ယေဟောဝါ ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေး
အခန်း ကိုး
ယေဟောဝါ ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေး
၁။ အသိပညာ ရှိသောသူတို့သည် ယေဟောဝါ၏ စကားတော်များကို မည်သို့ တုံ့ပြန်ကြသနည်း။
ယေဟောဝါ မိန့်တော်မူသည့်အခါ ပညာရှိသောသူတို့သည် ကိုယ်တော်၏ စကားတော်ကို ဂရုတစိုက် နားထောင်ပြီး တုံ့ပြန်သည်။ ယေဟောဝါ မိန့်တော်မူသမျှသည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဖြစ်ပြီး ကိုယ်တော်သည် ကျွန်ုပ်တို့ ကောင်းစားရေးကို အလွန် စိတ်ဝင်စားတော်မူ၏။ ဥပမာ၊ ကိုယ်တော်နှင့် ပဋိညာဉ် ဖွဲ့ထားသော ရှေးလူမျိုးတော်အား ယေဟောဝါ မိန့်တော်မူသည့် နည်းကို ဆင်ခြင်သုံးသပ်ခြင်းသည် အလွန် နှလုံးနွေးထွေးစေသည်– “သင်သည် ငါ၏ ပညတ်တို့ကို စောင့်ရှောက်ပါစေသော။” (ဟေရှာယ ၄၈:၁၈) ဘုရားသခင့် သွန်သင်ချက်များ၏ သိသာထင်ရှားသော တန်ဖိုးကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ စကားကို နားထောင်ပြီး ညွှန်ကြားချက်များကို လိုက်နာရန် လှုံ့ဆော်ခံရသင့်သည်။ ပြည့်စုံခဲ့ပြီးသော ပရောဖက်ပြုချက် မှတ်တမ်းက မိမိ၏ ကတိတော်ကို ပြည့်စုံစေမည်ဟူသော ယေဟောဝါ၏ ဆုံးဖြတ်ချက်အပေါ် သံသယ လုံးဝ ရှင်းသွားစေသည်။
၂။ ဟေရှာယ ၄၈ တွင် မှတ်တမ်းတင်ထားသော စကားများသည် မည်သူတို့အတွက် ဖြစ်သနည်း၊ ၎င်းမှ မည်သူတို့လည်း အကျိုးခံစားရနိုင်သနည်း။
၂ ဟေရှာယကျမ်း အခန်းကြီး ၄၈ တွင် ပါသော စကားများသည် ဗာဗုလုန်တွင် ပြည်နှင်ခံရမည့် ဂျူးလူမျိုး၏ အကျိုးအတွက် ရေးသားထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ထိုစကားများထဲတွင် ယနေ့ ခရစ်ယာန်များ လျစ်လျူမရှုသင့်သော သတင်းစကားတစ်ရပ် ပါရှိသည်။ သမ္မာကျမ်းစာမှ ဟေရှာယ အခန်းကြီး ၄၇ တွင် ဗာဗုလုန် ကျဆုံးခြင်းကို ကြိုဟောခဲ့သည်။ ယခု ယေဟောဝါက ထိုမြို့တွင် ရှိသော ဂျူးပြည်နှင်ခံများအပေါ် ကိုယ်တော် အဘယ် စိတ်ထား ရှိသည်ကို ဖော်ပြသည်။ ယေဟောဝါသည် မိမိရွေးချယ်ထားသော လူမျိုး၏ အရေခြုံမှုနှင့် ကိုယ်တော်၏ ကတိတော်များကို သူတို့ ခေါင်းမာမာနှင့် ငြင်းပယ်မှုတို့ကြောင့် ဝမ်းနည်းကြေကွဲနေတော်မူ၏။ သို့တိုင် သူတို့၏ ကောင်းကျိုးအတွက် သွန်သင်ပေးလိုတော်မူ၏။ ကိုယ်တော်သည် သန့်စင်မှုပြုသည့် ကာလတစ်ခုကို ကြိုမြင်တော်မူ၏၊ ယင်းက သစ္စာရှိ အကြွင်းအကျန်အား ပြည်တော်ကို ပြန်လည်တည်ထောင်ရန် ဖြစ်စေမည်။
၃။ ယုဒ၏ ဝတ်ပြုကိုးကွယ်မှုသည် အဘယ်သို့ လွဲချော်နေသနည်း။
၃ ယေဟောဝါ၏ လူမျိုးတော်သည် စင်ကြယ်သော ဝတ်ပြုရေးမှ အလွန်ပင် ဝေးကွာသွားကြပြီ! ဟေရှာယ၏ ဤအဖွင့်စကားများသည် အလေးအနက် စဉ်းစားစရာ ဖြစ်သည်– “အိုယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်းကို ခံသောသူ၊ ယုဒမှ ဆင်းသက်သောသူ၊ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်၍ ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့် မညီဘဲ ဣသရေလလူမျိုး၏ ဘုရားသခင်ကို ထောမနာပြုသောသူ၊ သန့်ရှင်းသော မြို့သူမြို့သားဟု ကိုယ်ကို သမုတ်သောသူ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားဟူ၍ ဘွဲ့နာမတော် ရှိသော ဣသရေလလူမျိုး၏ ဘုရားသခင်ကို မှီခိုသောသူတို့ နားထောင်ကြလော့။” (ဟေရှာယ ၄၈:၁၊ ၂၊ သမ္မာ) အရေခြုံမှုပါတကား! ‘ယေဟောဝါ၏ နာမတော်ကို တိုင်တည်၍ ကျိန်ဆို’ ခြင်းသည် ဘုရားသခင့် နာမတော်ကို ဝတ်ကျေတမ်းကျေ သဘောဖြင့် အသုံးပြုခြင်းသာ ဖြစ်ကြောင်း ထင်ရှားသည်။ (ဇေဖနိ ၁:၅) ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေးခြင်း မခံရမီတွင် ဂျူးလူမျိုးသည် “သန့်ရှင်းသောမြို့၊” ယေရုရှလင်မြို့တွင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ သို့သော် သူတို့၏ ဝတ်ပြုမှုသည် ဟန်ဆောင်မှုသာ ဖြစ်သည်။ သူတို့၏ နှလုံးသည် ဘုရားသခင်နှင့် ကင်းကွာနေပြီး ဝတ်ပြုရေးဆိုင်ရာ သူတို့၏ လုပ်ဆောင်မှုများသည် “သစ္စာမရှိ၊ တရားနှင့် မညီ” ဖြစ်ခဲ့သည်။ ဘိုးဘေးတို့တွင် ရှိခဲ့သော ယုံကြည်ခြင်းမျိုး သူတို့တွင် မရှိကြချေ။—မာလခိ ၃:၇။
၄။ မည်ကဲ့သို့သော ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ နှစ်သက်တော်မူသနည်း။
၄ ယေဟောဝါ၏ စကားများက ဝတ်ပြုကိုးကွယ်မှုသည် ဝတ်ကျေတမ်းကျေသာ မဖြစ်သင့်ကြောင်း ကျွန်ုပ်တို့ကို သတိပေးသည်။ နှလုံးထဲမှ ဖြစ်ရမည်။ အခြားသူများ၏ နှစ်သက်မှု ရရန် သို့မဟုတ် အထင်ကြီးခံရရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်သော စတိလောက်သာ အမှုဆောင်ခြင်းသည် “ဘုရားဝတ်၌ မွေ့လျော်ခြင်း” မဟုတ်ပါ။ (၂ ပေတရု ၃:၁၁-၁၂) လူတစ်ဦးသည် မိမိကိုယ်ကို ခရစ်ယာန်ဟု အခေါ်ခံလိုက်ခြင်းဖြင့် သူ၏ ဝတ်ပြုမှုသည် ဘုရားသခင် နှစ်သက်လက်ခံသောအရာ ဖြစ်မသွားစေပါ။ (၂ တိမောသေ ၃:၅) ယေဟောဝါ တည်ရှိကြောင်းကို အသိအမှတ် ပြုခြင်းသည် အရေးကြီးသော်လည်း ယင်းသည် အစမျှသာ ဖြစ်သည်။ ယေဟောဝါသည် စိုးလ်အကြွင်းမဲ့၊ နှစ်နှစ်ကာကာ ချစ်မြတ်နိုးမှုတို့၏ လှုံ့ဆော်မှုကြောင့် ဝတ်ပြုကိုးကွယ်ခြင်းကို အလိုရှိတော်မူ၏။—ကောလောသဲ ၃:၂၃။
အသစ်သောအရာများအကြောင်း ကြိုဟောထား
၅။ ယေဟောဝါ ကြိုဟောခဲ့သည့် “ဖြစ်ဖူးသောအရာ” အချို့မှာ အဘယ်နည်း။
၅ ဗာဗုလုန်တွင်ရှိသော ဂျူးများသည် သူတို့၏ မှတ်ဉာဏ်ကို ပြန်နှိုးပေးဖို့ လိုအပ်ခဲ့ပုံရသည်။ ထို့ကြောင့်ပင် ယေဟောဝါက မိမိသည် စစ်မှန်သော ပရောဖက်ပြုချက်များ၏ ဘုရားသခင် ဖြစ်ကြောင်း သူတို့ကို တစ်ဖန်ပြန်၍ သတိရစေတော်မူ၏– “ဖြစ်ဖူးသောအရာတို့ကို အထက်က သင်တို့အား ငါ ဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှ ထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။” (ဟေရှာယ ၄၈:၃) “ဖြစ်ဖူးသောအရာတို့” မှာ ဘုရားသခင် ပြီးမြောက်အောင်မြင်စေခဲ့သော အရာများ ဖြစ်သည်၊ ၎င်းတို့မှာ ဣသရေလလူမျိုးကို အီဂျစ်ပြည်မှ ကယ်လွှတ်ပေးခြင်းနှင့် ကတိထားရာ ပြည်တော်ကို အမွေအဖြစ် ပေးခြင်း စသည်တို့ ဖြစ်သည်။ (ကမ္ဘာဦး ၁၃:၁၄၊ ၁၅; ၁၅:၁၃၊ ၁၄) ထိုတင်ကူးဟောကြားချက်များသည် ဘုရားသခင့် နှုတ်တော်ထွက်၊ ဘုရားသခင်ထံမှ အရင်းခံခြင်း ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ အမိန့်တော်များကို လူသားများအား ကြားစေပြီး သူတို့ ကြားသည့်အရာများက သူတို့ကို နာခံတတ်သူများ ဖြစ်လာရန် လှုံ့ဆော်ပေးသင့်သည်။ (တရားဟောရာ ၂၈:၁၅) ကိုယ်တော်သည် ကြိုဟောခဲ့ရာများကို လုပ်ဆောင်ရန် ချက်ချင်း ပြုမူတော်မူ၏။ ယေဟောဝါသည် အနန္တတန်ခိုးရှင် ဖြစ်သည်ဟူသည့် အချက်က မိမိ၏ ရည်ရွယ်ချက် ပြည့်စုံစေမည်ကို ယုံကြည်စိတ်ချစေသည်။—ယောရှု ၂၁:၄၅; ၂၃:၁၄။
၆။ ဂျူးလူမျိုးတို့သည် အဘယ်အထိ “ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုး” ဖြစ်သွားသနည်း။
၆ ယေဟောဝါ၏ လူမျိုးတော်သည် “ငြင်းဆန်၍ ပုန်ကန်တတ်သောအမျိုး” ဖြစ်လာသည်။ (ဆာလံ ၇၈:၈) သူတို့ကို ကိုယ်တော် ဤသို့ ဘွင်းဘွင်း မိန့်ကြားတော်မူ၏– “သင်သည် ခိုင်မာသော သဘော၊ သံချောင်းလည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်။” (ဟေရှာယ ၄၈:၄) သတ္တုထည်များကဲ့သို့ ဂျူးများသည် ကွေးရခက်သော—ပျော့ပျောင်းမှု မရှိသောသူများ ဖြစ်ကြသည်။ ယင်းသည် အဖြစ်အပျက်များ မဖြစ်ပျက်မီ ယေဟောဝါ အဘယ်ကြောင့် ကြို၍ ဖော်ပြရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သို့မဟုတ်လျှင် ကိုယ်တော်၏ လူမျိုးသည် ယေဟောဝါ ပြုလုပ်ထားသည့် အရာများကို ဤသို့ ဆိုကြမည်– “ငါ၏ ရုပ်တုသည် ဤအမှုကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီ။” (ဟေရှာယ ၄၈:၅) ယခု ယေဟောဝါ မိန့်တော်မူသော အချက်သည် သစ္စာမဲ့ ဂျူးများကို အကျိုးသက်ရောက်မှု တစ်ခုခု ရှိမည်လော။ ဘုရားသခင်သည် သူတို့ကို ဤသို့ မိန့်တော်မူ၏– “သင်သည် အရင် ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတစ်ပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင် မသိသေးသောအရာတို့ကို ငါဖော်ပြ၏။ ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည် မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ‘ငါသိနှင့်ပြီ’ ဟု ပြောရသော အခွင့် မရှိ။”—ဟေရှာယ ၄၈:၆၊ ၇။
၇။ ပြည်နှင်ခံ ဂျူးများသည် အဘယ်အရာကို ဝန်ခံကြရမည်နည်း၊ အဘယ်အရာကို သူတို့ မျှော်လင့်နိုင်သနည်း။
၇ ဗာဗုလုန် ကျဆုံးခြင်းနှင့်ပတ်သက်သော တင်ကူးဟောကြားချက်ကို နှစ်ပေါင်းများစွာ ကြို၍ ဟေရှာယ မှတ်တမ်းတင်ခဲ့သည်။ ယခု ဗာဗုလုန်တွင် နယ်နှင်ခံဘဝ ရောက်နေသော ဂျူးများသည် တင်ကူးဟောကြားချက် ပြည့်စုံမှုကို ဆင်ခြင်သုံးသပ်ရန် ပရောဖက်ပြုချက်ဖြင့် မိန့်မှာခံရသည်။ ယေဟောဝါသည် ပရောဖက်ပြုချက်ကို ပြည့်စုံစေသော ဘုရားသခင် ဖြစ်သည်ကို မဟုတ်ပါဟု သူတို့ ငြင်းဆိုနိုင်မည်လော။ ယေဟောဝါသည် အမှန်တရား၏ ဘုရားသခင် ဖြစ်ကြောင်း ယုဒပြည်သူပြည်သားများ မြင်ခဲ့ကြားခဲ့ရပြီ ဖြစ်သောကြောင့် အခြားသူများအားလည်း ဤအမှန်တရားကို ကြေညာကြရမည် မဟုတ်လော။ ဗာဗုလုန်ကို ကုရု အောင်နိုင်ခြင်း၊ ဂျူးလူမျိုးများ လွတ်မြောက်ခြင်းစသည့် မဖြစ်သေးသည့် အသစ်သောအရာများကို ယေဟောဝါ ဖွင့်ပြသော စကားတော်၌ ကြိုဟောထားသည်။ (ဟေရှာယ ၄၈:၁၄-၁၆) ထိုအံ့သြဖွယ် အဖြစ်အပျက်များသည် ဆိုင်းမဆင့် ဗုံမဆင့် ဖြစ်ပျက်လာသကဲ့သို့ ဖြစ်သည်။ တိုးတက်ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေများကို ဆင်ခြင်သုံးသပ်ရုံမျှဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ယင်းကို ကြိုမမြင်နိုင်ခဲ့ပါ။ ယင်းတို့သည် အကြောင်းရင်း ဘာမျှ မရှိဘဲ ဖြစ်ပျက်လာသကဲ့သို့ ဖြစ်သည်။ မည်သူသည် ထိုအဖြစ်အပျက်များကို ဖြစ်စေသနည်း။ ယေဟောဝါသည် အနှစ် ၂၀၀ ခန့် ကြို၍ ယင်းတို့ကို ဖော်ပြခြင်းကြောင့် အဖြေမှာ ရှင်းနေပါသည်။
၈။ ယနေ့ ခရစ်ယာန်များသည် အဘယ် အသစ်သောအရာများကို မျှော်လင့်ကြသနည်း၊ သူတို့သည် ယေဟောဝါ၏ ပရောဖက်ပြုချက် စကားတော်ကို အဘယ်ကြောင့် လုံးလုံး ယုံကြည်စိတ်ချကြသနည်း။
၈ ထို့ပြင် ယေဟောဝါသည် မိမိ၏ စကားတော်ကို ကိုယ်တော်၏ အချိန်စာရင်းအတိုင်း ဆောင်ရွက်တော်မူသည်။ ပြည့်စုံပြီး ဖြစ်သော ပရောဖက်ပြုချက်များသည် ရှေးခေတ်ရှိ ဂျူးတို့အတွက်သာမက ယနေ့ခေတ်ရှိ ခရစ်ယာန်တို့ကိုပါ ကိုယ်တော်၏ ဘုရားအဖြစ်တော်ကို သက်သေထူသည်။ အတိတ်က ပြည့်စုံခဲ့သော ပရောဖက်ပြုချက် မြောက်မြားစွာ၏ မှတ်တမ်း—“ဖြစ်ဖူးသောအရာတို့”—သည် ယေဟောဝါ ကတိပြုထားသော အသစ်သောအရာများ—“ကြီးစွာသောဒုက္ခ” ရောက်ရှိလာခြင်း၊ “လူအုပ်ကြီး” သည် ကြီးစွာသော ဒုက္ခတစ်လျှောက် ကယ်တင်ခံရခြင်း၊ “မြေကြီးသစ်” နှင့် အခြားသောအရာများ—ပြည့်စုံလာမည် ဖြစ်ကြောင်း အာမခံချက် ဖြစ်သည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅; ၂၁:၄၊ ၅; ၂ ပေတရု ၃:၁၃) ထိုအာမခံချက်သည် ယနေ့ စိတ်နှလုံး ရိုးဖြောင့်သူများအား ကိုယ်တော်အကြောင်း ဇွဲရှိရှိ ကြေညာရန် လှုံ့ဆော်ပေးသည်။ သူတို့သည် ဆာလံဆရာ၏ ခံစားချက်နှင့် ထပ်တူပင် ဖြစ်သည်– “ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ် ဟောပါပြီ။ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော် သိတော်မူ၏။”—ဆာလံ ၄၀:၉။
ယေဟောဝါသည် စိတ်ချုပ်တည်းမှုကို တင်ပြ
၉။ ဣသရေလလူမျိုးသည် “ဝမ်းတွင်းကပင် လွန်ကျူးသူ” မည်သို့ ဖြစ်ခဲ့သနည်း။
၉ ယေဟောဝါ၏ ပရောဖက်ပြုချက်များကို ဂျူးများ မယုံမကြည် ဖြစ်မှုက ကိုယ်တော်၏ သတိပေးချက်များကို ဂရုမမူဘဲ နေစေသည်။ ထို့ကြောင့်ပင် သူတို့ကို ကိုယ်တော် ဤသို့ ဆက်၍ မိန့်တော်မူရခြင်း ဖြစ်၏– “အကယ်စင်စစ် သင်သည် မကြား မသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား သင်သည် သစ္စာပျက်လိမ့်မည်။ ဖွားစကပင် သင့်ကို သူပုန် [“ဝမ်းတွင်းကပင် လွန်ကျူးသူ၊” သမ] ဟူ၍ သမုတ်ရလိမ့်မည်ကို ငါ သိ၏။” (ဟေရှာယ ၄၈:၈) ယုဒသည် နားပိတ်ကာ ယေဟောဝါ၏ ဝမ်းမြောက်ဖွယ် သတင်းစကားများကို နားမထောင်ဘဲ နေသည်။ (ဟေရှာယ ၂၉:၁၀) ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး လုပ်ဆောင်ခဲ့သည့် လမ်းစဉ်က “ဝမ်းတွင်းကပင် လွန်ကျူးသူ” လူမျိုး ဖြစ်ကြောင်း ပြနေသည်။ ဣသရေလလူမျိုးသည် မွေးဖွားချိန်မှစ၍ သမိုင်းတစ်လျှောက်လုံး ပုန်ကန်သည့် မှတ်တမ်းတစ်ခုကို ဖြစ်စေခဲ့သည်။ လွန်ကျူးခြင်းနှင့် သစ္စာပျက်ခြင်းတို့သည် တစ်ခါတစ်ရံမှသာ ပြစ်မှားမိသည့် အပြစ် မဟုတ်ဘဲ လူမျိုးတော်၏ အရိုးစွဲနေသော အပြစ်များ ဖြစ်နေပြီ။—ဆာလံ ၉၅:၁၀; မာလခိ ၂:၁၁။
၁၀။ ယေဟောဝါသည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို ချုပ်တည်းမည်နည်း။
၁၀ မျှော်လင့်စရာ လုံးဝ မရှိတော့ပြီလော။ မဟုတ်ပါ။ ယုဒသည် ပုန်ကန်သစ္စာပျက်သော်ငြားလည်း ယေဟောဝါသည် အစဉ်အမြဲ မှန်ကန်ပြီး သစ္စာရှိတော်မူ၏။ မိမိ၏ ကြီးမြတ်သော နာမတော်ကို ဂုဏ်တင်ရန် ကိုယ်တော်သည် အမျက်တော် သွန်း လောင်းခြင်းကို ကန့်သတ်ချက်ထားမည်။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင့်ကို ရှင်းရှင်း မပယ်မဖျက်ခြင်းငှာ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏ အမှု၌ ငါသည်းခံမည်။” (ဟေရှာယ ၄၈:၉) ဆီနှင့် ရေတမျှ ကွာခြားမှုပါတကား! ယေဟောဝါ၏ လူမျိုး ဖြစ်သော ဣသရေလကော ယုဒလူမျိုးပါ ကိုယ်တော့်အပေါ် သစ္စာမဲ့သူများ ဖြစ်သည်။ သို့သော် ယေဟောဝါသည် မိမိ၏ နာမတော်ကို ချီးမွမ်းဂုဏ်တင်မှုကို ဖြစ်စေမည့်နည်းဖြင့် အရေးယူ လုပ်ဆောင်ကာ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည်။ ဤအကြောင်းကြောင့် ကိုယ်တော်သည် သူတို့ကို ရွေးချယ်ထားသော လူမျိုးတော်အဖြစ်မှ ရပ်စဲပစ်မည် မဟုတ်ပါ။—ယောလ ၂:၁၃၊ ၁၄။
၁၁။ ဘုရားသခင်သည် မိမိ၏ လူမျိုးတော်ကို လက်စတုံး ဖျက်ဆီးခံရရန် အဘယ်ကြောင့် ခွင့်ပြုမည် မဟုတ်သနည်း။
၁၁ ပြည်နှင်ခံ ဂျူးများထဲမှ စိတ်နှလုံး ရိုးဖြောင့်သူတို့သည် ဘုရားသခင်၏ အပြစ်ဖော် ဆုံးမပေးမှုကြောင့် နိုးကြားလာကြကာ ကိုယ်တော်၏ သွန်သင်ချက်များကို လိုက်လျှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသူတို့အတွက် အောက်ပါကြေညာချက်သည် အားတက်ဖွယ် အကောင်းဆုံး ဖြစ်၏– “ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း ငွေကို စစ်သကဲ့သို့ မဟုတ်၊ ဒုက္ခမှိုက် [“မီးပြင်းဖို၊” ကဘ] ၌ သင့်ကို စုံစမ်းခဲ့ပြီ။ ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုတ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ်အသရေကို သူတစ်ပါးအား ငါမပေး။” (ဟေရှာယ ၄၈:၁၀၊ ၁၁) မိမိလူမျိုးတော်၏ နှလုံးထဲတွင် အဘယ်အရာ ရှိသည်ကို ဖော်ထုတ်ရန်အတွက် သူတို့အပေါ်သို့ “ဒုက္ခမီးပြင်းဖို” ထဲ၌ ကဲ့သို့သော ခံရခက်သည့် ဒုက္ခသုက္ခများဖြင့် စမ်းသပ်၊ ချေးချွတ်သန့်စင်ရန် ယေဟောဝါ ခွင့်ပြုခဲ့သည်။ အစောပိုင်း ရာစုနှစ်များစွာက အလားတူ ဖြစ်ပျက်ခဲ့သည်၊ ထိုအချိန်က မောရှေသည် ဘိုးဘေးတို့အား ဤသို့ ပြောခဲ့၏– “သင်၏ ဘုရားသခင် ထာဝရဘုရားသည် [“နှလုံးတွင် အဘယ်ရာ ရှိသည်ကို သိရန်၊” ကဘ] သင့်ကို နှိမ့်ချစုံစမ်း၍ . . . လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ” ၏။ (တရားဟောရာ ၈:၂) သူတို့သည် ပုန်ကန်သော သဘောထား ရှိခဲ့သော်လည်း ယေဟောဝါသည် လူမျိုးတော်ကို ထိုအချိန်၌ မဖျက်ဆီးခဲ့ပါ၊ ယခုလည်း အစတုံး ဖျက်ဆီးပစ်မည် မဟုတ်ပါ။ သို့ဖြင့် ကိုယ်တော်၏ နာမတော်နှင့် ဂုဏ်အသရေတော်ကို ချီးမြှောက်တော်မူမည် ဖြစ်သည်။ ကိုယ်တော်၏ လူမျိုးတော်ကို ဗာဗုလုန်လူမျိုးလက်တွင် လုံးလုံး ဖျက်ဆီးပစ်ခဲ့မည်ဆိုလျှင် ကိုယ်တော်သည် မိမိ၏ ပဋိညာဉ်ကို ဖောက်ဖျက်ရာကျမည် ဖြစ်ပြီး ကိုယ်တော်၏ နာမတော် ရှုတ်ချခံရပေမည်။ ဣသရေလလူမျိုး၏ ဘုရားသခင်သည် မိမိလူမျိုးကို ကယ်တင်နိုင်သည့် တန်ခိုး မရှိသည့်ပုံပေါက်သွားမည်။—ယေဇကျေလ ၂၀:၉။
၁၂။ စစ်မှန်သော ခရစ်ယာန်များသည် ပထမကမ္ဘာစစ်အတွင်း မည်သို့ သန့်စင်ခံခဲ့ရသနည်း။
၁၂ မျက်မှောက်ခေတ်အချိန်တွင်လည်း ယေဟောဝါ၏ လူမျိုးသည် သန့်စင်ခံရရန် လိုအပ်ခဲ့သည်။ လွန်လေပြီးသော ၂၀ ရာစု အစောပိုင်း နေ့ရက်များတွင် ကျမ်းစာကျောင်းသား အုပ်စုငယ်ထဲမှ အများစုသည် ကိုယ်တော့် အလိုတော်နှင့် တွေ့လိုသော စိတ်ရင်းမှန်နှင့် ဘုရားသခင့် အမှုဆောင်ခဲ့ကြသည်၊ သို့သော် အချို့သူတို့သည် ထင်ပေါ်ကျော်ကြားလိုမှု ကဲ့သို့သော မှားယွင်းသော ရည်မှန်းချက်များ ရှိခဲ့ကြသည်။ ထိုအုပ်စုငယ်လေးသည် အစီအစဉ်စနစ်၏ အဆုံးအတွက် ပရောဖက်ပြုထားသော ကမ္ဘာတစ်ဝန်း သတင်းကောင်း ကြေညာခြင်းလုပ်ငန်းကို ဦးဆောင်မှု မပြုမီ သူတို့ကို သန့်စင်မှုပြုရန် လိုအပ်မည် ဖြစ်သည်။ (မဿဲ ၂၄:၁၄) ပရောဖက် မာလခိက ယေဟောဝါသည် မိမိ၏ ဗိမာန်တော်သို့ ကြွလာတော်မူခြင်းအားဖြင့် ထိုသန့်စင်ခြင်းလုပ်ငန်း ဖြစ်မြောက်မည်အကြောင်း ပရောဖက်ပြုခဲ့သည်။ (မာလခိ ၃:၁-၄) သူ၏ စကားများသည် ၁၉၁၈ တွင် ပြည့်စုံခဲ့သည်။ စစ်မှန်သော ခရစ်ယာန်များသည် ပထမကမ္ဘာစစ်မီး၏ စမ်းသပ်ရာ အချိန်ကာလကို ဖြတ်သန်းခဲ့ကြရသည်၊ ထိုစမ်းသပ်ခြင်းသည် ထိုအချိန်က ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်နှင့် အခြားဦးဆောင်သူ တာဝန်ရှိသူများကို ထောင်ချခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုစိတ်နှလုံး ရိုးဖြောင့်သော ခရစ်ယာန်များသည် ဤသန့်စင်မှု အစီအစဉ်မှ အကျိုးရရှိခဲ့ကြသည်။ ပထမကမ္ဘာစစ်ပြီးနောက် သူတို့သည် ကြီးမြတ်သော ဘုရားသခင့် အမှုတော်ကို ကိုယ်တော် ဖော်ပြသော မည်သည့်နည်းဖြင့်မဆို အမှုဆောင်ရန် ယခင်ကထက် ပို၍ စိတ်ပိုင်းဖြတ်ခဲ့ကြသည်။
၁၃။ ပထမကမ္ဘာစစ်မှစ၍ နောက်ပိုင်းနှစ်များတွင် နှိပ်စက်ညှဉ်းပန်းမှုကို ယေဟောဝါ၏ လူမျိုးသည် မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။
၁၃ ထိုအချိန်မှစ၍ ယေဟောဝါသက်သေများသည် အဆိုးဝါးဆုံးသော နှိပ်စက်ညှဉ်းပန်းခြင်း ပုံစံအမျိုးမျိုးနှင့် ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ကြသည်။ ယင်းကြောင့် သူတို့သည် ဖန်ဆင်းရှင်၏ စကားများအပေါ် သံသယ မဝင်ခဲ့ကြပါ။ ယင်းအစား မိမိခေတ်ရှိ နှိပ်စက်ညှဉ်းပန်းခံရသော ခရစ်ယာန်များအား တမန်တော် ပေတရု ပြောခဲ့သည့် ဤစကားများကို သူတို့ သတိပြုမှတ်သားခဲ့ကြ၏– “သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း . . . နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှာ ဖြစ်မည်အကြောင်း အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရ . . . ကြ၏။” (၁ ပေတရု ၁:၆၊ ၇) ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှုသည် စစ်မှန်သော ခရစ်ယာန်များ၏ သမာဓိကို မပျက်သွားစေပါ။ ယင်းအစား သူတို့၏ စိတ်ရင်းဖြူစင်မှုကို ဖော်ထုတ်ပြသည်။ ယင်းက သူတို့၏ ယုံကြည်ခြင်းတွင် စမ်းသပ်ခံပြီးသော အရည်အသွေးတစ်ခုကို ထပ်ဖြည့်ပေးပြီး သူတို့၏ ဆည်းကပ်ဝတ်ပြုမှုနှင့် မေတ္တာတို့၏ အတိမ်အနက်ကို မြင်သာစေသည်။—သုတ္တံ ၁၇:၃။
“ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏”
၁၄။ (က) ယေဟောဝါသည် အဘယ်နည်းဖြင့် “အဦးဆုံးသောသူ” နှင့် “နောက်ဆုံးသောသူ” ဖြစ်သနည်း။ (ခ) ယေဟောဝါသည် မိမိ၏ “လက်” တော်အားဖြင့် အဘယ် ကြီးမားသောအမှုများကို လုပ်ဆောင်တော်မူခဲ့သနည်း။
၁၄ ယခု ယေဟောဝါသည် မိမိနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ဤသို့ လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံတော်မူ၏– “အိုယာကုပ်၊ ငါခေါ်သော ဣသရေလ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရား ဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည်လေပြီ။ ငါ့လက်ယာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်း ပေါ်လာကြ၏။” (ဟေရှာယ ၄၈:၁၂၊ ၁၃) ဘုရားသခင်သည် လူသားများနှင့် မတူ၊ ထာဝရ တည်ရှိတော်မူပြီး ပြောင်းလဲခြင်း မရှိပါ။ (မာလခိ ၃:၆) ဗျာဒိတ်ကျမ်းတွင် ယေဟောဝါ ဤသို့ ကြေညာတော်မူ၏– “ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။” (ဗျာဒိတ် ၂၂:၁၃) ယေဟောဝါ မရှိမီ မည်သည့် အနန္တတန်ခိုးရှင်ဘုရားမျှ မပေါ်မရှိခဲ့သကဲ့သို့ ကိုယ်တော့်နောက်တွင်လည်း ပေါ်မည် မဟုတ်ပါ။ ကိုယ်တော်သည် အချုပ်အခြာ အာဏာရှင်၊ ထာဝရအရှင်၊ ဖန်ဆင်းရှင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ “လက်”—အသုံးချတန်ခိုးတော်—ဖြင့် မြေကြီးကို တည်ခဲ့ပြီး ကြယ်အတိပြီးသော မိုးကောင်းကင်ကို ဖြန့်ကြက်တော်မူခဲ့သည်။ (ယောဘ ၃၈:၄; ဆာလံ ၁၀၂:၂၅) ၎င်းတို့ကို ကိုယ်တော် ခေါ်သည့်အခါ သူတို့သည် ကိုယ်တော့် အမှုဆောင်ရန် အသင့်ဖြစ်နေကြသည်။—ဆာလံ ၁၄၇:၄။
၁၅။ မည်သည့်နည်းနှင့် အဘယ် ရည်ရွယ်ချက်အတွက် ယေဟောဝါသည် ကုရုကို “ချစ်တော်မူ” သနည်း။
၁၅ ဂျူးနှင့် ဂျူးမဟုတ်သောသူများအတွက် အရေးကြီးသော ဤဖိတ်ခေါ်ချက်တစ်ရပ်ကို ထုတ်ဆင့်တော်မူ၏– “ရှိသမျှသော သင်တို့ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏ လက်သည်လည်း ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။ ငါကိုယ်တိုင် အမိန့်တော် ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူ သွားသော လမ်း၌ မင်္ဂလာရှိရလိမ့်မည်။” (ဟေရှာယ ၄၈:၁၄၊ ၁၅) ယေဟောဝါတစ်ပါးတည်းသာ တန်ခိုးအလုံးစုံ ပိုင်ဆိုင်တော်မူပြီး အဖြစ်အပျက်များကို တိကျစွာ ကြိုဟောနိုင်သည့်အရှင် ဖြစ်၏။ “သူတို့၊” အချည်းနှီး ဖြစ်သော မည်သည့် ရုပ်တုကမျှ ထိုအရာများကို ကြိုမဟောနိုင်ပါ။ ရုပ်တုများက မဟုတ်ဘဲ ယေဟောဝါကသာ ကုရုကို “ချစ်တော်မူ” သည်၊ ဆိုလိုသည်မှာ ယေဟောဝါသည် မိမိ၏ သတ်သတ်မှတ်မှတ် ရည်ရွယ်ချက်တစ်ခုအတွက် သူ့ကို ရွေးချယ်ခဲ့သည်။ (ဟေရှာယ ၄၁:၂; ၄၄:၂၈; ၄၅:၁၊ ၁၃; ၄၆:၁၁) ကိုယ်တော်သည် ကမ္ဘာ့ဇာတ်ခုံပေါ် ကုရု တက်လာမည်ကို ကြိုသိမြင်တော်မူခဲ့ပြီး အနာဂတ်တွင် ဗာဗုလုန်ကို အောင်မြင်သူအဖြစ် ခန့်ထားခဲ့သည်။
၁၆၊ ၁၇။ (က) ဘုရားသခင်သည် မိမိ၏ တင်ကူးဟောကြားချက်များကို တိတ်တဆိတ် ပေးခဲ့ခြင်း မဟုတ်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ (ခ) ယနေ့အချိန်တွင် ယေဟောဝါသည် မိမိ၏ ရည်ရွယ်ချက်များကို မည်သို့ လူသိရှင်ကြား ဖြစ်စေခဲ့ပြီနည်း။
၁၆ ဖိတ်မန္တက ပြုသည့် ပုံစံဖြင့် ယေဟောဝါ ဤသို့ ဆက်မိန့်တော်မူ၏– “ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေးဦးစွာမှ စ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။” (ဟေရှာယ ၄၈:၁၆က) ယေဟောဝါထံမှ ကြိုဟောချက်များကို တိတ်တဆိတ် ပေးခဲ့ခြင်း သို့မဟုတ် တစ်စွန်းတစ်စလောက်သာ အသိပေးခဲ့ခြင်းမျိုး မဟုတ်ပါ။ ယေဟောဝါ၏ ပရောဖက်များသည် ဘုရားသခင့်ကိုယ်စား ပွင့်လင်းပြတ်သားစွာ ဟောပြောခဲ့ကြသူများ ဖြစ်သည်။ (ဟေရှာယ ၆၁:၁) သူတို့သည် ဘုရားသခင့် အလိုတော်ကို ပရိသတ်အလယ်တွင် ကြေညာခဲ့ကြသည်။ ဥပမာ၊ ကုရုနှင့်ပတ်သက်သော အဖြစ်အပျက်များသည် ဘုရားသခင်အတွက် အသစ်အဆန်း မဟုတ်သကဲ့သို့ ကိုယ်တော် ကြိုမမြင်နိုင်သောအရာလည်း မဟုတ်ပါ။ အနှစ် ၂၀၀ ခန့် ကြို၍ ဟေရှာယမှတစ်ဆင့် ဘုရားသခင် ရှင်းလင်းစွာ ကြိုဟောခဲ့သည်။
၁၇ ယနေ့လည်း ထိုနည်းတူပင်၊ ယေဟောဝါသည် မိမိရည်ရွယ်ချက်ကို လျှို့ဝှက်မထားပါ။ ရာနှင့်ချီသော နိုင်ငံများ၊ အဏ္ဏဝါကျွန်းများမှ သန်းနှင့်ချီသောသူများသည် တစ်အိမ်မှ တစ်အိမ်၊ လမ်းပေါ်နှင့် သူတို့ ရောက်နိုင်သည့် မည်သည့်နေရာတွင်မဆို ဤအစီအစဉ်စနစ် အဆုံးရောက်တော့မည့်အကြောင်းကို သတိပေးကာ ဘုရားသခင့် နိုင်ငံတော်အောက် ခံစားရမည့် ကောင်းချီးများနှင့်ပတ်သက်သော သတင်းကောင်းကို ကြွေးကြော်ကြသည်။ အမှန်ပင်၊ ယေဟောဝါသည် မိမိ၏ ရည်ရွယ်ချက်များကို ပျံ့နှံ့ကြားသိစေသော ဘုရားသခင် ဖြစ်၏။
“ငါ၏ ပညတ်တို့ကို စောင့်ရှောက်ပါ”
၁၈။ မိမိ၏ လူမျိုးအတွက် ယေဟောဝါ၏ ဆန္ဒမှာ အဘယ်နည်း။
၁၈ ယေဟောဝါ၏ ဝိညာဉ်တော်ဖြင့် အခွင့်အာဏာ အပ်နှင်းခံရသော ပရောဖက်က ဤသို့ ကြွေးကြော်၏– “အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ၏။ သင့်ကို ရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါသည် သင်၏ အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍ သင် သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။’” (ဟေရှာယ ၄၈:၁၆ခ၊ ၁၇) ယေဟောဝါ၏ ဂရုစိုက်စောင့်ရှောက်မှုကို ဤသို့ မေတ္တာဖြင့် ဖော်ပြခြင်းက ဘုရားသခင်သည် ဣသရေလလူမျိုးများအား ဗာဗုလုန်မှ လွတ်မြောက်စေမည် ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသင့်သည်။ ကိုယ်တော်သည် သူတို့ကို ရွေးနုတ်သောအရှင် ဖြစ်တော်မူ၏။ (ဟေရှာယ ၅၄:၅) ဣသရေလလူမျိုး ကိုယ်တော်နှင့် ဆက်ဆံရေး ပြန်လည်ရရှိလာပြီး ကိုယ်တော်၏ ပညတ်တို့ကို ဂရုပြုစောင့်ရှောက်ရန်မှာ ယေဟောဝါ၏ ထက်သန်သောဆန္ဒ ဖြစ်သည်။ စစ်မှန်သော ဝတ်ပြုရေးသည် ဘုရားသခင့် ညွှန်ကြားချက်များကို နာခံခြင်းအပေါ် အခြေခံသည်။ ဣသရေလလူမျိုးသည် “သွားအပ်သောလမ်း” ကို ပြသသွန်သင်ခြင်း မခံရပါက လမ်းမှန်ပေါ် လျှောက်နိုင်မည် မဟုတ်ပါ။
၁၉။ ယေဟောဝါသည် အဘယ် လှိုက်လှဲသော မေတ္တာရပ်ခံချက်ကို ထုတ်ဆင့်တော်မူသနည်း။
၁၉ လူမျိုးတော်သည် ဒုက္ခဆင်းရဲနှင့် မတွေ့ဘဲ ပျော်ရွှင်သော အသက်တာကို ခံစားစေလိုသည့် ယေဟောဝါ၏ ဆန္ဒကို ဤသို့ လှပစွာ ဖော်ပြထား၏– “သင်သည် ငါ၏ ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သမုဒ္ဒရာ လှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၄၈:၁၈) အနန္တတန်ခိုးနှင့် ပြည့်စုံသော ဖန်ဆင်းရှင်ထံမှ လှိုက်လှဲသော မေတ္တာရပ်ခံချက်ပါတကား! (တရားဟောရာ ၅:၂၉; ဆာလံ ၈၁:၁၃) သုံ့ပန်းဘဝ အရောက်ခံမည့်အစား ဣသရေလလူမျိုးသည် မြစ်တစ်ခုအတွင်း စီးဆင်းနေသော မြစ်ရေကဲ့သို့ ငြိမ်သက်ခြင်းကို အလျှံပယ် ခံစားနိုင်ကြသည်။ (ဆာလံ ၁၁၉:၁၆၅) သူတို့၏ ဖြောင့်မတ်သော အမှုများသည် သမုဒ္ဒရာ လှိုင်းတံပိုးကဲ့သို့ မရေမတွက်နိုင်အောင် များနိုင်သည်။ (အာမုတ် ၅:၂၄) ယင်းတို့ကို အမှန် စိတ်ဝင်စားသော ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ယေဟောဝါသည် ဣသရေလလူမျိုး လျှောက်သင့်သည့် လမ်းကို မေတ္တာပါစွာ ပြပေးခြင်းဖြင့် မေတ္တာရပ်ခံခဲ့သည်။ သူတို့ နားထောင်မည်ဆိုလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း!
၂၀။ (က) ဣသရေလလူမျိုးသည် ပုန်ကန်သော သဘော ရှိလျက်နှင့် သူတို့အတွက် ဘုရားသခင်၏ ဆန္ဒကား အဘယ်နည်း။ (ခ) မိမိလူမျိုးတော်နှင့် ကိုယ်တော်၏ ဆက်ဆံပုံမှ ယေဟောဝါနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာ သိရှိရသနည်း။ (စာမျက်နှာ ၅၉ မှ လေးထောင့်ကွက်ကိုရှု။)
၂၀ ဣသရေလလူမျိုး နောင်တရကြမည်ဆိုလျှင် အဘယ် ကောင်းချီးများ ခံစားရမည်နည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏ သားမြေးတို့သည် သမုဒ္ဒရာ ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏ နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။” (ဟေရှာယ ၄၈:၁၉) အာဗြဟံ၏ အမျိုးအနွယ်သည် “ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာ သဲလုံးကဲ့သို့လည်းကောင်း” ပွားများစေမည်ဟူသော မိမိ၏ ကတိတော်ကို လူမျိုးတော်အား ယေဟောဝါ ပြန်လည်သတိရစေသည်။ (ကမ္ဘာဦး ၂၂:၁၇; ၃၂:၁၂) သို့ရာတွင် အာဗြဟံမှ ဆင်းသက်လာသော ထိုအမျိုးအနွယ်သည် ပုန်ကန်သူများ ဖြစ်လာကြပြီး သူတို့သည် ပရောဖက်ပြုချက် ပြည့်စုံမှုကို မခံစားထိုက်ကြပါ။ အမှန်ပင်၊ ယေဟောဝါ၏ ပညတ်တရားအရ သူတို့အမည်သည် လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ခြင်း ခံထိုက်သည့်အထိ နာမည်ဆိုးစာရင်း ဝင်ခဲ့သည်။ (တရားဟောရာ ၂၈:၄၅) သို့တိုင် ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ဖျောက်ဖျက်ဖို့ မရည်ရွယ်ပါ၊ သူတို့ကို လုံးဝ မစွန့်ပစ်လိုပါ။
၂၁။ ယနေ့ ကျွန်ုပ်တို့သည် ယေဟောဝါ၏ သွန်သင်ချက်ကို ရှာဖွေမည်ဆိုလျှင် အဘယ် ကောင်းချီးများကို ခံစားနိုင်သနည်း။
၂၁ ဤလေးနက်သော ကျမ်းပိုဒ်တွင် ပါသော မူများသည် ယနေ့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများနှင့် သက်ဆိုင်သည်။ ယေဟောဝါသည် အသက်၏ ရင်းမြစ် ဖြစ်ရာ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဘဝအသက်တာအား မည်သို့ အသုံးပြုသင့်သည်ကို မည်သူထက်မဆို ပို၍ သိတော်မူ၏။ (ဆာလံ ၃၆:၉) ကိုယ်တော် ကျွန်ုပ်တို့ကို လမ်းညွှန်ချက်များ ပေးတော်မူခြင်းမှာ ကျွန်ုပ်တို့၌ ပျော်ရွှင်မှု ကင်းမဲ့သွားစေရန် မဟုတ်ဘဲ ကျွန်ုပ်တို့အကျိုးအတွက် ဖြစ်သည်။ စစ်မှန်သော ခရစ်ယာန်များသည် ယေဟောဝါ၏ သွန်သင်မှုကို ခံယူရန် ရှာကြံခြင်းဖြင့် တုံ့ပြန်ကြသည်။ (မိက္ခာ ၄:၂) ကိုယ်တော်၏ ညွှန်ကြားချက်များသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးနှင့် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို အကာအကွယ် ပေးသည်၊ ထို့ပြင် ၎င်းတို့သည် စာတန်၏ ယိုယွင်းဖောက်ပြန်သော သြဇာ အလွှမ်းမခံရလေအောင် ကျွန်ုပ်တို့ကို အကာအကွယ် ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့် ပညတ်တော်နောက်ဝယ်ရှိ မူများကို နားလည်သဘောပေါက်လာသည့်အခါ ကျွန်ုပ်တို့၏ အကျိုးအတွက် ယေဟောဝါ သွန်သင်ပေးကြောင်း တွေ့မြင်လာသည်။ “ပညတ်တော်တို့ကို စောင့်ခဲသည် မဟုတ်” ကြောင်း ကျွန်ုပ်တို့ သိလာသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဖျက်ဆီးခံရမည် မဟုတ်ပါ။—၁ ယောဟန် ၂:၁၇; ၅:၃။
“ဗာဗုလုန်မြို့ထဲက ထွက်ကြလော့”
၂၂။ သစ္စာရှိ ဂျူးများကို အဘယ်အရာ ပြုလုပ်ရန် တိုက်တွန်းသနည်း၊ သူတို့ကို အဘယ် အာမခံချက်များ ပေးထားသနည်း။
၂၂ ဗာဗုလုန် ကျဆုံးချိန်တွင် မည်သည့်ဂျူးမဆိုသည် စိတ်သဘောထားမှန် ရှိကြောင်း တင်ပြကြမည်လော။ ဘုရားသခင်၏ လွတ်မြောက်ပေးခြင်း၊ ပြည်တော်ပြန်ခြင်းနှင့် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်း စသည့် အခွင့်အရေးများကို အရယူကြမည်လော။ အရယူကြမည်။ ထိုသို့ ဖြစ်မည်ကို ယုံကြည်စိတ်ချကြောင်း ယေဟောဝါ ဆက်၍ မိန့်တော်မူသော စကားများက ဖော်ပြသည်။ “ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ခါလဒဲလူတို့နေရာမှ အလျင်အမြန် [ပြေး] သွားကြလော့။ ရွှင်လန်းသော သီချင်းသံနှင့် ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကို လွှင့်ကြလော့။ ‘ထာဝရဘုရားသည် မိမိကျွန် ယာကုပ်ကို ရွေးနုတ်တော်မူပြီ’ ဟု ပြောဆိုကြလော့။ ‘သူတို့သည် သွေ့ခြောက်သော အရပ်များတွင် ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြရ။ သူတို့အဖို့ ကျောက်ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ကို ခွဲတော်မူသဖြင့် ရေသည် စီးထွက်လေ၏။’” (ဟေရှာယ ၄၈:၂၀၊ ၂၁၊ သမ္မာ) ယေဟောဝါ၏ လူမျိုးတော်ကို ဖင့်နွှဲခြင်း မရှိဘဲ ဗာဗုလုန်ထဲမှ ထွက်ရန် ပရောဖက်ပြုချက်ဖြင့် တိုက်တွန်းထားသည်။ (ယေရမိ ၅၀:၈) သူတို့ ရွေးနုတ်ခံရခြင်းအကြောင်းသည် ကမ္ဘာ့အစွန်အဖျားအထိ နှံ့ပြားကျော်ကြားသွားမည်။ (ယေရမိ ၃၁:၁၀) အီဂျစ်ပြည်မှ ထွက်မြောက်လာပြီး သဲကန္တာရတစ်လျှောက် လျှောက်သွားချိန်တွင် မိမိလူမျိုး၏ လိုအပ်ရာများကို ယေဟောဝါ ဖြည့်ဆည်းပေးခဲ့သည်။ ထိုနည်းတူပင်၊ လူမျိုးတော် ဗာဗုလုန်မှ ပြည်တော်သို့ ပြန်သည့်အခါ ကိုယ်တော် ပြင်ဆင်ပေးမည်။—တရားဟောရာ ၈:၁၅၊ ၁၆။
၂၃။ ဘုရားပေး ငြိမ်သက်ခြင်းကို မည်သူတို့ ခံစားရမည် မဟုတ်သနည်း။
၂၃ ဂျူးများသည် ယေဟောဝါ၏ ကယ်တင်ခြင်းဆိုင်ရာ လုပ် ဆောင်ချက်များကို စိတ်ထဲ စွဲမှတ်ထားရမည့် နောက်ထပ် အရေးကြီးသော မူတစ်ခု ရှိသည်။ ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူများသည် သူတို့၏ အပြစ်များကြောင့် ဒုက္ခခံရမည် ဖြစ်သော်လည်း ဖျက်ဆီးခံရမည် မဟုတ်ပါ။ သို့သော် မဖြောင့်မတ်သူများအတွက်မူ ဆန့်ကျင်ဘက် ဖြစ်သည်။ “‘ဆိုးသောသူတို့၌ ငြိမ်သက်ခြင်း မရှိ’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၄၈:၂၂၊ သမ္မာ) ဘုရားသခင်ကို ချစ်မြတ်နိုးသူများအတွက် ကိုယ်တော် စီစဉ်ထားတော်မူသည့် ငြိမ်သက်ခြင်းကို နောင်တမရသော အပြစ်သားများ ခံစားရမည် မဟုတ်ပါ။ ကယ်တင်ခြင်း လုပ်ဆောင်ချက်များသည် ခေါင်းမာသော လူဆိုးများ သို့မဟုတ် မယုံကြည်သူများအတွက် မဟုတ်ပါ။ ထိုလုပ်ဆောင်ချက်များသည် ယုံကြည်ခြင်း ရှိသူများအတွက်သာ ဖြစ်သည်။ (တိတု ၁:၁၅၊ ၁၆; ဗျာဒိတ် ၂၂:၁၄၊ ၁၅) ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းသည် လူဆိုးများအတွက် မဟုတ်ပါ။
၂၄။ မျက်မှောက်ခေတ် ဘုရားသခင့် လူမျိုးတော်အား အဘယ်အရာက ရွှင်လန်းမှု ဖြစ်စေခဲ့သနည်း။
၂၄ ဘီ.စီ.အီး. ၅၃၇ တွင် ဗာဗုလုန်မှ ထွက်ရန် အခွင့်အလမ်းသည် သစ္စာရှိ ဣသရေလလူမျိုးအတွက် ကြီးစွာသော ရွှင်လန်းမှု ဖြစ်စေခဲ့သည်။ ဘုရားသခင့် လူမျိုးတော်သည် ဗာဗုလုန်သုံ့ပန်း ဖြစ်နေရာမှ ၁၉၁၉ တွင် လွတ်မြောက်ခြင်းသည်လည်း သူတို့အတွက် ရွှင်လန်းမှု ဖြစ်ခဲ့သည်။ (ဗျာဒိတ် ၁၁:၁၁၊ ၁၂) သူတို့သည် မျှော်လင့်ချက် ရှိလာခဲ့ကြပြီး သူတို့၏ လုပ်ဆောင်မှုများ တိုးချဲ့ရန် အခွင့်အရေးကို ရယူခဲ့ကြသည်။ ထိုခရစ်ယာန် အုပ်စုငယ်လေးသည် ရန်မူသော လောကအတွင်း ဟောပြောခြင်းနှင့်ဆိုင်သည့် အသစ်သော တာဝန်အခွင့်ထူးများကို ရယူထမ်းဆောင်ရန် ရဲစွမ်းသတ္တိ လိုအပ်ခဲ့သည်။ သို့သော် သူတို့သည် ယေဟောဝါ၏ အကူအညီဖြင့် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို စ၍ ဇောက်ချလုပ်ခဲ့ကြသည်။ ယေဟောဝါ သူတို့ကို ကောင်းချီးပေးခဲ့ကြောင်း သမိုင်းက ပြသည်။
၂၅။ ဘုရားသခင့် ဖြောင့်မတ်သော စီရင်တော်မူချက်များကို အလေးအနက် အာရုံစိုက်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၂၅ ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းက ယေဟောဝါသည် ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေးကြောင်း အလေးအနက် ဖော်ပြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စီရင်တော်မူချက်တို့ကို အလေးအနက် အာရုံစိုက်ရန် အလွန် အရေးကြီးသည်။ (ဗျာဒိတ် ၁၅:၂-၄) ကျွန်ုပ်တို့သည် ဘုရားသခင့် ဉာဏ်ပညာနှင့် မေတ္တာအကြောင်း မိမိတို့ကိုယ်ကို သတိပေးနေမည်ဆိုလျှင် မှန်သည်ဟု ယေဟောဝါ မိန့်တော်မူချက်နှင့် ကိုက်ညီအောင် နေထိုင်ရန် ကျွန်ုပ်တို့ကို အကူအညီ ပေးမည်။ ကိုယ်တော် မိန့်တော်မူသမျှသည် ကျွန်ုပ်တို့အကျိုးအတွက် ဖြစ်သည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
[လေ့လာရန် မေးခွန်းများ]
[စာမျက်နှာ ၅၉ ပါ လေးထောင့်ကွက်]
အနန္တတန်ခိုးရှင်သည် မိမိကိုယ်ကို ချုပ်တည်းတော်မူ၏
ယေဟောဝါက အယူဖောက်ပြန်သော ဣသရေလလူများအား “ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်းမည်” ဟု မိန့်တော်မူခဲ့၏။ (ဟေရှာယ ၄၈:၉) ထိုမိန့်တော်မူချက်က တန်ခိုးတော်ကို ဘယ်တော့မျှ အလွဲသုံးစား မပြုသော ဘုရားသခင်၏ စုံလင်သည့် စံနမူနာကို ကျွန်ုပ်တို့ တွေ့မြင်ရန် အကူအညီ ပေးသည်။ ဘုရားသခင်ထက် တန်ခိုးကြီးသူ တစ်ဦးတစ်ယောက်မျှ မရှိသည်မှာ အမှန်ပင်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့်အား တန်ခိုးအကြီးဆုံးအရှင်၊ အနန္တတန်ခိုးရှင်အဖြစ် ခေါ်ဆိုခြင်း ဖြစ်သည်။ ကိုယ်တော်သည် မိမိကိုယ်ကို “အနန္တတန်ခိုးရှင်” ဟူ၍ မှန်ကန်စွာ ဖော်ပြထိုက်တော်မူ၏။ (ကမ္ဘာဦး ၁၇:၁) ကိုယ်တော်၌ အတိုင်းအဆမဲ့ စွမ်းအား ရှိရုံမျှသာမကပါ၊ ကိုယ်တော် ဖန်ဆင်းထားသော စကြဝဠာ၏ အချုပ်အခြာ အာဏာရှင်ဟူသည့် ရာထူးအနေအထားကြောင့် ကိုယ်တော်၌ အလုံးစုံ စီရင်ပိုင်သော အခွင့်အာဏာ ရှိတော်မူ၏။ ထို့ကြောင့် ကိုယ်တော့် လုပ်ဆောင်ချက်များကို မည်သူမျှ စစ်ဆေးဝံ့ သို့မဟုတ် ကိုယ်တော်အား “အဘယ်သို့ ပြုသနည်း” ဟု ပြောဝံ့မည် မဟုတ်ပါ။—ဒံယေလ ၄:၃၅။
သို့ရာတွင်၊ ဘုရားသခင်သည် ရန်သူများအပေါ် မိမိ၏ တန်ခိုး ပြရန် လိုအပ်သည့်အချိန်၌ပင် အမျက်ထွက် နှေးတော်မူ၏။ (နာဟုံ ၁:၃) ယေဟောဝါသည် ‘မိမိ၏ အမျက်တော်ကို စစ်ဆေး’ နိုင်သည်၊ ကိုယ်တော့်ကို “အမျက်ထွက် နှေးတော်မူ၏” ဟု ဖော်ပြထားသည်၊ အကြောင်းမှာ အမျက်ဒေါသကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အထင်ရှားဆုံး ဂုဏ်ရည်တော်၊ မေတ္တာကြောင့် ဖြစ်သည်။ ကိုယ်တော်သည် အမျက်ဒေါသကို ဖော်ပြချိန်တွင် အစဉ် ဖြောင့်မတ်သည်၊ အစဉ် တရားမျှတသည်၊ အစဉ် ထိန်းထိန်းသိမ်းသိမ်း ရှိတော်မူ၏။—ထွက်မြောက်ရာ ၃၄:၆; ၁ ယောဟန် ၄:၈။
ယေဟောဝါသည် ယင်းနည်းအတိုင်း အဘယ်ကြောင့် လုပ်ဆောင်တော်မူသနည်း။ အကြောင်းမှာ ကိုယ်တော်သည် မိမိ၏ အတိုင်းအဆမဲ့ တန်ခိုးတော်ကို အခြား အဓိက ဂုဏ်ရည်တော်များ ဖြစ်သော ဉာဏ်ပညာ၊ တရားမျှတခြင်း၊ မေတ္တာတို့နှင့် လုံးလုံးလျားလျား ဟန်ချက်ညီစေသောကြောင့် ဖြစ်သည်။ ကိုယ်တော်၏ တန်ခိုးတော်ကို အသုံးပြုရာတွင် ထိုအခြား အရည်အချင်းများနှင့် အမြဲ ညီညွတ်မှု ရှိသည်။