အခန်း ၁၁၀
ဗိမာန်တော်မှာ ယေရှုရဲ့နောက်ဆုံးနေ့
မဿဲ ၂၃:၂၅–၂၄:၂ မာကု ၁၂:၄၁–၁၃:၂ လုကာ ၂၁:၁-၆
-
ဘာသာရေး ခေါင်းဆောင်တွေကို ထပ်မံ ပြစ်တင်ရှုတ်ချ
-
ဗိမာန်တော် ဖျက်ဆီးခံရမယ်
-
ဆင်းရဲတဲ့မုဆိုးမ ဒင်္ဂါးနှစ်ပြား လှူဒါန်း
ဗိမာန်တော်မှာ နောက်ဆုံးအကြိမ်ရှိနေတုန်း ယေရှုက ကျမ်းတတ်နဲ့ ဖာရိရှဲတွေကို သူတော်ကောင်း ယောင်ဆောင်သူတွေလို့ တဲ့တိုး ခေါ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ အယောင်ဆောင်မှုကို ဆက်ဖော်ထုတ်တယ်။ ယေရှုက ပုံဆောင်သဘောမျိုးနဲ့ အခုလိုပြောတယ်– “ခင်ဗျားတို့က အိုးခွက်အပြင်ဘက်ကို ဆေးကြောပေမဲ့ အတွင်းမှာတော့ လောဘတွေ၊ စိတ်အလိုလိုက်တာတွေနဲ့ ပြည့်နေတယ်။ မျက်ကန်းဖာရိရှဲတို့၊ အိုးခွက်အတွင်းဘက်ကို အရင်ဆေးကြောပါ။ ဒါမှ အပြင်ဘက်လည်း သန့်ရှင်းလာမှာပေါ့။” (မဿဲ ၂၃:၂၅၊ ၂၆) ဖာရိရှဲတွေဟာ ထုံးတမ်းစဉ်လာအရ သန့်ရှင်းဖို့၊ အပြင်ပန်း အသွင်အပြင် သန့်ရှင်းဖို့ အထူးဂရုစိုက်ပေမဲ့ အတွင်းလူကိုတော့ လျစ်လျူရှုထားပြီး သူတို့ရဲ့ ပုံဆောင်နှလုံးကို သန့်ရှင်းအောင်မထားကြဘူး။
သူတို့က သူတော်ကောင်း ယောင်ဆောင်ပြီး ပရောဖက်တွေရဲ့ သင်္ချိုင်းတွေကို တည်ဆောက်၊ အလှဆင်ကြတယ်။ ဒါပေမဲ့ ယေရှုပြောတဲ့အတိုင်း သူတို့ဟာ “ပရောဖက်တွေကို သတ်တဲ့သူတွေရဲ့ သားမြေး” တွေဖြစ်တယ်။ (မဿဲ ၂၃:၃၁) ဒါကြောင့်လည်း ယေရှုကိုသတ်ဖို့ ကြိုးစားနေကြတာ။—ယောဟန် ၅:၁၈။ ၇:၁၊ ၂၅။
ဘာသာရေးခေါင်းဆောင်တွေသာ နောင်တမယူဘူးဆိုရင် ကြုံရမယ့်အရာနဲ့ပတ်သက်ပြီး ယေရှုက “မြွေဆိုးအမျိုးတို့၊ ခင်ဗျားတို့က ဂေဟင်နာအရပ်မှာ ပြစ်ဒဏ်စီရင်မခံရဘဲ လွတ်နိုင်ပါ့မလား” လို့ပြောတယ်။ (မဿဲ ၂၃:၃၃) ဂေဟင်နာဆိုတာ ဟိန်နုံချိုင့်ဝှမ်းကို ပြောတာ။ အဲဒီချိုင့်ဝှမ်းက အမှိုက်တွေကို မီးရှို့တဲ့နေရာ ဖြစ်တာကြောင့် ဆိုးညစ်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ ကြုံရမယ့် ထာဝရဖျက်ဆီးခြင်းကို ပုံဆောင်တယ်။
ယေရှုကိုကိုယ်စားပြုတဲ့ တပည့်တွေဟာ “ပရောဖက်တွေ၊ ပညာရှိတွေ၊ သွန်သင်သူတွေ” ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်လို ဆက်ဆံခံရမလဲ။ ဘာသာရေးခေါင်းဆောင်တွေကို ယေရှု ဒီလိုပြောတယ်– “[ကျွန်တော့်တပည့်] တချို့ကို ခင်ဗျားတို့ သတ်ပစ်မယ်။ တချို့ကို သစ်တိုင်ပေါ် တင်လိမ့်မယ်။ တချို့ကို တရားဇရပ်တွေမှာ ရိုက်နှက်မယ်။ တချို့ကို တစ်မြို့ပြီးတစ်မြို့ လိုက်လံ ညှဉ်းဆဲကြလိမ့်မယ်။ ဒီတော့ ဖြောင့်မတ်တဲ့ အာဗေလကအစ . . . ဇာခရိအဆုံး ကမ္ဘာပေါ်မှာရှိတဲ့ ဖြောင့်မတ်သူမှန်သမျှ သွေးမြေကျခဲ့တဲ့ အပြစ်ဟာ ခင်ဗျားတို့အပေါ် ရောက်လာလိမ့်မယ်။” ပြီးတဲ့နောက် “ကျွန်တော် မှန်တာကိုပြောမယ်။ ဒီလူမျိုးဆက်ဟာ အဲဒီအပြစ်တွေအတွက် ပြစ်ဒဏ်ခံရလိမ့်မယ်” လို့သတိပေးတယ်။ (မဿဲ ၂၃:၃၄-၃၆) အေဒီ ၇၀ မှာ ရောမစစ်တပ် လက်ချက်နဲ့ ဂျေရုဆလင်မြို့ ပျက်စီးပြီး ထောင်နဲ့ချီတဲ့ဂျူးတွေ အသတ်ခံရတဲ့အခါ အဲဒီအတိုင်း ဖြစ်လာတယ်။
ဒီလို ကြောက်စရာကောင်းတဲ့ အခြေအနေကို ယေရှု စဉ်းစားမိတော့ စိတ်ထိခိုက်သွားပြီး “ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ မင်းဟာ ပရောဖက်တွေကို သတ်တဲ့မြို့၊ ဘုရား လွှတ်လိုက်တဲ့သူတွေကို ခဲနဲ့ပေါက်တဲ့မြို့ပဲ။ ကြက်မက ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုသိမ်းသလို မင်းရဲ့ သားသမီးတွေကို စုသိမ်းဖို့ ငါအကြိမ်ကြိမ် ကြိုးစားသေးတယ်။ ဒါပေမဲ့ မင်းကမှ လက်မခံတာ။ မင်းရဲ့အိမ်တော်ဟာ စွန့်ပစ်ခံရလိမ့်မယ်” ဆိုပြီး ဝမ်းနည်းတကြီး ပြောတယ်။—မဿဲ ၂၃:၃၇၊ ၃၈။
ဒီနောက် “ငါပြောမယ်။ ‘ယေဟောဝါရဲ့နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ’ လို့ မင်း မပြောမချင်း အခုကစပြီး ငါ့ကို လုံးဝမြင်ရမှာ မဟုတ်ဘူး” လို့ဆက်ပြောတယ်။ (မဿဲ ၂၃:၃၉) “ယေဟောဝါရဲ့နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။ ယေဟောဝါရဲ့ အိမ်တော်ကနေ ငါတို့ကောင်းချီးပေးပါတယ်” ဆိုတဲ့ ဆာလံ ၁၁၈:၂၆ ပါ ပရောဖက်ပြုစကားတွေကို ယေရှု ကိုးကားနေတာ။ မှန်ပါတယ်၊ ဗိမာန်တော်ပျက်စီးသွားတဲ့အခါ အဲဒီနေရာကို ဘုရားရဲ့နာမည်နဲ့ ရောက်လာသူ တစ်ယောက်မှရှိတော့မှာ မဟုတ်ဘူး။
အခု ယေရှုက ဗိမာန်တော်မှာ အလှူငွေပုံးတွေ ထားတဲ့နေရာကို သွားတယ်။ လူတွေက အလှူငွေပုံးရဲ့ ထိပ်မှာရှိတဲ့ အပေါက်လေးထဲကို အလှူငွေ ထည့်နေကြတယ်။ ဂျူးတွေလာပြီး အလှူငွေထည့်တာ၊ ချမ်းသာတဲ့လူတွေလည်း “ဒင်္ဂါးအများကြီး ထည့်” တာကို ယေရှု ကြည့်နေတယ်။ ဒီအခါ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက်က “တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြား” ထည့်လိုက်တာကို သတိထားမိတယ်။ (မာကု ၁၂:၄၁၊ ၄၂) သူ့ရဲ့အလှူငွေကို ဘုရားသခင် ဘယ်လောက်နှစ်သက်မှန်း ယေရှုကောင်းကောင်းသိမှာ သေချာပါတယ်။
ဒါနဲ့ တပည့်တွေကိုခေါ်ပြီး “ကျွန်တော် မှန်တာကိုပြောမယ်။ ဆင်းရဲတဲ့ ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားသူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်” လို့ပြောတယ်။ ဘယ်လိုဖြစ်နိုင်မလဲ။ “တခြားသူတွေက ပိုလျှံတဲ့ငွေကို ထည့်ကြတာ။ ဒီမုဆိုးမကတော့ ဆင်းရဲပေမဲ့ မာကု ၁၂:၄၃၊ ၄၄) မုဆိုးမရဲ့ သဘောထားနဲ့ လုပ်ရပ်က ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘယ်လောက်တောင် ကွာခြားလိုက်သလဲ။
ရှိစုမဲ့စု ဝမ်းစာကို အကုန်ထည့်လိုက်တာ” လို့ ယေရှုရှင်းပြတယ်။ (နိသန်လ ၁၁ ရက် ကုန်တော့မယ်။ ဒီနေ့က ဗိမာန်တော်မှာ နောက်ဆုံးအကြိမ် ယေရှု ရှိနေတာပဲ။ အခု အဲဒီကနေ ထွက်လာတဲ့အခါ တပည့်တစ်ယောက်က “ဆရာ၊ ဟောဒီကျောက်တုံးတွေ၊ အဆောက်အအုံတွေကို ကြည့်လိုက်ပါဦး” လို့ပြောတယ်။ (မာကု ၁၃:၁) ဗိမာန်တော်နံရံတွေကို ဧရာမ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာကြောင့် ခိုင်ခံ့ပြီး ဘယ်တော့မှ မပျက်စီးဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ ယေရှုက မဖြစ်နိုင်ပုံပေါက်တဲ့ ဒီစကားတွေကို ပြောလိုက်တယ်– “ဒီအဆောက်အအုံကြီးတွေကို ခင်ဗျားတို့ မြင်နေရတယ် မဟုတ်လား။ ဒါပေမဲ့ ဟောဒီကျောက်တုံးတွေ ကျိန်းသေ ဖြိုချခံရလိမ့်မယ်။ ကျောက်တစ်တုံးပေါ် တစ်တုံးဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး။”—မာကု ၁၃:၂။
ဒီအကြောင်းတွေကို ယေရှုနဲ့ တမန်တော်တွေ ပြောပြီးနောက် ကိဒြုန်ချိုင့်ဝှမ်းကို ဖြတ်ပြီး သံလွင်တောင်ပေါ် တက်သွားကြတယ်။ တောင်ပေါ်တစ်နေရာကိုရောက်တော့ တမန်တော် လေးယောက်ဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်၊ ယောဟန်တို့ပဲ ယေရှုနဲ့ ရှိနေတယ်။ အဲဒီနေရာကနေ ခမ်းနားလှတဲ့ ဗိမာန်တော်ကြီးကို သူတို့ လှမ်းမြင်နိုင်တယ်။