အခန်း ၅၃
သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်တဲ့အုပ်စိုးရှင်
မဿဲ ၁၄:၂၂-၃၆ မာကု ၆:၄၅-၅၆ ယောဟန် ၆:၁၄-၂၅
-
လူတွေက ယေရှုကို ဘုရင်တင်မြှောက်ချင်ကြ
-
ရေပေါ်လမ်းလျှောက်လာပြီး မုန်တိုင်းကို ငြိမ်သက်စေ
လူထောင်ချီကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးတာက လူတွေအပေါ် တော်တော် အကျိုးသက်ရောက်တယ်။ ဒါကြောင့် “သူဟာ လူ့လောကမှာ ပေါ်ထွန်းလာမယ့် ပရောဖက်” မေရှိယပဲ ဖြစ်ရမယ်လို့ ပြောကြတယ်။ သူဟာ မင်းကောင်းတစ်ပါးဖြစ်မယ် ဆိုပြီးတော့လည်း ကောက်ချက်ချကြတယ်။ (ယောဟန် ၆:၁၄။ တရားဟောရာ ၁၈:၁၈) ဒါကြောင့် ယေရှုကို အတင်းအကျပ် ဘုရင် တင်မြှောက်ဖို့ ကြံစည်ကြတယ်။
သူတို့ရဲ့အကြံကို ယေရှုသိနေတဲ့အတွက် လူအုပ်ကို ပြန်လွှတ်လိုက်ပြီး တပည့်တွေကိုလည်း လှေနဲ့ ကူးနှင့်ခိုင်းတယ်။ တပည့်တွေ ဘယ်ကို သွားကြတာလဲ။ ဗက်ဇဲဒမြို့၊ အဲဒီကနေတစ်ဆင့် ကပေရနောင်မြို့ကို သွားကြတာ။ ယေရှုကတော့ အဲဒီညမှာ ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားတယ်။
မိုးမလင်းခင် လရောင်အောက်မှာ အဝေးကနေ လှေကို ယေရှုတွေ့လိုက်တယ်။ လေပြင်းတိုက်ခတ်ပြီး လှိုင်းထန်နေတဲ့အတွက် တမန်တော်တွေဟာ “လှေကို မနည်းလှော်ခတ်နေ” ကြတယ်။ (မာကု ၆:၄၈) ယေရှုက တောင်ပေါ်ကနေ ဆင်းလာပြီးနောက် လှိုင်းတွေပေါ်မှာ လမ်းလျှောက်ပြီး သူတို့ဆီ သွားတယ်။ သူတို့ လှော်ခတ်လာတာ “သုံးလေးမိုင်လောက်” ရှိနေပြီ။ (ယောဟန် ၆:၁၉) တပည့်တွေနားကနေ ယေရှု ဖြတ်သွားမလိုလုပ်တော့ “ဟိုမှာ၊ ဟိုမှာ ဘာကြီးပါလိမ့်” ဆိုပြီး အော်ကြပါလေရော။—မာကု ၆:၄၉။
ယေရှုက “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ သူတို့ကြောက်စိတ်ပြေအောင် ပြောတဲ့အခါ ပေတရုက “သခင်၊ တကယ်ပဲ သခင်ဟုတ်တယ်ဆိုရင် ကျွန်တော်လည်း ရေပေါ် လမ်းလျှောက်ပြီး သခင့်ဆီ လာဖို့ အမိန့်ရှိပါ” လို့ ပြန်ပြောတယ်။ ယေရှုက “လာခဲ့လေ” ဆိုတော့ ပေတရုက လှေပေါ်ကနေ ဆင်းပြီး ရေပေါ် လမ်းလျှောက်လာတယ်။ ဒါပေမဲ့ မုန်တိုင်းထန်နေတာကို မြင်တော့ ကြောက်စိတ် ဝင်ပြီး နစ်တော့မလို ဖြစ်သွားတယ်။ ဒါနဲ့ “သခင်၊ ကယ်ပါဦး” လို့အော်တဲ့အခါ ယေရှုက လက်ကိုဆန့်၊ သူ့ကို လှမ်းဆွဲလိုက်ပြီး “ယုံကြည်ခြင်းနည်းတဲ့သူ၊ ဘာလို့ သံသယဝင်တာလဲ” လို့ပြောလိုက်တယ်။—မဿဲ ၁၄:၂၇-၃၁။
ပေတရုနဲ့ ယေရှု လှေပေါ် ရောက်တဲ့အခါမှာတော့ လေငြိမ်သွားတယ်။ တပည့်တွေလည်း အံ့သြသွားတယ်။ တကယ်ဆိုရင် သူတို့အဲဒီလို ဖြစ်သင့်သလား။ လူထောင်ချီကို အံ့ဖွယ်နည်းနဲ့ ယေရှုကျွေးမွေးခဲ့တာ နာရီပိုင်းပဲ ရှိသေးတယ်။ သူတို့သာ “မုန့်ကျွေးတဲ့ အံ့ဖွယ်အမှုရဲ့ အဓိပ္ပာယ်ကို” သဘောပေါက်မယ်ဆိုရင် အခုလို ရေပေါ်လမ်းလျှောက်တာ၊ မုန်တိုင်းငြိမ်သက်စေတာတွေကို အံ့သြမှာမဟုတ်ဘူး။ အခု တပည့်တွေက ဦးညွှတ်ပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားပါ” လို့ပြောကြတယ်။—မာကု ၆:၅၂။ မဿဲ ၁၄:၃၃။
သိပ်မကြာခင်မှာ ကပေရနောင်မြို့ရဲ့ တောင်ဘက်၊ လှပပြီး မြေသြဇာကောင်းတဲ့ ဂင်နေသရက်လွင်ပြင်ကို ရောက်တဲ့အခါ လှေကို ကမ်းကပ်လိုက်တယ်။ ကမ်းပေါ်တက်လာတဲ့အခါ အဲဒီအရပ်သားတွေက ယေရှုကို မှတ်မိတယ်။ ဒါကြောင့် သူတို့နဲ့ ပတ်ဝန်းကျင် အရပ်ရပ်မှာရှိတဲ့ လူတွေက ဖျားနာတဲ့သူတွေကို ယေရှုဆီ ခေါ်လာကြတယ်။ ယေရှုဝတ်လုံရဲ့ အမြိတ်ကို တို့ထိရုံနဲ့ ကျန်းမာသွားကြတယ်။
လူထောင်ချီကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးတာကို မြင်ခဲ့တဲ့လူအုပ်က ယေရှုထွက်သွားမှန်း သိလိုက်တယ်။ ဒါနဲ့ တိဗေရိမြို့ကလှေတွေ ဆိုက်လာတဲ့အခါ လူတွေက ယေရှုကိုရှာဖို့ အဲဒီလှေတွေစီးပြီး ကပေရနောင်မြို့ဆီ ထွက်လာတယ်။ ယေရှုကိုတွေ့တော့ “ဆရာ၊ ဒီကို ဘယ်တုန်းက ရောက်လာတာလဲ” ဆိုပြီး မေးကြတယ်။ (ယောဟန် ၆:၂၅) ဒီအခါ သူတို့ကို ယေရှု ဘာကြောင့် ပြစ်တင်ဆုံးမရသလဲဆိုတာ နောက်အခန်းမှာ တွေ့ရပါမယ်။