အခန်း ၆၁
နတ်ဆိုးစွဲနေတဲ့ကောင်လေးကို ကုသပေး
မဿဲ ၁၇:၁၄-၂၀ မာကု ၉:၁၄-၂၉ လုကာ ၉:၃၇-၄၃
-
နတ်ဆိုးစွဲနေတဲ့ ကောင်လေးကို ကုသပေးဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း လိုအပ်
ယေရှု၊ ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ လူတွေအများကြီးနဲ့ တွေ့တယ်။ တပည့်တွေကို ကျမ်းတတ်တွေ ဝိုင်းအုံနေပြီး သူတို့နဲ့ ငြင်းခုံနေတာ ယေရှုတွေ့တော့ တစ်ခုခုဖြစ်နေမှန်း သိလိုက်တယ်။ လူတွေလည်း ယေရှုကိုမြင်တာနဲ့ အံ့အားသင့်ပြီး ပြေးကြိုကြတယ်။ ဒါနဲ့ ယေရှုက “ခင်ဗျားတို့ ဘာတွေ ဆွေးနွေးငြင်းခုံနေတာလဲ” ဆိုပြီး မေးလိုက်တယ်။—မာကု ၉:၁၆။
ဒီအခါ လူအုပ်ထဲက တစ်ယောက်က ယေရှုရှေ့မှာ ဒူးထောက်ပြီး အခုလိုရှင်းပြတယ်– “ဆရာ၊ နတ်ဆိုးပူးလို့ စကားမပြောနိုင်တော့တဲ့ ကျွန်တော့်သားကို ဆရာ့ဆီ ခေါ်လာတာ။ နတ်ဆိုးပူးတဲ့အခါတိုင်း ကျွန်တော့်သားက မြေပေါ်ပစ်လဲသွားတယ်။ ပါးစပ်ကနေ အမြှုပ်ထွက်၊ အံကြိတ်ပြီး အားပြတ်သွားတတ်တယ်။ နတ်ဆိုး နှင်ထုတ်ပေးဖို့ ဆရာ့တပည့်တွေကို အကူအညီတောင်းတာ သူတို့ မနှင်ထုတ်နိုင်ဘူး။”—မာကု ၉:၁၇၊ ၁၈။
ကျမ်းတတ်တွေက တပည့်တွေ ကောင်လေးကို မကုပေးနိုင်တဲ့အတွက် ပြစ်တင်ဝေဖန်ပြီး လှောင်ပြောင်နေကြပုံပဲ။ ယေရှုက စိတ်သောကရောက်နေတဲ့ အဖေကို ဘာမှမပြောဘဲ လူအုပ်ကို “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ” လို့ ပြောလိုက်တယ်။ ဒီပြင်းထန်တဲ့ စကားတွေက သူမရှိတဲ့အချိန်မှာ တပည့်တွေကို ပြဿနာရှာနေတဲ့ ကျမ်းတတ်တွေကို ရည်ရွယ်ပြီး ပြောလိုက်တာ။ ဒီနောက် စိတ်သောကရောက်နေတဲ့ အဖေဘက်လှည့်ပြီး “အဲဒီလူငယ်လေးကို ခေါ်လာခဲ့” လို့ပြောတယ်။—မဿဲ ၁၇:၁၇။
ယေရှုဆီကို လူငယ်လေး လာနေတဲ့အချိန်မှာ နတ်ဆိုးက ကောင်လေးကို မြေပေါ်လှဲချပြီး အကြီးအကျယ် တုန်တက်စေတဲ့အတွက် ပါးစပ်ကနေ အမြှုပ်တစီစီထွက်ပြီး လူးလှိမ့်နေရှာတယ်။ ဒါနဲ့ ယေရှုက “ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ” လို့မေးတော့ ဖခင်ဖြစ်သူက “ငယ်ငယ်ကတည်းကပါ။ နတ်ဆိုးက မီးထဲ လဲကျအောင် လုပ်လိုက်၊ ရေထဲကျအောင် လုပ်လိုက်နဲ့ ကျွန်တော့်သားကို သေအောင် ခဏခဏ လုပ်ပါတယ်။ ဆရာ တတ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ကို သနားတဲ့အနေနဲ့ ကုပေးပါ” လို့ အသနားခံတယ်။—မာကု ၉:၂၁၊ ၂၂။
ယေရှုရဲ့ တပည့်တွေကတောင် သူ့သားရဲ့ ဝေဒနာကို မကုပေးနိုင်လို့ ဖခင်ခမျာ ကြံရာမရ ဖြစ်နေရှာတယ်။ ဒါနဲ့ ယေရှုက “‘တတ်နိုင်ရင်’ လို့ ဘာကြောင့် ပြောတာလဲ။ ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်တာ မရှိဘူး” လို့ပြောပြီး အားပေးလိုက်တယ်။ ဖခင်က ချက်ချင်းပဲ “ကျွန်တော်ယုံပါတယ်။ ယုံကြည်ခြင်း အားနည်းနေသေးရင် ခိုင်မာလာအောင် ကူညီပေးပါ” လို့ပြောတယ်။—ဒီနောက် လူတွေ ဝိုင်းအုံလာတာကို ယေရှုမြင်တဲ့အတွက် အဲဒီလူတွေရှေ့မှာပဲ နတ်ဆိုးကို “နားမကြားအောင်၊ စကား မပြောနိုင်အောင် နှောင့်ယှက်နေတဲ့ နတ်ဆိုး၊ ငါအမိန့်ပေးတယ်။ သူ့ထဲက ထွက်သွားစမ်း။ ဘယ်တော့မှ ပြန်မဝင်နဲ့” လို့ ဆုံးမလိုက်တယ်။ နတ်ဆိုးလည်း အသံကုန်အော်ဟစ်၊ လူငယ်လေးကို တုန်တက်စေပြီးမှ ထွက်သွားတယ်။ လူငယ်လေးက လူသေလိုဖြစ်နေလို့ “သူသေသွားပြီ” ဆိုပြီး လူတွေ ပြောကြတယ်။ (မာကု ၉:၂၅၊ ၂၆) ဒါပေမဲ့ ယေရှုက ကောင်လေးရဲ့လက်ကို ကိုင်ပြီး ဆွဲထူပေးတော့ သူထလာတယ်။ “အဲဒီအချိန်မှာပဲ လူငယ်လေး ရောဂါပျောက်သွားတယ်။” (မဿဲ ၁၇:၁၈) ယေရှုလုပ်တာကို လူတွေ တအံ့တသြ ဖြစ်ကြမယ်ဆိုတာ နားလည်နိုင်ပါတယ်။
အစောပိုင်းတုန်းက သတင်းကောင်းဟောပြောဖို့ တပည့်တွေကို စေလွှတ်ချိန်မှာ နတ်ဆိုးတွေကို နှင်ထုတ်နိုင်ခဲ့ကြတယ်။ ဒါကြောင့် အခု အိမ်ထဲရောက်အခါ တပည့်တွေက “ကျွန်တော်တို့ကျတော့ ဘာလို့ နတ်ဆိုးကို မနှင်ထုတ်နိုင်တာလဲ” လို့ ယေရှုကို မေးကြတယ်။ ဒီအခါ ယေရှုက သူတို့မှာ ယုံကြည်ခြင်း နည်းတဲ့အတွက်ကြောင့်လို့ ရှင်းပြပြီး “အဲဒီလိုနတ်ဆိုးမျိုးကို ဆုတောင်းခြင်းနဲ့ပဲ နှင်ထုတ်နိုင်တယ်” လို့ ပြန်ဖြေတယ်။ (မာကု ၉:၂၈၊ ၂၉) တန်ခိုးကြီးတဲ့ နတ်ဆိုးကို နှင်ထုတ်နိုင်ဖို့ ဘုရားပေးအခွင့်အာဏာ လိုအပ်တယ်။ အဲဒါကိုရနိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်းနဲ့ ဆုတောင်းရမယ်။
ယေရှု အခုလို နိဂုံးချုပ်တယ်– “ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ မုန်ညင်းစေ့လောက်ရှိခဲ့ရင် ဒီတောင်ကို ‘ဟိုဘက်ကို ရွှေ့’ လို့ပြောရင် ရွှေ့မှာပဲ။ ခင်ဗျားတို့ မတတ်နိုင်တာ ဘာမှ ရှိမှာမဟုတ်ဘူး။” (မဿဲ ၁၇:၂၀) ယုံကြည်ခြင်းဟာ တကယ် အစွမ်းထက်ပါတယ်။
ယေဟောဝါဘုရားရဲ့ အမှုတော် မတိုးတက်အောင် ဟန့်တားတဲ့ အတားအဆီးတွေ၊ အခက်အခဲတွေဟာ မကျော်လွှားနိုင်၊ မရွှေ့နိုင်တဲ့ တောင်ကြီးလို ဖြစ်နေပုံပဲ။ ဒါပေမဲ့ ယုံကြည်ခြင်းကို ပြုစုပျိုးထောင်မယ်ဆိုရင် တောင်နဲ့တူတဲ့ အတားအဆီးတွေ၊ အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။