မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဤလောကမှ အကူအညီ မရ

ဤလောကမှ အကူအညီ မရ

အခန်း နှစ်ဆယ့်လေး

ဤလောကမှ အကူအညီ မရ

ဟေရှာယ ၃၁:၁-၉

၁၊ ၂။ (က) ယေရုရှလင် မြို့သူမြို့သားများ အဘယ်ကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြသနည်း။ (ခ) ယေရုရှလင်မြို့ ဘေးကျပ်နံကျပ် ဖြစ်နေသည့် အခြေအနေကို ထောက်၍ အဘယ်မေးခွန်းများ မေးရန် သင့်လျော်သနည်း။

 ယေရုရှလင် မြို့သူမြို့သားများ ကြောက်ရွံ့ထိတ်လန့်နေကြသည်—ထိုသို့ထိတ်လန့်ရန် အကြောင်းကောင်း ရှိသည်! ထိုအချိန်က အင်အားအကြီးဆုံး ဖြစ်သော အာရှုရိသည် “ယုဒပြည်၌ ခိုင်ခံ့သော မြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံလေ၏။” ယခု အာရှုရိ စစ်အုပ်စုကြီးသည် ယုဒနိုင်ငံ၏ မြို့တော်ကို ခြိမ်းခြောက်နေသည်။ (၄ ဓမ္မရာဇဝင် ၁၈:၁၃၊ ၁၇) ဘုရင်ဟေဇကိနှင့် ယေရုရှလင် မြို့သူမြို့သားများသည် အဘယ်အရာ ပြုလုပ်ကြမည်နည်း။

မိမိတိုင်းပြည်အတွင်းရှိ အခြားမြို့များ ကျသွားပြီ ဖြစ်သောကြောင့် ယေရုရှလင်သည်လည်း အာရှုရိ၏ အင်အားကြီးမားသော စစ်တပ်နှင့် အင်အားချင်း မမျှကြောင်း ဟေဇကိ သိထားသည်။ ထို့ပြင် အာရှုရိသည် ရက်စက်ကြမ်းကြုတ်သည့်နေရာတွင် နာမည်ဆိုးတွင်သူ ဖြစ်သည်။ တစ်ခါတစ်ရံ ရန်ဘက်များက ပြန်တိုက်ခိုက်ခြင်းပင် မပြုဘဲ ထွက်ပြေးဆုတ်ခွာသွားတတ်သည်အထိ ထိုလူမျိုး၏ စစ်တပ်သည် အလွန့်အလွန် ကြောက်ဖွယ်ကောင်းသည်! ယေရုရှလင်မြို့၏ ဘေးရောက်တော့မည့် အခြေအနေကို ထောက်၍ မြို့သူမြို့သားများသည် မည်သည့်နေရာမှ အကူအညီ ရယူနိုင်မည်နည်း။ အာရှုရိစစ်တပ်မှ လွတ်မြောက်နိုင်သည့်နည်း ရှိပါသလော။ ဘုရားသခင့် လူမျိုးတော်သည် ထိုကဲ့သို့သော အခြေအနေမျိုး မည်သို့ ရောက်သွားရသနည်း။ ထိုမေးခွန်းများကို အဖြေရရန် သမိုင်းကြောင်း ပြန်လှန်ကာ အစောပိုင်းနှစ်များ၌ ယေဟောဝါသည် မိမိနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးနှင့် မည်သို့ ဆက်ဆံပုံကို ပြန်ကြည့်ရမည်။

ဣသရေလနိုင်ငံတွင် အယူဖောက်ပြန်ခြင်း

၃၊ ၄။ (က) ဣသရေလ လူမျိုးသည် အဘယ်အချိန်တွင်နှင့် မည်သို့အားဖြင့် နှစ်နိုင်ငံ ကွဲသွားခဲ့သနည်း။ (ခ) ယေရောဗောင်သည် မြောက်ပိုင်းဆယ်နွယ်နိုင်ငံအား အဘယ်အစ မကောင်းမှုကို ပြုခဲ့သနည်း။

ဣသရေလလူမျိုး အီဂျစ်ပြည်မှ ထွက်လာပြီးသည့်အချိန်မှ ဒါဝိဒ်၏သား ရှောလမုန် သေဆုံးချိန်အထိ—နှစ်ပေါင်း ၅၀၀ ကျော် ကာလအတွင်း—ဣသရေလ ၁၂ နွယ်သည် လူမျိုးတစ်မျိုးအနေဖြင့် သွေးစည်းခဲ့ကြသည်။ ရှောလမုန် သေဆုံးပြီးနောက် ယေရောဗောင်သည် ဒါဝိဒ်၏ အမျိုးအနွယ်ကို ပုန်ကန်သော မြောက်ပိုင်းဆယ်နွယ်နိုင်ငံကို ဦးဆောင်ခဲ့ပြီး ထိုအချိန်မှစ၍ လူမျိုးတော်သည် နှစ်နိုင်ငံ ကွဲသွားခဲ့သည်။ ယင်းသို့ ဘီ.စီ.အီး. ၉၉၇ တွင် ဖြစ်ပျက်ခဲ့သည်။

ယေရောဗောင်သည် မြောက်ပိုင်းဣသရေလနိုင်ငံ၏ ပထမဆုံးဘုရင် ဖြစ်ခဲ့ပြီး အာရုန်အမျိုးအနွယ် ယဇ်ပုရောဟိတ်အဖွဲ့နေရာတွင် တရားမဝင်သော ယဇ်ပုရောဟိတ်အဖွဲ့ကို အစားထိုးခြင်း၊ ယေဟောဝါအား ပညတ်တရားနှင့်အညီ ဝတ်ပြုကိုးကွယ်ခြင်းနေရာတွင် ရွှေနွားရုပ် ကိုးကွယ်မှု အစီအစဉ်များကို အစားထိုးခြင်းဖြင့် မိမိ၏ လက်အောက်ခံများကို အယူဖောက်ပြန်သောလမ်းသို့ ဦးဆောင်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၂:၂၅-၃၃) ယင်းသည် ယေဟောဝါအတွက် စက်ဆုပ်ရွံရှာဖွယ်အမှုပင်။ (ယေရမိ ၃၂:၃၀၊ ၃၅) ဤအကြောင်းကြောင့်နှင့် အခြားအရာများကြောင့် ဣသရေလလူမျိုးကို အာရှုရိ တိုက်ခိုက်အနိုင်ယူခွင့် ကိုယ်တော် ပေးခဲ့ခြင်း ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၅:၂၉) ဘုရင်ဟောရှေသည် အီဂျစ်နှင့် ပေါင်းကာ အာရှုရိ၏ တံပိုးကို ချိုးရန် ကြိုးစားခဲ့သော်လည်း အကြံမအောင်ခဲ့ပေ။—၄ ဓမ္မရာဇဝင် ၁၇:၄

ဣသရေလလူမျိုးသည် မှားယွင်းသော ခိုလှုံရာကို အားကိုးကြ

၅။ ဣသရေလလူမျိုးသည် အကူအညီအတွက် မည်သူ့ကို အားကိုးကြသနည်း။

ယေဟောဝါသည် ဣသရေလလူများ အသိတရား ပြန်ဝင်လာစေရန် အလိုရှိတော်မူ၏။ a ထို့ကြောင့် ကိုယ်တော်သည် ပရောဖက် ဟေရှာယကို အောက်ပါသတိပေးချက်နှင့်အတူ စေလွှတ်တော်မူ၏– “စစ်ကူတောင်းအံ့သောငှာ အဲဂုတ္တုပြည်သို့ သွား၍ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကိုလည်းကောင်း၊ အားကြီးသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ခိုလှုံလျက် ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို မမျှော်လင့်၊ ထာဝရဘုရားကို မရှာဘဲ နေသောသူတို့သည် အမင်္ဂလာရှိကြ၏။” (ဟေရှာယ ၃၁:၁) အလွန် ဝမ်းနည်းစရာပါတကား! ဣသရေလလူမျိုးသည် အသက်ရှင်သော ဘုရားသခင် ယေဟောဝါထက် မြင်းများနှင့် စစ်ရထားများကို ပို၍ ယုံစားကြသည်။ ဣသရေလလူမျိုး၏ ဇာတိစိတ်သဘောဖြင့် စဉ်းစားသည့်အခါ အီဂျစ်မြင်းများသည် အလွန်များပြီး ခွန်အားရှိကြသည်။ အာရှုရိ စစ်တပ်ကို တိုက်ခိုက်ရန် အီဂျစ်ပြည်သည် အလွန် အဖိုးတန်သော မဟာမိတ် အမှန်ပင် ဖြစ်မည်! သို့ရာတွင် ဣသရေလလူမျိုးတို့ အီဂျစ်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် အချည်းနှီး ဖြစ်ကြောင်း မကြာမီ တွေ့မြင်ရမည်။

၆။ ဣသရေလလူမျိုး အီဂျစ်ပြည်ကို အားကိုးခြင်းသည် ယေဟောဝါအား အကြီးအကျယ် ယုံကြည်ခြင်း ကင်းမဲ့ကြောင်း အဘယ်ကြောင့် တင်ပြရာရောက်သနည်း။

ပညတ်ပဋိညာဉ်အားဖြင့် ဣသရေလနှင့် ယုဒပြည်သူပြည်သားများသည် ယေဟောဝါနှင့် ဆက်ကပ်အပ်နှံထားသော ဆက်ဆံရေး ရှိသူများ ဖြစ်ကြသည်။ (ထွက်မြောက်ရာ ၂၄:၃-၈; ၁ ရာဇဝင်ချုပ် ၁၆:၁၅-၁၇) ဣသရေလလူမျိုးသည် အီဂျစ်ပြည်ကို အကူအညီ တောင်းခြင်းဖြင့် ယေဟောဝါအား ယုံကြည်မှု ကင်းမဲ့ကြောင်းနှင့် သန့်ရှင်းသော ပဋိညာဉ်ပြု ပညတ်များကို ဥပေက္ခာပြုကြောင်း ဖော်ပြနေသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် ယေဟောဝါအား အကြွင်းမဲ့ ဆည်းကပ်ကိုးကွယ်မည်ဆိုလျှင် ကိုယ်တော်သည် မိမိလူမျိုးကို ကာကွယ်ပေးမည်ဟူသည့် စကားရပ်များ ပညတ်ပဋိညာဉ်တွင် ပါသောကြောင့် ဖြစ်သည်။ (ဝတ်ပြုရာ ၂၆:၃-၈) ထိုကတိတော်နှင့်အညီ ယေဟောဝါသည် “ဘေးရောက်သည်ကာလ၌ သူတို့ ခိုလှုံရာ ဖြစ်” ကြောင်း ထပ်ခါထပ်ခါ သက်သေထူခဲ့ပြီး ဖြစ်သည်။ (ဆာလံ ၃၇:၃၉; ၂ ရာဇဝင်ချုပ် ၁၄:၂၊ ၉-၁၂; ၁၇:၃-၅၊ ၁၀) ထို့ပြင် နောက်ပိုင်း ဣသရေလလူမျိုး၏ ဘုရင်ဖြစ်လာသူများသည် မိမိတို့အတွက် မြင်းများစွာ မထားရဟု ပညတ်ပဋိညာဉ် ဖျန်ဖြေစေ့စပ်ရေးမှူး မောရှေမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူခဲ့ပြီး ဖြစ်သည်။ (တရားဟောရာ ၁၇:၁၆) ဤစည်းမျဉ်းကို နာခံခြင်းက ထိုဘုရင်များသည် “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို” မျှော်ကိုးကြောင်း တင်ပြရာရောက်မည်။ ဝမ်းနည်းစရာမှာ ဣသရေလ အုပ်စိုးရှင်များသည် ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုး မရှိကြပါ။

၇။ ဣသရေလလူမျိုး၏ ယုံကြည်ခြင်း ကင်းမဲ့မှုမှ ယနေ့ခရစ်ယာန်များ အဘယ်အရာ သင်ယူနိုင်သနည်း။

၎င်းမှ ယနေ့ခရစ်ယာန်များအတွက် သင်ခန်းစာယူစရာ တစ်ခု ရှိသည်။ ဣသရေလလူမျိုးသည် ယေဟောဝါ ပြင်ဆင်ပေးသည့် ပိုတန်ခိုးကြီးမားသော ထောက်မမှုထက် အီဂျစ်၏မျက်မြင်ရ ထောက်မမှုကို ကိုးစားခဲ့သည်။ ယနေ့အချိန်တွင်လည်း ခရစ်ယာန်များသည် ယေဟောဝါအား ယုံကြည်ကိုးစားမည့်အစား လုံခြုံရေးဆိုင်ရာ လောကရင်းမြစ်များ ဖြစ်သည့်—ဘဏ်ငွေစာရင်းများ၊ လူမှုရေး အဆင့်အတန်း၊ လောကအဆက်အသွယ်များကို ကိုးစားရန် သွေးဆောင်ခံရနိုင်သည်။ ခရစ်ယာန် အိမ်ထောင်ဦးစီးများသည် မိသားစုအတွက် ရုပ်ပိုင်းအရ ထောက်ပံ့ပေးရန် တာဝန်ကို အလေးထား ဆောင်ရွက်ကြသည်မှာ မှန်ပါသည်။ (၁ တိမောသေ ၅:၈) သို့သော် သူတို့၏ ယုံကြည်ကိုးစားမှုကို ရုပ်ပစ္စည်းများပေါ်တွင် အခြေတည်မထားပါ။ ထို့ပြင် သူတို့သည် “ခပ်သိမ်းသော လောဘလွန်ကြူးခြင်းကို” သတိနှင့် ကြဉ်ရှောင်ကြသည်။ (လုကာ ၁၂:၁၃-၂၁) “ဘေးအန္တရာယ် ရောက်သည်ကာလ၌ ခိုလှုံရာ” မှာ ယေဟောဝါ ဘုရားသခင်သာ ဖြစ်သည်။—ဆာလံ ၉:၉; ၅၄:၇

၈၊ ၉။ (က) ဣသရေလလူမျိုး၏ အကြံသည် မဟာဗျူဟာ မြောက်နိုင်သော်လည်း အဘယ်အကျိုးရလဒ် ထွက်မည်နည်း၊ အဘယ်ကြောင့်နည်း။ (ခ) လူတို့ပြုသော ကတိသည် ယေဟောဝါ၏ ကတိတော်နှင့် မည်သို့ ကွာခြားသနည်း။

အီဂျစ်ပြည်နှင့် ပဋိညာဉ် ဖွဲ့ခဲ့သည့် ဣသရေလ ခေါင်းဆောင်များအား ဟေရှာယက ဤသို့ သရော်ထား၏– “ထိုဘုရားသည် ဉာဏ်တော်ကျယ်၍ သူတို့အပေါ်မှာ ဘေးကို သက်ရောက်စေတော်မူမည်။ စကားတော် မပျက်ဘဲ ဆိုးသောလူမျိုးကို လည်းကောင်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကိုလည်းကောင်း တစ်ဖက်၌ ထတော်မူမည်။” (ဟေရှာယ ၃၁:၂) ဣသရေလ ခေါင်းဆောင်များက မိမိတို့သည် ပညာရှိသည်ဟု ထင်ကြပေမည်။ သို့သော် စကြဝဠာ ဖန်ဆင်းရှင်သည် ပညာအရှိဆုံး ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအရ ကြည့်လျှင် အီဂျစ်ပြည်မှ အကူအညီ ရယူမည့် ဣသရေလလူမျိုး၏ အကြံသည် မဟာဗျူဟာ မြောက်ပေသည်။ သို့သော် ထိုသို့သော နိုင်ငံရေး မဟာမိတ်ဖွဲ့ခြင်းသည် ယေဟောဝါ၏ အမြင်တွင် ဝိညာဏ ဖောက်ပြန်ခြင်း ဖြစ်သည်။ (ယေဇကျေလ ၂၃:၁-၁၀) ရလဒ်အနေနှင့် ယေဟောဝါသည် “ဘေးကို သက်ရောက်စေတော်မူမည်” ဟု ဟေရှာယ ဆို၏။

လူ့ကတိများသည် ယုံကြည်၍ မရကြောင်း လူတိုင်းအသိ ဖြစ်သည့်အပြင် လူ့အကာအကွယ်သည်လည်း မသေချာသောအရာ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ယေဟောဝါသည် ‘မိမိ၏ စကားတော် ဖျက်’ စရာ မလိုပါ။ ကိုယ်တော့် ကတိတော်များသည် မလွဲမသွေ ပြည့်စုံမည်။ ကိုယ်တော်၏ နှုတ်ကပါဌ်စကားသည် အကျိုးမရှိဘဲ ကိုယ်တော့်ထံသို့ ပြန်မည်မဟုတ်။—ဟေရှာယ ၅၅:၁၀၊ ၁၁; ၁၄:၂၄

၁၀။ အီဂျစ်နှင့် ဣသရေလ နှစ်နိုင်ငံစလုံးတွင် အဘယ်အရာ ဖြစ်ပျက်မည်နည်း။

၁၀ အီဂျစ်လူမျိုးသည် ဣသရေလလူမျိုးအတွက် ယုံကြည်စိတ်ချရသော အကွယ်အကာအဖြစ် သက်သေထူမည်လော။ မထူပါ။ ဟေရှာယက ဣသရေလလူမျိုးအား ဤသို့ ဆို၏– “အဲဂုတ္တုပြည်သားတို့သည် ဘုရား မဖြစ်၊ လူသက်သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ် မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူသောအခါ မစတတ်သောသူသည် လဲလိမ့်မည်။ မစအပ်သောသူလည်း ဆုံးလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။” (ဟေရှာယ ၃၁:၃) ယေဟောဝါသည် အာရှုရိအားဖြင့် တရားစီရင်ရန် မိမိ၏ လက်တော်ကို ဆန့်တော်မူသောအခါ ကူညီပေးသူ (အီဂျစ်) နှင့် အကူအညီတောင်းသူ (ဣသရေလ) နှစ်နိုင်ငံစလုံးသည် ပြိုလဲပျက်စီးခြင်းသို့ ရောက်မည်။

ရှမာရိ ကျရှုံးခြင်း

၁၁။ ဣသရေလလူမျိုး ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အဘယ်မှတ်တမ်း ရှိသနည်း၊ အဆုံးသတ်ရလဒ်ကား အဘယ်နည်း။

၁၁ ယေဟောဝါသည် ကရုဏာတော်ဖြင့် ပရောဖက်များကို ဣသရေလလူမျိုးထံသို့ အထပ်ထပ် စေလွှတ်ကာ နောင်တယူပြီး စင်ကြယ်သော ဝတ်ပြုရေးသို့ ပြန်လှည့်လာရန် တိုက်တွန်းစေ၏။ (၄ ဓမ္မရာဇဝင် ၁၇:၁၃) ယင်းသို့ပြုသည့်ကြားမှ ဣသရေလလူမျိုးသည် ရွှေနွားရုပ် ဝတ်ပြုခြင်းအပြစ်အပြင် နတ်ဝိဇ္ဇာအတတ်နှင့် အကျင့်ပျက်သော ဗာလဝတ်ပြုရေးတွင် ပါဝင်ခြင်း၊ အာရှရပင်နှင့် မြင့်သောအရပ်များကို တည်ထားခြင်းဖြင့် ထပ်ဆင့်အပြစ်များကို ကျူးလွန်ကြသည်။ ဣသရေလလူမျိုးသည် မိမိတို့၏ သွေးသား ဖြစ်သော “သားသမီးတို့ကို” နတ်ဆိုးဘုရားများထံ “မီးဖြင့် ပူဇော်” ခြင်းကိုပင် ပြုလုပ်ကြသည်။ (၄ ဓမ္မရာဇဝင် ၁၇:၁၄-၁၇; ဆာလံ ၁၀၆:၃၆-၃၉; အာမုတ် ၂:၈) ဣသရေလလူမျိုး၏ ဆိုးသွမ်းမှုကို အဆုံးတိုင်စေရန် ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ရှမာရိသည် ပျက်ရ၏။ ရှမာရိ ရှင်ဘုရင်သည် ရေမြှုပ်သက်သက် ဖြစ်၏။” (ဟောရှေ ၁၀:၁၊ ၇) ဘီ.စီ.အီး. ၇၄၂ တွင် အာရှုရိတပ်များသည် ဣသရေလနိုင်ငံ၏ မြို့တော်ဖြစ်သော ရှမာရိမြို့ကို တိုက်ခိုက်သည်။ သုံးနှစ် ဝိုင်းရံပိတ်ဆို့ခံရပြီးနောက် ရှမာရိမြို့သည် ဘီ.စီ.အီး. ၇၄၀ တွင် ကျရှုံးကာ ဆယ်နွယ်နိုင်ငံ လက်စတုံးသွားသည်။

၁၂။ ယနေ့အချိန်တွင် ယေဟောဝါသည် အဘယ်အလုပ်တာဝန်ကို ပေးအပ်ထားသနည်း၊ သတိပေးချက်ကို လျစ်လျူရှုသူများ အဘယ်အရာ ကြုံတွေ့ရမည်နည်း။

၁၂ ကျွန်ုပ်တို့ခေတ်တွင် “ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ ရှိသော လူအပေါင်းတို့အား” သတိပေးဖို့အတွက် ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း ဆောင်ရွက်ရန် ယေဟောဝါ တာဝန်ပေးထားသည်။ (တမန်တော် ၁၇:၃၀; မဿဲ ၂၄:၁၄) ဘုရားသခင်၏ ကယ်တင်ခြင်း အစီအစဉ်ကို ငြင်းပယ်သူများသည် “ရေမြှုပ်” ကဲ့သို့ ဖြစ်ကာ အယူဖောက်ပြန်သော ဣသရေလလူမျိုးကဲ့သို့ ဖျက်ဆီးခြင်း ခံရမည်။ အခြားတစ်ဖက်တွင်မူ ယေဟောဝါကို မျှော်လင့်သူများသည် “ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) သို့ဖြစ်သောကြောင့် ရှေးဣသရေလနိုင်ငံ၏ အမှားမျိုး မမှားမိရန် ရှောင်ခြင်းသည် အလွန် ပညာရှိရာရောက်သည်! ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်ကိုးစားကြစို့။

ယေဟောဝါ၏ ကယ်တင်ခြင်း အစွမ်းတန်ခိုး

၁၃၊ ၁၄။ ယေဟောဝါ၌ ဇိအုန်အတွက် အဘယ်နှစ်သိမ့်ဖွယ်စကား ရှိသနည်း။

၁၃ ဣသရေလနိုင်ငံ တောင်ဘက်နယ်နိမိတ်မှ မိုင်အနည်းငယ်အကွာတွင် ယုဒနိုင်ငံ၏ မြို့တော် ဖြစ်သော ယေရုရှလင်မြို့ တည်ရှိသည်။ ယေရုရှလင် မြို့သူမြို့သားတို့သည်လည်း ရှမာရိမြို့တွင် ဖြစ်ပျက်ခဲ့ရာများကို ကောင်းကောင်း ကြားသိခဲ့ကြသည်။ ယခု သူတို့သည်လည်း မိမိတို့၏ မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံကို ပျက်စီးစေခဲ့သည့် ကြောက်မက်ဖွယ် ရန်သူများ၏ ခြိမ်းခြောက်မှုကို ခံနေကြရသည်။ သူတို့သည် ရှမာရိမြို့ ကြုံတွေ့ခဲ့ရာမှ သင်ယူကြမည်လော။

၁၄ ဟေရှာယ၏ နောက်ဆက်တွဲစကားများက ယေရုရှလင်မြို့သားများကို နှစ်သိမ့်မှု ဖြစ်စေသည်။ ယေဟောဝါသည် မိမိနှင့် ပဋိညာဉ် ဖွဲ့ထားသောလူမျိုးကို ချစ်မြတ်နိုးဆဲ ဖြစ်ကြောင်း ဤသို့ ဆိုခြင်းဖြင့် စိတ်ချစေ၏– “ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား ‘ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာအကောင်ပေါ်မှာ နေသောအခါ သိုးထိန်းအလုံးအရင်း၏ ဆီးတားအော်ဟစ်ခြင်းကို မကြောက်၊ သူတို့ ပြုသော အသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မိမိတောင်တော်တည်းဟူသော ဇိအုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။’” (ဟေရှာယ ၃၁:၄) မိမိ၏ သားကောင်ကို ခွနင်းထားသော ခြင်္သေ့သငယ်ကဲ့သို့ ယေဟောဝါသည် မိမိ၏ သန့်ရှင်းသောမြို့တော် ဖြစ်သော ဇိအုန်မြို့ကို ကာကွယ်စောင့်ရှောက်ရန် စိတ်ထက်သန်တော်မူမည်။ အာရှုရိတပ်တို့၏ ကြွားဝါခြိမ်းခြောက်မှု၊ အခြားမည်သည့် ချောက်ချားစေမှုများကမျှ ယေဟောဝါ၏ ရည်ရွယ်ချက်ကို ပြောင်းသွားစေမည် မဟုတ်ပါ။

၁၅။ ယေဟောဝါသည် ယေရုရှလင် မြို့သူမြို့သားများအား သနားကြင်နာ၊ ထောက်ထားစွာ မည်သို့ ဆက်ဆံသနည်း။

၁၅ ယခု ယေဟောဝါသည် ယေရုရှလင်မြို့သားများအား သနားကြင်နာ၊ စာနာထောက်ထားစွာ ဆက်ဆံမည် ဖြစ်ကြောင်း ဤသို့ ဖော်ပြသည်ကို မှတ်သားပါ– “ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ကွယ်ကာတော်မူမည်။ ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်။” (ဟေရှာယ ၃၁:၅) မိခင်ငှက်မကြီးသည် မိမိ၏ သားငယ်များကို ကာကွယ်ရန် အစဉ် နိုးနိုးကြားကြား ရှိနေသည်။ ဖြန့်ထားသော အတောင်များဖြင့် မိမိအသိုက်ထက်ဝယ် ပျံဝဲကာ နိုးနိုးကြားကြား ရှိသော မျက်စိများဖြင့် အန္တရာယ် အရိပ်အယောင်ကို သတိထားကြည့်နေသည်။ ငှက်ရဲတစ်ကောင် အနီးသို့ ချဉ်းကပ်လာပါက သူသည် မိမိ၏ သားငယ်များကို ကာကွယ်ရန် အလျင်အမြန် ထိုးသုတ်သည်။ ထိုနည်းတူပင် ယေဟောဝါသည် ကျူးကျော်တိုက်ခိုက်သော အာရှုရိ၏ ရန်ကြောင့် ယေရုရှလင် မြို့သူမြို့သားများကို သနားကြင်နာစွာ ဂရုစိုက်စောင့်ရှောက်တော်မူမည်။

“အို ဣသရေလအမျိုးသားတို့ ပြန်လာကြလော့”

၁၆။ (က) ယေဟောဝါသည် မိမိလူမျိုးကို အဘယ်သို့ မေတ္တာရပ်ခံထားတော်မူသနည်း။ (ခ) ယုဒလူမျိုး၏ ပုန်ကန်မှုကို အထူးသဖြင့် အဘယ်အချိန်တွင် ပို၍ အထင်အရှား တွေ့ရသနည်း။ ရှင်းပြပါ။

၁၆ ယခု ယေဟောဝါသည် မိမိလူမျိုးတော်၏ အပြစ်ကျူးလွန်ခဲ့မှုကို သတိပေးပြီး မိမိတို့၏ မှားယွင်းသော လမ်းစဉ်ကို စွန့်ပစ်ဖို့ ဤသို့ အားပေးတော်မူ၏– “အိုဣသရေလ အမျိုးသားတို့ သင်တို့သည် အလွန် လွှဲရှောင်ပယ်ထား [“ပုန်ကန်ခဲ့၊” ကဘ] သော ဘုရားထံတော်သို့ ပြန်လာကြလော့။” (ဟေရှာယ ၃၁:၆) ဣသရေလ ဆယ်နွယ်နိုင်ငံတစ်ခုတည်းသာ ပုန်ကန်ခဲ့ကြသည် မဟုတ်ပါ။ “ဣသရေလ အမျိုးသားတို့” လည်း ဖြစ်သော ယုဒလူမျိုးသည်လည်း “အလွန် ပုန်ကန်” ခဲ့ကြသည်။ ဟေရှာယ၏ ပရောဖက်ပြုချက် သတင်းစကားများကို အပြီးသတ်ရေးပြီးနောက် မကြာမီအချိန်၊ ဟေဇကိ၏ သားတော် မနာရှေ ဘုရင်ဖြစ်လာသောအခါ အထူးသဖြင့် ၎င်းအခြေအနေ ဖြစ်ပျက်ကြောင်း ထင်ရှားသည်။ သမ္မာကျမ်းစာမှတ်တမ်းအရ “မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို လမ်းလွဲစေ၏။ . . . ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဆိုးသောအမှုကို ပြုစေ၏။” (၂ ရာဇဝင်ချုပ် ၃၃:၉) ယင်းကို မြင်ယောင်ကြည့်ပါ! စက်ဆုပ်ဖွယ်ကောင်းအောင် ဖောက်ပြန်ခြင်းကြောင့် ရုပ်တုကိုးကွယ်သော လူမျိုးကို ယေဟောဝါ ဖျက်ဆီးပစ်ခဲ့ပြီ၊ ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ဆက်ဆံရေး ရှိသော ယုဒပြည်သူပြည်သားများသည် ထိုလူမျိုးထက်ပင် ပို၍ ဆိုးနေသေးသည်။

၁၇။ မနာရှေလက်အောက်ရှိ ယုဒလူမျိုးများနှင့် ကျွန်ုပ်တို့၏ အခြေအနေကို အဘယ်နည်းဖြင့် နှိုင်းယှဉ်နိုင်သနည်း။

၁၇ ၂၁ ရာစုနှစ်အစ၏ အခြေအနေများသည် မနာရှေခေတ်မှ ယုဒပြည်သူများနှင့် အများအားဖြင့် ဆင်တူသည်။ ဘာသာရေး၊ လူမျိုးရေးနှင့် လူမျိုးစု မုန်းတီးမှုများကြောင့် လောကသည် အစိတ်စိတ်အမြွှာမြွှာ ကွဲလျက် ရှိသည်။ လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှုနှင့် လူမျိုးရေး သန့်စင်မှုဟု ခေါ်သည့် ကြောက်မက်ဖွယ် အပြုအမူများကို သန်းနှင့်ချီသောသူများ ခံနေရကြသည်။ လူမျိုးများနှင့် တိုင်းနိုင်ငံများ—အထူးသဖြင့် ခရစ်ယာန်ဘောင်နိုင်ငံများ—သည် “အလွန် ပုန်ကန်” ခဲ့ကြသည်မှာ သံသယ မရှိပါ။ သို့ရာတွင် ယေဟောဝါသည် ဆိုးသွမ်းမှုကို ထာဝစဉ် ဆက်တည်ရှိခွင့်ပြုမည် မဟုတ်ကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ အဘယ်ကြောင့်နည်း။ ဟေရှာယခေတ်တွင် ဖြစ်ပျက်ခဲ့ရာကို ကြည့်ခြင်းဖြင့် သိရသည်။

ယေရုရှလင်မြို့ လွတ်မြောက်ခဲ့

၁၈။ ရာဗရှာခသည် ဟေဇကိအား အဘယ်သတိပေးချက်စကား ဆိုသနည်း။

၁၈ အာရှုရိဘုရင်များသည် စစ်မြေပြင်တွင် အောင်မြင်မှုအတွက် သူတို့၏ ဘုရားများကို ဂုဏ်တင်ခဲ့ကြသည်။ ရှေးအရှေ့ပိုင်းဒေသ အနီးအနားနှင့်ပတ်သက်သော စာတမ်းများ ဟူသော စာအုပ်၌ အာရှုရိဘုရင်တစ်ပါး ဖြစ်သော အာသနပ္ပာ၏ ရေးသားချက်များ ပါရှိပြီး “အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် . . . (စစ်ရည်ဝနေသော) စစ်သားများ အောင်မြင် [သည့်အခါ] အရှာဘုရား၊ ဗေလဘုရား၊ နေဗောဘုရား၊ ထင်ပေါ်ကျော်ကြားသော ဘုရားများကြောင့်နှင့် [သူ၏] ဘေးတွင် (အမြဲ) စစ်ချီတက်သူများ ဖြစ်သည့် [သူ့] သခင်များ၏ လမ်းပြညွှန်ကြားမှုကြောင့် ဖြစ်သည်” ဟု အခိုင်အမာ ဆိုခဲ့သည်။ ဟေရှာယခေတ်၌ အာရှုရိဘုရင် သနာခရိပ်ကို ကိုယ်စားပြုသော ရာဗရှာခက ဟေဇကိဘုရင်အား ပြောသည့်စကားတွင် လူ့စစ်ပြိုင်မှုများအကြောင်း ပြောဆိုရာ၌ နတ်ဘုရားများ ပါဝင်ပတ်သက်မှုကို အလားတူ ယုံကြည်ကြောင်း တွေ့ရသည်။ ဂျူးလူမျိုး၏ ဘုရင်သည် ကယ်တင်ခြင်းအတွက် ယေဟောဝါအား ကိုးစားခြင်းကို ပြစ်တင်ပြောဆိုပြီး အခြားလူမျိုးများ၏ ဘုရားများသည် မိမိတို့၏ လူများကို တန်ခိုးကြီး အာရှုရိစစ်တပ်၏ လက်မှ ကယ်တင်နိုင်စွမ်း မရှိခဲ့ကြောင်း ထောက်ပြသည်။—၄ ဓမ္မရာဇဝင် ၁၈:၃၃-၃၅

၁၉။ ရာဗရှာခ၏ ကဲ့ရဲ့ရှုတ်ချသည့်စကားကို ဟေဇကိ မည်သို့ တုံ့ပြန်သနည်း။

၁၉ ဘုရင်ဟေဇကိသည် မည်သို့ တုံ့ပြန်သနည်း။ သမ္မာကျမ်းစာ မှတ်တမ်းက ဤသို့ ဆို၏– “ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင် မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိမာန်တော်သို့ သွားလေ၏။” (၄ ဓမ္မရာဇဝင် ၁၉:၁) ဤထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေတွင် သူ့ကို အကူအညီ ပေးနိုင်သူမှာ ကိုယ်တော် တစ်ဦးတည်းသာ ဖြစ်ကြောင်း ဟေဇကိ သိထားသည်။ သူသည် မိမိကိုယ်ကို နှိမ့်ချပြီး လမ်းညွှန်မှုအတွက် ယေဟောဝါထံ မျှော်ကိုးသည်။

၂၀။ ယေဟောဝါသည် ယုဒပြည်သူပြည်သားများ၏ အကျိုးအတွက် အဘယ်အရာ လုပ်ဆောင်တော်မူမည်နည်း၊ ၎င်းမှ သူတို့ အဘယ်အရာ သင်ယူသင့်သနည်း။

၂၀ ရှာဖွေသော လမ်းညွှန်မှုကို ယေဟောဝါ ပေးတော်မူ၏။ ပရောဖက် ဟေရှာယမှတစ်ဆင့် ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “လူအပေါင်းတို့သည် မိမိလက်ဖြင့် အသီးအသီး လုပ်သော ငွေရုပ်တု၊ ရွှေရုပ်တုတည်း ဟူသော ပြစ်မှားရာအရာများကို ထိုကာလ၌ ပစ်လိုက်ကြလိမ့်မည်။” (ဟေရှာယ ၃၁:၇) ယေဟောဝါသည် မိမိလူမျိုးအတွက် တိုက်ခိုက်ပေးသည့်အခါ သနာခရိပ်၏ ဘုရားများသည် အသုံးမဝင်ကြောင်း ဖော်ထုတ်ခံရမည်။ ယုဒပြည်သူပြည်သားများ နှလုံးသွင်းသင့်သော သင်ခန်းစာတစ်ခု ဖြစ်သည်။ ဟေဇကိမင်းကြီးသည် သစ္စာရှိသည့်ကြားမှ ယုဒပြည်သည် ဣသရေလပြည်ကဲ့သို့ ရုပ်တုဆင်းတုနှင့် အပြည့်ရှိခဲ့သည်။ (ဟေရှာယ ၂:၅-၈) ယုဒပြည်သူပြည်သားများအတွက် ယေဟောဝါ၏ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် မိမိတို့၏ အပြစ်များကို နောင်တယူပြီး ‘အသီးအသီး လုပ်သော တန်ဖိုးမဲ့ ဘုရားများ’ ကို ပစ်ပယ်ရန် လိုသည်။—ထွက်မြောက်ရာ ၃၄:၁၄ ရှု။

၂၁။ အာရှုရိအပေါ် ယေဟောဝါ၏ စီရင်ချက်နှင့်ပတ်သက်၍ ဟေရှာယ မည်သို့ ပရောဖက်ပြုဖော်ပြသနည်း။

၂၁ ယခု ဟေရှာယက ယုဒပြည်သူများ ကြောက်ရွံ့နေသော ရန်သူအပေါ် ယေဟောဝါ၏ တရားစီရင်ခြင်း လုပ်ရပ်များအကြောင်း ဤသို့ ပရောဖက်ပြုဖော်ပြ၏– “အာရှုရိလူသည်လည်း လူ၏ ဓား မဟုတ်သော ဓားဖြင့် ဆုံးလိမ့်မည်။ မြေကြီးသား မဟုတ်သောသူ၏ ဓားစာ ဖြစ်လိမ့်မည်။ သူသည်လည်း ဓားဘေးမှ ပြေး၍ နုပျိုသော သူရဲတို့သည် အလုပ်ကြမ်း လုပ်ရကြလိမ့်မည်။” (ဟေရှာယ ၃၁:၈၊ ကဘ) အဆုံးအဖြတ်ပေးချိန် ရောက်လာသောအခါ ယေရုရှလင် မြို့သူမြို့သားများသည် ဓားများကို ဓားအိမ်မှပင် မထုတ်လိုက်ရပါ။ အာရှုရိစစ်တပ်၏ အကောင်းဆုံး စစ်သည်တော်များသည် လူ၏ ဓားဖြင့် မဟုတ်ဘဲ ယေဟောဝါ၏ ဓားစာ ဖြစ်ခဲ့ရသည်။ အာရှုရိဘုရင် သနာခရိပ်မူကား “ဓားဘေးမှ ပြေး” ရမည် ဖြစ်သည်။ ယေဟောဝါ၏ ကောင်းကင်တမန်လက်ချက်ကြောင့် သူ၏ စစ်သား ၁၈၅,၀၀၀ သေဆုံးပြီးနောက်ပိုင်း သူသည် မိမိအရပ်ဒေသသို့ ပြန်သွားသည်။ နောက်ပိုင်းတွင် သူသည် မိမိ၏ဘုရား နိသရုတ်ကို ကိုးကွယ်နေစဉ် သားအရင်းများ၏ လုပ်ကြံခြင်းကို ခံရသည်။—၄ ဓမ္မရာဇဝင် ၁၉:၃၅-၃၇

၂၂။ ယနေ့ခရစ်ယာန်များသည် ဟေဇကိနှင့် အာရှုရိစစ်တပ် ပါဝင်သော အဖြစ်အပျက်မှ အဘယ်အရာ သင်ယူနိုင်သနည်း။

၂၂ ယေဟောဝါသည် ယေရုရှလင်မြို့ကို အာရှုရိစစ်တပ်၏ လက်မှ မည်သို့ ကယ်တင်မည်ကို ဟေဇကိ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ကြိုတင် မသိနိုင်ကြပါ။ သို့သော်လည်း အရေးကြုံနေချိန်တွင် ဟေဇကိ၏ လုပ်ဆောင်ပုံ နည်းလမ်းသည် ယနေ့ စုံစမ်းမှုများနှင့် ကြုံတွေ့နေရသူများအတွက် အကောင်းဆုံး ပုံသက်သေ ဖြစ်သည်။ (၂ ကောရိန္သု ၄:၁၆-၁၈) ထိတ်လန့်ဖွယ် နာမည်ဆိုး ရှိသော အာရှုရိတို့က ယေရုရှလင်မြို့အား ခြိမ်းခြောက်နေခြင်းကို ထောက်လျှင် ဟေဇကိ ကြောက်ရွံ့မည်ဆိုလည်း ကြောက်လောက်ပေသည်။ (၄ ဓမ္မရာဇဝင် ၁၉:၃) သို့တိုင် သူသည် ယေဟောဝါအား ယုံကြည်ကိုးစားခဲ့ပြီး လူ့လမ်းညွှန်မှု မဟုတ်ဘဲ ကိုယ်တော့် လမ်းညွှန်မှုကို မျှော်ကိုးခဲ့သည်။ သူလုပ်ဆောင်ခဲ့ရာသည် ယေရုရှလင်မြို့အတွက် ကောင်းချီးတစ်ရပ်ပင်တည်း! ယနေ့ ဘုရားသခင်ကို ကြောက်ရွံ့သော ခရစ်ယာန်များလည်း ဖိစီးမှုအောက်တွင် အလွန် စိတ်လှုပ်ရှားပေမည်။ အခြေအနေများစွာ၌ ကြောက်ရွံ့မည်ဆိုလည်း ကြောက်လောက်ပေသည်။ သို့တိုင် ကျွန်ုပ်တို့၏ “စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြ” မည်ဆိုလျှင် ကိုယ်တော် ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်ရှောက်တော်မူမည်။ (၁ ပေတရု ၅:၇) ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုကို အနိုင်ယူနိုင်ရန် အကူအညီ ပေးမည် ဖြစ်ပြီး ဖိစီးမှု ဖြစ်စေသော အခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားပေးတော်မူမည်။

၂၃။ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ကျန်ခဲ့ရသူမှာ ဟေဇကိ မဟုတ်ဘဲ သနာခရိပ် မည်သို့ ဖြစ်သွားသနည်း။

၂၃ နောက်ဆုံးတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ဖြစ်ကျန်ခဲ့သူမှာ ဟေဇကိ မဟုတ်ဘဲ သနာခရိပ်ပင်တည်း။ မည်သူ့ထံ သူလှည့်အားကိုးနိုင်သနည်း။ ဟေရှာယ ဤသို့ ကြိုဟော၏– “‘သူ၏ကျောက် တည်းဟူသော အလုံးအရင်းသည် အလန့်တကြား ဆုတ်ခွာလျက်၊ မှူးမတ်တို့သည် ထိတ်လန့်သဖြင့် အလံကို စွန့်ပစ်၍ ထွက်ပြေးကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာ မီးလျှံ၊ ယေရုရှလင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူသတည်း။” (ဟေရှာယ ၃၁:၉၊ သမ္မာ) သနာခရိပ်၏ ဘုရားများ—သူ၏ “ကျောက်၊” သူယုံကြည်ကိုးစားခဲ့သော ခိုလှုံရာ—သည် သူ့ကို မကူညီနိုင်ချေ။ ၎င်းတို့သည် “အလန့်တကြားဆုတ်ခွာ” သွားသည့်နှယ် ဖြစ်သည်။ ထို့ပြင် သနာခရိပ်၏ မှူးမတ်များ အကူအညီပင် မရလိုက်ပါ။ သူတို့သည်လည်း ကြောက်ရွံ့ထိတ်လန့်နေကြသည်။

၂၄။ အာရှုရိ၌ ဖြစ်ပျက်ခဲ့ရာများမှ အဘယ်ပြတ်သားသော အချက်ကို သင်ယူနိုင်သနည်း။

၂၄ ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းသည် ဘုရားသခင်အား ဆန့်ကျင်မည့်သူ မည်သူမဆိုအတွက် ပြတ်သားသော သတင်းစကားတစ်ရပ် ဖြစ်သည်။ မည်သည့်လက်နက်၊ မည်သည့်တန်ခိုးအာဏာ၊ အကြံအစည်ကမျှ ယေဟောဝါ၏ ရည်ရွယ်ချက်ကို မပျက်ပြားစေနိုင်ပါ။ (ဟေရှာယ ၄၁:၁၁၊ ၁၂) ဘုရားသခင်ကို ကိုးကွယ်ပါသည်ဟု ဆိုကြသော်လည်း တစ်ချိန်တည်းတွင် ရုပ်ပိုင်းအရာများ၌ လုံခြုံမှု ရှာခြင်းဖြင့် ကိုယ်တော်ထံမှ လွဲဖယ်သွားသူများသည် စိတ်ပျက်ဖွယ်ရာများနှင့် ကြုံတွေ့ရမည်။ “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို မမျှော်လင့်” သူ မည်သူမဆိုအပေါ်သို့ ယေဟောဝါသည် “ဘေးကို သက်ရောက်စေတော်မူမည်။” (ဟေရှာယ ၃၁:၁၊ ၂) အမှန်မှာ စစ်မှန်ပြီး ထာဝစဉ် တည်မြဲသည့် တစ်ခုတည်းသော ခိုလှုံရာမှာ ယေဟောဝါဘုရားသခင်သာ ဖြစ်သည်။—ဆာလံ ၃၇:၅

[အောက်ခြေမှတ်ချက်]

a ဟေရှာယ အခန်းကြီး ၃၁ ပါ ပထမဆုံး အခန်းငယ် သုံးခုသည် ဣသရေလလူမျိုးကို အဓိက ဦးတည်ပြောခြင်း ဖြစ်နိုင်သည်။ နောက်အခန်းငယ် ခြောက်ခုသည် ယုဒလူမျိုးနှင့် ပတ်သက်ပုံရသည်။

[လေ့လာရန် မေးခွန်းများ]