အခန်း ၃၅
ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာ
-
တောင်ပေါ်ဒေသနာ
ယေရှုက တစ်ညလုံးဆုတောင်းပြီး နောက်နေ့မနက်မှာ တမန်တော် ၁၂ ယောက်ကို ရွေးချယ်တယ်။ သူ မောပန်းနေမှာဖြစ်ပေမဲ့ လူတွေကို ကူညီပေးဖို့ အားရှိနေတုန်းပဲ။ ဒါကြောင့် အမှုဆောင်လုပ်ငန်းလုပ်ချိန်အတွင်း သူတည်းခိုတဲ့နေရာ ဂါလိလဲပြည်၊ ကပေရနောင်မြို့နားက တောင်စောင်းတစ်နေရာမှာ သူ့ဆီလာသမျှ လူအားလုံးကို ကူညီပေးတယ်။
လူတွေက ဝေးလံတဲ့ဒေသတွေကနေ လာကြတာ။ တချို့က တောင်ဘက် ဂျေရုဆလင်မြို့နဲ့ ယုဒပြည်တစ်ဝန်း၊ တချို့ကတော့ အနောက်မြောက်ဘက် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ တိုင်ရာနဲ့ ဆိုင်ဒုန်ကနေ လာကြတယ်။ ယေရှုဆီ ဘာလို့ လာကြတာလဲ။ “တရားနာချင်လို့၊ ရောဂါပျောက်ချင်လို့” ပဲ။ ယေရှုက ရောဂါတွေကို “ပျောက်ကင်းစေ” တယ်။ စဉ်းစားကြည့်ပါ။ ဖျားနာသူအားလုံး ရောဂါပျောက်ကင်းသွားတယ်။ စာတန့်နောက်လိုက် ကောင်းကင်တမန်ဆိုးတွေကြောင့် ဒုက္ခရောက်နေသူတွေ ဖြစ်တဲ့ “နတ်ဆိုးနှောင့်ယှက်ခံရသူတွေ” ကိုလည်း ကုသပေးတယ်။—လုကာ ၆:၁၇-၁၉။
အဲဒီနောက် တောင်စောင်းမှာရှိတဲ့ မြေပြန့်တစ်နေရာကို ဆင်းလာတဲ့အခါ လူအုပ်လည်း စုရုံးလာတယ်။ တပည့်တွေ၊ အထူးသဖြင့် တမန်တော် ၁၂ ယောက်က သူနဲ့အနီးဆုံးမှာ ရှိနေမှာပဲ။ လူအားလုံးက အံ့ဖွယ်အမှုတွေ ပြုလုပ်နိုင်တဲ့ ဆရာ့စကားကို ကြားချင်စိတ် ပြင်းပြနေကြတယ်။ ဒါနဲ့ ယေရှုက နားထောင်သူအားလုံးအတွက် အကျိုးရှိစေတဲ့ တရားဒေသနာကို ဟောတယ်။ အဲဒါက အခုချိန်ထိ လူပေါင်းများစွာကို အကျိုးပြုနေဆဲပဲ။ ကျွန်တော်တို့လည်း အကျိုးရနိုင်ပါတယ်။ အကြောင်းကတော့ နက်နဲတဲ့ အမှန်တရားတွေကို ရိုးရိုးရှင်းရှင်း ဟောပြောခဲ့လို့ပဲ။ နေ့စဉ်အဖြစ်အပျက်တွေ၊ လူတွေနဲ့ အကျွမ်းတဝင်ရှိတဲ့အရာတွေကို သူအသုံးပြုတယ်။ ဒါကြောင့် ဘုရားနည်းလမ်းနဲ့အညီ ပိုကောင်းတဲ့ အသက်တာကို လိုချင်သူအားလုံးဟာ ယေရှုပြောတာတွေကို နားလည်နိုင်ကြတယ်။ ဘယ်အချက်တွေကြောင့် ယေရှုရဲ့တရားဒေသနာက ဒီလောက်တောင် ကျော်ကြားရတာလဲ။
ဘယ်သူတွေက စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရသလဲ
လူတိုင်း ပျော်ချင်ကြတယ်။ ဒါကို ယေရှုသိလို့ စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရသူတွေအကြောင်း စပြောတယ်။ နားထောင်နေသူတွေ ဘယ်လောက်တောင် စိတ်ဝင်စားသွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ တချို့အကြောင်းတွေကို သူတို့ နားမလည်နိုင်ဘူး။
ယေရှု အခုလို ပြောတယ်– “ဘုရားကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။ ဝမ်းနည်းပူဆွေးသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ နှစ်သိမ့်မှုရလိမ့်မယ်။ . . . ဖြောင့်မှန်တာကို လုပ်ချင်စိတ် ပြင်းပြသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ ဆန္ဒပြည့်ဝလိမ့်မယ်။ . . . ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ကြောင့် ကဲ့ရဲ့ညှဉ်းဆဲခံရတဲ့အခါ . . . ပျော်ရွှင်ချမ်းမြေ့တယ်။ . . . ဝမ်းမြောက်ရွှင်လန်းကြပါ။”—မဿဲ ၅:၃-၁၂။
ယေရှုပြောတဲ့ ‘ပျော်ရွှင်မှု’ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ပျော်စရာရှိလို့ ပျော်ရွှင်ရယ်မောနေတာကို မဆိုလိုဘူး။ စစ်မှန်တဲ့ပျော်ရွှင်မှုမှာ အဲဒါထက် ပိုလေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်။ စစ်မှန်တဲ့ ကျေနပ်ရောင့်ရဲမှု၊ စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုတို့ ပါဝင်တယ်။
ဘုရားကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ၊ အပြစ်ရှိတဲ့ အခြေအနေကြောင့် ဝမ်းနည်းသူတွေ၊ ဘုရားအကြောင်းသိလာပြီး ဝတ်ပြုကိုးကွယ်သူတွေဟာ တကယ်ပျော်ရွှင်တယ်လို့ ယေရှုပြောတယ်။ ဘုရားအလိုတော်ဆောင်လို့ အမုန်းခံရ၊ ညှဉ်းဆဲခံရရင်တောင် သူတို့ကို ဘုရားနှစ်သက်ပြီး ထာဝရအသက်ဆုချမယ်ဆိုတာ သိထားလို့ ပျော်ရွှင်ကြတယ်။
ချမ်းသာကြွယ်ဝမယ်၊ အပျော်အပါး လိုက်စားမယ်ဆိုရင် ပျော်မယ်လို့ လူတွေထင်ကြတယ်။ ယေရှုကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် ပြောလိုက်တဲ့အခါ နားထောင်နေသူတွေအတွက် စဉ်းစားစရာ ဖြစ်သွားမှာပဲ။ သူ အခုလိုပြောတယ်– “ချမ်းသာကြွယ်ဝသူတို့၊ လုကာ ၆:၂၄-၂၆။
အဖြစ်ဆိုးလိုက်ကြတာ။ ခင်ဗျားတို့ဟာ စည်းစိမ်ကို အပြည့်အဝ ခံစားပြီးပြီဖြစ်လို့ပဲ။ အခု ဝဝလင်လင် ဖြစ်နေသူတို့၊ အဖြစ်ဆိုးလိုက်ကြတာ။ ခင်ဗျားတို့ ဆာငတ်ရမှာ မို့လို့ပဲ။ အခု ရယ်မောနေသူတို့၊ အဖြစ်ဆိုးလိုက်ကြတာ။ ခင်ဗျားတို့ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးရမှာ မို့လို့ပဲ။ လူတွေ ချီးမွမ်းနေပြီဆိုရင်တော့ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ သူတို့ရဲ့ဘိုးဘေးတွေဟာ ပရောဖက်အတုအယောင်တွေကို အဲဒီလိုပဲ ချီးမွမ်းခဲ့ကြတယ်။”—ချမ်းသာကြွယ်ဝတာ၊ ရယ်မောပျော်ရွှင်တာ၊ ချီးမွမ်းခံရတာကို အဖြစ်ဆိုးလို့ ဘာကြောင့် ပြောတာလဲ။ တစ်စုံတစ်ယောက်က အဲဒါတွေ ပိုင်ဆိုင်ထားပြီး ဒါတွေနဲ့ပဲ ပျော်မွေ့နေမယ်ဆိုရင် ဘုရားအမှုတော်ဆောင်ခြင်းကို လျစ်လျူရှုမိသွားနိုင်တယ်။ ဒါဆိုရင် စစ်မှန်တဲ့ပျော်ရွှင်မှု ဆုံးရှုံးသွားနိုင်တယ်။ ဆင်းရဲနွမ်းပါးတာ၊ ဆာငတ်တာက လူတစ်ယောက်ကို ပျော်ရွှင်စေတယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ အများအားဖြင့် အဲဒီလို ဘဝအခြေအနေ မလှတဲ့သူတွေကပဲ ယေရှုရဲ့သွန်သင်ချက်တွေကို လက်ခံပြီး စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားရတယ်။
ယေရှုက တပည့်တွေကို ရည်ရွယ်ပြီး “ခင်ဗျားတို့ဟာ လောကရဲ့ဆားပဲ” လို့ပြောတယ်။ (မဿဲ ၅:၁၃) တကယ့်ဆားတော့ မဟုတ်ပါဘူး။ ဆားမှာ မပုပ်မသိုးအောင်၊ တာရှည်ခံအောင် လုပ်ပေးနိုင်စွမ်းရှိတယ်။ ဗိမာန်တော်က ယဇ်ပလ္လင်နားမှာ ဆားပုံကြီးရှိပြီး ယဇ်ပူဇော်တဲ့အခါ အသုံးပြုတယ်။ ဆားက ပျက်စီးယိုယွင်းခြင်း၊ ပုပ်ပျက်ခြင်း မရှိတာကိုလည်း ရည်ညွှန်းတယ်။ (ဝတ်ပြုရာ ၂:၁၃။ ယေဇကျေလ ၄၃:၂၃၊ ၂၄) ယေရှုတပည့်တွေဟာ လူတွေ ယေဟောဝါနဲ့ဆက်ဆံရေး မပျက်စီးအောင်၊ ကိုယ်ကျင့်တရားစံနှုန်းတွေ မကျဆင်းအောင် ကူညီပေးခြင်းအားဖြင့် “လောကရဲ့ဆား” ဖြစ်ကြတယ်။ မှန်ပါတယ်၊ သူတို့ဟောတဲ့ သတင်းစကားကို လက်ခံတုံ့ပြန်သူအားလုံး အသက်ရနိုင်တယ်။
“ခင်ဗျားတို့ဟာ လောကရဲ့အလင်းပဲ” လို့ ယေရှု ဆက်ပြောတယ်။ မီးခွက်ကို ထွန်းပြီး တောင်းနဲ့ အုပ်ထားလေ့ မရှိပါဘူး။ အလင်းရောင် ရဖို့ မီးခုံပေါ်မှာပဲ တင်ထားတတ်တယ်။ ဒါကြောင့် “ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်” လို့တိုက်တွန်းတယ်။—မဿဲ ၅:၁၄-၁၆။
နောက်လိုက်တွေအတွက် မြင့်မားတဲ့စံနှုန်း
ဂျူးဘာသာရေး ခေါင်းဆောင်တွေဟာ ယေရှုကို ဘုရားပညတ်တွေ ချိုးဖောက်သူလို့ ယူမှတ်တဲ့အတွက် မကြာသေးခင်က သူ့ကို သတ်ဖို့ ကြံစည်ခဲ့ကြတယ်။ ဒါကြောင့် “ကျွန်တော်ဟာ ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတွေကို ပယ်ဖျက်ဖို့ လာတာ မဟုတ်ဘူး။ မဿဲ ၅:၁၇။
ပြည့်စုံစေဖို့ လာတာ” လို့ ယေရှု ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။—မှန်ပါတယ်၊ ယေရှုက ဘုရားပညတ်ကို အလွန်လေးစားပြီး တခြားသူတွေကိုလည်း အဲဒီလို သဘောထားရှိဖို့ တိုက်တွန်းတယ်။ သူ ဒီလိုတောင် ပြောတယ်– “ဒါကြောင့် အရေးကြီးပုံမရတဲ့ ပညတ်ချက်ကို ချိုးဖောက်ပြီး သူများကိုလည်း အဲဒီအတိုင်းလုပ်ဖို့ သွန်သင်ပေးတဲ့သူဟာ ကောင်းကင်နိုင်ငံကို မဝင်ထိုက်ဘူး။” အဲဒီလိုလူဟာ နိုင်ငံတော်ကို လုံးဝ ဝင်ခွင့်ရမှာ မဟုတ်ဘူး။ “ဒါပေမဲ့ အဲဒီပညတ်တွေအတိုင်း ကျင့်ကြံပြီး သွန်သင်ပေးသူကတော့ ကောင်းကင်နိုင်ငံ ဝင်ထိုက်တယ်” လို့ ဆက်ပြောတယ်။—မဿဲ ၅:၁၉။
ဘုရားပညတ်ကို ချိုးဖောက်စေတဲ့ သဘောထားတွေကိုတောင် ယေရှု ပြစ်တင်ရှုတ်ချတယ်။ “လူ့အသက် မသတ်နဲ့” လို့ပညတ်တရားမှာ ပြောထားတာကို ထောက်ပြပြီးနောက် “ကိုယ့်ညီအစ်ကိုကို အမျက်မပြေနိုင်သူဟာ တရားရုံးမှာ အမှုရင်ဆိုင်ရမယ်” လို့ထပ်ပြောတယ်။ (မဿဲ ၅:၂၁၊ ၂၂) လူတစ်ယောက်ကို အမျက်မပြေနိုင်တာက တကယ်အန္တရာယ်ရှိတယ်။ လူသတ်တဲ့အထိတောင် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် သင့်မြတ်ပြေလည်ဖို့ ဘယ်လောက်ထိ လုပ်သင့်ကြောင်း ယေရှု အခုလို ရှင်းပြတယ်– “ပူဇော်ရာပလ္လင်ဆီ အလှူ ယူလာနေတုန်းမှာ ကိုယ့်ကိုမကျေမနပ်ဖြစ်နေတဲ့ ညီအစ်ကိုကို သတိရသွားရင်၊ အလှူကို ပလ္လင်ရှေ့မှာ ထားခဲ့ပါ။ ညီအစ်ကိုဆီ သွားပြီး သူနဲ့ ပြေလည်အောင် အရင်လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့အလှူကို ဆက်သပါ။”—မဿဲ ၅:၂၃၊ ၂၄။
ပညတ်တရားမှာ အိမ်ထောင်ရေး မဖောက်ပြန်ရဆိုတဲ့ ပညတ်လည်းပါတယ်။ ဒါနဲ့ပတ်သက်ပြီး “‘အိမ်ထောင်ရေး မဖောက်ပြန်နဲ့’ ဆိုတဲ့စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောမယ်။ မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ပြစ်မှားတာပဲ” လို့ပြောတယ်။ (မဿဲ ၅:၂၇၊ ၂၈) မကောင်းတဲ့အတွေး ဖျတ်ခနဲပေါ်လာတာကိုပဲ ယေရှုပြောနေတာမဟုတ်ဘူး။ “ကြည့်နေ” မယ်ဆိုရင် ဘယ်လောက်ထိ အခြေအနေ ဆိုးရွားသွားနိုင်မှန်း အလေးပေးနေတာ။ ဆက်ကြည့်နေတဲ့အခါ ရမ္မက်ဆန္ဒတွေ နိုးကြွလာပြီး အဲဒီကတစ်ဆင့် အခြေအနေပေးရင် အိမ်ထောင်ရေး ဖောက်ပြန်မိနိုင်တယ်။ ဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။ ပြင်းပြင်းထန်ထန် အရေးယူလုပ်ဆောင်ဖို့ လိုအပ်နိုင်တယ်။ “ကိုယ့်ရဲ့ညာဘက်မျက်စိက အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီမျက်စိကို ထုတ်ပြီး လွှင့်ပစ်လိုက်ပါ။ . . . ကိုယ့်ရဲ့ညာလက်က အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီလက်ကို ဖြတ်ပြီး လွှင့်ပစ်လိုက်ပါ” လို့ယေရှုပြောတယ်။—မဿဲ ၅:၂၉၊ ၃၀။
လူတချို့က အသက်ဆက်ရှင်နိုင်ဖို့ ပုပ်ပျက်နေတဲ့ ကိုယ်လက်အင်္ဂါကို လိုလိုလားလား ဖြတ်တောက်ပစ်ကြတယ်။ ယေရှုပြောတဲ့အရဆိုရင် မကောင်းတဲ့အတွေးနဲ့ နောက်ဆက်တွဲလုပ်ရပ်တွေကို ရှောင်နိုင်ဖို့ ဘယ်အရာကိုမဆို၊ လက် ဒါမှမဟုတ် မျက်စိလိုမျိုး တန်ဖိုးရှိတဲ့အရာကိုတောင် “လွှင့်ပစ်” ဖို့ ပိုအရေးကြီးတယ်။ “ဂေဟင်နာအရပ်ဆီ တစ်ကိုယ်လုံးရောက်တာထက် လက်တစ်ဖက် အဆုံးရှုံးခံလိုက်တာ ပိုကောင်းတယ်” လို့ ယေရှုရှင်းပြတယ်။ ဂေဟင်နာအရပ်ဆိုတာ (ဂျေရုဆလင်မြို့ရိုး အပြင်ဘက်က မီးလောင်နေတဲ့ အမှိုက်ပုံဖြစ်ပြီး) ထာဝရပျက်စီးခြင်းကို တင်စားတယ်။
ကိုယ့်ကို ထိခိုက်နစ်နာအောင် လုပ်သူတွေ၊ စော်ကားသူတွေကို ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာလည်း သင်ပေးတယ်။ “လူဆိုးကို အတိုက်အခံ မလုပ်ပါနဲ့။ တစ်ယောက်ယောက်က ခင်ဗျားရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကိုလည်း လှည့်ပေးလိုက်ပါ။” (မဿဲ ၅:၃၉) ကိုယ်တိုင်နဲ့ မိသားစု တိုက်ခိုက်ခံရတဲ့အခါ မကာကွယ်ရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ယေရှုပြောတဲ့ ပါး ရိုက်တယ်ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်အောင်လုပ်တာ ဒါမှမဟုတ် အသေသတ်တာ မဟုတ်ဘဲ စော်ကားတာကို ပြောနေတာ။ ဒါကြောင့် ပါးရိုက်ပြီး ဒါမှမဟုတ် စော်ကားတဲ့စကားတွေ ပြောပြီး ရန်စတဲ့အခါ၊ အငြင်းအခုံလုပ်တဲ့အခါ လက်တုံ့မပြန်ပါနဲ့လို့ ယေရှုပြောနေတာပါ။
အဲဒီဆုံးမစကားက လူလူချင်းကို ချစ်ရမယ်ဆိုတဲ့ ပညတ်နဲ့ ကိုက်ညီတယ်။ ဒါကြောင့် ယေရှုက “ရန်သူကို ချစ်မြဲချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲဆုတောင်းပေးပါ” လို့ နားထောင်နေသူတွေကို ဆုံးမတယ်။ အဲဒီလိုလုပ်ဖို့ ခိုင်လုံတဲ့ အကြောင်းရင်းကို သူ ဒီလိုဆက်ပြောတယ်– “ဒါမှ ခင်ဗျားတို့ဟာ ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ သားတွေဖြစ်မှန်း သက်သေပြရာ ရောက်မှာပေါ့။ ကိုယ်တော်က လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေတယ်။”—မဿဲ ၅:၄၄၊ ၄၅။
ယေရှုက “ကောင်းကင်အဖ ပြည့်ဝစုံလင်သလို ခင်ဗျားတို့လည်း ပြည့်ဝစုံလင်ရမယ်” လို့ပြောပြီး ဒီအပိုင်းကို နိဂုံးချုပ်လိုက်တယ်။ (မဿဲ ၅:၄၈) လူတွေဟာ ခြောက်ပြစ်ကင်းသဲလဲစင် ပြည့်၀စုံလင်ရမယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားကို အတုယူခြင်းအားဖြင့် မေတ္တာကို တိုးချဲ့နိုင်ပြီး ရန်သူတွေကိုတောင် ချစ်လာနိုင်တယ်။ “အဖဘုရားဟာ သနားကြင်နာတတ်သလို ခင်ဗျားတို့လည်း အမြဲ သနားကြင်နာကြပါ” လို့ယေရှုပြောတယ်။—လုကာ ၆:၃၆။
ဆုတောင်းခြင်းနဲ့ ဘုရားကို ယုံကြည်ကိုးစားခြင်း
နားထောင်နေသူတွေကို ယေရှု ဒီလို ဆက်ပြောတယ်– “ခင်ဗျားတို့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို လူမြင်ကောင်းအောင် လူရှေ့သူရှေ့မှာ မလုပ်ပြမိဖို့ သတိထားကြပါ။” ဘုရားတရား ကိုင်းရှိုင်းချင်ယောင်ဆောင်တာကို ပြစ်တင်ရှုတ်ချတဲ့ အနေနဲ့ “ပေးကမ်းစွန့်ကြဲတဲ့အခါ သူတော်ကောင်း ယောင်ဆောင်သူတွေလို မလုပ်ကြနဲ့” ဆိုပြီး ထပ်ပြောတယ်။ (မဿဲ ၆:၁၊ ၂) ဒါကြောင့် သိုသိုသိပ်သိပ် ပေးကမ်းတာက ပိုကောင်းပါတယ်။
အဲဒီနောက် ယေရှုက “ဆုတောင်းတဲ့အခါ သူတော်ကောင်းယောင်ဆောင်သူတွေလို မလုပ်ပါနဲ့။ သူတို့က လူတကာမြင်အောင် တရားဇရပ်တွေ၊ လမ်းဆုံလမ်းခွတွေမှာ ရပ်ပြီး ဆုတောင်းတတ်ကြတယ်။ . . . ခင်ဗျားတို့ကတော့ ဆုတောင်းတဲ့အခါ အခန်းထဲဝင်၊ တံခါးပိတ်ပြီး မမြင်နိုင်တဲ့ အရပ်မှာ စံမြန်းတဲ့ အဖဘုရားဆီ ဆုတောင်းကြပါ” လို့ပြောတယ်။ (မဿဲ ၆:၅၊ ၆) လူထုရှေ့ ဆုမတောင်းရဘူးလို့ ယေရှုပြောနေတာ မဟုတ်ပါဘူး။ သူကိုယ်တိုင် အဲဒီလိုဆုတောင်းခဲ့တာပဲ။ အထင်ကြီးခံချင်လို့၊ ချီးမွမ်းခံချင်လို့ ဆုတောင်းတာမျိုးကို သူပြစ်တင်ရှုတ်ချနေတာ။
“ဆုတောင်းတဲ့အခါ လူမျိုးခြားတွေလို အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့” ဆိုပြီး လူအုပ်ကို သင်ပေးတယ်။ (မဿဲ ၆:၇) အကြောင်းအရာ တစ်ခုကို အထပ်ထပ် ဆုတောင်းတာ မှားတယ်လို့ ပြောတာမဟုတ်ဘူး။ စကားလုံးတွေကို အလွတ်ကျက်ပြီး “အထပ်ထပ်” ရွတ်တာ မကောင်းဘူးလို့ ပြောနေတာ။ ဒီနောက် အသနားခံချက် ခုနစ်ခုပါတဲ့ စံပြဆုတောင်းချက်ကို သင်ပေးတယ်။ ပထမသုံးချက်က ဘုရားရဲ့ အုပ်ချုပ်ပိုင်ခွင့်နဲ့ ရည်ရွယ်ချက်ကို အသိအမှတ်ပြုကြောင်း ဖော်ပြတယ်။ အဲဒါတွေကတော့ နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်း၊ နိုင်ငံတော်လာခြင်း၊ ဘုရားအလိုတော် ပြည့်စုံစေခြင်းတို့ ဖြစ်တယ်။ ဒါတွေကိုဆုတောင်းပြီးမှ ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်တဲ့ နေ့စဉ်အစာပေးဖို့၊ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့၊ ခံနိုင်တာထက် ပိုပြီးသွေးဆောင်မခံရဖို့၊ ဆိုးညစ်သူရဲ့လက်ကနေ ကယ်တင်ပေးဖို့ စတာတွေကို တောင်းလျှောက်နိုင်တယ်။
အဲဒီအချက်ကို အလေးပေးတဲ့အနေနဲ့ ယေရှု ဥပမာတစ်ခုပေးတယ်– “မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ မီးခွက်ပဲ။ တစ်ခုတည်းကိုပဲ အာရုံစိုက်ကြည့်ရင် တစ်ကိုယ်လုံး လင်းနေလိမ့်မယ်။ ဒါပေမဲ့ မနာလိုတဲ့စိတ်နဲ့ ကြည့်နေရင် တစ်ကိုယ်လုံး မှောင်နေလိမ့်မယ်။” (မဿဲ ၆:၂၂၊ ၂၃) ကျွန်တော်တို့ရဲ့ ပုံဆောင်မျက်လုံး ကောင်းကောင်း အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်အတွက် အလင်းပေးတဲ့ မီးအိမ်နဲ့တူတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် မျက်လုံးက တစ်ခုတည်းကိုပဲ အာရုံစိုက်ရမယ်။ ဒီလိုမှမဟုတ်ရင် ဘဝနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အမြင် ရှိလာနိုင်တယ်။ ဘုရားအမှုဆောင်ခြင်းကို အာရုံမစိုက်ဘဲ ပစ္စည်းဥစ္စာတွေကို အာရုံစိုက်မယ်ဆိုရင် “တစ်ကိုယ်လုံး မှောင်နေ” ပြီဆိုတဲ့ သဘောပဲ။ မရိုးသားတဲ့ အရာတွေကိုတောင် လုပ်လာနိုင်တယ်။
ဒီနောက် ထိရောက်တဲ့ ဥပမာတစ်ခုပြောတယ်– “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။”—မဿဲ ၆:၂၄။
နားထောင်နေသူတချို့က ပစ္စည်းဥစ္စာအပေါ် ဘယ်လို သဘောထားရှိသင့်သလဲဆိုပြီး တွေးနေကြမှာပဲ။ ဒါကြောင့် ယေရှုက ဘုရားအမှုတော်ကို ဦးစားထားမယ်ဆိုရင် စိုးရိမ်စရာမလိုဘူးလို့ အာမခံတယ်။ “ငှက်တွေကို အာရုံစိုက်ကြည့်လိုက်ပါ။ သူတို့က မဿဲ ၆:၂၆။
မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲစုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ။”—တောင်ပေါ်က နှင်းပန်းလေးတွေကော။ “ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပဖြစ်အောင် မဆင်မြန်းနိုင်ဘူး” လို့ ယေရှုပြောတယ်။ ဒီအချက်ကနေ ဘာသိရသလဲ။ “ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလို ဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား။” (မဿဲ ၆:၂၉၊ ၃၀) ယေရှု အခုလို ဆက်ပြောတယ်– “ဒါကြောင့် ‘ဘာစားရမလဲ။’ ‘ဘာသောက်ရမလဲ။’ ‘ဘာဝတ်ရမလဲ’ ဆိုပြီး ဘယ်တော့မှ မစိုးရိမ်ကြပါနဲ့။ . . . ဒါတွေအားလုံး ခင်ဗျားတို့ လိုအပ်မှန်း ကောင်းကင်အဖ သိပြီးသားပဲ။ ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။”—မဿဲ ၆:၃၁-၃၃။
အသက်ဆု ရရှိနိုင်ပုံ
တမန်တော်တွေနဲ့ တခြားစိတ်ရင်းမှန်သူတွေဟာ ဘုရားနှစ်သက်တဲ့နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ချင်ပေမဲ့ သူတို့အတွက် မလွယ်လှဘူး။ ဥပမာ၊ ဖာရိရှဲတွေက တခြားသူတွေကို အပြစ်ရှာတယ်၊ မညှာမတာ ဝေဖန်အကဲဖြတ်တယ်။ ဒါကြောင့် ယေရှုက “ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တဲ့အတိုင်း ကိုယ်တိုင် ပြန်ခံရလိမ့်မယ်” လို့ နားထောင်နေသူတွေကို သတိပေးခဲ့တယ်။—မဿဲ ၇:၁၊ ၂။
အပြစ်ရှာလွန်းတဲ့ ဖာရိရှဲတွေရဲ့ လမ်းစဉ်ကို လိုက်မယ်ဆိုရင် အန္တရာယ်ရှိမှန်း အခုလို ဥပမာပေးတယ်– “မျက်မမြင်အချင်းချင်း လမ်းပြနိုင်သလား။ လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲ ကျမှာပေါ့။” ဒါဆိုရင် နားထောင်နေသူတွေဟာ တခြားသူတွေအပေါ် ဘယ်လိုအမြင်မျိုး ရှိသင့်သလဲ။ အပြစ်ရှာတဲ့မျက်လုံးနဲ့ မကြည့်ရဘူး။ အဲဒါက ကြီးလေးတဲ့အပြစ် ဖြစ်လို့ပဲ။ ယေရှု အခုလို မေးလိုက်တယ်– “ကိုယ့်မျက်စိထဲက သစ်သားချောင်းကို မမြင်ဘဲ ညီအစ်ကိုကို ‘မင်းရဲ့မျက်စိထဲက သစ်စလေး ထုတ်ပေးပါရစေ’ လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ သူတော်ကောင်းယောင်ဆောင်သူတို့၊ ကိုယ့်မျက်စိထဲက သစ်သားချောင်းကို အရင် ထုတ်လိုက်ပါဦး။ ဒါမှ ရှင်းရှင်းလင်းလင်း မြင်ရပြီး ညီအစ်ကိုရဲ့ မျက်စိထဲ သစ်စလေးကို ထုတ်ပေးနိုင်မှာပေါ့။”—လုကာ ၆:၃၉-၄၂။
တပည့်တွေအနေနဲ့ ဘာကိုမှ အကဲမဖြတ်ရတော့ဘူးလို့ မဆိုလိုပါဘူး။ ယေရှုက “ခွေးကို မြင့်မြတ်တဲ့အရာတွေ မပေးပါနဲ့။ ဝက်ရှေ့မှာလည်း ပုလဲတွေ မချထားပါနဲ့” လို့ပြောတယ်။ (မဿဲ ၇:၆) ဘုရားသခင့် တရားစကားတော်မှာပါတဲ့ အမှန်တရားတွေဟာ ပုလဲတွေလိုပဲ တန်ဖိုးရှိတယ်။ လူတချို့က တိရစ္ဆာန်တွေလိုပြုမူပြီး အဲဒီ အဖိုးတန် အမှန်တရားတွေကို တန်ဖိုးမထားကြဘူး။ တပည့်တွေအနေနဲ့ အဲဒီလို လူတွေကို ထားခဲ့ပြီး လက်ခံနားထောင်သူတွေကို ရှာရမယ်။
ယေရှုက ဆုတောင်းခြင်းအကြောင်း ပြန်ပြောတယ်။ “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်” ဆိုပြီး စွဲစွဲမြဲမြဲ ဆုတောင်းဖို့လိုကြောင်း အလေးပေးတယ်။ ဘုရားက ဆုတောင်းချက်တွေကို ဖြေကြားဖို့အသင့်ရှိမှန်း အခုလို အလေးပေး ပြောဆိုတယ်– “ကိုယ့်ရဲ့သားက မုန့်ကိုတောင်းရင် ကျောက်ခဲပေးမလား။ . . . ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေးတတ်ရင် ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံစံ အဖဘုရားက တောင်းတဲ့သူတွေကို ကောင်းတဲ့အရာတွေ ပိုလို့တောင် ပေးမှာ မဟုတ်လား။”—မဿဲ ၇:၇-၁၁။
အဲဒီနောက် အပြုအမူနဲ့ ပတ်သက်ပြီး ကျော်ကြားတဲ့ပညတ်ကို ယေရှုပြောတယ်– “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။” လက်တွေ့ကျတဲ့ ဒီတိုက်တွန်းချက်ကို ကျွန်တော်တို့အားလုံး နှလုံးသွင်းပြီး တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ကျင့်သုံးသင့်တယ် မဟုတ်လား။ အဲဒီလိုလုပ်ဖို့ မဿဲ ၇:၁၂-၁၄။
လွယ်ကူမှာတော့ မဟုတ်ဘူး။ ယေရှု အခုလို ပြောတယ်– “ကျဉ်းတဲ့တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်။”—တပည့်တွေကို အသက်လမ်းကနေ သွေဖည်သွားအောင် လုပ်မယ့်သူတွေ ရှိတာကြောင့် ယေရှုက “သိုးရေခြုံပြီး ဝင်လာတဲ့ ပရောဖက် အတုအယောင်တွေကို သတိထားကြ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက်ဖြစ်နေတဲ့ ဝံပုလွေတွေပဲ” လို့ သတိပေးတယ်။ (မဿဲ ၇:၁၅) အသီးကိုကြည့်ပြီး ကောင်းတဲ့အပင်၊ မကောင်းတဲ့အပင်ကို ခွဲခြားသိနိုင်တယ်လို့ ယေရှုပြောတယ်။ လူတွေလည်း အဲဒီလိုပဲ။ ဒါကြောင့် ပရောဖက် အတုအယောင်တွေရဲ့ သွန်သင်ချက်တွေနဲ့ လုပ်ရပ်တွေကိုကြည့်ပြီး သူတို့ကို ခွဲခြားသိနိုင်တယ်။ မှန်ပါတယ်၊ လူတစ်ယောက် တပည့်ဖြစ်ဖို့ဆိုရင် အပြောသက်သက်နဲ့ မလုံလောက်ဘဲ လုပ်ရပ်နဲ့ပါ သက်သေပြရမယ်လို့ ယေရှု ရှင်းပြတယ်။ တချို့လူတွေက ယေရှုကို သခင်လို့ ခေါ်ပေမဲ့ ဘုရားအလိုတော်ကို မဆောင်ဘူးဆိုရင်ကော။ ယေရှု အခုလိုပြောတယ်– “‘တရားမဲ့သူတို့၊ မင်းတို့ကို ငါ လုံးဝမသိဘူး။ ငါ့ရှေ့က ထွက်သွားကြ’ ဆိုပြီး သူတို့ကိုပြောမယ်။”—မဿဲ ၇:၂၃။
ယေရှုက တရားဒေသနာကို အခုလို နိဂုံးချုပ်လိုက်တယ်– “ဒါကြောင့် ကျွန်တော်ပြောနေတဲ့ ဒီစကားတွေကို ကြားပြီး လိုက်နာတဲ့သူဟာ ကျောက်သားပေါ်မှာ အိမ်ဆောက်တဲ့ သတိပညာရှိသူနဲ့ တူတယ်။ မိုးသဲသဲမဲမဲ ရွာလို့ ရေတွေတက်လာပြီး လေပြင်း တိုက်ခတ်တဲ့အခါ အဲဒီအိမ်ဟာ ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတဲ့အတွက် မပြိုလဲဘူး။” (မဿဲ ၇:၂၄၊ ၂၅) အိမ်က ဘာကြောင့် မပြိုလဲတာလဲ။ “အိမ်ဆောက်တဲ့အခါ နက်နက်တူးပြီး ကျောက်သားပေါ်မှာ အုတ်မြစ်ချ” ထားလို့ပဲ။ (လုကာ ၆:၄၈) ဒါကြောင့် ယေရှုရဲ့စကားတွေကို ကြားရုံနဲ့ မလုံလောက်ဘူး။ အဲဒီအတိုင်း “လိုက်နာ” ဖို့ ကြိုးစားအားထုတ်ရမယ်။
“ဒီစကားတွေကို ကြားပေမဲ့ မလိုက်နာသူ” ကော ဘယ်လိုလဲ။ သူဟာ “သဲပေါ်မှာ အိမ်ဆောက်တဲ့ ဉာဏ်မရှိသူနဲ့ တူတယ်။” (မဿဲ ၇:၂၆) မိုးကြီးရေကြီးတာ၊ လေပြင်းတိုက်တာတွေကြောင့် အဲဒီအိမ် ပြိုလဲသွားမှာပဲ။
လူအုပ်က ယေရှုရဲ့သွန်သင်ပုံကို ကြားတဲ့အခါ အံ့သြကြတယ်။ သူက ဘာသာရေးခေါင်းဆောင်တွေလို မဟုတ်ဘဲ အခွင့်အာဏာရှိသူ တစ်ယောက်လို သွန်သင်ပေးလို့ပဲ။ ဒါကြောင့် ယေရှုရဲ့စကားကို နားထောင်သူအများစုဟာ တပည့်ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။