မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် မာန်မာနထောင်လွှားသော မြို့ကို နှိမ့်ချတော်မူ၏

ယေဟောဝါသည် မာန်မာနထောင်လွှားသော မြို့ကို နှိမ့်ချတော်မူ၏

အခန်း ဆယ့်လေး

ယေဟောဝါသည် မာန်မာနထောင်လွှားသော မြို့ကို နှိမ့်ချတော်မူ၏

ဟေရှာယ ၁၃:၁–၁၄:၂၃

၁။ ယခု ဟေရှာယကျမ်းသည် မည်မျှဝေးဝေးအထိ တင်ကူးကြည့်မြင်သနည်း။

 ဟေရှာယ ပရောဖက်ပြုချက်ကျမ်းကို ဘီ.စီ.အီး. ရှစ်ရာစုတွင် ကတိထားရာ ပြည်တော်အား အာရှုရိ ကျူးကျော်တိုက်ခိုက်မှုအတွင်း ရေးသားခဲ့သည်။ အစောပိုင်း အခန်းကြီးများတွင် တွေ့ခဲ့ရသည့်အတိုင်း ဟေရှာယသည် ထိုဖြစ်ပျက်လာမည့် ဖြစ်စဉ်များကို ထူးခြားတိကျစွာ ကြိုဟောထားသည်။ သို့ရာတွင် ဤကျမ်းသည် အာရှုရိ၏ သြဇာတန်ခိုးလွှမ်းမိုးချိန်ထက်မက ကျော်၍ မြင်သည်။ ဗာဗုလုန်တွင် ရှိသော ရှိနာပြည် အပါအဝင် တိုင်းပြည်များစွာတွင် ပြည်နှင်ခံနေရသည့် ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး ပြည်တော်ပြန်ခြင်းအကြောင်းကိုပါ ကြိုဟောထားသည်။ (ဟေရှာယ ၁၁:၁၁) ဟေရှာယ အခန်းကြီး ၁၃ တွင် အံ့ဖွယ်ပရောဖက်ပြုချက်တစ်ခုနှင့် ယင်း၏ ပြည့်စုံမှုက ထိုသို့သော ပြည်တော်ပြန်ခြင်းအတွက် လမ်းဖွင့်ပေးမည့်အကြောင်းကို တွေ့ရသည်။ ဤပရောဖက်ပြုချက်ကို “ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏ သား ဟေရှာယ ခံရသော ဗျာဒိတ်တော်အချက် ဟူမူကား” ဟူသော စကားများဖြင့် အစပျိုးထားသည်။ဟေရှာယ ၁၃:၁

‘မာနကြီးခြင်းကို ငါနှိမ့်ချမည်’

၂။ (က) ဟေဇကိသည် ဗာဗုလုန်နှင့် မည်သို့ ပါဝင်ပတ်သက်ခဲ့သနည်း။ (ခ) စိုက်ထူခြင်းခံရမည့် “အလံ” ကား အဘယ်နည်း။

ယုဒပြည်သည် ဟေရှာယ အသက်ရှင်ချိန်တစ်လျှောက်လုံး ဗာဗုလုန်နှင့် ပတ်သက်ခဲ့သည်။ ဘုရင်ဟေဇကိသည် အကြီးအကျယ် မကျန်းမမာ ဖြစ်ပြီးနောက် ပြန်နာလန်ထူလာသည်။ ဗာဗုလုန်မှ သံတမန်များက သူပြန်လည်ကျန်းမာလာသည်ကို အတူဝမ်းမြောက်ကြောင်း လာ၍ နှုတ်ဆက်ကြသည်၊ အာရှုရိကို တိုက်ခိုက်ဖို့အတွက် မိမိနှင့် မဟာမိတ်ဖွဲ့ရန် ဟေဇကိကို စည်းရုံးခြင်း ဖြစ်သော လျှို့ဝှက်ရည်ရွယ်ချက်ဖြင့် လာခြင်းလည်း ဖြစ်နိုင်သည်။ ဘုရင်ဟေဇကိသည် ပညာမဲ့စွာဖြင့် မိမိ၏ ဘဏ္ဍာအားလုံးကို သူတို့အား ပြသခဲ့သည်။ ထိုသို့ပြုခြင်းကြောင့် ဟေရှာယက ဟေဇကိအား ဘုရင်အနိစ္စရောက်ပြီးနောက် ထိုဘဏ္ဍာအားလုံးသည် ဗာဗုလုန်သို့ သယ်ဆောင်သွားခြင်း ခံရမည်ဟု ဆို၏။ (ဟေရှာယ ၃၉:၁-၇) ဘီ.စီ.အီး. ၆၀၇ ၌ ယေရုရှလင်မြို့ ဖျက်ဆီးခံရပြီး လူများကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားချိန်တွင် ထိုသို့ ဖြစ်ပျက်ခဲ့သည်။ သို့ရာတွင် ဘုရားသခင့် ရွေးချယ်ထားသော လူမျိုးသည် ဗာဗုလုန်တွင် အစဉ်အမြဲ နေမည် မဟုတ်ပါ။ သူတို့ ပြည်တော်ပြန်ရန်အတွက် ယေဟောဝါ မည်သို့ လမ်းဖွင့်ပေးမည် ဖြစ်ကြောင်း ကြို၍ မိန့်တော်မူ၏။ ကိုယ်တော် ဤသို့ အစပြု မိန့်တော်မူ၏– “ရှင်းလင်းသော တောင်ပေါ်မှာ အလံကို ထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကို လှုပ်ကြ။ သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ။” (ဟေရှာယ ၁၃:၂) “အလံ” သည် ဗာဗုလုန်ကို မြင့်သောနေရာမှ ဖယ်ရှားပစ်မည့် အသစ်တက်လာသော ကမ္ဘာ့အာဏာစက် ဖြစ်သည်။ ၎င်းကို “ရှင်းလင်းသော တောင်ပေါ်”—အတော်ဝေးဝေးမှ မြင်နိုင်သော၊ ပြောင်နေသည့် နေရာတွင် စိုက်ထူထားမည် ဖြစ်သည်။ ဗာဗုလုန်ကို တိုက်ခိုက်ရန် ဆင့်ခေါ်ခြင်း ခံရသော ထိုကမ္ဘာ့အာဏာစက်အသစ်သည် “မင်းတို့နေရာတံခါးများ၊” ထိုမြို့ကြီး၏ ဂိတ်ပေါက်များတစ်လျှောက် ချီတက်သွားကြမည် ဖြစ်ကာ အနိုင်သိမ်းယူမည်။

၃။ (က) ယေဟောဝါ ပေါ်ထွန်းစေမည့် “သန့်ရှင်းစေသောသူတို့” မှာ မည်သူတို့နည်း။ (ခ) တိတ္ထိစစ်သားများသည် အဘယ်သဘောဖြင့် ‘သီးသန့်ထားခြင်း ခံ’ ရသနည်း။

ယခု ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါသန့်ရှင်းစေသောသူတို့ကို ငါမှာထားပြီ။ ငါပေးသော ဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏ သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှာ ငါခေါ်ပြီ။ ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် စစ်တိုက်ခြင်းငှာ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။” (ဟေရှာယ ၁၃:၃၊ ၄) မာန်မာနကြီးသော ဗာဗုလုန်ကို နှိမ့်ချရန် ခန့်အပ်ခံရသော “သန့်ရှင်းသောသူတို့” သည် မည်သူတို့ ဖြစ်သနည်း။ သူတို့သည် နိုင်ငံပေါင်းစုံတပ်များ ဖြစ်သော “စုဝေးသော တိုင်းသူပြည်သားများတို့” ဖြစ်ကြသည်။ သူတို့သည် ဗာဗုလုန်ကို တိုက်ခိုက်ရန် အဝေးရှိ တောင်တန်းဒေသမှ ဆင်းလာကြသည်။ သူတို့သည် “ဝေးသောပြည် ကောင်းကင်စွန်းမှ လာကြ၏။” (ဟေရှာယ ၁၃:၅) သူတို့သည် အဘယ်သဘောဖြင့် သန့်ရှင်းကြသနည်း။ မြင့်မြတ်သန့်ရှင်းသည့် သဘောဖြင့် မဟုတ်သည်မှာ သေချာသည်။ သူတို့သည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရန် လုံးဝ စိတ်ဝင်စားမှု မရှိသော တိတ္ထိစစ်သားများ ဖြစ်ကြသည်။ သို့ရာတွင် ဟေဗြဲကျမ်းစာထဲမှ “သန့်ရှင်းစေသောသူ” သည် “ဘုရားသခင် အသုံးပြုရန်အတွက် သီးသန့်ခွဲထားခြင်း” ကို ဆိုလိုသည်။ ယေဟောဝါသည် တိုင်းနိုင်ငံများ၏ စစ်တပ်များကို သီးသန့်ခွဲထားပြီး ကိုယ်တော်၏ အမျက်တော်ကို ဖော်ပြရန်အတွက် သူတို့၏ အတ္တဆန်သော ရည်မှန်းချက်များကို အသုံးပြုနိုင်သည်။ ဤနည်းအတိုင်း အာရှုရိကို ကိုယ်တော် အသုံးပြုခဲ့သည်။ ဗာဗုလုန်ကိုလည်း ထိုနည်းတူ ကိုယ်တော် အသုံးပြုတော်မူမည်။ (ဟေရှာယ ၁၀:၅; ယေရမိ ၂၅:၉) ထို့ပြင် ဗာဗုလုန်ကို ဒဏ်ခတ်ရန် အခြားလူမျိုးများကို ကိုယ်တော် အသုံးပြုမည်။

၄၊ ၅။ (က) ယေဟောဝါသည် ဗာဗုလုန်အကြောင်း အဘယ်အရာ ကြိုပြောသနည်း။ (ခ) ဗာဗုလုန်ကို တိုက်ခိုက်သူများသည် အဘယ်အရာနှင့် ရင်ဆိုင်ရမည်နည်း။

ဗာဗုလုန်သည် တန်ခိုးကြီး ကမ္ဘာ့အာဏာစက် မဖြစ်သေးပါ။ သို့သော် ဟေရှာယအားဖြင့် ကြွေးကြော်ချက် ထုတ်ပြန်ခြင်းက သူထိုအဆင့် ရောက်လာမည့် အချိန်ကို ယေဟောဝါ ကြို၍ မြင်ကာ သူကျဆုံးမည့် အချိန်ကိုပါ ကြို၍ မြင်တော်မူသည်။ ကိုယ်တော် ဤသို့ ဆို၏– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ နေ့ရက်သည် နီးသောကြောင့် ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင့်ထံမှ ဖျက်ဆီးခြင်းဘေးကဲ့သို့ လာလိမ့်မည်။” (ဟေရှာယ ၁၃:၆၊ သမ္မာ) မှန်ပါသည်၊ ဗာဗုလုန်၏ ဝါကြွားခြင်းသည် ဝမ်းနည်းခြင်း၊ ငိုကြွေးမြည်တမ်းခြင်းဖြင့် အစားထိုးခံရမည်။ အဘယ့်ကြောင့်နည်း။ “ယေဟောဝါ၏ နေ့ရက်၊” ယေဟောဝါ သူ့အား တရားစီရင်မည့် နေ့ရက်ကြောင့် ဖြစ်သည်။

သို့သော် ဗာဗုလုန် ဖျက်ဆီးခံရခြင်းသည် မည်သို့ ဖြစ်နိုင်မည်နည်း။ ယင်းသို့ ဖြစ်ရန် ယေဟောဝါ သတ်မှတ်ချိန် ရောက်သည့်အခါ မြို့သည် ဘေးကင်းနေသည့်ပုံ ရှိမည်။ ကျူးကျော်တိုက်ခိုက်သည့် စစ်တပ်များသည် သဘာဝအကာအကွယ် ဖြစ်သော ဥဖရတ်မြစ်နှင့် ဦးဆုံး ရင်ဆိုင်ကြရမည်—၎င်းမြစ်သည် မြို့လယ်ကို ဖြတ်စီးသွားပြီး အကွယ်အကာအဖြစ် မြို့ပတ်လည်ကျုံးများကို ရေဖြည့်ပေးသည်၊ မြို့ကို သောက်ရေ ထောက်ပံ့ပေးသည်။ ထို့နောက်တွင် ဖြိုဖျက်နိုင်မည့်ပုံ မရသော ဗာဗုလုန်၏ ထုထည်ကြီးမားသည့် နှစ်ထပ်မြို့ရိုးကြီး ရှိမည်။ ထို့ပြင် မြို့သည် အစားအစာများကို ကောင်းစွာ သိုလှောင်စုဆောင်းထားမည်။ နေ့စဉ် ကျမ်းစာပုံဥပမာများ စာအုပ်တွင် ဗာဗုလုန်၏ နောက်ဆုံးဘုရင် ဖြစ်သော နဗိုနိုက်ဒတ်စ်သည် “မြို့ရိက္ခာသိုလှောင်မှုအတွက် အကြီးအကျယ် အပင်ပန်းခံခဲ့သည်၊ ပြည်သူပြည်သားများ အနှစ်နှစ်ဆယ်လုံးလုံး စားသုံးရန် လုံလောက်သော [အစားအစာ] ရှိသည်ဟု မှတ်ယူခဲ့ကြသည်။”

၆။ ကြိုဟောထားသည့်အတိုင်း ဗာဗုလုန်ကို ရုတ်တရက် ချင်းနင်းတိုက်ခိုက်သည့်အခါ အဘယ် မျှော်လင့်မထားသောအရာများ ဖြစ်ပျက်မည်နည်း။

သို့ရာတွင် အပြင်ပန်း ကြည့်လျှင် ထင်ယောင်ထင်မှား ဖြစ်သွားနိုင်ပါသည်။ ဟေရှာယ ဤသို့ ဆို၏– “ထို့ကြောင့် ရှိသမျှသော လက်တို့သည် ကျကြလိမ့်မည်။ လူအပေါင်းတို့သည် စိတ် [“ နှလုံး၊” ကဘ] ပျက်၍ ကြောက်လန့် [“အရည်ပျော်၊” ကဘ] ခြင်းသို့ ရောက်ကြလိမ့်မည်။ နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရလျက် တစ်ယောက်ကို တစ်ယောက် ကြည့်ရှု၍ မှိုင်တွေသဖြင့် သူတို့မျက်နှာသည် မီးလျှံအဆင်း ရှိလိမ့်မည်။” (ဟေရှာယ ၁၃:၇၊ ၈) ကျူးကျော်တိုက်ခိုက်သည့် စစ်တပ်များ မြို့ကို သိမ်းပိုက်သည့်အခါ အပူအပင်မရှိ နေထိုင်နေကြသော ပြည်သူပြည်သားများသည် အမျိုးသမီးတစ်ဦး ကလေးမွေးသကဲ့သို့ ရုတ်တရက် အပြင်းအထန် နာကျင်မူ ခံစားရမည်။ သူတို့နှလုံးများသည် ကြောက်ရွံ့ခြင်းဖြင့် အရည်ပျော်မည်။ လေဖြတ်သကဲ့သို့ သူတို့၏ လက်များသည် ခုခံနိုင်စွမ်း မရှိဘဲ အရုပ်ကြိုးပြတ် ဖြစ်မည်။ ကြောက်ရွံ့ခြင်းနှင့် အလွန် ပြင်းသော ဝေဒနာခံရခြင်းကြောင့် သူတို့၏ မျက်နှာသည် “မီးလျှံအဆင်း” နီရဲနေမည်။ သူတို့သည် မိမိတို့၏မြို့ကြီး ကျရှုံးသွားသည်ကို အံ့အားသင့်စွာဖြင့် တစ်ယောက်ကို တစ်ယောက် အံ့သြတကြီး ကြည့်ကြလိမ့်မည်။

၇။ အဘယ် “ယေဟောဝါ၏ နေ့” ရောက်ရှိလာမည် ဖြစ်ပြီး ဗာဗုလုန်အတွက် အဘယ် ရလဒ်ဖြစ်မည်နည်း။

မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် လုံးဝ ကျရှုံးသွားမည်။ ဗာဗုလုန်သည် အမှန်ပင် အထိနာမည် ဖြစ်သော စာရင်းရှင်းရာနေ့၊ “ယေဟောဝါ၏ နေ့” နှင့် ရင်ဆိုင်ရမည်။ တရားသူကြီးချုပ်သည် ဗာဗုလုန်၏ အပြစ်ပြုသော ပြည်သူပြည်သားများအပေါ်သို့ မိမိ၏ အမျက်တော်နှင့်အညီ ဒဏ်ပေးမည် ဖြစ်ပြီး သူတို့ ခံထိုက်သော တရားစီရင်ချက်ကို ပေးတော်မူမည်။ ပရောဖက်ပြုချက်တွင် ဤသို့ ဆို၏– “ထာဝရဘုရား၏ နေ့ရက်တော်သည် တစ်ပြည်လုံး ဆိတ်ညံရာ ဖြစ်စေရန်လည်းကောင်း၊ အပြစ်သားတို့ကို သုတ်သင်ပယ်ရှင်းရန်လည်းကောင်း အမျက်ဒေါသအရှိန်နှင့်တကွ ကြမ်းတမ်းစွာ သင့်ရောက်တော့မည်။” (ဟေရှာယ ၁၃:၉၊ သမ္မာ) ဗာဗုလုန်၏ အနာဂတ် အလားအလာသည် အမှောင်အတိ ဖြစ်သည်။ နေ၊ လနှင့် ကြယ်အားလုံး အလင်းမပေးသကဲ့သို့ ဖြစ်သည်။ “မိုးကောင်းကင် ကြယ်နက္ခတ်တို့သည် အလင်းကို မပေး။ နေသည်လည်း ထွက်သောအခါ မိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။”—ဟေရှာယ ၁၃:၁၀

၈။ ယေဟောဝါသည် ဗာဗုလုန် ကျဆုံးရန် အဘယ်ကြောင့် အမိန့်ထုတ်ပြန်ရသနည်း။

ဤမာန်မာန ထောင်လွှားသော မြို့သည် ထိုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် အဘယ်ကြောင့် ရင်ဆိုင်ကြုံတွေ့ရသနည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ထိုလောကီနိုင်ငံ၏ အပြစ်ကိုလည်းကောင်း၊ မတရားသောသူတို့၏ ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက်၍ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။” (ဟေရှာယ ၁၃:၁၁) ဘုရားသခင့် လူမျိုးအပေါ် ဗာဗုလုန်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ယေဟောဝါ၏ အမျက်ဒေါသကို သွန်လောင်းအပြစ်ပေးခြင်း ဖြစ်မည်။ ဗာဗုလုန်တို့၏ ဒုစရိုက်အပြစ်များကြောင့် ပြည်တစ်ခုလုံး ဒုက္ခဆင်းရဲခံရမည်။ ထိုမာန်မာန ထောင်လွှားသော၊ နိုင်ထက်စီးနင်း အုပ်စိုးသည့် မင်းများသည် ယေဟောဝါကို ဘယ်တော့မျှ ပြောင်ပြောင်တင်းတင်း အန်တုတော့မည် မဟုတ်ပါ!

၉။ ယေဟောဝါ၏ တရားစီရင်ရာနေ့တွင် ဗာဗုလုန်သည် အဘယ်အရာကို ကြုံတွေ့ရမည်နည်း။

ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “လူသည် ရွှေစင်ထက် အဖိုးထိုက်မည်အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဖိုးထိုက်မည်အကြောင်း ငါပြုမည်။” (ဟေရှာယ ၁၃:၁၂) မှန်ပါသည်၊ မြို့တော်သည် လူသူရှင်းကာ တစပြင် ဖြစ်မည်။ ယေဟောဝါ ဤသို့ ဆက်၍ မိန့်တော်မူ၏– “သို့ဖြစ်၍ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော် ပြင်းစွာထွက်သော နေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွှေ့ရလိမ့်မည်။” (ဟေရှာယ ၁၃:၁၃) ဗာဗုလုန်၏ “ကောင်းကင်” ဖြစ်သော ဘုရားနှင့် ဘုရားမ,များစွာသည် မြို့အကူအညီ လိုအပ်နေချိန်တွင် ကူညီနိုင်စွမ်း မရှိအောင် ကိုင်လှုပ်ခံရမည်။ “မြေကြီး” ဖြစ်သော ဗာဗုလုန် အင်ပါယာသည် ကွယ်ပျောက်သွားပြီ ဖြစ်သော အင်ပါယာတစ်ခုအဖြစ် သမိုင်းတွင်ရစ်ခြင်းဖြင့် မိမိနေရာမှ ရွှေ့ခြင်းကို ခံရမည်။ “ပြည်သားတို့သည် ကြောက်၍ ပြေးသော ဒရယ်မ၊ ထိန်းသိမ်းသူ မရှိသောသိုးများကဲ့သို့ ဖြစ်၍ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။” (ဟေရှာယ ၁၃:၁၄) ဗာဗုလုန်၏ တိုင်းတစ်ပါးမှ ထောက်ပံ့ပေးသူအားလုံးသည် အနိုင်ရ တက်လာသော ကမ္ဘာ့အာဏာစက်နှင့် ဆက်ဆံရေးအသစ် တည်ထောင်ရန် ဟူသော မျှော်လင့်ချက်ဖြင့် သူမကို စွန့်ပစ်ပြေးကြမည်။ နောက်ဆုံးတွင် ဗာဗုလုန်သည် သိမ်းပိုက်ခံရသော မြို့တော် ခံစားရသည့် ဘေးဒုက္ခ၊ မိမိဘုန်းကြီးစဉ်အခါက အခြားသူများစွာကို ပေးခဲ့သည့် ဒုက္ခမျိုးကို ပြန်ခံစားရမည်– “တွေ့မိသမျှသော သူတို့ကို လှံနှင့် ထိုးရ၏။ စုဝေးလျက်ရှိသောသူအပေါင်းတို့လည်း ဓားဖြင့် ဆုံးကြလိမ့်မည်။ သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့အိမ်များကို လုယက်၍ သူတို့မယားများကို အဓမ္မပြုကြလိမ့်မည်။”—ဟေရှာယ ၁၃:၁၅၊ ၁၆

ဖျက်ဆီးရာတွင် ဘုရားသခင် အသုံးပြုသော လက်နက်

၁၀။ ယေဟောဝါသည် ဗာဗုလုန်ကို ဖျက်ဆီးရန် မည်သူ့ကို အသုံးပြုမည်နည်း။

၁၀ ဗာဗုလုန် ပြိုလဲစေရန် ယေဟောဝါသည် မည်သည့် အာဏာစက်ကို အသုံးပြုမည်နည်း။ နှစ်ပေါင်း ၂၀၀ ခန့် ကြိုတင်၍ ယေဟောဝါသည် ဤသို့ အဖြေပေးတော်မူ၏– “ကြည့်ရှုလော့။ ငွေကို ပမာဏမပြု။ ရွှေကို အလိုမရှိသော မေဒိလူများကို သူတို့တစ်ဖက်၌ ငါနှိုးဆော်မည်။ သူတို့သည် လူပျိုတို့ကို လေးနှင့် ရိုက်ခတ်ကြလိမ့်မည်။ ကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။ တိုင်းနိုင်ငံတို့၏ အထွတ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေ ဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။” (ဟေရှာယ ၁၃:၁၇-၁၉) ကြီးကျယ်ခမ်းနားသော ဗာဗုလုန်သည် ပြိုလဲမည် ဖြစ်ပြီး ယင်းသို့ ဖြစ်စေမည့် ယေဟောဝါ အသုံးပြုတော်မူသော လက်နက်မှာ အလွန် ဝေးသောအရပ်၊ တောတောင်ထူထပ်သော မေဒိပြည်မှ စစ်သည်ဗိုလ်ပါများ ဖြစ်မည်။ a နောက်ဆုံးတွင် ဗာဗုလုန်သည် တရားလွန် အကျင့်စာရိတ္တ ယိုယွင်းသော မြို့များ ဖြစ်သည့် သောဒုံနှင့် ဂေါမောရမြို့ကဲ့သို့ လူဆိတ်ညံရာအရပ် ဖြစ်သွားမည်။—ကမ္ဘာဦး ၁၃:၁၃; ၁၉:၁၃၊ ၂၄

၁၁၊ ၁၂။ (က) မေဒိသည် မည်သို့ ကမ္ဘာ့အာဏာစက် ဖြစ်လာသနည်း။ (ခ) မေဒိစစ်သားများနှင့်ပတ်သက်၍ အဘယ် ထူးခြားသော စရိုက်ကို ပရောဖက်ပြုဖော်ပြထားသနည်း။

၁၁ ဟေရှာယခေတ်တွင် မေဒိနှင့် ဗာဗုလုန် နှစ်နိုင်ငံစလုံးသည် အာရှုရိ၏ လက်အောက်တွင် ရှိသည်။ တစ်ရာစုခန့် ကြာပြီးနောက် ဖြစ်သော ဘီ.စီ.အီး. ၆၃၂ တွင် မေဒိနှင့် ဗာဗုလုန်သည် မဟာမိတ်ဖွဲ့ပြီး အာရှုရိ၏ မြို့တော် နိနေဝေမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ၎င်းက ဗာဗုလုန်ကို တန်ခိုးကြီး ကမ္ဘာ့အာဏာစက် ဖြစ်လာရန် လမ်းပွင့်သွားသည်။ ထိုသို့ဖြစ်လာပြီး နောင် အနှစ် ၁၀၀ ခန့် ကြာလျှင် မေဒိသည် မိမိအား ဖျက်ဆီးမည်ကို သူစိုးစဉ်းမျှ မသိခဲ့ပါ! ထိုကဲ့သို့ ရဲဝံ့စွာ ကြိုဟောချက်ကို ယေဟောဝါ ဘုရားသခင်တစ်ပါးမှလွဲ၍ မည်သူ ဟောနိုင်မည်နည်း။

၁၂ ဖျက်ဆီးရာတွင် ကိုယ်တော် အသုံးပြုရန် ရွေးချယ်ထားသော အသုံးခံသူသည် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြရာတွင် ယေဟောဝါက မေဒိစစ်တပ်ကို “ငွေကို ပမာဏမပြု၊ ရွှေကို အလိုမရှိသော . . . သူ” ဟူ၍ ဆိုထား၏။ တိုက်ပွဲအလီလီ၏ အတွေ့အကြုံကြောင့် စစ်ရည်ဝနေသော စစ်သားများအတွက် ထူးခြားနေသော စရိုက်တစ်ခုပင်! ကျမ်းပညာရှင် အဲလ်ဘတ် ဘန်းစ်က ဤသို့ ဆို၏– “ကျူးကျော်စစ်သားများတွင် လက်ရပစ္စည်း ရယူရန် ဟူသော မျှော်လင့်ချက် လွှမ်းမိုးမခံရသည့် စစ်သား မရှိသလောက် ဖြစ်သည်။” မေဒိစစ်သားများသည် ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါ မှန်ကန်ကြောင်း သက်သေထင်ရှားပြကြပါသလော။ သက်သေပြခဲ့ကြသည်။ ဂျေ. ဂလင့်ဝပ်သ် ဘတ်လာ ရေးသားသော သမ္မာကျမ်းစာလက်ရာ စာအုပ်တွင် တွေ့ရသည့် ဤမှတ်ချက်ကို သုံးသပ်ကြည့်ပါ– “စစ်တိုက်ခိုက်ခဲ့ကြသော တိုင်းနိုင်ငံအများစုနှင့် မတူဘဲ မေဒိ၊ အထူးသဖြင့် ပါးရှားသည် လက်ရပစ္စည်းဥစ္စာထက် အနိုင်ရကျော်စောခြင်းကို ပို၍ အလေးပေးခဲ့သည်။” b ယင်းကြောင့် ပါးရှားဘုရင် ကုရုသည် ဗာဗုလုန်တွင် သုံ့ပန်း ဖြစ်နေသော ဣသရေလ လူမျိုးများကို ပြန်လွှတ်သည့်အခါ ယေရုရှလင် ဗိမာန်တော်မှ နေဗုခဒ်နေဇာ သိမ်းယူခဲ့သော ရွှေတန်ဆာ၊ ငွေတန်ဆာ အမြောက်အမြားကို ပြန်ပေးခဲ့ခြင်းသည် အံ့ဩစရာ မဟုတ်ပါ။—ဧဇရ ၁:၇-၁၁

၁၃၊ ၁၄။ (က) လက်ရပစ္စည်းကို စိတ်မဝင်စားကြသော်လည်း မေဒိနှင့် ပါးရှားစစ်သည်များ၏ ကြီးမားသော ရည်မှန်းချက်ကား အဘယ်နည်း။ (ခ) ကုရုသည် ဗာဗုလုန်၏ ကြီးကျယ်ခိုင်ခံ့သော အကာအရံများကို မည်သို့ ကျော်လွှားသနည်း။

၁၃ မေဒိနှင့် ပါးရှား စစ်သူရဲများသည် လက်ရဥစ္စာ လိုချင်သည့် ဆန္ဒ နည်းပါးကြသော်လည်း ရည်မှန်းချက်ကြီးသူများ ဖြစ်သည်။ သူတို့သည် ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို ဒုတိယ မဖြစ်လိုပါ။ ထို့ပြင် ယေဟောဝါသည် သူတို့၏ စိတ်နှလုံးထဲတွင် “ဖျက်ဆီးခြင်း” ကို သွင်းပေးတော်မူသည်။ (ဟေရှာယ ၁၃:၆သမ္မာ) ထို့ကြောင့် မြားပစ်ရန် သာမကဘဲ ရန်သူ့စစ်သားများနှင့် ဗာဗုလုန်လူမျိုး မိခင်များ၏ သားသမီးများကို ရိုက်နှက်ချေမှုန်းရန်အတွက် အသုံးပြုမည် ဖြစ်သော သူတို့၏ သတ္တုလေးများဖြင့် ဗာဗုလုန်ကို အနိုင်တိုက်ရန် ဆုံးဖြတ်ကြသည်။

၁၄ ဗာဗုလုန်၏ ကြီးမားခိုင်ခံ့မှုက မီဒိုပါးရှားစစ်တပ်ကို ဦးဆောင်သူ ကုရုအား အဟန့်အတား မဖြစ်စေပါ။ ဘီ.စီ.အီး. ၅၃၉ အောက်တိုဘာ ၅/၆ ညတွင် သူသည် ဥဖရတ်မြစ်ရေကို မြစ်ကြောင်း လွှဲလိုက်ရန် အမိန့်ပေးသည်။ ရေမျက်နှာပြင် ကျဆင်းလာသည့်အခါ ကျူးကျော်သူများသည် ပေါင်လောက်သာ နက်သော မြစ်ရိုးတစ်လျှောက် လှမ်းလျှောက်လာကာ မြို့အတွင်းသို့ တိတ်တဆိတ် ဝင်ကြသည်။ ဗာဗုလုန်မြို့သားများသည် အငိုက်မိသွားပြီး ဗာဗုလုန်ကျသွားသည်။ (ဒံယေလ ၅:၃၀) ယေဟောဝါ ဘုရားသခင်သည် ထိုအဖြစ်အပျက်များကို ပရောဖက်ပြုရန် ဟေရှာယကို မှုတ်သွင်းတော်မူသည် ဖြစ်ရာ ကိစ္စရပ်များကို ညွှန်ကြားပေးသူမှာ ကိုယ်တော်ပင် ဖြစ်ကြောင်း သံသယ ဖြစ်စရာ မရှိပေ။

၁၅။ ဗာဗုလုန်အတွက် အဘယ် အနာဂတ် ရှိသနည်း။

၁၅ ဗာဗုလုန်သည် အဘယ် အတိုင်းအတာအထိ လုံးဝ ဖျက်ဆီးခံရမည်နည်း။ ယေဟောဝါ၏ ဤကြေညာချက်ကို နားထောင်ပါ– “ထိုမြို့၌ ကာလအစဉ် လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေ။ အာရပ်လူသည် တဲရှင် မစိုက်။ သိုးထိန်းတို့သည် သိုးများကို ခြံသွင်းမည် မဟုတ်။ တောကြောင်များသည် ထိုမြို့၌ ခိုအောင်းကြလိမ့်မည်။ အိမ်တို့သည် တောခွေးများနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုတ်ငှက်များလည်း နေရာကျ၍ နတ်ဆိုးတို့လည်း ကခုန်ကြလိမ့်မည်။ ခွေးအတို့သည် ဘုံဗိမာန်များ၌လည်းကောင်း၊ ဝံပုလွေတို့သည်လည်း ကျက်သရေတိုက်များ၌လည်းကောင်း အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သောကာလ နီးလှပြီ။ ထိုမြို့၏ အသက်တာ မရှည်ရ။” (ဟေရှာယ ၁၃:၂၀-၂၂၊ သမ္မာ) မြို့၏ အနာဂတ် ကြမ္မာမှာ လုံးဝ ဖျက်ဆီးခံရခြင်း ဖြစ်မည်။

၁၆။ လက်ရှိ ဗာဗုလုန်၏ အခြေအနေသည် ကျွန်ုပ်တို့တွင် အဘယ် ယုံကြည်စိတ်ချမှုကို ဖြစ်စေသနည်း။

၁၆ ဘီ.စီ.အီး. ၅၃၉ တွင် ယင်းသို့ ချက်ချင်း ဖြစ်မသွားပါ။ သို့သော် ဗာဗုလုန်နှင့်ပတ်သက်၍ ဟေရှာယ ကြိုဟောခဲ့သမျှ အမှန် ဖြစ်ပျက်ခဲ့သည်ကို ယနေ့အချိန်တွင် အထင်အရှား တွေ့ရသည်။ ဗာဗုလုန်သည် “တစ်ပြင်လုံး ဖျက်ဆီးခံထားရသည့် မြင်ကွင်း၊ အပျက်အယွင်း အစုအပုံအဖြစ် ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်နေသည်မှာ ယခုထိပင်” ဟု ကျမ်းစာဋီကာဆရာတစ်ဦး ဆို၏။ ထို့ပြင် “ဒီမြင်ကွင်းကို မြင်လိုက်ရတာနဲ့ ဟေရှာယနဲ့ ယေရမိတို့ရဲ့ ကြိုဟောချက်များ အတိအကျ မှန်လိုက်လေခြင်း ဆိုတာကို သတိမရဘဲ မနေနိုင်ပါ” ဟု ထပ်၍ ဆို၏။ ရှင်းနေသည်မှာ ဗာဗုလုန် ကျဆုံးခြင်းအကြောင်းနှင့် နောက်ဆုံးတွင် လုံးဝ ပျက်စီးမည့်အကြောင်းကို ဟေရှာယခေတ်ရှိ မည်သူကမျှ ကြိုဟောနိုင်မည် မဟုတ်ပါ။ ထို့ထက်ကား မေဒိနှင့် ပါးရှားလက်တွင်း ဗာဗုလုန် ကျရှုံးခြင်းသည် ဟေရှာယကျမ်းကို ရေးပြီး နောက် အနှစ် ၂၀၀ ခန့်ကြာမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်! ထို့ပြင် သူမ၏ အပြီးသတ် ပျက်စီးမှုသည် နောက်ပိုင်းရာစုနှစ်များတွင် ဖြစ်ပျက်ခဲ့သည်။ ဤအချက်က ဘုရားသခင်၏ မှုတ်သွင်းခံ နှုတ်ကပါဌ်တော်အဖြစ် သမ္မာကျမ်းစာအပေါ် ကျွန်ုပ်တို့ယုံကြည်မှုကို ခိုင်ခံ့စေသည် မဟုတ်လော။ (၂ တိမောသေ ၃:၁၆) ထို့ပြင် ယေဟောဝါသည် အတိတ်ကာလ၌ ပရောဖက်ပြုချက်များကို ပြည့်စုံစေခဲ့သည် ဖြစ်၍ မပြည့်စုံသေးသော ကျမ်းစာပရောဖက်ပြုချက်များသည်လည်း ဘုရားသခင် သတ်မှတ်ထားသည့်အချိန်တွင် အမှန် ပြည့်စုံမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်သည်။

‘ဒုက္ခဆင်းရဲထဲမှ ချမ်းသာ’

၁၇၊ ၁၈။ ဗာဗုလုန် ပျက်စီးခြင်းသည် ဣသရေလလူမျိုးအတွက် အဘယ် ကောင်းချီးများ ဖြစ်စေမည်နည်း။

၁၇ ဗာဗုလုန် ကျဆုံးခြင်းသည် ဣသရေလလူမျိုးအတွက် ကယ်လွှတ်ခြင်း ဖြစ်မည်။ သုံ့ပန်းဘဝမှ လွတ်ကာ ကတိထားရာ ပြည်တော်သို့ ပြန်ခွင့်ရခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ယခု ဟေရှာယ ဤသို့ဆို၏– “ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တစ်ဖန်ရွေးကောက်သဖြင့် သူတို့ကို နေရင်းပြည်၌ နေရာချတော်မူလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဖော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သူတို့ကို နေရင်းအရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် တစ်ပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည်တော်တွင် ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့်မည်။ အထက်က သိမ်းသွားဖူးသောသူတို့ကို တစ်ဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဖူးသောသူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။” (ဟေရှာယ ၁၄:၁၊ ၂) ဤတွင် “ယာကုပ်” ဟု ဆိုထားခြင်းသည် ဣသရေလတစ်မျိုးလုံး—၁၂ နွယ်စလုံးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယေဟောဝါသည် လူမျိုးတော်ကို ပြည်တော်ပြန်ခွင့် ပြုခြင်းဖြင့် “ယာကုပ်” ကို ကရုဏာပြမည်။ သူတို့နှင့်အတူ တိုင်းတစ်ပါးသား ထောင်နှင့်ချီ ပူးပေါင်းလာကြမည် ဖြစ်ပြီး သူတို့ထဲမှများစွာသည် ဗိမာန်တော် ကျေးကျွန်အဖြစ် ဣသရေလလူမျိုး၌ အမှုဆောင်ကြမည်။ ဣသရေလအချို့သည် ယခင် မိမိတို့အား သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သူများ၏ အထက်အရာရှိများပင် ဖြစ်လာကြမည်။ c

၁၈ ပြည်နှင်ခံဘဝ၏ ပြင်းစွာသော ဒုက္ခဆင်းရဲ ရှိတော့မည် မဟုတ်ပါ။ ယင်းအစား ယေဟောဝါသည် မိမိလူမျိုးကို “[သူတို့၏] ဒုက္ခဆင်းရဲခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ သူတစ်ပါး စေစား၍ ခဲယဉ်းစွာ အစေခံရခြင်းထဲက နုတ်၍ ချမ်းသာပေးတော်မူ” မည်။ (ဟေရှာယ ၁၄:၃၊ သမ္မာ) ပကတိကျွန်ဘဝမှ လွတ်မြောက်ခြင်းကြောင့် ဣသရေလလူမျိုးသည် မှောက်မှားသော ဘုရားများကို ဝတ်ပြုကိုးကွယ်သူများအကြား ခံစားရသည့် နာကျင်မှုနှင့် စိတ်လှုပ်ရှားမှုကိုလည်း ခံစားရတော့မည် မဟုတ်ပါ။ (ဧဇရ ၃:၁; ဟေရှာယ ၃၂:၁၈) သမ္မာကျမ်းစာထဲမှ နယ်မြေများနှင့် လူများ စာအုပ်၌ ယင်းနှင့်ပတ်သက်၍ ဤသို့ ဖော်ပြ၏– “ဗာဗုလုန်လူမျိုးတို့၏ နတ်ဘုရားများသည် အဆိုးဝါးဆုံး အသွင်အပြင်၊ စရိုက်လက္ခဏာအားလုံး ရှိသည့် ဗာဗုလုန်လူများကဲ့သို့ပင် ဖြစ်ကြသည်။ သူတို့သည် သူရဲဘောနည်းသူများ၊ သောက်ကြူးသူများ၊ ဉာဏ်ပညာမဲ့သောသူများ ဖြစ်ကြသည်။” အဆင့်အတန်း မရှိသော ဘာသာရေးဝန်းကျင်မှ လွတ်မြောက်ခြင်းသည် ချမ်းသာပင် ဖြစ်သည်!

၁၉။ ဣသရေလလူမျိုးသည် ယေဟောဝါ၏ ခွင့်လွှတ်မှုကို ခံစားဖို့ဆိုလျှင် အဘယ်အရာ လုပ်ဆောင်ရန် လိုသနည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူရရှိသနည်း။

၁၉ သို့သော် ယေဟောဝါ၏ ကရုဏာတော်သည် အခြေအနေပေါ်တွင် မူတည်သည်။ ကိုယ်တော်၏ လူမျိုးသည် ဘုရားသခင် ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ဖြစ်စေခဲ့သော ဆိုးသွမ်းမှုများအတွက် နောင်တရကြောင်း တင်ပြကြရမည်။ (ယေရမိ ၃:၂၅) ပွင့်ပွင့်လင်းလင်း၊ နှလုံးအပြည့်ဖြင့် ဝန်ချတောင်းပန်ခြင်းသည် ယေဟောဝါ၏ ခွင့်လွှတ်မှုကို ရစေမည်။ (နေဟမိ ၉:၆-၃၇; ဒံယေလ ၉:၅ ရှု။) ဤမူသည် ယနေ့အချိန်နှင့်လည်း သက်ဆိုင်သည်။ “မပြစ်မှားတတ်သောသူ တစ်ယောက်မျှ မရှိသည် ဖြစ်၍” ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏ ကရုဏာတော် လိုအပ်သည်။ (၂ ရာဇဝင်ချုပ် ၆:၃၆) ကရုဏာတော်ရှင် ယေဟောဝါသည် ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ချတောင်းပန်ရန်၊ နောင်တယူရန်နှင့် ကျွန်ုပ်တို့ ပြန်လည်ကောင်းမွန်လာရန် အလို့ငှာ မှားယွင်းသော မည်သည့်လမ်းစဉ်ကိုမဆို ရှောင်ရှားဖို့ ကျွန်ုပ်တို့ကို မေတ္တာပါစွာ ဖိတ်ခေါ်ထားတော်မူ၏။ (တရားဟောရာ ၄:၃၁; ဟေရှာယ ၁:၁၈; ယာကုပ် ၅:၁၆) ၎င်းတို့သည် ကိုယ်တော်၏ မျက်နှာသာကို ပြန်လည်ရရှိစေသည်သာမက ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုကိုလည်း ဖြစ်စေသည်။—ဆာလံ ၅၁:၁; သုတ္တံ ၂၈:၁၃; ၂ ကောရိန္သု ၂:၇

ဗာဗုလုန်အတွက် “ပုံစကား”

၂၀၊ ၂၁။ ဗာဗုလုန်၏ အိမ်နီးချင်းနိုင်ငံများသည် သူ၏ ကျဆုံးခြင်းကို မည်သို့ ဝမ်းမြောက်ကြသနည်း။

၂၀ ဗာဗုလုန်သည် အမြင့်ဆုံး ကမ္ဘာ့အာဏာစက်အဆင့် မရောက်မီ အနှစ် ၁၀၀ ကျော်အချိန်တွင် ဟေရှာယက သူကျရှုံးသည့်အခါ ကမ္ဘာက တုံ့ပြန်ပုံကို ကြိုပြော၏။ ဗာဗုလုန်တွင် သုံ့ပန်းဖြစ်နေရာမှ လွတ်မြောက်လာကြမည့် ဣသရေလလူမျိုးကို ပရောဖက်ပြုလျက် သူ ဤသို့ မှာကြား၏– “သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင်၍ ပုံစကား ကို ဤသို့ မြွက်ဆိုလိမ့်မည်– ‘အစိုးတရပြုသောသူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေပြီတကား။ လူသတ္တဝါတို့ကို အမျက်ထွက်၍ အစဉ်မပြတ် ရိုက်ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍ အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မလူတို့၏ တောင်ဝှေးကိုလည်းကောင်း၊ ထိုသို့အစိုးရသောသူတို့၏ ရာဇလှံတံကိုလည်းကောင်း ထာဝရဘုရား ချိုးတော်မူပြီ။’” (ဟေရှာယ ၁၄:၄-၆) ဗာဗုလုန်သည် လွတ်လပ်သော ပြည်သူများကို ကျွန်ဘဝ ရောက်စေသော အောင်နိုင်သူ၊ နှိပ်စက်ညှဉ်းဆဲသူတစ်ဦးအဖြစ် နာမည်ထွက်ခဲ့သည်။ မြို့ကြီး၏ ဘုန်းမီးနေလ ထွန်းတောက်သည့်ခေတ်တွင် အုပ်ချုပ်ခဲ့ကြသော—နေဗုခဒ်နေဇာမှ စတင်၍ နဗိုနိုက်ဒတ်စ်နှင့် ဗေလရှာဇာတွင် နိဂုံးချုပ်သော—အဓိက ဗာဗုလုန်မင်းများကို ရည်ညွှန်းပြီး သူမ၏ ကျဆုံးခြင်းကို “ပုံစကား” ဖြင့် ဖော်ပြခြင်းသည် သင့်လျော်ပါသည်!

၂၁ သူမ၏ ကျဆုံးခြင်းက ထူးခြားသွားစေမည်! “မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်း ရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။ ထင်းရှူးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က ‘သင်သည် လဲပြီးသည်နောက် ငါတို့ကို ခုတ်လှဲသောသူသည် မတက်မလာရ’ ဟု သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏။” (ဟေရှာယ ၁၄:၇၊ ၈) ဗာဗုလုန်ဘုရင်များအဖို့ ပတ်ဝန်းကျင်နိုင်ငံများတွင် ရှိသော ဘုရင်များသည် မိမိတို့ လိုရာသုံးရန်အတွက် ခုတ်ဖြတ်အသုံးပြုနိုင်သော သစ်ပင်များကဲ့သို့ ဖြစ်ခဲ့ကြသည်။ သို့သော် အဆိုပါအားလုံး ဇာတ်သိမ်းသွားပြီ။ ဗာဗုလုန်ကို ခုတ်လှဲသူသည် သူ၏ နောက်ဆုံးအပင်ကို ခုတ်လှဲပစ်လိုက်ပြီ!

၂၂။ လင်္ကာထဲတွင် ဗာဗုလုန်မင်းဆက် ကျဆုံးခြင်းက ရှီးအိုးလ်ကို အဘယ် အကျိုးသက်ရောက်မှု ရှိစေသနည်း။

၂၂ ဗာဗုလုန် ကျဆုံးခြင်းကို သင်္ချိုင်းကိုယ်နှိုက်က တုံ့ပြန်ခြင်းသည် အလွန် အံ့အားသင့်စရာ ဖြစ်၏– “သင်သည် ရောက်လာသောအခါ အောက်အရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှာ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင်အပေါင်းတို့ကို ရာဇပလ္လင်တို့မှ ထစေ၏။ ထိုသူအပေါင်းတို့က ‘သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား။ ငါနှင့် တူပါသည်တကား။ သင်၏ ဘုန်းအသရေနှင့် သင်၏ တူရိယာမျိုး အသံဗလံတို့ကို မရဏာနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက် ရှိပါသည်တကား’ ဟု သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။” (ဟေရှာယ ၁၄:၉-၁၁) ထိမိသည့် လင်္ကာပုံဖော်ချက်တစ်ရပ် ဖြစ်သည်! လူသားများ၏ သာမန်သင်္ချိုင်းတွင် အရင် သေဆုံးခဲ့သည့် ဗာဗုလုန်မင်းများသည် အသစ်ရောက်လာသူကို ကြိုဆိုနိုင်ရန် နိုးထလာကြဘိသည့်အလား ပုံဖော်ထားသည်။ ယခု ခိုကိုးရာမဲ့ ဖြစ်နေပြီး အဖိုးထိုက် ခမ်းနားသည့် ခုတင်အစား လောက်ကောင်များဖြင့် ခင်းထားသည့် အိပ်ရာတွင် လှဲလျောင်းရပြီး တန်ဖိုးကြီးသည့် စောင်အစား တီကောင်များ ဖုံးလွှမ်းခံရသည့် ဗာဗုလုန်၏ အုပ်ချုပ်မှုအာဏာကို သူတို့ ပြောင်လှောင်ကြသည်။

“ခြေဖြင့် ကျော်နင်းခံရသော အသေကောင်ကဲ့သို့”

၂၃၊ ၂၄။ ဗာဗုလုန် ဘုရင်များသည် အဘယ် တရားလွန် မာန်မာန ထောင်လွှားမှုကို ပြသကြသနည်း။

၂၃ ဟေရှာယသည် ပုံစကားကို ဤသို့ ဆက်ဆို၏– “အိုနံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည် မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။” (ဟေရှာယ ၁၄:၁၂) အတ္တမာနက ဗာဗုလုန်မင်းများအား ပတ်ဝန်းကျင်ရှိသူများ အထက်တွင် မိမိကိုယ်ကို မြှင့်တင်စေသည်။ နံနက်စောစော ကောင်းကင်တွင် တောက်ပစွာ ထွန်းလင်းနေသည့် ကြယ်တစ်လုံးကဲ့သို့ သူတို့သည် မာန်မာန ထောင်လွှားစွာဖြင့် တန်ခိုးနှင့် အာဏာကို စွဲကိုင်အသုံးပြုကြသည်။ မာန်မာန ထောင်လွှားရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ အာရှုရိ မတိုက်နိုင်ခဲ့သော ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာက အနိုင်ယူတိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပုံစကားက မာနကြီးသော ဗာဗုလုန်မင်းဆက်တို့၏ မာနကို ဤသို့ ပုံဖော်ပြ၏– “ကောင်းကင်သို့ ငါတက်မည်။ ဘုရားသခင်၏ ကြယ်များထက် ငါ့ပလ္လင်ကို ငါချီးမြှင့်မည်။ မြောက်မျက်နှာဘက် အဝေးဆုံးသောအရပ်၊ ဘုရားတို့ စုဝေးရာတောင်ပေါ်မှာ ငါနန်းထိုင်မည်။ မိုးတိမ်အထွတ်သို့ ငါတက်မည်။ အမြင့်ဆုံးသော ဘုရားနှင့် ဂုဏ်တူမည်ဟု အကြံရှိလေပြီ။” (ဟေရှာယ ၁၄:၁၃၊ ၁၄၊ သမ္မာ) ၎င်းထက် ဆိုးရွားသည့်အရာ ရှိနိုင်ပါဦးမည်လော။

၂၄ သမ္မာကျမ်းစာထဲတွင် ဒါဝိဒ်မင်းမျိုးမှ ဆင်းသက်သော ဘုရင်များကို ကြယ်များဖြင့် ပမာတင်ပြသည်။ (တောလည်ရာ ၂၄:၁၇) ဒါဝိဒ်မှစ၍ ထို “ကြယ်တကာတို့” သည် ဇိအုန်တောင်တွင် အုပ်ချုပ်ခဲ့ကြသည်။ ရှောလမုန်သည် ယေရုရှလင်မြို့တွင် ဗိမာန်တော် တည်ဆောက်ပြီးနောက် ဇိအုန်ဟူသည့် အမည်သည် မြို့တစ်မြို့လုံးနှင့် သက်ဆိုင်လာသည်။ ပညတ်ပဋိညာဉ်အောက်တွင် ဣသရေလအမျိုးသားအားလုံးသည် ယေရုရှလင်မြို့သို့ တစ်နှစ်လျှင် သုံးကြိမ် သွားရောက်ရန် တာဝန်ရှိခဲ့သည်။ ထို့ကြောင့် ၎င်းသည် “စည်းဝေးရာတောင်” ဖြစ်လာခဲ့သည်။ ယုဒဘုရင်မင်းတို့ကို တိုက်ခိုက်အနိုင်ယူပြီး သူတို့ကို ထိုတောင်မှ ရွှေ့လိုက်မည်ဟု စိတ်ဆုံးဖြတ်ထားခြင်းကြောင့် ထို “ကြယ်တို့” အပေါ်တွင် မိမိကိုယ်ကို ချီးမြှောက်မည် ဟူသော ရည်ရွယ်ချက်ကို နေဗုခဒ်နေဇာ ကြေညာနေခြင်း ဖြစ်သည်။ သူတို့အပေါ် မိမိ၏ အောင်မြင်မှုအတွက် ယေဟောဝါကို ဂုဏ်မတင်ပါ။ ၎င်းအစား သူသည် မာန်မာန ထောင်လွှားစွာ ယေဟောဝါ၏ နေရာကို ဝင်ယူလိုက်သည်။

၂၅၊ ၂၆။ ဗာဗုလုန် မင်းဆက်သည် အရှက်တကွဲ အကျိုးနည်းသည့် နိဂုံးကို မည်သို့ ရင်ဆိုင်တွေ့ကြုံရသနည်း။

၂၅ မာနထောင်သော ဗာဗုလုန်မင်းဆက်အတွက် အခြေအနေ ပြောင်းပြန် ဖြစ်သွားသည်! ဗာဗုလုန်သည် ဘုရားသခင်၏ ကြယ်များအထက်တွင် ချီးမြှောက်ခံရဖို့ဝေးစွ။ ယင်းအစား ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သင်သည် မရဏာနိုင်ငံ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။ သင့်ကို မြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင် ‘မြေကြီးကို တုန်လှုပ်စေ၍ တိုင်းနိုင်ငံများကို လှုပ်ချောက်သောသူကား ဤသူလော။ လောကီနိုင်ငံကို တောကဲ့သို့ ဖြစ်စေ၍ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တစ်ဖန် မလွှတ်သောသူကား ဤသူလော။’” (ဟေရှာယ ၁၄:၁၅-၁၇) ရည်မှန်းချက်ကြီးလွန်းသော မင်းဆက်သည် အခြားလူသားများကဲ့သို့ပင် ဟေးဒီးစ် (ရှီးအိုးလ်) သို့ ဆင်းသက်ရမည်။

၂၆ သို့ဆိုလျှင် တိုင်းနိုင်ငံများကို တိုက်ခိုက်အနိုင်ယူခဲ့သည့်၊ ဖြစ်ထွန်းသော ပြည်တော်ကို ဖျက်ဆီးခဲ့သည့်၊ မရေမတွက်နိုင်အောင် များသည့် မြို့များကို ဖျက်ဆီးခဲ့သော သူ၏ တန်ခိုးသည် မည်သည့်နေရာသို့ ရောက်သွားမည်နည်း။ သုံ့ပန်းများကို ခေါ်ဆောင်ခဲ့ပြီး မည်သည့်အခါမျှ နေရင်းပြန်ခွင့် မပြုသည့် ကမ္ဘာ့အာဏာစက်သည် မည်သည့်နေရာသို့ ရောက်သွားသနည်း။ ဗာဗုလုန် မင်းဆက်များသည် သင့်လျော်စွာ သင်္ဂြိုဟ်ခြင်းပင် မခံရကြပါ! ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “အပြည်ပြည်သော ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့သင်္ချိုင်းဂူ၌ ဘုန်းအသရေနှင့် ကျိန်းစက်ကြ၏။ သင်မှာမူ ရွံရှာဖွယ်သော လျှောမွှေးကဲ့သို့ သင်္ချိုင်းမဲ့ ပစ်ချခြင်း ခံရ၏။ ကွပ်မျက်သောသူ၊ ဓားဖြင့် ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုသို့ ဆင်းသောသူများနှင့် ဖုံးအုပ်လျက် ခြေဖြင့် ကျော်နင်းခံရသော အလောင်းကဲ့သို့ ဖြစ်လေ၏။ သင်သည် ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို မခံရ။ အကြောင်းမူကား ကိုယ့်ပြည်ကို ဖျက်ဆီးပြီ။ ကိုယ့်အမျိုးသားချင်းတို့ကို သတ်လေပြီ။ အဆိုးပြုကျင့်သူတို့ အနွယ်၏ အမည်နာမသည် လုံးလုံး ကွယ်ပျောက်ရလိမ့်မည်။” (ဟေရှာယ ၁၄:၁၈-၂၀၊ သမ္မာ) ဘုရင်တစ်ပါးသည် ဂုဏ်အသရေရှိရှိ သင်္ဂြိုဟ်ခြင်း မခံရလျှင် ရှက်ဖွယ် ဖြစ်သည်ဟု ရှေးအချိန်က သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ဗာဗုလုန်ဘုရင် မင်းဆက်နှင့် ပတ်သက်၍ မည်သို့ ဆိုမည်နည်း။ ဘုရင်တစ်ပါးစီသည် ဂုဏ်အသရေရှိရှိ၊ လျောက်ပတ်စွာ သင်္ဂြိုဟ်ခံခဲ့ရသည်မှာ မှန်ပါသည်၊ သို့သော် နေဗုခဒ်နေဇာမှ ဆင်းသက်သော အင်ပါယာ ဧကရာဇ်မင်းဆက်သည် “ရွံရှာဖွယ်သော လျှောမွှေးကဲ့သို့” စွန့်ပစ်ခံရသည်။ ထိုမင်းဆက်များသည် စစ်ပွဲတွင် ကျရှုံးသွားသော သာမန်ခြေလျင်စစ်သည်တစ်ဦးနှယ် အမှတ်အသား မရှိသော သင်္ချိုင်းတစ်ခုအထဲသို့ ပစ်ချခံရသည့်အလား ဖြစ်သည်။ အလွန် နှိမ့်ချခံရခြင်းပင် ဖြစ်သည်!

၂၇။ အနာဂတ် ဗာဗုလုန်မျိုးဆက်သစ်များသည် ဘိုးဘေးတို့၏ အပြစ်အတွက် မည်သည့်နည်းဖြင့် ဒုက္ခဆင်းရဲ ခံရကြသနည်း။

၂၇ အနိုင်ရရှိသော မေဒိနှင့် ပါးရှားအတွက် နောက်ဆုံးအမိန့်များဖြင့် ဤပုံစကားကို နိဂုံးချုပ်လိုက်၏– “သူ၏ သားမြေးတို့သည် ထ၍ မြေကြီးကို အပိုင်ရသဖြင့် မြေတစ်ပြင်လုံးတွင် နှံ့ပြားမည်ဟု စိုးရိမ်စရာ မရှိစေခြင်းငှာ သူတို့အဖို့ ဘိုးဘေးတို့၏ အပြစ်ကြောင့် ကွပ်မျက်ခြင်းကို ပြင်ကြလော့။” (ဟေရှာယ ၁၄:၂၁၊ သမ္မာ) ဗာဗုလုန်သည် ထာဝစဉ် ကျဆုံးသွားမည်။ ဗာဗုလုန်မင်းဆက်သည် အမြစ်ပြတ်သွားမည်။ အသစ်ပြန်လည်တည်ထောင်မည် မဟုတ်ပါ။ နောက်ထပ်မွေးလာသည့် ဗာဗုလုန်မျိုးဆက်သစ်များသည် “ဘိုးဘေးတို့၏ အပြစ်ကြောင့်” ဒုက္ခဆင်းရဲခံရမည်။

၂၈။ ဗာဗုလုန် ဘုရင်များအား အပြစ်ကျူးလွန်စေသည့် ရင်းမြစ်ကား အဘယ်နည်း၊ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူရရှိသနည်း။

၂၈ ဗာဗုလုန် မင်းဆက်များအပေါ် ချမှတ်သော စီရင်ချက်သည် ကျွန်ုပ်တို့အတွက် အဖိုးမဖြတ်နိုင်သော သင်ခန်းစာတစ်ခု ပေးသည်။ ဗာဗုလုန် ဘုရင်များကို အပြစ်ကျူးလွန်စေခဲ့သော အရင်းအမြစ်မှာ အတောမသတ်နိုင်သည့် ရည်မှန်းချက်ကြီးလွန်းခြင်းကြောင့် ဖြစ်သည်။ (ဒံယေလ ၅:၂၃) သူတို့၏ စိတ်နှလုံးတွင် အာဏာမက်မှုဖြင့် ပြည့်နေသည်။ သူတို့သည် အခြားသူများကို လွှမ်းမိုးအုပ်ချုပ်လိုခဲ့ကြသည်။ (ဟေရှာယ ၄၇:၅၊ ၆) ထို့ပြင် သူတို့သည် ဘုရားသခင်သာ ခံယူထိုက်သော လူသားများ ပေးသည့် ဘုန်းအသရေကို အာသာငမ်းငမ်း လိုချင်တပ်မက်ခဲ့ကြသည်။ (ဗျာဒိတ် ၄:၁၁) ၎င်းသည် အခွင့်အာဏာ ရှိသူတိုင်း—ခရစ်ယာန် အသင်းတော်အတွင်းရှိသူများအတွက်ပင် သတိပေးချက်တစ်ရပ် ဖြစ်သည်။ ရည်မှန်းချက်ကြီးလွန်းခြင်းနှင့် အတ္တမာန်မာနတို့သည် တစ်ဦးချင်းကိုရော တိုင်းနိုင်ငံလိုက်ကိုပါ ယေဟောဝါ သည်းခံခွင့်လွှတ်မည် မဟုတ်သော စရိုက်လက္ခဏာများ ဖြစ်သည်။

၂၉။ ဗာဗုလုန် အုပ်စိုးသူများ၏ မာန်မာနနှင့် ရည်မှန်းချက်ကြီးလွန်းခြင်းတို့သည် အဘယ်အရာကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သနည်း။

၂၉ ဗာဗုလုန် အုပ်စိုးသူများ၏ မာန်မာနသည် “ဤလောကကို အစိုးရသောဘုရား၊” စာတန်မာရ်နတ်၏ စိတ်သဘောကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ (၂ ကောရိန္သု ၄:၄) သူသည်လည်း အာဏာရူး ဖြစ်ပြီး ယေဟောဝါ ဘုရားသခင်၏အထက်တွင် နေရာရလိုသူ ဖြစ်သည်။ ဗာဗုလုန်ဘုရင်နှင့် သူတိုက်ခိုက်အောင်မြင်ခဲ့သော လူများအဖြစ်အပျက်၌ ဖြစ်ခဲ့သကဲ့သို့ စာတန်၏ ရည်မှန်းချက် အင်မတန် ကြီးလွန်းခြင်းကြောင့် လူသားအားလုံးသည် ဝမ်းနည်းကြေကွဲမှုနှင့် ဒုက္ခဆင်းရဲကို ခံစားခဲ့ရသည်။

၃၀။ သမ္မာကျမ်းစာထဲတွင် အခြားအဘယ်ဗာဗုလုန်အကြောင်း ဖော်ပြထားသနည်း၊ သူသည် အဘယ် စိတ်သဘောထားကို ပြသခဲ့သနည်း။

၃၀ ထို့အပြင် ဗျာဒိတ်ကျမ်းထဲတွင် အခြားဗာဗုလုန်—“မဟာဗာဗုလုန်” အကြောင်း ကျွန်ုပ်တို့ ဖတ်ရသည်။ (ဗျာဒိတ် ၁၈:၂ကဘ) ဤအဖွဲ့အစည်း၊ ကမ္ဘာ့မှောက်မှားသော ဘာသာရေး အင်ပါယာသည်လည်း မာန်မာန ထောင်လွှားမှု၊ ဖိနှိပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုသဘောကို တင်ပြခဲ့သည်။ ရလဒ်အနေနှင့် သူမသည်လည်း “ယေဟောဝါ၏ နေ့” နှင့် ရင်ဆိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသောအချိန်တွင် ဖျက်ဆီးခံရမည်။ (ဟေရှာယ ၁၃:၆ကဘ) ၁၉၁၉ မှစ၍ “ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ” ဟူသော သတင်းစကားကို ကမ္ဘာတစ်ဝန်းတွင် ကြေညာခဲ့ကြပြီ။ (ဗျာဒိတ် ၁၄:၈) သူသည် ဘုရားသခင့်လူမျိုးကို သုံ့ပန်းအဖြစ် ဖမ်းချုပ်မထားနိုင်သည့်အချိန်သည် သူ၏ ကျဆုံးခြင်း ဖြစ်သည်။ မကြာမီ သူမ လုံးဝ ဖျက်ဆီးခံရမည်။ ရှေးဗာဗုလုန်နှင့်ပတ်သက်၍ ယေဟောဝါ ဤသို့ အမိန့်ပေးခဲ့သည်– “ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြလော့။ သူပြုဖူးသမျှအတိုင်း သူ၌ ပြုကြလော့။ သူသည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရားတစ်ဖက်၌ ဝါကြွားပြီတကား။” (ယေရမိ ၅၀:၂၉; ယာကုပ် ၂:၁၃) မဟာဗာဗုလုန်သည်လည်း ထိုကဲ့သို့သော တရားစီရင်ချက်ကို ခံရမည်။

၃၁။ မကြာမီ မဟာဗာဗုလုန်၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း။

၃၁ ထို့ကြောင့် ဟေရှာယကျမ်းတွင် ပါသော ဤပရောဖက်ပြုချက်၏ နောက်ဆုံးအပိုင်း၊ ယေဟောဝါ၏ မိန့်တော်မူချက်သည် ရှေးဗာဗုလုန်အပြင် မဟာဗာဗုလုန်နှင့်လည်း သက်ဆိုင်သည်– “ငါသည် သူတို့တစ်ဖက်၌ ထ၍ ဗာဗုလုန်မြို့၏ နာမနှင့် အကြွင်းအကျန်ကိုလည်းကောင်း၊ သားမြေးတို့ကိုလည်းကောင်း ပယ်ဖြတ်မည် . . .။ တစ်ဖန်လည်း ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်းမိုးရာအရပ် ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တံမြက်စည်းဖြင့် လှည်းမည်။” (ဟေရှာယ ၁၄:၂၂၊ ၂၃) လူဆိတ်ညံလျက် ရှိပြီး ပျက်စီးပြိုပျက်နေသည့် ရှေးဗာဗုလုန်မြို့က ယေဟောဝါသည် မကြာမီ မဟာဗာဗုလုန်၌ အဘယ်သို့ ပြုမည်ကို ဖော်ပြသည်။ စစ်မှန်သော ဝတ်ပြုရေးကို နှစ်သက်မြတ်နိုးသူများအတွက် စိတ်သက်သာစရာ ဖြစ်သည်! မာန်မာနကြီးခြင်း၊ ထောင်လွှားခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်း စသော စာတန်၏ စရိုက်လက္ခဏာများ ကျွန်ုပ်တို့၌ တိုးများလာစေခြင်းကို ဘယ်တော့မျှ ခွင့်မပြုဖို့ ကြိုးစားအားထုတ်ရန် တိုက်တွန်းမှုတစ်ရပ် ဖြစ်သည်!

[အောက်ခြေမှတ်ချက်များ]

a ဟေရှာယသည် မေဒိတစ်မျိုးကိုသာ နာမည်ဖြင့် ဖော်ပြသော်လည်း ဗာဗုလုန်ကို တိုက်ခိုက်ရာတွင် အခြားသော တိုင်းနိုင်ငံများ—မေဒိ၊ ပါးရှား၊ ဧလံနှင့် အခြားနိုင်ငံငယ်များလည်း မဟာမိတ်ဖွဲ့ ပါဝင်ကြမည် ဖြစ်သည်။ (ယေရမိ ၅၀:၉; ၅၁:၂၄၊ ၂၇၊ ၂၈) အိမ်နီးချင်း တိုင်းနိုင်ငံများသည် မေဒိနှင့် ပါးရှား နှစ်ခုစလုံးကို “မေဒိ” အဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။ ထို့ပြင် ဟေရှာယခေတ်တွင် မေဒိသည် တန်ခိုးကြီးနိုင်ငံ ဖြစ်နေသည်။ ကုရုမင်း၏ အုပ်ချုပ်မှုအောက်၌သာ ပါးရှားသည် တန်ခိုးကြီးလာခြင်း ဖြစ်သည်။

b သို့ရာတွင် နောက်ပိုင်း၌ မေဒိနှင့် ပါးရှားတို့သည် စည်းစိမ်ခံစားခြင်းကို နှစ်သက်လာခဲ့ကြောင်း တွေ့ရသည်။—ဧသတာ ၁:၁-၇

c ဥပမာ၊ ဒံယေလသည် မေဒိနှင့် ပါးရှားလက်အောက်ရှိ ဗာဗုလုန်တွင် အရာရှိကြီးတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ အနှစ် ၆၀ ခန့် ကြာပြီးနောက် ဧသတာသည် ပါးရှားဘုရင် အာရွှေရု၏ မိဖုရား ဖြစ်လာပြီး မော်ဒကဲသည် ပါးရှားအင်ပါယာ တစ်ခုလုံး၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

[လေ့လာရန် မေးခွန်းများ]