မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်

အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်

“သုံးလွန်းတင်တဲ့ကြိုးဟာ အလွယ်တကူ မပြတ်နိုင်ဘူး။”​—ဒေသနာ ၄:၁၂

၁၊ ၂။ (က) ကြင်စဦးမောင်နှံတွေနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးမျိုး ဝင်လာနိုင်သလဲ။ ဘာကြောင့်လဲ။ (ခ) ဒီအခန်းမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

 မင်္ဂလာပွဲ တက်ရတာကို သင် နှစ်သက်ပါသလား။ မင်္ဂလာပွဲတွေဟာ အလွန် ပျော်စရာကောင်းတဲ့အတွက် လူတိုင်း နှစ်သက်ကြတယ်။ မောင်နှံစုံဟာ အလှဆုံး ဆင်မြန်းထားပြီး မျက်နှာမှာလည်း ပြုံးပန်းဝေနေတယ်။ အဲဒီနေ့မှာ သူတို့ ပြုံးပျော်နေပြီး အနာဂတ်ဟာ မျှော်လင့်ချက်ရောင်ခြည် တောက်ပနေပုံရတယ်။

ဒါပေမဲ့ အခုခေတ်မှာ အိမ်ထောင်မင်္ဂလာဟာ ဘက်ပေါင်းစုံကနေ ပျက်ပြားနေတယ်ဆိုတာ ဝန်ခံရမယ်။ ကြင်စဦးမောင်နှံတွေကို အိမ်ထောင်ရေး သာယာစေချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိကြပေမဲ့ ‘ဒီအိမ်ထောင် သာယာချမ်းမြေ့ပါ့မလား။ တည်မြဲပါ့မလား’ ဆိုတဲ့အတွေး တစ်ခါတလေ ဝင်လာနိုင်တယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့ညွှန်ကြားချက်ကို မောင်နှံစုံတွေ ယုံကြည်စိတ်ချစွာ လိုက်နာခြင်းအပေါ် မူတည်လိမ့်မယ်။ (ပညာအလိမ္မာ ၃:၅၊ ၆ ကိုဖတ်ပါ။) ဘုရားရဲ့မေတ္တာ အမြဲခံစားချင်ရင် အဲဒီလိုလုပ်ဖို့ လိုတယ်။ ဒီမေးခွန်းလေးခုကို ကျမ်းစာမှာ ဘယ်လိုဖြေထားသလဲဆိုတာ အာရုံစိုက်ကြစို့– ဘာကြောင့် အိမ်ထောင်ပြုချင်တာလဲ။ အိမ်ထောင်ဖက်အဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲ။ အိမ်ထောင်အတွက် ဘယ်လို ကြိုတင်ပြင်ဆင်နိုင်သလဲ။ အိမ်ထောင်ရေးသာယာနေဖို့ မောင်နှံစုံကို ဘာက ကူညီနိုင်သလဲ။

ဘာကြောင့် အိမ်ထောင်ပြုချင်တာလဲ

၃။ မခိုင်လုံတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်ထောင်ပြုတာဟာ ဘာလို့ ပညာမဲ့ရာကျသလဲ။

ပျော်ရွှင်ချင်ရင် အိမ်ထောင်ပြုရမယ်၊ အိမ်ထောင်ဖက် မရှိရင် ဘဝဟာ မပြည့်စုံဘူး၊ ပျော်စရာမကောင်းဘူးလို့ တချို့ ယူမှတ်ကြတယ်။ အဲဒီလိုယူမှတ်တာ မှားတယ်။ တစ်ကိုယ်ရေသမား ယေရှုက တစ်ကိုယ်ရေဘဝဟာ ဆုကျေးဇူးဖြစ်တယ်လို့ ပြောပြီး အိမ်ထောင်မပြုဘဲ နေနိုင်တယ်ဆိုရင် ဆက်နေသွားဖို့ အားပေးခဲ့တယ်။ (မဿဲ ၁၉:၁၁၊ ၁၂) တမန်တော်ပေါလုလည်း တစ်ကိုယ်ရေဘဝရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြတယ်။ (၁ ကောရိန္သု ၇:၃၂-၃၈) တစ်ကိုယ်ရေဘဝနဲ့ နေကြဖို့ ယေရှုနဲ့ ပေါလု စည်းမျဉ်းထုတ်နေတာ မဟုတ်ဘူး။ တကယ်တော့ “အိမ်ထောင်ပြုတာကို တားမြစ်” တာဟာ “နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေ” မှာ ပါဝင်တယ်။ (၁ တိမောသေ ၄:၁-၃) ဒါပေမဲ့ စိတ်မပျံ့လွင့်ဘဲ ယေဟောဝါရဲ့အမှုတော် ဆောင်ချင်သူတွေအတွက်တော့ တစ်ကိုယ်ရေဘဝဟာ အကောင်းဆုံးပဲ။ ရွယ်တူချင်းဖိအားလိုမျိုး မခိုင်လုံတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်ထောင်ပြုတာဟာ ပညာမဲ့ရာကျတယ်။

၄။ သာယာတဲ့ အိမ်ထောင်ဟာ မိသားစုဘဝအတွက် ဘယ်အုတ်မြစ်ကို ချနေတာ ဖြစ်သလဲ။

အိမ်ထောင်ပြုဖို့ ခိုင်လုံတဲ့ အကြောင်းရင်း ရှိသလား။ ရှိပါတယ်။ အိမ်ထောင်မင်္ဂလာဆိုတာ မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်ပဲ။ (ကမ္ဘာဦး ၂:၁၈ ကိုဖတ်ပါ။) ဒါကြောင့် အိမ်ထောင်ပြုတာဟာ အကျိုးကျေးဇူး ရရှိစေပြီး ပျော်ရွှင်မှုလည်း ရနိုင်တယ်။ ဥပမာ၊ သာယာတဲ့ အိမ်ထောင်ဟာ မိသားစုဘဝအတွက် အကောင်းဆုံးအုတ်မြစ် ဖြစ်တယ်။ သားသမီးတွေဟာ တည်ငြိမ်အေးချမ်းတဲ့ ရိပ်မြုံလေးမှာ မိဘရဲ့ မေတ္တာ၊ ဆုံးမပဲ့ပြင်မှု၊ လမ်းညွှန်မှု လိုတယ်။ (ဆာလံ ၁၂၇:၃။ ဧဖက် ၆:၁-၄) ဒါပေမဲ့ အိမ်ထောင်ပြုရတဲ့ အကြောင်းရင်းဟာ သားသမီးမွေးဖို့လောက်ပဲ မဟုတ်ဘူး။

၅၊ ၆။ (က) ဒေသနာ ၄:၉-၁၂ အရ ရင်းနှီးတဲ့မိတ်ဆွေဖွဲ့ခြင်းရဲ့ အကျိုးကျေးဇူးတချို့ဟာ ဘာလဲ။ (ခ) အိမ်ထောင်ဟာ သုံးလွန်းတင်တဲ့ကြိုးနဲ့ ဘယ်လို တူနိုင်သလဲ။

ဒီအခန်းရဲ့ အဓိကကျမ်းချက်နဲ့ ရှေ့နောက်စကားကို သုံးသပ်ကြည့်ပါ– “လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်။ နှစ်ယောက်ပေါင်းပြီး ကြိုးစားပမ်းစားလုပ်ရင် ကောင်းကျိုးပိုရတတ်လို့ပဲ။ တစ်ယောက်လဲရင် ကျန်တဲ့တစ်ယောက်က ပြန်ထူပေးလိမ့်မယ်။ တစ်ယောက်တည်းသမားက ထူမယ့်သူမရှိတော့ လဲသွားရင် ဘယ်လိုလုပ်မလဲ။ နှစ်ယောက်အတူအိပ်ရင် နွေးတတ်တယ်။ တစ်ယောက်တည်း အိပ်ရင်တော့ ဘယ်လိုလုပ် နွေးမှာလဲ။ ဒါ့အပြင် တစ်ယောက်တည်းသမားကို အနိုင်ယူလို့ရပေမဲ့ နှစ်ယောက်ဆိုရင်တော့ ပြန်ခုခံနိုင်တယ်။ သုံးလွန်းတင်တဲ့ကြိုးဟာ အလွယ်တကူ မပြတ်နိုင်ဘူး။”​—ဒေသနာ ၄:၉-၁၂

အဲဒီကျမ်းချက်ဟာ အဓိကအားဖြင့် မိတ်ဆွေဖွဲ့ခြင်းရဲ့ အရေးကြီးမှုကို ဖော်ပြတယ်။ တကယ်တော့ အိမ်ထောင်ပြုတာဟာ အရင်းနှီးဆုံး မိတ်ဆွေဖွဲ့ခြင်းပဲ။ ကျမ်းချက်မှာ ပါတဲ့အတိုင်း အဲဒီလိုပေါင်းဖက်လိုက်တဲ့အခါ အချင်းချင်း ကူညီနိုင်တယ်၊ နှစ်သိမ့်ပေးနိုင်တယ်၊ ကာကွယ်ပေးနိုင်တယ်။ အိမ်ထောင်နှောင်ကြိုးမှာ နှစ်ဦးထက်မက ပါဝင်မယ်ဆိုရင် ပိုခိုင်မြဲမယ်။ နှစ်လွန်းတင်တဲ့ကြိုးဟာ ပြတ်သွားနိုင်တယ်။ သုံးလွန်းတင်တဲ့ကြိုးကတော့ ပြတ်ဖို့ အလွန်ခက်မယ်။ ဇနီးမောင်နှံနှစ်ဦးစလုံး ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ ဦးစားပေး လုပ်ဆောင်တဲ့အခါ သူတို့အိမ်ထောင်ရေးဟာ သုံးလွန်းတင်တဲ့ကြိုးနဲ့ တူတယ်။ ယေဟောဝါဟာ အိမ်ထောင်ရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေလို့ အဲဒီအိမ်ထောင်နှောင်ကြိုး အလွန်ခိုင်မြဲမှာ သေချာတယ်။

၇၊ ၈။ (က) သွေးသားဆန္ဒကို တွန်းလှန်ရတဲ့ တစ်ကိုယ်ရေခရစ်ယာန်တွေကို ပေါလု ဘယ်လို အကြံပြုသလဲ။ (ခ) ကျမ်းစာက အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဘယ်ရှုမြင်ချက်ကို ဖော်ပြသလဲ။

ဒါ့အပြင် အိမ်ထောင်ပြုတာဟာ သွေးသားဆန္ဒကို ပြေစေနိုင်တဲ့ တစ်ခုတည်းသော အခြေအနေ ဖြစ်တယ်။ အိမ်ထောင်မှာ လိင်ဆက်ဆံတာကို ကြည်နူးစရာလို့ မှန်ကန်စွာ ယူဆကြတယ်။ (ပညာအလိမ္မာ ၅:၁၈) တစ်ကိုယ်ရေသမားဟာ “ပျိုမျစ်ချိန်” လို့ ကျမ်းစာမှာခေါ်ထားတဲ့ လိင်စိတ်ပြင်းပြစအရွယ် ကျော်လွန်ချိန်အထိ သွေးသားဆန္ဒတွေကို တွန်းလှန်နေရဆဲ ဖြစ်မယ်။ အဲဒီဆန္ဒတွေကို မချုပ်တည်းရင် ညစ်ညမ်းတဲ့အကျင့်ကို ပြုကျင့်မိနိုင်တယ်။ ပေါလုက “မချုပ်တည်းနိုင်ရင်တော့ အိမ်ထောင်ပြုပါ။ ရမ္မက်မီး တောက်လောင်နေတာထက် အိမ်ထောင်ပြုလိုက်တာ ပိုကောင်းပါတယ်” လို့ တစ်ကိုယ်ရေသမားတွေကို အကြံပြုတယ်။​—၁ ကောရိန္သု ၇:၉၊ ၃၆။ ယာကုပ် ၁:၁၅

အိမ်ထောင်ပြုဖို့ ဘယ်အကြောင်းပြချက်တွေပဲ ရှိပါစေ လက်တွေ့ကျကျ ရှုမြင်သင့်တယ်။ ပေါလုပြောတဲ့အတိုင်း အိမ်ထောင်သည်တွေဟာ “ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။” (၁ ကောရိန္သု ၇:၂၈) အိမ်ထောင်သည်တွေဟာ တစ်ကိုယ်ရေသမားတွေ ကြုံရမှာမဟုတ်တဲ့ အခက်အခဲတွေ ကြုံတွေ့ရတယ်။ အိမ်ထောင်ပြုမယ်ဆိုရင် အခက်အခဲနည်းပြီး ကောင်းချီးရရှိဖို့ ဘယ်လို လုပ်နိုင်သလဲ။ တစ်နည်းကတော့ အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးချယ်တာ ဖြစ်တယ်။

ဘယ်လိုလူဟာ အိမ်ထောင်ဖက်ကောင်း ဖြစ်မလဲ

၉၊ ၁၀။ (က) မယုံကြည်သူတွေနဲ့ ရင်းနှီးတဲ့နှောင်ကြိုးဖွဲ့ခြင်းရဲ့ အန္တရာယ်ကို ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။ (ခ) မယုံကြည်သူနဲ့ လက်မထပ်ပါနဲ့ဆိုတဲ့ ဘုရားရဲ့ ညွှန်ကြားချက်ကို လျစ်လျူရှုတဲ့အတွက် ဘာတွေ ကြုံရတတ်သလဲ။

အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ “မယုံကြည်သူတွေနဲ့ ဘက်မညီတဲ့ ထမ်းပိုးကို မထမ်းကြပါနဲ့” ဆိုတဲ့ လိုက်နာရမယ့် အရေးကြီးတဲ့ မူတစ်ခုကို ပေါလု ရေးခဲ့တယ်။ (၂ ကောရိန္သု ၆:၁၄) သူပေးတဲ့ ဥပမာဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံတယ်။ အရွယ်အစား မတူ၊ ခွန်အားချင်း မမျှတဲ့ တိရစ္ဆာန်နှစ်ကောင်ကို ထမ်းပိုးတွဲထမ်းခိုင်းရင် နှစ်ကောင်စလုံး ဒုက္ခရောက်နိုင်တယ်။ အလားတူပဲ၊ ယုံကြည်သူနဲ့ မယုံကြည်သူ စုံဖက်လိုက်တဲ့အခါ သဘောထားကွဲလွဲမှုတွေ ပေါ်လာမှာ သေချာတယ်။ အိမ်ထောင်ဖက်တစ်ဦးက ယေဟောဝါရဲ့မေတ္တာ ခံစားချင်ပြီး နောက်တစ်ဦးကတော့ အဲဒါကို လုံးဝစိတ်မဝင်စားဘူးဆိုရင် သူတို့ဘဝမှာ ဦးစားထားရာတွေဟာ ဘက်မညီဘဲ စိတ်ဆင်းရဲရလိမ့်မယ်။ ဒါကြောင့် ပေါလုက “သခင့်နောက်လိုက်ဖြစ်သူနဲ့ပဲ” လက်ထပ်ဖို့ ခရစ်ယာန်တွေကို တိုက်တွန်းခဲ့တယ်။​—၁ ကောရိန္သု ၇:၃၉

၁၀ အခုလို အထီးကျန်နေတာထက်စာရင် ဘက်မညီတဲ့ထမ်းပိုးကို ထမ်းလိုက်တာကမှ ပိုကောင်းမယ်လို့ တစ်ကိုယ်ရေခရစ်ယာန်တွေ ယူဆတတ်ကြတယ်။ တချို့က ကျမ်းစာအကြံဉာဏ်ကို လျစ်လျူရှုပြီး ယေဟောဝါကို မကိုးကွယ်သူနဲ့ အိမ်ထောင်ပြုလိုက်ကြတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ အကျိုးဆက်ပဲ ရလေ့ရှိတယ်။ သူတို့ဟာ ဘဝမှာ အရေးကြီးဆုံးအရာတွေကို မျှဝေမပြောဆိုနိုင်သူနဲ့ အိမ်ထောင်ကျလျက်သား ဖြစ်နေရှာတယ်။ အဲဒီလိုခံစားရတဲ့ အထီးကျန်မှုဟာ လက်မထပ်ခင် ခံစားရတဲ့အထီးကျန်မှုထက် ပိုဆိုးနိုင်တယ်။ ဒါပေမဲ့ ဘုရားရဲ့ ညွှန်ကြားချက်ကို စိတ်ချပြီး သစ္စာရှိရှိ လိုက်နာတဲ့ တစ်ကိုယ်ရေခရစ်ယာန် ထောင်ပေါင်းများစွာ ရှိနေတာ ဝမ်းသာစရာပဲ။ (ဆာလံ ၃၂:၈ ကိုဖတ်ပါ။) သူတို့ဟာ တစ်ချိန်ချိန်မှာ အိမ်ထောင်ပြုမယ်လို့ မျှော်မှန်းထားကြပေမဲ့ ယေဟောဝါဘုရားကို ဝတ်ပြုသူတွေထဲမှာ အိမ်ထောင်ဖက် ရှာမတွေ့မချင်း တစ်ကိုယ်ရေဘဝနဲ့ နေထိုင်ကြတယ်။

၁၁။ အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးချယ်နိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ (“ အိမ်ထောင်ဖက်ဆီက ငါ ဘာမျှော်လင့်သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၁ မှန်ပါတယ်၊ ယေဟောဝါရဲ့ ကျေးကျွန်တိုင်းကတော့ သင့်တော်တဲ့ အိမ်ထောင်ဖက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သင်ဟာ အိမ်ထောင်ပြုဖို့ စဉ်းစားနေရင် သင်နဲ့ စရိုက်တူသူ၊ ပန်းတိုင်တူသူ၊ သင့်လိုပဲ ဘုရားကို ချစ်တဲ့သူကို ရှာပါ။ သစ္စာနဲ့သတိပညာရှိကျွန်ဟာ ဒါနဲ့ပတ်သက်ပြီး စာပေအများကြီး ထုတ်ဝေပေးထားတယ်။ ဒါကြောင့် ဒီအရေးကြီး ဆုံးဖြတ်ချက်ချရာမှာ ကျမ်းစာအကြံဉာဏ်တွေကို ဆုတောင်းသုံးသပ်ပြီး လိုက်နာမယ်ဆိုရင် ပညာရှိရာရောက်တယ်။ a​—ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပါ။

၁၂။ နိုင်ငံများစွာမှာ အိမ်ထောင်ပြုတာနဲ့ပတ်သက်ပြီး ဘယ်ထုံးစံရှိသလဲ။ ဘယ်ကျမ်းစာပုံနမူနာကို လိုက်ကြသလဲ။

၁၂ နိုင်ငံများစွာမှာ မိဘတွေက သားသမီးအတွက် အိမ်ထောင်ဖက် ရွေးချယ်ပေးရတဲ့ ထုံးစံ ရှိတယ်။ ဒီလိုအရေးကြီးတဲ့ ရွေးချယ်မှုပြုရာမှာ မိဘတွေဟာ ဉာဏ်ပညာနဲ့ အတွေ့အကြုံ ပိုများတယ်လို့ သူတို့ လက်ခံထားကြတယ်။ ကျမ်းစာခေတ်ကလိုမျိုး မိဘစီစဉ်ပေးတဲ့ အိမ်ထောင်တွေဟာ အောင်မြင်လေ့ရှိကြတယ်။ အိဇက်အတွက် ဇနီးရှာဖို့ မိမိကျွန်ကို လွှတ်လိုက်တဲ့ အာဗြဟံရဲ့ ပုံနမူနာဟာ အခုခေတ် ထပ်တူအခြေအနေမျိုးမှာရှိတဲ့ မိဘတွေအတွက် အထောက်အကူ ဖြစ်စေတယ်။ အာဗြဟံအတွက် ငွေကြေးနဲ့ လူနေမူအဆင့်အတန်းဟာ အရေးမကြီးဘူး။ ယေဟောဝါကို ဝတ်ပြုသူတွေထဲကနေ အိဇက်အတွက် ဇနီးရှာဖို့ ကြိုးစားခဲ့တယ်။ b​—ကမ္ဘာဦး ၂၄:၃၊ ၆၇

သာယာတဲ့ အိမ်ထောင်ဖြစ်ဖို့ ဘယ်လို ကြိုတင်ပြင်ဆင်နိုင်သလဲ

၁၃-၁၅။ (က) ပညာအလိမ္မာ ၂၄:၂၇ မှာပါတဲ့မူဟာ အိမ်ထောင်ပြုဖို့ စဉ်းစားနေတဲ့ လူငယ်တစ်ဦးကို ဘယ်လို ကူညီနိုင်သလဲ။ (ခ) အိမ်ထောင်မင်္ဂလာအတွက် အမျိုးသမီးငယ်တစ်ဦး ဘာတွေ ပြင်ဆင်နိုင်သလဲ။

၁၃ သင်ဟာ အိမ်ထောင်ပြုဖို့ အလေးအနက် စဉ်းစားနေရင် ‘အိမ်ထောင်ပြုဖို့ ငါ အသင့်ရှိပြီလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ ဒီမေးခွန်းရဲ့ အဖြေဟာ မေတ္တာ၊ လိင်၊ အဖော်အဖက်ရှိတာ၊ သားသမီးမွေးမြူတာနဲ့ဆက်နွှယ်တဲ့ ခံစားချက်တွေအပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး။ ခင်ပွန်းလောင်း ဒါမှမဟုတ် ဇနီးလောင်းတစ်ဦးစီဟာ အိမ်ထောင်နဲ့အတူ လိုက်ပါလာမယ့် ဝတ္တရားတွေကို စဉ်းစားသုံးသပ်သင့်တယ်။

၁၄ ကြင်ဖော်ရှာနေတဲ့ လူငယ်တစ်ဦး ဒီမူကို အသေအချာ စဉ်းစားသင့်တယ်– “အိမ်ပြင်ပအလုပ်ကို ပြင်ဆင်ပါ။ လယ်မှာလည်း အစစအရာရာ အသင့်ဖြစ်အောင် လုပ်ပါ။ ပြီးမှ အိမ်ကို ဆောက်ပါ။” (ပညာအလိမ္မာ ၂၄:၂၇) ဘာကို ဆိုလိုသလဲ။ အဲဒီခေတ်တုန်းက လက်ထပ်ပြီး မိသားစုဘဝကို ထူထောင်လိုသူဟာ “ဇနီးနဲ့ မွေးလာမယ့် ကလေးတွေကို ကြည့်ရှုစောင့်ရှောက်၊ ထောက်ပံ့ဖို့ အသင့်ဖြစ်ပြီလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခဲ့ရတယ်။ သူဟာ ဦးဆုံး မိမိရဲ့လယ်ယာကို ဂရုစိုက်ကြည့်ရှုပြီး အလုပ်လုပ်ရတယ်။ အဲဒီမူဟာ အခုခေတ်နဲ့လည်း သက်ဆိုင်တယ်။ အိမ်ထောင်ပြုချင်သူဟာ တာဝန်ယူဖို့ အသင့်ဖြစ်နေရမယ်။ ကျန်းမာနေသရွေ့ အလုပ်လုပ်ရမယ်။ မိသားစုရဲ့ ကာယရေး၊ စိတ်ဓာတ်ရေးနဲ့ ဝတ်ပြုရေးကို မကြည့်ရှု မထောက်ပံ့သူဟာ မယုံကြည်သူထက်တောင် ဆိုးရွားတယ်လို့ ကျမ်းစာဖော်ပြတယ်။​—၁ တိမောသေ ၅:၈ ကိုဖတ်ပါ။

၁၅ အလားတူ၊ အိမ်ထောင်ပြုချင်တဲ့ အမျိုးသမီးလည်း ကြီးလေးတဲ့တာဝန်တွေ ယူဖို့ သဘောတူရမယ်။ ခင်ပွန်းကို ထောက်မပြီး မိသားစုကို ကြည့်ရှုစောင့်ရှောက်တဲ့ ဇနီးတစ်ဦးရဲ့ အစွမ်းအစနဲ့ အရည်အသွေးတချို့ကို ကျမ်းစာမှာ ချီးမွမ်းထားတယ်။ (ပညာအလိမ္မာ ၃၁:၁၀-၃၁) အိမ်ထောင်တာဝန်တွေအတွက် အသင့်မဖြစ်ဘဲ အလျင်စလို အိမ်ထောင်ပြုသူတွေဟာ အတ္တဆန်တယ်၊ ကြင်ဖော်လောင်းအတွက် ပေးဆပ်နိုင်ရာတွေကို ထည့်မစဉ်းစားကြဘူး။ အရေးကြီးဆုံးက အိမ်ထောင်ပြုဖို့ စဉ်းစားနေသူတွေဟာ ကျမ်းစာမူတွေအတိုင်း လိုက်နိုင်သူတွေဖြစ်ဖို့ ပြင်ဆင်ထားရမယ်။

၁၆၊ ၁၇။ အိမ်ထောင်ပြုဖို့ ပြင်ဆင်နေသူတွေ ဘယ်ကျမ်းစာမူတွေကို စဉ်းစားဆင်ခြင်သင့်သလဲ။

၁၆ အိမ်ထောင်ပြုဖို့ ပြင်ဆင်ရာမှာ ဇနီးမောင်နှံအတွက် ဘုရားပေးထားတဲ့ အခန်းကဏ္ဍကို စဉ်းစားဆင်ခြင်ဖို့ လိုတယ်။ ခရစ်ယာန်အိမ်ထောင်ရဲ့ ဦးခေါင်းဆိုတာ ဘာကို ဆိုလိုမှန်း အမျိုးသားဖြစ်သူ သဘောပေါက်ရမယ်။ နိုင်ထက်စီးနင်း မပြုဘဲ ယေရှုရဲ့ ဦးစီးမှုကို အတုယူရမယ်။ (ဧဖက် ၅:၂၃) ခရစ်ယာန်အမျိုးသမီးလည်း ဇနီးရဲ့ အခန်းကဏ္ဍကို နားလည်ရမယ်။ “ခင်ပွန်းရဲ့ပညတ်” ကို စိတ်လိုကိုယ်လျောက် လက်အောက်ခံမလား။ (ရောမ ၇:၂) သူဟာ ယေဟောဝါနဲ့ ခရစ်တော်ရဲ့ ပညတ်အောက်မှာ ရှိနှင့်ပြီးသားဖြစ်တယ်။ (ဂလာတိ ၆:၂) အိမ်ထောင်မှာ ခင်ပွန်းရဲ့အခွင့်အာဏာဟာ သူ့အတွက် ပညတ်နောက်တစ်ခု ဖြစ်လာတယ်။ မစုံလင်သူခင်ပွန်းရဲ့ အခွင့်အာဏာအောက် ရောက်တဲ့အခါ ခင်ပွန်းကို ထောက်မပေးပြီး လက်အောက်ခံနိုင်မလား။ ဒီအနေအထားကို လက်မခံနိုင်ရင် အိမ်ထောင်မပြုသင့်ဘူး။

၁၇ ဒါ့အပြင် အိမ်ထောင်ဖက်တစ်ဦးစီဟာ အချင်းချင်းရဲ့ အထူးလိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ အသင့်ရှိနေရမယ်။ (ဖိလိပ္ပိ ၂:၄ ကိုဖတ်ပါ။) ပေါလုက “ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်” လို့ရေးခဲ့တယ်။ ခင်ပွန်းဟာ ဇနီးရဲ့ ရိုသေလေးစားမှု ရထားတယ်လို့ ခံစားရဖို့ လိုကြောင်း၊ ဇနီးကလည်း ခင်ပွန်းရဲ့ ချစ်မြတ်နိုးမှုကို ရထားတယ်လို့ ခံစားရဖို့ လိုကြောင်း ဘုရားရဲ့လမ်းညွှန်မှုကြောင့် ပေါလု နားလည်ခဲ့တယ်။​—ဧဖက် ၅:၂၁-၃၃

စုံတွဲများစွာဟာ ချိန်းတွေ့ချိန်မှာ အဖော်တစ်ဦးပါလာဖို့ ပညာရှိရှိ စီစဉ်ကြ

၁၈။ သမီးရည်းစားဘဝမှာ ဘာကြောင့် ချုပ်တည်းခြင်း ရှိသင့်သလဲ။

၁၈ ပိုးပန်းချိန်၊ ရည်းစားထားချိန်ဟာ ကြည်နူးရမယ့်အချိန်လောက်ပဲ မဟုတ်ဘူး။ အချင်းချင်း ဘယ်လို ပြုမူဆက်ဆံရမယ်ဆိုတာ သင်ယူရမယ့်အချိန်၊ အိမ်ထောင်ဖက်ကို ပညာရှိရှိရွေးချယ်တာ ဟုတ်မဟုတ် သိမြင်ရမယ့်အချိန် ဖြစ်တယ်။ ဒါ့အပြင် ချစ်ခင်ယုယမှု ပြချင်စိတ် ပြင်းထန်လာနိုင်တာကြောင့် ချုပ်တည်းခြင်း တင်ပြရမယ့်အချိန်လည်း ဖြစ်တယ်။ တကယ်တော့ အချင်းချင်း ဆွဲဆောင်မှုရှိတာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ အချင်းချင်း မေတ္တာစစ်နဲ့ ချစ်ကြသူတွေဟာ ဘုရားနဲ့ ကိုယ်ချစ်ရသူရဲ့ ဆက်ဆံရေး ထိခိုက်နိုင်တဲ့ အပြုအမူတွေကို လုပ်မှာ မဟုတ်ဘူး။ (၁ သက်သာလောနိတ် ၄:၆) သင်ဟာ သမီးရည်းစားဘဝမှာ ချုပ်တည်းခြင်း ရှိပါ။ အိမ်ထောင်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သင့်ဘဝတစ်လျှောက်လုံးမှာ ဒီအရည်အသွေးကနေ အကျိုးရနိုင်မယ်။

အိမ်ထောင်ကို ဘယ်လို ခိုင်မြဲစေနိုင်သလဲ

၁၉၊ ၂၀။ အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်ပြီး ခရစ်ယာန်တစ်ဦးရဲ့ ရှုမြင်ချက်ဟာ ဒီနေ့ လောကမှာရှိတဲ့ လူအများစုနဲ့ ဘယ်လို ကွာခြားသင့်သလဲ။ ဥပမာပေးပါ။

၁၉ မောင်နှံစုံဟာ အိမ်ထောင်ခိုင်မြဲချင်ရင် အိမ်ထောင်ရေး ကတိသစ္စာအပေါ် အမြင်မှန်ရှိဖို့ လိုတယ်။ ဝတ္ထု၊ ရုပ်ရှင်တွေဟာ လူတွေအကြိုက် ပျော်စရာ ဇာတ်ပေါင်းခန်းနဲ့ ဇာတ်သိမ်းလေ့ရှိတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ အိမ်ထောင်ပြုတာဟာ နိဂုံးမဟုတ်ဘဲ ရေရှည်ခိုင်မြဲဖို့ ယေဟောဝါ စီမံထားတဲ့ အစီအစဉ်ရဲ့အစပဲ ဖြစ်တယ်။ (ကမ္ဘာဦး ၂:၂၄) ဝမ်းနည်းစရာက အခုခေတ် လောကမှာရှိတဲ့ လူအများစုဟာ အဲဒီလို မယူမှတ်ကြဘူး။ ယဉ်ကျေးမှုတချို့မှာ အိမ်ထောင်ပြုတာကို “ကြိုးနှစ်ချောင်း ထုံးတာ” လို့ဆိုကြတယ်။ ဒီတင်စားချက်ဟာ အိမ်ထောင်မင်္ဂလာအပေါ် လူအများယူဆချက်နဲ့ ဘယ်လောက်ကိုက်ညီမှန်း သူတို့သိချင်မှ သိမယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရသလဲ။ ကြိုးနှစ်ချောင်းကို ကောင်းကောင်းထုံးထားမယ်ဆိုရင် ခိုင်မြဲမယ်။ ဒါ့အပြင် ကောင်းကောင်းထုံးထားတဲ့ ကြိုးရဲ့ နောက်အားသာချက်တစ်ခုက အလွယ်တကူ ချည်နိုင်၊ ဖြုတ်နိုင်တာ ဖြစ်တယ်။

၂၀ ဒီနေ့ လူအများဟာ အိမ်ထောင်ရေးကို ရာသက်ပန်အဖြစ် သဘောမထားကြတော့ဘူး။ သူတို့ရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်တဲ့အတွက် အလွယ်တကူ အိမ်ထောင်ပြုကြတယ်။ အခက်အခဲကြုံတာနဲ့ ပြတ်စဲလို့ရတယ်လို့ ယူမှတ်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်နှောင်ကြိုးနဲ့ပတ်သက်ပြီး ကျမ်းစာအသုံးပြုထားတဲ့ သုံးလွန်းတင်တဲ့ကြိုး ပုံဥပမာကို အမှတ်ရပါ။ ရွက်သင်္ဘောတွေမှာ သုံးလေ့ရှိတဲ့ ကြိုးတွေဟာ ခိုင်ခံ့တယ်၊ မုန်တိုင်းထန်ချိန်မှာတောင် မပြေသွားဘူး။ အလားတူပဲ၊ အိမ်ထောင်မင်္ဂလာကိုလည်း ရေရှည်ခိုင်ခံ့မြဲမြံဖို့ စီမံထားတယ်။ “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့” ဆိုတဲ့ ယေရှုရဲ့စကားကို သတိရပါ။ (မဿဲ ၁၉:၆) သင် အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်မင်္ဂလာကို အဲဒီအတိုင်း ရှုမြင်ဖို့ လိုတယ်။ အဲဒီလိုကတိသစ္စာပြုတာက အိမ်ထောင်ပြုတာကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလား။ မဖြစ်စေပါဘူး။

၂၁။ ဇနီးမောင်နှံ အချင်းချင်း ဘယ်သဘောထားမျိုး ဆက်ရှိနေရမလဲ။ အဲဒီလိုသဘောထားရှိဖို့ သူတို့ကို ဘာက ကူညီပေးမလဲ။

၂၁ ဇနီးမောင်နှံ အချင်းချင်း အကောင်းမြင်သဘောထား ရှိနေဖို့ လိုတယ်။ တစ်ဦးစီရဲ့ အရည်အသွေးကောင်းတွေနဲ့ ကြိုးစားအားထုတ်မှုတွေကို အပြန်အလှန် အာရုံစိုက်မယ်ဆိုရင် အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ မစုံလင်တဲ့အိမ်ထောင်ဖက်ကို အဲဒီလိုအကောင်းမြင်တာဟာ လက်တွေ့မကျရာ ရောက်သလား။ ယေဟောဝါဟာ အမြဲ လက်တွေ့ကျတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ကိုယ်တော် အကောင်းမြင်ပေးမယ်လို့ စိတ်ချကြတယ်။ “အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင် ဘယ်သူ ခံရပ်နိုင်မှာလဲ” ဆိုပြီး ဆာလံဆရာ မေးခဲ့တယ်။ (ဆာလံ ၁၃၀:၃) ဇနီးမောင်နှံတွေလည်း အချင်းချင်း အကောင်းမြင်ပြီး ခွင့်လွှတ်တတ်ရမယ်။​—ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။

၂၂၊ ၂၃။ အာဗြဟံနဲ့ စာရာဟာ ဒီနေ့ အိမ်ထောင်သည်တွေအတွက် ဘယ်လို စံနမူနာကောင်း ပြခဲ့သလဲ။

၂၂ အိမ်ထောင်သက် ကြာလေ ပိုပျော်စရာကောင်းလေ ဖြစ်နိုင်တယ်။ ကျမ်းစာမှာ သက်ကြီးရွယ်အို ဇနီးမောင်နှံ အာဗြဟံနဲ့ စာရာရဲ့ အိမ်ထောင်အကြောင်း ဖော်ပြတယ်။ သူတို့ရဲ့အိမ်ထောင်မှာလည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။ အသက် ၆၀ ကျော်အရွယ်မှာ ချမ်းသာကြွယ်ဝတဲ့ ဥရမြို့မှာရှိတဲ့ အိမ်ကြီးအိမ်ကောင်းကို စွန့်ပြီး ကျန်သက်တမ်းတစ်လျှောက် ရွက်ဖျင်တဲတွေမှာ နေထိုင်ခဲ့ရတဲ့ စာရာရဲ့အဖြစ်ကို မြင်ယောင်ကြည့်ပါ။ ခင်ပွန်းရဲ့ ဦးစီးမှုကို သူ လက်အောက်ခံခဲ့တယ်။ အာဗြဟံရဲ့ တွဲဖက်၊ ကူဖော်လောင်ဖက်ဖြစ်တဲ့ စာရာဟာ အာဗြဟံရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်မြောက်ဖို့ လေးလေးစားစား ထောက်ကူပေးခဲ့တယ်။ သူ့ရဲ့လက်အောက်ခံမှုဟာ လူမြင်ကောင်းရုံလောက်ပဲ မဟုတ်ဘူး။ သူ့ခင်ပွန်းကို “စိတ်ထဲမှာ” သခင်ဆိုပြီး ခေါ်တယ်။ (ကမ္ဘာဦး ၁၈:၁၂။ ၁ ပေတရု ၃:၆) အာဗြဟံကို စိတ်နှလုံးထဲက လေးစားမှုပြခဲ့တယ်။

၂၃ ဒါပေမဲ့ အာဗြဟံနဲ့ စာရာဟာ ကိစ္စရပ်တိုင်းမှာ သဘောထားချင်း တိုက်ဆိုင်တယ်လို့ မဆိုလိုဘူး။ တစ်ခါက စာရာပေးတဲ့အကြံကြောင့် အာဗြဟံ “တော်တော်စိတ်မကောင်းဖြစ်” သွားတယ်။ ဒါပေမဲ့ အာဗြဟံဟာ ယေဟောဝါ ညွှန်ကြားတဲ့အတိုင်း ဇနီးရဲ့စကားကို နှိမ့်ချစွာ နားထောင်ခဲ့တယ်။ ဒါကြောင့် သူ့မိသားစု ကောင်းချီးရခဲ့တယ်။ (ကမ္ဘာဦး ၂၁:၉-၁၃) ဒီနေ့ အိမ်ထောင်သက်တမ်း ဆယ်စုနှစ်ချီ ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေတောင် ဘုရားကိုကြောက်ရွံ့တဲ့ ဒီဇနီးမောင်နှံဆီကနေ သင်ခန်းစာ အများကြီး ရနိုင်တယ်။

၂၄။ ဘယ်အိမ်ထောင်မျိုးဟာ ယေဟောဝါဘုရားကို ဂုဏ်တင်သလဲ။ ဘာကြောင့်လဲ။

၂၄ ခရစ်ယာန်အသင်းတော်မှာ ပျော်ရွှင်တဲ့အိမ်ထောင်တွေ အများကြီးရှိတယ်။ ဇနီးဟာ ခင်ပွန်းကို အလွန်ရိုသေတယ်။ ခင်ပွန်းဟာ ဇနီးကို ချစ်မြတ်နိုးပြီး ဂုဏ်တင်တယ်။အရာရာတိုင်းမှာ ယေဟောဝါရဲ့ အလိုတော်ကို ရှေ့တန်းတင်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ကြတယ်။ သင်ဟာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားရင် အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးချယ်ပြီး အိမ်ထောင်အတွက် ကောင်းစွာ ပြင်ဆင်နိုင်ပါစေ။ အဲဒီနောက် ယေဟောဝါဘုရားကို ဂုဏ်တင်တဲ့၊ သာယာချမ်းမြေ့ပြီး မေတ္တာရှိတဲ့ အိမ်ထောင်ဖြစ်လာဖို့ ကြိုးစားနိုင်ပါစေ။ ဒါဆိုရင် သင့်အိမ်ထောင်ဟာ သင့်ကို ဘုရားရဲ့မေတ္တာ အမြဲခံစားနိုင်ဖို့ တကယ်ပဲ ကူညီပေးပါလိမ့်မယ်။

a ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ မိသားစုပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက် စာအုပ်၊ အခန်း ၂ ကိုကြည့်ပါ။

b သစ္စာရှိဘိုးဘေးတချို့ ဇနီးတစ်ဦးထက်မက ယူခဲ့ကြတယ်။ ယေဟောဝါဟာ ဘိုးဘေးတွေ၊ အစ္စရေးတွေကို မယားပြိုင်ထားခွင့် ပြုခဲ့တယ်။ ကိုယ်တော်ဟာ မယားပြိုင်ထားတာကို အစပြုခဲ့တာ မဟုတ်ပေမဲ့ စည်းစနစ်ရှိအောင် ထိန်းပေးခဲ့တယ်။ အခုတော့ ယေဟောဝါဟာ မိမိကို ဝတ်ပြုသူတွေ မယားပြိုင်ထားတာကို ခွင့်မပြုတော့ဘူးဆိုတာ ခရစ်ယာန်တွေ စိတ်စွဲမှတ်ထားရမယ်။​—မဿဲ ၁၉:၉။ ၁ တိမောသေ ၃:၂