မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၈

အစ္စရေးလူတို့ ခါနာန်ပြည်သို့ ဝင်ရောက်

အစ္စရေးလူတို့ ခါနာန်ပြည်သို့ ဝင်ရောက်

ယောရှုသည် အစ္စရေးလူတို့ကို ဦးဆောင်ကာ ခါနာန်ပြည်ကို တိုက်ခိုက်အောင်မြင်သည်။ ယေဟောဝါသည် မိမိလူမျိုးကို မတရားဖိနှိပ်မှုမှ ကယ်နုတ်ရန် တရားသူကြီးများကို ခန့်အပ်သည်

ခါနာန်ပြည်သို့ အစ္စရေးလူတို့မဝင်ရောက်မီ ရာစုနှစ်များစွာကပင် ယေဟောဝါသည် အာဗြဟံ၏သားစဉ်မြေးဆက်များအား ထိုပြည်ကိုပေးမည်ဟု ကတိပြုခဲ့သည်။ ယခု၊ ယောရှု၏ဦးဆောင်မှုအောက်တွင် အစ္စရေးတို့သည် ကတိထားရာပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် အသင့်ဖြစ်နေကြသည်။

ဘုရားသခင်သည် ဖျက်ဆီးခံထိုက်သော ခါနာန်လူမျိုးများကို တရားစီရင်ခဲ့သည်။ ခါနာန်ပြည်တွင် အကြီးအကျယ်လိင်အကျင့်ယိုယွင်းမှုနှင့် အကြောင်းမဲ့သွေးထွက်သံယိုဖြစ်မှုတို့ ပြည့်နှက်နေသည်။ ထို့ကြောင့် အစ္စရေးတို့သည် မိမိတို့တိုက်ခိုက်အနိုင်ရသော ခါနာန်မြို့များကို ရှင်းရှင်းဖျက်ဆီးရမည်ဖြစ်သည်။

ယောရှုသည် ထိုပြည်ထဲမဝင်ရောက်မီတွင် သူလျှိုနှစ်ဦးကို စေလွှတ်ခဲ့ရာ သူတို့သည် ဂျေရိခိုမြို့တွင် ရာခပ်အမည်ရှိသော အမျိုးသမီးတစ်ဦး၏အိမ်၌ တည်းခိုကြသည်။ သူလျှိုများသည် အစ္စရေးလူများဖြစ်ကြောင်း ရာခပ်သိလျက်နှင့် သူတို့ကို မိမိအိမ်တွင်လက်ခံပြီး ကာကွယ်ပေးခဲ့သည်။ အကြောင်းမှာ ရာခပ်သည် အစ္စရေးလူတို့အား ယေဟောဝါကယ်တင်ခဲ့သည့်ဖြစ်ရပ်များကို ကြားသိပြီး သူတို့ကိုးကွယ်သော ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိနှင့်မိမိအိမ်သားများကို အသက်ချမ်းသာပေးမည်ဟု ကျိန်ဆိုရန် သူလျှိုများကို သူပြောခဲ့သည်။

နောက်ပိုင်း၊ ခါနာန်ပြည်သို့ အစ္စရေးတို့ဝင်ရောက်ကာ ဂျေရိခိုမြို့ကိုလာတိုက်ချိန်တွင် ယေဟောဝါသည် ဂျေရိခိုမြို့ရိုးကို အံ့ဖွယ်နည်းဖြင့် ဖြိုချခဲ့သည်။ ယောရှု၏စစ်တပ်သည် မြို့တွင်းသို့ အလျင်အမြန်ဝင်ရောက်ကာ ဖျက်ဆီးပစ်သော်လည်း ရာခပ်နှင့်သူ့မိသားစုကို အသက်ချမ်းသာပေးခဲ့သည်။ ယောရှုသည် ခြောက်နှစ်တာကာလအတွင်း ဆက်တိုက်စစ်ချီကာ ကတိထားရာပြည်၏နယ်မြေအများစုကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ပြည်တော်ကို အစ္စရေးမျိုးနွယ်စုအလိုက် နယ်မြေခွဲဝေပေးခဲ့သည်။

ယောရှုသည် ဘုရားသခင့်လုပ်ငန်း၌ သူပါဝင်ခဲ့သည့် နှစ်ကာလများပြီးဆုံးခါနီးတွင် လူများကို စုရုံးစေခဲ့သည်။ ထို့နောက် ဘိုးဘေးများနှင့် ယေဟောဝါဆက်ဆံခဲ့ပုံကို သူတို့အား ပြန်ဆင်ခြင်သုံးသပ်စေပြီး ယေဟောဝါကိုသာ ဝတ်ပြုကြရန် သူ အားပေးခဲ့သည်။ သို့သော် ယောရှုနှင့် သူနှင့်အတူအမှုဆောင်ခဲ့သော အသက်ကြီးသူများ သေဆုံးသွားသောအခါ အစ္စရေးတို့သည် ယေဟောဝါကိုစွန့်ခွာပြီး မှားယွင်းသောဘုရားများကို ကိုးကွယ်လာကြသည်။ နှစ်ပေါင်း ၃၀၀ ခန့်ကာလတစ်လျှောက်တွင် သူတို့သည် ယေဟောဝါ၏ပညတ်များကို တစ်သမတ်တည်းလိုက်နာခြင်း မရှိခဲ့ကြချေ။ ထိုအတောအတွင်းတွင် ယေဟောဝါသည် အစ္စရေးတို့ကို ဖိနှိပ်ရန် ဖိလိတ္တိလူမျိုးကဲ့သို့သော ရန်သူများကို ခွင့်ပြုခဲ့သည်။ သို့သော် အစ္စရေးတို့သည် ယေဟောဝါထံအကူအညီတောင်းသောအခါ သူတို့ကို ကယ်တင်ရန် တရားသူကြီး စုစုပေါင်း ၁၂ ဦးကို ကိုယ်တော် ပေါ်ထွန်းစေခဲ့သည်။

တရားသူကြီးမှတ်စာတွင် ဖော်ပြထားသည့် တရားသူကြီးများ ဦးဆောင်သောအချိန်ကာလသည် သြသံယေလခေတ်မှစတင်ကာ အသက်ရှင်ခဲ့သမျှတွင် ခွန်အားအသန်ဆုံးလူဖြစ်သော ရှံဆုန်ခေတ်တွင် ပြီးဆုံးသည်။ တရားသူကြီးမှတ်စာ၌ မှတ်တမ်းတင်ထားသည့် စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များတွင် ထပ်ကာထပ်ကာဖော်ပြထားသော အခြေခံအမှန်တရားမှာ ယေဟောဝါကို နာခံခြင်းသည် ကောင်းချီးများရစေပြီး မနာခံခြင်းသည် ဘေးဆိုးများဖြစ်ပေါ်စေသည် ဟူ၍ဖြစ်သည်။

ယောရှု; တရားသူကြီး; ဝတ်ပြုရာ ၁၈:၂၄၊ ၂၅ ကိုအခြေခံသည်။