မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတင်းကောင်းဝေမျှရန် သူတို့အသုံးပြုသည့် နည်းလမ်းများ

သတင်းကောင်းဝေမျှရန် သူတို့အသုံးပြုသည့် နည်းလမ်းများ

သတင်းကောင်းဝေမျှရန် သူတို့အသုံးပြုသည့် နည်းလမ်းများ

ခရစ်ယာန်တို့သည် “လူမျိုးအပေါင်းကိုတပည့်ဖြစ်စေ” ရန်လုပ်ဆောင်ဖို့အမိန့်ရထားကြသည်။ သို့သော် ဤသို့ပြုရန် သူတစ်ပါးကို အတင်းအဓမ္မဘာသာဆွယ်ရမည်မဟုတ်။ ယေရှုပေးသည့်တာဝန်မှာ “စိတ်နှိမ့်ချသူတို့အား သတင်းကောင်းကိုပြောရန်၊” “နှလုံးကြေကွဲသူတို့၏အနာကိုစည်းရန်၊” “ပူဆွေးနေသူတို့ကိုနှစ်သိမ့်ရန်၊” ဖြစ်သည်။ (မဿဲ ၂၈:၁၉; ဟေရှာယ ၆၁:၁၊ ၂; လုကာ ၄:၁၈၊ ၁၉) ဤသို့ပြုနိုင်ရန် ယေဟောဝါသက်သေတို့သည် သမ္မာကျမ်းစာမှသတင်းကောင်းကိုကြေညာကြသည်။ ပရောဖက်ယေဇကျေလနည်းတူ ယနေ့ ယေဟောဝါသက်သေတို့သည်လည်း “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူ” တို့ကိုလိုက်လံရှာဖွေကြသည်။—ယေဇေကျေလ ၉:၄။

မျက်မှောက်ခေတ်အခြေအနေကြောင့် စိတ်သောကရောက်နေသူတို့ကိုရှာဖွေရန် သူတို့အသုံးပြုသည့် အထင်ပေါ်ဆုံးနည်းတစ်နည်းမှာ တစ်အိမ်မှတစ်အိမ်သို့သွားခြင်းဖြစ်သည်။ ဤနည်းဖြင့်လူတို့နှင့် ထိထိရောက်ရောက်တွေ့ဆုံခွင့်ရကြသည်။ ယေရှုသည် “မြို့ရွာအစဉ်အတိုင်း . . . လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ” သကဲ့သို့ပင်ဖြစ်သည်။ ကိုယ်တော်၏ကနဦးတပည့်များလည်း ထိုနည်းအတိုင်းလုပ်ခဲ့ကြသည်။ (လုကာ ၈:၁; ၉:၁-၆; ၁၀:၁-၉) ယနေ့ ဖြစ်နိုင်သည့်နေရာတွင် ယေဟောဝါသက်သေတို့သည် တစ်နှစ်လျှင်အကြိမ်ကြိမ် အိမ်တိုင်းသွားပြီး အိမ်ရှင်စိတ်ဝင်စားသည့် ဒေသဆိုင်ရာ သို့မဟုတ် ကမ္ဘာ့ရေးရာအကြောင်းတစ်ခုခုကိုအခြေပြု၍ မိနစ်အနည်းငယ်စကားစမြည်ပြောဖို့ ကြိုးစားကြသည်။ စဉ်းစားစရာကျမ်းချက်တစ်ချက် နှစ်ချက်ကိုတင်ပြပြီး အိမ်ရှင်စိတ်ဝင်စားမှုပြလျှင် နောက်ထပ်အကြောင်းအရာတို့ကို ဆွေးနွေးနိုင်ရန် အဆင်ပြေသည့်အချိန်တစ်ခုခု၌ ပြန်လည်ပတ်ဖို့စီစဉ်ကြသည်။ ကျမ်းစာနှင့် ကျမ်းစာကိုရှင်းပြသည့် စာပေတို့ကိုဝေငှခဲ့ပြီး အိမ်ရှင်စိတ်ဆန္ဒရှိပါက အခမဲ့အိမ်တွင်းကျမ်းစာသင်တန်းကျင်းပပေးသည်။ ကမ္ဘာတစ်ဝန်း သန်းနှင်ချီသော ဤအကူအညီဖြစ်စေသည့်ကျမ်းစာသင်တန်းများကို တစ်ဦးချင်းစီနှင့် မိသားစုလိုက်တို့ဖြင့် မှန်မှန်ကျင်းပခဲ့ကြသည်။

“[ဘုရားသခင်] နိုင်ငံတော်သတင်းကောင်း” ကို အခြားသူတို့အား ကြားနာစေသည့် နောက်တစ်နည်းမှာ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် ကျင်းပသည့် အစည်းအဝေးများအားဖြင့် ဖြစ်သည်။ ထိုတွင်သက်သေခံတို့သည် အစည်းအဝေးများကို ပတ်စဉ်မှန်မှန်ကျင်းပကြသည်။ အစည်းအဝေးတစ်ခုမှာ လတ်တလောစိတ်ဝင်စားစရာအကြောင်းတစ်ခုပေါ်အခြေခံ၍ လူထုကိုဟောပြောခြင်းဖြစ်သည်။ ယင်းနှင့် တစ်ဆက်တည်း ကင်းမျှော်စင် မဂ္ဂဇင်းကို အရင်းခံအကြောင်းအရာအဖြစ်အသုံးပြုကာ ကျမ်းစာအကြောင်းတစ်ခု သို့မဟုတ် ပရောဖက်ပြုချက်တစ်ခုခုကိုလေ့လာသည့် အစည်းအဝေးဖြစ်သည်။ နောက်အစည်းအဝေးတစ်ခုမှာ သတင်းကောင်းကို ပိုမိုကောင်းစွာဟောပြောနိုင်ရန် သက်သေခံများကို လေ့ကျင့်ပေးသည့်ကျောင်းအစီအစဉ်ဖြစ်ပြီး၊ ယင်းနှင့်ဆက်၍ ဒေသဆိုင်ရာရပ်ကွက်၌ သက်သေခံခြင်းလုပ်ငန်းကိုဆွေးနွေးသည့် အစည်းအဝေးလိုက်ပါလာသည်။ ထို့ပြင် သက်သေခံတို့သည် ကိုယ်ပိုင်အိမ်တစ်ခုခုတွင် ပတ်စဉ်စုဝေးပြီး အုပ်စုငယ်လေးများဖြင့် ကျမ်းစာလေ့လာကြသည်။

ဤအစည်းအဝေးအားလုံးကို လူတိုင်းလွတ်လပ်စွာတက်ရောက်နိုင်သည်။ မည်သည့်အခါမျှ အလှူငွေမကောက်ခံပါ။ ယင်းအစည်းအဝေးအားလုံးသည် လူတိုင်းကိုအကျိုးဖြစ်စေသည်။ ကျမ်းစာက “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့” ဟုဆိုသည်။ ကိုယ်ပိုင်လေ့လာမှုနှင့် စူးစမ်းရှာဖွေခြင်းပြုရန်လိုအပ်သည်။ သို့သော် အခြားသူတို့နှင့်စည်းဝေးခြင်းသည် အားပေးလှုံ့ဆော်မှုကိုဖြစ်စေသည်။ “သံကိုသံဖြင့်ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။”—ဟေဗြဲ ၁၀:၂၄၊ ၂၅; သု. ၂၇:၁၇

နေ့စဉ်အသက်တာတွင် ဆုံတွေ့သူတို့ကို သတင်းကောင်းဟောပြောရန် သက်သေခံတို့သည် အခွင့်အရေးရှာယူတတ်ကြသည်။ အိမ်နီးချင်း သို့မဟုတ် ကား၊ လေယာဉ်ပျံခရီးအတူသွားသူတို့နှင့် စကားတစ်ခွန်းနှစ်ခွန်းပြောဆိုခွင့်၊ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးနှင့် စကားဝိုင်းဖွဲ့ခွင့် သို့မဟုတ် နေ့လယ်စာစားချိန်တွင် မိမိ၏လုပ်ဖော်ဆောင်ဖက်တစ်ဦးနှင့် ဆွေးနွေးရခြင်းတို့ဖြစ်နိုင်သည်။ ယေရှု မြေကြီးပေါ်သက်တော်ထင်ရှားရှိခဲ့စဉ်က အများအားဖြင့် သက်သေခံသည့်ပုံစံမှာ ဤသို့ပင်—ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း၊ တောင်ကုန်းပေါ်တွင်ထိုင်နေရင်း၊ တစ်ဦးဦး၏အိမ်တွင်ညနေစာစားရင်း၊ မင်္ဂလာဆောင်ပွဲတက်ရောက်ရင်း၊ သို့မဟုတ် ဂါလိလဲအိုင်တွင် တံငါလှေဖြင့်ခရီးသွားရင်း ဟောပြောခဲ့သည်။ ယေရုရှလင်ရှိ တရားဇရပ်များနှင့် ဝတ်ပြုရာအိမ်တော်တွင် ကိုယ်တော်သွန်သင်ဆုံးမခဲ့သည်။ ကိုယ်တော်ရောက်ရှိသည့်နေရာတိုင်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောဖို့အခွင့်အရေးရှာခဲ့သည်။ ယေဟောဝါသက်သေတို့သည် ဤကိစ္စတွင် ကိုယ်တော်၏ခြေရာကိုလိုက်လျှောက်ရန် ကြိုးစားကြသည်။—၁ ပေတရု ၂:၂၁

ပုံသက်သေအားဖြင့် ဟောပြောခြင်း

သင့်အား သတင်းကောင်းဟောပြောသူသည် ဟောပြောသည့်အတိုင်း မိမိကိုယ်တိုင်လက်တွေ့မကျင့်သုံးလျှင် မည်သည့်နည်းဖြင့်ဟောဟော၊ သင့်အတွက် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ အပြောနှင့်အလုပ်မညီခြင်းသည် အရေခြုံမှုဖြစ်သည်။ ဘာသာရေးအရေခြုံတို့သည် လူသန်းပေါင်းများစွာအား သမ္မာကျမ်းစာကို ကျောခိုင်းအောင်ပြုခဲ့ကြပြီ။ အမှန်တွင် ကျမ်းစာကိုလုံးဝအပြစ်မတင်နိုင်ပါ။ ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် ဟေဗြဲကျမ်းစာစောင်ကိုပိုင်ဆိုင်ထားကြသော်လည်း သူတို့သည် အရေခြုံသမားများဖြစ်သည်ဟု ယေရှုအပြစ်တင်ခဲ့သည်။ မောရှေပညတ်ကို သူတို့ဖတ်ရှုကြောင်း ကိုယ်တော်မိန့်မြွက်ပြီးနောက် တပည့်တို့အား “သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ” ဟူ၍မိန့်တော်မူခဲ့သည်။ (မဿဲ ၂၃:၃) ခရစ်ယာန်တစ်ဦး မှန်ကန်စွာအသက်ရှင်နေထိုင်ခြင်းအားဖြင့် တင်ပြသောပုံသက်သေသည် နာရီပေါင်းများစွာဟောပြောခြင်းထက် ပို၍တာသွားသည်။ မယုံကြည်သူ လင်သားများရှိသော ခရစ်ယာန်ဇနီးသည်တို့အား ဤအချက်ကိုညွှန်ပြခဲ့သည်– “ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။”—၁ ပေတရု ၃:၁၊ ၂

ထို့ကြောင့် ယေဟောဝါသက်သေတို့သည် ဤနည်းဖြင့်သတင်းကောင်းကို သူတစ်ပါးလက်ခံအောင်ကြိုးစားကြသည်– သူတစ်ပါးကိုဟောပြောသည့်အတိုင်း ခရစ်ယာန်ပြုမူကျင့်ကြံပုံအားဖြင့် ပုံသက်သေကောင်း တင်ပြကြသည်။ သူတို့သည် ‘မိမိ၌သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါးကိုပြု’ ရန်ကြိုးစားကြသည်။ (မဿဲ ၇:၁၂) သက်သေခံချင်း၊ မိတ်ဆွေ၊ အိမ်နီးချင်းနှင့် ဆွေမျိုးများနှင့်သာမဟုတ်ဘဲ လူအားလုံးနှင့် ဤနည်းအတိုင်း ကြိုးစား၍ပြုမူဆက်ဆံကြသည်။ မစုံလင်ကြသောကြောင့် သူတို့အမြဲရာနှုန်းပြည့်မအောင်မြင်ကြပါ။ သို့သော် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအားဖြင့်သာမဟုတ်ဘဲ ဖြစ်နိုင်သည့်အခါတိုင်းအကူအညီပေးရန် လူအားလုံးအပေါ်ကောင်းကျိုးပြုလိုသည့်ဆန္ဒ သူတို့မှာရှိကြပါသည်။—ယာကုပ် ၂:၁၄-၁၇

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဟာဝိုင်ယီ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဗင်နီဇွဲလား

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ယူဂိုစလားဗီးယား

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သင့်တော်သောပုံစံဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမများသည် ကျမ်းစာဆွေးနွေးရန်နေရာများဖြစ်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သူတို့၏မိသားစုဘဝတွင်ဖြစ်စေ၊ အခြားသူတို့နှင့်ဆက်ဆံရာတွင်ဖြစ်စေ သက်သေခံတို့သည် အခြားသူများကို မိမိတို့ တိုက်တွန်းသည့်အတိုင်း လုပ်ဆောင်ရန် ကြိုးစားကြသည်