အခန်း ၂၇
ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲ
ကျမ်းစာအသိပညာ တိုးတက်လာအောင် ရှာဖွေလေ့လာမှုတွေ လုပ်လိုပါသလား။ ကျမ်းချက်၊ ကျမ်းစာမှာ ဖော်ပြတဲ့လူ၊ နေရာဒေသ၊ အကြောင်းအရာတွေကို သိချင်ပါသလား။ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်ကြောင်း သိလိုပါသလား။ ဒါဆိုရင် ဝတ်ပြုရာခန်းမမှာရှိတဲ့ စာကြည့်တိုက်ကို လည်ပတ်ကြည့်ပါ။
ရှာဖွေလေ့လာမှုအတွက် အသုံးဝင်မယ့် စာပေတွေ၊ ကိရိယာတွေ ရှိတယ်။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ကျမ်းစာအခြေပြု စာပေအားလုံး သင့်ဘာသာစကားနဲ့ မရှိနိုင်လောက်ဘူး။ ဝတ်ပြုရာခန်းမ စာကြည့်တိုက်မှာတော့ သိပ်မကြာသေးခင်က ထုတ်ဝေခဲ့တဲ့ စာပေအားလုံးနီးပါး ရှိတယ်။ ကျမ်းစာဘာသာပြန်ကျမ်းအမျိုးမျိုး၊ အဘိဓာန်ကောင်းကောင်းနဲ့ အသုံးဝင်မယ့် ရည်ညွှန်းစာအုပ်တွေလည်း ရှိနိုင်တယ်။ အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ စာကြည့်တိုက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်။ ကွန်ပျူတာ တပ်ဆင်ထားမယ်ဆိုရင် ကင်းမျှော်စင်စာကြည့်တိုက်လည်း ရှိနိုင်တယ်။ ကင်းမျှော်စင်စာကြည့်တိုက် ဆိုတာ ကျွန်တော်တို့ရဲ့ စာအုပ်စာပေများစွာ ထည့်သွင်းထားတဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခု ဖြစ်ပြီး ရှာချင်တဲ့ အကြောင်းအရာ၊ စကားလုံး၊ ကျမ်းချက်ကို ရှာရလွယ်အောင် ပြုလုပ်ထားတယ်။
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း သင်တန်းသားတွေအတွက် အသုံးဝင်တယ်။ သင့်တာဝန်အတွက် ပြင်ဆင်တဲ့အခါ ဝတ်ပြုရာခန်းမ စာကြည့်တိုက်ကို ကောင်းကောင်း အသုံးပြုနိုင်တယ်။ စာကြည့်တိုက်ကို ကြီးကြပ်သူက အသက်တာနဲ့ အမှုဆောင်လုပ်ငန်း ကြီးကြပ်မှူး ဖြစ်တယ်။ စာကြည့်တိုက်မှာ နောက်ဆုံးထုတ် စာပေတွေ ရှိနေဖို့၊ စနစ်တကျ ရှိဖို့ တာဝန်ယူ ကြည့်ရှုပေးတယ်။ သူ ဒါမှမဟုတ် သင့်ကို ကျမ်းစာသင်ပေးသူက လိုအပ်တဲ့အချက်အလက်တွေ ဘယ်လို ရှာဖွေရမလဲဆိုတာ ပြပေးနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်စာအုပ်ကိုမှ ခန်းမအပြင်ကို မယူသွားသင့်ဘူး။ စာအုပ်တွေကို ကျွန်တော်တို့ ဂရုတစိုက် ကိုင်တွယ်လိုကြတယ်။ စာအုပ်မှာ အမှတ်အသားတွေ မလုပ်ကြဘူး။
“ဘုရားနဲ့ပတ်သက်တဲ့ အသိပညာ” ကို ရချင်ရင် “ရတနာသိုက်ကို လိုက်ရှာသလို” ရှာဖွေချင်စိတ် ရှိရမယ်ဆိုပြီး ကျမ်းစာက ရှင်းပြတယ်။ (ပညာ. ၂:၁-၅) သင် စတင်ရှာဖွေနိုင်အောင် ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ထောက်ကူပေးနိုင်တယ်။
-
ဝတ်ပြုရာခန်းမ စာကြည့်တိုက်မှာ ရှာဖွေလေ့လာနိုင်တဲ့ ဘာအထောက်အကူတွေ ရှိသလဲ။
-
စာကြည့်တိုက်ကို အကောင်းဆုံး သုံးတတ်အောင် သင့်ကို ဘယ်သူ ပြပေးနိုင်သလဲ။