အခန်း ၁၁၃
ကြိုးစားအားထုတ်ဖို့ သင်ပေးတဲ့ တဲလင့်ပုံဥပမာ
-
တဲလင့်ပုံဥပမာကို ယေရှု ပြောပြ
သံလွင်တောင်ပေါ်မှာ တမန်တော်လေးယောက်နဲ့အတူ ရှိနေတုန်း နောက်ပုံဥပမာတစ်ခုကို ယေရှု ပြောပြတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယေရိခေါမြို့မှာ ရှိနေတုန်း မိုင်နာ ပုံဥပမာကို ပြောပြပြီး နိုင်ငံတော်လာဖို့ အဝေးကြီးလိုသေးကြောင်း ထောက်ပြခဲ့တယ်။ အခု သူပြောတဲ့ ပုံဥပမာမှာလည်း အဲဒီပုံဥပမာနဲ့ ဆင်တူချက်တချို့ ရှိတယ်။ မိမိရောက်ရှိခြင်းနဲ့ လောကစနစ်နိဂုံးပိုင်းအကြောင်း ပြန်ဖြေတဲ့အဖြေထဲမှာ ဒီပုံဥပမာလည်း ပါတယ်။ တပည့်တွေဟာ သူတို့ကို ယေရှု အပ်နှင်းထားတဲ့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်ရမယ်ဆိုတာကိုလည်း အလေးပေးတယ်။
“ကောင်းကင်နိုင်ငံဟာ တိုင်းတစ်ပါး သွားခါနီး ကျွန်တွေကို ခေါ်ပြီး ပစ္စည်းတွေ အပ်တဲ့လူနဲ့ တူတယ်” လို့ ယေရှု စပြောတယ်။ (မဿဲ ၂၅:၁၄) ယေရှုက “ထီးနန်းဆက်ခံ” ဖို့ ခရီးဝေးထွက်သွားတဲ့ လူတစ်ယောက်နဲ့ သူ့ကိုယ်သူ ခိုင်းနှိုင်းခဲ့ဖူးတယ်။ ဒါကြောင့် အခုလည်း ပုံဥပမာမှာပါတဲ့ “မင်းညီမင်းသား” ဟာ ယေရှုပဲဆိုတာ တမန်တော်တွေ နားလည်နိုင်တယ်။—လုကာ ၁၉:၁၂။
အဲဒီလူက ခရီးမထွက်ခင် သူ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို ကျွန်တွေဆီမှာ အပ်သွားတယ်။ ယေရှုက အမှုဆောင်လုပ်ငန်းလုပ်တဲ့ သုံးနှစ်ခွဲအတွင်း ဘုရားနိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ အာရုံစိုက်ပြီး တပည့်တွေကိုလည်း အဲဒီလုပ်ငန်း လုပ်နိုင်အောင် လေ့ကျင့်ပေးခဲ့တယ်။ အခုတော့ သူလေ့ကျင့်ပေးခဲ့တဲ့အတိုင်း သူတို့တွေ ဆက်လုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်စိတ်ချတဲ့အတွက် ခရီးဝေး ထွက်သွားတော့မယ်။—မဿဲ ၁၀:၇။ လုကာ ၁၀:၁၊ ၈၊ ၉။ ယောဟန် ၄:၃၈။ ၁၄:၁၂ နဲ့နှိုင်းယှဉ်ပါ။
ပုံဥပမာမှာ အဲဒီလူက သူ့ပစ္စည်းတွေကို ဘယ်လို ခွဲဝေပေးသလဲ။ “သူက ကျွန်တစ်ယောက်စီရဲ့ အရည်အချင်းကို ကြည့်ပြီး တစ်ယောက်ကို ငါးတဲလင့်၊ နောက်တစ်ယောက်ကို နှစ်တဲလင့်၊ နောက်တစ်ယောက်ကိုကျတော့ တစ်တဲလင့်ပေးပြီး ခရီးဝေး ထွက်သွားတယ်” လို့ယေရှုပြောတယ်။ (မဿဲ ၂၅:၁၅) အဲဒီကျွန်တွေက သူတို့ဆီမှာ အပ်ထားတဲ့ငွေကို ဘယ်လို လုပ်ကြမလဲ။ အဲဒီငွေကိုသုံးပြီး သခင့်စီးပွားတိုးတက်အောင် ကြိုးစားပမ်းစား လုပ်ဆောင်ကြမလား။ တမန်တော်တွေကို အခုလို ဆက်ပြောတယ်–
“ငါးတဲလင့် ရတဲ့သူက ချက်ချင်းပဲ အဲဒီငွေနဲ့ အရောင်းအဝယ် လုပ်တဲ့အတွက် နောက်ထပ် ငါးတဲလင့် အမြတ်ရတယ်။ နှစ်တဲလင့် ရတဲ့သူကလည်း နှစ်တဲလင့် အမြတ်ရတယ်။ တစ်တဲလင့်ရတဲ့ ကျွန်ကတော့ ထွက်သွားပြီး အဲဒီငွေကို မြေကြီးထဲမှာ မြှုပ်ထားလိုက်တယ်။” (မဿဲ ၂၅:၁၆-၁၈) သခင်ပြန်လာတဲ့အခါ ဘာဖြစ်သလဲ။
“အချိန်အတော်ကြာပြီးတဲ့နောက် သခင်ပြန်လာပြီး ကျွန်တွေကို ငွေစာရင်း ရှင်းခိုင်းတယ်” လို့ ယေရှု ဆက်ပြောတယ်။ (မဿဲ ၂၅:၁၉) ပထမကျွန်နှစ်ယောက်က သူတို့ရဲ့ “အရည်အချင်း” အပေါ် မူတည်ပြီး အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ လုံ့လဝီရိယရှိရှိ၊ ကြိုးကြိုးစားစားနဲ့ အကျိုးအမြတ်ရအောင် လုပ်ဆောင်ခဲ့တယ်။ ငါးတဲလင့်ရတဲ့ ကျွန်ရော၊ နှစ်တဲလင့်ရတဲ့ ကျွန်ရော ငွေကိုနှစ်ဆဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ (အဲဒီခေတ်တုန်းက အလုပ်သမားတစ်ယောက်ဟာ တစ်တဲလင့်နဲ့ ညီမျှတဲ့ လုပ်အားခရဖို့ ၁၉ နှစ်လောက် အလုပ်လုပ်ရတယ်။) ဒီအခါ သခင် က ကျွန်နှစ်ယောက်စလုံးကို “တော်လိုက်တာ။ မင်းဟာ သစ္စာရှိတဲ့ ကျွန်ကောင်းပဲ။ အသေးအမွှား ကိစ္စတွေမှာတောင် သစ္စာရှိတဲ့အတွက် မင်းကို အများကြီး ထပ်ပြီး အပ်ဦးမယ်။ သခင်နဲ့အတူ ဝမ်းမြောက်ပါ” ဆိုပြီး ချီးမွမ်းတယ်။—မဿဲ ၂၅:၂၁။
တစ်တဲလင့်ရတဲ့ ကျွန်ကတော့ အဲဒီလို မဟုတ်ဘူး။ သူက “သခင်ဟာ မညှာမတာ ခိုင်းတတ်မှန်း၊ ကိုယ်မစိုက်တဲ့ ကောက်နှံကို ရိတ်သိမ်းပြီး ကိုယ်မလှေ့တဲ့ ကောက်နှံကို စုသိမ်းတတ်မှန်း ကျွန်တော်ရိပ်မိတဲ့အတွက် သခင့်ကိုကြောက်တာနဲ့ အဲဒီငွေကို မြှုပ်ထားပါတယ်။ ဒီမှာ သခင့်ငွေတွေပါ” လို့ပြောတယ်။ (မဿဲ ၂၅:၂၄၊ ၂၅) သူက ငွေကို အတိုးချထားရင်တောင် အနည်းဆုံးတော့ သခင့်အတွက် အမြတ်ရမှာပဲ မဟုတ်လား။ ဒါပေမဲ့ သခင့်စီးပွား တိုးတက်အောင် သူမလုပ်ခဲ့ဘူး။
ဒါကြောင့် သူ့ကို “ကျွန်ဆိုး၊ ကျွန်ပျင်း” လို့ခေါ်တာ မလွန်ပါဘူး။ သခင်က သူ့ဆီမှာ အပ်ထားတာကို ပြန်ယူပြီး ကြိုးကြိုးစားစား လုပ်ဆောင်ချင်တဲ့ကျွန်ကို ပေးလိုက်တယ်။ ပြီးတော့ သခင်က သူသတ်မှတ်ထားတဲ့စံနှုန်းနဲ့ ပတ်သက်ပြီး အခုလိုပြောတယ်– “ရှိတဲ့သူတွေဟာ ထပ်ပြီး ရလိမ့်မယ်။ အလျှံပယ် ရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်။”—မဿဲ ၂၅:၂၆၊ ၂၉။
ဒီပုံဥပမာနဲ့ ပတ်သက်ပြီး တပည့်တွေမှာ စဉ်းစားစရာ အများကြီးပဲ။ သူတို့ဆီမှာ ယေရှုအပ်ထားတဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ အဖိုးတန် အခွင့်ထူးတစ်ခုဖြစ်တယ်။ အခွင့်ထူးဖြစ်တဲ့ ဒီလုပ်ငန်းကို ကြိုးစားပမ်းစား လုပ်ဆောင်ဖို့ ယေရှုမျှော်လင့်တယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ တပည့်အားလုံး တစ်ပုံစံတည်း လုပ်ရမယ်လို့ ယေရှု မတောင်းဆိုပါဘူး။ ပုံဥပမာမှာ ပါတဲ့အတိုင်း တစ်ယောက်စီဟာ ကိုယ့် “အရည်အချင်း” အပေါ်မူတည်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်။ “ပျင်း” တဲ့သူ၊ သခင့်ပစ္စည်းဥစ္စာ တိုးပွားအောင် အတတ်နိုင်ဆုံး မလုပ်ဆောင်သူကိုတော့ ယေရှု နှစ်သက်လက်ခံမှာ မဟုတ်ဘူး။
ဒါပေမဲ့ “ရှိတဲ့သူတွေဟာ ထပ်ပြီး ရလိမ့်မယ်” ဆိုတဲ့ ကတိကို တမန်တော်တွေ ကြားတဲ့အခါ ဘယ်လောက် ဝမ်းသာကြမယ်ဆိုတာ စဉ်းစားကြည့်ပါ။