မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၆

“မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”

“မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”

မဿဲ ၉:၁-၈ မာကု ၂:၁-၁၂ လုကာ ၅:၁၇-၂၆

  • လေဖြတ်နေသူရဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး ကုသပေး

အခု ရပ်နီးရပ်ဝေးကလူတွေ ယေရှုရဲ့သတင်းကို ကြားကြတယ်။ တရားနာချင်လို့၊ အံ့ဖွယ်အမှုတွေကို မြင်ချင်လို့ သိပ်ဝေးတဲ့ နေရာတွေကနေတောင် လာကြတာ။ ရက်အနည်းငယ်အကြာမှာ ယေရှုက အမှုဆောင်ချိန်အတွင်း သူတည်းခိုနေကျ ကပေရနောင်မြို့ကို ပြန်လာတယ်။ ဂါလိလဲအိုင်ဘေးနားက ဒီမြို့လေးမှာ သူပြန်လာတဲ့သတင်း ချက်ချင်းပျံ့သွားတာကြောင့် သူတည်းခိုနေတဲ့အိမ်ကို လူတွေအများကြီး ရောက်လာကြတယ်။ အဲဒီထဲမှာ ဂါလိလဲပြည်၊ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ကနေလာတဲ့ ဖာရိရှဲတွေ၊ ပညတ်ကျမ်းဆရာတွေလည်း ပါတယ်။

“အိမ်တံခါးနားမှာတောင် နေရာလပ် မရှိတော့တဲ့အထိ လူတွေအများကြီး ရောက်လာတယ်။ အဲဒီအခါ ယေရှုက သူတို့ကို ဟောပြောသွန်သင်တယ်။” (မာကု ၂:၂) ဒီအချိန်မှာ ထူးခြားတာတစ်ခု ဖြစ်လာတယ်။ လူတွေ ရောဂါဝေဒနာခံစားရတဲ့ အကြောင်းရင်းကို  ဖယ်ရှားပေးနိုင်စွမ်း၊  သူရွေးချယ်ထားသူ အားလုံးကို ပြန်ကျန်းမာလာအောင် လုပ်ပေးနိုင်စွမ်း ယေရှုမှာ ရှိကြောင်း အဲဒီအဖြစ်အပျက်က နားလည်စေတယ်။

လူတွေ ပြည့်ကျပ်နေတဲ့ အခန်းထဲမှာ ယေရှု သွန်သင်နေတုန်း လေဖြတ်နေသူတစ်ယောက်ကို လူလေးယောက် ထမ်းခေါ်လာတယ်။ သူတို့ရဲ့မိတ်ဆွေကို ကုသပေးစေချင်ပေမဲ့ လူအုပ်ကြောင့် “ယေရှုဆီကို ဝင်သွားလို့ မရဘူး။” (မာကု ၂:၄) သူတို့တော်တော်လေး စိတ်ညစ်သွားမှာပဲ။ ဒါနဲ့ အိမ်မိုးပေါ်တက်ပြီး မျက်နှာကြက်ကို ဖောက်လိုက်တယ်။ ပြီးတော့ လေဖြတ်နေသူကို ထမ်းစင်နဲ့ လျှောချကြတယ်။

အဲဒီလိုလုပ်တာကို ယေရှု စိတ်ဆိုးသလား။ စိတ်မဆိုးပါဘူး။ သူတို့ရဲ့ယုံကြည်ခြင်းကို သိပ်အထင်ကြီး လေးစားသွားတဲ့အတွက် လေဖြတ်နေသူကို “မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ” လို့ပြောတယ်။ (မဿဲ ၉:၂) ယေရှုက တကယ်ပဲ အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်သလား။ ဖာရိရှဲနဲ့ ကျမ်းတတ်တချို့က “ဒီလူ ဘာလို့ အဲဒီလိုပြောတာလဲ။ ဒါဟာ ဘုရားကို စော်ကားပြောဆိုနေတာပဲ။ ဘုရားသခင်ကလွဲရင် ဘယ်သူ အပြစ်လွှတ်ပိုင်ခွင့် ရှိလို့လဲ” ဆိုပြီး တွေးနေကြတယ်။—မာကု ၂:၇

ယေရှုက သူတို့ ဘာတွေးနေမှန်း သိတဲ့အတွက် “ဘာလို့ ဒီလိုတွေးနေကြတာလဲ။ လေဖြတ်နေသူကို ‘မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပါ။ ထမ်းစင်ကို သယ်ပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာက ပိုပြောလွယ်သလဲ” လို့ မေးလိုက်တယ်။ (မာကု ၂:၈၊ ၉) မှန်ပါတယ်၊ ယေရှုဟာ အချိန်တန်ရင် သူပေးဆက်မယ့် ပူဇော်သက္ကာအပေါ် အခြေပြုပြီး အဲဒီလူရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်။

အဲဒီနောက် ယေရှုက သူဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း လူအုပ်ကိုရော၊ ဝေဖန်သူတွေကိုပါ သက်သေပြလိုက်တယ်။ လေဖြတ်နေသူဘက်ကို လှည့်ပြီး “ကျွန်တော်ပြောမယ်။ ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့” လို့ပြောတယ်။ ချက်ချင်းပဲ လူအားလုံးရှေ့မှာ အဲဒီလူက ထပြီး ထမ်းစင်ကိုသယ်ရင်း ထွက်သွားတယ်။ လူတွေလည်း တအံ့တသြနဲ့ “ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဆိုပြီး ဘုရားရဲ့ဘုန်းတော်ကို ချီးမွမ်းကြတယ်။—မာကု ၂:၁၁၊ ၁၂

ယေရှုက အပြစ်ကို ဖျားနာခြင်း၊ အပြစ်ခွင့်လွှတ်ခံရခြင်းကို ကျန်းမာခြင်းတို့နဲ့ ဆက်စပ်ဖော်ပြခဲ့တာ မှတ်သားစရာပဲ။ အာဒံရဲ့အပြစ်ကြောင့် ကျွန်တော်တို့အားလုံး အပြစ်ရဲ့အကျိုးဆက်ဖြစ်တဲ့ ဖျားနာခြင်းနဲ့ သေခြင်းကို အမွေခံရတယ်ဆိုပြီး ကျမ်းစာသွန်သင်တယ်။ ဒါပေမဲ့ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ဘုရားကိုချစ်ပြီး ဝတ်ပြုကိုးကွယ်သူအားလုံးရဲ့ အပြစ်တွေကို ယေရှု ခွင့်လွှတ်ပေးပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဖျားနာခြင်း ထာဝစဉ် ပျောက်ကွယ်သွားပါလိမ့်မယ်။—ရောမ ၅:၁၂၊ ၁၈၊ ၁၉