မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သော ဘုရားသခင်သည် လွတ်မြောက်မှုအကြောင်း တင်ကူးဟော

စစ်မှန်သော ဘုရားသခင်သည် လွတ်မြောက်မှုအကြောင်း တင်ကူးဟော

အခန်း ငါး

စစ်မှန်သော ဘုရားသခင်သည် လွတ်မြောက်မှုအကြောင်း တင်ကူးဟော

ဟေရှာယ ၄၄:၁-၂၈

၁၊ ၂။ (က) အဘယ် မေးခွန်းများကို ယေဟောဝါ မေးတော်မူသနည်း။ (ခ) မိမိ တစ်ပါးတည်းသာလျှင် စစ်မှန်သော ဘုရား ဖြစ်ကြောင်း ယေဟောဝါ မည်သို့ သက်သေပြမည်နည်း။

 ‘စစ်မှန်သော ဘုရားသခင်ကား မည်သူနည်း။’ ဤမေးခွန်းကို ရာစုနှစ်များတစ်လျှောက် မေးလာခဲ့ကြသည်။ ထို့ပြင် ထိုမေးခွန်းကို ဟေရှာယကျမ်းတွင် ယေဟောဝါ ကိုယ်တော်တိုင် မေးထားခြင်းမှာ အလွန် အံ့အားသင့်စရာပါတကား! ကိုယ်တော်သည် လူသားများ ဆင်ခြင်သုံးသပ်ရန် ဤသို့ ဖိတ်ခေါ်ထား၏– ‘ယေဟောဝါသည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်လော။ သို့မဟုတ် ကိုယ်တော်၏ ရာထူးကို စိန်ခေါ်နိုင်သည့် အခြားပုဂ္ဂိုလ်တစ်ပါးပါး ရှိသလော။’ ဆွေးနွေးမှုကို ယင်းသို့ အစပြုပြီးနောက် ဘုရားမှန်နှင့်ပတ်သက်သော ကိစ္စကို ဖြေရှင်းရန် ကျိုးကြောင်းညီညွတ်မှု ရှိသည့် စံနှုန်းကို ယေဟောဝါ ချမှတ်တော်မူ၏။ ကျိုးကြောင်းညီညွတ်မှု ရှိသော တင်ဆက်ဖော်ပြမှုက နှလုံးရိုးဖြောင့်သူများအား ကောက်ချက်တစ်ခုကို မဖြစ်မနေ ချစေသည်။

ဟေရှာယခေတ်တွင် ရုပ်တုဆင်းတုများကို နေရာအနှံ့ ကိုးကွယ်ကြသည်။ ဟေရှာယ ပရောဖက်ပြုချက်ကျမ်း၏ အခန်းကြီး ၄၄ တွင် မှတ်တမ်းတင်ထားသည့် ပွင့်လင်း၊ ရှင်းလင်းသော ဆွေးနွေးချက်က ရုပ်တုကိုးကွယ်ခြင်း၏ အချည်းနှီးဖြစ်ပုံကို ဖော်ပြထားသည်! သို့တိုင် ဘုရားသခင်၏ လူမျိုးတော် ကိုယ်နှိုက်သည် ရုပ်တုကိုးကွယ်မှု ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ကြသည်။ ထိုအကြောင်းကြောင့် ဟေရှာယ၏ ရှေ့အခန်းကြီးတွင် တွေ့ခဲ့ရသည့်အတိုင်း ဣသရေလလူမျိုးသည် ပြင်းထန်သော ဆုံးမဒဏ်ပေးမှုကို ခံရဖို့ ဖြစ်သည်။ သို့သော် ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ဗာဗုလုန်တို့က သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားခြင်းကို ခွင့်ပြုမည် ဖြစ်သော်လည်း ကိုယ်တော် သတ်မှတ်ထားချိန်တွင် သူတို့ကို လွတ်မြောက်စေမည်ဟူသော အာမခံချက်ကို မေတ္တာပါစွာ ကမ်းလှမ်းထား၏။ သုံ့ပန်းဘဝမှ လွတ်မြောက်ခြင်းနှင့် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းက ယေဟောဝါ တစ်ပါးတည်းသာ စစ်မှန်သော ဘုရား ဖြစ်ကြောင်း၊ လူမျိုးများ၏ သက်မဲ့ဘုရားများ ကိုးကွယ်သူအားလုံး အရှက်ရမည် ဖြစ်ကြောင်းတို့ကို သံသယ လုံးဝ ကင်းရှင်းသွားစေမည်။

၃။ ဟေရှာယ၏ ပရောဖက်ပြုချက်စကားများသည် ယနေ့ ခရစ်ယာန်များကို မည်သို့ အထောက်အကူပြုသနည်း။

ဟေရှာယကျမ်း၏ ဤအပိုင်းပါ ပရောဖက်ပြုချက်များနှင့် ရှေးခေတ်တွင် ၎င်း၏ ပြည့်စုံချက်များသည် ယနေ့ ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို သန်မာလာစေသည်။ ထို့ပြင် ဟေရှာယ၏ ပရောဖက်ပြုချက် စကားများသည် ယနေ့ ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံလျက် ရှိပြီး အနာဂတ်၌ပင် ပြည့်စုံစရာ ရှိသည်။ ထိုအဖြစ်အပျက်များတွင် လွတ်မြောက်ပေးသူတစ်ဦးနှင့် ဘုရားသခင့် ရှေးလူမျိုးအတွက် တင်ကူးဟောခဲ့သည်ထက် သာ၍ ကြီးမားသော လွတ်မြောက်မှုတစ်ရပ် ပါဝင်ပတ်သက်နေသည်။

ယေဟောဝါ ပိုင်ဆိုင်သောသူများအတွက် မျှော်လင့်ချက်

၄။ ယေဟောဝါသည် ဣသရေလလူမျိုးကို မည်သို့ အားပေးတော်မူသနည်း။

ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိ၏ ကျေးကျွန် ဖြစ်လာရန် ပတ်ဝန်းကျင်လူမျိုးများမှ သီးခြားခွဲကာ ရွေးချယ်ထားသည်ဟူသည့် သတိပေးနှိုးဆော်ချက်နှင့်အတူ အပြုသဘောပါသော မှတ်ချက်ဖြင့် အခန်းကြီး ၄၄ ကို အစပြုထားသည်။ ပရောဖက်ပြုချက်က ဤသို့ ဆို၏– “ယခုမူကား ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ၊ ဣသရေလ နားထောင်လော့။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဖွားစကပင် သင့်ကို ပြုပြင်၍ နောင်၌လည်း မစလတ္တံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။’” (ဟေရှာယ ၄၄:၁၊ ၂) ဣသရေလသည် လူမျိုးတစ်မျိုးအဖြစ် အီဂျစ်ပြည်မှ ထွက်လာကတည်းက မိခင်ရင်ခွင်ထဲတွင် စောင့်ရှောက်ပေးလာသည့်အလား ယေဟောဝါ သူတို့ကို ကြည့်ရှုစောင့်ရှောက်လာခဲ့သည်။ ကိုယ်တော်သည် မိမိလူမျိုးတော်ကို ပေါင်းစု၍ “ဖြောင့်မှန်သောသူ” ဟု အဓိပ္ပာယ်ရပြီး တွယ်တာမှုနှင့် ကြင်နာထောက်ထားမှု ပေါ်လွင်သော “ယေရှုရုန်” ဟူသော အမည်ဖြင့် သမုတ်တော်မူ၏။ ထိုအမည်က ဣသရေလလူမျိုးသည် မိမိတို့ မကြာခဏ ပျက်ကွက်လာခဲ့သော ဖြောင့်မတ်ခြင်းတွင် ဆက်တည်နေရမည်ကိုလည်း သတိရစေသည်။

၅၊ ၆။ ယေဟောဝါသည် ဣသရေလလူမျိုးအတွက် အဘယ် လန်းဆန်းဖွယ် ပြင်ဆင်ပေးမှုများ ပေးသနည်း၊ အဘယ်ရလဒ် ရသနည်း။

ယေဟောဝါ ဆက်၍ မိန့်တော်မူသော စကားများသည် အလွန် နှစ်လိုဖွယ်ကောင်းပြီး လန်းဆန်းမှု ပေးသည်! ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ရေငတ်သော ပြည်အပေါ်မှာ ရေကိုလည်းကောင်း၊ သွေ့ခြောက်သော မြေအပေါ်မှာ စီးရာ ချောင်းရေကိုလည်းကောင်း ငါသွန်းလောင်းမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကိုလည်းကောင်း၊ သင်၏ အနွယ်အပေါ်မှာ ငါ့ကောင်းချီးမင်္ဂလာကိုလည်းကောင်း သွန်းလောင်းမည်။ သူတို့သည်လည်း ရေထဲတွင် မြက်ပင်ကဲ့သို့လည်းကောင်း၊ ရေမြောင်းအနားမှာ မိုးမခပင်ကဲ့သို့လည်းကောင်း ပေါက်ကြလိမ့်မည်။” (ဟေရှာယ ၄၄:၃၊ ၄၊ သမ္မာ) ပူပြင်းခြောက်သွေ့သော နိုင်ငံ၌ပင် သစ်တောတစ်ခွင်သည် ရေအားဖြင့် ရှင်သန်ပွားများနိုင်ကြသည်။ ယေဟောဝါသည် မိမိ၏ အသက်ပေးရေ ဖြစ်သော သမ္မာတရားရေကို ပေးပြီး သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းပေးသည့်အခါ ဣသရေလလူမျိုးသည် ခွန်အားအပြည့်နှင့် ရှင်သန်ပွားများကြမည် ဖြစ်ပြီး ရေမြောင်းဘေးတစ်လျှောက် ပေါက်သော အပင်များကဲ့သို့ ဖြစ်မည်။ (ဆာလံ ၁:၃; ယေရမိ ၁၇:၇၊ ၈) ယေဟောဝါသည် မိမိ၏ လူမျိုးတော်အား ကိုယ်တော်၏ ဘုရားအဖြစ်တော်ကို သက်သေခံသူများအနေနှင့် သူတို့၏ ကဏ္ဍကို သယ်ပိုးထမ်းဆောင်နိုင်စေရန် ခွန်အားပေးတော်မူမည်။

ဤသို့ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်းကြောင့် အချို့သော ဣသရေလလူမျိုးများသည် ယေဟောဝါနှင့် ဆက်ဆံရေးကို ပြန်လည် တန်ဖိုးထားလေးမြတ်လာကြမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဖတ်ရသည်မှာ– “တစ်ယောက်က ‘ငါသည် ထာဝရဘုရား၏ လူ ဖြစ်သည်’ ဟု ဆိုလိမ့်မည်။ တစ်ယောက်သည်လည်း ယာကုပ်အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တစ်ယောက်သည်လည်း ‘ထာဝရဘုရား၏ လူ’ ဟူ၍ မိမိလက်တွင် စာထိုးလျက် ဣသရေလ အမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။” (ဟေရှာယ ၄၄:၅) မှန်ပါသည်၊ ကိုယ်တော်၏ နာမတော် ခံယူထားခြင်းသည် ဂုဏ်ယူစရာ ဖြစ်မည်၊ အကြောင်းမှာ ယေဟောဝါသည်သာ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရား ဖြစ်ကြောင်း တွေ့မြင်ကြရမည်။

ဘုရားများအား စိန်ခေါ်ချက်

၇၊ ၈။ ယေဟောဝါသည် လူမျိုးများ၏ ဘုရားများကို မည်သို့ စိန်ခေါ်သနည်း။

မောရှေပညတ်အောက်တွင် ရွေးနုတ်သူ—အနီးစပ်ဆုံး အမျိုးသား ဆွေမျိုးရင်းချာ—တစ်ဦးသည် လူတစ်ဦးကို အချုပ်အနှောင်မှ လွတ်မြောက်ရန် ရွေးနုတ်နိုင်သည်။ (ဝတ်ပြုရာ ၂၅:၄၇-၅၄; ရုသ ၂:၂၀) ယခု ယေဟောဝါသည် မိမိကိုယ်ကို ဣသရေလလူမျိုး၏ ရွေးနုတ်သောအရှင်—လူမျိုးတော်ကို ဗာဗုလုန်နှင့် ၎င်းဘုရားအားလုံး၏ အဆီးအတားတို့မှ ရွေးနုတ်မည့်အရှင်အဖြစ် ဖော်ပြထားသည်။ (ယေရမိ ၅၀:၃၄) ကိုယ်တော်သည် မှောက်မှားသော ဘုရားများ၊ ၎င်းတို့အား ကိုးကွယ်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ဤသို့ မိန့်တော်မူ၏– “ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် မရှိ။ ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဖို့ ခေါ်၍ ထုတ်ဖော်စီရင်နိုင်မည်နည်း။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတ္တံ့သောအမှုတို့ကို သူတို့အား ဖော်ပြကြစေ။ မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည် မဟုတ်လော။ သင်တို့သည် ငါ၏ သက်သေ ဖြစ်ကြ၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတစ်ပါး အခြားသော မူလအမြစ် မရှိ။ တစ်စုံတစ်ဦးကိုမျှ ငါမသိ။’”—ဟေရှာယ ၄၄:၆-၈

ယေဟောဝါသည် ဘုရားများအား ယင်းတို့၏ ဘုရား မှန်ကြောင်း အထောက်အထားများ တင်သွင်းကြရန် စိန်ခေါ်တော်မူ၏။ သူတို့သည် အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို လက်ရှိဖြစ်ပျက်နေသည့်အလား တိကျမှန်ကန်အောင် အနာဂတ်ကို ကြိုဟောနိုင်သလော။ မှောက်မှားသော ဘုရားများ မရှိမီ တည်ရှိခဲ့ပြီး၊ ထိုဘုရားများကို မေ့ပျောက်သွားသည်မှာ ကြာမြင့်မည် ဖြစ်မည့် အချိန်တွင် ဆက်၍ တည်ရှိနေဦးမည့် ‘အဦးဆုံးနှင့် နောက်ဆုံးသောသူ’ ဖြစ်သည့် တစ်ပါးတည်းသောအရှင်သာ ထိုကဲ့သို့ ဟောနိုင်သည်။ ကိုယ်တော်၏ လူများသည် ကြီးမားသော ကျောက်ဆောင်တစ်ခုကဲ့သို့ မြဲမြံခိုင်ခံ့ပြီး ထာဝစဉ် တည်မြဲသော ယေဟောဝါ၏ ထောက်မမှုကို ရရှိထားသောကြောင့် ထိုအမှန်တရားကို သက်သေခံရန် သူတို့ ကြောက်ရွံ့ဖို့ မလိုပါ။—တရားဟောရာ ၃၂:၄; ၂ ဓမ္မရာဇဝင် ၂၂:၃၁၊ ၃၂

ရုပ်တုကိုးကွယ်ခြင်း၏ အချည်းနှီး ဖြစ်မှု

၉။ ဣသရေလလူမျိုးများသည် သက်ရှိ အရာတစ်ခု၏ ကိုယ်စားပြု တစ်မျိုးမျိုးကို ပြုလုပ်ခြင်းသည် မှားသလော။ ရှင်းပြပါ။

မှောက်မှားသော ဘုရားများကို ယေဟောဝါ စိန်ခေါ်ခြင်းက ပညတ်တော် ဆယ်ပါးထဲမှ ဒုတိယ ပညတ်ကို သတိရစေသည်။ ပညတ်၌ ဤသို့ ရှင်းလင်းစွာ ဖော်ပြထား၏– “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။” (ထွက်မြောက်ရာ ၂၀:၄၊ ၅) ဤတားမြစ်ချက်က ဣသရေလလူမျိုးများသည် အလှဆင်ရာတွင် အရာဝတ္တုများ၏ ပုံများကို မပြုလုပ်ရဟု ဆိုလိုခြင်း မဟုတ်ပါ။ အပင်ပုံများ၊ ခေရုဗိမ်အရုပ်များကို တဲတော်တွင် ထားရှိရန် ယေဟောဝါ ကိုယ်တော်တိုင် ညွှန်ကြားတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၂၅:၁၈၊ ၃၃; ၂၆:၃၁) သို့ရာတွင် ယင်းတို့ကို ကြည်ညိုရန် သို့မဟုတ် ဝတ်ပြုကိုးကွယ်ရန် မဟုတ်ပါ။ ထိုရုပ်ပုံများထံ ဆုတောင်းခြင်း သို့မဟုတ် ပူဇော်ပသခြင်းတို့ကို မည်သူမျှ မပြုလုပ်ရပါ။ ဘုရားသခင့် မှုတ်သွင်းခံ ဤပညတ်က ဝတ်ပြုကိုးကွယ်ရန်အတွက် မည်သည့် ရုပ်တုဆင်းတုမဆို ပြုလုပ်ခြင်းကို တားမြစ်သည်။ ရုပ်တုများကို ဝတ်ပြုခြင်း သို့မဟုတ် ၎င်းတို့ကို ရိုသေလေးမြတ်၍ ဦးချဝတ်ပြုခြင်းသည် ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည်။—၁ ယောဟန် ၅:၂၁

၁၀၊ ၁၁။ ယေဟောဝါသည် ရုပ်တုဆင်းတုများကို ရှက်ဖွယ်အရာအဖြစ် အဘယ်ကြောင့် ရှုမြင်သနည်း။

၁၀ ယခု ဟေရှာယက သက်မဲ့ရုပ်တုများ၏ အသုံးမဝင်မှုနှင့် ၎င်းတို့ကို လုပ်သောသူတို့ ရရှိမည့် ရှက်ဖွယ်ကို ဤသို့ ဖော်ပြ၏– “ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ သူတို့ နှမြောသောအရာတို့ [“သူတို့မြတ်နိုးရာရုပ်ပွားများ၊” သမ္မာ] သည် အကျိုးကို မပေးနိုင်ကြ။ ငါတို့သည် မမြင်တတ်၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ၏။ ဘုရားကို လုပ်သောသူ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း။ ထိုသူ၏ အပေါင်းအဖော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည်။ လုပ်သောသူတို့သည် လူသက်သက် ဖြစ်ကြ၏။ ရှိသမျှတို့သည် စုဝေး၍ ထကြစေ။ တစ်ပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည်။”—ဟေရှာယ ၄၄:၉-၁၁

၁၁ ဘုရားသခင်သည် ရုပ်တုဆင်းတုများကို ထိုမျှ ရှက်ဖွယ်ကောင်းသောအရာအဖြစ် အဘယ်ကြောင့် ရှုမြင်သနည်း။ ဦးဆုံး၊ အနန္တတန်ခိုးရှင်ကို ရုပ်အကောင်အထည်ဖြင့် တိကျမှန်ကန်စွာ ရုပ်လုံးဖော်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ (တမန်တော် ၁၇:၂၉) ထို့ပြင် ဖန်ဆင်းရှင်ကို မဟုတ်ဘဲ ဖန်ဆင်းရာတစ်ခုကို ကိုးကွယ်ခြင်းသည် ယေဟောဝါ၏ ဘုရားအဖြစ်တော်ကို စော်ကားခြင်း ဖြစ်သည်။ ထို့ပြင် ယင်းသည် “ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရသော လူသား၏ ဂုဏ်ထက် အမှန်ပင် နိမ့်သည် မဟုတ်လော။—ကမ္ဘာဦး ၁:၂၇; ရောမ ၁:၂၃၊ ၂၅

၁၂၊ ၁၃။ လူသည် ကိုးကွယ်ခံထိုက်သည့် ရုပ်တုတစ်ခုကို အဘယ်ကြောင့် မထွင်းထုနိုင်သနည်း။

၁၂ ရုပ်ဝတ္ထုတစ်ခုကို ဝတ်ပြုကိုးကွယ်စရာ ဖြစ်လာရန် ထွင်းထုလိုက်ခြင်းကြောင့် ယင်းသည် တစ်နည်းနည်းဖြင့် မြင့်မြတ်သည့်အရာ ဖြစ်နိုင်ပါသလော။ ရုပ်တုတစ်ခု ပြုလုပ်ခြင်းသည် လူ့ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ဟေရှာယက ကျွန်ုပ်တို့အား သတိရစေသည်။ ရုပ်တုပြုလုပ်သူ သုံးသော ပစ္စည်းများနှင့် နည်းပညာသည် အခြားလက်မှုပညာသည်များ အသုံးပြုသော ပစ္စည်းများနှင့် အတူတူပင် ဖြစ်သည်– “ပန်းပဲသမားသည် ပုဆိန်ကို လုပ်ခြင်းငှာ မီးခဲ၌ ဖုတ်၍ လက်ရုံးအားထုတ်လျက် သံတူနှင့် ထုတတ်၏။ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။ လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား၍ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင် အိမ်၌ နေစေခြင်းငှာ ကွန်ပါနှင့် ရေးသား၍ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။”—ဟေရှာယ ၄၄:၁၂၊ ၁၃

၁၃ စစ်မှန်သော ဘုရားသခင်သည် လူအပါအဝင် မြေကြီးပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းတော်မူခဲ့သည်။ အာရုံခံစားနိုင်စွမ်း ရှိသော အသက်သည် ယေဟောဝါ၏ ဘုရားအဖြစ်တော်အတွက် အံ့ဖွယ် သက်သေအထောက်အထားတစ်ခု ဖြစ်သည်၊ သို့သော် ယေဟောဝါ ဖန်ဆင်းထားတော်မူသည့် အရာမှန်သမျှသည် ကိုယ်တော်လောက် မမြတ်သည်မှာ အမှန်ပင်။ လူသည် ကိုယ်တော်ထက် သာနိုင်ပါမည်လော။ လူသည် မိမိထက် ပိုသာသည့်အရာ—မိမိ ဝတ်ပြုကိုးကွယ်ထိုက်လောက်သည့်အထိ ကြီးမြင့်သည့်အရာတစ်ခုကို ဖန်တီးနိုင်ပါမည်လော။ လူတစ်ဦးသည် ရုပ်တုတစ်ခုကို ပြုလုပ်သည့်အခါ သူသည် မောပန်း၊ ဆာလောင်ပြီး ရေငတ်တတ်သည်။ ယင်းတို့သည် လူ့အားနည်းချက်များ ဖြစ်သော်လည်း ယင်းတို့က ယုတ်စွအဆုံး ဤသူသည် သက်ရှိ ဖြစ်ကြောင်း ဖော်ပြသည်။ သူ ပြုလုပ်သော ရုပ်တုသည် ကြည့်လိုက်လျှင် လူတစ်ဦးနှင့် တူပေမည်။ လှပတင့်တယ်မှုပင် ရှိနေပေလိမ့်မည်။ သို့သော် ယင်းသည် သက်မဲ့ ဖြစ်သည်။ ရုပ်တုများသည် မည်သည့်နည်းနှင့်မျှ ဘုရားမှ ဖြစ်လာရာ မဟုတ်ပါ။ ထို့ပြင် ထွင်းထုခံရသော ရုပ်တုတို့၏ မူလရင်းမြစ်သည် လူသားများထံမှ မဟုတ်သည့်အလား ‘ကောင်းကင်မှ ကျလာ’ သည့် ရုပ်တုဟူ၍ မရှိပါ။—တမန်တော် ၁၉:၃၅

၁၄။ ရုပ်တုပြုလုပ်သူများသည် ယေဟောဝါအပေါ် မည်သို့ လုံးလုံးလျားလျား မှီခိုနေရသနည်း။

၁၄ ရုပ်တုပြုလုပ်သူများသည် ယေဟောဝါ ဖန်ဆင်းထားသော သဘာဝ လုပ်ဆောင်နည်း အဆင့်ဆင့်နှင့် ရုပ်ပစ္စည်းများအပေါ် လုံးဝ မှီခိုအားထားနေရကြောင်း ဟေရှာယ ဆက်၍ တင်ပြ၏– “ကိုယ်အဖို့အလိုငှာ အာရဇ်ပင်တို့ကို ခုတ်၍ ကုပရုပင်၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့် တောပင်အမျိုးမျိုးတို့ကို ဆည်းပူးတတ်၏။ အာရဇ်ပင်ကို စိုက်၍ မိုးရေလည်း မွေးတတ်၏။ လူသုံးရန် ထင်း ဖြစ်၏။ လူလည်း ယူ၍ မီးလှုံတတ်၏။ တစ်ဖန် မီးမွေး၍ မုန့်ကို ပေါင်းတတ်၏။ တစ်ဖန် ဘုရားကို လုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုကို ထုလုပ်၍ ရုပ်တုရှေ့မှာ ပျပ်ဝပ်တတ်၏။ ထိုသစ်သားတစ်ပိုင်းနှင့် မီးမွေးတတ်၏။ တစ်ပိုင်းနှင့် အမဲသားကို ချက်၍ စားတတ်၏။ ဖုတ်ကင်ပြီးမှ ဝစွာ စားတတ်၏။ တစ်ဖန် မီးလှုံ၍ ‘အယ်၊ ငါနွေးပြီ။ မီးကို တွေ့ပြီ’ ဟု ဆိုတတ်၏။ ကျန်သောအပိုင်းကိုလည်း ယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ‘ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ ဟူ၍ ဆုတောင်းတတ်၏။”—ဟေရှာယ ၄၄:၁၄-၁၇

၁၅။ ရုပ်တုများကို ပြုလုပ်သူတစ်ဦးသည် အဘယ်အသိဉာဏ် လုံးဝ မရှိကြောင်း ဖော်ပြသနည်း။

၁၅ ထင်းမဆိုက်ရသေးသည့် သစ်သားတစ်စသည် တစ်စုံတစ်ဦးကို ကယ်လွှတ်နိုင်သလော။ လုံးဝ မကယ်လွှတ်နိုင်ပါ။ စစ်မှန်သော ဘုရားသခင်တစ်ပါးတည်းသာ ကယ်လွှတ်ပေးနိုင်သည်။ လူများသည် သက်မဲ့အရာများကို ရုပ်တုအဖြစ် မည်သို့ ကိုးကွယ်နိုင်ပါမည်နည်း။ ဟေရှာယက အဓိက ပြဿနာသည် လူ့နှလုံးတွင် အခြေတည်ကြောင်း ဤသို့ ဖော်ပြ၏– “ထိုသို့သောသူသည် ပညာ မရှိ။ ဉာဏ် မရှိ။ မမြင်နိုင်အောင် မျက်စိကိုလည်းကောင်း၊ နားမလည်နိုင်အောင် စိတ်နှလုံးကိုလည်းကောင်း ပိတ်၏။ ‘ငါသည် တစ်ပိုင်းနှင့် မီးမွေးပြီ။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ။ အမဲသားကိုလည်း ကင်၍ စားလေပြီ။ ကြွင်းသောအပိုင်းကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေရမည်လော။ သစ်သားရှေ့မှာ ငါပျပ်ဝပ်ရမည်လော’ ဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာ အလျှင်း မရှိပါတကား။ သူသည် မီးဖိုပြာကို ကျက်စားတတ်၏။ မိုက်သောစိတ်နှင့် လမ်းလွဲပြီ။ ထို့ကြောင့် ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင်။ ‘မိမိလက်ယာလက်၌ မိစ္ဆာတိတ္ထိ ပါသလော’ ဟု မအောက်မေ့နိုင်ပါတကား။” (ဟေရှာယ ၄၄:၁၈-၂၀) မှန်ပါသည်၊ ရုပ်တုကိုးကွယ်ခြင်းက ဝိညာဉ်ရေးဘက် ကောင်းကျိုးပြုနိုင်သည်ဟု ယူဆခြင်းသည် အာဟာရ ဖြစ်စေသော အစာအစား ပြာမှုန့်ကို စားခြင်းနှင့် တူသည်။

၁၆။ ရုပ်တုကိုးကွယ်ခြင်း၏ မူလအစကား မည်သို့နည်း၊ ယင်းသို့ ဖြစ်ရန် မည်သည့်အရာက ဖန်တီးသနည်း။

၁၆ စာတန် ဖြစ်လာသည့် တန်ခိုးကြီး နာမ်ဝိညာဉ်သည် ယေဟောဝါတစ်ပါးတည်းသာ ရထိုက်သော ဝတ်ပြုကိုးကွယ်မှုကို လောဘတက် မက်မောလာသည့်အချိန်တွင် ကောင်းကင်၌ ရုပ်တုကိုးကွယ်မှု အမှန်ပင် စတင်ခဲ့သည်။ စာတန်၏ အာသာရမ္မက်သည် မည်မျှ ပြင်းပြသနည်းဟူမူ သူ့အား ဘုရားသခင်ထံမှ သွေဖည်စေခဲ့သည်။ တမန်တော် ပေါလုက တပ်မက်ခြင်းကို ရုပ်တုကိုးကွယ်ခြင်းအဖြစ် ဖော်ပြထားသောကြောင့် ၎င်းသည် ရုပ်တုကိုးကွယ်ခြင်း၏ အစ အမှန် ဖြစ်သည်။ (ဟေရှာယ ၁၄:၁၂-၁၄; ယေဇကျေလ ၂၈:၁၃-၁၅၊ ၁၇; ကောလောသဲ ၃:၅ကဘ) စာတန်သည် ပထမလူသားမောင်နှံကို အတ္တအတွေးများ ဝင်လာစေရန် သွေးဆောင်နားချခဲ့သည်။ “သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့” ဟူသော စာတန်၏ ကမ်းလှမ်းချက်ကို ဧဝ တပ်မက်ခဲ့သည်။ ယေရှုက ထိုကဲ့သို့ တပ်မက်ခြင်းသည် နှလုံးထဲမှ အစပြုသည်ဟု မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၅; မာကု ၇:၂၀-၂၃ကဘ) နှလုံးယိုယွင်းလာသည့်အခါတွင် ရုပ်တုကိုးကွယ်မှု ဖြစ်လာနိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏ တော်မှန်သော အခွင့်အရာတွင် အခြားသူတစ်ဦးဦး သို့မဟုတ် တခြားအရာတစ်ခုခုကို အစားထိုးခြင်းမျိုး ဘယ်တော့မျှ မဖြစ်စေရန် ‘ကျွန်ုပ်တို့၏ နှလုံးကို စောင့်ရှောက်’ ဖို့ အလွန် အရေးကြီးသည်။—သုတ္တံ ၄:၂၃; ယာကုပ် ၁:၁၄

ယေဟောဝါသည် နှလုံးသားကို ဖျောင်းဖျ

၁၇။ ဣသရေလလူမျိုးသည် အဘယ်အရာကို နှလုံးသွင်းသင့်သနည်း။

၁၇ ဣသရေလလူမျိုးများသည် အခွင့်ထူးပြီး တာဝန်ရှိ အနေအထားတွင် ရှိကြောင်း ပြန်သတိရစေရန် ယေဟောဝါ ထပ်၍ မေတ္တာရပ်ခံတော်မူ၏။ သူတို့သည် ကိုယ်တော်၏ သက်သေများပေတည်း! ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “အိုယာကုပ်အမျိုး ဤအရာတို့ကို ဆင်ခြင်လော့။ အိုဣသရေလအမျိုး သင်သည် ငါ့ကျွန် ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည် ဖြစ်၍ သင်သည် ငါ့ကျွန် ဖြစ်၏။ အိုဣသရေလအမျိုး သင့်ကို ငါမမေ့မလျော့။ သင်၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။ သင့်ကို ငါရွေးနုတ်ပြီ။ အိုမိုးကောင်းကင်တို့ သီချင်းဆိုကြလော့။ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင်များတို့ ကျူးဧသောအသံကို ပေးကြလော့။ ထာဝရဘုရားသည် ယာကုပ်ကို ရွေးနုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။”—ဟေရှာယ ၄၄:၂၁-၂၃

၁၈။ (က) ဣသရေလလူမျိုးသည် အဘယ်ကြောင့် ရွှင်လန်းဝမ်းမြောက်စရာအကြောင်း ရှိသနည်း။ (ခ) ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် ကရုဏာပြခြင်းဆိုင်ရာ ကိုယ်တော်၏ စံနမူနာကို မည်သို့ တုပနိုင်ကြသနည်း။

၁၈ ဣသရေလလူမျိုးသည် ယေဟောဝါကို မဖန်ဆင်းခဲ့ကြပါ။ ကိုယ်တော်သည် လူ့လက်ဖြစ် ဘုရားတစ်ပါး မဟုတ်ပါ။ ယင်းအစား ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိရွေးချယ်ထားသော ကျေးကျွန် ဖြစ်လာရန် ဖန်တီးခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် လူမျိုးတော်ကို ကယ်လွှတ်ချိန်တွင် မိမိ၏ ဘုရားအဖြစ်တော်ကို တစ်ဖန် သက်သေထူမည်။ သူတို့သည် နောင်တရကြမည်ဆိုလျှင် ကိုယ်တော်သည် သူတို့၏ ဒုစရိုက်များကို မဖောက်ထွင်းနိုင်သော တိမ်ထုနောက်တွင် ဖုံးကွယ်ထားလိုက်ဘိသည့်အလား သူတို့အပြစ်များကို လုံးဝ ဖုံးအုပ်ပစ်လိုက်မည်ကို စိတ်ချစေရန် လူမျိုးတော်ကို နူးညံ့ကြင်နာစွာ မိန့်တော်မူသည်။ ဣသရေလလူမျိုးအတွက် ရွှင်လန်းဝမ်းမြောက်စရာ အကြောင်းရင်းတစ်ရပ်ပါတကား! ယေဟောဝါ၏ စံနမူနာက မျက်မှောက်ခေတ် ကျေးကျွန်များ ကိုယ်တော့် ကရုဏာတော်ကို တုပကြရန် လှုံ့ဆော်ပေးသည်။ သူတို့သည် အမှားပြုသူများအား အကူအညီ ပေးရန် ရှာကြံခြင်းဖြင့် ထိုသို့ ပြုလုပ်နိုင်သည်—ဖြစ်နိုင်မည်ဆိုလျှင် သူတို့အား ဝိညာဉ်ရေးဘက် ပြန်အခြေတည်ရန် ကြိုးစားပေးခြင်းအားဖြင့် ဖြစ်သည်။—ဂလာတိ ၆:၁၊ ၂

ဘုရားအဖြစ်တော် စမ်းသပ်ခြင်း၏ အထွတ်အထိပ်

၁၉၊ ၂၀။ (က) ယေဟောဝါသည် မိမိ၏ အထောက်အထားများကို မည်သည့်နည်းဖြင့် အထွတ်အထိပ်သို့ ရောက်စေသနည်း။ (ခ) ယေဟောဝါသည် မိမိလူမျိုးအတွက် အဘယ် နှလုံးနွေးထွေးဖွယ် အချက်များကို ပရောဖက်ပြုသနည်း၊ ထိုအရာများကို ဖြစ်မြောက်စေမည့် ကိုယ်တော့် ကိုယ်စားလှယ်ကား မည်သူ ဖြစ်မည်နည်း။

၁၉ ယခု ယေဟောဝါသည် ကိုယ်တော်၏ တရားရေး အချေအတင်ကို ပြင်းထန်သော အထွတ်အထိပ်သို့ ရောက်စေတော်မူ၏။ ကိုယ်တော်သည် ဘုရားအဖြစ်တော်ဆိုင်ရာ အပြင်းထန်ဆုံး စမ်းသပ်ချက်—အနာဂတ်ကို တိကျမှန်ကန်စွာ ကြိုဟောနိုင်သော စွမ်းရည်နှင့်ပတ်သက်၍ ကိုယ်တော်တိုင်၏ ဖြေရှင်းချက်ကို တင်ပြတော့မည်။ သမ္မာကျမ်းစာ ပညာရှင်တစ်ဦးက ဟေရှာယ အခန်းကြီး ၄၄ ထဲမှ ကျန်အခန်းငယ် ငါးခန်းကို တစ်ပါးတစ်ဆူတည်း ဖြစ်သော ဖန်ဆင်းရှင်၊ အနာဂတ်နှင့် ဣသရေလလူမျိုး လွတ်မြောက်ခြင်း မျှော်လင့်ချက်ကို ဖွင့်ပြတော်မူသော တစ်ဆူတည်းသောအရှင်၊ “ဣသရေလလူမျိုး၏ ဘုရားသခင့် အထွတ်အထိပ် ဖြစ်မှုဆိုင်ရာ လင်္ကာ” ဟု သမုတ်ခဲ့သည်။ ဤအပိုဒ်တွင် လူမျိုးတော်ကို ဗာဗုလုန်မှ ကယ်လွှတ်မည့်သူ၏ အမည်ကို ကြေညာပေးခြင်းဖြင့် ဇာတ်ရှိန်မြှင့်ပေးလိုက်သည်။

၂၀ “သင့်ကို ရွေးနုတ်တော်မူ၍ ဖွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား ‘မိုးကောင်းကင်ကို ငါတစ်ပါးတည်း ကြက်လျက်၊ မြေကြီးကို အဖော် မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရား ဖြစ်၏။ ငါသည် မိစ္ဆာဆရာတို့၏ ပုဗ္ဗနိမိတ်များကို ပယ်ဖျောက်တတ်၏။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ်၏။ ပညာရှိတို့ကို လှန်၍ သူတို့၏ ပညာကို မိုက်စေတတ်၏။ ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရုရှလင်မြို့ကို “သင်သည် လူနေရာ ဖြစ်လိမ့်မည်” ဟူ၍လည်းကောင်း၊ ယုဒမြို့တို့ကို “သင်တို့သည် တည်ဆောက်လျက် ရှိကြလိမ့်မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်” ဟူ၍လည်းကောင်း ဆို၏။ ပင်လယ်ကိုလည်း “ရေကုန်စေ။ သင်၏ မြစ်အပေါင်းကို ငါခန်းခြောက်စေမည်” ဟူ၍လည်းကောင်း၊ ကုရုမင်းကိုလည်း “သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက် ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော် တိုက်မြစ်ကျစေဟု စီရင်လိမ့်မည်” ဟူ၍လည်းကောင်း ငါဆို၏။’”—ဟေရှာယ ၄၄:၂၄-၂၈

၂၁။ ယေဟောဝါ၏ စကားများက အဘယ်အရာကို အာမခံပေးသနည်း။

၂၁ မှန်ပါသည်၊ ယေဟောဝါတွင် အနာဂတ် အဖြစ်အပျက်များကို ကြိုဟောနိုင်စွမ်းသာမက မိမိ ထုတ်ဖော်သော ရည်ရွယ်ချက်တစ်ရပ်လုံးကို ဖြစ်မြောက်စေနိုင်သည့် တန်ခိုးလည်း ရှိပါသည်။ ဤကြေညာချက်သည် ဣသရေလလူမျိုးအတွက် မျှော်လင့်ချက် ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပေမည်။ ဗာဗုလုန်စစ်တပ်များသည် ပြည်တော်ကို လူဆိတ်ညံစေမည် ဖြစ်သော်လည်း ယေရုရှလင်နှင့် လက်အောက်ခံမြို့များကို တစ်ဖန် ပြန်လည်တည်ဆောက်မည် ဖြစ်ကာ စစ်မှန်သော ဝတ်ပြုရေးကို ထိုနေရာများတွင် ပြန်လည်တည်ထောင်ကြမည်ဟု အာမခံထားသည်။ သို့သော် မည်သို့အားဖြင့်နည်း။

၂၂။ ဥဖရတ်မြစ်သည် မည်ကဲ့သို့ အစွမ်းမဲ့ ဖြစ်သွားပုံကို ရှင်းပြပါ။

၂၂ ဝိညာဉ်တော် မှုတ်သွင်းခြင်း မခံရသော ဗေဒင်ဆရာများသည် သူတို့ မှားကြောင်းကို အချိန်က အဆုံးအဖြတ် ပေးမည်ကို စိုးရိမ်သောကြောင့် မိမိတို့၏ ဟောကိန်းများကို ယတိပြတ် မဟောဝံ့ကြချေ။ ၎င်းနှင့် ဆန့်ကျင်လျက် ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန်အတွက် မိမိလူမျိုးတော်ကို ပြည်တော်သို့ ပြန်စေရန် သုံ့ပန်းဘဝမှ ကယ်လွှတ်ဖို့ ကိုယ်တော် အသုံးပြုမည့်သူ၏ အမည်ကိုပင် ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဖော်ပြတော်မူ၏။ သူ၏ အမည်မှာ ကုရု ဖြစ်ပြီး ပါးရှားပြည်၏ မဟာကုရုအဖြစ် ကျော်ကြားသည်။ ဗာဗုလုန်မြို့၏ ထုထည်ကြီးမားပြီး အသေးစိတ်ကျ စီစဉ်ထားသော ကာကွယ်ရေးစနစ်ကို ထိုးဖောက်ဝင်ရောက်ရာတွင် ကုရု အသုံးပြုမည့် စစ်ဗျူဟာ အသေးစိတ်ကိုလည်း ယေဟောဝါ ဖော်ပြထားသည်။ ဗာဗုလုန်မြို့ကို မြင့်သော မြို့တံတိုင်းများ၊ မြို့တွင်းနှင့် မြို့ပတ်လည်ကို လှည့်ပတ်စီးဆင်းသော ရေကျုံးများက ကာကွယ်ထားမည် ဖြစ်သည်။ ထိုစနစ်၏ အဓိက အချက်အချာ ဖြစ်သော—ဥဖရတ်မြစ်—ကို အခွင့်အရေးယူ အသုံးချမည် ဖြစ်သည်။ ရှေးခေတ်က သမိုင်းဆရာ ဟဲရိုဒိုတပ်စ်နှင့် ဇီနိုဖုန်းတို့၏ အဆိုအရ ကုရုသည် မြစ်အထက်ဘက်မှ နေ၍ ဥဖရတ်မြစ်ရေကို လွှဲလိုက်ပြီး သူ၏ စစ်သားများ ဖြတ်လျှောက်သွားနိုင်သည့်အထိ မြစ်ရေပြင်ကို နိမ့်ကျစေခဲ့သည်။ ဗာဗုလုန်မြို့အား အကာအကွယ် ပေးနိုင်စွမ်းနှင့်စပ်လျဉ်း၍ အင်အားကြီး ဥဖရတ်မြစ်သည် အစွမ်းမဲ့သွားလေပြီ။

၂၃။ ကုရုသည် ဣသရေလလူမျိုးများကို လွှတ်ပေးမည်ဟူသော ပရောဖက်ပြုချက် ပြည့်စုံကြောင်း အဘယ်မှတ်တမ်း ရှိသနည်း။

၂၃ ကုရုသည် ဘုရားသခင့် လူမျိုးတော်ကို လွှတ်ပေးပြီး ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ကြီးကြပ်ပေးမည်ဟူသော ကတိတော်နှင့်ပတ်သက်၍ကော မည်သို့နည်း။ ကုရုကိုယ်တိုင် ထုတ်ပြန်သော အမိန့်တော်တစ်ရပ်ကို ကျမ်းစာထဲ၌ မှတ်တမ်းတင်ထားပြီး ဤသို့ ကြေညာထား၏– “ပေရသိရှင်ဘုရင် ကုရုမင်း မိန့်တော်မူသည်ကား ‘ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည် ဖြစ်၍ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့ သွား၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။’” (ဧဇရ ၁:၂၊ ၃) ဟေရှာယအားဖြင့် မိန့်ဆိုသော ယေဟောဝါ၏ စကားတော်သည် လုံးဝ ပြည့်စုံသွားသည်!

ဟေရှာယ၊ ကုရုနှင့် မျက်မှောက်ခေတ် ခရစ်ယာန်များ

၂၄။ “ယေရုရှလင်မြို့ကို တစ်ဖန် တည်ထောင်ပြုစုစေခြင်းငှာ” အာတဇေရဇ် အမိန့်ထုတ်ပြန်ခြင်းသည် မေရှိယ ကြွလာခြင်းနှင့် အဘယ်သို့ ဆက်စပ်မှု ရှိသနည်း။

၂၄ ဟေရှာယ အခန်းကြီး ၄၄ က ယေဟောဝါသည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်ပြီး ကိုယ်တော်၏ ရှေးလူမျိုးတော်ကို ကယ်လွှတ်သည့်အရှင် ဖြစ်ကြောင်း ချီးမွမ်းထားသည်။ ထို့ပြင် ပရောဖက်ပြုချက်တွင် ယနေ့ ကျွန်ုပ်တို့အားလုံးအတွက် လေးနက်သည့် အဓိပ္ပာယ် ပါရှိသည်။ ယေရုရှလင်မြို့ရှိ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ဘီ.စီ.အီး. ၅၃၈/၅၃၇ တွင် ထုတ်ပြန်ခဲ့သော ကုရု၏ အမိန့်သည် ထူးခြားသော နောက်ပရောဖက်ပြုချက်တစ်ခု ပြည့်စုံခြင်းတွင် အဆုံးသတ်သွားသည့် အဖြစ်အပျက်များကို အစပြု ဖြစ်ပျက်စေသည်။ ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရမည်ဟူ၍ ထုတ်ပြန်ခဲ့သော ကုရု၏ အမိန့်ကို နောက်ဆက်ခံအုပ်ချုပ်သူ အာတဇေရဇ်မင်းက ထပ်မံ ထုတ်ဆင့်ခဲ့သည်။ “ယေရုရှလင်မြို့ကို တစ်ဖန် တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့ [ဘီ.စီ.အီး. ၄၅၅] မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်” တစ်သီတင်းလျှင် ၇ နှစ် ပါသော ၆၉ “သီတင်း” ကြာလိမ့်မည်ဟု ဒံယေလကျမ်းက ဖော်ပြခဲ့သည်။ (ဒံယေလ ၉:၂၄၊ ၂၅) ဤပရောဖက်ပြုချက်လည်း ပြည့်စုံခဲ့သည်။ ကတိထားရာ ပြည်တော်တွင် အာတဇေရဇ်၏ အမိန့်တော် အကျိုးသက်ရောက်ခဲ့ပြီးနောက်မှစ၍ ၄၈၃ နှစ်အကြာ အချိန်အတိအကျ ဖြစ်သော စီ.အီး. ၂၉ တွင် ယေရှု နှစ်ခြင်းခံခဲ့ပြီး ကိုယ်တော်၏ မြေကြီးဓမ္မအမှု စတင်ခဲ့သည်။ a

၂၅။ ကုရု၏ လက်ချက်ဖြင့် ဗာဗုလုန် ပြိုလဲခြင်းသည် မျက်မှောက်ခေတ်အချိန်တွင် အဘယ်အရာကို ညွှန်ပြသနည်း။

၂၅ ဗာဗုလုန် ပြိုလဲခြင်းကြောင့် သစ္စာစောင့်သိသော ဂျူးများ ပြည်နှင်ခံဘဝမှ လွတ်မြောက်ခြင်းသည် ၁၉၁၉ တွင် ဘိသိက်ခံ ခရစ်ယာန်များ ဝိညာဉ်ရေးအရ ပြည်နှင်ခံဘဝမှ လွတ်မြောက်လာခြင်းကို ကြို၍ အရိပ်ပြခဲ့ခြင်း ဖြစ်သည်။ ထိုလွတ်မြောက်ခြင်းသည် ကမ္ဘာ့ မှောက်မှားသော ဘာသာအားလုံးကို စုပေါင်းခေါ်ဆိုသည့် အမည် ဖြစ်သော ပြည့်တန်ဆာမ၊ မဟာဗာဗုလုန်အဖြစ် ဖော်ပြထားသော အခြားဗာဗုလုန်မြို့ ပြိုလဲခဲ့ခြင်း၏ အထောက်အထား ဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင် မှတ်တမ်းတင်ခဲ့သည့်အတိုင်း တမန်တော် ယောဟန်သည် ယင်း၏ ပြိုလဲခြင်းကို ကြိုမြင်ခဲ့သည်။ (ဗျာဒိတ် ၁၄:၈) ယင်း၏ ရုတ်တရက် ပျက်စီးခြင်းကိုလည်း သူ ကြိုမြင်ခဲ့သည်။ ရုပ်တုနှင့် ပြည့်နေသော ကမ္ဘာ့အင်ပါယာ ပျက်စီးခြင်းအကြောင်း ယောဟန် ရုပ်လုံးဖော်ပြချက်သည် ရှေးဗာဗုလုန်မြို့ကို ကုရု အောင်မြင်စွာ အနိုင်ယူခြင်းအကြောင်း ဟေရှာယ ရုပ်လုံးဖော်ချက်နှင့် အတော်ပင် ဆင်တူသည်။ ဗာဗုလုန်မြို့၏ အကာအကွယ် ဖြစ်သော ရေကျုံးများသည် ကုရုလက်မှ မကာကွယ်ပေးနိုင်ခဲ့သကဲ့သို့ မဟာဗာဗုလုန်ကို ထောက်မကာကွယ်ပေးသော လူသားထု ဖြစ်သည့် ‘ရေများ’ သည် သူမ, တရားမျှတစွာ ဖျက်ဆီးမခံရမီအချိန်တွင် “ခန်းခြောက်” သွားမည်။—ဗျာဒိတ် ၁၆:၁၂ b

၂၆။ ဟေရှာယ ပရောဖက်ပြုချက်နှင့် ၎င်း၏ ပြည့်စုံချက်က ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို မည်သို့ ခိုင်ခံ့စေသနည်း။

၂၆ ကျွန်ုပ်တို့၏ အမြင်တွင် ဟေရှာယသည် မိမိ၏ ပရောဖက်ပြုချက်ကို မြွက်ဆိုခဲ့ပြီး ထောင်စု နှစ်ခုခွဲကျော် ဖြစ်သော မျက်မှောက်ခေတ်အချိန်တွင် ဘုရားသခင်သည် ‘ကိုယ်တော့်တမန်တို့ ဟောပြောသည်အတိုင်း’ အမှန်ပင် ပြုတော်မူကြောင်း ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ (ဟေရှာယ ၄၄:၂၆) ထို့ကြောင့် ဟေရှာယ ပရောဖက်ပြုချက် ပြည့်စုံမှုသည် သမ္မာကျမ်းစာတွင် ပါသော ပရောဖက်ပြုချက်အားလုံးကို ယုံကြည်စိတ်ချနိုင်ကြောင်း ထူးခြားထင်ရှားသည့် သာဓကတစ်ရပ် ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ယေဟောဝါသက်သေများ ထုတ်ဝေသော ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာအုပ် အခန်း ၁၁ ကိုရှု။

b ယေဟောဝါသက်သေများ ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ! ဘရိုရှာ၊ အခန်း ၃၅ နှင့် ၃၆ ကိုရှု။

[လေ့လာရန် မေးခွန်းများ]