မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူမျိုးတို့အတွက် အလင်း

လူမျိုးတို့အတွက် အလင်း

အခန်း နှစ်ဆယ့်ရှစ်

လူမျိုးတို့အတွက် အလင်း

ဟေရှာယ ၆၆:၁၅-၂၄

၁၊ ၂။ အလင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း၊ ယနေ့အချိန်တွင် မြေကြီးကို အဘယ် မှောင်မိုက်မျိုး ဖုံးလွှမ်းနေသနည်း။

 ယေဟောဝါသည် “နေ့အချိန်၌ လင်းစရာဖို့ နေကို ခန့်ထား၍ ညအချိန်၌ လင်းစရာဖို့ လနှင့် ကြယ်တို့ကို စီရင်တော်မူထသော” အလင်း၏ ရင်းမြစ် ဖြစ်တော်မူ၏။ (ယေရမိ ၃၁:၃၅) ဤအခြေခံတစ်ခုတည်းဖြင့် ကိုယ်တော်ကို အသက်၏ ရင်းမြစ်အဖြစ် အသိအမှတ်ပြုသင့်သည်၊ အကြောင်းမှာ အလင်းသည် အသက်ရှင်ခြင်းအကြောင်း ဖြစ်သောကြောင့်ပင်။ ကျွန်ုပ်တို့ သိထားကြသည့်အတိုင်း ကမ္ဘာမြေကြီးသည် နေမှ အပူနှင့် အလင်း အမြဲ မရရှိပါက အသက်ရှင်နိုင်မည် မဟုတ်ချေ။ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်သည် နေထိုင်၍ ရမည် မဟုတ်ချေ။

ယင်းကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့ခေတ်ကို ရှုမျှော်ကာ အလင်း မရှိ၊ မှောင်မိုက်သောအချိန် ဖြစ်မည်ဟု ကြိုဟောထားချက်ကို အထူး ဂရုပြုသင့်သည်။ ဟေရှာယသည် မှုတ်သွင်းခံရ၍ ဤသို့ရေးသားခဲ့၏– “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။” (ဟေရှာယ ၆၀:၂) ထိုစကားများသည် ပကတိ မှောင်မိုက် မဟုတ်ဘဲ ဝိညာဏ မှောင်မိုက်ကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း ယင်း၏ အရေးကြီးမှုကို လျော့မတွက်သင့်ပါ။ နေမှ အလင်းကို မရရှိသောသူများကဲ့သို့ပင် ဝိညာဏအလင်း မရှိသူများအတွက် အသက်ရှင်ရန် မဖြစ်နိုင်ပါ။

၃။ ဤအမှောင်ထု ဖုံးလွှမ်းချိန်တွင် ကျွန်ုပ်တို့သည် အလင်းအတွက် အဘယ်နေရာသို့ ဦးလှည့်သင့်သနည်း။

ဤမှောင်မိုက်ချိန်အတွင်း ကျွန်ုပ်တို့သည် ယေဟောဝါ ပေးသော ဝိညာဏအလင်းကို လျစ်လျူရှု၍ မရချေ။ ဖြစ်နိုင်သရွေ့ သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ခြင်းဖြင့် ကျွန်ုပ်တို့၏ လမ်းခရီးတွင် ဘုရားသခင့် နှုတ်ကပါဌ်တော်အလင်းဖြင့် သွားလာရန် မရှိမဖြစ် လိုအပ်သည်။ (ဆာလံ ၁၁၉:၁၀၅) ခရစ်ယာန် အစည်းအဝေးများသည် “ဖြောင့်မတ်သောသူတို့၏ လမ်း” တွင် ဆက်တည်ရှိနေဖို့ တစ်ယောက်ကို တစ်ယောက် အားပေးရန် အခွင့်အရေးများ ရရှိစေသည်။ (သုတ္တံ ၄:၁၈; ဟေဗြဲ ၁၀:၂၃-၂၅) ဝီရိယရှိရှိ ကျမ်းစာလေ့လာခြင်းနှင့် အကျိုးဖြစ်ထွန်းသော ခရစ်ယာန် ပေါင်းသင်းမှုမှ ရရှိသော ခွန်အားက “ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့” ကြီးတွင် ကုန်ဆုံးမည့် ဤ “နောက်ဆုံးသော နေ့ရက်များ” အမှောင်ထု၏ ဝါးမျိုခြင်းကို ရှောင်ရှားနိုင်ရန် အထောက်အကူပြုသည်။ (၂ တိမောသေ ၃:၁; ဇေဖနိ ၂:၃) ထိုနေ့ရက်သည် အလျင်အမြန် ရောက်လာမည်! ထိုနေ့ရက်သည် ရှေးယေရုရှလင်မြို့ရှိ ပြည်သူပြည်သားများအပေါ် ကျရောက်ခဲ့သည့်အတိုင်း အမှန် ရောက်ရှိလာမည်။

ယေဟောဝါသည် “တရားတွေ့တော်မူ” ၏

၄၊ ၅။ (က) ယေဟောဝါသည် ယေရုရှလင်မြို့ကို မည်သည့်နည်းဖြင့် တိုက်ခိုက်မည်နည်း။ (ခ) ဘီ.စီ.အီး. ၆၀၇၊ ယေရုရှလင်မြို့ ပျက်စီးချိန်တွင် အနည်းငယ်မျှသာ အသက်ရှင်လွတ်မြောက်သည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် ကောက်ချက်ချနိုင်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)

ဟေရှာယ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော ပရောဖက်ပြုချက်၏ နိဂုံးချုပ် အခန်းငယ်များတွင် ယေဟောဝါ၏ အမျက်ထွက်ရာ နေ့သို့ ဦးတည်စေသော အဖြစ်အပျက်များကို ကွင်းကွင်းကွက်ကွက် ဖော်ပြတော်မူ၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကိုလည်းကောင်း၊ မီးလျှံအားဖြင့် ဆုံးမတော်မူခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြခြင်းငှာ လေပွေကဲ့သို့သော ရထားတော်တို့ကို စီး၍ မီးကဲ့သို့ ကြွလာတော်မူလိမ့်မည်။ ထာဝရဘုရားသည် မီးနှင့် ဓားအားဖြင့် လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေး [“တရားတွေ့၊” သမ္မာ] တော်မူ၍ ထာဝရဘုရား ကွပ်မျက်တော်မူသောသူတို့သည် များကြလိမ့်မည်။”—ဟေရှာယ ၆၆:၁၅၊ ၁၆

ထိုစကားများက ဟေရှာယ၏ တစ်ခေတ်တည်းသားများအား သူတို့၏ အရေးတကြီး အခြေအနေကို နားလည်သဘောပေါက်ရန် အထောက်အကူ ဖြစ်စေသင့်သည်။ ယေဟောဝါ၏ ပါးကွက်အာဏာသားအဖြစ် အသုံးခံမည့် ဗာဗုလုန်လူမျိုးသည် ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ချီတက်လာမည့်အချိန် နီးကပ်လာပြီ၊ သူ၏ စစ်ရထားများမှ ဖုန်ထုများသည် လေပွေမုန်တိုင်းကဲ့သို့ ဖြစ်သည်။ အလွန် ကြောက်မက်ဖွယ် မြင်ကွင်းပါတကား! ယေဟောဝါသည် သစ္စာမဲ့သော ဂျူးလူမျိုး “လူသတ္တဝါ” အပေါင်းအပေါ် ကိုယ်တော်တိုင်၏ မီးကဲ့သို့သော တရားစီရင်ချက် ချရန် ထိုချဉ်းနင်းဝင်ရောက်တိုက်ခိုက်သူကို အသုံးပြုတော်မူမည်။ ယင်းသည် ယေဟောဝါ ကိုယ်တော်တိုင် မိမိလူမျိုးကို တိုက်ခိုက်သကဲ့သို့ ဖြစ်မည်။ ကိုယ်တော်၏ “အမျက်တော်” ကို ပြန်ရုပ်သိမ်းမည် မဟုတ်ပါ။ ဂျူးများစွာသည် “ထာဝရဘုရား ကွပ်မျက်တော်မူသောသူ” အဖြစ် သေကျေပျက်စီးသွားမည်။ ဘီ.စီ.အီး. ၆၀၇ တွင် ထိုပရောဖက်ပြုချက် ပြည့်စုံသည်။ a

၆။ ယုဒပြည်တွင် ပြစ်တင်ရှုတ်ချခံထိုက်သော အဘယ် အမှုများကို ပြုလုပ်ကြသနည်း။

ယေဟောဝါသည် လူမျိုးတော်တစ်ဖက် “တရားတွေ့တော်မူ” ရာတွင် တော်တည့်ဖြောင့်မှန်ပါသလော။ အမှန်ပင် ဖြောင့်မှန်သည်! ဟေရှာယကျမ်း ဆွေးနွေးခန်း အတော်များများတွင် ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း ဂျူးများသည် ယေဟောဝါအား ဆက်ကပ်အပ်နှံထားပုံ ရှိသော်လည်း မှောက်မှားသော ဝတ်ပြုရေး၏ အကြီးအကျယ် သြဇာလွှမ်းမိုးမှုကို ခံခဲ့ကြသည်—ယေဟောဝါသည် သူတို့၏ လုပ်ရပ်များကို မမြင်ဘဲ မနေခဲ့ပါ။ ယင်းနှင့်ပတ်သက်၍ ပရောဖက်ပြုချက်၏ အောက်ပါစကားများတွင် တစ်ဖန် တွေ့ရသည်– “တစ်ဖန် မိန့်တော်မူသည်ကား ‘ဝက်သား၊ ကြွက်သား၊ ရွံရှာဖွယ်သောအရာကို စားလျက် ဥယျာဉ်တို့တွင် အလယ်၌ ရှိသောသူ တစ်ယောက်နောက်သို့ လိုက်၍ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသောသူတို့သည် တစ်ပြိုင်နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။’” (ဟေရှာယ ၆၆:၁၇) ထိုဂျူးများသည် စင်ကြယ်သော ဝတ်ပြုရေးအတွက် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် အလို့ငှာ သူတို့ကိုယ်ကို “သန့်ရှင်းစင်ကြယ်စေ” ခြင်းလော။ လုံးဝ မဟုတ်ပါလေ။ ယင်းအစား သူတို့သည် အထူး ဥယျာဉ်များတွင် တိတ္ထိဆိုင်ရာ သန့်စင်ခြင်း အခမ်းအနားများတွင် ပါဝင်နေကြသည်။ ယင်းနောက် သူတို့သည် မောရှေပညတ်တွင် မစင်ကြယ်သော သတ္တဝါများအဖြစ် သတ်မှတ်ထားသော ဝက်သားနှင့် အခြားအသားများကို အငမ်းမရ စားသောက်ကြသည်။—ဝတ်ပြုရာ ၁၁:၇၊ ၂၁-၂၃

၇။ ခရစ်ယာန်ဘောင်သည် ရုပ်တုကိုးကွယ်သော ယုဒနှင့် မည်သို့ ဆင်တူသနည်း။

တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်နှင့် ပဋိညာဉ် ဆက်ဆံရေး ရှိသော လူမျိုးအတွက် စက်ဆုပ်ရွံရှာဖွယ် အခြေအနေပါတကား! သို့သော် သုံးသပ်ကြည့်ပါ– ယနေ့ ခရစ်ယာန်ဘောင် ဘာသာတရားများအလယ်တွင် ယင်းနှင့် ဆင်တူသော စက်ဆုပ်ရွံရှာဖွယ် အခြေအနေများ ရှိသည်။ သူတို့သည် အလားတူပင် ဘုရားသခင့် အမှုဆောင်သည်ဟု ဆိုကြပြီး သူတို့၏ ခေါင်းဆောင်များစွာသည် ဘုရားတရား ကြည်ညိုဟန်ဆောင်ကြသည်။ သို့သော် သူတို့သည် တိတ္ထိသွန်သင်ချက်များ၊ ဓလေ့ထုံးစံများနှင့် မိမိတို့ကိုယ်ကို ညစ်ညူးစေကာ ဝိညာဉ်ရေး အမှောင်ထုတွင် ရှိကြောင်း သက်သေထူကြသည်။ အလွန် ထူထပ်သော မှောင်မိုက်ပါတကား!—မဿဲ ၆:၂၃; ယောဟန် ၃:၁၉၊ ၂၀

‘သူတို့သည် ငါ၏ ဘုန်းကို တွေ့မြင်ရကြမည်’

၈။ (က) ယုဒပြည်နှင့် ခရစ်ယာန်ဘောင်အပေါ် အဘယ်အရာ ကျရောက်လာမည်နည်း။ (ခ) လူမျိုးတို့သည် အဘယ်သဘောဖြင့် ‘ယေဟောဝါ၏ ဘုန်းတော်ကို တွေ့မြင်’ ကြမည်နည်း။

ယေဟောဝါသည် ခရစ်ယာန်ဘောင်၏ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များနှင့် မှားယွင်းသော သွန်သင်ချက်များကို သတိပြုမိပါသလော။ အောက်ဖော်ပြပါ ဟေရှာယ မှတ်တမ်းတင်ထားသော ယေဟောဝါ၏ မိန့်တော်မူချက်များကို ဖတ်ကာ သင် အဘယ်သို့ ကောက်ချက်ချကြောင်း သတိပြုပါလေ– “သူတို့၏ အကျင့်တို့ကိုလည်းကောင်း၊ အကြံအစည်တို့ကိုလည်းကောင်း ငါသိ၏။ အချိန်တန်မှ ဘာသာစကား ခြားနားသော လူအမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့် သူတို့သည် လာ၍ ငါ၏ ဘုန်းကို ဖူးမြင်ကြလိမ့်မည်။” (ဟေရှာယ ၆၆:၁၇-၁၈) ယေဟောဝါသည် ကိုယ်တော့်ကျေးကျွန်များ ဖြစ်သည်ဟု ဆိုကြသူများ၏ လုပ်ရပ်များကိုသာမက သူတို့၏ အကြံအစည်များကိုလည်း သတိပြုမိပြီး တရားစီရင်ရန် အသင့်ရှိတော်မူသည်။ ယုဒလူမျိုးသည် ယေဟောဝါအား ယုံကြည်ကြောင်း ပြောဆိုကြသော်လည်း သူတို့၏ ရုပ်တုကိုးကွယ်ခြင်း လုပ်ရပ်များနှင့် တိတ္ထိအကျင့်ဓလေ့တို့က အပြောနှင့် မညီကြောင်း သက်သေထူသည်။ ပြည်သူပြည်သားများသည် တိတ္ထိအခမ်းအနားများဖြင့် မိမိတို့ကိုယ်ကို “သန့်ရှင်းစင်ကြယ်” စေခြင်းသည် အချည်းနှီး ဖြစ်သည်။ လူမျိုးတော်သည် ဖျက်ဆီးခံရမည် ဖြစ်ပြီး ရုပ်တုကိုးကွယ်သော အိမ်နီးချင်း နိုင်ငံများသည် ထိုဖျက်ဆီးခြင်းကို အတိုင်းသား တွေ့မြင်ရကြမည်။ သူတို့သည် အဖြစ်အပျက်များကို မျက်မြင်သက်သေ ဖြစ်ကြခြင်းဖြင့် ‘ယေဟောဝါ၏ ဘုန်းကို မြင်တွေ့’ ကြမည် ဖြစ်ပြီး ယေဟောဝါ၏ စကားတော် အမှန် ပြည့်စုံလာသည်ဟု ဝန်ခံရန် ဖိအားပေးခံရမည်။ ယင်းတို့အားလုံးသည် ခရစ်ယာန်ဘောင်နှင့် မည်သို့ သက်ဆိုင်သနည်း။ သူမ၏ အဆုံး ရောက်လာသည့်အခါ သူမ၏ ယခင်က မိတ်ဆွေများ၊ စီးပွားရေး လုပ်ဖော်ဆောင်ဖက်များသည် ယေဟောဝါ၏ စကားတော် ပြည့်စုံသွားသည်ကို ဘေးမှ ရပ်ကာ ဘာမျှ မတတ်နိုင်ဘဲ ကြည့်နေကြရန် ဖိအားပေးခံရမည်။—ယေရမိ ၂၅:၃၁-၃၃; ဗျာဒိတ် ၁၇:၁၅-၁၈; ၁၈:၉-၁၉

၉။ ယေဟောဝါသည် အဘယ် သတင်းကောင်းကို ကြေညာတော်မူသနည်း။

ဘီ.စီ.အီး. ၆၀၇၊ ယေရုရှလင်မြို့ ပျက်စီးခြင်းက မြေကြီးပေါ်တွင် ယေဟောဝါ၏ သက်သေများ ရှိတော့မည် မဟုတ်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ဒံယေလနှင့် သူ့အဖော် သုံးယောက်ကဲ့သို့ ထူးခြားသော သမာဓိစောင့်သိသူများသည် ဗာဗုလုန်တွင် သုံ့ပန်းအနေနှင့်ပင် ယေဟောဝါအား ဆက်၍ အမှုဆောင်ကြမည်။ (ဒံယေလ ၁:၆၊ ၇) မှန်ပါသည်၊ ယေဟောဝါ၏ သစ္စာရှိ သက်သေများ ကွင်းဆက်တန်းသည် ဆက်တည်ရှိနေမည်၊ အနှစ် ၇၀ ကုန်ပြီးနောက် သစ္စာရှိ ယောက်ျား၊ မိန်းမတို့သည် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ရန် ဗာဗုလုန်မှ ထွက်ခွာပြီး ယုဒပြည်သို့ ပြန်ကြမည်။ ယင်းကို ယေဟောဝါ ဤသို့ ဆက်ရည်ညွှန်းတော်မူ၏– “ထိုသူတို့တွင် အလံ [“အချက်ပြ၊” ကဘ] ကို ငါထူမည်။ ဘေးလွတ်သောသူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍ ငါ၏ နာမကို မကြား၊ ငါ၏ ဘုန်းကို မမြင်၊ ဝေးစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သို့ စေလွှတ်သဖြင့် တစ်ပါးအမျိုးသားတို့တွင် ငါ၏ ဘုန်းကို ဟောပြောကြလိမ့်မည်။”—ဟေရှာယ ၆၆:၁၉

၁၀။ (က) သစ္စာရှိဂျူးများ ဗာဗုလုန်မှ လွတ်မြောက်ခြင်းသည် အဘယ်သဘောဖြင့် အချက်ပြအလံတစ်ခု ဖြစ်သနည်း။ (ခ) ယနေ့ မည်သူတို့သည် အချက်ပြအလံ ဖြစ်သနည်း။

၁၀ ဘီ.စီ.အီး. ၅၃၇ တွင် ယေရုရှလင်မြို့သို့ ပြန်ကြသော သစ္စာရှိ ယောက်ျား၊ မိန်းမ အမြောက်အမြားသည် ထူးခြားသော အချက်ပြတစ်ခု ဖြစ်ကြမည်၊ ယေဟောဝါသည် မိမိလူမျိုးတော်ကို လွတ်မြောက်စေခဲ့ပြီးကြောင်း အထောက်အထား ဖြစ်သည်။ တစ်နေ့သောအခါ ဂျူးသုံ့ပန်းများသည် ယေဟောဝါ၏ ဗိမာန်တော်တွင် စင်ကြယ်သော ဝတ်ပြုရေး ဆောင်ရွက်ရန် လွတ်မြောက်ကြမည်ဟု မည်သူ မျှော်လင့်ခဲ့မည်နည်း။ အလားတူပင် ပထမရာစုတွင် “ပုဗ္ဗနိမိတ်နှင့် အံ့ဖွယ်သောအရာ” မှာ ဘိသိက်ခံ ခရစ်ယာန်များ ဖြစ်ကြသည်၊ သူတို့ထံ ယေဟောဝါအား အမှုဆောင်လိုကြသော စိတ်နူးညံ့သူများသည် စုဝေးခဲ့ကြသည်။ (ဟေရှာယ ၈:၁၈; ဟေဗြဲ ၂:၁၃) ယနေ့ သူတို့၏ ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် တိုးတက်ကြီးပွားနေသော ဘိသိက်ခံ ခရစ်ယာန်များသည် မြေကြီးပေါ်ရှိ ထူးခြားသော အချက်ပြ နိမိတ်တစ်ခု ဖြစ်ကြသည်။ (ဟေရှာယ ၆၆:၈) သူတို့သည် ယေဟောဝါ၏ ဝိညာဉ်တော် တန်ခိုးဆိုင်ရာ သက်ရှိထင်ရှားသော သာဓကများ ဖြစ်ကာ ယေဟောဝါ၏ အမှုတော် ဆောင်ရန် နှလုံး လှုံ့ဆော်ခံရသော စိတ်နူးညံ့သူများကို ဆွဲဆောင်မှု ဖြစ်စေသည်။

၁၁။ (က) ပြန်လည်တည်ထောင်ပြီးနောက် လူမျိုးခြားတို့သည် ယေဟောဝါအကြောင်း မည်သို့ သိလာကြမည်နည်း။ (ခ) ဇာခရိ ၈:၂၃ သည် ဦးဆုံး မည်သို့ ပြည့်စုံခဲ့သနည်း။

၁၁ သို့သော် ဘီ.စီ.အီး. ၅၃၇ တွင် ပြန်လည်တည်ထောင်ပြီးနောက် ယေဟောဝါအကြောင်း မကြားဖူးသော လူမျိုးခြားများသည် ကိုယ်တော်အကြောင်း မည်သို့ သိလာမည်နည်း။ ဗာဗုလုန် သုံ့ပန်းဘဝအဆုံးတွင် သစ္စာရှိ ဂျူးအားလုံး ယေရုရှလင်မြို့သို့ ပြန်ကြမည် မဟုတ်ပါ။ ဒံယေလကဲ့သို့ပင် အချို့သူများသည် ဗာဗုလုန်တွင် ဆက်နေထိုင်ကြမည်။ အခြားသူများသည် မြေကြီးလေးမျက်နှာတွင် ပျံ့နှံ့နေထိုင်ကြမည်။ ဘီ.စီ.အီး. ငါးရာစု ရောက်သော် ပါးရှန်းအင်ပါယာတစ်လျှောက်တွင် ဂျူးလူမျိုးများ နေထိုင်နေပြီ ဖြစ်သည်။ (ဧသတာ ၁:၁; ၃:၈) သူတို့ထဲမှအချို့သည် မှောက်မှားသော ဘုရားများ ကိုးကွယ်သူ အိမ်နီးချင်းများအား ယေဟောဝါအကြောင်းကို ပြောပြကြမည်မှာ သေချာသည်၊ အကြောင်းမှာ ထိုလူမျိုးခြားများထဲမှ များစွာသောသူတို့သည် ဂျူးဘာသာပြောင်းဝင်သူများ ဖြစ်လာခဲ့သည်။ ပထမရာစုတွင် ခရစ်ယာန် တပည့်တော် ဖိလိပ္ပု ဟောပြောခဲ့သော အဲသယောပိ အမတ်ကဲ့သို့မျိုး ဖြစ်သည်။ (တမန်တော် ၈:၂၆-၄၀) ယင်းတို့အားလုံးသည် ပရောဖက် ဇာခရိ၏ ဤစကားများ ဦးဆုံး ပြည့်စုံခဲ့ခြင်း ဖြစ်သည်– “ထိုကာလ၌ ဘာသာအသီးအသီးကို ပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သော လူတို့သည် ယုဒလူ ဖြစ်သောသူ၏ အဝတ်စွန်းကို ကိုင်လျက် ‘ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်’ ဟု ဆိုကြလိမ့်မည်။” (ဇာခရိ ၈:၂၃) ယေဟောဝါသည် လူမျိုးတို့ထံ အမှန်ပင် အလင်း လွှတ်လိုက်တော်မူသည်!—ဆာလံ ၄၃:၃

‘ယေဟောဝါထံ ဘောဇဉ်ပူဇော်သကာ’ ဆောင်ခဲ့ခြင်း

၁၂၊ ၁၃။ ဘီ.စီ.အီး. ၅၃၇ တွင် အစပြုကာ “ညီအစ်ကို” တို့ကို ယေရုရှလင်မြို့သို့ အဘယ်နည်းဖြင့် ဆောင်ခဲ့ကြမည်နည်း။

၁၂ ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ပြီးနောက် ပြည်တော်မှ ဝေးသော ဒေသတွင် ပျံ့နှံ့နေထိုင်ကြသော ဂျူးများသည် မြို့တော်နှင့် ယင်း၏ ပြန်လည်ဖွဲ့စည်းထားသော ယဇ်ပုရောဟိတ်အဖွဲ့ကို စင်ကြယ်သော ဝတ်ပြုရေး ဗဟိုအဖြစ် ရှုမြင်ကြမည်။ သူတို့ထဲမှ အများစုသည် နှစ်စဉ် ကျင်းပသော ပွဲတော်များ တက်ရောက်ရန် ခရီးဝေး နှင်လာကြမည် ဖြစ်သည်။ ဟေရှာယသည် မှုတ်သွင်းခံရ၍ ဤသို့ ရေးသား၏– “‘ဣသရေလ အမျိုးသားတို့သည် စင်ကြယ်သော ဖလားစသည်တို့နှင့် ပူဇော်သကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုတ်ပေါ်၌ တင်၍ ထာဝရဘုရားအား ပူဇော်ဖို့ရာ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏ သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ‘ထိုသူအချို့တို့ကို ငါရွေးယူ၍ ယဇ်ပုရောဟိတ်အရာနှင့် လေဝိလူအရာ၌ ခန့်ထားမည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။”—ဟေရှာယ ၆၆:၂၀၊ ၂၁

၁၃ “ခပ်သိမ်းသော အပြည်ပြည်တို့မှ” “ညီအစ်ကို” အချို့သည် ယေရှု၏ တမန်တော်များပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းသည့် ပင်တေကုတ္တေပွဲနေ့တွင် ရှိခဲ့ကြသည်။ မှတ်တမ်းတွင် ဤသို့ ဖတ်ရ၏– “ကောင်းကင်အောက်တွင် ရှိလေသမျှသော လူမျိုးထဲက ဘုရားကို ရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။” (တမန်တော် ၂:၅) သူတို့သည် ဂျူးထုံးစံအရ ဝတ်ပြုကိုးကွယ်ရန် ယေရုရှလင်မြို့သို့ လာကြခြင်း ဖြစ်သည်၊ သို့သော် ယေရှုခရစ်နှင့်ပတ်သက်သော သတင်းကောင်းကို ကြားသည့်အခါ များစွာသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပြီး နှစ်ခြင်းခံခဲ့ကြသည်။

၁၄၊ ၁၅။ (က) ဘိသိက်ခံ ခရစ်ယာန်များသည် ပထမကမ္ဘာစစ်ပြီးနောက် သူတို့၏ နောက်ထပ် ဝိညာဏ “ညီအစ်ကို” များကို မည်သို့ စုသိမ်းခဲ့သနည်း၊ သူတို့ကို “စင်ကြယ်သော ဖလား” အဖြစ် ယေဟောဝါထံတော်သို့ မည်သို့ ဆောင်ခဲ့သနည်း။ (ခ) ယေဟောဝါသည် အဘယ်နည်းဖြင့် ‘အချို့တို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား’ ခဲ့သနည်း။ (ဂ) သူတို့၏ ဝိညာဏ ညီအစ်ကိုများကို စုသိမ်းခြင်းတွင် ပါဝင်ခဲ့ကြသော ဘိသိက်ခံ ခရစ်ယာန်အချို့မှာ မည်သူတို့နည်း။ (ဤစာမျက်နှာပါ လေးထောင့်ကွက်ကိုရှု။)

၁၄ ထိုပရောဖက်ပြုချက်သည် မျက်မှောက်ခေတ် ပြည့်စုံချက် ရှိသလော။ အမှန်ပင် ရှိသည်။ ပထမကမ္ဘာစစ်နောက်ပိုင်း၌ ယေဟောဝါ၏ ဘိသိက်ခံ ကျေးကျွန်များက ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ဘုရားသခင့် နိုင်ငံတော် တည်ထောင်နေပြီကို ကျမ်းစာမှ ရှင်းလင်းစွာ သိခဲ့ကြသည်။ ကျမ်းစာကို ဂရုတစိုက် လေ့လာခြင်းဖြင့် ထပ်၍ နိုင်ငံတော် အမွေခံများ သို့မဟုတ် “ညီအစ်ကို” များကို စုသိမ်းရန် ဖြစ်ကြောင်း သိရှိခဲ့ကြသည်။ ရဲစွမ်းသတ္တိရှိသော ဓမ္မအမှုဆောင်များသည် လမ်းပန်းဆက်သွယ်ရေးမျိုးစုံကို အသုံးပြုကာ ဘိသိက်ခံ အကြွင်းအကျန် အဖွဲ့ဝင်အဖြစ် အလားအလာရှိသူများကို ရှာဖွေရန် “မြေကြီးစွန်းတိုင်အောင်” ခရီးထွက်ခဲ့ကြသည်၊ ထိုမျှော်လင့်ချက်ရှိသူ အများစုသည် ခရစ်ယာန်ဘောင်ချာ့ချ်များမှ ထွက်လာကြသူများ ဖြစ်သည်။ ထိုသူတို့ကို တွေ့ရှိသည့်အခါ သူတို့အား ဘောဇဉ်ပူဇော်သကာအဖြစ် ယေဟောဝါထံ ဆောင်ခဲ့ကြသည်။—တမန်တော် ၁:၈

၁၅ အစောပိုင်းနှစ်များတွင် စုသိမ်းခံခဲ့ရသော ဘိသိက်ခံများသည် ကျမ်းစာသမ္မာတရား အသိပညာ မရှိမီ သူတို့ တည်ရှိခဲ့သော အခြေအနေက ယေဟောဝါ သူတို့ကို လက်ခံမည်ဟု မမျှော်လင့်ခဲ့ပါ။ သူတို့သည် ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရား ယိုယွင်းမှုများမှ သန့်ရှင်းရန် အဆင့်ဆင့် တက်လှမ်းခဲ့သည်၊ သူတို့အား “စင်ကြယ်သော ဖလား” သို့မဟုတ် တမန်တော် ပေါလု ဆိုသကဲ့သို့ “သီလနှင့် ပြည့်စုံသော သတို့သမီးကညာ” အဖြစ် ဆက်သနိုင်ရန် အလို့ငှာ ဖြစ်သည်။ (၂ ကောရိန္သု ၁၁:၂) ဘိသိက်ခံများသည် မှားယွင်းသော သွန်သင်ချက်များကို ငြင်းပယ်ခြင်းအပြင် ဤလောက၏ နိုင်ငံရေး ကိစ္စရပ်များတွင် မည်သို့ ခိုင်မြဲစွာ ဆက်၍ ကြားနေနိုင်သည်ကို သင်ယူခဲ့ကြရသည်။ ၁၉၃၁ ခုနှစ်တွင် ကိုယ်တော်၏ ကျေးကျွန်များအား သင့်လျော်သော အနေအထားအထိ သန့်စင်ပြီး ဖြစ်သောအခါ ယေဟောဝါသည် သူတို့ကို ယေဟောဝါသက်သေများဟူသော ကိုယ်တော်၏ နာမတော် ခံယူခွင့်ကို ကြင်နာစွာ ပေးတော်မူခဲ့သည်။ (ဟေရှာယ ၄၃:၁၀-၁၂) သို့သော် ယေဟောဝါသည် အဘယ်နည်းဖြင့် ‘အချို့တို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား’ ခဲ့သနည်း။ ထိုဘိသိက်ခံများသည် အုပ်စုတစ်စုအနေနှင့် ဘုရားသခင်ထံ ချီးမွမ်းခြင်းယဇ် ပူဇော်ကြသည့် “မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” အဝင် ဖြစ်လာခဲ့သည်။—၁ ပေတရု ၂:၉; ဟေရှာယ ၅၄:၁; ဟေဗြဲ ၁၃:၁၅

ဆက်၍ စုသိမ်းခြင်း

၁၆၊ ၁၇။ ပထမကမ္ဘာစစ်ပြီးနောက် မည်သူတို့သည် “အမျိုးအနွယ်” ဖြစ်ကြသနည်း။

၁၆ “မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ်မျိုး” အရေအတွက် အပြည့်မှာ ၁၄၄,၀၀၀ ဖြစ်ပြီး အချိန်တန်သောအခါ သူတို့ကို စုသိမ်းခြင်းသည် ပြီးပြည့်စုံခဲ့သည်။ (ဗျာဒိတ် ၇:၁-၈; ၁၄:၁) ယင်းသည် စုသိမ်းခြင်းအလုပ် ပြီးသွားခြင်းလော။ မဟုတ်ပါ။ ဟေရှာယ ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “ ‘ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့ သင်တို့၏ အမျိုးအနွယ်နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၆:၂၂) ဤစကားများ၏ ကနဦး ပြည့်စုံချက်တွင် ဗာဗုလုန်သုံ့ပန်းဘဝမှ ပြန်လာသော ဂျူးများသည် သားသမီးများ စတင် မွေးဖွားကြီးပြင်းစေကြမည်။ သို့ဖြင့် ပြန်လည်တည်ထောင်ထားသော ဂျူးအကြွင်းအကျန် “မြေကြီးသစ်” သည် ဂျူးစီမံအုပ်ချုပ်မှုသစ်၊ “ကောင်းကင်သစ်” အောက်တွင် အခိုင်အမာ တည်ရှိလာခဲ့သည်။ သို့ရာတွင် ပရောဖက်ပြုချက်သည် ယနေ့ ကျွန်ုပ်တို့ခေတ်တွင် အထူးခြားဆုံး ပြည့်စုံခဲ့သည်။

၁၇ ဝိညာဏ ညီအစ်ကိုများ ဖြစ်ပွားစေသော “အမျိုးအနွယ်” မှာ မြေကြီးပေါ် ထာဝရ အသက်ရှင်ရန် မျှော်လင့်ချက် ရှိသော “လူအုပ်ကြီး” ဖြစ်သည်။ သူတို့သည် “အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ” ထွက်၍ “ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့” မှာ ရပ်နေကြသည်။ ထိုသူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။” (ဗျာဒိတ် ၇:၉-၁၄ကဘ; ၂၂:၁၇) ယနေ့ “လူအုပ်ကြီး” သည် ဝိညာဏမှောင်မိုက်မှ ယေဟောဝါ ပြင်ဆင်ပေးသော အလင်းသို့ လှည့်လာကြသည်။ သူတို့သည် ယေရှုခရစ်ကို ယုံကြည်ကြောင်း တင်ပြကြပြီး သူတို့၏ ဘိသိက်ခံ ညီအစ်ကို၊ ညီအစ်မများကဲ့သို့ ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရားတွင် ဆက်၍ သန့်ရှင်းနေရန် ကြိုးစားကြသည်။ အုပ်စုတစ်စုအနေနှင့် သူတို့သည် ခရစ်တော်၏ ညွှန်ကြားမှုအောက် ဆက်အမှုဆောင်နေကြပြီး ထာဝရ “တည်” ရှိသွားကြမည်။—ဆာလံ ၃၇:၁၁၊ ၂၉

၁၈။ (က) လူအုပ်ကြီးအဝင် ဖြစ်သူများသည် သူတို့၏ ဘိသိက်ခံ ညီအစ်ကိုများနည်းတူ မည်သို့ ပြုမူဆောင်ရွက်ခဲ့ကြသနည်း။ (ခ) ဘိသိက်ခံများနှင့် သူတို့၏ အပေါင်းပါများသည် “လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း” ယေဟောဝါအား မည်သို့ ဝတ်ပြုကိုးကွယ်ကြသနည်း။

၁၈ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးတွင် သန့်ရှင်းရန် အရေးကြီးသော်လည်း ဘုရားသခင့် နှစ်သက်မှု ရရန် ထိုထက်မက ပါဝင်ပတ်သက်ကြောင်း မြေကြီးမျှော်လင့်ချက် ရှိသည့် အလုပ်ကြိုးစားကြသော ထိုအမျိုးသား၊ အမျိုးသမီးများ သိရှိကြသည်။ စုသိမ်းခြင်းလုပ်ငန်းသည် အပြည့်အဝ တိုးတက်နေပြီး သူတို့သည် ယင်းလုပ်ငန်းတွင် ပါဝင်လိုကြသည်။ သူတို့နှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းတွင် ဤသို့ ပရောဖက်ပြုထား၏– “ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကို ရ၍၊ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ် ပြုရကြ၏။” (ဗျာဒိတ် ၇:၁၅) ဤစကားများသည် ဟေရှာယ ပရောဖက်ပြုချက်၏ ဒုတိယမြောက် နောက်ဆုံးအခန်းငယ်တွင် ပါသော ဤစကားများကို ကျွန်ုပ်တို့အား သတိရစေသည်– “ ‘လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှာ လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း လာကြလိမ့်မည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၆:၂၃) ယင်းသည် ယနေ့ ဖြစ်ပျက်လျက် ရှိသည်။ ဘိသိက်ခံ ခရစ်ယာန်များနှင့် သူတို့၏ အပေါင်းပါ လူအုပ်ကြီးသည် “လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း”—လတိုင်း၊ အပတ်တိုင်း ပုံမှန်—ယေဟောဝါအား အတူတကွ ဝတ်ပြုကိုးကွယ်ရန် လာကြသည်။ သူတို့သည် အခြားအရာများအပြင် ခရစ်ယာန် အစည်းအဝေးများကို တက်ရောက်ခြင်း၊ လူထုဓမ္မအမှုဆောင်ခြင်းတွင် ပါဝင်ခြင်းဖြင့် ယင်းသို့ ပြုလုပ်ကြသည်။ သင်သည် ‘ယေဟောဝါရှေ့ ကိုးကွယ်ခြင်းငှာ’ မှန်မှန် ‘လာကြသော’ သူများထဲတွင် ပါဝင်သလော။ ယေဟောဝါ၏ လူမျိုးသည် ယင်းသို့ ပြုခြင်းဖြင့် ကြီးစွာသော ရွှင်လန်းမှုကို ရှာတွေ့ကြသည်၊ လူအုပ်ကြီးအဝင် ဖြစ်သူများသည် “လူသတ္တဝါအပေါင်း”—အသက်ရှင်သော လူသားအားလုံး—“လဆန်းနေ့နှင့် ဥပုသ်နေ့အစဉ်အတိုင်း” ယေဟောဝါအား ထာဝရ ဝတ်ပြုကိုးကွယ်သွားမည့် အချိန်ကို စောင့်မျှော်လျက် ရှိသည်။

ဘုရားသခင့် ရန်သူများ၏ အပြီးသတ် နိဂုံး

၁၉၊ ၂၀။ ကျမ်းစာခေတ်အချိန်က အဘယ် ရည်ရွယ်ချက်အတွက် ဂေဟင်္နာကို အသုံးပြုသနည်း၊ ယင်းသည် အဘယ်အရာကို ပုံဆောင်သနည်း။

၁၉ ဟေရှာယ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ လေ့လာခဲ့ရာတွင် အခန်းငယ်တစ်ခု ကျန်သည်။ ဟေရှာယကျမ်းကို ဤစကားများဖြင့် နိဂုံးချုပ်ထား၏– “ထိုသူတို့သည် ငါ့ကို ပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည် မသေနိုင်ရာ။ သူတို့၏ မီးသည်လည်း မငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဖွယ် ဖြစ်ရကြလိမ့်မည်။” (ဟေရှာယ ၆၆:၂၄) ယေရှုခရစ်သည် တပည့်တော်များအား သူတို့၏ အသက်တာကို ရိုးရှင်းစေရန်နှင့် နိုင်ငံတော် အရေးကိစ္စများကို ဦးစားထားရန် အားပေးခဲ့ချိန်တွင် ဤပရောဖက်ပြုချက် စိတ်ထဲ ရှိခဲ့ပုံရသည်။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင်၏ မျက်စိသည်လည်း သင့်ကို မှားယွင်းစေလျှင် မျက်စိကို ထုတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲမီး [“ဂေဟင်္နာ၊” ကဘ] ထဲသို့ မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကို ခံရသည်ထက်၊ မျက်စိတစ်ဖက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော် သာ၍ ကောင်း၏။”—မာကု ၉:၄၇၊ ၄၈; မဿဲ ၅:၂၉၊ ၃၀; ၆:၃၃

၂၀ ယင်းနေရာကို ဂေဟင်္နာဟု အဘယ်ကြောင့် ခေါ်သနည်း။ လွန်ခဲ့သော ရာစုနှစ်များစွာက ဂျူးလူမျိုး ကျမ်းပညာရှင် ဒေးဗစ် ကင်မ်ရှီ က ဤသို့ ရေးသားခဲ့သည်– “ယင်းသည် ယေရုရှလင်မြို့အနီးတွင် ရှိပြီး ရွံရှာဖွယ် နေရာသည်၊ ထိုနေရာတွင် အညစ်အကြေး အမှိုက်များနှင့် အသေကောင်များကို ပစ်ချကြသည်။ အညစ်အကြေးများနှင့် အသေကောင်များ၏ အရိုးများ လောင်ကျွမ်းသွားစေရန် ထိုနေရာကို မပြတ် မီးလောင်နေအောင် ပြုလုပ်ကြသည်။ ထို့ကြောင့် လူဆိုးများအား တရားစီရင်ခြင်းကို ပုံဆောင်စကားဖြင့် ဂေဟိန္နုံ [သို့မဟုတ် ဂေဟင်္နာ] ဟု ခေါ်သည်။ ဤဂျူးလူမျိုး ကျမ်းပညာရှင်၏ ပြောဆိုချက်အရ ဂေဟင်္နာကို စွန့်ပစ်ပစ္စည်းများနှင့် သင်္ဂြိုဟ်ခြင်း မခံထိုက်ဟု သတ်မှတ်ခံရသူများ၏ အသေကောင်များ စွန့်ပစ်ရာနေရာအဖြစ် အသုံးပြုလျှင် မီးသည် ထိုအညစ်အကြေးများ အပြီးသတ် ဖယ်ရှားခြင်း၏ သင့်လျော်သော အဓိပ္ပာယ် ဖြစ်ပေမည်။ မီးမလောင်သောနေရာတွင် ပိုးလောက်ကောင်များ ရှိပေမည်။ ဘုရားသခင့် ရန်သူအားလုံး၏ အပြီးသတ် နိဂုံးအတွက် သင့်လျော်သော ပုံဖော်ချက်ပါတကား! b

၂၁။ ဟေရှာယကျမ်းသည် မည်သူတို့အတွက် အပြုသဘောပါသော မှတ်ချက်ဖြင့် နိဂုံးချုပ်ထားသနည်း၊ အဘယ်ကြောင့်နည်း။

၂၁ အသေကောင်များ၊ မီး၊ ပိုးကောင်များ စသည်တို့ကို ဖော်ပြကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဟေရှာယ ပရောဖက်ပြုချက်ကို နိဂုံးချုပ်ထားခြင်းသည် ကြောက်မက်ဖွယ် မကောင်းပေလော။ ဘုရားသခင်၏ ရန်သူများ ထိုသို့ ယူမှတ်ကြမည်မှာ သေချာသည်။ သို့သော် ဘုရားသခင်၏ မိတ်ဆွေများအဖို့မူ လူဆိုးများကို ထာဝရ ဖျက်ဆီးခြင်းနှင့်ပတ်သက်သော ဟေရှာယ၏ ဖော်ပြချက်သည် အားအရှိစေဆုံးစကား ဖြစ်သည်။ ယေဟောဝါ၏ လူမျိုးသည် ရန်သူများ၏ လွှမ်းမိုးချုပ်ကိုင်မှု ဘယ်တော့မျှ ရှိတော့မည် မဟုတ်ဟူသော ဤအာမခံချက် လိုအပ်ကြသည်။ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများကို ဒုက္ခများစွာ ရောက်စေပြီး ကိုယ်တော်၏ နာမတော်ကို များစွာ ကဲ့ရဲ့ရှုတ်ချခဲ့သော ထိုရန်သူများသည် ထာဝရ ဖျက်ဆီးခြင်း ခံရမည်။ သို့ဖြင့် “တစ်ဖန် နှိပ်နင်းစရာအကြောင်း မရှိရ။”—နာဟုံ ၁:၉

၂၂၊ ၂၃။ (က) ဟေရှာယကျမ်းကို လေ့လာခြင်းမှ သင် ရရှိခဲ့သော အကျိုးကျေးဇူးအချို့ကို ရှင်းပြပါ။ (ခ) ဟေရှာယကျမ်းကို လေ့လာပြီး သင့်သန္နိဋ္ဌာန်မှာ အဘယ်နည်း၊ သင့်မျှော်လင့်ချက်မှာ အဘယ်နည်း။

၂၂ ဟေရှာယကျမ်းကို ကျွန်ုပ်တို့ လေ့လာရာတွင် နိဂုံးသို့ ရောက်လာသည်နှင့်အမျှ ဤကျမ်းစာအုပ်သည် အတိတ်သမိုင်းကြောင်း စာအုပ်မျှသာ မဟုတ်ခြင်းကို ကျွန်ုပ်တို့ အမှန်ပင် လေးမြတ်တန်ဖိုးထားကြသည်။ ယင်းအစား ယနေ့ ကျွန်ုပ်တို့အတွက် သတင်းတစ်ရပ် ပါရှိသည်။ ကျွန်ုပ်တို့သည် ဟေရှာယ အသက်ရှင်ခဲ့သော အမှောင်ထုအချိန်ကို သေသေချာချာ စဉ်းစားသုံးသပ်သည့်အခါ ကျွန်ုပ်တို့ခေတ်နှင့် ဆင်တူချက်များစွာကို တွေ့နိုင်သည်။ နိုင်ငံရေး မငြိမ်သက်မှု၊ ဘာသာရေး အယောင်ဆောင်မှု၊ ဖောက်ပြန်ယိုယွင်းနေသော တရားစီရင်မှုများ၊ သစ္စာရှိသူများနှင့် ဆင်းရဲသူများကို ဖိနှိပ်မှုများသည် ဟေရှာယခေတ်၏ အမှတ်လက္ခဏာ ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ခေတ်၏ အမှတ်လက္ခဏာလည်း ဖြစ်သည်။ ဘီ.စီ.အီး. ခြောက်ရာစုရှိ သစ္စာရှိ ဂျူးများသည် ဟေရှာယ ပရောဖက်ပြုချက်အတွက် ကျေးဇူးတင်လေးမြတ်ခဲ့ကြမည် ဖြစ်ပြီး ယနေ့ကျွန်ုပ်တို့သည် ယင်းကို လေ့လာခြင်းမှ နှစ်သိမ့်မှု ရရှိကြသည်။

၂၃ အမှောင်ထုသည် မြေကြီးကို ဖုံးလွှမ်းနေပြီး ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းနေသော ဤခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့အားလုံးသည် ဟေရှာယမှတစ်ဆင့် လူသားအားလုံးအတွက် ယေဟောဝါ စီမံပေးခဲ့သော အလင်းကြောင့် နက်ရှိုင်းစွာ ကျေးဇူးတင်ကြသည်! နောက်ခံမျိုးရိုး သို့မဟုတ် အမျိုးအနွယ် မည်သို့ပင် ရှိပါစေ ထိုဝိညာဏအလင်းကို နှလုံးအကြွင်းမဲ့ လက်ခံသူအားလုံးအတွက် ထာဝရအသက် ရစေသည်။ (တမန်တော် ၁၀:၃၄၊ ၃၅) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို နေ့စဉ် ဖတ်ရှုခြင်း၊ စဉ်းစားဆင်ခြင်ခြင်းနှင့် ယင်းတွင် ပါသော သတင်းစကားများကို မြတ်နိုးခြင်းဖြင့် ယင်းအလင်းတွင် ဆက်၍ လျှောက်လှမ်းနိုင်ကြပါစေ။ ယင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်၏ ထာဝရ ကောင်းချီးနှင့် ယေဟောဝါ၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းဖွယ် ဖြစ်စေမည်!

[အောက်ခြေမှတ်ချက်များ]

a ဗာဗုလုန်လက်ချက်ဖြင့် ယေရုရှလင်မြို့ ကျရှုံးပြီးနောက် အခြေအနေနှင့်ပတ်သက်၍ ယေရမိ ၅၂:၁၅ က “မြို့ထဲမှာ ကျန်ကြွင်းသော ဆင်းရဲသား . . . ကြွင်းသမျှသောသူတို့” ဟူ၍ ဖော်ပြထားသည်။ ဤအချက်နှင့်ပတ်သက်၍ ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၄၁၅ တွင် ဤသို့ ဆို၏– “‘မြို့ထဲမှာ ကျန်ကြွင်းသောသူ’ ဟူသော အသုံးအနှုန်းက များစွာသောသူတို့သည် အစာခေါင်းပါးမှု၊ ရောဂါ၊ သို့မဟုတ် မီးကြောင့် သို့မဟုတ် စစ်ပွဲတွင် အသတ်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်ကို ဖော်ပြခြင်း ဖြစ်နိုင်သည်။”

b အသက်ရှိသောသူများကို မဟုတ်ဘဲ အသက်မရှိသော အသေကောင်များကို ဂေဟင်္နာတွင် မီးလောင်ကျွမ်းစေခြင်းကြောင့် ဤနေရာသည် ထာဝရ ညှဉ်းဆဲခြင်း၏ ပုံဆောင်ချက် မဟုတ်ပါ။

[လေ့လာရန် မေးခွန်းများ]

[စာမျက်နှာ ၁၉၆ ပါ လေးထောင့်ကွက်]

ယေဟောဝါအဖို့ လူမျိုးအားလုံးထဲမှ ဘိသိက်ခံ ဘောဇဉ်ပူဇော်သကာများ

၁၉၂၀ ပြည့်နှစ်တွင် ကဝမ် မြူနဲ့ဇ် သည် အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာကာ စပိန်၊ ထို့နောက် အာဂျင်တီးနားသို့ ခရီးဆန့်ကာ ဘိသိက်ခံများအတွက် အသင်းတော်များ ဖွဲ့စည်းပေးခဲ့သည်။ ၁၉၂၃ ခုနှစ်မှစ၍ ဒဗလျူ. အာရ်. ဘရောင်း (ကျမ်းစာဘရောင်းဟု မကြာခဏ အခေါ်ခံရသူ) သည် စီအဲရာ လေယွန်၊ ဂါနာ၊ လိုင်ဘေးရီးယား၊ ဂမ်ဘီယာနှင့် နိုင်ဂျီးရီးယားနိုင်ငံများ ဖြစ်သည့် ဒေသများတွင် နိုင်ငံတော် သတင်းကောင်း ဟောပြောရန် အစီအစဉ် ဆွဲကာ အနောက်အာဖရိကရှိ စိတ်နှလုံး ရိုးဖြောင့်သူများထံ သမ္မာတရားအလင်း ထွန်းလင်းခဲ့သည်။ ထိုနှစ်တွင်ပင် ကနေဒီယံလူမျိုး ဂျော့ချ် ယန်းသည် ဘရာဇီးလ်သို့ ထွက်ခွာခဲ့ပြီး ထို့နောက်မှ အာဂျင်တီးနား၊ ကော့စ်တာရီကာ၊ ပနားမား၊ ဗင်နီဇွဲလားနှင့် ဆိုဗီယက်ပြည်ထောင်စုအထိပင် ခရီးထွက်ခဲ့သည်။ ထိုအချိန်လောက်တွင်ပင် အဲဒဝင် စကင်နာ သည် အင်္ဂလန်မှ အိန္ဒိယသို့ ရွက်လွှင့်ခဲ့ပြီး ထိုနေရာတွင် ရိတ်သိမ်းခြင်းလုပ်ငန်း၌ နှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်ခဲ့သည်။