ဖေဖေနဲ့မေမေ ဘာကြောင့်ကွဲခဲ့ကြရသလဲ
အခန်း ၄
ဖေဖေနဲ့မေမေ ဘာကြောင့်ကွဲခဲ့ကြရသလဲ
“ကျွန်မဖေဖေ ကျွန်မတို့နဲ့ခွဲသွားတဲ့အချိန်ကို ကျွန်မမှတ်မိပါတယ်။ ဘာဖြစ်လို့ဘာဖြစ်မှန်း ကျွန်မတို့လုံးဝမသိလိုက်ဘူး။ မေမေအလုပ်ဆင်းရတယ်။ တစ်ချိန်လုံးကျွန်မတို့ချည်းပဲ အထီးကျန်ဖြစ်ကြရတယ်။ တစ်ခါတလေ၊ မေမေပါကျွန်မတို့ကို ပစ်သွားပြီလားဆိုပြီး ပြတင်းပေါက်နားမှာထိုင်ပြီး ငေးမောတွေးတောပြီး နေကြပါတယ်။...”
—ကွာရှင်းသောအိမ်ထောင်မှ ကလေးမတစ်ယောက်။
မိဘကွဲ၍ခံရသောဒဏ်သည် ကမ္ဘာပျက်ကပ်ဘေးကြီးအလား အဓွန့်ရှည်သောပူဆွေးကြေကွဲမှုကို ဖြစ်ပွားစေ၏။ အရှက်၊ အမျက်၊ သောက၊ အပယ်ခံ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်၊ စိတ်ကျခြင်းနှင့် ပြင်းပြသောနစ်နာဆုံးရှုံးမှု—ကလဲ့စားချေလိုသော စိတ်များကိုပင် မီးညှိပေးသလိုအစပျိုးပေးနိုင်သည်။
မကြာမီက၊ သင့်မိဘများကွာရှင်းခဲ့သော် သင်လည်းထိုခံစားချက်ဒဏ်ကို ခံနေရပေမည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည်သင့်အား မိစုံဖစုံဖြင့်ကြီးပြင်းလာစေရန် ရည်ရွယ်ထားသည့်အတွက်ကြောင့်ပင်။ (ဧဖက် ၆:၁-၃) သို့ပါလျက်နှင့်၊ ယခုသော်သင်ချစ်သောမိဘတစ်ဦး နေ့စဉ်သင့်အနားမှာရှိသင့်လျက်နှင့် မရှိဘဲနေသဖြင့် သင့်အဖို့နစ်နာဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ရသည်။ ခုနစ်နှစ်အရွယ်သာရှိစဉ်အခါ မိဘကွဲခဲ့ရှာသောပေါလ်က “ကျွန်တော်ဖေဖေကို တကယ်ပဲအားကိုးတယ်။ သူနဲ့အတူနေချင်တယ်။ ဒါပေမဲ့တရားရုံးက မေမေသာကျွန်တော်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခွင့်ပေးတယ်” ဟူ၍မြည်တမ်းရှာသည်။
မိဘများအဘယ်ကြောင့် ကွဲကြရသနည်း
များသောအားဖြင့် မိဘတို့သည် မိမိတို့စပ်ကြားဖြစ်ပွားသောပြဿနာများကို ကွယ်ဝှက်ထားတတ်ကြသည်။ ကလေးဘဝရှိစဉ် မိဘကွဲခဲ့သောလင်းက “ဖေဖေမေမေရန်ဖြစ်တာကို ကျွန်တော်မမှတ်မိဘူး။ သူတို့ချင်းတဲ့တယ်လို့ပဲမှတ်တာပဲ။” မိဘများကတောက်ကဆတ် ဖြစ်ကြသည်ပဲထား၊ ကွဲကြသောအခါမူ ကလေးများအဖို့တုန်လှုပ်စရာပင်!
အများအားဖြင့်၊ ကွဲကြသည့်အကြောင်းရင်းမှာ၊ တစ်ဖက်သောမိဘက လိင်အကျင့်ပျက်ပြားမှုကြောင့်ဖြစ်သည်။ အပြစ်မဲ့သောအိမ်ထောင်ဖက်အားဘုရားသခင်ကကွာရှင်းခွင့်ကိုပေးတော်မူသည်။ (မဿဲ၁၉:၉) အချို့ကိစ္စများတွင်မူ၊“အမျက်ထွက်ခြင်း၊အော်ဟစ်ငေါက်ငေါ်ခြင်း”နှင့်‘ဆဲရေးတိုင်းထွာခြင်း’ပြုရာကအစ၊ကိုယ်ထိလက်ရောက်ဖြစ်လာသဖြင့်၊တစ်ဖက်သောမိဘကမိမိနှင့်သားသမီးများ၏ခန္ဓာပိုင်းဆိုင်ရာဘေးရန်လုံခြုံမှုအတွက်စိုးရိမ်စရာဖြစ်လာသည်။—ဧဖက် ၄:၃၁
အချို့သောကွာရှင်းမှုမှာ၊ ဘာမဟုတ်သည့်ကိစ္စဖြင့်ဖြစ်သည်ဟု ဝန်ခံရပေလိမ့်မည်။ ပြဿနာများကို ဖြေရှင်းမည့်အစား၊ မိမိတို့ ‘မပျော်’ ‘မေတ္တာခန်းခြောက်ပြီ’ ဟုဆိုကာတစ်ကိုယ်ကောင်းဆန်ဆန် ကွာရှင်းကြသည်။ ၎င်းကိုဘုရားသခင်နှစ်သက်တော်မမူ။ ကိုယ်တော်သည် ‘လင်မယားကွာရှင်းခြင်းကိုမုန်းတီး’ တော်မူ၏။ (မာလခိ ၂:၁၆) အချို့သူတို့သည် မိမိတို့ခင်ပွန်းခရစ်ယာန်ဖြစ်လာသည့်အတွက် ကွာလိမ့်မည်ဟုလည်း ယေရှုအရိပ်အမြွက်မိန့်တော်မူသည်။—မဿဲ ၁၀:၃၄-၃၆။
မည်သို့ပင်ဖြစ်စေ၊မိဘများကကွာရှင်းမှုနှင့်ပတ်သက်ပြီးရေငုံ၍နေကာ၊သင့်အမေးကိုလည်းမရေမရာဖြေကြားသည်ပဲထား၊သင့်ကိုမချစ်သောသဘောမသက်ရောက်ပါ။ *နာကြည်းသောကြောင့်၊ကွာရှင်းမှုနှင့်ပတ်သက်၍ဖွင့်အန်ဖို့ဝန်လေးနေခြင်းသာဖြစ်ပေမည်။ (သု.၂၄:၁၀) သူတို့ချင်း၏ပျက်ကွက်မှုကိုဝန်ခံဖို့ရှက်ရွံ့နေခြင်းလည်းဖြစ်တန်ရာသည်။
သင်ဘာလုပ်နိုင်
သင့်တော်သောအချိန်ကိုရွေးပြီး သင်၏စိုးရိမ်ရာများကို မိဘများနှင့်အေးဆေးစွာနှီးနှောပါ။ (သု.၂၅:၁၁) မိဘတို့ကွာရှင်းမှုကြောင့် မိမိသည်မည်မျှတိုင်ကြေကွဲ၍ စိတ်ရှုပ်ထွေးရကြောင်း၊ သိပါစေ။ သင့်အားကျေနပ်ဖွယ်ရှင်းလင်းချက် ပေးကောင်းပေးကြမည်။ မပေးလျှင်လည်း စိတ်မပျက်ပါနှင့်။ ယေရှုပင်မိမိတပည့်များ မခံယူနိုင်သေးသောအကြောင်းအရာများကို မမြွက်ဘဲနေတော်မူခဲ့သည် မဟုတ်ပေလော။ (ယောဟန် ၁၆:၁၂) သင့်မိဘများ မိမိတို့၏အတွင်းရေးကို လူမသိအောင်ထားရှိနိုင်သော အခွင့်ရှိသည်မဟုတ်ပေလော။
နောက်ဆုံးအနေနှင့် သဘောပေါက်ထားရမည်မှာ၊ ကွာရှင်းခြင်းသည် မည်သည့်အကြောင်းရင်းကြောင့်ပင် ဖြစ်စေကာမူ၊ သူတို့ချင်း၏အငြင်းအခုံသာဖြစ်ပြီး—သင်နှင့်အငြင်းပွားနေခြင်းမဟုတ်! ဝေါလစတိန်းနှင့်ကယ်လီသည် ကွာရှင်းသောအိမ်ထောင်ပေါင်း ၆၀ ကိုသုံးသပ်စဉ်၊ လင်မယားတို့သည်မိမိတို့ကွဲရခြင်းမှာ၊ အချင်းချင်းကြောင့်၊ မိမိတို့အလုပ်ရှင်၊ မိသားစုဝင်များ၊ မိတ်ဆွေများကြောင့်ဟူ၍ အပြစ်တင်ကြကြောင်းတွေ့ရှိခဲ့ရသည်။ သို့သော် “စိတ်ဝင်စားဖွယ်ကောင်းသည်မှာ၊ တစ်ယောက်မျှသားသမီးများကိုအပြစ်မတင်” ကြောင်းသုတေသီများကဆိုသည်။ သင့်မိဘများ သင့်အပေါ်သဘောထားမှာ မပြောင်းလဲပါ။
အချိန်၏ကုစားမှု
ဒေသနာ ၃:၃) အရိုးကျိုးခြင်းကဲ့သို့သော ပကတိအနာသည် ရက်သတ္တပတ်ပေါင်းများစွာ၊ သို့မဟုတ်၊ လပေါင်းများစွာ ကြာညောင်းမှလုံးဝပျောက်ကင်းနိုင်သလို၊ စိတ်လှုပ်ရှားမှုဆိုင်ရာအနာလည်း အချိန်ယူ၏။
“အနာပျောက်စေရသောအချိန်” ရှိ၏။ (ကွာရှင်းမှုဆိုင်ရာ သုတေသီဝေါလစတိန်းနှင့် ကယ်လီတို့က၊ ကွာရှင်းမှုကြောင့်ခံစားရသော “စိုးရွံ့မှု၊ ကြေကွဲမှု၊ ထိတ်လန့်၍မယုံနိုင်မှုတို့သည်” ကွာရှင်း၍နှစ်အနည်းငယ်အတွင်းလျော့ပြယ်၊ ပျောက်ကွယ်သွား” ကြောင်းတွေ့ရှိကြရသည်။ အချို့ပါရဂူများက ကွာရှင်းမှု၏အဆိုးဆုံးအခြေအနေပင်၊ သုံးနှစ်အတွင်းလွန်မြောက်သွားနိုင်သည်ဟု ယူမှတ်ကြသည်။ သုံးနှစ်ဆိုသောကာလသည် ကြာညောင်းလှသည်ဟု ထင်ရသော်လည်း သင့်ဘဝပြန်လည်အခြေကျနိုင်ရန် ဆောင်ရွက်စရာများစွာရှိသည်။
တစ်ခုအနေနှင့်ဆိုရလျှင်၊ မိဘကွဲကွာမှုကြောင့် ဖရိုဖရဲဖြစ်ခဲ့ရသောအိမ်တွင်းမှုကို ပြန်လည်ဖွဲ့စည်းရန်လို၏။ သင့်မိဘများအနေနှင့်လည်း စိတ်လှုပ်ရှားမှုဆိုင်ရာအပိုင်းတွင် ပြန်၍အခြေကျလာရန် အချိန်ယူဖို့လိုသည်။ နောက်မှသာ သင်လိုအပ်သောထောက်မမှုကို ပေးနိုင်ကြမည်။ သင့်အသက်တာ ပုံမှန်လာသည်နှင့်အမျှ၊ သင်လည်းပြန်ပြီး နေသားကျလာမည်ဖြစ်သည်။
သို့သော်၊ ရှောလမုန်ဤသို့သတိပေးသည်– “ရှေးကာလသည် ယခုကာလထက်အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။” (ဒေသနာ ၇:၁၀) အတိတ်ကို ဆွေးတသသတွေးလျက်နေပါက ပစ္စုပ္ပန်ကိုမမြင်နိုင်တော့။ မိဘမကွဲမီအချိန်က သင့်အိမ်တွင်းအခြေအနေ မည်သို့နေသနည်း။ အဲန်နက်ဆိုသူက “တစ်ချိန်လုံးရန်ဖြစ်—အော်လား၊ ဆဲလားလုပ်နေကြတာပဲ” ဟုဝန်ခံသည်။ ယခုတွင်သင်သည် အိမ်တွင်းငြိမ်သက်မှုခံစားရခြင်း မဖြစ်နိုင်ပေလော။
‘ဖေဖေနဲ့မေမေပြန်ပေါင်းအောင် ကျွန်မလုပ်နိုင်တယ်’
အချို့လူငယ်များသည်မိဘများပြန်ပေါင်းစေဖို့စိတ်ကူးယဉ်အိပ်မက်မက်ကြသည်။ သူတို့မိဘများနောက်အိမ်ထောင်ပြုသွားသည့်နောက်မှာပင်ဤသို့စိတ်ကူးယဉ်နေတုန်းပင်ဖြစ်ပေမည်!
သို့သော်၊ မိဘကွာရှင်းမှုကို ငြင်းပယ်ခြင်းသည်၊ အခြေအနေကို မည်သို့မျှမပြောင်းလဲစေပါ။ မျက်ရည်ခန်းအောင်ပဲငိုငို၊ မည်မျှခယခယ၊ ဉာဏ်ကုန်အောင်ပဲကြံဖန်ကြံဖန်၊ မိဘနှစ်ပါးပြန်ပေါင်းအောင် ဖန်တီး၍ရမည်မထင်ပါ။ ထို့ကြောင့်၊ မဖြစ်နိုင်သည့်ကိစ္စကိုတွေးပြီး အဘယ်ကြောင့်ကိုယ့်ကိုယ်ကိုညှဉ်းဆဲမည်နည်း။ (သု. ၁၃:၁၂) ရှောလမုန်က “ပျောက်ဆုံးသောအရာအလား၊ လက်လွှတ်ရသည့်အချိန်” လည်းရှိ၏ဟုဆိုပါသည်။ (ဒေသနာ ၃:၆၊ ကဘ) သို့ဖြစ်၍အဖြစ်မှန်ကိုလည်းကောင်း၊ မိဘ၏ကွာရှင်းမှုကိုလည်းကောင်း၊ အရှိအတိုင်းလက်သင့်ခံပါ။ သို့ပြုခြင်းသည် ပြဿနာကိုကျော်လွှားသော ခြေလှမ်းကြီးတစ်လှမ်းပင်ဖြစ်သည်။
မိဘနှင့်ပြန်လည်သင့်မြတ်ခြင်း
သင့်ဘဝကို ဖရိုဖရဲဖြစ်အောင် လုပ်ကြရကောင်းလားဆိုပြီး မိဘများအပေါ် စိတ်ဆိုးချင်လည်းစိတ်ဆိုးစရာပင်။ လူငယ်တစ်ဦးက နာကြည်းစွာပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်– “ကျွန်တော့်မိဘတွေ တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ကျွန်တော်တို့ မောင်နှမအကျိုးကို မကြည့်ဘူး၊ သူတို့ရဲ့လုပ်ပုံကြောင့် ကျွန်တော်တို့မောင်နှမတစ်တွေ ဘယ်လိုခံရမယ်ဆိုတာကိုလည်း မစဉ်းစားကြဘူး။ သူတို့ကြံရွယ်သလိုပဲ၊ ဇွတ်တရွတ်လုပ်ခဲ့ကြတာပဲ။” သူပြောသလိုမှန်ချင်မှန်မည်။ သို့သော် သင့်ဘဝတစ်လျှောက်လုံး၊ ဒေါသနှင့်နာကြည်းမှုကို ဝန်ထုပ်ကြီးလိုပိုးပြီးနေလျှင် သင့်ကိုမထိခိုက်ဘဲနေပါမည်လော။
သမ္မာကျမ်းစာကဤသို့သြဝါဒပေး၏– “အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း...ကို သင်တို့မှပယ်ရှားကြလော့။ အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ...အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။” (ဧဖက် ၄:၃၁၊ ၃၂) သင့်အားဤမျှတိုင် နာကြည်းအောင်ပြုခဲ့သူတစ်ဦးကို မည်သို့ခွင့်လွှတ်နိုင်မည်နည်း။ မိဘကိုအရှိအတိုင်း—မစုံလင်သောအပြစ်သားများအဖြစ်ရှုမှတ်ပါ။ မှန်ပေသည်။ မိဘများသော်မှ ‘ဒုစရိုက်ကိုပြု၍ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြ’ သည်ချည်းသာ။ (ရောမ ၃:၂၃) ဤသို့သဘောပေါက်ပါက သင့်မိဘနှင့်သင်ပြန်လည်သင့်မြတ်လာနိုင်မည်။
သင့်ခံစားချက်ကိုဖွင့်အန်ပါ
ကျွန်ုပ်တို့သည် လူငယ်တစ်ဦးအား မေးမြန်းသောအခါ၊ သူက “ကျွန်တော့်မိဘနှစ်ပါးကွာရှင်းတာနဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက်ကို ကျွန်တော်တစ်ခါကမှ ဟုတ္တိပတ္တိမဆွေးနွေးခဲ့ဖူးဘူး” ဟုဆိုပါသည်။ ၎င်းလူငယ်သည် မိဘများ၏ကွာရှင်းမှုနှင့်ပတ်သက်၍ ပြောဆိုရာတွင်၊ အစပိုင်း၌ ခံစားချက်ကင်းမဲ့သော်လည်း ပြောယင်းဆိုယင်းစိတ်လှုပ်ရှားလာသည်။ မျက်ရည်စက်လက်ပင်ဖြစ်လာသည်။ နှစ်ရှည်လများမြှုပ်နှံခဲ့သော ခံစားချက်များပွင့်အန်လာတော့သည်။ သူက ဤအဖြစ်ကို အံ့အားသင့်စွာဖြင့်ဝန်ခံခဲ့သည်– “ခုလိုရင်ဖွင့်လိုက်တာ တကယ်ပဲသက်သာသွားတယ်။”
သင့်အနေနှင့်လည်း သီးခြားနေမည့်အစား၊ တစ်ယောက်ယောက်ထံရင်ဖွင့်လျှင် အကျိုးရှိ၏။ သင့်ခံစားချက်၊ သင့်စိုးရိမ်မှုနှင့်သောကများကို မိဘများအားထုတ်ဖော်ပြောကြားပါ။ (သု. ၂၃:၂၆ နှိုင်းယှဉ်။) ဝါရင့်ခရစ်ယာန်များလည်း သင့်အားကူညီနိုင်သည်။ ဥပမာ၊ ကစ်သည်ကွာရှင်းမှုကြောင့် ကွဲပြတ်လျက်နေသည့် မိမိ၏အိမ်သားများထံမှ ဘာထောက်မမှုမျှမရနိုင်ရှာ။ သို့သော်အခြားနေရာတွင်ရခဲ့ပေသည်။ ကစ်က “ခရစ်ယာန်အသင်းတော်ဟာ ကျွန်တော့်ရဲ့မိသားစုဖြစ်ခဲ့ပါတယ်” ဟုဆိုပါသည်။
အချုပ်မှာသင်သည် “ပတ္ထနာစကားကိုနားထောင်တော်မူသောဘုရား” သင့်ကောင်းကင်ဘုံရှင်ထံ ရင်ဖွင့်နိုင်ပေသည်။ (ဆာလံ ၆၅:၂) ပေါလုအမည်ရှိလူငယ်တစ်ဦးက မိမိမိဘများကွာရှင်းသည့်ဒဏ်မှ မည်သို့သက်သာရာရခဲ့ကြောင်း အောက်ပါအတိုင်းပြန်ပြောပြသည်– “ကျွန်တော်တစ်ချိန်လုံး ဆုတောင်းတယ်။ ယေဟောဝါဟာ တကယ့်ပုဂ္ဂိုလ်တစ်ပါးပဲဆိုပြီး ကျွန်တော်ခံစားမိတယ်။”
ဘဝခရီးကိုဆက်ခြင်း
မိဘကွဲခဲ့သည့်နောက်၊ အခြေအနေများသည် အရင်နှင့်တူချင်မှတူတော့မည်။ သို့တစေ၊ သင့်ဘဝသည်မသီးမပွင့်နိုင်၊မပျော်နိုင်တော့ဟူသောသဘောမသက်ရောက်ပါ။သမ္မာကျမ်းစာက“အားထုတ်ခြင်းအရာမှာပျင်းရိခြင်းမရှိ”နှင့်ဟုအကြံပေး၏။ (ရောမ၁၂:၁၁) မှန်ပေသည်။ကြေကွဲမှု၊နာကြည်းမှုသို့မဟုတ်ဒေါသကြောင့်တန့်နေမည့်အစား၊ဘဝခရီးကိုဆက်ပါလေ!ကျောင်းစာကိုအာရုံစိုက်၍ကျက်ပါ။ဝါသနာတစ်ခုခုကိုလိုက်စားပါ။“သခင့်လုပ်ငန်းတော်၌လုပ်စရာများစွာ”ရှိပါ။—၁ ကောရိန္သု၁၅:၅၈။
လုံ့လ၊ သန္နိဌာန်နှင့်အချိန်လိုအပ်သည်။ သို့သော်၊ အဆုံး၌၊ သင့်မိဘ၏ကွဲကွာမှုသည် သင့်ဘဝကိုစိုးမိုးလျက် ရှိနေတော့မည်မဟုတ်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 သုတေသီဝေါလစတိန်းနှင့်ကယ်လီတို့က “အလေ့လာခံ [မိဘကွဲကွာသော] ကလေးငါးပုံလေးပုံသည် မိဘများထံမှလုံလောက်သော ရှင်းလင်းချက်ကိုမရကြကြောင်း၊ မိမိတို့အား ဆက်လက်ကြည့်ရှုကျွေးမွေးမည်ဟူသော စိတ်ချလောက်သည့် မိဘ၏ကတိပြုချက်ကိုလည်း မရကြကြောင်း၊ စင်စစ်အားဖြင့်၊ တစ်နေ့သောနံနက်အိပ်ရာမှနိုးသောအခါ မိဘတစ်ပါးပျောက်နေသည်ကို တွေ့ကြရ” ကြောင်းစုံစမ်းသိရှိရသည်။
ဆွေးနွေးရန်မေးခွန်းများ
◻မိဘများ ကွဲကွာရခြင်း၏အကြောင်းအချို့ကား အဘယ်နည်း။
◻မိဘများ၎င်းနှင့်ပတ်သက်ပြီးပြောဆိုရန်အဘယ်ကြောင့်ဝန်လေးကြသနည်း။ ၎င်းနှင့်ပတ်သက်ပြီး မိဘများကမပြောဆိုလိုလျှင် သင်မည်သို့ပြုနိုင်သနည်း။
◻အတိတ်၌အတွေးမြှုပ်ပြီးနေခြင်း သို့မဟုတ် မိဘပြန်ပေါင်းကြဖို့စိတ်ကူးယဉ်ခြင်းသည် အဘယ်ကြောင့်အဓိပ္ပာယ်မဲ့သနည်း။
◻မိဘကွဲခြင်းဒဏ်မှသက်သာလာဖို့ အကောင်းမြင်သဘောပါသည့် အဘယ်အလုပ်မျိုးလုပ်ကိုင်နိုင်သနည်း။
◻သင့်မိဘများပေါ်ဒေါသထွက်လျှင် မည်သို့ဖြေဖျောက်နိုင်သနည်း။
[စာမျက်နှာ ၃၆ ပါလေးထောင့်ကွက်]
‘မိဘကွာရှင်းမှုကြောင့် ငါ့ဘဝပျက်သုဉ်းရတော့မလား’
အချို့လူငယ်များသည် မိဘများကွဲကွာမှုကြောင့်၊ မိမိတို့ဘဝကို မိမိတို့ဖျက်ဆီးကြသည်။ မဆင်မခြင်ဆုံးဖြတ်ချက် ချတတ်ကြသည်။ ဥပမာ၊ ကျောင်းထွက်လိုက်သည်။ အချို့ကမူ၊ မိဘများကွဲရကောင်းလားဆိုပြီး မိဘကိုဒဏ်ခတ်သည့်အလား—ဆိုးချင်တိုင်းဆိုးကာ မိမိတို့၏မကျေချမ်းမှုနှင့် ဒေါသကိုဖြေဖျောက်ဖို့ ထွက်ပေါက်ရှာတတ်ကြသည်။ ဒင်းနီဆိုသူက ယခင်ကအဖြစ်ဟောင်းကို ပြန်ပြောင်းပြောပြသည်– “ကျွန်တော့်မိဘတွေ ကွဲခဲ့တဲ့နောက်ပိုင်း၊ ကျွန်တော်ဟာ ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ဓာတ်ကျခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျောင်းမှာပြဿနာဖြစ်လာတယ်။ စာမေးပွဲလည်း တစ်နှစ်ကျခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့...အတန်းထဲမှာ လူ့ဂွစာဖြစ်လာတယ်။ လူတွေနဲ့ရန်အဖြစ်များလာတယ်။”
မိဘအားအထိတ်တလန့်ဖြစ်စေသော အပြုအမူများကိုပြုမူခြင်းဖြင့် မိဘ၏အာရုံကိုဖမ်းဆွဲနိုင်ကောင်း ဖမ်းဆွဲနိုင်မည်။ သို့ရာတွင်၊ ဘာအရာရောက်သနည်း။ တစ်ပူပေါ်နှစ်ပူဆင့်ရုံသာမဟုတ်ပေလော။ ဒဏ်ခံရသော တစ်ဦးတည်းသူကား အမှားလုပ်သူသာတည်း။ (ဂလာတိ ၆:၇) သင့်မိဘများကိုယ်တိုင် ဝေဒနာခံစားနေကြရကြောင်း၊ သင့်အားပစ်ထားသည်ဟု သင်ထင်ရသော်လည်း၊တကယ်ရက်စက်ကြခြင်းမဟုတ်ကြောင်း နားလည်ဖို့ကြိုးစားပါ။ ဒင်းနီမိခင် ဝန်ခံရှာသည်– “ကျွန်မတကယ်ပဲကလေးတွေကို လျစ်လျူရှုထားခဲ့တယ်။ ကျွန်မအမျိုးသားနဲ့ ကွဲခဲ့တဲ့နောက်ပိုင်း၊ ကျွန်မကိုယ်နှိုက်ပစ်စလက်ခတ်ဖြစ်ခဲ့တယ်လေ။ ကလေးတွေကိုဘယ်လိုမှ မကြည့်နိုင်ခဲ့ဘူး။ ”
သမ္မာကျမ်းစာက ဟေဗြဲ ၁၂:၁၃ ၌အကြံပေး၏– “ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်...စေခြင်းငှာ၊...ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။” မိဘဆုံးမမှုမရလင့်ကစား၊ ဆိုးရန်၊ တေရန်အကြောင်းမဟုတ်။ (ယာကုပ် ၄:၁၇) ကိုယ့်လုပ်ရပ်အတွက် ကိုယ်တိုင်တာဝန်ယူပါ။ ကိုယ့်ကိုယ်ကို ဆုံးမပါ။—၁ ကောရိန္သု ၉:၂၇။
မဆင်မခြင်ဆုံးဖြတ်ချက်ချခြင်း (ဥပမာ၊ အိမ်မှဆင်းသွားခြင်း) လည်းမပြုနှင့်။ “ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကိုစေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) သင့်မိဘများလောလောဆယ် သင့်စကားကိုနားမဝင်နိုင်လောက်အောင် စိတ်ပျံ့လွင့်နေလျှင်၊ သင့်ထက်အသက်ကြီးသော မိတ်ဆွေတစ်ဦးဦးနှင့်တိုင်ပင်ပါ။
ထိုမျှမက၊ သင်သည် နောင်ရေးအတွက် တွေးပူစရာများစွာ ရှိကောင်းရှိမည်။ သင့်မိဘတို့အိမ်ထောင်ပျက်ပြားခဲ့သဖြင့်၊ မိမိ၏အိမ်ထောင်ရေးလည်း အောင်မြင်ပါ့မလားဆိုပြီး ကြောင့်ကြမိပေမည်။ ဝမ်းသာစရာကား အိမ်ထောင်မသာယာမှုသည်မှည့်ခြောက်ကဲ့သို့ မွေးရာပါအမွေအနှစ်မဟုတ်။ သင်သည်သီးခြားပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သင့်အိမ်ထောင်ရေးအောင်မြင်မှုသည် မိဘများ၏ကျရှုံးမှုပေါ်မူမတည်၊
သင်နှင့်သင့်အိမ်ထောင်ဖက် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မည်သည့်အတိုင်းအတာအထိ လက်တွေ့ကျင့်သုံးသည်ဟူသောအချက်ပေါ် အခြေပြုသည်။ထို့ပြင်တစ်ချိန်ကသင်အမှုမဲ့၊ အမှတ်မဲ့ထားခဲ့သည့်အရာများ—စားဝတ်နေရေးနှင့် ငွေရေးကြေးရေးအတွက်လည်း ယခုမှစ၍ ပူပန်ရကောင်းပူပန်ရတော့မည်။ သို့သော်၊ များသောအားဖြင့် မိဘများသည် မိမိတို့ချင်းကွာရှင်းသည့်နောက် ကလေးများကိုဆက်လက်ကျွေးမွေးဖို့ အစီအစဉ်ပြုလုပ်ထားလေ့ရှိသည်။ မိခင်ဖြစ်သူ အလုပ်ရှာလုပ်၍ပင် ကလေးများကိုကျွေးမွေးကြပေသည်။ သို့ပင်ငြားလည်း၊ ကွာရှင်းမှုမုန်တိုင်းဒဏ်ကို ကပ်ကျော်ခြင်း အမည်ရှိစာအုပ်က ပွင့်လင်းစွာသတိပေး၏– “ယခင်က တစ်အိမ်ထောင်ကိုသာ ကျွေးရသောဝင်ငွေသည် ယခုသော်နှစ်အိမ်ထောင်ကို ကျွေးရတော့မည်ဖြစ်ရကား၊ အိမ်သားတစ်ဦးစီ၏လူနေမှုအဆင့် ကျဆင်းရချေမည်။”
ထို့ကြောင့်၊ အဝတ်သစ်အစားသစ်စသော၊ ယခင်ကစံစားခံစားခဲ့သည့် ဥစ္စာပစ္စည်းများ ကင်းဝေးသည့်ဘဝမျိုးနှင့်နေသားကျအောင် နေရချေမည်။ သို့သော်သမ္မာကျမ်းစာက အောက်ပါအချက်ကို သတိရစေသည်– “ငါတို့သည်လောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှယူ၍မသွားနိုင်။” (၁ တိမောသေ ၆:၇၊ ၈) သင့်အနေနှင့် မိသားစုဘတ်ဂျက်အသစ်ဆွဲရာ၌ အထောက်အကူပင်ပြုနိုင်ပေသည်။ ယေဟောဝါသည် “မိဘမရှိသောသူတို့၏အဘ” ဖြစ်ကြောင်းကိုလည်းမမေ့ပါနှင့်။ (ဆာလံ ၆၈:၅) သင့်လိုအပ်ရာအလုံးစုံကို ထောက်မတော်မူမည်။
ယေရမိဤသို့ဆို၏– “လူသည်အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်း[ဖို့]ကောင်း၏။” (ယေရမိမြည်တမ်း၃:၂၇) မိတကွဲဘတကွဲဖြစ်သည်ကို မြင်ရသည်မှာ “ကောင်း” သည်ဟုမဆိုနိုင်သော်လည်း၊ အဆိုးကိုသင့်အဖို့အကောင်းဖြစ်လာအောင် ဖန်တီးနိုင်ပေသည်။
သုတေသီဂျူးဒစ်ဝေါလစတိန်း ဤသို့သုံးသပ်ပါသည်– “[အိမ်ထောင်ပြိုကွဲသူတို့၏ ကလေးများ] အိမ်ထောင်ရေးပြဿနာ၏ ထိပါးမှုဒဏ်ကြောင့်၊ စိတ်လှုပ်ရှားမှုနှင့် အသိဉာဏ်ဘက်ရင့်ကျက်ခြင်းသည် မှတ်သားဖွယ်ဖြစ်သည်သာမက၊ သနားစရာကောင်းသောအခါများလည်းရှိသည်။ သက်ငယ်တို့သည်...မိမိတို့မိဘများ၏အတွေ့အကြုံကို လေးလေးနက်နက်ဆင်ခြင်ပြီး မိမိတို့နောင်ရေးအတွက် သင်ခန်းစာများ ရယူတတ်ကြပေသည်။ သူတို့လေးသည် မိဘများ ပြုခဲ့ကြသောအမှားများကို မိမိတို့ထပ်မလုပ်မိကြရန် နည်းလမ်းရှာကြံတတ်ကြပေသည်။”
သင့်မိဘတို့၏ကွာရှင်းခြင်းသည် သင့်ဘဝတွင် အမှတ်အသားတစ်ခုအဖြစ် ထင်ကျန်ခဲ့မည်မှာမလွဲပါ။ သို့ဆိုသော်လည်း ၎င်းသည်မှေးမှိန်သွားသော အနာရွတ်ဖြစ်မည်လော၊ ပြည်တည်နာဖြစ်နေမည်လော။ သင့်အပေါ်များစွာမူတည်ပေသည်။
[စာမျက်နှာ ၃၅ ပါရုပ်ပုံ]
မိဘတို့၏အိမ်ထောင်ရေးပြိုကွဲသည်ကို မြင်ရသည်မှာ နာကြည်းဖွယ်အကောင်းဆုံးသော တွေ့ကြုံမှုမျိုးဖြစ်နိုင်သည်
[စာမျက်နှာ ၃၈ ပါရုပ်ပုံ]
ယခင်ဘဝနှောင်းဖြစ်ကိုလွမ်းနေလျှင် အဆွေးသာအဖတ်တင်မည်