မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁၆

နောက်ဆုံးပသခါပွဲမှာ နှိမ့်ချမှုအကြောင်း သွန်သင်ပေး

နောက်ဆုံးပသခါပွဲမှာ နှိမ့်ချမှုအကြောင်း သွန်သင်ပေး

မဿဲ ၂၆:၂၀ မာကု ၁၄:၁၇ လုကာ ၂၂:၁၄-၁၈ ယောဟန် ၁၃:၁-၁၇

  • တမန်တော်တွေ​နဲ့​အတူ နောက်ဆုံး ပသခါ​ညစာ စား

  • တမန်တော်တွေရဲ့ ခြေကို ဆေး​ပြီး သင်ခန်းစာပေး

ယေရှု​ခိုင်းတဲ့အတိုင်း ပေတရုနဲ့ ယောဟန်​က ပသခါပွဲ​အတွက် ပြင်ဆင်​ဖို့ ဂျေရုဆလင်​မြို့ကို ရောက်နေ​ကြပြီ။ ယေရှုနဲ့ တမန်တော်​ဆယ်ယောက်​ကတော့ နောက်​မှ လိုက်​လာကြတယ်။ အခု ညနေပိုင်း ရောက်နေပြီ။ ယေရှုနဲ့ တမန်တော်တွေ သံလွင်တောင်​ပေါ်ကနေ ဆင်းလာ​ချိန်မှာတော့ အနောက်ဘက်​ကောင်းကင်ယံ​မှာ နေဝင်​စ​ပြု​နေပြီ။ ယေရှု​အတွက်တော့ သူ​ရှင်ပြန်ထမြောက်​ချိန်​မတိုင်ခင် ဒီ​မြင်ကွင်း​ကို မြင်ရတာ နောက်ဆုံး​အကြိမ်​ပဲ။

ခဏ​ကြာ​တော့ ယေရှုနဲ့ တပည့်​တွေ မြို့ထဲ​ရောက်လာပြီး ပသခါ​ညစာ​စား​မယ့်​အိမ်ကို သွားကြတယ်။ အိမ်အပေါ်​ထပ်​မှာ​ရှိတဲ့ အခန်းကြီး​ကို တက်​သွားတဲ့အခါ အားလုံး အသင့်ပြင်​ဆင်​ထား​ကို တွေ့​လိုက်ရတယ်။ ဒီ​အချိန်ကို ယေရှု မျှော်လင့်​နေလို့ “ကျွန်တော် ဝေဒနာ​မခံစားရ​ခင် ခင်ဗျားတို့နဲ့​အတူ ဒီ​ပသခါ​ညစာ​စားဖို့ စောင့်မျှော်နေ​တာ” လို့​ပြောတယ်။—လုကာ ၂၂:၁၅

ပသခါပွဲ တက်ရောက်သူ​တွေကို ဝိုင်ခွက်​တွေ ကမ်း​ပေးတဲ့ ထုံးစံ​ရှိတာ နှစ်​တော်​တော်​ကြာပြီ။ အခု ယေရှု​က ဝိုင်ခွက်​ကို​လှမ်းယူ​ပြီး ဘုရားသခင်ကို ကျေးဇူးတင်​ချီးမွမ်းတယ်။ ပြီးတော့ “ဒါကို​ယူပြီး လက်ဆင့်ကမ်း​လိုက်ပါ။ ကျွန်တော်​ပြောမယ်။ ဘုရားသခင့်​နိုင်ငံတော် မလာ​မချင်း အခု​က​စပြီး စပျစ်​ဝိုင်ကို ကျွန်တော် လုံးဝ​မ​သောက်​တော့​ဘူး” လို့​ပြောတယ်။ (လုကာ ၂၂:၁၇၊ ၁၈) ဒါကြောင့် သူ​သေဆုံး​ဖို့ သိပ်​နီးနေပြီ​ဆိုတာ သိသာတယ်။

ပသခါ​ညစာ စား​နေတုန်း ဘယ်သူမှ မထင်ထား​တဲ့ အလုပ်​တစ်ခုကို ယေရှု လုပ်လိုက်တယ်။ စားပွဲ​ကနေ ထ၊ အပေါ်​ဝတ်လုံကို ချွတ်၊ ပုဝါ​ကို​ယူပြီး အနားက အင်တုံ​ထဲ ရေထည့်​လိုက်တယ်။ ပုံမှန်​ဆိုရင်တော့ အိမ်ရှင်​ဖြစ်သူ​က ဧည့်သည်တွေကို ခြေဆေးပေး​ဖို့ တာဝန်ယူ​ရတယ်။ အစေခံ​ကို လုပ်​ခိုင်း​တာ​လည်း ဖြစ်နိုင်တယ်။ (လုကာ ၇:၄၄) ဒီ​တစ်ကြိမ်​မှာ​တော့ အိမ်ရှင်မ​ရှိလို့ ယေရှု​က အဲဒီ​တာဝန်ကို ယူ​လိုက်တယ်။ တကယ်​ဆိုရင် တမန်တော်​တစ်ယောက်ယောက်​က တာဝန်ယူ​လို့​ရတာပဲ။ ဒါပေမဲ့ ဘယ်သူမှ တာဝန်​မယူ​ချင်ဘူး။ သူတို့​အချင်းချင်း ပြိုင်ဆိုင်မှု ရှိနေသေး​လို့​များလား။ ဘာပဲ​ဖြစ်ဖြစ် အခု သူတို့​ခြေထောက်ကို ယေရှု ဆေးပေး​တဲ့အခါ​မှာ​တော့ စိတ်​အနှောင့်အယှက် ဖြစ်သွားကြ​မှာ အမှန်​ပဲ။

ပေတရု​က သူ့​အလှည့်​ရောက်တဲ့အခါ “ကျွန်တော့်​ခြေကို သခင် လုံးဝ​မ​ဆေး​ရ​ဘူး” လို့​ပြောတော့ ယေရှု​က “ခင်ဗျား​ခြေကို မ​ဆေး​ရ​ရင် ခင်ဗျား​နဲ့​ကျွန်တော် ဘာမှ​မသက်ဆိုင်​တော့​ဘူး” လို့​ပြန်​ပြောတယ်။ ဒါနဲ့ ပေတရု​က “သခင်၊ ခြေကို​ဆေး​မယ်​ဆိုရင် လက်ကို​ရော ခေါင်းကိုပါ ဆေးပေး​ပါ” လို့​ပြောတယ်။ ယေရှု​က “ရေချိုး​ပြီးသား​လူဟာ တစ်ကိုယ်လုံး သန့်ရှင်း​နေပြီ​ဖြစ်လို့ ခြေဆေး​ဖို့​ပဲ လို​တာ။ ခင်ဗျားတို့ဟာ သန့်ရှင်း​ပြီးသား​ပဲ။ ဒါပေမဲ့ အားလုံး​တော့ မဟုတ်ဘူး” လို့​ပြောလိုက်တဲ့​အခါ သူ တော်​တော်​အံ့သြ​သွားမှာပဲ။—ယောဟန် ၁၃:၈-၁၀

ယေရှု​က ယုဒရှကာရုတ်​အပါအဝင် တပည့် ၁၂ ယောက်​စ​လုံး​ရဲ့ ခြေကို ဆေး​ပြီးတဲ့နောက် အပေါ်​ဝတ်လုံကို ဝတ်​ပြီး စားပွဲမှာ ပြန်​ထိုင်တယ်။ ပြီးတော့ “ကျွန်တော် ဘာလို့ ဒီလိုလုပ်​တယ်​ဆိုတာ နားလည်ကြသလား။ ကျွန်တော့်ကို ‘ဆရာ၊’ ‘သခင်’ ဆိုပြီး ခင်ဗျားတို့ ခေါ်တယ်။ ခေါ်တဲ့​အတိုင်း ဟုတ်​နေ​တော့ ခင်ဗျားတို့ အဲဒီလို​ခေါ်တာ မမှားပါဘူး။ သခင်​လည်း​ဖြစ်၊ ဆရာလည်း​ဖြစ်တဲ့ ကျွန်တော်​တောင်မှ ခင်ဗျားတို့ရဲ့​ခြေကို ဆေး​ပေးတယ်​ဆိုရင် ခင်ဗျားတို့လည်း အချင်းချင်းရဲ့​ခြေကို ဆေးပေး​ရမယ်။ ဒါဟာ ခင်ဗျားတို့​အတွက် ကျွန်တော်​ပြ​တဲ့ စံနမူနာ​ပဲ။ ကျွန်တော်​လုပ်သလို ခင်ဗျားတို့ လိုက်လုပ်​ကြပါ။ ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ ကျွန်ဟာ သခင်​ထက် ကြီးမြတ်​တာ မဟုတ်ဘူး။ စေလွှတ်​ခံရသူ​ဟာ စေလွှတ်​သူ​ထက် ကြီးမြတ်​တာ မဟုတ်ဘူး။ ဒါတွေကို ခင်ဗျားတို့ သိထားပြီ​ဆိုတော့ သိတဲ့​အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့​ပြောတယ်။—ယောဟန် ၁၃:၁၂-၁၇

နှိမ့်ချမှုနဲ့ ပတ်သက်ပြီး တကယ့်ကို ထိရောက်တဲ့ သင်ခန်းစာ​ပါပဲ။ ယေရှုရဲ့ နောက်လိုက်​တွေဟာ ထိပ်ဆုံး​နေရာ​ရဖို့ မကြိုးစားသင့်​ဘူး။ ကိုယ်​ပဲ အရေးကြီးဆုံး​ဆိုတဲ့ သဘောထား၊ သူတစ်ပါး​ကို စေခိုင်း​ချင်တဲ့​စိတ်ထား မရှိ​ရ​ဘူး။ အဲဒီအစား ယေရှုရဲ့ စံနမူနာကို လိုက်လျှောက်​ရမယ်။ မျက်နှာမလိုက်​ဘဲ နှိမ့်ချ​စွာ သူတစ်ပါး​အစေခံ​ဖို့ လိုလိုလားလား ရှိရမယ်။