ရိုးသားမှု—တကယ့်အကောင်းဆုံးကျင့်စဉ် ဟုတ်ရဲ့လား
အခန်း ၂၇
ရိုးသားမှု—တကယ့်အကောင်းဆုံးကျင့်စဉ် ဟုတ်ရဲ့လား
သင်သည် လိမ်ညာလိုသောစိတ် ဖြစ်ပေါ်ခဲ့ဘူးသလော။ ဒေါ်နယ်က မိခင်အား မိမိသည် အခန်းကိုသန့်ရှင်းပြီးပါပြီဟုဆို၏။ စင်စစ်မှာမူ ပစ္စည်းပစ္စယ ရှိသမျှကို ခုတင်အောက်၌ပစ်ပုံထားရုံသာဖြစ်၏။ ရစ်ချက်လည်းအလားတူစွာ မိဘများပေါ် တုံးတိတိကလိမ်ကျခဲ့သည်။ မိမိစာမအောင်ရခြင်းမှာ မိမိစာမကျက်၍မဟုတ်၊ ‘ဆရာနှင့်မသင့်မြတ်သောကြောင့်’ ဟုဖြီးဖြန်း၏။
မိဘလူကြီးများသည် ထိုသို့သိသာလှသောမာယာများကို ထိုးဖောက်၍မြင်နိုင်စမြဲ။ သို့ဖြစ်လျက်ကယ်၊ လူငယ်အမြောက်အမြားတို့သည် လိမ်ပြောဖို့၊ အမှန်တရားကိုဝှက်၍ပြောဖို့မက၊ ဗြောင်လိမ်ရန်ပင် ယုတ်စွအဆုံး အားထုတ်ကြိုးပမ်းလိုက်သေးသည်။ တစ်ခုအနေနှင့်၊ မိဘများသည် ပြဿနာများကို အမြဲတမ်း ခေါင်းအေးအေးနှင့်ဖြေရှင်းသည်ချည်းမဟုတ်။ သို့ဖြစ်၍ သင်သည် နှစ်နာရီနောက်ကျပြီးအိမ်ပြန်လာပါက အချိန်ကိုမေ့သွားလို့ပါဟူ၍အမှန်အတိုင်း ဖွင့်ပြောပြီးအရှက်အကြောက်ခံမည့်အစား၊ လမ်းပေါ်မှာ ကားတိုက်မှုဖြစ်လို့ပါဆိုပြီး ညာပြောချင်စိတ်ပေါ်လာတတ်သည်။
ကျောင်းသည်လည်း ရိုးသားမှုကိုစိန်ခေါ်ခြင်းတစ်ရပ်။ ကျောင်းသားများသည် ကျောင်းစာပိလေ့ရှိတတ်ရှာသည်။ သူသေကိုယ်သေပြိုင်ဆိုင်မှုကလည်းရှိ၏။ အမေရိကန်ပြည်ထောင်စု၌ လေ့လာချက်များအရ၊ ကျောင်းသားများအားလုံးအနက် ထက်ဝက်မက စာခိုးချလေ့ရှိခဲ့ကြကြောင်းသိရသည်။ သို့သော်၊ လိမ်ချင်စရာကောင်းသည့်အတွက်နှင့် ကလိမ်ကျခြင်းကထွက်ပေါက်လွယ်စေသလောက်၊ မရိုးသားမှုသည် တကယ်ပင်အကျိုးပေးသလော။
လိမ်ညာခြင်း—အဘယ်ကြောင့်အကျိုးမပေး
ဒဏ်လွတ်အောင်လိမ်လည်ခြင်းသည် တစ်ခါတစ်ရံအကျိုးရှိသည်ဟုထင်စရာပင်။ သို့သော် သမ္မာကျမ်းစာက “မုသာကိုသုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ” ဟုသတိပေးသည်။ (သု. ၁၉:၅) အလိမ်ပေါ်၍ ဒဏ်ခံရဖို့အကြောင်းများ၏။ ထိုအခါ သင့်မိဘများသည် သင်၏မူလလွန်ကျူးမှုကြောင့်သာမက၊ တို့ကိုလိမ်ရကောင်းလားဆိုပြီး စိတ်ဆိုးကြလိမ့်မည်!
ကျောင်းစာ၌ကလိမ်ကျသည့်ကိစ္စကို မည်သို့ပြောမည်နည်း။ တက္ကသိုလ်ကျောင်းဝင်း တရားရေးအစီအစဉ် ညွှန်ကြားရေးမှူးတစ်ဦးက ဤသို့ဆို၏– “ပညာရေးနှင့်ပတ်သက်၍ မရိုးသားမှုကျူးလွန်သော အဘယ်ကျောင်းသားမဆို၊ မိမိ၏အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်ရဖို့အခွင့်လမ်းများကို ကြီးစွာဘေးပြုရာရောက်၏။”
လူတော်တော်များများ ပြေး၍လွတ်ဟန် ရှိသည်မှန်၏။ စာခိုးချ၍အောင်မှတ်ရချင်ရမည်။ သို့သော် ရေရှည်အကျိုးမှာ အဘယ်နည်း။ ရေကူးသင်တန်း၌ ကလိမ်ကျလျှင် မိုက်ရာရောက်မည်ဆိုပါက သင်သဘောတူပါလိမ့်မည်။ ပြောရမည်ဆိုလျှင် လူတိုင်းတပျော်တပါးရေကူးနေသည့်အချိန်၌ အဘယ်သူက ကမ်းပေါ်မှာ ငုတ်တုတ်ထိုင်နေချင်သနည်း! ထို့ပြင်၊ တစ်ယောက်ယောက်က သင့်ကိုရေကန်ထဲသို့တွန်းချလိုက်လျှင် သင့်လိမ်ညာသည့်အကျင့်ကြောင့် ရေနစ်၍သေရချေအံ့!
သင်္ချာနှင့်အဖတ်တွင် ကလိမ်ကျသည်ဆိုပါစို့။ အစပိုင်း၌—ဆိုးကျိုးရလဒ် ထိုမျှလောက် သိသာချင်မှသိသာမည်မှန်၏။ သို့ရာတွင်၊ အခြေခံပညာမတတ်ကျွမ်းထားပါက၊ အလုပ်ဈေးကွက်တွင် “စုံးစုံးမြုပ်” ရသည့်အဖြစ်ကိုမြင်ရပါလိမ့်မည်! ကလိမ်ကျ၍ရလာသော ဘွဲ့သည်လည်း ကယ်နိုင်မည်မဟုတ်။ သမ္မာကျမ်းစာက “မုသာလျှာအားဖြင့် ဘဏ္ဍာကိုဆည်းပူးခြင်းသည် ပျောက်လွင့်သောအခိုးအငွေ့ ... ဖြစ်၏” ဟုဆို၏။ (သု. ၂၁:၆၊ သမ္မ) လိမ်၍ရသောအကျိုးအမြတ်မှန်သမျှ ရေငွေ့ပမာ တဒင်္ဂသာတည်ရှိနိုင်သည်။ ဖြီးကာဖြန်းကာကျောင်းတက်မည့်အစား၊ အပတ်တကုတ် အားကုန်ထုတ်ကာ စာအံလျှင် မည်မျှပို၍ကောင်းလေခြင်း! နယပုံပြင် ၂၁:၅ (သမ) က “ဝိရိယစိုက်သူ၏အကြံအစည်များသည် ပိုမိုသည့်အဖြစ်သို့ ... ရောက်စေတတ်သည်” ဟုဆို၏။
လိမ်လည်ခြင်းနှင့် သင့်သြတ္တပ္ပစိတ်
မစ်ချယ်လ်ဆိုသောမိန်းကလေးတစ်ဦးက မိမိ၏မောင်သည် မိမိအမြတ်တနိုးထားသော အလှကြည့်ပစ္စည်းကလေးတမယ်ကို ချိုးဖျက်ခဲ့သည်ဟုလိမ်လည်ပြောဆိုခဲ့သည်။ နောက်ပိုင်း၌မူ မိဘရှေ့မိမိ၏မုသာစကားကိုဝန်ချခဲ့ရသည်။ မစ်ချယ်လ် ဤသို့ရှင်းလင်းပြောဆိုပါသည်– “ကျွန်မ တစ်ချိန်လုံးပဲ စိတ်ထဲ မချိမဆန့်ဖြစ်ခဲ့တယ်။ ဖေဖေမေမေ ကျွန်မပေါ်အမြဲတမ်းယုံကြည်လာခဲ့ကြတယ်။ ခုတစ်ခါမှာတော့ သူတို့စိတ်မချမ်းသာအောင် ကျွန်မလုပ်ခဲ့မိတယ်။” ဤအဖြစ်က ဘုရားသခင်သည် လူသားတို့စိတ်ထဲ၌ ဩတ္တပ္ပစိတ်ကို ထည့်သွင်းထားတော်မူကြောင်း သိသာစေသည်။ (ရောမ ၂:၁၄၊ ၁၅) မစ်ချယ်လ်၏ ဩတ္တပ္ပစိတ်သည် သူ့မအား အပြစ်တင်လျက် နှိပ်စက်ခဲ့လေသည်။
လူသည် ဩတ္တပ္ပစိတ်ကို လျစ်လျူရှုထားလျှင်လည်းရသည်မှန်၏။ သို့သော် လိမ်ညာလေလေ၊ အပြစ်နှင့်ပတ်သက်၍ ထုံထိုင်းလေလေဖြစ်သည်—‘ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံ’ ရလေသည်။ (၁ တိမောသေ ၄:၂) သင်သည် တကယ်ပင်သေသော ဩတ္တပ္ပစိတ်ရလိုသလော။
လိမ်လည်ခြင်းနှင့်ဆိုင်သော ဘုရားသခင့်အမြင်
“မုသာ၌ကျင်လည်သောလျှာ” သည် “[ယေဟောဝါ၊ ကဘ] မုန်းတော်မူသောအရာ ... ခုနစ်ပါး” အနက် တစ်ပါးအပါအဝင်ဖြစ်သည်။ (သု. ၆:၁၆၊ ၁၇) “မုသာ၏အဘ” မှာစာတန်မာရ်နတ်ကိုယ်တိုင်ဖြစ်၏။ (ယောဟန် ၈:၄၄) သမ္မာကျမ်းစာက မုသာနှင့်အများအခေါ်အပြစ်မဲ့ မုသာဟူ၍မခွဲခြားပါ။ “မုသာရှိသမျှတို့သည် သမ္မာတရားနှင့်မစပ်ဆိုင်။”—၁ ယောဟန် ၂:၂၁။
သို့ဖြစ်၍ ဘုရားသခင့်မိတ်ဆွေဖြစ်လိုသူမှန်သမျှအတွက်ကျင့်ထုံးမှာ ရိုးသားမှုပင်ဖြစ်သည်။ ၁၅ ခုမြောက် ဆာလံကျမ်းက ဤသို့မေး၏– “အို [ယေဟောဝါ၊ ကဘ]၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည်နေရပါမည်နည်း။” (အခန်းငယ် ၁) နောက်ဆက်တွဲ အခန်းငယ်လေးခု၌ပေးထားသောအဖြေကို သုံးသပ်ကြည့်ကြပါစို့–
“ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကိုပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြော” သောသူ။ (အခန်းငယ် ၂) ဤတွင် ဆိုင်ပစ္စည်းအလစ်ခိုးသူ၊ လှည့်ဖြားသူကို ပြောနေသည်ဟုထင်ရသလော။ မိဘကိုညာသော၊ မဟုတ်ကိုအဟုတ်ထင်အောင်လုပ်သောသူအကြောင်းကိုပြောနေသလော။ လုံးဝဥဿုံပင်! သို့ဖြစ်၍သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်လိုလျှင် ရိုးသားရမည်။ အပြုအမူ၌သာမဟုတ်၊ နှလုံးထဲမှာလည်းရိုးသားရမည်။
“[သူသည်] သူတစ်ပါး၏အသရေကို ပျက်စေခြင်းငှာပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်းကဲ့ရဲ့ခြင်းကိုရှောင် [၏။]” (အခန်းငယ် ၃) သင်သည် သူတစ်ပါးကိုနာကျင်အောင် ပက်ပက်စက်စက်ပြောဆိုသောလူငယ်စုနှင့်သွားလာသလော။ ထိုသို့သောစကားမျိုးမပြောမိရန် လိုအပ်သောစိတ်အင်အားကိုမွေးမြူပါ!
“[သူသည်] ဆိုးယုတ်သောသူကိုအယုတ်ဟူ၍ထင်မှတ်လျက်၊ [ယေဟောဝါ၊ ကဘ] အား ကြောက်ရွံ့သောသူကို ရိုသေ [၏။] ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသောသစ္စာကတိကိုမဖျက်။” (အခန်းငယ် ၄) လိမ်လည်လှည့်ဖြားသော၊ သီလပျက်စွန့်စားခန်းများနှင့် ပတ်သက်ပြီးကြွားလုံးထုတ်သောလူငယ်မှန်သမျှကို အပေါင်းအသင်းအဖြစ်မှပယ်ပါ။ သူတို့သည် သင်အလားတူအလုပ်မျိုးလုပ်သည်ကိုမြင်လိုကြသည်။ ဘော်ဘီဆိုသောလူငယ်တစ်ဦးက ဤသို့ဆို၏– “ကိုယ်နဲ့အတူ လိမ်ညာတဲ့မိတ်ဆွေဟာ ကိုယ့်ကိုဒုက္ခပေးပါလိမ့်မယ်။ ဒီလိုလူစားဟာ ယုံကြည်နိုင်တဲ့မိတ်ဆွေမဟုတ်ဘူး။” ရိုးသားမှုစံထားများကို လေးစားသောမိတ်ဆွေများကိုရှာပါ။—ဆာလံ ၂၆:၄ နှိုင်းယှဉ်။
ယေဟောဝါသည် ပြောသည့်အတိုင်းလုပ်သောလူကို အလေးထား ‘ဂုဏ်ပြု’ တော်မူကြောင်း သတိပြုမိသလော။ သင်က လာမည့်စနေနေ့တွင် အိမ်အလုပ်ဝိုင်းလုပ်ပေးမည်ဟုကတိပြုခဲ့သည်ဆိုပါစို့။ သို့သော် အခြားလူက သင့်အား ဘောလုံးကစားရန်ခေါ်၏။ ကိုယ်ပြောခဲ့သောစကားကိုပေါ့ပေါ့ထားကာ မိဘများကို အလုပ်နှင့်ပစ်ထားပြီး သူငယ်ချင်းများနှင့်အတူ လိုက်သွားမည်လော။ သို့မဟုတ် စကားတည်မည်လော။
“ကိုယ်ငွေကိုချေး၍ အတိုးမယူ၊ အပြစ်မရှိသောသူ၏တစ်ဖက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွတ်လိမ့်သတည်း။” (အခန်းငယ် ၅) လှည့်ဖြားမှုနှင့်မရိုးသားမှု၏ အဓိကအကြောင်းရင်းမှာ လောဘပင်မဟုတ်လော။ စာခိုးချသောကျောင်းသားများသည် စာကိုမကြိုးစားဘဲနှင့် အမှတ်ကောင်းကောင်းရလိုသော လောဘစိတ်ရှိကြ၏။ လာဘ်ယူသူတို့သည်လည်း တရားမျှတမှုထက် ငွေကိုမက်၏။
အချို့က၊ နိုင်ငံရေးသမားနှင့်စီးပွားရေးသမားများကို လက်ညှိုးထိုးပြပြီး ထိုသူများ မည်သို့ကလိမ်ကျပြီး မိမိတို့လိုရာကို အရကြံကြသည်ဟူ၍ဆိုကြပါလိမ့်မည်။ သို့ရာတွင်၊ ထိုသို့သောလူများ၏အောင်မြင်မှုသည် မည်မျှတိုင်ခိုင်မြဲသနည်း။ ဆာလံ ၃၇:၂ (သမ္မ) ကဤသို့ဖြေကြား၏– “သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ညှိုးသွား၍ စိမ်းသောပျိုးပင် နွမ်းသကဲ့သို့ဖြစ်ရလိမ့်မည်။” အမိခံ အရှက်ခွဲမခံရလျှင် နောက်ဆုံး၌ ယေဟောဝါဘုရားသခင်၏တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင့်မိတ်ဆွေများမူ “လှုပ်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွတ်လိမ့်သတည်း။” သူတို့၌ ထာဝရအနာဂတ် အာမခံချက်ရှိပေသည်။
“ရိုးဖြောင့်သောသြတ္တပ္ပစိတ်” ကိုမွေးမြူခြင်း
ဟေဗြဲ ၁၃:၁၈၊ ကဘ) သင်လည်း မုသာနှင့်ပတ်သက်လျှင် အလားတူသြတ္တပ္ပစိတ်ဆတ်သလော။ မဆတ်လျှင် ကင်းမျှော်စင်နှင့်နိုးလော့!စသောကျမ်းစာအခြေပြု စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် လေ့ကျင့်မွေးမြူပါ။
သို့ဖြစ်၍ မုသာမှန်သမျှရှောင်ရန် ခိုင်လုံသောအကြောင်းမရှိပေလော။ တမန်တော်ပေါလုက မိမိနှင့်မိမိ၏အပေါင်းအဖော်များနှင့်ပတ်သက်ပြီး ဤသို့ဆို၏– “ကျွန်ုပ်တို့၌ရိုးဖြောင့်သောသြတ္တပ္ပစိတ်ရှိကြောင်း ကျွန်ုပ်တို့ယုံစား၏။” (လူငယ် ဘော်ဘီ ထိုသို့ပြုခဲ့ရာ ကောင်းကျိုးရလဒ်ရရှိခဲ့ပေသည်။ မုသာ တစ်ပုံတစ်ခေါင်းကြီးဖြင့် ကိုယ့်အမှားကို ထိမ်ဝှက်ခြင်းမပြုသင့်ကြောင်း သင်ခန်းစာယူခဲ့သည်။ မိမိသြတ္တပ္ပစိတ်တိုက်တွန်းသည့်အတိုင်း မိဘများထံသွား၍ ရိုးသားစွာတင်ပြဆွေးနွေးခဲ့ပေသည်။ သို့ပြုသည့်အတွက် တစ်ခါတစ်ရံ အပြစ်ပေးခံရသော်လည်း မိမိသည်ရိုးသားခဲ့သည့်အတွက် ‘စိတ်ချမ်းသာ’ ကြောင်း ဝန်ခံပေသည်။
အမှန်ကိုပြောခြင်းသည် အမြဲတမ်း လွယ်သည်မဟုတ်။ သို့ရာတွင် စိတ်ပိုင်းဖြတ်ပြီးအမှန်ကိုပြောသောသူသည် ကောင်းသောသြတ္တပ္ပစိတ်အပြင်၊ မိတ်စစ်ဆွေစစ်များနှင့်မိတ်ဖြစ်ခြင်းကို ထိန်းသိမ်းနိုင်ပေသည်။ အကောင်းဆုံးမှာ၊ ဘုရားသခင့်တဲတော်၌ ‘ဧည့်သည်’ အဖြစ်နေရသောအခွင့်ပင်တည်း! ထို့ကြောင့် ရိုးသားခြင်းသည် အကောင်းဆုံး ကျင့်စဉ်ဖြစ်သည်သာမက၊ ခရစ်ယာန်အားလုံးအဖို့ မှန်ကန်သောကျင့်စဉ်လည်းဖြစ်ပေသတည်း။
ဆွေးနွေးရန်မေးခွန်းများ
◻မည်သို့သောအခြေအနေမျိုးအောက်၌ လိမ်ပြောချင်စိတ်ပေါ်လာတတ်သနည်း။
◻လိမ်လည်လှည့်စားခြင်းသည် အဘယ်ကြောင့် အကျိုးမပေးသနည်း။ သင့်အတွေ့
အမြင် သို့မဟုတ် အတွေ့အကြုံဖြင့် ဤအချက်ကိုရှင်းပြနိုင်သလော။
◻မုသာသုံးသူသည် မိမိ၏သြတ္တပ္ပစိတ်ကို မည်သို့ပျက်စီးစေသနည်း။
◻ဆာလံ ၁၅ ကိုဖတ်ပါ။ အခန်းငယ်များသည် ရိုးသားမှုနှင့်မည်သို့ပတ်သက်သနည်း။
◻လူငယ်တစ်ဦး ရိုးဖြောင့်သောသြတ္တပ္ပစိတ်ကို မည်သို့မွေးမြူနိုင်သနည်း။
[စာမျက်နှာ ၂၁၃ ပါအကျဉ်းဖော်ပြချက်]
‘ပညာရေးနှင့်ပတ်သက်၍ မရိုးသားမှုကျူးလွန်သော အဘယ်ကျောင်းသားမဆို၊ မိမိ၏အနာဂတ်အခွင့်လမ်း များကို ကြီးစွာဘေးပြုရာရောက်၏’
[စာမျက်နှာ ၂၁၆ ပါအကျဉ်းဖော်ပြချက်]
သမ္မာကျမ်းစာက မုသာနှင့် အများအခေါ် အပြစ်မဲ့မုသာ ဟူ၍မခွဲခြားပါ
[စာမျက်နှာ ၂၁၄ ပါရုပ်ပုံ]
စကားနားမထောင်ခြင်းအတွက် ဆင်ခြင်ဆင်လက်ပေးသည်ကို မိဘတို့ကအများအားဖြင့်ဖောက်ထွင်း၍ မြင်တတ်သည်