မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ယောက်တည်း သီးသန့်နေချင်တာမှားလား

တစ်ယောက်တည်း သီးသန့်နေချင်တာမှားလား

အခန်း ၁၅

တစ်ယောက်တည်း သီးသန့်နေချင်တာမှားလား

အောက်ပါအခြေအနေတွေမှာ သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ✔ ခြစ်ပြပါ–

၁။ အခန်းတံခါးပိတ်ထားတဲ့အချိန်မှာ မောင်နှမတစ်ယောက်က တံခါးမခေါက်ဘဲ ဗြုန်းခနဲဝင်လာတယ်

□ ‘ကိစ္စမရှိဘူး။ ငါလည်း သူ့လိုလုပ်နေကျပဲ။’

□ ‘ရိုင်းလိုက်တာ။ အဝတ်လဲနေရင် ဘယ်လိုလုပ်မလဲ။’

၂။ အိမ်ပြန်ရောက်တာနဲ့ မိဘတွေက “ဘယ်သွားတာလဲ၊ ဘာလုပ်တာလဲ၊ ဘယ်သူနဲ့လဲ” ဆိုပြီး တရစပ်မေးတော့တယ်

□ ‘ကိစ္စမရှိဘူး။ သူတို့ကို အကုန်ပြောပြနေကျပဲ။’

□ ‘စိတ်ပျက်ဖို့ကောင်းလိုက်တာ။ မိဘတွေ ငါ့ကိုမယုံဘူး။’

သင် ငယ်ငယ်တုန်းကတော့ သီးသန့်နေချင်စိတ် သိပ်ရှိမှာမဟုတ်ဘူး။ မောင်နှမတွေ အခန်းထဲဝင်လာရင် ပျော်တောင်ပျော်သေးတယ်။ မိဘက မေးခွန်းတွေမေးရင်လည်း ချက်ချင်းဖြေလိုက်တာပဲ။ အဲဒီတုန်းက သင့်ဘဝဟာ ဖွင့်ထားတဲ့စာအုပ်နဲ့တူတယ်၊ လျှို့ဝှက်ထားစရာ ဘာမှမရှိဘူး။ အခုကျတော့ စာအုပ်ကို မဖွင့်ထားချင်တော့ဘူး၊ သင့်မှာ မပြောချင်တာလေးတွေ ရှိလာပြီ။ “တချို့အကြောင်းတွေကို ရင်ထဲမှာပဲ ထားချင်တယ်” လို့ ၁၄ နှစ်အရွယ် ကော်ရီပြောပြတယ်။ တစ်ယောက်တည်းသီးသန့်နေဖို့ ကြိုးစားတဲ့အခါ ပြဿနာဖြစ်နိုင်တဲ့ အခြေအနေနှစ်ခုကို လေ့လာကြည့်ရအောင်။

တစ်ယောက်တည်းနေချင်တဲ့အခါ

အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်းနေချင်တဲ့အခါတွေ ရှိနိုင်တယ်။ “ခဏနား” ချင်တဲ့အခါမျိုးပေါ့။ (မာကု ၆:၃၁) ဒါမှမဟုတ် ‘အတွင်းခန်းထဲသို့ဝင်၍ တံခါးပိတ်ပြီးမှ ကောင်းကင်ဖခင်ထံ ဆုတောင်းလော့’ ဆိုပြီး တပည့်တွေကို ယေရှုအကြံပေးခဲ့သလို သင်လည်း လုပ်ချင်မှာပဲ။ (မဿဲ ၆:၆; မာကု ၁:၃၅) ခက်တာက အခန်းတံခါးပိတ်လိုက်ပြီဆိုရင် မိဘတွေက ဆုတောင်းနေတယ်လို့ ထင်ချင်မှထင်မယ်။ မောင်နှမတွေကလည်း သင်တစ်ယောက်တည်းနေချင်တာကို နားမလည်ပေးဘူး။

သင်လုပ်ဆောင်နိုင်ရာ။ တစ်ယောက်တည်း သီးသန့်နေချင်တဲ့ကိစ္စကြောင့် စကားများနေမယ့်အစား အောက်ပါအချက်တွေကို လုပ်ကြည့်ပါ–

● မောင်နှမတွေက တံခါးမခေါက်ဘဲ ဝင်လာတတ်တယ်ဆိုရင် စည်းကမ်းတချို့ သတ်မှတ်ထားလိုက်ပါ။ ဒါဆိုရင် သီးသန့်နေဖို့ အချိန်နည်းနည်းရနိုင်တယ်။ သင်ပြောတာကို သူတို့လက်မခံရင် မိဘတွေဆီမှာ အကူအညီတောင်းပါ။ *

● မိဘတွေ စကားလာပြောတဲ့အခါ သူတို့ကို နားလည်ပေးဖို့ကြိုးစားပါ။ ၁၆ နှစ်အရွယ် ရေဗက္ကာ အခုလိုပြောတယ်– “မိဘတွေက ကျွန်မအကြောင်း မေးကြတယ်။ ကျွန်မသာ မိဘဆိုရင်၊ အထူးသဖြင့် ခေတ်လူငယ်တွေကြုံနေရတဲ့ သွေးဆောင်မှုအားလုံးအကြောင်း သိထားတဲ့မိဘဆိုရင် အဲဒီလိုမေးမိမှာပဲ။” ရေဗက္ကာလိုပဲ သင်လည်း မိဘတွေ စိုးရိမ်တတ်တယ်ဆိုတာ နားလည်ပေးပါ။—သုတ္တံ ၁၉:၁၁

● ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားမေးပါ– ‘အခန်းတံခါးပိတ်ပြီးနေတဲ့အခါ မဟုတ်တာတစ်ခုခုလုပ်မှာပဲလို့ မိဘတွေသံသယဖြစ်ရတဲ့အကြောင်းရင်းက ငါ့အပြုအမူကြောင့်လား။ မိဘတွေက ငါ့ အကြောင်းကို နည်းအမျိုးမျိုးသုံးပြီး စုံစမ်းရလောက်အောင် ငါသိုသိုသိပ်သိပ်နေမိလား။’ အဲဒီမေးခွန်းတွေကို မဟုတ်ဘူးလို့ သင်ဖြေတယ်ဆိုပါစို့။ ဒါတောင်မှ မိဘတွေက သင့်ကိုမယုံသေးဘူးဆိုရင် စိတ်အေးအေးထားပြီး သင်ဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့ကို လေးလေးစားစားပြောပြပါ။ သူတို့စိုးရိမ်လို့ပြောတာကို ကောင်းကောင်းနားထောင်ပေးပါ။ ကိုယ့်ကြောင့် ပြဿနာမဖြစ်ပါစေနဲ့။—ယာကုပ် ၁:၁၉

သူငယ်ချင်းတွေရှိလာတဲ့အခါ

သင်အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိလာမှာပဲ။ ဒီတော့ သင့်သူငယ်ချင်းတွေက ဘယ်သူတွေလဲ၊ သူတို့နဲ့အတူရှိတဲ့အခါ ဘာလုပ်သလဲဆိုတာ မိဘတွေသိချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ မိဘတွေ အစိုးရိမ်လွန်နေတာပဲလို့ သင်ခံစားမိနိုင်တယ်။ ၁၆ နှစ်အရွယ် အေမီ အခုလိုပြောတယ်– “ဖုန်း၊ အီးမေးလ် သုံးတဲ့အခါ လွတ်လွတ်လပ်လပ် သုံးချင်တယ်။ ဘယ်သူနဲ့ပြောနေတာလဲလို့ ၁၀ မိနစ်တစ်ခါလောက် မိဘတွေမေးနေတာမျိုး မကြားချင်ဘူး။”

သင်လုပ်ဆောင်နိုင်ရာ။ သူငယ်ချင်းကိစ္စကြောင့် မိဘနဲ့ပြဿနာဖြစ်မယ့်အစား ဒီအချက်တွေကို ကြိုးစားလုပ်ကြည့်ပါ–

● သူငယ်ချင်းတွေအကြောင်း မိဘကိုပြောပြပါ။ သူတို့နဲ့မိတ်ဆက်ပေးပါ။ သူငယ်ချင်းတွေအကြောင်း မိဘကို မပြောပြထားဘူးဆိုရင် တိတ်တဆိတ် စုံစမ်းတော့မှာပေါ့။ သင့်သူငယ်ချင်းတွေအကြောင်း မိဘတွေပိုသိလေ သူတို့စိတ်အေးရလေပဲ။

● ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားမေးပါ– ငါလုပ်သမျှ အသေးစိတ်ကအစ မိဘတွေကို မပြောပြချင်တာလား။ ဒါမှမဟုတ် မိဘမသိအောင် ငါဖုံးထားချင်တဲ့အကြောင်းတွေ ရှိနေလား။ ၂၂ နှစ်အရွယ် ဘရစ်တနီက “သင်ဟာ မိဘတွေနဲ့အတူနေတယ်၊ သူတို့ကလည်း သင့်ကို စိုးရိမ်တယ်ဆိုရင် ‘ငါမှ အမှားမလုပ်ထားတာ၊ ဘာကိုဖုံးကွယ်နေရမှာလဲ’ လို့တွေးမှာပဲ။ ဒါပေမဲ့ ဖုံးကွယ်ဖို့လိုလာပြီဆိုရင်တော့ တစ်ခုခုမှားနေပြီ” ဆိုပြီးပြောတယ်။

သီးသန့်နေချင်ရတဲ့အကြောင်း

အခု သင် သီးသန့်နေချင်တာနဲ့ပတ်သက်ပြီး ဖြေရှင်းနည်းတချို့ကို စဉ်းစားကြည့်ပါ။ အောက်ပါမေးခွန်းတွေရဲ့အဖြေကို လိုင်းပေါ်မှာရေးပါ–

အဆင့် ၁– သေချာသိအောင်လုပ်ပါ။ သင်က ဘယ်ကဏ္ဍတွေမှာ ပိုပြီးသီးသန့်နေချင်တာလဲ။

․․․․․

အဆင့် ၂– မိဘရဲ့အမြင်ကို ထည့်စဉ်းစားပါ။ သူတို့အဓိကစိုးရိမ်နေတာ ဘာဖြစ်မယ်လို့ သင်ထင်သလဲ။

․․․․․

အဆင့် ၃– ဖြေရှင်းဖို့ကြိုးစားပါ။ ပြဿနာပိုဆိုးသွားအောင် သင် ဘယ်လိုလုပ်မိနိုင်သလဲ။ ဒါဆိုရင် သင့်ဘက်က ဘာတွေပြောင်းလဲနိုင်သလဲ။ ပြဿနာတွေနဲ့ပတ်သက်ပြီး မိဘကို ဘာလုပ်စေချင်သလဲ။

․․․․․

အဆင့် ၄– ပြောဆိုဆွေးနွေးပါ။ သီးသန့်နေချင်တာနဲ့ပတ်သက်လို့ မိဘတွေကို ကိုယ့်ဘက်ကစပြီး ဘယ်လိုပြောဆိုနိုင်တယ်ဆိုတာ ဖော်ပြပါ။

․․․․․

နောက်အခန်းမှာဖတ်ကြည့်ပါ

မိဘတစ်ဦးဆုံးပါးသွားတယ် ဆိုပါစို့။ အဲဒီအခါ နှစ်သိမ့်မှု ဘယ်လိုရနိုင်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 ထပ်သိချင်တယ်ဆိုရင် ဒီစာအုပ်ရဲ့အခန်း ၆ ကိုကြည့်ပါ။

အဓိကကျမ်းချက်

‘သင်သည် နှစ်သက်တော်မူဖွယ်ကောင်းသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်သနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်လော့။’ —၂ တိမောသေ ၂:၁၅

အကြံပြုချက်

တစ်ယောက်တည်း သီးသန့်နေချင်တဲ့အကြောင်း မိဘတွေကိုပြောတဲ့အခါ မကျေနပ်တဲ့ပုံစံနဲ့ မပြောပါနဲ့။ အဲဒီအစား ကိုယ်ဖြစ်ချင်တာကို ပြောပြပါ။ အဲဒီနှစ်ခု ဘာကွာသလဲ။ မကျေနပ်တဲ့ပုံစံနဲ့ ပြောတာက မိဘရဲ့လုပ်ပုံမဟုတ်ဘူးဆိုပြီး အပြစ်တင်နေတာ။ ဖြစ်ချင်တာကိုပြောတာကတော့ ညှိနှိုင်းပြီး ပြဿနာတွေကို ဖြေရှင်းနေတာဖြစ်တယ်။

သင်သိပါသလား . . . ?

သင်က အမှန်အတိုင်းပြောလေ မိဘတွေလည်း သံသယစိတ် နည်းသွားလေပဲ။

လက်တွေ့လုပ်ကြည့်ပါ

မိဘတွေရဲ့ ယုံကြည်စိတ်ချမှုရအောင် (ဒါမှမဟုတ် ပြန်ရအောင်) ငါလုပ်နိုင်တာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● မိဘတွေက သင့်အကြောင်းမေးပိုင်ခွင့်ရှိတယ်။ ဘာကြောင့်လဲ။

● မိဘတွေနဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးစားလုပ်ဆောင်တာက နောက်ပိုင်း တခြားသူတွေနဲ့ဆက်ဆံရာမှာ ဘယ်လိုထောက်ကူပေးသလဲ။

[စာမျက်နှာ ၁၀၈ ပါ အကျဉ်းဖော်ပြချက်]

‘‘ဘယ်မိဘမှ ကိုယ့်သားသမီးကို ဒုက္ခမရောက်စေချင်ဘူး။ တစ်ခါတလေတော့ သင့်ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်စွက်သလို ဖြစ်သွားနိုင်တယ်။ အဲဒီအခါ မတရားဘူးလို့ ထင်တတ်တယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကျွန်မသာ မိဘဖြစ်မယ်ဆိုရင်လည်း အဲလိုပဲလုပ်မိမှာ။’’—အယ်လီနာ

[စာမျက်နှာ ၁၀၉ ပါ ရုပ်ပုံ]

ယုံကြည်စိတ်ချမှုက လစာနဲ့ တူတယ်။ အဲဒါကိုရဖို့ အလုပ်လုပ်ရမယ်