အခန်း ၈၃
စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း
-
နှိမ့်ချမှု သင်ခန်းစာ
-
ဖိတ်ခေါ်ခံရသူတွေ ဆင်ခြေပေးကြ
ယေရှုဟာ ရေဖျင်းစွဲနေသူကို ကုသပေးပြီးနောက် ဖာရိရှဲအိမ်မှာ ရှိနေတယ်။ ဖိတ်ခေါ်ခံရသူတွေက အထင်ပေါ်ဆုံး နေရာကို ရွေးထိုင်ကြမှန်း သတိထားမိတဲ့အတွက် အဲဒါကို အခွင့်ကောင်းယူပြီး နှိမ့်ချမှုအကြောင်း သင်ပေးတယ်။
ယေရှု ဒီလိုပြောတယ်– “တစ်ယောက်ယောက်က ခင်ဗျားတို့ကို မင်္ဂလာပွဲတက်ဖို့ ဖိတ်ခေါ်တဲ့အခါ အထင်ပေါ်ဆုံး နေရာမှာ မထိုင်ပါနဲ့။ အိမ်ရှင်က ခင်ဗျားတို့ထက် ပိုအရေးပါသူကို ဖိတ်ထားတယ်ဆိုရင်၊ ခင်ဗျားတို့ဆီ လာပြီး ‘သူ့ကို ဒီနေရာပေးလိုက်ပါ’ လို့ ပြောလိမ့်မယ်။ အဲဒီအခါ ရှက်ရှက်နဲ့ထပြီး နောက်ဆုံးနေရာကို ပြောင်းထိုင်ရလိမ့်မယ်။”—လုကာ ၁၄:၈၊ ၉။
“ခင်ဗျားတို့ ဖိတ်ခေါ်ခံရတဲ့အခါ နောက်ဆုံးနေရာမှာ သွားထိုင်ပါ။ အဲဒီအခါ အိမ်ရှင်က လာပြီး ‘မိတ်ဆွေ၊ ရှေ့ကို ကြွပါ’ လို့ပြောလိမ့်မယ်။ ခင်ဗျားလည်း ဧည့်သည်အားလုံးရှေ့မှာ ဂုဏ်တက်လိမ့်မယ်” လို့ဆက်ပြောတယ်။ အဲဒါက ယဉ်ကျေးရည်မွန်ကြောင်း ပြရုံလောက်ပဲ မဟုတ်ဘူး။ “ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်” လို့ ယေရှု ရှင်းပြတယ်။ (လုကာ ၁၄:၁၀၊ ၁၁) မှန်ပါတယ်၊ ယေရှုက နားထောင်နေသူတွေကို နှိမ့်ချမှုရှိဖို့ အားပေးနေတာ။
အဲဒီနောက် ယေရှုက သူ့ကိုဖိတ်ခေါ်တဲ့ ဖာရိရှဲကို ဘုရားဆီက ကောင်းချီးခံစားရဖို့ ဘယ်လို စားသောက်ပွဲမျိုး တည်ခင်းသင့်ကြောင်း သင်ခန်းစာနောက်တစ်ခု ပြောပြတယ်– “နေ့လယ်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် တည်ခင်းကျွေးမွေးတဲ့အခါ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ ချမ်းသာတဲ့ အိမ်နီးချင်းတွေကို မဖိတ်ပါနဲ့။ အဲဒီလိုဖိတ်ရင် သူတို့က ခင်ဗျားကို ပြန်ဖိတ်ပြီး ဧည့်ခံကျွေးမွေးလိမ့်မယ်။ စားသောက်ပွဲ တည်ခင်းတဲ့အခါ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ ခြေမသန်သူတွေ၊ မျက်မမြင်တွေကို ဖိတ်ပါ။ သူတို့ဟာ ကျေးဇူး ပြန်မဆပ်နိုင်သူတွေဖြစ်လို့ ခင်ဗျား ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။”—လုကာ ၁၄:၁၂-၁၄။
မိတ်ဆွေ၊ ဆွေမျိုးသားချင်း၊ အိမ်နီးချင်းတွေကို စားသောက်ဖို့ ဖိတ်တာက မှားတယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ မျက်မမြင်တွေလို ဆင်းရဲ ချို့ငဲ့သူတွေကို ဖိတ်မယ်ဆိုရင် ကြွယ်ဝတဲ့ ကောင်းချီးခံစားရမယ်လို့ အလေးပေး ပြောချင်တာ။ ယေရှုက “ဖြောင့်မတ်သူတွေ ရှင်ပြန်ထမြောက်ချိန်ရောက်ရင် ခင်ဗျား ကျေးဇူးဆပ်ခံရလိမ့်မယ်” လို့ ရှင်းပြတယ်။ ဒါကိုကြားတဲ့အခါ အတူစားသောက်နေတဲ့ ဧည့်သည်တစ်ယောက်က “ဘုရားသခင့် နိုင်ငံတော်မှာ စားသုံးရမယ့်သူဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” ဆိုပြီးထောက်ခံတယ်။ (လုကာ ၁၄:၁၅) အဲဒါကို အခွင့်ထူးအဖြစ် အဲဒီလူ သဘောထားပေမဲ့ လူတိုင်းကတော့ တန်ဖိုးမထားဘူးဆိုတာ အခုလို ဥပမာပေးတယ်–
“လူတစ်ယောက်ဟာ စားသောက်ပွဲကြီး တည်ခင်းပြီး လူအများကြီးကို ဖိတ်ခေါ်တယ်။ စားသောက်ချိန်ရောက်တော့ ဖိတ်ခေါ်ထားသူတွေဆီ ကျွန်ကိုလွှတ်ပြီး ‘လာကြပါ၊ အားလုံးအသင့်ဖြစ်နေပြီ’ လို့ ပြောခိုင်းလိုက်တယ်။ ဒါပေမဲ့ သူတို့အားလုံးက မလာနိုင်တဲ့အကြောင်း တစ်ယောက်တစ်မျိုး ဆင်ခြေပေးကြတယ်။ တစ်ယောက်က ‘ကျွန်တော် လယ်တစ်ကွက် ဝယ်ထားလို့ သွားကြည့်ရဦးမယ်။ မလာနိုင်တာကို စိတ်မရှိပါနဲ့’ လို့ပြောတယ်။ နောက်တစ်ယောက်က ‘ကျွန်တော် နွားငါးရှဉ်း ဝယ်ထားလို့ သွားပြီး အစမ်းခိုင်းကြည့်ဦးမယ်။ မလာနိုင်တာကို စိတ်မရှိပါနဲ့’ လို့ပြောတယ်။ နောက်တစ်ယောက်ကလည်း ‘ကျွန်တော် လက်ထပ်ပြီးခါစမို့လို့ မလာနိုင်ပါဘူး’ လို့ပြောတယ်။”—လုကာ ၁၄:၁၆-၂၀။
အဲဒါတွေက မခိုင်လုံတဲ့ အကြောင်းပြချက်တွေပဲ။ ပုံမှန်ဆိုရင် လူတစ်ယောက်ဟာ လယ်ကွက် ဒါမှမဟုတ် ခြံမွေးတိရစ္ဆာန်ကို သေချာစစ်ဆေးကြည့်ပြီးမှ ၀ယ်တတ်တယ်။ ဝယ်ပြီးမှ အရေးတကြီး သွားကြည့်စရာမလိုဘူး။ တတိယလူကလည်း လက်ထပ်ဖို့ ပြင်ဆင်နေတာ မဟုတ်ဘဲ လက်ထပ်ပြီးနေပြီ။ အရေးကြီးတဲ့ ဖိတ်ခေါ်ချက်ကို လက်မခံနိုင်စရာ အကြောင်းမရှိဘူး။ သူတို့ရဲ့ ဆင်ခြေတွေကို သခင်ကြားတဲ့အခါ ဒေါသထွက်ပြီး ကျွန်ကို အခုလိုပြောတယ်–
“လမ်းမတွေ၊ လမ်းသွယ်တွေဆီ အမြန်သွား။ နွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေ၊ မျက်မမြင်တွေ၊ ခြေမသန်သူတွေကို ခေါ်လာခဲ့။” ကျွန်က သခင်မှာတဲ့အတိုင်းလုပ်ပြီး ပြန်ရောက်လာတဲ့အခါ နေရာလွတ်တွေ ရှိသေးတဲ့အတွက် သခင်က “မြို့ပြင်လမ်းမတွေ၊ လမ်းကြိုလမ်းကြားတွေဆီ သွားပြီး ငါ့အိမ်ပြည့်သွားအောင် လူတွေကို ရအောင်ခေါ်လာခဲ့။ မင်းတို့ကို ငါပြောမယ်။ ငါဖိတ်ထားတဲ့သူတွေ တစ်ယောက်မှ စားသောက်ပွဲကို မလာစေနဲ့” လို့ပြောတယ်။—လုကာ ၁၄:၂၁-၂၄။
ယေဟောဝါဘုရားက ယေရှုခရစ်ကို စေလွှတ်ပြီး ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့ လူတွေကို ဖိတ်ခေါ်ခိုင်းတယ်ဆိုတာ ဒီဥပမာက ကောင်းကောင်းပုံဖော်တယ်။ ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ ဦးဆုံး ဖိတ်ခေါ်ခံရသူတွေပါ။ သူတို့အများစုဟာ ယေရှုရဲ့ အမှုဆောင်ချိန် တစ်လျှောက်လုံး ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကိုပဲ ဖိတ်ခေါ်တာ မဟုတ်ဘူး။ အနှိမ်ခံရတဲ့ ဂျူးတွေနဲ့ ဂျူးဘာသာ ပြောင်းဝင်လာသူတွေကို အနာဂတ်မှာ ဒုတိယအနေနဲ့ ဖိတ်ခေါ်မယ်လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ အဲဒီနောက် ဘုရားရှေ့မှာ အရည်အချင်း မပြည့်မီဘူးလို့ ဂျူးတွေယူမှတ်တဲ့ လူတွေကို တတိယနဲ့ နောက်ဆုံးအနေနဲ့ ဖိတ်ခေါ်မှာဖြစ်တယ်။—မှန်ပါတယ်၊ “ဘုရားသခင့် နိုင်ငံတော်မှာ စားသုံးရမယ့်သူဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ အတူစားသောက်နေတဲ့ ဧည့်သည်ပြောတဲ့စကားတွေကို ယေရှုရဲ့ စကားတွေက အခိုင်အမာ အတည်ပြုပေးလိုက်တာပဲ။