မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်ကို ဘယ်လိုအကျိုးရှိရှိသုံးရမလဲ

အချိန်ကို ဘယ်လိုအကျိုးရှိရှိသုံးရမလဲ

အခန်း ၂၁

အချိန်ကို ဘယ်လိုအကျိုးရှိရှိသုံးရမလဲ

တစ်နေ့မှာ ဘယ်နှစ်နာရီလောက် ထပ်ရှိစေချင်သလဲ။ ․․․․․

․ပိုနေတဲ့အချိန်ကို ဘာအတွက် သုံးချင်သလဲ။

သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းမယ်

အိပ်မယ်

စာဖတ်မယ်

တခြား ․․․․․

အချိန်က မြင်းရိုင်းတစ်ကောင်နဲ့တူတယ်။ မြင်းကို ကောင်းကောင်းထိန်းတတ်မှ ခိုင်းချင်တာခိုင်းလို့ရမယ်။ အဲဒီလိုပဲ၊ အချိန်ကို ကောင်းကောင်းအသုံးချတတ်မှ ဖိစီးမှုနည်းလာမယ်၊ အဆင့်ကောင်းလာမယ်၊ မိဘတွေ သင့်ကို ပိုယုံကြည်စိတ်ချလာမယ်။ “ကောင်းတာပေါ့၊ ဒါပေမဲ့ အပြောလွယ်သလောက် အလုပ်ခက်တယ်” လို့ သင်ပြောမှာပဲ။ မှန်ပါတယ်၊ အခက်အခဲတွေတော့ ရှိမှာပဲ။ ဒါပေမဲ့ အောင်မြင်ကျော်လွှားနိုင်ပါတယ်။ ဥပမာတချို့ကို ကြည့်ရအောင်။

အခက်အခဲ #၁– အချိန်ဇယားဆွဲခြင်း

အတားအဆီးဖြစ်စေတဲ့အရာ။ အချိန်ဇယားဆွဲမယ်လို့ တွေးလိုက်တာနဲ့ ချောင်ပိတ်မိနေတယ်လို့ သင် ခံစားမိနိုင်တယ်။ အချိန်ဇယားက ကိုယ့်ဘဝကို ချုပ်နှောင်ထားတာမျိုး မကြိုက်ဘူး။ လွတ်လွတ်လပ်လပ်နေချင်တယ်။

လုပ်သင့်တဲ့အကြောင်းရင်း။ ‘လုံ့လဝီရိယရှိသူရဲ့ အစီအစဉ်တွေက ကျိန်းသေအောင်မြင်လိမ့်မယ်’ ဆိုပြီး ဘုရင်ရှောလမုန် ရေးခဲ့တယ်။ (သုတ္တံ ၂၁:၅ကဘ) ရှောလမုန်ဟာ သိပ်အလုပ်များတဲ့သူပါ။ လင်ယောက်ျားလည်းဖြစ်၊ ဖခင်လည်းဖြစ်သလို ဘုရင်တစ်ပါးလည်းဖြစ်တယ်။ အသက်ကြီးလာလေ သူ့မှာ လုပ်စရာတွေများလာလေပေါ့။ သင်လည်း သူ့လို အလုပ်များနေမှာပဲ။ အသက်ကြီးလာတာနဲ့အမျှ ပိုတောင်မှ ဗျာများလာအုံးမယ်။ ဒါကြောင့် နောက်မှ စည်းစနစ်ကျတာထက် အခုကတည်းက စည်းစနစ်ကျတာ ပိုကောင်းတယ်။

ရွယ်တူချင်းတွေအပြော။ “လွန်ခဲ့တဲ့ခြောက်လလောက်ကစပြီး ကျွန်တော်လုပ်စရာရှိတာကို မှန်မှန်ဇယားဆွဲ လုပ်ဆောင်တဲ့အခါ အဆင်ပြေတယ်။ တော်တော်ဟန်ကျတယ်ဗျာ။” —ဂျိုအီ။

“စာရင်းလုပ်တာက တကယ်အကူအညီဖြစ်တယ်။ အလုပ်တွေပိလာပြီဆိုရင် အမေနဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီနိုင်မလဲဆိုတာသိဖို့ အလုပ်တွေအားလုံး ရေးချလိုက်တယ်။”—မဲလ်လရီ။

အကူအညီဖြစ်စေတဲ့အရာ။ မိသားစုလိုက် အပျော်ခရီးထွက်တော့မယ် ဆိုပါစို့။ အိတ်တွေကို ကားနောက်ခန်းထဲ ဖြစ်သလိုပစ်ထည့်လိုက်ရင် ပစ္စည်းအားလုံးအတွက် နေရာမဆံ့တော့ဘူး။ ဒါဆို ဘာလုပ်နိုင်သလဲ။ ပစ္စည်းအားလုံးပြန်ထုတ်၊ အကြီးဆုံးအိတ်တွေကို အရင်နေရာချ၊ ပြီးမှ လွတ်တဲ့နေရာမှာ အိတ်အသေးတွေကိုထည့်ရင် ပစ္စည်းအားလုံး ဆံ့သွားမှာပေါ့။

အဲဒီနည်းအတိုင်း သင့်ဘဝကို စီစဉ်နိုင်တယ်။ အသေးအဖွဲကိစ္စတွေမှာ အချိန်ကိုသုံးလိုက်မယ်ဆိုရင် အရေးကြီးကိစ္စတွေလုပ်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အရေးကြီးတာတွေကို အရင်လုပ်ပါ။ ဒါဆိုရင် ကျန်တဲ့ကိစ္စတွေလုပ်ဖို့ အချိန်အများကြီး ရလာလိမ့်မယ်။—ဖိလိပ္ပိ ၁:၁၀

သင်လုပ်ရမယ့် အရေးကြီးဆုံးကိစ္စတွေက ဘာလဲ။

․․․․․

အဲဒါတွေကို အရေးကြီးဆုံးကိစ္စကနေစပြီး အစဉ်လိုက် နံပါတ်တပ်ပါ။ အရေးကြီးတာကို ဦးစားပေးလုပ်ပြီးတဲ့အခါ အသေးအဖွဲကိစ္စတွေအတွက် အချိန်အများကြီးပိုလာပါလိမ့်မယ်။

သင်လုပ်ဆောင်နိုင်ရာ။ ဦးစားပေးရမယ့်ကိစ္စတွေကို အိတ်ဆောင်မှတ်စုစာအုပ်မှာ ရေးထားပါ။ ဒါမှမဟုတ် အောက်ဖော်ပြပါ တစ်ခုခုကိုလည်း အသုံးပြုနိုင်တယ်။

□ ဖုန်းထဲကပြက္ခဒိန်

□ မှတ်စုစာရွက်

□ ကွန်ပျူတာထဲက ပြက္ခဒိန်

□ စားပွဲတင် ပြက္ခဒိန်

အခက်အခဲ #၂– အချိန်ဇယားအတိုင်းလုပ်ခြင်း

အတားအဆီးဖြစ်စေတဲ့အရာ။ သင် ကျောင်းကပြန်လာတဲ့အခါ အနားယူရင်း တီဗွီခဏကြည့်မယ် ဒါမှမဟုတ် စာကျက်မယ်လို့ စိတ်ကူးထားတယ်။ အဲဒီအချိန်မှာပဲ ရုပ်ရှင်ကြည့်ရအောင်ဆိုပြီး မက်ဆေ့ခ်ျဝင်လာတယ်။ ရုပ်ရှင်က ဒီအချိန်ပဲပြတာဆိုတော့ ညရောက်မှ စာကျက်လည်းရပါတယ်ဆိုပြီး ရွှေ့ဆိုင်းလိုက်တယ်။ ‘အနားကပ်မှ စာကျက်ရင် ပိုတောင်ရသေးတယ်’ လို့လည်း တွေးမိတယ်။

လုပ်သင့်တဲ့အကြောင်းရင်း။ စိတ်လန်းဆန်းနေတဲ့အချိန်မှာ စာလုပ်ရင် အဆင့်ပိုကောင်းနိုင်တယ်။ ဒါ့အပြင် ဇယားအတိုင်းမလုပ်ရင် ဖိစီးမှုပိုများလာဖို့ပဲရှိတယ်။ စာမေးပွဲနီးမှ ဖုတ်ပူမီးတိုက်စာကျက်ပြီး တစ်ညလုံး ဦးနှောက်ထဲ ရိုက်သွင်းမယ်ဆိုရင် နောက်နေ့မနက် ဘယ်လိုနေမလဲ။ အအိပ်လွန်သွားတာ၊ ဖိစီးမှုပိုများတာ၊ ကျောင်းမမီမှာစိုးလို့ အပြေးအလွှားသွားရတာ၊ ကျောင်းနောက်ကျတာတွေ ဖြစ်နိုင်တယ်။—သုတ္တံ ၆:၁၀၊ ၁၁

ရွယ်တူချင်းတွေအပြော။ “တီဗွီကြည့်ရတာ၊ ဂစ်တာတီးရတာ၊ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရတာကို ကျွန်တော်ကြိုက်တယ်။ အဲဒါတွေက မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒါတွေကြောင့် ပိုအရေးကြီးတဲ့ကိစ္စတွေကို ဘေးချိတ်မိသွားပြီး ကတိုက်ကရိုက်လုပ်ရတဲ့အဖြစ်မျိုး ရောက်သွားတယ်။”—ဂျူလီယံ။

အကူအညီဖြစ်စေတဲ့အရာ။ ဇယားဆွဲတဲ့အခါ လုပ်ရမယ့်အလုပ်တွေလောက်သာမဟုတ်ဘဲ လုပ်ချင်တာတွေကိုပါ ထည့်ဆွဲပါ။ ဂျူလီယံ အခုလိုဆက်ပြောတယ်– “နောက်ပိုင်းမှာ ကျွန်တော်လုပ်ချင်တာတွေလုပ်ဖို့ ဇယားဆွဲထားတယ်ဆိုတဲ့အသိက လုပ်ရမယ့်အရာတွေကိုလုပ်ဖို့ ပိုလွယ်ကူစေတယ်။” နောက်ထပ်အကြံပေးချင်တာက ကိုယ်ရည်ရွယ်ထားတာကို လုပ်နေ၊ မလုပ်နေ သိနိုင်ဖို့ အစီအစဉ်ငယ်လေးတွေ ရေးဆွဲပါ။

သင်လုပ်ဆောင်နိုင်ရာ။ နောက်ခြောက်လအတွင်းလုပ်ဖို့ ရည်ရွယ်ထားတဲ့အရာ တစ်ခု၊ နှစ်ခုကိုရေးပါ။

․․․․․

နောက်နှစ်နှစ်အတွင်း ဘာလုပ်ဖို့ရည်ရွယ်ထားသလဲ။ အဲဒီအတိုင်းဖြစ်လာအောင် အခုအချိန်ကစပြီး ဘာလုပ်ဖို့လိုသလဲ။ *

․․․․․

အခက်အခဲ #၃– သပ်ရပ်ပြီး စည်းစနစ်ကျခြင်း

အတားအဆီးဖြစ်စေတဲ့အရာ။ သပ်ရပ်ပြီး စည်းစနစ်ကျတာက အချိန်ကိုကောင်းကောင်းအသုံးချနိုင်ဖို့ အကူအညီဖြစ်မှန်း သင်သိချင်မှသိမယ်။ ဒါ့အပြင် ရှုပ်ပွနေတာကို ဒီအတိုင်းထားတာက ပိုသက်သာတယ်လို့ တွေးမိလိမ့်မယ်။ အခန်းကို မနက်ဖြန် ရှင်းချင်ရှင်းမယ် ဒါမှမဟုတ် မရှင်းရင်လည်း ရတယ်။ ရှုပ်ပွနေတာ ပြဿနာမဟုတ်ဘူး၊ ဂရုစိုက်နေစရာ မလိုဘူးလို့တွေးမယ်။ အဲဒီသဘောထားမှန်သလား။

လုပ်သင့်တဲ့အကြောင်းရင်း။ အမြဲသပ်သပ်ရပ်ရပ်၊ စနစ်တကျရှိတာက ကိုယ်လိုချင်တာရှာတဲ့အခါ အချိန်ကုန်သက်သာတယ်။ စိတ်လည်းအေးရတယ်။—၁ ကောရိန္သု ၁၄:၄၀

ရွယ်တူချင်းတွေအပြော။ “အဝတ်အစားသိမ်းဖို့ အချိန်မရတဲ့အခါမျိုးမှာ ကျွန်မလိုချင်တဲ့ပစ္စည်းက ရှုပ်ပွနေတဲ့အဝတ်ပုံထဲ ပျောက်သွားရော။”—မန်ဒီ။

“ကျွန်တော့်ပိုက်ဆံအိတ်ကို တစ်ပတ်လောက်ရှာမတွေ့တော့ စိတ်ညစ်လိုက်တာ ပြောမနေနဲ့။ နောက်ဆုံး အခန်းသန့်ရှင်းရေးလုပ်လိုက်မှပဲ ပြန်တွေ့တော့တယ်။”—ဖရန့်ခ်။

အကူအညီဖြစ်စေတဲ့အရာ။ ပစ္စည်းတစ်ခုကို သုံးပြီးတာနဲ့ ချက်ချင်း သူ့နေရာသူပြန်ထားပါ။ အဲဒီလိုအမြဲလုပ်ပါ၊ ပစ္စည်းတွေ သိမ်းမနိုင်ဆည်းမရဖြစ်တဲ့အထိ စောင့်မနေပါနဲ့။

သင်လုပ်ဆောင်နိုင်ရာ။ သပ်သပ်ရပ်ရပ်ထားတတ်တဲ့အကျင့်ရှိဖို့ ကြိုးစားပါ။ သပ်သပ်ရပ်ရပ် သိမ်းဆည်းထားတဲ့အခါ ပိုအဆင်ပြေတယ်။

အချိန်ဆိုတာ သင်နဲ့ သင့်သူငယ်ချင်းတွေ၊ မိဘတွေ အားလုံးတန်းတူရထားတဲ့ အဖိုးတန်အရာတစ်ခုဖြစ်တယ်။ အဖိုးတန်အချိန်ကို ဖြုန်းတီးလိုက်ရင် ဆုံးရှုံးနစ်နာလိမ့်မယ်။ အကျိုးရှိရှိအသုံးချမယ်ဆိုရင် ကောင်းကျိုးခံစားရပါလိမ့်မယ်။ သင်ဘယ်လိုအသုံးပြုချင်သလဲ။

နောက်အခန်းမှာဖတ်ကြည့်ပါ

သင့်မိဘတွေဟာ နိုင်ငံရပ်ခြားကနေ ပြောင်းရွှေ့လာသူတွေလား။ အဲဒါကြောင့် ကျောင်းမှာ၊ အိမ်မှာ အဆင်မပြေဖြစ်နေသလား။ ဒါဆိုရင် ဘယ်လိုအဆင်ပြေပြေနေနိုင်မလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 32 ထပ်သိချင်တယ်ဆိုရင် ဒီစာအုပ်ရဲ့အခန်း ၃၉ ကိုကြည့်ပါ။

အဓိကကျမ်းချက်

‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိပါ။’ —ဖိလိပ္ပိ ၁:၁၀

အကြံပြုချက်

ဒီအခန်းမှာဖော်ပြထားတဲ့ အကြံပြုချက်အားလုံးကို တစ်ကြိမ်တည်းနဲ့ အပြီးလုပ်ဖို့မလိုပါဘူး။ အဲဒီအစား နောက်လမှာ တစ်ခုလောက် ကြိုးစားလုပ်ကြည့်ပါ။ အောင်မြင်ပြီဆိုမှ နောက်တစ်ခုကို ကြိုးစားပါ။

သင်သိပါသလား . . . ?

တစ်နေ့ထဲမှာ အလုပ်အများကြီးလုပ်ဖို့ ဇယားဆွဲထားတာက ဖိစီးမှုဖြစ်စေတယ်။ ဦးစားပေးရမယ့်အလုပ်တွေကို သတ်မှတ်ထားမယ်ဆိုရင် ဘာတွေကို လုပ်ဖို့လိုတယ်၊ ဘာတွေကိုတော့ လုပ်ဖို့မလိုဘူးဆိုတာ သိလာပါလိမ့်မယ်။

လက်တွေ့လုပ်ကြည့်ပါ

ငါ အချိန်နည်းနည်းပဲပေးပြီး လုပ်နိုင်တဲ့အလုပ်က ․․․․․

ငါရထားတဲ့အချိန်ကိုသုံးပြီး ဒါတွေလုပ်မယ် ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● အခု အချိန်ဇယားဆွဲတတ်ခြင်းက နောက်ပိုင်း ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်လာတဲ့အခါ ဘယ်လိုကူညီပေးနိုင်သလဲ။

● မိဘတွေ အချိန်အသုံးပြုပုံကနေ သင် ဘာသင်ယူနိုင်သလဲ။

● သင့်မှာ အချိန်ဇယားရှိထားပြီဆိုရင်တောင် ပိုအကျိုးရနိုင်ဖို့ ဘာတွေပြုပြင်ပြောင်းလဲနိုင်သလဲ။

[စာမျက်နှာ ၁၅၄ ပါ အကျဉ်းဖော်ပြချက်]

‘‘ကျွန်တော့်ကို လေးနာရီလောက်မှာ ချိန်းချင်ရင် သုံးနာရီဆိုပြီး ပြောမှရမယ်လို့ နောက်ပြောင်တာ ကြားလိုက်ရတယ်။ အဲဒီတော့မှပဲ အချိန်ကိုကောင်းကောင်းအသုံးပြုဖို့ လိုနေပြီဆိုတာ သိတော့တယ်။’’—ရစ်ကီ

[စာမျက်နှာ ၁၅၅ ပါ လေးထောင့်ကွက်]

အချိန်ကို ငါဘယ်လိုသုံးသလဲ

ပျမ်းမျှအနေနဲ့ အသက် ၈ နှစ်နဲ့ ၁၈ ကြားလူငယ်တွေဟာ တစ်ပတ်တာအတွင်း ဒီလိုနည်းနဲ့ အချိန်အသုံးပြုကြတယ်–

၁၇

မိဘတွေနဲ့

၃၀

ကျောင်းမှာ

၄၄

တီဗွီကြည့်၊ ဗီဒီယိုဂိမ်းဆော့၊ မက်ဆေ့ခ်ျပို့၊ သီချင်းနားထောင်

တစ်ပတ်တစ်ပတ် သင်အသုံးပြုတဲ့အချိန်တွေကို ပေါင်းပါ

တီဗွီကြည့်ချိန် ․․․․․

ဗီဒီယိုဂိမ်းကစားချိန် ․․․․․

အင်တာနက်အသုံးပြုချိန် ․․․․․

သီချင်းနားထောင်ချိန် ․․․․․

စုစုပေါင်း ․․․․․

ပိုအရေးကြီးတဲ့ကိစ္စတွေလုပ်ဖို့ အရေးမကြီးတဲ့ကိစ္စတွေကနေ ငါယူသုံးနိုင်တဲ့အချိန်

[စာမျက်နှာ ၁၅၃ ပါ ရုပ်ပုံ]

အချိန်က မြင်းရိုင်းတစ်ကောင်နဲ့တူတယ်။ မြင်းကို ကောင်းကောင်းထိန်းတတ်ဖို့လိုသလို အချိန်ကို ကောင်းကောင်းအသုံးချတတ်ရမယ်