မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၄

အမှားလုပ်မိရင် ဘာလုပ်ရမလဲ

အမှားလုပ်မိရင် ဘာလုပ်ရမလဲ

ဘာကြောင့်အရေးကြီးတာလဲ

အမှားတွေကို ဝန်ခံတာက ပိုပြီးတာဝန်သိတတ်သူ၊ ယုံကြည်စိတ်ချရသူ ဖြစ်စေတယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– သူငယ်ချင်းတွေနဲ့ ကစားနေရင်း ညီညီ ပစ်လိုက်တဲ့ဘောလုံးက အိမ်နီးချင်းရဲ့ ပြတင်းပေါက်ကိုမှန်ပြီး ကွဲသွားတယ်။

သင်က ညီညီ နေရာမှာဆိုရင် ဘာလုပ်မလဲ။

ပြန်စဥ်းစားကြည့်ပါ

သင့်မှာ ဖြေရှင်းနည်း သုံးမျိုးရှိတယ်–

  1. က။ ထွက်ပြေးမယ်။

  2. ခ။ တခြားသူအပေါ် အပြစ်ပုံချမယ်။

  3. ဂ။ အိမ်နီးချင်းကို အမှန်အတိုင်းပြောပြီး ပြန်လျော်ပေးမယ်။

ဖြေရှင်းနည်း က ကို သင် ရွေးချယ်ချင်ပါလိမ့်မယ်။ ဒါပေမဲ့ ပြတင်းပေါက် ကွဲသွားတာဖြစ်ဖြစ်၊ တခြားတစ်ခုခု ဖြစ်သွားတာပဲဖြစ်ဖြစ် သင့် အမှားတွေကို ဝန်ခံလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။

အမှားကို ဝန်ခံသင့်တဲ့ အကြောင်းရင်းသုံးခု

  1. ၁။ အမှားကိုဝန်ခံတာက လုပ်သင့်တဲ့အရာဖြစ်တယ်။

    ‘အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုကြ၏’ လို့ ကျမ်းစာပြောတယ်။—ဟေဗြဲ ၁၃:၁၈

  2. ၂။ အမှားဝန်ခံရင် လူတွေက ခွင့်လွှတ်ပေးတတ်ကြတယ်။

    “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရလိမ့်မည်” လို့ ကျမ်းစာပြောတယ်။—သုတ္တံ ၂၈:၁၃

  3. ၃။ အရေးကြီးဆုံးက၊ အမှားဝန်ခံတာကို ယေဟောဝါဘုရား နှစ်သက်တယ်။

    ‘ယေဟောဝါဟာ စဥ်းလဲသူကို ရွံရှာတယ်။ ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်’ လို့ ကျမ်းစာပြောတယ်။—သုတ္တံ ၃:၃၂ကဘ။

အသက် ၂၀ အရွယ်၊ ကရီနာဟာ ကားအမြန်မောင်းလို့ ဒဏ်ကြေးပေးရတာကို အဖေ့ကို မပြောခဲ့ဘူး။ ဒါပေမဲ့ သူ အမြဲမဖုံးကွယ်ထားနိုင်ပါဘူး။ “တစ်နှစ်လောက်ကြာတော့၊ အဖေက ကျွန်မနာမည်နဲ့ ဒဏ်ကြေးသွင်းထားရတာကို တွေ့သွားတယ်။ ကျွန်မ ပြဿနာတက်ခဲ့တယ်” လို့ ကရီနာ ပြောပြတယ်။

သင်ခန်းစာက ဘာလဲ။ “အပြစ်ကို ဖုံးကွယ်ထားတာက အခြေအနေ ပိုဆိုးစေတယ်။ နောက်ပိုင်းမှာ ကိုယ်ပဲ ပြန်ခံရတာ” လို့ ကရီနာ ပြောပြတယ်။

ကိုယ့်ရဲ့အမှားကနေ သင်ခန်းစာယူနိုင်ပုံ

‘ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်’ လို့ ကျမ်းစာပြောတယ်။ (ယာကုပ် ၃:၂) အမှားဝန်ခံတာက နှိမ့်ချမှုရှိတယ်၊ ရင့်ကျက်တယ်ဆိုတဲ့ လက္ခဏာပဲ။ ချက်ချင်းလုပ်သင့်တဲ့အရာလည်း ဖြစ်တယ်။

ပြီးနောက် အမှားလုပ်မိတာကနေ သင်ခန်းစာယူဖို့ ဖြစ်တယ်။ “ကျွန်မ လုပ်ခဲ့မိတဲ့အမှားတွေကနေ သင်ခန်းစာယူတယ်။ အဲဒီအမှားတွေကို နောက်တစ်ခါ မလုပ်မိဖို့ ကြိုးစားနေတယ်” လို့ ဗီရာ ဆိုတဲ့မိန်းကလေး ပြောတယ်။ သင်လုပ်နိုင်တာကို ကြည့်ရအောင်။

အဖေ့ရဲ့ ဆိုင်ကယ်ကို ယူစီးပြီး ပျက်သွားတယ်။ သင် ဘာလုပ်မလဲ။

  • ဘာမှမပြောဘဲနေမယ်။ အဖေသိမှာမဟုတ်ဘူးလို့ ထင်တယ်။

  • အမှန်အတိုင်း အဖေ့ကို ပြောမယ်။

  • အခြေအနေကို အဖေ့ကို ပြောပြပေမဲ့ တခြားသူအပေါ် အပြစ်ပုံချမယ်။

စာမကျက်လို့ စာမေးပွဲကျတယ်။ သင် ဘာလုပ်မလဲ။

  • စာမေးပွဲကို အပြစ်ပုံချတယ်။

  • ကိုယ်မကြိုးစားလို့ စာမေးပွဲကျတာကို လက်ခံတယ်။

  • ဆရာ တမင်တကာညစ်တာလို့ ပြောတယ်။

အရင်တုန်းကလုပ်ခဲ့တဲ့ အမှားတွေကို တနုံ့နုံ့ပြန်စဥ်းစားနေတာက နောက်ကြည့်မှန်ကိုပဲကြည့်ပြီး ကားမောင်းနေတာနဲ့တူ

အခု၊ သင့်ကိုယ်သင် (၁) သင့်အဖေအဖြစ် (၂) သင့်ဆရာအဖြစ် မြင်ယောင်ကြည့်ပါ။ သင့်အမှားတွေကို အလွယ်တကူ ဝန်ခံမယ်ဆိုရင် အဖေနဲ့ ဆရာက သင့်ကိုဘယ်လိုမြင်မလဲ။ သင့်အမှားကို ဖုံးကွယ်ထားမယ်ဆိုရင် သူတို့ ဘယ်လိုမြင်မလဲ။

လွန်ခဲ့တဲ့နှစ်အတွင်းမှာ သင်လုပ်ခဲ့တဲ့ အမှားတစ်ခုကို စဥ်းစားကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

ဘာအမှားလုပ်ခဲ့သလဲ။ အဲဒီအမှားကို ဘယ်လိုဖြေရှင်းခဲ့သလဲ။

  • ဖုံးကွယ်ခဲ့တယ်။

  • တခြားတစ်ယောက်ကို အပြစ်ပုံချခဲ့တယ်။

  • ချက်ချင်းအပြစ်ဝန်ခံခဲ့တယ်။

အမှားဝန်မခံခဲ့တဲ့အတွက် နောက်ပိုင်း ဘယ်လိုခံစားရသလဲ။

  • ကောင်းလိုက်တာ—ဘယ်သူမှမသိလိုက်ဘူး။

  • အပြစ်ရှိတယ်—ငါ အမှန်အတိုင်း ပြောခဲ့ရမှာ။

အခြေအနေပိုကောင်းအောင် သင် ဘယ်လိုလုပ်နိုင်ခဲ့သလဲ။

အမှားကနေ ဘာသင်ယူခဲ့သလဲ။

သင်ဘယ်လိုထင်သလဲ

လူတချို့ ဘာကြောင့် အမှားတွေကို ဝန်မခံချင်ကြတာလဲ။

အမှားတွေကို အမြဲဖုံးကွယ်ဖို့ကြိုးစားနေမယ်ဆိုရင် လူတွေ သင့်ကို ဘယ်လိုထင်မလဲ။ ဒါပေမဲ့ အမှားကိုဝန်ခံတယ်ဆိုရင် လူတွေ သင့်ကို ဘယ်လိုမြင်မလဲ။—လုကာ ၁၆:၁၀