ်နေပြီ။ မကြာခင်မှာပဲ အားလုံး နှစ်ခြင်းခံလိုက်ကြတယ်။
^ စာပိုဒ်၊ 20 ၁၉၉၂ ခုနှစ်တုန်းက ဂျော်ဂျီယာမှာ ထက်သန်တဲ့ ကြေညာသူ ၁,၈၆၉ ယောက်ရှိပြီး အောက်မေ့ရာပွဲ တက်ရောက်သူ ၁၀,၃၃၂ ယောက် ရှိခဲ့တယ်။