မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် မိမိ၏ မေရှိယကျွန်ကို ချီးမြှောက်တော်မူ၏

ယေဟောဝါသည် မိမိ၏ မေရှိယကျွန်ကို ချီးမြှောက်တော်မူ၏

အခန်း ဆယ့်လေး

ယေဟောဝါသည် မိမိ၏ မေရှိယကျွန်ကို ချီးမြှောက်တော်မူ၏

ဟေရှာယ ၅၂:၁၃–၅၃:၁၂

၁၊ ၂။ (က) စီ.အီး. ပထမရာစု အစောပိုင်းအချိန်က ဂျူးများစွာ ကြုံတွေ့ခဲ့ရသော အခြေအနေကို ဖော်ပြပါ။ (ခ) ယေဟောဝါသည် သစ္စာရှိ ဂျူးများ မေရှိယကို ခွဲခြားသိမြင်နိုင်ရန် အဘယ်အရာ စီစဉ်ပေးခဲ့သနည်း။

 သင်သည် အရေးပါသော အကဲအမှူးတစ်ဦးနှင့် ဆုံတွေ့ရမည့်အဖြစ်ကို မြင်ယောင်ကြည့်ပါ။ သင်တို့ ဆုံတွေ့မည့် အချိန်နှင့် နေရာကို စီစဉ်သတ်မှတ်ထားသည်။ သို့သော် ပြဿနာမှာ– ထိုသူသည် မည်သည့် ပုံပန်းသဏ္ဌာန် ရှိသည်ကို သင် မသိပါ၊ သူသည် လူသိရှင်ကြား အခမ်းအနားနှင့် လာမည် မဟုတ်ဘဲ သိုသိုသိပ်သိပ် လာမည် ဖြစ်သည်။ သူ့ကို သင် မည်သို့ သိနိုင်မည်နည်း။ သူနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များ သင်၌ ရှိမည်ဆိုလျှင် အကူအညီ ဖြစ်ပေမည်။

စီ.အီး. ပထမရာစု အစောပိုင်းအချိန်တွင် ဂျူးများစွာသည် ထိုကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့ခဲ့ကြသည်။ သူတို့သည် မေရှိယ—အသက်ရှင်ခဲ့သမျှတွင် အရေးအပါဆုံး ပုဂ္ဂိုလ်ကို မျှော်လင့်ခဲ့ကြသည်။ (ဒံယေလ ၉:၂၄-၂၇; လုကာ ၃:၁၅) သို့သော် သစ္စာရှိ ဂျူးများသည် ကိုယ်တော်ကို မည်သို့ သိရှိခဲ့ကြရမည်နည်း။ ယေဟောဝါသည် ဟေဗြဲ ပရောဖက်များအားဖြင့် မေရှိယနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဖော်ပြပေးခဲ့သောကြောင့် ပိုင်းခြားသိမြင်သူများသည် ကိုယ်တော်ကို မှန်ကန်စွာ ခွဲခြားသိမြင်နိုင်ပါမည်။

၃။ ဟေရှာယ ၅၂:၁၃–၅၃:၁၂ တွင် မေရှိယနှင့်ပတ်သက်သော အဘယ် အကြောင်းအရာများကို ဖော်ပြထားသနည်း။

မေရှိယနှင့်ပတ်သက်သော ဟေဗြဲ ပရောဖက်ပြုချက်များထဲတွင် ဟေရှာယ ၅၂:၁၃–၅၃:၁၂ တွင် မှတ်တမ်းတင်ထားသောအချက်ထက် ပို၍ ရှင်းလင်းပီပြင်သော မှတ်တမ်း ရှိပုံမရချေ။ မေရှိယ၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို မဟုတ်ဘဲ ပို၍ အရေးကြီးသော အသေးစိတ် အချက်များ—ကိုယ်တော် ဒုက္ခဆင်းရဲ ခံရပုံ၊ ၎င်း၏ ရည်ရွယ်ချက်၊ ကိုယ်တော်၏ သေခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့် ချီးမြှောက်ခံရခြင်းစသည်တို့ကို နှစ်ပေါင်း ၇၀၀ ကျော် ကြို၍ ဟေရှာယ ဖော်ပြခဲ့သည်။ ဤပရောဖက်ပြုချက်နှင့် ၎င်း၏ ပြည့်စုံချက်ကို ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့၏ စိတ်နှလုံး နွေးထွေးစေပြီး ယုံကြည်ခြင်း ခိုင်ခံ့စေမည်။

“ငါ့ကျွန်”—ထိုသူကား မည်သူနည်း

၄။ “ကျွန်” သည် မည်သူမည်ဝါ ဖြစ်ကြောင်း ဂျူးကျမ်းပညာရှင်အချို့ အဘယ် ထင်မြင်ယူဆချက်များ ပေးခဲ့ကြသနည်း၊ သို့သော် ယင်းတို့သည် ဟေရှာယ ပရောဖက်ပြုချက်နှင့် အဘယ်ကြောင့် သဟဇာတ မဖြစ်သနည်း။

ဟေရှာယသည် ဂျူးလူမျိုးများ ဗာဗုလုန် ပြည်နှင်ခံဘဝမှ လွတ်မြောက်ခြင်းအကြောင်းကို ပြောပြီးရုံမျှသာ ရှိသေးသည်။ ယခု ပို၍ ဝေးလံသော အဖြစ်အပျက်တစ်ခုကို ရှုမျှော်ကာ ယေဟောဝါ၏ ဤစကားများကို သူ မှတ်တမ်းတင်၏– “ကြည့်ရှုလော့။ ငါ့ကျွန်သည် [“ထိုးထွင်းဉာဏ်ဖြင့်၊” ကဘ] အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍ အထွတ်အမြတ် ဖြစ်လိမ့်မည်။” (ဟေရှာယ ၅၂:၁၃) ဤ “ကျွန်” ကား မည်သူနည်း။ ရာစုနှစ်များတစ်လျှောက် ဂျူးကျမ်းပညာရှင်များသည် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြသည်။ အချို့က ဗာဗုလုန်တွင် ပြည်နှင်ခံရသော ဣသရေလတစ်မျိုးလုံးကို ကိုယ်စားပြုသည်ဟု ဆိုခဲ့ကြသည်။ သို့သော် ယင်းအဆိုသည် ပရောဖက်ပြုချက်နှင့် သဟဇာတ မဖြစ်ပါ။ ဘုရားသခင်၏ ကျွန်သည် စိတ်လိုကိုယ်လျောက် ဒုက္ခခံခြင်း ဖြစ်သည်။ အပြစ် မရှိသော်လည်း ကိုယ်တော်သည် အခြားသူများ၏ အပြစ်အတွက် ဒုက္ခဆင်းရဲ ခံရသည်။ ထို့ကြောင့် မိမိတို့၏ အပြစ်လမ်းစဉ်ကြောင့် ပြည်နှင်ဒဏ်ခံခဲ့ရသူ ဂျူးလူမျိုးများကို ဖော်ပြခြင်း မဟုတ်ပါ။ (၄ ဓမ္မရာဇဝင် ၂၁:၁၁-၁၅; ယေရမိ ၂၅:၈-၁၁) အခြားသူများက ထိုကျွန်သည် အပြစ်ရှိသော ဣသရေလလူမျိုး၏ အကျိုးအတွက် ဒုက္ခဆင်းရဲ ခံခဲ့ရသော ဣသရေလလူမျိုးထဲမှ မိမိတို့ကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆသော လူစုကို ကိုယ်စားပြုသည်ဟု ဆိုကြ၏။ သို့ရာတွင်၊ ဣသရေလပြည်၌ ဒုက္ခဆင်းရဲခံချိန်တွင် သတ်သတ်မှတ်မှတ် အဖွဲ့တစ်ဖွဲ့သည် အခြားသူများအကျိုးအတွက် ဒုက္ခခံခဲ့ခြင်းမျိုး မရှိခဲ့ပါ။

၅။ (က) ဂျူးကျမ်းပညာရှင်အချို့က ဟေရှာယ ပရောဖက်ပြုချက်ကို မည်သို့ ဆက်စပ်ဖော်ပြခဲ့ကြသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။) (ခ) ကျွန်သည် မည်သူမည်ဝါ ဖြစ်ကြောင်း တမန်တော်ကျမ်းတွင် မည်သို့ ရှင်းလင်းစွာ ဖော်ပြထားသနည်း။

ခရစ်ယာန်ဘာသာ မပေါ်ထွန်းမီနှင့် ခရစ်သက္ကရာဇ်မတိုင်မီ အစောပိုင်း ရာစုနှစ်များတွင် ဂျူးကျမ်းပညာရှင် အနည်းငယ်သာ ထိုပရောဖက်ပြုချက်ကို မေရှိယနှင့် ဆက်စပ်ဖော်ပြခဲ့ကြသည်။ ယင်းသည် မှန်ကန်သော ဆက်စပ်ဖော်ပြချက် ဖြစ်ကြောင်း ခရစ်ယာန် ဂရိကျမ်းစာစောင်များတွင် တွေ့ရသည်။ တမန်တော်ကျမ်းတွင် အဲသယောပိအမတ်က ဟေရှာယ ပရောဖက်ပြုချက်တွင် ပါသော ကျွန်သည် မည်သူ ဖြစ်ကြောင်း မသိပါဟု ပြောသည့်အခါ သူ့အား ဖိလိပ္ပုက “ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏” ဟု မှတ်တမ်းတင်ထားသည်။ (တမန်တော် ၈:၂၆-၄၀; ဟေရှာယ ၅၃:၇၊ ၈) အခြားကျမ်းများတွင်လည်း ယေရှုခရစ်သည် ဟေရှာယ ပရောဖက်ပြုချက်ထဲမှ မေရှိယကျွန် ဖြစ်ကြောင်း ဖော်ပြသည်။ a ဤပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ ဆွေးနွေးသုံးသပ်လျှင် “ငါ့ကျွန်” ဟု ယေဟောဝါ ခေါ်ဆိုထားသောသူနှင့် နာဇရက်မြို့သား ယေရှုအကြားရှိ မငြင်းဆိုနိုင်သော ဆင်တူချက်များကို တွေ့ရမည်။

၆။ မေရှိယသည် ဘုရားသခင့် အလိုတော်ကို အောင်မြင်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း ဟေရှာယ ပရောဖက်ပြုချက်၌ မည်သို့ ဖော်ပြထားသနည်း။

ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရာတွင် မေရှိယ၏ အပြီးသတ် အောင်မြင်မှုကို ဖော်ပြခြင်းဖြင့် ပရောဖက်ပြုချက်ကို အစပြုထားသည်။ “ကျွန်” ဟူသည့် စကားလုံးက ကျွန်တစ်ဦးသည် မိမိ၏ သခင်ကို လက်အောက်ခံသကဲ့သို့ ကိုယ်တော်သည် ဘုရားသခင့် အလိုတော်ကို လက်အောက်ခံမည်ဟု ဖော်ပြခြင်း ဖြစ်သည်။ ယင်းသို့ ပြုရာတွင် ကိုယ်တော်သည် “ထိုးထွင်းဉာဏ်ဖြင့် အမှုဆောင်” မည်။ ထိုးထွင်းဉာဏ်ဟူသည် အခြေအနေတစ်ရပ်ကို ထိုးဖောက်၍ မြင်နိုင်သော စွမ်းရည် ဖြစ်သည်။ ထိုးထွင်းဉာဏ်ဖြင့် အမှုဆောင်ခြင်းသည် ပညာသတိနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤတွင် အသုံးပြုထားသော ဟေဗြဲကြိယာနှင့်ပတ်သက်၍ ကိုးကားချက်တစ်ခု၌ ဤသို့ ဆို၏– “ယင်း၏ အဓိက ဆိုလိုချက်မှာ ပညာသတိ၊ ဉာဏ်ပညာနှင့် ပြုမူဆောင်ရွက်သောဉာဉ် ဖြစ်သည်။ ဉာဏ်ပညာရှိရှိဖြင့် ပြုမူဆောင်ရွက်သူသည် မုချ အောင်မြင်မည်။” မေရှိယသည် အမှန် အောင်မြင်မည် ဖြစ်ကြောင်းကို ကိုယ်တော်သည် “ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်” မည်ဟု ပရောဖက်ပြုချက်၌ ဖော်ပြထားသည်။

၇။ ယေရှုခရစ်သည် မည်သို့ “ထိုးထွင်းဉာဏ်ဖြင့် အမှုဆောင်” ခဲ့သနည်း၊ ကိုယ်တော်သည် မည်သို့ “ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်” ခဲ့သနည်း။

ယေရှုသည် မိမိနှင့် သက်ဆိုင်သော ကျမ်းစာပရောဖက်ပြုချက်များကို နားလည်ကြောင်း ပြသကာ ခမည်းတော်၏ အလိုတော် ဆောင်ရွက်ရာတွင် ယင်းတို့၏ လမ်းညွှန်မှု ခံခြင်းအားဖြင့် “ထိုးထွင်းဉာဏ်ဖြင့် အမှုဆောင်” ခဲ့သည်။ (ယောဟန် ၁၇:၄; ၁၉:၃၀) ရလဒ်ကား အဘယ်နည်း။ ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ တက်ကြွသွားပြီးနောက် “ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။” (ဖိလိပ္ပိ ၂:၉; တမန်တော် ၂:၃၄-၃၆) ထို့ပြင် ၁၉၁၄ တွင် ဘုန်းပွင့်သော ယေရှုသည် ထပ်ဆင့် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ယေဟောဝါသည် ကိုယ်တော့်ကို မေရှိယ နိုင်ငံတော် ဘုရင်အဖြစ် နန်းတင်ချီးမြှောက်ခဲ့သည်။ (ဗျာဒိတ် ၁၂:၁-၅) မှန်ပါသည်၊ ကိုယ်တော်သည် “ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်” ခဲ့သည်။

‘ကိုယ်တော်ကို အံ့အားသင့်လျက် ကြည့်ကြ’

၈၊ ၉။ ချီးမြှောက်ခံရသော ယေရှုသည် တရားစီရင်ရန် ကြွလာချိန်တွင် မြေကြီးပေါ်ရှိ အုပ်စိုးရှင်များ မည်သို့ တုံ့ပြန်ကြမည်နည်း၊ အဘယ်ကြောင့်နည်း။

လူများနှင့် သူတို့၏ အုပ်စိုးရှင်များသည် ချီးမြှောက်ခံရသော မေရှိယကို မည်သို့ တုံ့ပြန်ကြမည်နည်း။ အခန်းငယ် ၁၄ တွင် ပါသော အစပိုင်း စကားစုကို ခေတ္တ ချန်ထားမည်ဆိုလျှင် ပရောဖက်ပြုချက်ကို ဤသို့ ဖတ်ရ၏– “လူအများတို့ အံ့အားသင့်ခဲ့ကြသည့်နည်းတူ များစွာသော လူမျိုးခြားတို့သည် အံ့သြကြလိမ့်မည်။ ဘုရင်မင်းတို့လည်း မဖော်ပြဖူးသောအရာကို သိမြင်လျက် မကြားဖူးသောအရာကို နားလည်ရသောကြောင့် ထိုသူ့အတွက် နှုတ်ပိတ်လျက် နေကြလိမ့်မည်။” (ဟေရှာယ ၅၂:၁၄၊ ၁၅၊ သမ) ဟေရှာယ ဖော်ပြထားသော ဤစကားများမှာ မေရှိယ၏ ဦးဆုံးအဖြစ်အပျက်ကို မဟုတ်ဘဲ မြေကြီးအုပ်စိုးရှင်များနှင့် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ်အပျက်ကို ဖော်ပြထားခြင်း ဖြစ်သည်။

ချီးမြှောက်ခံရသော ယေရှုသည် ဤဘုရားတရားမဲ့ အစီအစဉ်စနစ်ကို တရားစီရင်ရန် ကြွလာချိန်တွင် မြေကြီးပေါ်ရှိ အုပ်စိုးရှင်များသည် ‘ကိုယ်တော်ကို အံ့အားသင့်လျက် ကြည့်ကြ’ မည်။ လူ့အုပ်စိုးရှင်များသည် ဘုန်းပွင့်သော ယေရှုကို ပကတိ မမြင်နိုင်သည်မှာ မှန်ပါသည်။ သို့သော် ယေဟောဝါအတွက် ကောင်းကင်မှ တိုက်ခိုက်သူအဖြစ် ကိုယ်တော့် ဘုန်းတန်ခိုးအာနုဘော်၏ ထင်ရှားသော သက်သေအထောက်အထားများကို သူတို့ တွေ့မြင်ကြရမည်။ (မဿဲ ၂၄:၃၀) သူတို့သည် ဘာသာရေး ခေါင်းဆောင်များထံမှ မကြားဖူးသော အကြောင်းအရာ ဖြစ်သည့် ယေရှုသည် ဘုရားသခင် တရားစီရင်ရာတွင် အာဏာသား ဖြစ်သည်ဟူသည့် အချက်ကို ဆင်ခြင်သုံးသပ်ရန် ဖိအားပေးခြင်း ခံရမည်! သူတို့ ထိပ်တိုက်ရင်ဆိုင်ရမည့် ချီးမြှောက်ခံရသော ကျွန်သည် သူတို့ မမျှော်လင့်ထားသော နည်းဖြင့် ပြုမူဆောင်ရွက်တော်မူမည်။

၁၀၊ ၁၁။ ပထမရာစုတွင် မည်သည့်နည်းဖြင့် ယေရှုကို တလွဲ ပုံဖော်ရုပ်ပျက်စေခဲ့ကြသည်ဟု ဆိုနိုင်သနည်း၊ ယနေ့အချိန်တွင် မည်သို့ ပြုမူခဲ့ကြသနည်း။

၁၀ အခန်းငယ် ၁၄ တွင် ပါသော ရှေ့စကားစု၌ ဟေရှာယ ဤသို့ ဆိုထား၏– “လူတို့အသွင် လူသားတို့အဆင်း မရှိသည့်တိုင်အောင် ရုပ်ပျက်သဖြင့်၊” (ဟေရှာယ ၅၂:၁၄၊ သမ) ယေရှုသည် တစ်နည်းနည်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ရုပ်ပျက်ခြင်း ရှိခဲ့ပါသလော။ မရှိခဲ့ပါ။ ယေရှု မည်သည့် ပုံသဏ္ဌာန် ရှိသည်ကို ကျမ်းစာတွင် အသေးစိတ် မဖော်ပြထားသော်လည်း ဘုရားသခင်၏ စုံလင်သော သားတော်သည် နှစ်သက်ဖွယ် အသွင်အပြင်၊ မျက်နှာပုံပန်း ရှိမည်မှာ သေချာသည်။ ဟေရှာယ၏ စကားများသည် ယေရှု ကြုံတွေ့ခဲ့ရသော နှိမ့်ချအရှက်ခွဲ ခံရခြင်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ကိုယ်တော်သည် မိမိခေတ်ရှိ ဘာသာရေး ခေါင်းဆောင်များကို ကြောင်သူတော်များ၊ မုသာကောင်များ၊ လူ့အသက်သတ်သူများဟု ရဲရင့်စွာ ထုတ်ဖော်ခဲ့သောကြောင့် သူတို့သည် ကိုယ်တော်ကို ပြန်၍ ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ (၁ ပေတရု ၂:၂၂၊ ၂၃) သူတို့သည် ကိုယ်တော်ကို ပညတ်ချိုးဖောက်သူ၊ ဘုရားသခင်ကို ရှုတ်ချသူ၊ လှည့်စားသူ၊ ရောမကို ပုန်ကန်ရန် လှုံ့ဆော်သူ ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ ထို့ကြောင့် ထိုမဟုတ်မမှန် စွပ်စွဲသူများသည် ယေရှု၏ ရုပ်လုံးကို လုံးဝ ရုပ်ပျက်စေကာ အဓိပ္ပာယ်တစ်မျိုး ထွက်စေခဲ့သည်။

၁၁ ယနေ့အချိန်အထိ ယေရှုကို ဆက်၍ အလွဲလွဲအမှားမှား ဖော်ပြနေကြသည်။ လူအများစုက ယေရှုကို နွားစားခွက်အတွင်းရှိ မွေးစကလေးငယ်အဖြစ် သို့မဟုတ် ဆူးသရဖူ ဆောင်းထားကာ ပြင်းစွာ ဝေဒနာ ခံစားရသည့် မျက်နှာအသွင် ပုံဖော်ထားပြီး လက်ဝါးကားတိုင်တွင် သံရိုက်ခံထားရသော ကြေကွဲဖွယ်ပုံအဖြစ် ရုပ်လုံးဖော်ကြသည်။ ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ထိုသို့ ရှုမြင်ချက်များကို အားပေးအားမြှောက်ပြုခဲ့ကြသည်။ ယေရှုအား တိုင်းနိုင်ငံများကို မကြာမီ စာရင်းရှင်းတော့မည့် တန်ခိုးကြီး ကောင်းကင်ဘုရင်အဖြစ် ဖော်ပြရန် သူတို့ ပျက်ကွက်ခဲ့ကြသည်။ မဝေးတော့သည့် အနာဂတ်တွင် လူ့အုပ်စိုးရှင်များသည် ချီးမြှောက်ခံရသော ယေရှုနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူတို့သည် ‘ကောင်းကင်ဘုံ၊ မြေကြီးပေါ်၌ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိ’ သည့် မေရှိယနှင့် စာရင်းရှင်းရမည်။—မဿဲ ၂၈:၁၈

ဤသတင်းကောင်းကို မည်သူ ယုံမည်နည်း

၁၂။ ဟေရှာယ ၅၃:၁ တွင် ပါသော စကားများက အဘယ် စိတ်ဝင်စားဖွယ် မေးခွန်းများကို ထွက်ပေါ်စေသနည်း။

၁၂ မေရှိယနှင့်ပတ်သက်သော အံ့ဖွယ်ကောင်းသည့် ပြောင်းလဲမှု—“ရုပ်ပျက်ခြင်း” မှ “ချီးမြှင့်ခြင်းသို့ ရောက်”—ကြောင်းကို ဖော်ပြပြီးနောက် ဟေရှာယ ဤသို့ မေး၏– “ငါတို့ ဟောပြောသော သတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက် [“ယေဟောဝါ၏ လက်ရုံးတော်၊” ကဘ] တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။” (ဟေရှာယ ၅၃:၁) ဟေရှာယ၏ ထိုစကားများက စိတ်ဝင်စားဖွယ်ကောင်းသော ဤမေးခွန်းများကို ပေါ်ပေါက်စေသည်– ယင်းပရောဖက်ပြုချက် ပြည့်စုံမည်လော။ တန်ခိုးသက်ရောက်နိုင်စွမ်းကို ကိုယ်စားပြုသော “ယေဟောဝါ၏ လက်ရုံးတော်” သည် ပရောဖက်ပြုချက်ကို ဖော်ထုတ်ပြီး ထိုစကားများ ပြည့်စုံစေရန် လုပ်ဆောင်ပါမည်လော။

၁၃။ ဟေရှာယ ပရောဖက်ပြုချက်သည် ယေရှုတွင် ပြည့်စုံကြောင်း ပေါလု မည်သို့ တင်ပြခဲ့သနည်း၊ အဘယ် တုံ့ပြန်မှု ရခဲ့သနည်း။

၁၃ အဖြေမှာ လုံးဝ လုပ်ဆောင်မည် ဟူ၍ ဖြစ်သည်! ဟေရှာယ ကြားခဲ့ပြီး မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်သည် ယေရှုတွင် ပြည့်စုံကြောင်း တင်ပြရန် ရောမမြို့သားများထံ ရေးသော ပေါလု၏ စာတွင် ဟေရှာယ၏ စကားများကို ကိုးကားထားသည်။ ယေရှုသည် မြေကြီးပေါ်တွင် ဆင်းရဲဒုက္ခများကို ခံခဲ့ရပြီးနောက် ရရှိခဲ့သော ဂုဏ်အသရေသည် သတင်းကောင်း ဖြစ်ခဲ့သည်။ “သို့သော်လည်း လူအပေါင်းတို့သည် ဝမ်းမြောက်စရာသတင်းကို နားထောင်ကြသည် မဟုတ်။ ပရောဖက် ဟေရှာယစကား ဟူမူကား ‘အိုထာဝရဘုရား အကျွန်ုပ်တို့ ဟောပြောသော သတင်းစကားကို အဘယ်သူ ယုံပါသနည်း’ ဟု ဆို၏။ သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏” ဟု မယုံကြည်သူ ဂျူးများကို ရည်ညွှန်းကာ ပေါလု ဆိုထား၏။ (ရောမ ၁၀:၁၆၊ ၁၇) သို့သော် ဝမ်းနည်းစရာမှာ ပေါလုခေတ်မှ လူနည်းစုသာ ဘုရားသခင်၏ ကျွန်နှင့်ပတ်သက်သော သတင်းကောင်းကို ယုံကြည်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။

၁၄၊ ၁၅။ မေရှိယသည် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ အဘယ် နောက်ခံအခြေအနေဖြင့် ဝင်ရောက်လာရန် ဖြစ်သနည်း။

၁၄ ဆက်၍ ဖော်ပြသော ပရောဖက်ပြုချက်က အခန်းငယ် ၁ တွင် မှတ်တမ်းတင်ထားသော မေးခွန်းများ မေးရခြင်း၏ အကြောင်းရင်းကို ဣသရေလလူမျိုးအား ရှင်းပြပြီး ယင်းက မေရှိယကို လူအများစု အဘယ်ကြောင့် လက်ခံမည် မဟုတ်ကြောင်း အလင်းဖြာပေး၏– “[သူ] သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သော မြေ၌ . . . အတက် [“အမြစ်၊” ကဘ] ကဲ့သို့လည်းကောင်း ရှေ့တော် [ကြည့်ရှုနေသူရှေ့] ၌ ကြီးပွား [“ပေါ်ထွက်လာ၊” ကဘ] ၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်း မရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။” (ဟေရှာယ ၅၃:၂) ဤတွင် ကမ္ဘာ့ဇာတ်ခုံပေါ် မေရှိယ ရောက်ရှိလာသည့် နောက်ခံအခြေအနေကို ကျွန်ုပ်တို့ တွေ့ရသည်။ ကိုယ်တော်သည် နိမ့်ကျသော ဘဝဖြင့် အစပြုခဲ့ပြီး ကြည့်ရှုနေသူများ၏ ရှေ့တွင် ကိုယ်တော်သည် ထူးချွန်အောင်မြင်မည့်ပုံ မပေါ် ဖြစ်နေသည်။ ထို့ပြင် ကိုယ်တော်သည် သစ်ပင် ပင်စည် သို့မဟုတ် အကိုင်းတစ်ခုမှ ထွက်လာသော အညွန့်တစ်ခု၊ နုနယ်သည့် အတက်တစ်ခုနှင့် တူနေမည်။ ကိုယ်တော်သည် ခြောက်သွေ့ပြီး ကောင်းမွန်သည့် လက္ခဏာ မရှိသော မြေ၌ ရှိသည့် အမြစ်တစ်ခုနှင့်လည်း တူမည်။ ထို့ပြင် ကိုယ်တော်သည် မင်းခမ်းမင်းနား၊ အဆောင်အယောင်နှင့် လာခြင်း မဟုတ်ပါ—ကိုယ်တော်၌ တော်ဝင်ဝတ်ရုံ မရှိ၊ ဖိတ်ဖိတ်တောက် သရဖူလည်း မရှိပါ။ ယင်းအစား ကိုယ်တော့် ဘဝအစသည် နိမ့်ကျပြီး ရိုးရိုးကုပ်ကုပ် ဖြစ်သည်။

၁၅ လူသားတစ်ဦးအနေဖြင့် ယေရှု၏ နိမ့်ကျသော ဘဝအစကို ကောင်းစွာ ပုံဖော်ထားခြင်း ဖြစ်သည်! ဗက်လင်ဟု လူသိများသော မြို့ငယ်လေးတွင်ရှိ နွားတင်းကုပ်တစ်ခုတွင် အပျိုစင် ဂျူးအမျိုးသမီး မာရိမှ ကိုယ်တော် မွေးဖွားလာသည်။ b (လုကာ ၂:၇; ယောဟန် ၇:၄၂) မာရိနှင့် သူ၏ ခင်ပွန်း ယောသပ်တို့သည် ဆင်းရဲခဲ့ကြသည်။ သူတို့သည် ယေရှုကို မွေးဖွားပြီး ရက် ၄၀ ခန့်အကြာတွင် အပြစ်ဖြေရာယဇ် ပူဇော်ကြရာ ဆင်းရဲသားတို့အတွက် ခွင့်ပြုထားသည့် ‘ခိုနှစ်ကောင် သို့မဟုတ် ချိုးကလေးနှစ်ကောင်’ ကို ပူဇော်ခဲ့ကြသည်။ (လုကာ ၂:၂၄; ဝတ်ပြုရာ ၁၂:၆-၈) အချိန်တန်သော် မာရိနှင့် ယောသပ်တို့သည် နာဇရက်မြို့တွင် အခြေချခဲ့ကြပြီး ရိုးရိုးကုပ်ကုပ် အခြေအနေ ဖြစ်ပုံရသော မိသားစုကြီးတစ်ခုတွင် ယေရှု ကြီးပြင်းလာခဲ့သည်။—မဿဲ ၁၃:၅၅၊ ၅၆

၁၆။ ယေရှုတွင် “အဆင်းတင့်တယ်ခြင်း” သို့မဟုတ် “ချစ်လိုဖွယ်သော မျက်နှာလက္ခဏာ” မရှိဟူသည် မည်သို့ မှန်ကန်သနည်း။

၁၆ လူသားတစ်ဦးအနေနှင့် ယေရှုသည် သူ၏ အမြစ်များကို လျော်ကန်သော မြေပေါ်တွင် စွဲခဲ့ပုံမပေါက်ခဲ့ချေ။ (ယောဟန် ၁:၄၆; ၇:၄၁၊ ၅၂) ကိုယ်တော်သည် စုံလင်သောသူ ဖြစ်ပြီး ဘုရင်ဒါဝိဒ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း ကိုယ်တော်၏ နိမ့်ကျသော အခြေအနေများက ကိုယ်တော်ကို “အဆင်းတင့်တယ်ခြင်း” နှင့် “ချစ်လိုဖွယ်သော မျက်နှာလက္ခဏာ” မရှိစေခဲ့ပါ—အနည်းဆုံး မေရှိယသည် ပို၍ စွဲမှတ်ဖွယ်ကောင်းသော အခြေအနေမှ ဆင်းသက်လာမည်ဟု မျှော်လင့်ခဲ့ကြသူများ၏ အမြင်တွင် ဖြစ်သည်။ ဂျူးဘာသာရေး ခေါင်းဆောင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် များစွာသောသူတို့သည် ကိုယ်တော်ကို ဂရုမစိုက် လျစ်လျူရှုကြပြီး အထင်သေးခဲ့ကြသည်။ အဆုံး၌ လူအုပ်သည် ဘုရားသခင်၏ စုံလင်သော သားတော်ထံမှ နှစ်သက်ဖွယ်ကောင်းသောအရာ တစ်ခုကိုမျှ မတွေ့ကြပါ။—မဿဲ ၂၇:၁၁-၂၆

‘လူတို့၏ မထီမဲ့မြင်ပြုမှုနှင့် စွန့်ပစ်မှုကို ခံရ’

၁၇။ (က) ဟေရှာယသည် အဘယ် အကြောင်းအရာကို အစပြု ဖော်ပြသနည်း၊ အဘယ်ကြောင့် အတိတ်ကာလ ပုံစံဖြင့် ရေးသားသနည်း။ (ခ) မည်သူတို့သည် ယေရှုကို “မထီမဲ့မြင်ပြု၊” “စွန့်ပစ်” ကြသနည်း၊ ယင်းကို မည်သို့ ပြုလုပ်ခဲ့ကြသနည်း။

၁၇ ဟေရှာယသည် ယခု မေရှိယအား မည်သို့ ရှုမြင်ကြမည်၊ မည်သို့ ဆက်ဆံခံရမည့် အသေးစိတ်အကြောင်းကို ဤသို့ အစပြုဖော်ပြ၏– “မထီမဲ့မြင်ပြုခြင်း ခံ၍ လူတို့တွင် စွန့်ပယ်ခြင်း ခံသောသူ၊ နာကျင်ခြင်း ဝေဒနာ ခံစားသောသူ၊ အနာရောဂါနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ မျက်နှာလွှဲ [“ဖုံးအုပ်၊” ကဘ] ခြင်းကို ခံရသောသူကဲ့သို့ ဖြစ်လျက် မထီမဲ့မြင်ပြုခြင်းကို ခံလျက် ရှိ၍ ငါတို့သည် ပမာဏမပြုကြ။” (ဟေရှာယ ၅၃:၃၊ သမ္မာ) သူ၏ စကားများ အမှန် ပြည့်စုံလာမည် ဖြစ်ကြောင်း ယုံကြည်စိတ်ချစေရန် ဟေရှာယသည် ပြည့်စုံခဲ့ပြီးသည့်အလား အတိတ်ကာလပုံစံဖြင့် ရေးသားထားသည်။ ယေရှုခရစ်သည် လူများ၏ မထီမဲ့မြင်ပြုခြင်း၊ စွန့်ပယ်ခြင်းကို အမှန်ပင် ခံခဲ့ရသလော။ အမှန် ခံခဲ့ရသည်! မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်မှတ်ကြသူ ဘာသာရေး ခေါင်းဆောင်များနှင့် သူတို့၏ နောက်လိုက်များသည် ကိုယ်တော်ကို အယုတ်ဆုံးသောသူအဖြစ် ရှုမြင်ခဲ့ကြသည်။ သူတို့သည် ကိုယ်တော့်ကို အခွန်ခံသောသူ၊ ပြည့်တန်ဆာတို့နှင့် မိတ်ဆွေဖွဲ့သောသူဟု သမုတ်ခဲ့ကြသည်။ (လုကာ ၇:၃၄၊ ၃၇-၃၉) ကိုယ်တော်၏ မျက်နှာတော်ကို တံတွေးနှင့် ထွေးခဲ့ကြသည်။ ကိုယ်တော်ကို လက်သီးနှင့် ထိုးကြပြီး ကိုယ်တော်ကို ပြစ်တင်ရှုတ်ချ ကဲ့ရဲ့ခဲ့ကြသည်။ မထီမဲ့မြင်ပြု ပြောင်လှောင်ခဲ့ကြသည်။ (မဿဲ ၂၆:၆၇) သမ္မာတရား၏ ဤရန်သူများ ဩဇာလွှမ်းမိုးခြင်းကြောင့် ယေရှု၏ ‘လူမျိုးကိုယ်နှိုက်ပင် ကိုယ်တော်ကို လက်မခံဘဲ နေကြ၏။’—ယောဟန် ၁:၁၀၊ ၁၁

၁၈။ ယေရှုသည် တစ်ခါမျှ မဖျားနာခဲ့သော်လည်း ကိုယ်တော်သည် “နာကျင်ခြင်း ဝေဒနာ ခံစားသောသူ၊ အနာရောဂါနှင့် ကျွမ်းဝင်သောသူ” မည်သို့ ဖြစ်ခဲ့သနည်း။

၁၈ စုံလင်သောသူ တစ်ဦးအနေနှင့် ယေရှု မဖျားခဲ့ပါ။ သို့သော် ကိုယ်တော်သည် “နာကျင်ခြင်း ဝေဒနာ ခံစားသောသူ၊ အနာရောဂါနှင့် ကျွမ်းဝင်သောသူ” ဖြစ်ခဲ့သည်။ ထိုနာကျင်ခြင်း ဝေဒနာနှင့် အနာရောဂါသည် ကိုယ်တော်၌ ရှိနေသော ဝေဒနာများ မဟုတ်ပါ။ ယေရှုသည် အနာရောဂါ ရှိသော ကမ္ဘာပေါ်သို့ ကောင်းကင်မှ ကြွလာခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် နာကျင်မှုများကြား နေထိုင်ခဲ့သော်လည်း ကိုယ်တော်သည် ကာယရေး သို့မဟုတ် ဝိညာဉ်ရေး ဖျားနာနေသူများကို ရှောင်ဖယ်မနေခဲ့ပါ။ ဂရုစိုက်သော ဆေးဆရာတစ်ဦးကဲ့သို့ ကိုယ်တော်သည် မိမိပတ်ဝန်းကျင်၌ ရှိသောသူများ၏ ဒုက္ခဆင်းရဲဝေဒနာများနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် သာမန် လူသားဆေးဆရာများ မပြုလုပ်နိုင်သောအရာကို ပြုလုပ်နိုင်စွမ်း ရှိခဲ့သည်။—လုကာ ၅:၂၇-၃၂

၁၉။ မည်သူ၏ မျက်နှာသည် “ဖုံးအုပ်” ခံခဲ့ရပြီး ယေရှု၏ ရန်သူများသည် ကိုယ်တော်ကို “ပမာဏ မပြုကြ” ကြောင်း မည်သို့ တင်ပြခဲ့ကြသနည်း။

၁၉ မည်သို့ပင်ဆိုစေ၊ ယေရှု၏ ရန်သူများသည် ကိုယ်တော်ကို ရောဂါစွဲနေသူတစ်ဦးအဖြစ် ရှုမြင်ခဲ့ပြီး ကိုယ်တော့်ကို နှစ်သက်လက်ခံဖို့ ငြင်းဆိုခဲ့ကြသည်။ အခြားသူများ ကိုယ်တော်၏ မျက်နှာတော်ကို မမြင်ရစေရန် “ဖုံးအုပ်” ခဲ့သည်၊ ကိုယ်တော်သည် အခြားသူများ မမြင်ရစေရန် မိမိမျက်နှာကို ဖုံးကွယ်ခဲ့ခြင်း မဟုတ်ပါ။ ဟေရှာယ ၅၃:၃ ကို ဘာသာပြန်ဆိုရာတွင် အင်္ဂလိပ်ကျမ်းစာသစ်က “လူများတို့သည် မိမိတို့၏ မျက်နှာကို လွဲကြပြီ” ဟူသော စကားစုကို အသုံးပြုထားသည်။ ယေရှုကို ဆန့်ကျင်သူများက ကိုယ်တော်သည် မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းသနည်းဟူမူ ကြည့်ရန် အလွန် မနှစ်မြို့ဖွယ်ရာအလား ကိုယ်တော်ထံမှ မျက်နှာလွဲပစ် ခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏ တန်ဖိုးကို ကျွန်တစ်ဦးအတွက် ပေးရသော အဖိုးအခမျှလောက်သာ တန်ဖိုးဖြတ်ခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၁:၃၂; မဿဲ ၂၆:၁၄-၁၆) သူတို့သည် လူသတ်သမား ဗာရဗ္ဗလောက်ပင် ကိုယ်တော်ကို တန်ဖိုးမထားခဲ့ပါ။ (လုကာ ၂၃:၁၈-၂၅) ယေရှုအပေါ် သူတို့၏ အထင်သေးမှုကို ဤထက် ပို၍ ဖော်ပြနိုင်ဦးမည်လော။

၂၀။ ဟေရှာယ၏ စကားများသည် ယနေ့ ယေဟောဝါ၏ လူမျိုးတော်အတွက် အဘယ် နှစ်သိမ့်မှု ပေးသနည်း။

၂၀ ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် ဟေရှာယ၏ စကားများမှ နှစ်သိမ့်မှုများစွာ ရရှိနိုင်သည်။ တစ်ခါတစ်ရံ ဆန့်ကျင်သူများသည် ယေဟောဝါ၏ သစ္စာရှိ ဝတ်ပြုသူများကို မထီမဲ့မြင်ပြုကြ၊ အရေးမပါသောသူများအဖြစ် ဆက်ဆံကြပေမည်။ သို့သော် ယေရှု၏ ကိစ္စတွင်ကဲ့သို့ အမှန်တကယ် အရေးကြီးသည့်အရာမှာ ကျွန်ုပ်တို့ကို ယေဟောဝါ မည်သို့ တန်ဖိုးထားသည် ဟူသည့် အချက် ဖြစ်သည်။ လူများသည် ‘ယေရှုကို ပမာဏမပြုကြ’ သည့်တိုင် ဘုရားသခင့်အမြင်တွင် ယေရှု၏ ကြီးမားသည့် တန်ဖိုး မပြောင်းလဲခဲ့ပါ!

“ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း” ခံရ

၂၁၊ ၂၂။ (က) မေရှိယသည် အခြားသူများ၏ အကျိုးအတွက် အဘယ်အရာကို ထမ်းရွက်သယ်ပိုးခဲ့သနည်း။ (ခ) အများသောသူတို့သည် မေရှိယကို မည်သို့ ယူမှတ်ခဲ့ကြသနည်း၊ ကိုယ်တော် ဆင်းရဲဒုက္ခ ခံရခြင်းသည် အဘယ်အရာတွင် အထွတ်အထိပ် ရောက်ခဲ့သနည်း။

၂၁ မေရှိယသည် အဘယ်ကြောင့် ဆင်းရဲဒုက္ခခံပြီး သေဆုံးခဲ့ရသနည်း။ ဟေရှာယ ဤသို့ ရှင်းပြ၏– “ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်း [“ကပ်ရောဂါ၊” သမ] ကိုလည်းကောင်း၊ ဘုရားသခင် ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူ ဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူ ခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည် ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။”—ဟေရှာယ ၅၃:၄-၆

၂၂ မေရှိယသည် အခြားသူများ၏ အနာရောဂါဝေဒနာများကို သယ်ပိုးခဲ့သည်။ ပြောရမည်ဆိုလျှင် ကိုယ်တော်သည် သူတို့၏ ဝန်ထုပ်များကို ကြွပင့်ကာ မိမိ၏ ပခုံးပေါ်သို့ လွှဲပြောင်းထမ်းရွက်ခဲ့သကဲ့သို့ ဖြစ်သည်။ ဖျားနာခြင်းနှင့် နာကျင်ခြင်းသည် လူ့မစုံလင်မှု အခြေအနေ၏ အကျိုးဆက် ဖြစ်သော်လည်း မေရှိယသည် အခြားသူများ၏ အပြစ်များကို ထမ်းရွက်ခဲ့သည်။ လူအများစုသည် ကိုယ်တော် ဆင်းရဲဒုက္ခ ခံရခြင်း၏ အကြောင်းရင်းကို သဘောမပေါက်ကြသောကြောင့် ဘုရားသခင်သည် ရွံရှာဖွယ်ကောင်းသော ရောဂါတစ်ခုဖြင့် ကိုယ်တော်ကို ဆုံးမ၊ ကပ်ရောဂါ ခံစားစေသည်ဟု ယူမှတ်ခဲ့ကြသည်။ c မေရှိယ ခံရသော ဆင်းရဲဒုက္ခသည် ထိုးဖောက်ခံရ၊ နှိပ်စက်ခံရပြီး ဒဏ်ချက်များ ရရှိချိန်တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်၊ ယင်းသည် မရှုမလှ၊ နာကျင်စွာ သေဆုံးရမည်ကို ဖော်ပြသည့် ပြင်းထန်သော စကားလုံးများ ဖြစ်သည်။ သို့သော် ကိုယ်တော်၏ သေခြင်းတွင် အပြစ်ဖြေရာတန်ခိုး ရှိသည်; ယင်းသည် မှားယွင်းမှုနှင့် အပြစ်တွင် တဝဲလည်လည် ဖြစ်နေသူများကို လွတ်မြောက်စေရန် အခြေခံ ဖြစ်ကာ ဘုရားသခင်နှင့် ငြိမ်သက်မှု ရရှိစေရန် ထောက်ကူပေးသည်။

၂၃။ ယေရှုသည် အခြားသူများ၏ အနာရောဂါဝေဒနာများကို မည်သည့်နည်းဖြင့် သယ်ပိုးခဲ့သနည်း။

၂၃ ယေရှုသည် အခြားသူများ၏ အနာရောဂါဝေဒနာများကို မည်သို့ သယ်ပိုးခဲ့သနည်း။ မဿဲ ခရစ်ဝင်ကျမ်းက ဟေရှာယ ၅၃:၄ ကို ကိုးကားကာ ဤသို့ ဆို၏– “နတ်ဆိုးစွဲသောသူ အများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူ ရှိသမျှတို့ကို သက်သာစေတော်မူ၏။ ထိုအကြောင်းအရာဟူမူကား ‘သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်’ ဟု ပရောဖက် ဟေရှာယ ဟောဖူးသော စကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။” (မဿဲ ၈:၁၆၊ ၁၇) ကိုယ်တော့်ထံသို့ လာကြသော ရောဂါဝေဒနာ အမျိုးမျိုး ရှိသူတို့ကို ကုသပေးခြင်းအားဖြင့် ယေရှုသည် ထိုသူတို့၏ အနာရောဂါများကို မိမိအပေါ်သို့ တင်ခဲ့သည်။ ထိုကုသမှုများကို ဆောင်ရွက်ရန် ကိုယ်တော်၏ တန်ခိုးခွန်အားကို အသုံးပြုခဲ့ရသည်။ (လုကာ ၈:၄၃-၄၈) ကာယနှင့် ဝိညာဏ ရောဂါအမျိုးမျိုးကို ကုသနိုင်သော ကိုယ်တော်၏ စွမ်းရည်က ကိုယ်တော်သည် လူသားများကို အပြစ်မှ လွတ်ကင်းစေရန် တန်ခိုး ရရှိခဲ့ကြောင်း သက်သေထူခဲ့သည်။—မဿဲ ၉:၂-၈

၂၄။ (က) ယေရှုကို ဘုရားသခင်က “ကပ်ရောဂါ” စွဲစေသည်ဟု လူအများ အဘယ်ကြောင့် ယူဆခဲ့ကြသနည်း။ (ခ) ယေရှုသည် အဘယ်ကြောင့် ဒုက္ခဆင်းရဲခံပြီး သေဆုံးခဲ့သနည်း။

၂၄ သို့တိုင် လူများစွာက ဘုရားသခင်သည် ယေရှုကို “ကပ်ရောဂါ” စွဲစေသည်ဟု ထင်မှတ်ခဲ့ကြသည်။ ကိုယ်တော်သည် ရိုသေလေးစားခံရသော ဘာသာရေး ခေါင်းဆောင်များ၏ လှုံ့ဆော်သွေးထိုးမှုကြောင့် ဒုက္ခခံခဲ့ရသည်။ သို့သော် ကိုယ်တော်သည် ကိုယ်တော့် အပြစ်များကြောင့် ဒုက္ခဝေဒနာ ခံရခြင်း မဟုတ်သည်ကို သတိရပါ။ ပေတရု ဤသို့ ဆို၏– “ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည် ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။ ထိုသခင်သည် ဒုစရိုက်ကို မပြု။ နှုတ်တော်၌လည်း မုသာကို ရှာမတွေ့။ ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ သက်သေ ဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။ ‘ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။’” (၁ ပေတရု ၂:၂၁၊ ၂၂၊ ၂၄) ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများ ဖြစ်ကြသောကြောင့် တစ်ချိန်က “လမ်းလွဲ၍ ပျောက်သော သိုးကဲ့သို့” ဖြစ်ခဲ့ကြ၏။ (၁ ပေတရု ၂:၂၅) သို့ရာတွင် ယေဟောဝါသည် ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့၏ အပြစ်ရှိ အခြေအနေမှ ရွေးနုတ်ရန် စီစဉ်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်များကို ယေရှုအပေါ်သို့ “တင်” ရန်၊ ကိုယ်တော်အပေါ် သက်ရောက်စေရန် ကိုယ်တော် စီစဉ်ပေးခဲ့သည်။ အပြစ်မရှိသော ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအတွက် ပြစ်ဒဏ်ကို လိုလိုလားလား ခံခဲ့သည်။ မခံစားသင့်ဘဲ သစ်တိုင်ပေါ်တွင် အရှက်တကွဲ အသေခံခဲ့ခြင်းဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရန် ဖျန်ဖြေပေးခဲ့သည်။

‘သူသည် ကိုယ်ကို နှိမ့်ချ၏’

၂၅။ မေရှိယသည် ဆင်းရဲဒုက္ခခံပြီး လိုလိုလားလား အသေခံခဲ့ကြောင်း ကျွန်ုပ်တို့ မည်သို့ သိရသနည်း။

၂၅ မေရှိယသည် ဒုက္ခဆင်းရဲ ခံပြီး အသေခံရန် လိုလိုလားလား ရှိခဲ့သလော။ ဟေရှာယ ဤသို့ ဆို၏– “ထိုသူသည် ညှဉ်းဆဲခြင်း ခံရသော်လည်း ကိုယ်ကို နှိမ့်ချ၍ နှုတ်ကို မဖွင့်ဘဲ နေ၏။ သတ်ခြင်းငှာ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍ သိုးမသည် အမွေးညှပ်သောသူတို့ရှေ့မှာ ဆိတ်ဆိတ်နေသကဲ့သို့ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။” (ဟေရှာယ ၅၃:၇၊ သမ္မာ) မိမိအသက်တာ၏ နောက်ဆုံးညတွင် ယေရှုသည် မိမိကို အကူအညီ ပေးရန် “ကောင်းကင်တမန် တစ်ဆယ့်နှစ်တပ်မက” ကို ဆင့်ခေါ်နိုင်တော်မူ၏။ သို့သော် ကိုယ်တော် ဤသို့ မိန့်တော်မူခဲ့၏– “သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာအချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်း။” (မဿဲ ၂၆:၅၃၊ ၅၄) ယင်းအစား “ဘုရားသခင်၏ သိုးသငယ်” သည် ပြန်ခုခံခြင်း မပြုလုပ်ခဲ့ပါ။ (ယောဟန် ၁:၂၉) ယဇ်ပုရောဟိတ် အကြီးများနှင့် လူအကြီးအကဲတို့က ပိလတ်ရှေ့တွင် ယေရှုကို မဟုတ်မမှန် စွပ်စွဲကြသော်လည်း ယေရှုသည် “စကားတစ်ခွန်းကိုမျှ ပြန်ပြောတော်မမူ” ခဲ့ပါ။ (မဿဲ ၂၇:၁၁-၁၄) ကိုယ်တော်သည် ဘုရားသခင့် အလိုတော် ဆောင်ခြင်းကို အနှောင့်အယှက် ဖြစ်နိုင်သည့် ဘာတစ်ခုကိုမျှ မပြောလိုခဲ့ပါ။ မိမိ၏ သေခြင်းသည် နာခံမှု ရှိသော လူသားများကို အပြစ်၊ ဖျားနာခြင်း၊ သေခြင်းတို့မှ ကယ်လွှတ်နိုင်ကြောင်း ယေရှု ကောင်းကောင်း သိထားခြင်းကြောင့် ယဇ်ပူဇော်ခံရမည့် သိုးသငယ်ကဲ့သို့ လိုလိုလားလား အသေခံလိုခဲ့သည်။

၂၆။ ယေရှုကို ဖိနှိပ်ဆန့်ကျင်သူများသည် အဘယ်နည်းဖြင့် “ချုပ်တည်း” ခဲ့ကြသနည်း။

၂၆ ယခု ဟေရှာယက မေရှိယ ဒုက္ခဆင်းရဲ ခံရပုံ၊ နှိမ့်ချခံရပုံတို့ကို ပို၍ အသေးစိတ် ဖော်ပြသည်။ ပရောဖက်က ဤသို့ ရေးသားဖော်ပြ၏– “ [“ချုပ်တည်းခြင်းနှင့်၊” ကဘ] မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြ၏။ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည် ဖြစ်၍ သူ၏ အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ [“သူ၏ အမျိုးအနွယ် အသေးစိတ်အကြောင်းကို မည်သူ ဆင်ခြင်မည်နည်း၊” ကဘ] ငါ၏ လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။” (ဟေရှာယ ၅၃:၈) နောက်ဆုံး ယေရှု၏ ရန်သူများ ကိုယ်တော်ကို ထုတ်သွားကြချိန်တွင် ထိုဘာသာရေး ဖိနှိပ်သူများသည် ကိုယ်တော်ကို သူတို့ ဆက်ဆံရာတွင် “ချုပ်တည်း” ခဲ့ကြသည်။ သူတို့၏ မုန်းတီးမှု သဘောထားကို ချုပ်တည်းခဲ့ခြင်း မဟုတ်ပါ၊ သူတို့သည် တရားမျှတမှု ပြရန် ချုပ်တည်းခဲ့ သို့မဟုတ် ထိန်းထားချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ဟေရှာယ ၅၃:၈ ကို ပြန်ဆိုရာတွင် ဂရိစက်ပ်တွားဂျင့်ကျမ်းက “ချုပ်တည်း” ဟူသည့် စကားလုံးအစား “နှိမ့်ချခြင်း” ဟု ပြန်ဆိုထားသည်။ ယေရှု၏ ရန်သူများသည် သာမန် ရာဇဝတ်သားပင် ခံစားနိုင်သော မျှတသော ပြုမူဆက်ဆံမှုကို ချုပ်တည်းထားခြင်းဖြင့် ကိုယ်တော်ကို နှိမ့်ချခဲ့ကြသည်။ ယေရှု ရင်ဆိုင်ခဲ့ရသော အမှုသည် အရေခြုံ တရားမျှတမှု ဖြစ်ခဲ့သည်။ မည်သို့အားဖြင့်နည်း။

၂၇။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ယေရှု၏ အမှုကို စစ်ဆေးချိန်တွင် အဘယ် စည်းမျဉ်းများကို လျစ်လျူရှုခဲ့ကြပြီး အဘယ်နည်းဖြင့် ဘုရားသခင့် ပညတ်ကို ချိုးဖောက်ခဲ့ကြသနည်း။

၂၇ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ယေရှုကို သတ်ဖို့ ဆုံးဖြတ်ရာတွင် သူတို့ကိုယ်နှိုက်၏ ကိုယ်ပိုင်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြသည်။ ထုံးတမ်းစဉ်လာအရ ဆဲန်ဟီဒရင်သည် သေပြစ်ခံထိုက်သောအမှုကို ယဇ်ပုရောဟိတ်မင်းကြီး၏ အိမ်တွင် မဟုတ်ဘဲ ဗိမာန်တော်ဝင်းအတွင်းရှိ ဆစ်ထားသော ကျောက်ခန်းမကြီးတွင်သာ စီရင်နိုင်သည်။ ထိုကဲ့သို့သောအမှုကို နေဝင်ပြီးနောက်တွင် မဟုတ်ဘဲ နေ့အချိန်တွင်သာ စစ်ဆေးရမည် ဖြစ်သည်။ ထို့ပြင် သေပြစ်ခံထိုက်သောအမှုတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက်သည် အမှုကြားနာပြီး နောက်နေ့၌သာ ကြေညာရမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အမှုကိုမျှ ဥပုသ်အကြိုနေ့ သို့မဟုတ် ပွဲနေ့မတိုင်မီ တစ်ရက်တွင် မစစ်ဆေးနိုင်ပါ။ ယေရှု၏ အမှုကိစ္စတွင် ထိုစည်းမျဉ်းအားလုံးကို လျစ်လျူရှုခဲ့ကြသည်။ (မဿဲ ၂၆:၅၇-၆၈) ပို၍ ဆိုးသည်မှာ ဘာသာရေး ခေါင်းဆောင်များသည် အမှု ကိုင်တွယ်ရာတွင် ဘုရားသခင့် ပညတ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြသည်။ ဥပမာ၊ သူတို့သည် ယေရှုကို ဖမ်းဆီးရန်အတွက် လာဘ်ထိုးခဲ့ကြသည်။ (တရားဟောရာ ၁၆:၁၉; လုကာ ၂၂:၂-၆) သူတို့သည် မမှန်သော သက်သေများ၏ စကားကို နားထောင်ခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၀:၁၆; မာကု ၁၄:၅၅၊ ၅၆) ထို့ပြင် သူတို့သည် လူသတ်သမားကို လွှတ်ပေးရန် ပူးပေါင်းကြံစည်ခဲ့ကြသည်၊ သို့ဖြင့် သူတို့သည် မိမိတို့အပေါ်နှင့် မိမိတို့၏ တိုင်းပြည်အပေါ် သွေးပြစ်သင့်စေခဲ့ကြသည်။ (တောလည်ရာ ၃၅:၃၁-၃၄; တရားဟောရာ ၁၉:၁၁-၁၃; လုကာ ၂၃:၁၆-၂၅) ထို့ကြောင့် “တရားစွာ စီရင်ခြင်း” မရှိခဲ့ပါ၊ မှန်ကန်ပြီး မျက်နှာမလိုက်သော ဆုံးဖြတ်ချက်ဖြင့် သမာသမတ် ရှိသော အမှုစစ်ဆေးမှု မဟုတ်ခဲ့ပါ။

၂၈။ ယေရှု၏ ရန်သူများသည် အဘယ်အရာကို ဆင်ခြင်သုံးသပ်ခြင်း မရှိခဲ့သနည်း။

၂၈ ယေရှု၏ ရန်သူများသည် မိမိတို့ရှေ့တွင် အမှုစစ်ဆေးခံနေရသူသည် အမှန်တကယ် မည်သူ ဖြစ်ကြောင်း သိရှိရန် စစ်ဆေးခဲ့ကြသလော။ ဟေရှာယသည် အလားတူ မေးခွန်းကို ဤသို့ မေးသည်– “သူ၏ အမျိုးအနွယ် အသေးစိတ်အကြောင်းကို မည်သူ ဆင်ခြင်မည်နည်း။” “အမျိုးအနွယ်” ဟူသော စကားလုံးသည် တစ်ဦးတစ်ယောက်၏ မျိုးရိုး သို့မဟုတ် နောက်ခံကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ယေရှုသည် ဆဲန်ဟီဒရင်ရှေ့ အမှုဆိုင်နေရချိန်တွင် ယင်းအဖွဲ့ဝင်များသည် ယေရှု၏ နောက်ခံ—ကတိထားရာ မေရှိယနှင့်ပတ်သက်သော တောင်းဆိုချက်များကို ပြည့်မီမမီ—ထည့်သုံးသပ်ခဲ့ခြင်း မရှိခဲ့ပါ။ ယင်းအစား ဘုရားသခင်ကို စော်ကားသူအဖြစ် စွပ်စွဲခဲ့ကြပြီး အသေခံထိုက်သောသူ ဖြစ်သည်ဟု စီရင်ခဲ့ကြသည်။ (မာကု ၁၄:၆၄) နောက်ဆုံးတွင် ရောမဘုရင်ခံ ပုန္တိပိလတ်သည် ဖိအားပေးမှုများကို အလျော့ပေးခဲ့ပြီး ယေရှုကို သစ်တိုင်၌ ရိုက်ထားရန် စီရင်ချက် ချခဲ့သည်။ (လုကာ ၂၃:၁၃-၂၅) သို့ဖြင့် သက်တော် ၃၃ နှစ်ခွဲသာ ရှိသေးသော ယေရှုသည် “သုတ်သင်ပယ်ရှင်း” ခံခဲ့ရသည်၊ သို့မဟုတ် ကိုယ်တော်၏ အသက်တာ အလယ်အလတ်ပိုင်းတွင် အသတ်ခံခဲ့ရသည်။

၂၉။ ယေရှု၏ သင်္ဂြိုဟ်ခြင်းသည် မည်သို့ “လူဆိုး၊” “သူဌေး” တို့နှင့် အတူ ဖြစ်ခဲ့သနည်း။

၂၉ မေရှိယ၏ သေခြင်း၊ သင်္ဂြိုဟ်ခြင်းတို့နှင့်ပတ်သက်၍ ဟေရှာယ ဤသို့ ဆက်ရေးသားဖော်ပြ၏– “ပြစ်မှားခြင်းကို မပြု။ သူ၏ နှုတ်၌ မုသာမရှိသော်လည်း လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။” (ဟေရှာယ ၅၃:၉) ယေရှု၏ သေခြင်းနှင့် သင်္ဂြိုဟ်ခြင်းတို့တွင် ကိုယ်တော်သည် လူဆိုး၊ သူဌေးတို့နှင့် မည်သို့ ပတ်သက်ခဲ့သနည်း။ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်တွင် ကိုယ်တော်သည် ယေရုရှလင်မြို့ပြင်ရှိ ကွပ်မျက်ရာ နှက်တိုင်ပေါ်တွင် သေဆုံးခဲ့သည်။ ကိုယ်တော်ကို လူဆိုးနှစ်ဦး၏ အလယ်တွင် နှက်တိုင်တင်ခဲ့ကြရာ ကိုယ်တော်ကို သင်္ဂြိုဟ်သည့်နေရာသည် လူဆိုးတို့နှင့်အတူ ဖြစ်သည် ဟူသည့် သဘောသက်ရောက်သည်။ (လုကာ ၂၃:၃၃) သို့ရာတွင် ယေရှု အသက်ထွက်ပြီးနောက် အရိမသဲမြို့မှ သူဌေးတစ်ဦး ဖြစ်သူ ယောသပ်သည် ယေရှု၏ ခန္ဓာကို သစ်တိုင်မှ ချ၍ သင်္ဂြိုဟ်ရန်အတွက် ပိလတ်ထံ ရဲဆေးတင်ကာ ခွင့်တောင်းခဲ့သည်။ ယောသပ်သည် နိကောဒင်နှင့်အတူ ယေရှု၏ ခန္ဓာကို သင်္ဂြိုဟ်ရန် ပြင်ဆင်ပြီးနောက် တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော မိမိအပိုင် သင်္ချိုင်းတွင်းသစ်တွင် နေရာချခဲ့ကြသည်။ (မဿဲ ၂၇:၅၇-၆၀; ယောဟန် ၁၉:၃၈-၄၂) ထို့ကြောင့် ယေရှုကို သင်္ဂြိုဟ်သည့် နေရာသည် သူကြွယ်လွှာနှင့်လည်း ပတ်သက်ခဲ့သည်။

‘ယေဟောဝါသည် သူ့ကို နှိပ်စက်ခြင်းငှာ နှစ်ထောင်းအားရတော်မူ၏’

၃၀။ ယေဟောဝါသည် ယေရှု နှိပ်စက်ခြင်း ခံရသည်ကို အဘယ်သဘောဖြင့် နှစ်ထောင်းအားရတော်မူသနည်း။

၃၀ ဟေရှာယ ဆက်ပြောသော ဤစကားများသည် အံ့အားသင့်ဖွယ် ဖြစ်၏– “ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှာ အလိုတော်ရှိ [“နှစ်ထောင်းအားရ၊” ကဘ] ၍ နာစေတော်မူ၏။ သူသည် ဒုစရိုက်ဖြေရာ ယဇ်အဖြစ် ကိုယ်ကို ပူဇော်သော် အမျိုးအနွယ်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်စေလိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏ လက်ဖြင့် အထမြောက်ရလိမ့်မည်။ ကိုယ်ခံရသော ဒုက္ခဝေဒနာ၏ အကျိုးကို မြင်ရ၍ ရောင့်ရဲလိမ့်မည်။ ငါ၏ ကျွန်ရင်းသည် မိမိအသိပညာအားဖြင့် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏ အပြစ်ကို ကိုယ်တိုင် ထမ်းဆောင်လိမ့်မည်။” (ဟေရှာယ ၅၃:၁၀၊ ၁၁၊ သမ္မာ) ယေဟောဝါသည် ဤသစ္စာရှိကျွန် နှိပ်စက်ခံရခြင်းကို မြင်ရာတွင် မည်သို့ နှစ်ထောင်းအားရနိုင်ခဲ့သနည်း။ ယေဟောဝါသည် မိမိ ချစ်မြတ်နိုးသော သားတော် ဆင်းရဲဒုက္ခ ခံစေရန် ကိုယ်တော်တိုင် ပြုလုပ်ခဲ့ခြင်း မဟုတ်သည်မှာ ရှင်းပါသည်။ ယေရှု၏ ရန်သူများသည် ကိုယ်တော်အပေါ် သူတို့ ပြုလုပ်ခဲ့ရာများအတွက် လုံးလုံး တာဝန်ရှိသည်။ သို့သော် ယေဟောဝါသည် ရက်စက်စွာ ပြုမူကြရန် သူတို့အား ခွင့်ပြုခဲ့သည်။ (ယောဟန် ၁၉:၁၁) အဘယ်အတွက်ကြောင့်နည်း။ စာနာမှု ရှိပြီး သနားကြင်နာတတ်သော ဘုရားသခင်အဖို့ မိမိ၏ အပြစ်မရှိသော သားတော် ဝေဒနာ ခံစားရသည်ကို မြင်တွေ့ရခြင်းသည် အမှန် စိတ်နာကျင်ခဲ့သည်။ (ဟေရှာယ ၆၃:၉; လုကာ ၁:၇၇၊ ၇၈) ယေဟောဝါသည် ယေရှု ခံစားရသည့် မည်သည့်နည်းကိုမျှ မနှစ်သက်ခဲ့ပါ။ သို့တိုင် ယေဟောဝါသည် မိမိ၏ သားတော် တလိုတလား ဒုက္ခခံနေသည်ကို နှစ်ထောင်းအားရတော်မူ၏၊ အကြောင်းမှာ ယင်းကြောင့် ရရှိမည့် ကောင်းချီးများကြောင့် ဖြစ်သည်။

၃၁။ (က) ယေဟောဝါသည် မည်သည့်နည်းဖြင့် ယေရှု၏ ကိုယ်ကို “ဒုစရိုက်ဖြေရာ ယဇ်” အဖြစ် သတ်မှတ်ခဲ့သနည်း။ (ခ) ယေရှုသည် လူသားတစ်ဦးအနေနှင့် ဒုက္ခဝေဒနာအားလုံးကို ကြုံတွေ့ခံစားရပြီးနောက် အဘယ်အရာက ကိုယ်တော်ကို အထူး ကျေနပ်ရောင့်ရဲမှု ဖြစ်စေမည်နည်း။

၃၁ ကောင်းချီးတစ်ခုအနေနှင့် ယေဟောဝါသည် ယေရှု၏ စိုးလ်ကို “ဒုစရိုက်ဖြေရာ ယဇ်” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ယေရှု ကောင်းကင်သို့ ပြန်တက်ကြွသွားသည့်အခါ မိမိ၏ လူသားအသက် ယဇ်ပူဇော်သကာ အကျိုးကျေးဇူးကို ဒုစရိုက်ဖြေရာ ယဇ်အဖြစ် ယူဆောင်ကာ ယေဟောဝါ၏ ရှေ့တော်မှောက်သို့ ဝင်ခဲ့သည်၊ ယေဟောဝါသည် လူသားအားလုံး၏ အကျိုးအတွက် ယင်းကို လက်ခံရန် နှစ်သက်တော်မူခဲ့သည်။ (ဟေဗြဲ ၉:၂၄; ၁၀:၅-၁၄) ကိုယ်တော်၏ ဒုစရိုက်ဖြေရာယဇ်ကြောင့် ယေရှုသည် “အမျိုးအနွယ်” ကို ရရှိခဲ့သည်။ “ထာဝရအဘ” အနေနှင့် ကိုယ်တော်သည် မိမိသွန်းတော်မူသော အသွေးကို ယုံကြည်ကြောင်း တင်ပြသူများအတွက် အသက်—ထာဝရအသက်—ကို ပေးစွမ်းနိုင်တော်မူ၏။ (ဟေရှာယ ၉:၆) ယေရှုသည် လူသားတစ်ဦးအနေနှင့် ဒုက္ခဝေဒနာအားလုံးကို ကြုံတွေ့ခံစားရပြီးနောက် လူသားများကို အပြစ်နှင့် သေခြင်းမှ လွတ်မြောက်ပေးနိုင်မည့် အလားအလာကို ရရှိထားခြင်းက ကိုယ်တော်ကို အလွန် ကျေနပ်ရောင့်ရဲစေမည်။ အမှန်ပင်၊ ကိုယ်တော်၏ သစ္စာသမာဓိသည် မိမိ၏ ကောင်းကင်ခမည်းတော်ကို ကဲ့ရဲ့သော ကိုယ်တော်၏ ရန်သူ၊ စာတန် မာရ်နတ်အား ပြန်ချေပနိုင်ခဲ့သည်ကို သိရခြင်းက ကိုယ်တော်အတွက် ကျေနပ်ရောင့်ရဲမှု ပို၍ပင် ပေးသောအရာ ဖြစ်ရမည်။—သုတ္တံ ၂၇:၁၁

၃၂။ အဘယ် “အသိပညာ” အားဖြင့် ယေရှုသည် လူများကို “ဖြောင့်မတ်ရာ၌ တည်” ရန် လုပ်ဆောင်တော်မူပြီး မည်သူတို့သည် ထိုရပ်တည်မှု ရရှိကြသနည်း။

၃၂ ယေရှု၏ သေခြင်းမှ ရရှိသော နောက်ကောင်းချီးတစ်ခုမှာ ကိုယ်တော်သည် လူများကို ယခုအချိန်၌ပင် “ဖြောင့်မတ်ရာ၌ တည်” စေခြင်း ဖြစ်သည်။ ကိုယ်တော်သည် “မိမိ၏ အသိပညာအားဖြင့်” ထိုသို့ ပြုလုပ်တော်မူသည်ဟု ဟေရှာယ ဆို၏။ ၎င်းအသိပညာမှာ ယေရှုသည် လူသားတစ်ဦး ဖြစ်လာပြီး ဘုရားသခင်ကို နာခံခြင်းကြောင့် မတရားစွာ ဆင်းရဲဒုက္ခ ခံစားရခြင်းမှ ရရှိခဲ့ရာ ဖြစ်ကြောင်း ထင်ရှားသည်။ (ဟေဗြဲ ၄:၁၅) ယေရှုသည် သေသည်အထိ ဆင်းရဲဒုက္ခ ခံခဲ့ခြင်းဖြင့် အခြားသူများ ဖြောင့်မတ်သော ရပ်တည်မှု ရရှိဖို့ ကူညီပေးရန် လိုအပ်သော ပူဇော်သကာကို ပေးနိုင်ခဲ့သည်။ ဤဖြောင့်မတ်သော ရပ်တည်မှုကို မည်သူတို့ ရရှိသနည်း။ ဦးဆုံး ကိုယ်တော်၏ ဘိသိက်ခံ နောက်လိုက်များ ဖြစ်သည်။ သူတို့သည် ယေရှု၏ ပူဇော်သကာကို ယုံကြည်ကြောင်း တင်ပြကြသောကြောင့် သူတို့ကို သားများအဖြစ် မွေးစားရန်နှင့် ယေရှုနှင့်အတူ တွဲဖက်အမွေခံများအဖြစ် ပြုရန် ရည်မျှော်လျက် ယေဟောဝါက သူတို့အား ဖြောင့်မတ်သည်ဟု ကြေညာတော်မူ၏။ (ရောမ ၅:၁၉; ၈:၁၆၊ ၁၇) ယင်းနောက် “အခြားသိုး” အဝင် “လူအုပ်ကြီး” သည် ယေရှု သွန်းလောင်းသော အသွေးကို ယုံကြည်ကြောင်း တင်ပြကြပြီး ဘုရားသခင်၏ မိတ်ဆွေများနှင့် အာမဂေဒုန်ကို ကပ်ကျော်မည့်သူများအဖြစ် ရည်မျှော်ကာ ဖြောင့်မတ်သော ရပ်တည်မှုကို ခံစားကြသည်။—ဗျာဒိတ် ၇:၉; ၁၆:၁၄၊ ၁၆; ယောဟန် ၁၀:၁၆; ယာကုပ် ၂:၂၃၊ ၂၅

၃၃၊ ၃၄။ (က) ကျွန်ုပ်တို့၏ နှလုံးကို နွေးထွေးစေသည့် ယေဟောဝါနှင့်ပတ်သက်သော အဘယ်အကြောင်းကို ကျွန်ုပ်တို့ သင်ယူရရှိသနည်း။ (ခ) မေရှိယကျွန် ရရှိသော “ဝေစုတစ်စု” အဝင် “များစွာ” သောသူတို့မှာ မည်သူတို့နည်း။

၃၃ နောက်ဆုံးတွင် ဟေရှာယသည် မေရှိယ၏ အောင်မြင်မှုများကို ဤသို့ ဖော်ပြ၏– “ထိုသို့ မိမိအသက်ကို သေခြင်းတိုင်အောင် သွန်၍ လွန်ကျူးသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် လူအများတို့၏ အပြစ်ကို ထမ်းဆောင်၍ လွန်ကျူးသောသူတို့အတွက် ကြားဝင် တောင်းပန်သောကြောင့် ကြီးမြတ်သောသူတို့နှင့်အတူ သူ၌ အဖို့ ရှိ၍ [“များစွာထဲမှ ဝေစုတစ်စု ရရန်၊” ကဘ] အစွမ်းသတ္တိ ရှိသောသူတို့နှင့်အတူ လက်ရဥစ္စာကို ကိုယ်တိုင် ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။”—ဟေရှာယ ၅၃:၁၂၊ သမ္မာ။

၃၄ ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းပါ နိဂုံးချုပ် စကားများသည် ယေဟောဝါနှင့်ပတ်သက်သော နှလုံးနွေးထွေးစေသည့် အကြောင်းကို သင်ပေးသည်– ကိုယ်တော်သည် မိမိအပေါ် သစ္စာစောင့်သိသူများကို တန်ဖိုးထားတော်မူ၏။ ကိုယ်တော်သည် မေရှိယကျွန်အား “များစွာထဲမှ ဝေစုတစ်စု” ရရန် “အခွင့်” ပေးမည်ဟူသော ကတိတော်က ယင်းကို ဖော်ပြသည်။ ထိုစကားများသည် စစ်ပွဲမှ ရသော လက်ရဥစ္စာများကို ခွဲဝေခြင်း ထုံးစံမှ ဆင်းသက်လာခြင်း ဖြစ်ပုံရသည်။ ယေဟောဝါသည် နောဧ၊ အာဗြဟံ၊ ယောဘတို့အပါအဝင် ရှေးခေတ် သစ္စာရှိသူ “များစွာ” ၏ သစ္စာစောင့်သိမှုကို တန်ဖိုးထားလေးမြတ်တော်မူပြီး လာမည့် ကမ္ဘာသစ်တွင် သူတို့ကို ကိုယ်တော် “ဝေစုတစ်စု” ပေးရန် သီးသန့်ဖယ်ထားခဲ့သည်။ (ဟေဗြဲ ၁၁:၁၃-၁၆) ထိုနည်းတူ ကိုယ်တော်သည် မိမိ၏ မေရှိယကျွန်ကို ဝေစုတစ်စု ပေးတော်မူမည်။ အမှန်ပင်၊ ကိုယ်တော်၏ သမာဓိကို ဆုမချဘဲ ယေဟောဝါ ဤအတိုင်းထားမည် မဟုတ်ပါ။ ယေဟောဝါ၏ ‘နာမတော်အတွက် ကျွန်ုပ်တို့၏ လုပ်ဆောင်သော အလုပ်နှင့် တင်ပြသော မေတ္တာကို ကိုယ်တော် မေ့လျော့’ မည် မဟုတ်ကြောင်း ကျွန်ုပ်တို့လည်း ယုံကြည်စိတ်ချနိုင်သည်။—ဟေဗြဲ ၆:၁၀

၃၅။ ယေရှုနှင့်အတူ လက်ရဥစ္စာ ဝေမျှယူကြသည့် “ကြီးမြတ်သောသူတို့” မှာ မည်သူတို့နည်း၊ လက်ရဥစ္စာများမှာ အဘယ်နည်း။

၃၅ ဘုရားသခင်၏ ကျွန်သည် ရန်သူများအပေါ် အောင်နိုင်ခြင်းဖြင့် လက်ရဥစ္စာများကိုလည်း ရရှိမည် ဖြစ်သည်။ သူသည် ထိုလက်ရဥစ္စာများကို “ကြီးမြတ်သောသူတို့” နှင့်အတူ ခွဲဝေယူမည်။ ပြည့်စုံချက်တွင် “ကြီးမြတ်သောသူတို့” မှာ မည်သူတို့နည်း။ သူတို့မှာ ကိုယ်တော်ကဲ့သို့ လောကကို အောင်ကြသော ယေရှု၏ ဦးဆုံး တပည့်တော်များ—“ဘုရားသခင်၏ ဣသရေလအမျိုး” ၏ နိုင်ငံသား ၁၄၄,၀၀၀ ဖြစ်သည်။ (ဂလာတိ ၆:၁၆; ယောဟန် ၁၆:၃၃; ဗျာဒိတ် ၃:၂၁; ၁၄:၁) သို့ဖြစ်လျှင် လက်ရဥစ္စာများကား အဘယ်အရာနည်း။ စာတန်၏ ထိန်းချုပ်မှုအောက်မှ ယေရှု ဆွဲထုတ်ကာ အသင်းတော်ထံ ပေးအပ်လိုက်သည့် “လူ့အသွင် ဆုလာဘ်များ” ပါဝင်ကြောင်း ထင်ရှားသည်။ (ဧဖက် ၄:၈-၁၂ကဘ) “ကြီးမြတ်သောသူတို့” ဖြစ်သည့် ၁၄၄,၀၀၀ သည် အခြားလက်ရဥစ္စာ ဝေစုတစ်ခု ပေးအပ်ခံရသည်။ သူတို့၏ လောကကို အောင်မြင်ခြင်းအားဖြင့် ဘုရားသခင်အား ကဲ့ရဲ့မှုကို ဖြစ်စေသည့် မည်သည့်အကြောင်းရင်းမဆိုကို ဆိုင်ပြိုင်တွန်းလှန်ကြသည်။ ယေဟောဝါအပေါ် သူတို့၏ မဖောက်ပြန်သော ဆည်းကပ်ဝတ်ပြုမှုက ကိုယ်တော်ကို ချီးမြှောက်ဂုဏ်တင်ပြီး ကိုယ်တော်၏ စိတ်နှလုံးကို ရွှင်လန်းစေသည်။

၃၆။ ယေရှုသည် ဘုရားသခင်၏ ကျွန်နှင့်ပတ်သက်သော ပရောဖက်ပြုချက်ကို မိမိ ပြည့်စုံခဲ့ကြောင်း သိခဲ့ပါသလော။ ရှင်းပြပါ။

၃၆ ယေရှုသည် ဘုရားသခင်၏ ကျွန်နှင့်ပတ်သက်သော ပရောဖက်ပြုချက်ကို မိမိ ပြည့်စုံစေခဲ့ကြောင်း သတိပြုမိခဲ့သည်။ ကိုယ်တော် အဖမ်းခံရသည့် ညတွင် ဟေရှာယ ၅၃:၁၂ တွင် မှတ်တမ်းတင်ထားသော စကားများကို ကိုယ်တော် ကိုးကားခဲ့ပြီး ယင်းကို မိမိနှင့် ဆက်စပ်ဖော်ပြခဲ့သည်– “‘ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏’ ဟူသော ကျမ်းစာချက်သည် ငါ့၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီ။” (လုကာ ၂၂:၃၆၊ ၃၇) ဝမ်းနည်းစရာမှာ ယေရှုသည် မတရားသူတစ်ဦးအဖြစ် ဆက်ဆံခံခဲ့ရသည်။ ကိုယ်တော်ကို ပညတ်ချိုးဖောက်သူအဖြစ် စီရင်ခဲ့ကြပြီး ဓားပြနှစ်ဦးအကြား သစ်တိုင်၌ ရိုက်ထားကြသည်။ (မာကု ၁၅:၂၇) သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ကြားဝင်ဖျန်ဖြေသူ ဖြစ်သည်ကို ကောင်းစွာ သိထားခြင်းကြောင့် ဤအရှက်တကွဲ ဖြစ်ခြင်းကို လိုလိုလားလား ခံခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများ၊ သေခြင်းအပြစ်ဒဏ်ကြောင့် ဘေးတွေ့နေသူများအကျိုးအတွက် ရပ်တည်ခဲ့ပြီး မိမိကိုယ်ကို ဘေးတွေ့ခံခဲ့သည်။

၃၇။ (က) ယေရှု၏ ဘဝအသက်တာ၊ သေခြင်းတို့နှင့်ပတ်သက်သော သမိုင်းမှတ်တမ်းက ကျွန်ုပ်တို့အား အဘယ် ခွဲခြားသိမြင်မှုကို ပြုလုပ်စေသနည်း။ (ခ) ကျွန်ုပ်တို့သည် ယေဟောဝါ ဘုရားသခင်နှင့် ကိုယ်တော်၏ ချီးမြှောက်ခံရသော ကျွန်၊ ယေရှုခရစ်ကို အဘယ်ကြောင့် ကျေးဇူးတင်သင့်သနည်း။

၃၇ ယေရှု၏ ဘဝအသက်တာ၊ သေခြင်းတို့နှင့်ပတ်သက်သော သမိုင်းမှတ်တမ်းက ယေရှုခရစ်သည် ဟေရှာယ ပရောဖက်ပြုချက်ထဲမှ မေရှိယကျွန် ဖြစ်ကြောင်း မမှားနိုင်အောင် ကျွန်ုပ်တို့အား ခွဲခြားသိမြင်စေသည်။ ကျွန်ုပ်တို့ကို အပြစ်နှင့် သေခြင်းမှ ရွေးနုတ်နိုင်ရန်အလို့ငှာ ဆင်းရဲဒုက္ခခံခြင်းနှင့် သေခြင်းစသည့် ကျွန်နှင့်ပတ်သက်သော ပရောဖက်ပြုချက် အခန်းကဏ္ဍကို မိမိချစ်မြတ်နိုးသော သားတော်၌ ပြည့်စုံစေရန် ယေဟောဝါ လိုလိုလားလား ခွင့်ပြုခဲ့ခြင်းကြောင့် ကိုယ်တော်ကို ကျွန်ုပ်တို့ အမှန်ပင် ကျေးဇူးတင်သင့်ပေသည်! ယင်းသို့အားဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို အလွန် ချစ်ကြောင်း တင်ပြခဲ့သည်။ ရောမ ၅:၈ က ဤသို့ ဆို၏– “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။” သေသည်တိုင်အောင် မိမိ၏ အသက်ကို လိုလိုလားလား သွန်းလောင်းခဲ့သော ချီးမြှောက်ခံရသည့် ကျွန်၊ ယေရှုခရစ်ကိုလည်း ကျွန်ုပ်တို့ မည်မျှ ကျေးဇူးတင်သင့်ပါသည်တကား!

[အောက်ခြေမှတ်ချက်များ]

a ဟေရှာယ ၅၂:၁၃ ကို ဘာသာပြန်ကြရာတွင် ဂျော်နသန် ဘင် ဩဇီရယ်၏ တာဂွမ်ကျမ်းကို (စီ.အီး. ပထမရာစု) ဂျေ. အက်ဖ်. စတန်းနင်းက ဤသို့ ပြန်ဆို၏– “ကြည့်ရှုလော့၊ ငါ့ကျွန်၊ ဘိသိက်ပေးခြင်း ခံရသူ (သို့မဟုတ် မေရှိယ) သည် အောင်မြင်လိမ့်မည်။” အလားတူပင် ဗာဗုလုန် တာလ်မွဒ်ကျမ်း (စီ.အီး. တတိယရာစုခန့်) ၌ ဤသို့ ဆိုထား၏– “မေရှိယ—ကိုယ်တော်၏ အမည်ကား မည်သူနည်း။ . . . ရဗ္ဗိ၏ အိမ်တွင် ရှိ [သူများ] က [လူနာ ဖြစ်သည်ဟု ဆို၏] ‘ငါတို့ အနာရောဂါဝေဒနာများကို ယူဆောင်သွားလေပြီ’ ဟု ဆိုထားသောကြောင့် ပင်။”—ဆဲန်ဟီဒရင် ၉၈ခ; ဟေရှာယ ၅၃:၄

b ပရောဖက် မိက္ခာက ဗက်လင်မြို့ကို “အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ (မိက္ခာ ၅:၂) သို့သော် ဗက်လင်မြို့ငယ်လေးသည် မေရှိယ မွေးဖွားခြင်းကြောင့် ထူးခြားသော ဂုဏ်တင်မှု ရရှိခဲ့သောမြို့ ဖြစ်သည်။

c “ကပ်ရောဂါ” ဟူ၍ ပြန်ဆိုသော ဟေဗြဲ စကားလုံးကို နူနာစွဲခြင်းနှင့်ပတ်သက်၍လည်း အသုံးပြုခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၅:၅) အချို့သော ကျမ်းပညာရှင်များ၏ အဆိုအရ ဂျူးအချို့သည် မေရှိယကို နူနာရောဂါသည်တစ်ဦး ဖြစ်မည် ဟူ၍ ဟေရှာယ ၅၃:၄ မှ ယူဆဖော်ပြခဲ့ကြသည်။ ဗာဗုလုန် တာလ်မွဒ်ကျမ်းတွင် ယင်းအခန်းငယ်ကို မေရှိယနှင့် ဆက်စပ်ဖော်ပြကာ ကိုယ်တော်ကို “အနူရောဂါသည် ကျမ်းတတ်” ဟု ခေါ်ဆိုထားသည်။ ကက်သလစ် ဒူးဝေးဘာသာပြန်ကျမ်းသည် လက်တင်ဗားလ်ဂိတ်ကျမ်းကို မှီငြမ်းကာ ဤအခန်းငယ်ကို ဤသို့ ပြန်ဆို၏– “ထိုသူကို နူနာရောဂါသည်တစ်ဦး ဖြစ်သည်ဟု ငါတို့ ထင်မှတ်ကြပြီ။”

[လေ့လာရန် မေးခွန်းများ]

[စာမျက်နှာ ၉၈ ပါ ဇယား/ ရုပ်ပုံ]

ယေဟောဝါ၏ ကျွန်

ယေရှု ပြည့်စုံစေခဲ့သော အခန်းကဏ္ဍ

ပရောဖက်ပြုချက်

အဖြစ်အပျက်

ပြည့်စုံချက်

ဟေရှာ. ၅၂:၁၃

ချီးမြှောက်ချီးမြှင့်ခံရခြင်း

တ. ၂:၃၄-၃၆; ဖိ. ၂:၈-၁၁; ၁ ပေ. ၃:၂၂

ဟေရှာ. ၅၂:၁၄

အထင်လွဲမှားစေပြီး အသရေဖျက်ခြင်း

မ. ၁၁:၁၉; ၂၇:၃၉-၄၄၊ ၆၃၊ ၆၄; ယော. ၈:၄၈; ၁၀:၂၀

ဟေရှာ. ၅၂:၁၅

အများသောလူမျိုးတို့ ကြောက်ရွံ့ကြ

မ. ၂၄:၃၀; ၂ သက်. ၁:၆-၁၀; ဗျာ. ၁:၇

ဟေရှာ. ၅၃:၁

မယုံကြည်ကြ

ယော. ၁၂:၃၇၊ ၃၈; ရော. ၁၀:၁၁၊ ၁၆၊ ၁၇

ဟေရှာ. ၅၃:၂

လူ့ဘဝအစသည် နိမ့်ကျပြီး ရိုးရိုးကုပ်ကုပ် ဖြစ်

လု. ၂:၇; ယော. ၁:၄၆

ဟေရှာ. ၅၃:၃

မထီမဲ့မြင်ပြုခြင်းနှင့် ငြင်းပယ်ခြင်း ခံရ

မ. ၂၆:၆၇; လု. ၂၃:၁၈-၂၅; ယော. ၁:၁၀၊ ၁၁

ဟေရှာ. ၅၃:၄

ကျွန်ုပ်တို့၏ အနာရောဂါများကို သယ်ပိုးခဲ့

မ. ၈:၁၆၊ ၁၇; လု. ၈:၄၃-၄၈

ဟေရှာ. ၅၃:၅

ထိုးဖောက်ခံရခြင်း

ယော. ၁၉:၃၄

ဟေရှာ. ၅၃:၆

အခြားသူများ၏ အပြစ်များအတွက် ဒုက္ခခံခဲ့

၁ ပေ. ၂:၂၁-၂၅

ဟေရှာ. ၅၃:၇

စွပ်စွဲသူများရှေ့တွင် တိတ်ဆိတ်စွာ နေ၊ ပြန်လည် မချေပ

မ. ၂၇:၁၁-၁၄; မာ. ၁၄:၆၀၊ ၆၁; တ. ၈:၃၂၊ ၃၅

ဟေရှာ. ၅၃:၈

မတရားစွာ အမှုစစ်ဆေး၊ ပြစ်ဒဏ် ချမှတ်

မ. ၂၆:၅၇-၆၈; ၂၇:၁၊ ၂၊ ၁၁-၂၆; ယော. ၁၈:၁၂-၁၄၊ ၁၉-၂၄၊ ၂၈-၄၀

ဟေရှာ. ၅၃:၉

သူဌေးနှင့်အတူ သင်္ဂြိုဟ်ခံရ

မ. ၂၇:၅၇-၆၀; ယော. ၁၉:၃၈-၄၂

ဟေရှာ. ၅၃:၁၀

မိမိအသက်ကို ဒုစရိုက်ဖြေရာယဇ်အဖြစ် သတ်မှတ်ခံရ

ဟေဗြဲ ၉:၂၄; ၁၀:၅-၁၄

ဟေရှာ. ၅၃:၁၁

လူများ ဖြောင့်မတ်သော ရပ်တည်မှု ရရှိစေရန် လမ်းဖွင့်ပေးခဲ့

ရော. ၅:၁၈၊ ၁၉; ၁ ပေ. ၂:၂၄; ဗျာ. ၇:၁၄

ဟေရှာ. ၅၃:၁၂

ပြစ်သားများနှင့်အတူ ရေတွက်ခံရ

မ. ၂၆:၅၅၊ ၅၆; ၂၇:၃၈; လု. ၂၂:၃၆၊ ၃၇