အခန်း ၈၈
သူဌေးနဲ့လာဇရုရဲ့ အပြောင်းအလဲ
-
သူဌေးနဲ့ လာဇရု ပုံဥပမာ
စည်းစိမ်ဥစ္စာ အသုံးပြုပုံနဲ့ ပတ်သက်ပြီး တပည့်တွေကို ယေရှု ကောင်းကောင်း သွန်သင်ပေးတယ်။ ဒါပေမဲ့ သူပြောတာကို တပည့်တွေပဲ နားထောင်နေကြတာ မဟုတ်ဘူး။ အဲဒီမှာ ဖာရိရှဲတွေလည်း ရှိနေတယ်။ သူတို့လည်း ယေရှုရဲ့ ဆုံးမစကားကို နှလုံးသွင်းသင့်တယ်။ ဘာကြောင့်လဲ။ သူတို့က “ငွေမက်” သူတွေဖြစ်လို့ပဲ။ ဒါပေမဲ့ ယေရှုပြောတာတွေကို သူတို့ကြားတဲ့အခါ “နှာခေါင်းရှုံ့ကြတယ်။”—လုကာ ၁၅:၂။ ၁၆:၁၃၊ ၁၄။
ယေရှုကတော့ မကြောက်ဘူး။ သူတို့ကို ဒီလိုပြောတယ်– “ခင်ဗျားတို့က ဖြောင့်မတ်တယ်လို့ အထင်ခံရအောင် လူရှေ့သူရှေ့ လုပ်ပြတတ်ပေမဲ့ ဘုရားသခင်ကတော့ ခင်ဗျားတို့ရဲ့စိတ်ကို သိတယ်။ လူ့အမြင်မှာ အထင်ကြီးစရာဟာ ဘုရားသခင်ရဲ့အမြင်မှာတော့ စက်ဆုပ်စရာပဲ။”—လုကာ ၁၆:၁၅။
ဖာရိရှဲတွေဟာ “လူ့အမြင်မှာ အထင်ကြီး” ခံခဲ့ရတာ ကြာနေပြီ။ အခုတော့ အခြေအနေတွေ ပြောင်းလဲတော့မယ့်အချိန် ရောက်လာပြီ။ ချမ်းသာကြွယ်ဝလို့၊ ဘာသာရေးနဲ့ နိုင်ငံရေးမှာ သြဇာအာဏာရှိလို့ အကြီးအကျယ် အထင်ကြီး လေးစားခံရသူတွေဟာ အမြင့်ကနေ အနိမ့်ကို ဆင်းရတော့မယ်။ ဘုရားကို မှီခိုဖို့လိုကြောင်း အသိအမှတ်ပြုတဲ့ သာမန် လူတန်းစားတွေကတော့ အမြင့်ကိုရောက်တော့မယ်။ အဲဒီလိုကြီးမားတဲ့ အပြောင်းအလဲ ဖြစ်နေပြီဆိုတာ ယေရှု ဒီလိုရှင်းပြတယ်–
“ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းကို ယောဟန်လက်ထက်အထိ ဟောပြောခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ကစပြီး ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောနေပြီ။ လူအမျိုးမျိုးက နိုင်ငံတော်ဝင်ခွင့်ရဖို့ မဆုတ်မနစ် ကြိုးစားကြတယ်။ ကောင်းကင်နဲ့ မြေကြီး ကွယ်ပျောက်ဖို့ဆိုတာ လွယ်ကောင်းလွယ်လိမ့်မယ်။ ပညတ်ကျမ်းကတော့ အက္ခရာတစ်လုံး၊ ဝစ္စပေါက်တစ်လုံးတောင် မပြည့်စုံဘဲ မနေဘူး။” (လုကာ ၃:၁၈။ ၁၆:၁၆၊ ၁၇) အပြောင်းအလဲ ဖြစ်နေပြီဆိုတာ ယေရှုရဲ့စကားတွေက ဘယ်လို ဖော်ပြနေသလဲ။
ဂျူးဘာသာရေး ခေါင်းဆောင်တွေက မောရှေပညတ်ကို လိုက်နာတယ်လို့ ဂုဏ်ယူစွာ ပြောတတ်ကြတယ်။ မျက်မမြင်တစ်ယောက်ကို ပြန်မြင်အောင် ယေရှု ကုသပေးတဲ့အခါ ဖာရိရှဲတွေက “ငါတို့က မောရှေရဲ့တပည့်။ မောရှေကို ဘုရားသခင် ဗျာဒိတ်ပေးခဲ့မှန်း ငါတို့သိတယ်” ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့တာကို သတိရပါ။ (ယောဟန် ၉:၁၃၊ ၂၈၊ ၂၉) တကယ်တော့ မောရှေကတစ်ဆင့်ပေးတဲ့ ပညတ်တရားရဲ့ ရည်ရွယ်ချက်တစ်ခုက နှိမ့်ချသူတွေကို မေရှိယ၊ ယေရှုဆီ ပို့ဆောင်ပေးဖို့ပဲ။ နှစ်ခြင်းပေးသူ ယောဟန်ကလည်း ယေရှုကို “ဘုရားသခင်ရဲ့သိုးသငယ်” အဖြစ် ဖော်ပြခဲ့တယ်။ (ယောဟန် ၁:၂၉-၃၄) ယောဟန်အမှုဆောင်ချိန်က စပြီး နှိမ့်ချတဲ့ ဂျူးတွေ၊ အထူးသဖြင့် ဆင်းရဲသားတွေဟာ “ဘုရားသခင့်နိုင်ငံတော်” အကြောင်းကို ကြားနာခဲ့ရတယ်။ မှန်ပါတယ်၊ ဘုရားနိုင်ငံတော် လက်အောက်ခံဖြစ်ချင်သူတွေ၊ နိုင်ငံတော်အုပ်ချုပ်မှုကနေ အကျိုးခံစားချင်သူတွေ အားလုံးအတွက် “သတင်းကောင်း” ရှိပါတယ်။
မောရှေပညတ်က မပြည့်စုံဘဲ မနေဘူး။ အဲဒါက မေရှိယဆီ ပို့ဆောင်ပေးခဲ့ပြီ။ ဒါ့အပြင် မောရှေပညတ်ကို လိုက်နာဖို့ တာဝန်မရှိတော့ဘူး။ ဥပမာ၊ ပညတ်တရားက အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းခွင့်ပြုတယ်။ ယေရှုကတော့ “ကိုယ့်ဇနီးကို ကွာရှင်းပြီး တခြားမိန်းမနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေးဖောက်ပြန်သူပဲ။ ကွာရှင်းထားတဲ့မိန်းမကို လက်ထပ်တဲ့သူကလည်း အိမ်ထောင်ရေးဖောက်ပြန်သူပဲ” လို့ရှင်းပြတယ်။ (လုကာ ၁၆:၁၈) ကိစ္စရပ်တိုင်းမှာ စည်းမျဉ်းတွေထုတ်ချင်တဲ့ ဖာရိရှဲတွေ ဘယ်လောက်တောင် ဒေါသထွက်လိုက်မလဲ။
အခု အပြောင်းအလဲကြီး ဖြစ်နေပြီဆိုတာ ပေါ်လွင်စေဖို့ ယေရှု ပုံဥပမာတစ်ခု ပြောပြတယ်။ လူနှစ်ယောက်အကြောင်းဖြစ်ပြီး သူတို့ရဲ့ အဆင့်အတန်း၊ အခြေအနေတွေ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ ဒီပုံဥပမာကို လေ့လာတဲ့အခါ နားထောင်သူတွေထဲမှာ လူတွေ အထင်ကြီးလေးစားတဲ့၊ ငွေမက်တဲ့ ဖာရိရှဲတွေလည်း ပါတယ်ဆိုတာ သတိရပါ။
ယေရှု ဒီလိုပြောပြတယ်– “သူဌေးတစ်ယောက်က ခရမ်းရောင်ပိတ်ချောကို ဝတ်ဆင်ပြီး နေ့တိုင်း စည်းစိမ်ယစ်နေတယ်။ တစ်ကိုယ်လုံး အနာပေါက်နေတဲ့ သူတောင်းစားလာဇရုကို သူ့အိမ်တံခါးဝမှာ လူတွေ လာထားလေ့ရှိတယ်။ လာဇရုက သူဌေးရဲ့ စားပွဲကနေကျတဲ့ စားကြွင်းစားကျန်ကို စားရဖို့ မျှော်နေတတ်တယ်။ ခွေးတွေက သူ့ကိုယ်ပေါ်က အနာတွေကို လာလျက်ကြတယ်။”—လုကာ ၁၆:၁၉-၂၁။
ဖာရိရှဲတွေဟာ ငွေမက်သူတွေဖြစ်လို့ ယေရှုက သူတို့ကို “သူဌေး” နဲ့ပုံခိုင်းပြမှန်း ထင်ရှားပါတယ်။ ဒီ ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ တန်ဖိုးကြီးပြီး ဆန်းပြားတဲ့ဝတ်စုံတွေ ဝတ်ကြတယ်။ ချမ်းသာကြွယ်ဝတဲ့အပြင် အခွင့်အရေးတွေ၊ အခွင့်ထူးတွေလည်း ရထားကြတယ်။ တော်ဝင်အ၀တ်ဖြစ်တဲ့ ခရမ်းရောင်ဝတ်ရုံက သူတို့ရဲ့ အခွင့်ထူးခံ အနေအထားကို ပုံဖော်ပြီး အဖြူရောင်ပိတ်ချောက ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ယူဆတာကို ပုံဖော်တယ်။—ဒံယေလ ၅:၇။
ချမ်းသာပြီး မာန်တက်နေတဲ့ အဲဒီခေါင်းဆောင်တွေက ဆင်းရဲသား သာမန်လူတန်းစားကို ဘယ်လို သဘောထားသလဲ။ ပညတ်တရားကို မသိသူတွေ၊ ပညတ်တရားကို မသင်ယူထိုက်သူတွေ၊ မြေကြီးသား အမ်ဟာအရက်စ် ဆိုပြီး အထင်သေး ရွံရှာကြတယ်။ (ယောဟန် ၇:၄၉) အဲဒါက “သူဌေးရဲ့ စားပွဲကနေကျတဲ့ စားကြွင်းစားကျန်” ကိုတောင် မျှော်နေရှာ တဲ့ “သူတောင်းစား လာဇရု” ရဲ့အခြေအနေကို ဖော်ပြတယ်။ တစ်ကိုယ်လုံး အနာပေါက်နေတဲ့ လာဇရုလိုပဲ သာမန်လူတန်းစားတွေကို ဘုရားရှေ့မှာ နှစ်သက်စရာမကောင်းသူတွေဆိုပြီး အထင်သေး ရွံရှာကြတယ်။
အဲဒီလို သနားစရာ အခြေအနေမျိုး အချိန်အတိုင်းအတာတစ်ခုအထိ ရှိခဲ့ပေမဲ့ သူဌေးလိုလူတွေ အတွက်ရော၊ လာဇရုလိုလူတွေ အတွက်ပါ ကြီးမားတဲ့ အပြောင်းအလဲဖြစ်မယ့်အချိန် ရောက်ပြီဆိုတာ ယေရှုသိတယ်။
အပြောင်းအလဲ
အခြေအနေတွေ ပြောင်းလဲသွားတာကို ယေရှု အခုလို ဆက်ပြောတယ်– “တစ်နေ့တော့၊ လာဇရု သေဆုံးသွားတဲ့အတွက် ကောင်းကင်တမန်တွေက သူ့ကို အာဗြဟံအနား ပို့ပေးကြတယ်။ သူဌေးလည်း ကွယ်လွန်သွားတော့ သင်္ဂြိုဟ်လိုက်ကြတယ်။ သူက သင်္ချိုင်းမှာ အလူးအလိမ့် ဝေဒနာခံနေရတုန်း မျှော်ကြည့်လိုက်တဲ့အခါ အဝေးမှာ အာဗြဟံကို မြင်တယ်။ အာဗြဟံရဲ့ဘေးမှာ လာဇရုကိုလည်း မြင်တယ်။”—လုကာ ၁၆:၂၂၊ ၂၃။
အာဗြဟံသေတာ ကြာပြီ၊ သင်္ချိုင်းမှာ ရှိနေတယ်ဆိုတာ နားထောင်နေသူတွေ သိတယ်။ အာဗြဟံအပါအဝင် သင်္ချိုင်းကို ရောက်သွားသူတွေဟာ မမြင်နိုင်၊ စကားမပြောနိုင်ဘူးဆိုပြီး ကျမ်းစာက ရှင်းရှင်းလေး ပြောတယ်။ (ဒေသနာ ၉:၅၊ ၁၀) ဒါဆိုရင် ယေရှုပြောတဲ့ ပုံဥပမာရဲ့ ဆိုလိုရင်းနဲ့ ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်တွေ ဘယ်လို ယူဆသလဲ။ သာမန်လူတန်းစားတွေ၊ ငွေမက်တဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ယေရှု ဘာပြောနေတာ ဖြစ်မလဲ။
ယေရှုက “ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းကို ယောဟန်လက်ထက်အထိ ဟောပြောခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ကစပြီး ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောနေပြီ” လို့ပြောခြင်းအားဖြင့် အပြောင်းအလဲ ဖြစ်နေပြီဆိုတာ ထောက်ပြခဲ့တယ်။ ယောဟန်နဲ့ ယေရှုခရစ်ရဲ့ ဟောပြောခြင်း လုပ်ငန်းကြောင့် လာဇရုနဲ့ သူဌေးနှစ်ယောက်စလုံးဟာ အရင်အခြေအနေမှာ သေဆုံးသွားပြီ၊ အခု ဘုရားရှေ့မှာ အနေအထားအသစ် ရှိနေကြပြီ။
အထူးသဖြင့် နှိမ့်ချသူတွေ၊ ဆင်းရဲသားတွေဟာ ပုံဆောင်သဘောအရ ငတ်ပြတ်နေတာ ကြာပြီ။ ဒါပေမဲ့ သူတို့က ပထမပိုင်းမှာ နှစ်ခြင်းပေးသူယောဟန်ဟောပြောတဲ့၊ နောက်ပိုင်း ယေရှုဟောပြောတဲ့ နိုင်ငံတော်သတင်းကို လက်ခံတုံ့ပြန်ခြင်းအားဖြင့် အကူအညီရရှိကြတယ်။ အစတုန်းကတော့ သူတို့ဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ ‘ပုံဆောင်စားပွဲကနေ ကျတဲ့ စားကြွင်းစားကျန်’ ကိုပဲ စားရတယ်။ အခုတော့ အရေးကြီးတဲ့ ကျမ်းစာအမှန်တရားတွေ၊ အထူးသဖြင့် ယေရှု သွန်သင်ပေးတဲ့ ကောင်းမွန်လှတဲ့ အရာတွေကို စားသုံးနေရပြီ။ ဒါကြောင့် ယေဟောဝါဘုရားရှေ့မှာ မျက်နှာသာရ အနေအထား ရရှိလာကြတယ်။
ဒါပေမဲ့ ချမ်းသာကြွယ်ဝပြီး သြဇာအာဏာကြီးတဲ့ ဘာသာရေးခေါင်းဆောင်တွေကတော့ ယောဟန် ဟောပြောတဲ့၊ နောက်ပိုင်း အစ္စရေးပြည်တစ်ခွင်မှာ ယေရှု ဟောပြောတဲ့ နိုင်ငံတော်သတင်းကို လက်မခံကြဘူး။ (မဿဲ ၃:၁၊ ၂။ ၄:၁၇) အဲဒီသတင်းကြောင့် သူတို့ဒေါသထွက်တယ် ဒါမှမဟုတ် ဝေဒနာ အလူးအလိမ့် ခံနေရတယ်။ အဲဒီသတင်းက ဘုရားဆီကလာမယ့် မီးနဲ့ တရားစီရင်ခြင်းသတင်း ဖြစ်လို့ပဲ။ (မဿဲ ၃:၇-၁၂) တကယ်လို့ ယေရှုနဲ့ တပည့်တွေသာ ဘုရားရဲ့သတင်းကို ဆက်မဟောပြော တော့ဘူးဆိုရင် ငွေမက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ တော်တော်သက်သာရာရမှာပဲ။ အဲဒီခေါင်းဆောင်တွေဟာ ပုံဥပမာထဲက သူဌေးနဲ့တူတယ်။ သူဌေးက အခုလို တောင်းပန်တယ်– “အဖအာဗြဟံ၊ ကျွန်တော့်ကို သနားပါဦး။ လာဇရုကို ကျွန်တော့်ဆီ လွှတ်ပေးပါလား။ သူ့လက်ညှိုးကို ရေမှာနှစ်ပြီး ကျွန်တော့်လျှာပေါ် တစ်ပေါက်လောက်ချပေးရင် အေးမြသွားမှာပါ။ ဒီမီးလျှံထဲမှာ ကျွန်တော် အလူးအလဲ ခံနေရလို့ပါ။”—လုကာ ၁၆:၂၄။
ဒါပေမဲ့ အဲဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ ဘာသာရေးခေါင်းဆောင် အများစုက မပြောင်းလဲကြဘူး။ ဘုရားခန့်အပ်တဲ့ မေရှိယဘုရင်အဖြစ် ယေရှုကို လက်ခံဖို့ ကူညီပေးတဲ့ “မောရှေနဲ့ ပရောဖက်တွေရေးခဲ့တဲ့ ကျမ်းစကားကိုတောင်” သူတို့ မနာယူကြဘူး။ (လုကာ ၁၆:၂၉၊ ၃၁။ ဂလာတိ ၃:၂၄) သူတို့ကိုယ်သူတို့ မနှိမ့်ချဘူး။ ယေရှုကို လက်ခံပြီး အခု ဘုရားမျက်နှာသာရနေတဲ့ ဆင်းရဲသားတွေ လုပ်သလို မလုပ်ကြဘူး။ ယေရှုရဲ့ တပည့်တွေကလည်း ဘာသာရေးခေါင်းဆောင်တွေ ကျေနပ်အောင်၊ သက်သာရာရအောင် အမှန်တရားကို လျှော့ပေါ့လိုက်တာမျိုး လုပ်မှာမဟုတ်ဘူး။ ဒီအချက်ကို ပုံဥပမာထဲမှာ သူဌေးကို “အဖအာဗြဟံ” ပြောတဲ့စကားတွေက ပေါ်လွင်စေတယ်–
“ငါ့သား၊ မင်း အသက်ရှင်တုန်းက စည်းစိမ်အပြည့် ခံစားခဲ့ရပေမဲ့ လာဇရုကတော့ ဆင်းဆင်းရဲရဲ နေခဲ့ရတာ သတိရပါဦး။ အခု သူက ဒီမှာ သက်သက်သာသာဖြစ်နေပြီ။ မင်းကတော့ ဝေဒနာ အလူးအလိမ့် ခံနေရပြီ။ ပြီးတော့ မင်းနဲ့ ငါတို့ကြားမှာ ချောက်နက်ကြီး ခြားထားတယ်။ ဒီနေရာကနေ မင်းဆီကို လာချင်တိုင်း လာလို့မရဘူး။ မင်းဆီကနေလည်း ဒီနေရာကို လာချင်တိုင်း လာလို့မရဘူး။”—လုကာ ၁၆:၂၅၊ ၂၆။
ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ မျှတတဲ့ အပြောင်းအလဲကြီးပါပဲ။ ယေရှုရဲ့ထမ်းပိုးကို လက်ခံပြီး ပုံဆောင်သဘောအရ ဝဝလင်လင် စားနေရတဲ့၊ အားပြည့် လန်းဆန်းနေတဲ့ နှိမ့်ချသူတွေနဲ့ မာနကြီးတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခြေအနေ ပြောင်းပြန်ဖြစ်သွားပြီ။ (မဿဲ ၁၁:၂၈-၃၀) ဒီအပြောင်းအလဲဟာ နောက်လအနည်းငယ်အတွင်း ပညတ်ပဋိညာဉ်ကို ပဋိညာဉ်သစ်နဲ့ အစားထိုးလိုက်ချိန်မှာ ပိုထင်ရှားလာပါလိမ့်မယ်။ (ယေရမိ ၃၁:၃၁-၃၃။ ကောလောသဲ ၂:၁၄။ ဟီဘရူး ၈:၇-၁၃) ဘုရားသခင်က အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းတဲ့အခါ ဖာရိရှဲတွေနဲ့ သူတို့ရဲ့ ဘာသာရေးမဟာမိတ်တွေ မဟုတ်ဘဲ ယေရှုရဲ့ တပည့်တွေသာ ဘုရားသခင့်မျက်နှာသာ ရတယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။