မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ပတ်သက်နေသည့် နှစ်သိမ့်မှုဆိုင်ရာ ပရောဖက်ပြုချက် စကားများ

သင် ပတ်သက်နေသည့် နှစ်သိမ့်မှုဆိုင်ရာ ပရောဖက်ပြုချက် စကားများ

အခန်း နှစ်

သင် ပတ်သက်နေသည့် နှစ်သိမ့်မှုဆိုင်ရာ ပရောဖက်ပြုချက် စကားများ

ဟေရှာယ ၄၁:၁–၂၉

၁။ ဟေရှာယ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

 ဟေရှာယသည် မိမိအမည်ဖြင့် သမုတ်ထားသောကျမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ နီးပါးခန့်က ရေးသားခဲ့သော်လည်း ယနေ့ ကျွန်ုပ်တို့အတွက် အမှန်တကယ် တန်ဖိုးရှိသည်။ သူ မှတ်တမ်းတင်ခဲ့သော သမိုင်းဝင် အဖြစ်အပျက်များမှ အရေးကြီးသည့် မူများကို ကျွန်ုပ်တို့ သင်ယူနိုင်သည်။ ထို့ပြင် ယေဟောဝါ၏ နာမတော်ဖြင့် ရေးသားခဲ့သော ပရောဖက်ပြုချက်များကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တည်ဆောက်နိုင်သည်။ မှန်ပါသည်၊ ဟေရှာယသည် အသက်ရှင်သော ဘုရားသခင်၏ ပရောဖက်တစ်ပါး ဖြစ်သည်။ အဖြစ်အပျက်များ မဖြစ်မီ တင်ကြို၍ သမိုင်းရာဇဝင်ကို မှတ်တမ်းတင်ရန် ယေဟောဝါ သူ့ကို မှုတ်သွင်းတော်မူခဲ့သည်။ သို့ဖြင့် ယေဟောဝါသည် အနာဂတ်ကို ကြိုဟောနိုင်ရုံမက ပုံသွင်းနိုင်ကြောင်းလည်း သက်သေပြခဲ့သည်။ ဟေရှာယကျမ်းကို လေ့လာပြီးနောက် ယေဟောဝါသည် မိမိ ကတိပြုခဲ့ရာ အားလုံးကို ပြည့်စုံစေမည် ဖြစ်ကြောင်း စစ်မှန်သော ခရစ်ယာန်များ ယုံကြည်စိတ်ချကြသည်။

၂။ ဟေရှာယသည် မိမိ၏ ပရောဖက်ပြုချက်ကျမ်းကို မှတ်တမ်းတင်ချိန်၌ ယေရုရှလင်မြို့သည် အဘယ် အခြေအနေ ရှိသနည်း၊ အဘယ် အပြောင်းအလဲ ဖြစ်လာမည်နည်း။

မိမိ၏ ပရောဖက်ပြုချက်ကို ဟေရှာယ ရေးသားပြီးစီးချိန်တွင် အာရှုရိ၏ ခြိမ်းခြောက်မှုမှ ယေရုရှလင်မြို့ လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ ဗိမာန်တော်သည် ဆက်တည်ရှိနေဆဲ ဖြစ်ပြီး လူများသည် မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို နှစ်ပေါင်း ရာနှင့်ချီ၍ လုပ်ခဲ့သည့်အတိုင်းပင် ဆက်လုပ်ဆောင်နေကြသည်။ သို့ရာတွင် ထိုအခြေအနေ ပြောင်းလဲသွားမည်။ ဂျူးဘုရင်များ၏ စည်းစိမ်ဥစ္စာများကို ဗာဗုလုန်မြို့သို့ ယူဆောင်သွားမည့်အချိန်၊ ထိုမြို့တွင် ဂျူးလူငယ်လေးများသည် နန်းတွင်းခစားသူများအဖြစ် အမှုဆောင်ရမည့်အချိန် ရောက်လာမည်။ a (ဟေရှာယ ၃၉:၆-၇) နှစ်ပေါင်း ၁၀၀ ကျော် ကြာပြီးနောက် ထိုသို့ ဖြစ်လာမည်။—၄ ဓမ္မရာဇဝင် ၂၄:၁၂-၁၇; ဒံယေလ ၁:၁၉

၃။ ဟေရှာယ အခန်းကြီး ၄၁ တွင် အဘယ် သတင်းစကား တွေ့ရသနည်း။

သို့ရာတွင် ဟေရှာယမှတစ်ဆင့် လာသော ဘုရားသခင့် သတင်းစကားသည် ပျက်စီးခြင်းသတင်းမျှသာ မဟုတ်ချေ။ သူ၏ ကျမ်း အခန်းကြီး ၄၀ ကို “နှစ်သိမ့်စေကြလော့” ဟူသော စကားဖြင့် နိဒါန်းပျိုးထားသည်။ b ဂျူးများသည် မိမိတို့ သို့မဟုတ် မိမိတို့၏ သားသမီးများ ပြည်တော်သို့ ပြန်လာနိုင်မည် ဟူသော အာမခံချက်ကြောင့် နှစ်သိမ့်မှု ရကြပေမည်။ အခန်းကြီး ၄၁ ၌ ထိုနှစ်သိမ့်မှု ပေးသော သတင်းစကား ဆက်ပါရှိပြီး ယေဟောဝါသည် မိမိ၏ အလိုတော်ကို ပြည့်စုံစေရန် တန်ခိုးကြီး ဘုရင်တစ်ပါးကို ပေါ်ထွန်းစေမည်ဟု ကြိုဟောထားသည်။ ယင်းအခန်းကြီးတွင် ထပ်ဆင့် အာမခံချက်များ ပါရှိပြီး ဘုရားသခင်အား ယုံကြည်ကိုးစားရန် အားပေးထားသည်။ တိုင်းနိုင်ငံများစွာမှ လူများ ယုံကြည်ကိုးစားကြသည့် မှောက်မှားသော ဘုရားများသည် အစွမ်းတန်ခိုး မရှိကြောင်းကိုလည်း ဖော်ထုတ်ထားသည်။ ဤတစ်ခန်းလုံး၌ ဟေရှာယခေတ်တွင်ကော၊ ကျွန်ုပ်တို့အချိန်တွင်ပါ ယုံကြည်ခြင်းကို ခိုင်မြဲစေသည့်အရာ များစွာ ပါရှိသည်။

ယေဟောဝါသည် လူမျိုးများကို စိန်ခေါ်

၄။ ယေဟောဝါသည် အဘယ် စကားများဖြင့် လူမျိုးတို့ကို စိန်ခေါ်တော်မူသနည်း။

ယေဟောဝါသည် မိမိ၏ ပရောဖက်မှတစ်ဆင့် ဤသို့ မိန့်တော်မူ၏– “တစ်ကျွန်းတစ်နိုင်ငံအရပ်တို့ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ။ လူအမျိုးမျိုးတို့ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။” (ဟေရှာယ ၄၁:၁) ဤစကားများဖြင့် ယေဟောဝါသည် မိမိလူမျိုးတော်ကို ဆန့်ကျင်သော လူမျိုးတို့အား စိန်ခေါ်တော်မူ၏။ သူတို့သည် ကိုယ်တော့် ရှေ့မှောက်၌ ရပ်ကာ စကားပြောဆိုရန် မိမိတို့ကိုယ်ကို ပြင်ဆင်ကြပါစေ! နောက်ပိုင်းတွင် တွေ့ရမည် ဖြစ်သည့်အတိုင်း ယေဟောဝါသည် တရားရုံးတစ်ခုမှ တရားသူကြီးတစ်ဦးအလား ထိုလူမျိုးများအား သူတို့၏ ရုပ်တုများသည် ဘုရားမှန် ဖြစ်ကြောင်း ပြဖို့ သက်သေထူရန် တောင်းဆိုတော်မူ၏။ ထိုဘုရားများသည် မိမိအား ဝတ်ပြုကိုးကွယ်သူများကို ကယ်တင်ရန် သို့မဟုတ် သူတို့၏ ရန်သူများကို တရားစီရင်မည့်အကြောင်းတို့ကို ကြိုပြောနိုင်ပါသလော။ ထိုသို့ပြောလျှင်ပင် ထိုပရောဖက်ပြုချက်များကို ပြည့်စုံစေနိုင်သလော။ မပြည့်စုံစေနိုင်ပါဟု အဖြေထွက်သည်။ ယေဟောဝါ တစ်ပါးတည်းသာ ထိုအမှုများကို ပြုလုပ်နိုင်တော်မူ၏။

၅။ ဟေရှာယ ပရောဖက်ပြုချက်များသည် တစ်ကြိမ်ထက်မက ပြည့်စုံရန် ရှိကြောင်းကို ရှင်းပြပါ။

ဟေရှာယ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ သုံးသပ်သည့်အခါ ကျမ်းစာပရောဖက်ပြုချက်များစွာကဲ့သို့ သူ၏ စကားများသည်လည်း တစ်ကြိမ်ထက်မက ပြည့်စုံစရာ ရှိကြောင်း ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားကြစို့။ ဘီ.စီ.အီး. ၆၀၇ တွင် ယုဒလူမျိုးသည် ဗာဗုလုန်သို့ ပြည်နှင်ခံရမည် ဖြစ်သည်။ သို့ရာတွင် ထိုနေရာတွင် သုံ့ပန်းဘဝ အခြေအနေမှ ဣသရေလလူမျိုးများကို ယေဟောဝါ ကယ်လွှတ်မည် ဖြစ်ကြောင်း ဟေရှာယ၏ ပရောဖက်ပြုချက်၌ ဖော်ပြထားသည်။ ဘီ.စီ.အီး. ၅၃၇ တွင် ယင်းအတိုင်း ဖြစ်ပျက်လာသည်။ ၂၀ ရာစုဆန်းပိုင်း နေ့ရက်များတွင် ထိုလွတ်မြောက်ခြင်းနှင့် ဆင်တူသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း မြေကြီးပေါ်ရှိ ယေဟောဝါ၏ ဘိသိက်ခံ ကျေးကျွန်များသည် ဒုက္ခကာလတစ်ခုကို ကျော်ဖြတ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် စာတန့်လောက၏ ဖိအား ဖြစ်သော မဟာဗာဗုလုန်၏ အဓိက အစိတ်အပိုင်း ဖြစ်သော ခရစ်ယာန်ဘောင်၏ လှုံ့ဆော်မှုကြောင့် အဖွဲ့အစည်းလိုက် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ လုံးဝ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ (ဗျာဒိတ် ၁၁:၅-၁၀) ကင်းမျှော်စင်အသင်း၏ အဓိကတာဝန်ရှိသူအချို့သည် ကလိန်ကျ အကွက်ဆင်သည့် စွဲချက်များဖြင့် ထောင်ချခံခဲ့ရသည်။ ဘုရားသခင့် ကျေးကျွန်များအပေါ် လောက၏ တိုက်ခိုက်ခြင်းသည် အမြင်အားဖြင့် အနိုင်ရသွားပုံပေါက်သည်။ ၎င်းနောက် ဘီ.စီ.အီး. ၅၃၇ တွင် ဖြစ်ပျက်ခဲ့သကဲ့သို့ ယေဟောဝါသည် သူတို့ကို မမျှော်လင့်ဘဲ လွတ်မြောက်ပေးခဲ့သည်။ ထောင်ချခံခဲ့ရသော တာဝန်ရှိသူများသည် ၁၉၁၉ တွင် လွတ်မြောက်ခဲ့ကြပြီး နောက်ပိုင်းတွင် စွဲချက်များမှ လွတ်မြောက်ခဲ့သည်။ ၁၉၁၉ စက်တင်ဘာလတွင် အိုဟိုင်အို၊ စီဒါပွိုင့်တွင် ကျင်းပသည့် စည်းဝေးကြီးက နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း ပြန်လုပ်ဆောင်ရန် ယေဟောဝါ၏ ကျေးကျွန်များအား ပြန်လည်အားအင်ပြည့်စေခဲ့သည်။ (ဗျာဒိတ် ၁၁:၁၁၊ ၁၂) ထိုအချိန်မှစ၍ ယခုအချိန်အထိ ထိုဟောပြောခြင်းလုပ်ငန်း နယ်ပယ်သည် ထူးခြားစွာ တိုးပွားကျယ်ပြန့်ခဲ့ပြီ။ ထို့ပြင် ဟေရှာယ၏ စကားများထဲမှ များစွာသည် မြေကြီးပေါ် ပရဒိသု ဖြစ်လာသည့်အခါ အံ့ဖွယ် ပြည့်စုံလာဦးမည်။ ယင်းတို့ကို ထောက်ရှု၍ ရှေးခေတ်က ဟေရှာယ၏ စကားများသည် မျက်မှောက်ခေတ် တိုင်းနိုင်ငံအားလုံး၊ လူအားလုံးနှင့် ပတ်သက်သည်။

ကယ်တင်ရှင်တစ်ပါး ပေါ်ထွန်းလာ

၆။ ပရောဖက်သည် အနာဂတ် အောင်နိုင်သူအကြောင်း မည်သို့ ဖော်ပြသနည်း။

ဘုရားသခင့် လူမျိုးတော်ကို ဗာဗုလုန်မှ ကယ်တင်မည့်အပြင် ရန်သူများကိုလည်း တရားစီရင်မည့် အောင်နိုင်သူတစ်ပါးအကြောင်း ဟေရှာယမှတစ်ဆင့် ယေဟောဝါ ကြိုဟောတော်မူ၏။ ယေဟောဝါ ဤသို့ မေးတော်မူ၏– “ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌ အပ်၍ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှာ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ ဓားရှေ့မှာ မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူ၏ လေးရှေ့မှာ လွင့်သော ဖွဲကဲ့သို့လည်းကောင်း အဘယ်သူ ဖြစ်စေသနည်း။ ရန်သူတို့ကို လိုက်ရ၏။ မိမိ ခြေမနင်းဖူးသော လမ်းဖြင့် ဘေးမရှိ။ လွန်သွားရ၏။ ထိုအမှုများကို စီရင်ဖန်ဆင်းလျက် ရှေးဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်း ဟူမူကား အဦးဆုံးသောသူ ဖြစ်၍ နောက်ဆုံးသောသူတို့နှင့် ရှိသော ငါထာဝရဘုရားပေတည်း။”—ဟေရှာယ ၄၁:၂-၄

၇။ ရောက်လာတော့မည့် အောင်နိုင်သူမှာ မည်သူ ဖြစ်ပြီး အဘယ်အရာကို ဖြစ်မြောက်စေသနည်း။

နေထွက်ရာအရပ်၊ အရှေ့ဒေသမှ ပေါ်ထွန်းမည့်သူကား မည်သူနည်း။ ဗာဗုလုန်၏ အရှေ့ဘက်တွင် မီဒို-ပါးရှားနှင့် ဧလံနိုင်ငံများ တည်ရှိသည်။ ထိုနေရာမှ နေ၍ ပါးရှန်းဘုရင် ကုရုသည် မိမိ၏ အင်အားကြီး စစ်တပ်နှင့်အတူ ချီတက်လာသည်။ (ဟေရှာယ ၄၁:၂၅; ၄၄:၂၈; ၄၅:၁-၄၊ ၁၃; ၄၆:၁၁) ကုရုသည် ယေဟောဝါအား ကိုးကွယ်သူတစ်ဦး မဟုတ်သော်လည်း ဖြောင့်မတ်သော ဘုရားသခင် ယေဟောဝါ၏ အလိုတော်နှင့်အညီ ဆောင်ရွက်သည်။ ကုရုသည် ဘုရင်များအပေါ် အနိုင်ယူ အုပ်စိုးပြီး သူတို့သည် သူ့ရှေ့တွင် ရှိသော မြေမှုန့်ကဲ့သို့ ကစဉ့်ကရဲ ဖြစ်ကြသည်။ အနိုင်ရဖို့အတွက် လိုက်တိုက်ရာတွင် သွားလေ့မရှိသော လမ်းများကို “ဘေးမရှိ” သို့မဟုတ် လုံခြုံစွာ ဖြတ်သွားကာ အတားအဆီးအားလုံးကို ကျော်လွှားအောင်မြင်လေသည်။ ဘီ.စီ.အီး. ၅၃၉ တွင် ကုရုသည် အင်အားကြီးသော ဗာဗုလုန်မြို့သို့ ရောက်ပြီး ယင်းမြို့ကို ဖြိုဖျက်လိုက်သည်။ ရလဒ်အနေနှင့် ဘုရားသခင့် လူမျိုးတော်သည် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ဖို့ ယေရုရှလင်မြို့သို့ ပြန်နိုင်ကြရန်အလို့ငှာ လွတ်မြောက်သွားကြသည်။—ဧဇရ ၁:၁-၇ c

၈။ ယေဟောဝါ တစ်ပါးတည်းသာ အဘယ်အရာကို ပြုလုပ်နိုင်တော်မူသနည်း။

ထို့ကြောင့် ကုရု မမွေးမီ ကြာမြင့်စွာကတည်းက ထိုမင်း ပေါ်ထွန်းမည့်အကြောင်းကို ဟေရှာယမှတစ်ဆင့် ယေဟောဝါ ကြိုဟောတော်မူ၏။ စစ်မှန်သော ဘုရားသခင် တစ်ပါးတည်းသာ ထိုကဲ့သို့ တိကျမှန်ကန်စွာ ပရောဖက်ပြုနိုင်သည်။ လူမျိုးများ၏ မှောက်မှားသော ဘုရားများတွင် ယေဟောဝါနှင့် တူသည့် ဘုရား မရှိပါ။ အကြောင်းကောင်း ရှိ၍ ယေဟောဝါ ဤသို့ မိန့်ဆို၏– “ငါ့ဘုန်းကို အခြားသောသူအား . . . ငါမပေး။” ယေဟောဝါ တစ်ပါးတည်းသာ ဤသို့ မှန်ကန်စွာ မိန့်တော်မူနိုင်၏– “ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် မရှိ။”—ဟေရှာယ ၄၂:၈; ၄၄:၆၊ ၇

ကြောက်ရွံ့ထိတ်လန့်နေသော လူများ ရုပ်တုဆင်းတုကို ယုံကြည်ကိုးစားကြ

၉-၁၁။ ကုရု၏ ချီတက်လာမှုကို လူမျိုးများ မည်သို့ တုံ့ပြန်ကြသနည်း။

ဤအနာဂတ် အောင်နိုင်သူအား လူမျိုးများ၏ တုံ့ပြန်ပုံကို ယခု ဟေရှာယ ဤသို့ ဖော်ပြ၏– “တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် မြင်၍ ကြောက်ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သောစိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။ အိမ်နီးချင်း တစ်ယောက်ကို တစ်ယောက် မစ၍ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် ‘မစိုးရိမ်နှင့်’ ဟု ဆိုကြ၏။ ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသောသူသည် ပေပေါ်မှာ ရိုက်သောသူကိုလည်း နှိုးဆော်၍ ‘ဂဟေ ကောင်းသည်’ ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်းငှာ သံချွန်နှင့် ရိုက်ထားတတ်၏။”—ဟေရှာယ ၄၁:၅-၇

၁၀ အနာဂတ် အနှစ် ၂၀၀ ခန့်ကို ကြို၍ ကြည့်ကာ ယေဟောဝါသည် ကမ္ဘာ့မြင်ကွင်းကို ကြည့်ရှုစစ်ဆေးတော်မူ၏။ ကုရုလက်အောက်ရှိ အင်အားကြီး စစ်တပ်များသည် အလျင်အမြန် ချီတက်ကာ ပြိုင်ဘက်အားလုံးကို အနိုင်ယူနေသည်။ လူများ—ကျွန်းသားများ၊ အဝေးဆုံး ဒေသများ၌ နေထိုင်သူများပင်—သူ၏ ချီတက်လာမှုကို ကြောက်ရွံ့တုန်လှုပ်ကြသည်။ တရားစီရင်ရန်အတွက် အရှေ့အရပ်မှ ယေဟောဝါ ခေါ်ဆောင်တော်မူသောသူကို ဆန့်ကျင်တိုက်ခိုက်ရန် ကြောက်ကြောက်ဖြင့် သူတို့ ပေါင်းစည်းကြ၏။ “မစိုးရိမ်နှင့်” ဟု ဆိုကာ တစ်ဦးကို တစ်ဦး အားပေးရန် ကြိုးစားကြသည်။

၁၁ လူများကို ကယ်မည့် ရုပ်တုဘုရားများကို ထုလုပ်ပုံသွန်းရန် လက်မှုပညာသည်များက စုပေါင်းလုပ်ဆောင်ကြသည်။ လက်သမားတစ်ဦးက သစ်သားရုပ်တစ်ခုကို အကြမ်း ပြုလုပ်ပြီးနောက် ပန်းထိမ်သမားကို ရွှေဖြစ်နိုင်သည့် သတ္တုရည် စိမ်ရန် တိုက်တွန်းလေသည်။ ပန်းပု ထုသူက သတ္တုညီအောင် ထုပြီး ဂဟေဆက်၍ အချောကိုင်သည်။ ဒါဂုန်ရုပ်တုသည် ယေဟောဝါ၏ သေတ္တာတော်ရှေ့၌ လဲကျခဲ့သကဲ့သို့ မလှုပ်ရန် သို့မဟုတ် ခိုင်ခံ့ပုံ ပြရန် သံဖြင့် မြဲမြံအောင် ရိုက်ထားပါဟု ပြောရာတွင် ခနဲ့၍ ပြောခြင်း ဖြစ်နိုင်သည်။—၁ ဓမ္မရာဇဝင် ၅:၄

မကြောက်နှင့်!

၁၂။ ယေဟောဝါသည် ဣသရေလလူမျိုးကို အဘယ် ထပ်ဆင့် အာမခံချက် ပေးတော်မူသနည်း။

၁၂ ယခု ယေဟောဝါသည် မိမိ၏ လူမျိုးတော်ဘက်သို့ အာရုံလှည့်လိုက်သည်။ အသက်မရှိသော ဘုရားများကို ကိုးစားကြသည့် လူမျိုးများနှင့် မတူဘဲ စစ်မှန်သော ဘုရားသခင်အား ကိုးစားသူများသည် ဘယ်တော့မျှ ကြောက်စရာ မလိုပါ။ ဣသရေလလူမျိုးသည် မိမိ၏ မိတ်ဆွေ အာဗြဟံ၏ သားမြေးများ ဖြစ်ကြောင်း ပြန်အမှတ်ရစေခြင်းဖြင့် ယေဟောဝါ၏ ထပ်ဆင့် အာမခံချက်ကို အစပြုတော်မူ၏။ အလွန် နူးညံ့ကြင်နာမှုကို ဖော်ပြသော စကားပိုဒ်တစ်ခုတွင် ယေဟောဝါ၏ စကားများကို ဟေရှာယ ဤသို့ မှတ်တမ်းတင်၏– “ငါ့ကျွန် ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေ အာဗြဟံ၏ သား၊ မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သောသူ ‘သင်သည် ငါ့ကျွန် ဖြစ်၏’ ဟူ၍လည်းကောင်း၊ ‘သင့်ကို ငါရွေးချယ်ပြီ၊ သင့်ကို မပစ်မပယ်’ ဟူ၍လည်းကောင်း၊ ‘ကတိကို ခံရသောသူ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။’”—ဟေရှာယ ၄၁:၈-၁၀

၁၃။ ယေဟောဝါ၏ စကားများသည် ဂျူးသုံ့ပန်းများအတွက် အဘယ်ကြောင့် နှစ်သိမ့်မှု ဖြစ်မည်နည်း။

၁၃ ဤစကားများသည် တိုင်းတစ်ပါးတွင် သုံ့ပန်းအဖြစ် အဖမ်းခံထားရသော သစ္စာရှိ ဂျူးများအတွက် မည်မျှ နှစ်သိမ့်ဖွယ် ဖြစ်မည်နည်း! ပြည်နှင်ဒဏ် ခံနေရချိန်၊ ဗာဗုလုန်ဘုရင်၏ ကျွန်ဖြစ်နေရချိန်တွင် ယေဟောဝါက သူတို့အား “ငါ့ကျွန်” ဟု ခေါ်တော်မူသည်ကို ကြားရခြင်းက မည်မျှ အားတက်စရာ ကောင်းမည်နည်း! (၂ ရာဇဝင်ချုပ် ၃၆:၂၀) ယေဟောဝါသည် သူတို့၏ သစ္စာမဲ့မှုကြောင့် သူတို့ကို ဆုံးမမည် ဖြစ်သော်လည်း ကိုယ်တော် သူတို့ကို ပယ်လိုက်မည် မဟုတ်ပါ။ ဣသရေလလူမျိုးသည် ဗာဗုလုန်၏ ပိုင်ဆိုင်ရာ မဟုတ်ဘဲ ယေဟောဝါ၏ ပိုင်ဆိုင်ရာ ဖြစ်၏။ ဘုရားသခင့် ကျေးကျွန်များသည် အောင်နိုင်သူ ကုရု ချီတက်ချဉ်းကပ်လာခြင်းကြောင့် ကြောက်စရာအကြောင်း မရှိပါ။ ယေဟောဝါသည် မိမိလူမျိုးတော်ကို ကူညီရန် သူတို့နှင့်အတူ ရှိတော်မူမည်။

၁၄။ ဣသရေလလူမျိုးကို မိန့်တော်မူသော ယေဟောဝါ၏ စကားတော်များသည် ယနေ့ ဘုရားသခင့် ကျေးကျွန်များအတွက် မည်သို့ နှစ်သိမ့်မှု ဖြစ်သနည်း။

၁၄ ထိုစကားများသည် ဘုရားသခင့် ကျေးကျွန်များကို ကျွန်ုပ်တို့အချိန်အထိပင် ထပ်မံ စိတ်ချစေပြီး အားတက်စေခဲ့သည်။ ၁၉၁၈ ခုနှစ်က သူတို့သည် မိမိတို့အတွက် ဘုရားသခင့် အလိုတော် အဘယ်အရာ ဖြစ်သည်ကို သိလိုခဲ့ကြသည်။ ဝိညာဏသုံ့ပန်း ဖြစ်နေသည့် အခြေအနေမှ သူတို့ လွတ်မြောက်လိုခဲ့ကြသည်။ ယနေ့ ကျွန်ုပ်တို့သည် စာတန်၊ ဤလောကနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်မှုတို့ကြောင့် ဖြစ်သော ဘေးသင့်နေသော ဖိစီးမှုများမှ လွတ်မြောက်လိုကြသည်။ သို့သော် ယေဟောဝါသည် မိမိလူမျိုးတော်၏ အကျိုးအတွက် မည်သည့်အချိန်နှင့် မည်သို့ လုပ်ဆောင်ရမည်ကို တပ်အပ် သိတော်မူကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်ကြသည်။ ကျွန်ုပ်တို့သည် ကလေးသူငယ်ကဲ့သို့ ကိုယ်တော်၏ တန်ခိုးကြီး လက်တော်ကို ဆုပ်ကိုင်ထားကာ ကျွန်ုပ်တို့ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကိုယ်တော် အကူအညီ ပေးမည်ကို ယုံကြည်စိတ်ချကြသည်။ (ဆာလံ ၆၃:၇၊ ၈) ယေဟောဝါသည် မိမိအား ကိုးကွယ်သူများကို တန်ဖိုးထားတော်မူ၏။ ကိုယ်တော်သည် ၁၉၁၈-၁၉ ခက်ခဲသော အချိန်ကာလတစ်လျှောက် မိမိလူများကို ထောက်မခဲ့သကဲ့သို့၊ ရှေးအချိန်က သစ္စာရှိ ဣသရေလလူများကို ထောက်မခဲ့သကဲ့သို့ ယနေ့ ကျွန်ုပ်တို့ကိုလည်း ကိုယ်တော် ထောက်မတော်မူ၏။

၁၅၊ ၁၆။ (က) ဣသရေလလူမျိုး၏ ရန်သူများသည် မည်သို့ ဖြစ်လာကာ ဣသရေလလူမျိုးသည် မည်သို့သောအားဖြင့် တီကောင်နှင့် တူမည်နည်း။ (ခ) ကျရောက်လာတော့မည် အဘယ် တိုက်ခိုက်မှုကြောင့် ယေဟောဝါ၏ စကားများသည် အထူးသဖြင့် ယနေ့အချိန်တွင် အားပေးမှု ဖြစ်သနည်း။

၁၅ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် အဘယ်အရာ ဆက်၍ မိန့်တော်မူသည်ကို သုံးသပ်ကြည့်ပါ– “‘သင်၌ အမျက်ထွက်သောသူတို့သည် ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍ ရှင်းရှင်း ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သင်နှင့် ဆန့်ကျင်ဘက် ပြုသောသူတို့ကို သင်သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သောသူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့လည်းကောင်း၊ အနတ္တသက်သက်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား သင်၏ ဘုရားသခင် ထာဝရဘုရားက “မစိုးရိမ်နှင့်။ ငါမစမည်” ဟု သင့်အား ဆိုလျက် သင်၏ လက်ယာလက်ကို ကိုင်မည်။ အို တီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသောသူ ဖြစ်၏။ သင့်ကို ရွေးနုတ်သောသူသည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်သည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။”—ဟေရှာယ ၄၁:၁၁-၁၄

၁၆ ဣသရေလလူမျိုး၏ ရန်သူများ အနိုင်ရမည် မဟုတ်ပါ။ ဣသရေလလူမျိုးကို အပြင်းအထန် ဆန့်ကျင်သူတို့သည် အရှက်ကွဲရကြလိမ့်မည်။ ယင်းကို ရန်ပြုသောသူတို့သည် ရှင်းရှင်း ဖျက်ဆီးခံရမည်။ သုံ့ပန်း ဖြစ်နေသော ဣသရေလ လူမျိုးတို့သည် မြေမှုန့်တွင် တွန့်လိမ်ကာ သွားနေသည့် တီကောင်တစ်ကောင်ကဲ့သို့ အားနည်းပြီး အကာအကွယ် မဲ့နေပုံရသော်လည်း ယေဟောဝါ သူတို့ကို ကူညီမည်။ “နောက်ဆုံးသောနေ့ရက်များ” တစ်လျှောက် ဤလောက၏ သဲသဲမဲမဲ ရန်လိုမှုများစွာကို ကြုံတွေ့နေရသော စစ်မှန်သော ခရစ်ယာန်များအတွက် ဤအချက်သည် အားပေးမှု ဖြစ်သည်! (၂ တိမောသေ ၃:၁သမ္မာ) “မာဂေါဂပြည်သား ဂေါဂမင်း” ဟု ပရောဖက်ပြုချက်၌ ရည်ညွှန်းဖော်ပြခံရသူ စာတန်၏ တိုက်ခိုက်ခြင်း ခံရတော့မည် ဖြစ်သောကြောင့် ယေဟောဝါ၏ ကတိတော်သည် အလွန် အားတက်စေပါသည်! ဂေါဂ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်တွင် ယေဟောဝါ၏ လူမျိုးတော်သည် တီကောင်တစ်ကောင်—“မြို့ရိုးမရှိ၊ တံခါးကျင်နှင့် တံခါး မရှိ” သော လူမျိုးကဲ့သို့ အကာအကွယ် မဲ့နေသည့်ပုံပေါ်နေမည်။ သို့တိုင် ယေဟောဝါအား မျှော်လင့်သူများသည် ကြောက်ဒူးတုန်စရာ မလိုပါ။ အနန္တတန်ခိုးရှင် ကိုယ်တော်တိုင် သူတို့ဘက်မှ တိုက်ခိုက် ကယ်တင်ပေးတော်မူမည်။—ယေဇကျေလ ၃၈:၂၊ ၁၁၊ ၁၄-၁၆၊ ၂၁-၂၃; ၂ ကောရိန္သု ၁:၃

ဣသရေလလူမျိုးအတွက် နှစ်သိမ့်မှု

၁၇၊ ၁၈။ ဟေရှာယက ဣသရေလလူမျိုး၏ တန်ခိုးစွမ်းအား ရရှိမှုကို မည်သို့ ဖော်ပြသနည်း၊ အဘယ် ပြည့်စုံချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ စိတ်ချနိုင်သနည်း။

၁၇ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ဤသို့ ဆက်၍ နှစ်သိမ့်တော်မူ၏– “ငါသည် သင့်ကို အသွားရှိသော စပါး နယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ဖြစ်စေမည်။ သူတို့ကို လှေ့၍ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ မုန်တိုင်း လွှင့်လိမ့်မည်။ သင်မူကား ထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၌ ဝါကြွားလိမ့်မည်။”—ဟေရှာယ ၄၁:၁၅၊ ၁၆

၁၈ ဝိညာဏ သဘောအရ တောင်တမျှ ကြီးမားသော ရန်သူများကို နှိမ်နင်းနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ဣသရေလလူမျိုးကို ခွန်အားပေးတော်မူမည်။ ဣသရေလလူမျိုးများ ပြည်နှင်ခံရရာမှ ပြန်ရောက်ချိန်တွင် ဗိမာန်တော်နှင့် ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်ခြင်းကို ဆီးတားဖို့ ကြိုးစားသူ ရန်သူများကို အောင်မြင်မည် ဖြစ်သည်။ (ဧဇရ ၆:၁၂; နေဟမိ ၆:၁၆) သို့ရာတွင် ယေဟောဝါ၏ စကားများသည် “ဘုရားသခင်၏ ဣသရေလအမျိုး” အပေါ် သာ၍ ကြီးမားသော အတိုင်းအတာဖြင့် ပြည့်စုံဖို့ ရှိသည်။ (ဂလာတိ ၆:၁၆) ယေရှုက ဘိသိက်ခံ ခရစ်ယာန်များအား ဤသို့ ကတိပြုခဲ့၏– “အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကို ကျင့်၏၊ ငါ့ခမည်းတော်သည် ငါ့အား အခွင့်ပေးတော်မူသကဲ့သို့ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူအား ငါသည် အခွင့်ပေးမည်။ ထိုသူသည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။” (ဗျာဒိတ် ၂:၂၆၊ ၂၇) ယေဟောဝါ ဘုရားသခင်၏ ရန်သူများကို ဖျက်ဆီးရာတွင် ကောင်းကင်ဘုန်း ဝင်စားရန် ထမြောက်ခံရကြသည့် ခရစ်တော်၏ ညီတော်များ ပါဝင်မည့်အချိန် အမှန် ရောက်ရှိလာမည်။—၂ သက်သာလောနိတ် ၁:၇၊ ၈; ဗျာဒိတ် ၂၀:၄၊ ၆

၁၉၊ ၂၀။ လှပသောပြည်ကို ဣသရေလလူမျိုးများ ပြန်လည်တည်ထောင်မည်အကြောင်း ဟေရှာယ မည်သို့ ရေးသားဖော်ပြသနည်း၊ ၎င်းသည် မည်သို့ ပြည့်စုံသနည်း။

၁၉ ပုံဆောင်စကားဖြင့် ယေဟောဝါသည် ယခု မိမိ၏ လူမျိုးတော်ကို ထောက်ကူရန် မိမိ၏ ကတိတော်ကို အားဖြည့်တော်မူ၏။ ဟေရှာယ ဤသို့ ရေး၏– “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကို ရှာ၍ မတွေ့၊ ရေငတ်၍ လျှာသွေ့ခြောက်သောအခါ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်သော ငါသည် သူတို့ကို မစွန့်။ မြင့်သောအရပ်တို့၌ မြစ်ကိုလည်းကောင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုလည်းကောင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကိုလည်းကောင်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေတွင်းများကိုလည်းကောင်း ငါဖြစ်စေမည်။ တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကိုလည်းကောင်း၊ လွင်ပြင်၌ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်များကိုလည်းကောင်း ရောနှောလျက် စိုက်မည်။ သို့ဖြစ်၍ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖန်ဆင်းတော်မူကြောင်းကို ထိုသူအပေါင်းတို့သည် သိမြင်၍ ဆင်ခြင်နားလည်ကြလိမ့်မည်။”—ဟေရှာယ ၄၁:၁၇-၂၀

၂၀ ပြည်နှင်ဒဏ် ခံရသော ဣသရေလလူမျိုးများသည် ချမ်းသာကြွယ်ဝသော ကမ္ဘာ့အာဏာစက်၏ မြို့တော်တွင် နေထိုင်ကြရသော်လည်း သူတို့အတွက်မူ ရေမရှိသော ကန္တာရတစ်ခုကဲ့သို့ ဖြစ်သည်။ ဘုရင် ရှောလုလက်မှ ပုန်းရှောင်နေခဲ့ရစဉ် ဒါဝိဒ် ခံစားရသကဲ့သို့ သူတို့ ခံစားရသည်။ ဘီ.စီ.အီး. ၅၃၇ တွင် ယုဒပြည်သို့ ပြန်ရန်နှင့် ယေရုရှလင်မြို့တွင် ကိုယ်တော်၏ ဗိမာန်တော်ကို တည်ဆောက်ခြင်းဖြင့် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန်အတွက် ယေဟောဝါသည် သူတို့အတွက် လမ်းဖွင့်ပေးတော်မူ၏။ ယေဟောဝါကလည်း သူတို့ကို ပြန်လည် ကောင်းချီးပေးတော်မူ၏။ နောက်ပိုင်း ပရောဖက်ပြုချက်တစ်ခု၌ ဟေရှာယ ဤသို့ ကြိုဟော၏– “ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ ဆိတ်ညံရာအရပ် အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏ တောကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း၊ သူ၏ လွင်ပြင်ကို ထာဝရဘုရား၏ ဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ” မည်။ (ဟေရှာယ ၅၁:၃) ဂျူးလူမျိုးများ ပြည်တော်ပြန်ပြီးနောက် ထိုအတိုင်း အမှန်ပင် ဖြစ်ပျက်သည်။

၂၁။ မျက်မှောက်ခေတ်အချိန်တွင် အဘယ် ပြန်လည်တည်ထောင်ခြင်း ဖြစ်ပျက်ခဲ့သနည်း၊ အနာဂတ်တွင် အဘယ်အရာ ဖြစ်ပျက်မည်နည်း။

၂၁ စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်နိုင်ရန် သာ၍ ကြီးမြတ်သော ကုရု ဖြစ်သူ ခရစ်တော် ယေရှုသည် မိမိ၏ ဘိသိက်ခံ နောက်လိုက်များအား ဝိညာဏသုံ့ပန်းဘဝမှ လွတ်မြောက်ပေးချိန် မျက်မှောက်ခေတ်၌လည်း ၎င်းနှင့် ဆင်တူသောအရာ ဖြစ်ပျက်ခဲ့သည်။ ထိုသစ္စာရှိသူများသည် ပုံဆောင် ဧဒင်ဥယျာဉ် ဖြစ်သော ပြည့်စုံကြွယ်ဝသည့် ဝိညာဏ ပရဒိသုဖြင့် ကောင်းချီးပေးခံခဲ့ရသည်။ (ဟေရှာယ ၁၁:၆-၉; ၃၅:၁-၇) မကြာမီ ဘုရားသခင်သည် ရန်သူများကို ဖျက်ဆီးပစ်သည့်အခါ သစ်တိုင်ပေါ်ရှိ လူဆိုးအား ယေရှု ကတိပြုခဲ့သည့်အတိုင်း မြေကြီးတစ်ပြင်လုံးသည် ပကတိ ပရဒိသုအဖြစ်သို့ ပြောင်းလဲလာမည်။—လုကာ ၂၃:၄၃

ဣသရေလလူမျိုး၏ ရန်သူများအား စိန်ခေါ်ချက်

၂၂။ ယေဟောဝါသည် လူမျိုးများကို အဘယ်စကားများဖြင့် ထပ်၍ စိန်ခေါ်တော်မူသနည်း။

၂၂ ယခု ယေဟောဝါသည် လူမျိုးများ၊ သူတို့၏ ရုပ်တုဘုရားများနှင့် စကားအချေအတင် ပြောဆိုမှုဘက်သို့ ပြန်လှည့်ကာ ဤသို့ မိန့်တော်မူ၏– “‘သင်တို့အမှုကို တင်သွင်းကြလော့’ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ‘သင်တို့၏ ခိုင်ခံ့သော သက်သေများကို ထုတ်ပြကြလော့’ ဟု ယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။ ‘ချဉ်းကပ်၍ ဖြစ်ပျက်မည့်အရာများကို ငါတို့အား ပြကြစေ။ အရင် ဖြစ်ဖူးသောအရာများကို အဘယ်သို့ တင်ကူး၍ ဖော်ပြကြောင်း ငါတို့ ဆင်ခြင်ရန် ဖော်ပြကြစေ။ သို့မဟုတ် အဆုံး၌ မည်သို့ ဖြစ်ပျက်မည်ကို ငါတို့ သိစေရန် အနာဂတ်အရာများကို ယခု ဟောကြလော့။ သင်တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိရကြမည်အကြောင်း ဖြစ်လတ္တံ့သောအရာများကို ပြကြလော့။ ကြည့်ရှု၍ အံ့သြရမည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု၊ တစ်စုံတစ်ခုကို ပြုကြလော့။ သင်တို့သည် အဘယ်မျှ မဟုတ်သည်တကား။ သင်တို့အမှုလည်း အနတ္တ ဖြစ်၏။ သင်တို့ကို ရွေးယူသောသူသည် ရွံရှာဖွယ်သောသူ ဖြစ်၏။” (ဟေရှာယ ၄၁:၂၁-၂၄) လူမျိုးများ၏ ဘုရားများသည် မိမိတို့၌ သာမန်ထက် ထူးခြားသော အသိပညာ ရှိကြောင်း သက်သေပြရန်အတွက် တိကျမှန်ကန်စွာ ပရောဖက်ပြုနိုင်ကြပါသလော။ သူတို့ ပြုလုပ်နိုင်မည်ဆိုပါက သူတို့၏ အဆိုကို သက်သေပြရန် ကောင်းကျိုး၊ ဆိုးကျိုး တစ်ခုခု ရှိသင့်သည်။ သို့သော် အမှန်မှာ ရုပ်တုဘုရားများသည် အဘယ်အမှုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ မတည်ရှိသော အရာတစ်ခုကဲ့သို့သာ ဖြစ်ကြသည်။

၂၃။ ယေဟောဝါသည် ကိုယ်တော်၏ ပရောဖက်များအားဖြင့် ရုပ်တုများကို အဘယ်ကြောင့် ဤမျှ ထပ်တလဲလဲ အပြစ်တင်ရှုတ်ချသနည်း။

၂၃ ကျွန်ုပ်တို့ခေတ်ရှိ အချို့သူများက ယေဟောဝါသည် ဟေရှာယနှင့် ကိုယ်တော့် ပရောဖက်များမှတစ်ဆင့် ရုပ်တုကိုးကွယ်သူများ၏ မိုက်မဲမှုကို အပြစ်တင်ရန်အတွက် ဤမျှ အချိန်များစွာ အဘယ်ကြောင့် အကုန်ခံပါသနည်းဟု တွေးတောကြပေမည်။ လူ့လက်ဖြင့် လုပ်သည့် ရုပ်တုများ၏ အချည်းနှီး ဖြစ်မှုကို ယနေ့လူအများ ထင်ထင်ရှားရှား တွေ့မြင်ကြပေမည်။ သို့ရာတွင် မှားယွင်းသော ယုံကြည်မှု စနစ်တစ်ခုကို အခိုင်အမာ တည်ထောင်ကာ ကျယ်ပြန့်စွာ လက်ခံထားပြီးနောက်တွင် ယင်းကို ယုံကြည်လက်ခံသူများ၏ စိတ်မှ အမြစ်လှန်ပစ်ဖို့ ခက်လှသည်။ ယနေ့ခေတ် ယုံကြည်ချက် အများစုမှာ သက်မဲ့ရုပ်တုများသည် တကယ်ပင် ဘုရားများ ဖြစ်သည်ဟူသည့် ယုံကြည်ချက်တမျှ အသိဉာဏ် နည်းလှသည်။ သူတို့ကို နားဝင်အောင် အချေအတင် ပြောဆိုသည့်ကြားမှ လူများသည် ထိုယုံကြည်ချက်များကို စွဲမြဲနေကြသည်။ သမ္မာတရားအကြောင်း ထပ်တလဲလဲ ကြားခြင်းဖြင့်သာလျှင် ယေဟောဝါအား ယုံကြည်ကိုးစားခြင်းသည် ဉာဏ်ပညာ ရှိရာကျကြောင်း အချို့သူများ တွေ့မြင်လာရန် လှုံ့ဆော်ခံရကြသည်။

၂၄၊ ၂၅။ ယေဟောဝါသည် ကုရုအကြောင်း မည်သို့ ထပ်ဆင့် ရည်ညွှန်းဖော်ပြသနည်း၊ ဤအချက်က အခြား အဘယ်ပရောဖက်ပြုချက်များကို ကျွန်ုပ်တို့အား အမှတ်ရစေသနည်း။

၂၄ ယေဟောဝါသည် ကုရုအကြောင်း ဤသို့ ထပ်၍ ရည်ညွှန်း၏– “မြောက်မျက်နှာ၌ လူတစ်ယောက်ကို ငါပေါ်ထွန်းစေ၍ သူသည် လာလိမ့်မည်။ နေထွက်ရာမှ လာ၍ ငါ့နာမကို ပတ္ထနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့ ထိုသူသည် မင်းတို့ကို အိုးမြေအမှတ်နှင့် ကျော်နင်းလိမ့်မည်။” (ဟေရှာယ ၄၁:၂၅) d လူမျိုးများ၏ ဘုရားများနှင့် မတူဘဲ ယေဟောဝါသည် အရာခပ်သိမ်းကို ဖြစ်မြောက်စေနိုင်သည်။ ကိုယ်တော်သည် ကုရုကို “နေထွက်ရာ” အရှေ့အရပ်မှ ခေါ်ဆောင်ချိန်တွင် ဘုရားသခင်သည် တင်ကူးဟောနိုင်ပြီး မိမိ၏ တင်ကူးဟောထားသည့်အတိုင်း အနာဂတ်ကို ပုံသွင်းနိုင်စွမ်း ရှိကြောင်း ထင်ရှားပြတော်မူမည်။

၂၅ ထိုစကားများက ကျွန်ုပ်တို့အချိန်တွင် အရေးယူတိုက်ခိုက်ရန် ပေါ်ထွန်းမည့် ဘုရင်များဆိုင်ရာ တမန်တော် ယောဟန်၏ ပရောဖက်ပြု ပုံဖော်ချက်ကို ကျွန်ုပ်တို့အား အမှတ်ရစေသည်။ ဗျာဒိတ် ၁၆:၁၂ တွင် “အရှေ့မျက်နှာ ဘုရင်တို့ သွားရာလမ်းကို” ပြင်ဆင်ပေးမည်အကြောင်း ကျွန်ုပ်တို့ ဖတ်ရသည်။ ထိုဘုရင်များသည် ယေဟောဝါ ဘုရားသခင်နှင့် ယေရှုခရစ်မှလွဲ၍ အခြားသူ မဖြစ်နိုင်ပါ။ ရှေးအချိန်က ကုရုသည် ဘုရားသခင့် လူမျိုးတော်ကို လွတ်မြောက်စေခဲ့သကဲ့သို့ ပိုမိုတန်ခိုးကြီးသော ဤဘုရင်များသည် ယေဟောဝါ၏ ရန်သူများကို လုံးလုံး ချေမှုန်းဖျက်ဆီးမည် ဖြစ်ပြီး မိမိ၏ လူမျိုးတော်ကို ကြီးစွာသော ဒုက္ခတစ်လျှောက်မှသည် ဖြောင့်မတ်သော ကမ္ဘာသစ်အထိ ဦးဆောင်လမ်းပြတော်မူမည်။—ဆာလံ ၂:၈၊ ၉; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၇:၁၄-၁၇

ယေဟောဝါသည် အကြီးမြတ်ဆုံးအရှင် ဖြစ်၏!

၂၆။ ယခု ယေဟောဝါသည် အဘယ် မေးခွန်းကို မေးတော်မူသနည်း၊ အဖြေရပါသလော။

၂၆ ယေဟောဝါက မိမိတစ်ပါးတည်းသာလျှင် စစ်မှန်သော ဘုရားသခင် ဖြစ်သည်ဟူသော အမှန်တရားကို တစ်ဖန် ကြေညာတော်မူ၏။ ကိုယ်တော် ဤသို့ မေး၏– “ငါတို့သည် သိရမည်အကြောင်း ရှေးဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ ‘မှန်ပေ၏’ ဟု ငါတို့သည် ဆိုရမည်အကြောင်း ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဖော်ပြသောသူ တစ်ယောက်မျှ မရှိ။ ဟောပြောသောသူ တစ်ယောက်မျှ မရှိ။ သင်တို့စကားကို ကြားသောသူ တစ်ယောက်မျှ မရှိ။” (ဟေရှာယ ၄၁:၂၆) မည်သည့် ရုပ်တုဘုရားကမျှ မိမိကို ယုံကြည်ကိုးစားသူများ လွတ်မြောက်စေရန် အောင်နိုင်သူတစ်ဦး ပေါ်လာမည်အကြောင်း မကြေညာခဲ့ပါ။ ထိုဘုရားအားလုံးသည် အသက်မရှိ၊ စကားမပြောနိုင်ကြပါ။ သူတို့သည် ဘုရား လုံးဝ မဟုတ်ပါ။

၂၇၊ ၂၈။ ဟေရှာယ ၄၁ ၏ နောက်ဆုံးအခန်းငယ်များတွင် အဘယ် အရေးကြီးသော အမှန်တရားကို အလေးပေးဖော်ပြသနည်း၊ ယင်းသို့ မည်သူ တစ်ဦးတည်းသာ ကြွေးကြော်တော်မူသနည်း။

၂၇ စိတ်လှုပ်ရှားဖွယ်ကောင်းသော ယေဟောဝါ၏ ထိုပရောဖက်ပြုချက်စကားကို ဆင့်ဆိုပြီးနောက် ဟေရှာယသည် အရေးကြီးသော အမှန်တရားတစ်ရပ်ကို ဤသို့ အလေးပေး ဖော်ပြ၏– “‘ဤမည်သော အမှုတို့သည် ဖြစ်ကြလိမ့်မည်’ ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော တမန်ကိုလည်း ယေရုရှလင်မြို့သို့ ငါစေလွှတ်၏။ သူတို့ကို ငါကြည့်ရှုသောအခါ တစ်စုံတစ်ယောက်မျှ မရှိ။ သူတို့တွင် သတိပေးသောသူ တစ်ယောက်မျှ မရှိ။ ပြန်ပြောစေခြင်းငှာ သူတို့ကို ငါမေးမြန်းသော်လည်း သူတို့သည် အကြွင်းမဲ့ အနတ္တ ဖြစ်ကြ၏။ သူတို့အမှုများလည်း အဘယ်မျှ မဟုတ်။ သူတို့ သွန်းသော ရုပ်တုတို့လည်း အတ္တ မရှိ၊ [“လဟာသက်လက်၊” သမ] လေသက်သက် ဖြစ်ကြ၏။”—ဟေရှာယ ၄၁:၂၇-၂၉

၂၈ ယေဟောဝါသည် အဦးဆုံးသောသူ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အမြင့်မြတ်ဆုံးသောအရှင် ဖြစ်၏! ကိုယ်တော်သည် မိမိလူမျိုးအတွက် ကယ်တင်ခြင်း သတင်းကောင်း ကြေညာတော်မူသော စစ်မှန်သည့် ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ သက်သေခံများသာ ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို လူမျိုးများအား ကြွေးကြော်ကြ၏။ ယေဟောဝါသည် ရုပ်တုများကို ကိုးကွယ်ယုံစားသူများအား သူတို့၏ ရုပ်တုများသည် “လဟာသက်သက်၊ လေသက်သက် ဖြစ်ကြ၏” ဟု ဆိုကာ ပြက်ရယ်ပြု လူသိရှင်ကြား ရှုတ်ချတော်မူ၏။ စစ်မှန်သော ဘုရားသခင်အား စွဲမြဲစွာ စွဲကပ်နေရန် တကယ့် အကြောင်းကောင်းပင်! ယေဟောဝါ တစ်ပါးတည်းသာ ယုံကြည်စိတ်ချစွာ ကိုးစားထိုက်သောအရှင် ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

c ၁၉၁၉ တွင် “ဘုရားသခင်၏ ဣသရေလအမျိုး” ကို ဝိညာဏ သုံ့ပန်းအဖြစ်မှ လွတ်မြောက်စေခဲ့သည့် သာ၍ ကြီးမြတ်သော ကုရုမှာ ၁၉၁၄ ကတည်းက ဘုရားသခင့် ကောင်းကင်နိုင်ငံတော်၌ ဘုရင်အဖြစ် နန်းတင်ခံခဲ့ရသူ ယေရှုခရစ်မှလွဲ၍ အခြားသူ မရှိပေ။—ဂလာတိ ၆:၁၆

d ကုရု၏ နေရင်းမွေးရပ်မြေသည် ဗာဗုလုန်၏ အရှေ့ဘက်တွင် တည်ရှိသော်လည်း ထိုမြို့ကို နောက်ဆုံး တိုက်ခိုက်မှု ပြုလုပ်ချိန်တွင် သူသည် မြောက်ဘက် အာရှမိုင်းနားဘက်မှ ဝင်လာခဲ့ခြင်း ဖြစ်သည်။

[လေ့လာရန် မေးခွန်းများ]