အခန်း နှစ်ဆယ့်တစ်
ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို သူတွန်းလှန်ခဲ့
၁-၃။ ဘယ်ထူးခြားတဲ့ ဖြစ်ရပ်ကို ပေတရု တွေ့ခဲ့ရသလဲ။ အဲဒီညမှာ သူတို့ ဘယ်အခြေအနေနဲ့ ကြုံတွေ့ခဲ့ရသလဲ။
ပေတရုဟာ လှေကို အားစိုက် လှော်ခတ်နေရင်း ညအမှောင်ထုထဲ စူးစိုက်ကြည့်နေတယ်။ အရှေ့မိုးကုပ်စက်ဝိုင်းမှာ တွေ့ရတဲ့ အလင်းရောင် မှိန်မှိန်လေးက မိုးလင်းစပြုတဲ့ လက္ခဏာလား။ နာရီနဲ့ချီပြီး လှော်ခတ်လာတဲ့အတွက် သူ့ရဲ့ကျောကုန်းနဲ့ ပခုံးကြွက်သားတွေ ညောင်းညာနေပြီ။ သူ့ရဲ့ဆံပင်ကို တိုးဝှေ့ တိုက်ခတ်နေတဲ့ လေကြောင့် အခု ဂါလိလဲအိုင်မှာ လှိုင်းတွေထန်လာပြီ။ လှေဦးပိုင်းကို လှိုင်းတွေ အဆက်မပြတ် ရိုက်ပုတ်နေတဲ့အတွက် ရေမှုန်ရေမွှားတွေကြောင့် သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုနေပေမဲ့ သူ ဆက်ပြီးလှော်ခတ်နေတယ်။
၂ ပေတရုနဲ့ သူ့ရဲ့အဖော်တွေဟာ ကမ်းစပ်တစ်နေရာမှာ ယေရှုကို တစ်ယောက်တည်း ထားရစ်ခဲ့တယ်။ အဲဒီနေ့မှာ မုန့်နဲ့ငါး နည်းနည်းလေးကိုသုံးပြီး ထောင်နဲ့ချီတဲ့ ဆာလောင်နေတဲ့လူတွေကို ယေရှု ကျွေးမွေးတာ သူတို့ တွေ့မြင်ခဲ့တယ်။ ဒါကြောင့် လူတွေဟာ ယေရှုကို ဘုရင်တင်မြှောက်ဖို့ ကြိုးစားကြပေမဲ့ ယေရှုက နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူး။ သူ့ရဲ့ နောက်လိုက်တွေမှာလည်း အဲဒီဆန္ဒမျိုး မပေါ်လာအောင် တားဆီးဖို့ ယေရှု ဆုံးဖြတ်ထားတယ်။ ဒါနဲ့ လူအုပ်ကိုရှောင်ဖို့ တပည့်တွေကို လှေနဲ့ ကမ်းတစ်ဖက်ကို ကူးသွားခိုင်းပြီး ယေရှုကျတော့ ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားတယ်။—မာ. ၆:၃၅-၄၅။ ယောဟန် ၆:၁၄-၁၇ ကိုဖတ်ပါ။
၃ တပည့်တွေ စထွက်ချိန်မှာ ကောင်းကင်ယံမှာ လပြည့်ဝန်းက ထိန်ထိန်သာနေတယ်။ အခုတော့ အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီကို တဖြည်းဖြည်း ဝင်နေပြီ။ ဒါတောင်မှ တပည့်တွေဟာ မိုင်အနည်းငယ်ပဲ ခရီးပေါက်သေးတယ်။ တဝူးဝူး တိုက်ခတ်နေတဲ့ လေသံနဲ့ လှိုင်းတွေ တဝုန်းဝုန်း ပုတ်သံကြောင့် စကားပြောရင်လည်း ကောင်းကောင်း ကြားရမှာ မဟုတ်ဘူး။ ဒါကြောင့် ပေတရုဟာ တစ်ယောက်တည်း အတွေးနယ်ချဲ့နေပုံရတယ်။
ပေတရုဟာ နှစ်နှစ်အတွင်းမှာ ယေရှုဆီကနေ အများကြီး သင်ယူ ခဲ့ပြီးပေမဲ့ နောက်ထပ် သင်ယူစရာတွေ အများကြီးရှိနေ
၄။ ပေတရုရဲ့ စံနမူနာကို ဘာကြောင့် အတုယူထိုက်သလဲ။
၄ သူ့မှာ တွေးစရာတွေ အများကြီးရှိနေတယ်။ နာဇရက်မြို့သား ယေရှုနောက်ကို သူလိုက်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလမှာ စိတ်ဝင်စားစရာတွေ အပြည့်ပဲ။ သူ အများကြီး သင်ယူခဲ့ပြီးပေမဲ့
နောက်ထပ် သင်ယူစရာတွေ ရှိနေသေးတယ်။ သံသယစိတ်နဲ့ ကြောက်ရွံ့စိတ်တွေကြားက လိုလိုလားလား သင်ယူလိုစိတ်ရှိတဲ့ ပေတရုဟာ အတုယူသင့်တဲ့ ထူးခြားတဲ့ စံနမူနာရှင်တစ်ဦး ဖြစ်ပါတယ်။ သူ့အကြောင်း သုံးသပ်ကြည့်ကြစို့။“ငါတို့ မေရှိယကို တွေ့ပြီ”
၅၊ ၆။ ပေတရုရဲ့ အလုပ်က ဘယ်လို အလုပ်မျိုးလဲ။
၅ ပေတရုဟာ ယေရှုနဲ့ တွေ့ဆုံခဲ့တဲ့နေ့ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ “ငါတို့ မေရှိယကို တွေ့ပြီ” ဆိုတဲ့ အံ့သြစရာသတင်းကို အရင်ဆုံး ယူလာသူက သူ့ညီ အန္ဒြေဖြစ်တယ်။ အဲဒီစကားတွေကြောင့်ပဲ ပေတရုရဲ့ဘ၀ လုံးလုံး ပြောင်းလဲသွားတယ်။—ယော. ၁:၄၁။
၆ ပေတရုဟာ ဂါလိလဲအိုင်လို့ခေါ်တဲ့ ရေချိုအိုင်ရဲ့ မြောက်ဘက်ကမ်းခြေပေါ်က ကပေရနောင်မြို့မှာ နေထိုင်တယ်။ သူနဲ့ အန္ဒြေဟာ ဇေဗေဒဲရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ယာကုပ်၊ ယောဟန်တို့နဲ့အတူ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတယ်။ သူ့ဇနီး၊ ယောက္ခမနဲ့ ညီအန္ဒြေတို့ဟာ ပေတရုနဲ့ အတူနေတယ်။ သူ့မိသားစုကြီးကို ငါးဖမ်းလုပ်ငန်းနဲ့ ကျွေးမွေးထောက်ပံ့နိုင်ဖို့ ပင်ပင်ပန်းပန်း လုပ်ရမှာ ဖြစ်တဲ့အပြင် ကျွမ်းကျင်ဖို့လည်း လိုတယ်။ လှေနှစ်စင်းကြားမှာ ပိုက်ကွန်ချလိုက်၊ ဖမ်းမိသမျှကို လှေပေါ်ဆွဲတင်လိုက်နဲ့ ညပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေသူတွေကို မြင်ယောင်ကြည့်ပါ။ နေ့ဘက်မှာတော့ ငါးတွေကို အမျိုးအစားခွဲပြီး ရောင်း၊ ပိုက်ကွန်တွေကို သန့်ရှင်းရေးလုပ်ပြီး ဖာထေးကြရပြန်တယ်။
၇။ ယေရှုအကြောင်း ပေတရု ဘာကြားခဲ့သလဲ။ ဒီသတင်းက ဘာကြောင့် စိတ်လှုပ်ရှားဖို့ ကောင်းသလဲ။
၇ အန္ဒြေဟာ နှစ်ခြင်းဆရာယောဟန်ရဲ့ တပည့်တစ်ယောက် ဖြစ်တယ်လို့ ကျမ်းစာကဆိုတယ်။ ပေတရုဟာ သူ့ညီ ပြန်လာပြောတဲ့ ယောဟန်ရဲ့ သတင်းစကားတွေကို စိတ်ဝင်တစား နားထောင်ခဲ့မှာပဲ။ တစ်နေ့ကျတော့ နှစ်ခြင်းဆရာ ယောဟန်က “ကြည့်ပါ၊ သူဟာ ဘုရားသခင်ရဲ့ သိုးသငယ်ပဲ” ဆိုပြီး နာဇရက်မြို့သား ယေရှုကို ညွှန်ပြနေတာ အန္ဒြေ တွေ့ခဲ့တယ်။ အန္ဒြေဟာ ချက်ချင်းပဲ ယေရှုနောက်လိုက်ဖြစ်လာပြီး မေရှိယ ကြွလာပြီဆိုတဲ့ စိတ်လှုပ်ရှားစရာသတင်းကို ပေတရုဆီ ဝမ်းသာအားရ ပြန်လာပြောပြတယ်။ (ယော. ၁:၃၅-၄၀) လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ လောက်က ဧဒင်ဥယျာဉ်မှာ ပုန်ကန်မှုဖြစ်ပြီးတဲ့နောက် လူသားတွေအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ပေးမယ့် အထူးပုဂ္ဂိုလ်တစ်ယောက် ပေါ်လာမယ်လို့ ယေဟောဝါဘုရား ကတိပေးခဲ့တယ်။ (က. ၃:၁၅) အန္ဒြေဟာ အဲဒီကယ်တင်ရှင် မေရှိယကို တွေ့ခဲ့တယ်။ ပေတရုလည်း ယေရှုကိုတွေ့ချင်လို့ မြန်မြန်ဆန်ဆန် ထွက်လာခဲ့တယ်။
၈။ ပေတရုကို ယေရှုပေးခဲ့တဲ့ နာမည်ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီနာမည်နဲ့ ပတ်သက်ပြီး တချို့ ဘယ်လို ထင်ကြသလဲ။
၈ အဲဒီနေ့အထိ ပေတရုကို ရှိမုန်လို့ လူတွေခေါ်ကြတယ်။ ဒါပေမဲ့ သူ့ကို ယေရှုကြည့်ပြီး “ခင်ဗျားဟာ ယောဟန်ရဲ့သား ရှိမုန်ပဲ။ ခင်ဗျားကို ကေဖလို့ ခေါ်ကြလိမ့်မယ်” ဆိုပြီးပြောတယ်။ (ကေဖကို ဂရိလို “ပေတရု” လို့ခေါ်တယ်။) (ယော. ၁:၄၂) “ကေဖ” ဆိုတာ “ကျောက်တုံး” ဒါမှမဟုတ် “ကျောက်ဆောင်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ပေတရုရဲ့ အနာဂတ်ကို ယေရှု ကြိုဟောလိုက်တာ ဖြစ်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်တွေထဲမှာ ပေတရုဟာ ကျောက်ဆောင်လို တည်ကြည်၊ ကြံ့ခိုင်၊ ယုံကြည်အားထားရတဲ့သူ တစ်ယောက် ဖြစ်လာမယ်ဆိုတာကို ယေရှု ကြိုမြင်ခဲ့တယ်။ ပေတရုကော သူ့ကိုယ်သူ အဲဒီလိုပဲ ရှုမြင်ပါသလား။ ရှုမြင်ပုံမရဘူး။ ဒီနေ့ခေတ် ခရစ်ဝင်ကျမ်းဖတ်ရှုသူ တချို့က ပေတရုဟာ ကျောက်ဆောင်လို ကြံ့ခိုင်မှုမရှိသူလို့ ထင်ကြတယ်။ တချို့က သူ့ကို စိတ်မတည်ငြိမ်သူ၊ အပြောင်းအလဲမြန်သူ၊ မပြတ်သားသူလို့တောင် ဆိုကြတယ်။
၉။ ယေဟောဝါဘုရားနဲ့ ယေရှုဟာ ဘာကို အမြဲရှာတတ်သလဲ။ သူတို့ရဲ့ ရှုမြင်ပုံကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၉ ပေတရုမှာ အားနည်းချက်တွေရှိတာ မှန်ပါတယ်။ ဒီအားနည်းချက်တွေကို ယေရှု မသိဘဲ မနေပါဘူး။ ဒါပေမဲ့ ယေရှုဟာ သူ့ဖခင်ယေဟောဝါလိုပဲ တခြားသူတွေရဲ့ ကောင်းကွက်ကို အမြဲ ရှာတတ်သူဖြစ်တယ်။ ပေတရုမှာ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်ဆိုတာ ယေရှု သိမြင်ပြီး အဲဒီအရည်အချင်းကောင်းတွေကို မြေတောင်မြှောက်ပေးဖို့ ကြိုးစားခဲ့တယ်။ ယေဟောဝါဘုရားနဲ့ ကိုယ်တော်ရဲ့သားတော်ဟာ ကျွန်တော်တို့ရဲ့ ကောင်းကွက်တွေကိုလည်း ရှာဖွေနေတယ်။ ငါ့မှာတော့ ယေဟောဝါဘုရားနဲ့ ယေရှု ရှာတွေ့နိုင်မယ့် ကောင်းကွက်တွေ ရှိမှာမဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်မိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားနဲ့ ယေရှုရဲ့ ရှုမြင်ပုံကို ယုံကြည်စိတ်ချပြီး ပေတရုလို လေ့ကျင့်၊ ပုံသွင်းခံချင်တယ်ဆိုတာ ကိုယ့်ဘက်က ပြဖို့လိုတယ်။—၁ ယောဟန် ၃:၁၉၊ ၂၀ ကိုဖတ်ပါ။
“မစိုးရိမ်နဲ့တော့”
၁၀။ ပေတရု ဘာတွေကို တွေ့ခဲ့၊ ကြားခဲ့ပုံရသလဲ။ ဒါတောင်မှ သူ ဘာပြန်လုပ်ခဲ့သလဲ။
၁၀ ယေရှုရဲ့ ဟောပြောခြင်းခရီးစဉ်မှာ ပေတရု လိုက်သွားပုံရတယ်။ ဒါကြောင့် ကာနမြို့မင်္ဂလာပွဲမှာ ရေကို စပျစ်ရည်ဖြစ်စေခဲ့တဲ့ ယေရှုရဲ့ ပထမဆုံး အံ့ဖွယ်အမှုကို သူတွေ့မြင်ခဲ့ပါလိမ့်မယ်။ ပိုအရေးကြီးတာက ယေရှုဟောခဲ့တဲ့ အလွန်ကောင်းပြီး မျှော်လင့်ချက်ပေးတဲ့ ဘုရားသခင့် နိုင်ငံတော်သတင်းကို သူ ကြားခဲ့ရတယ်။ ဒါတောင်မှ ယေရှုကို သူစွန့်ခွာပြီး ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ကိုင်ခဲ့သေးတယ်။ ဒါပေမဲ့ လအနည်းငယ်ကြာပြီးနောက် ယေရှုဟာ ပေတရု ပြန်ဆုံတဲ့အခါ သူ့နောက်ကို အချိန်ပြည့်လိုက်ဖို့ ပေတရုကို ဖိတ်ခေါ်လိုက်တယ်။
၁၁၊ ၁၂။ (က) ဘယ်လို ညမျိုးကို ပေတရု ကြုံခဲ့ရသလဲ။ (ခ) ယေရှုဟောတာကို နားထောင်နေရင်း ပေတရု ဘာတွေ စဉ်းစားနေနိုင်သလဲ။
၁၁ ပေတရုဟာ ညလုံးပေါက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက် စိတ်ဓာတ်ကျနေတယ်။ သူတို့အဖွဲ့ဟာ ပိုက်ကွန်တွေကို ရေထဲ အကြိမ်ကြိမ်ချပေမဲ့ ငါးတစ်ကောင်မှ မရဘူး။ ပေတရုဟာ ငါးရှိနိုင်လောက်တဲ့နေရာကို သိဖို့ သူ့ရဲ့ အတွေ့အကြုံနဲ့ အစွမ်းအစ အားလုံးကို ထုတ်သုံးခဲ့မှာ သေချာတယ်။ နက်မှောင်နေတဲ့ ရေထဲက ငါးအုပ်တွေကို မြင်နိုင်ရင်၊ ငါးတွေ ပိုက်ကွန်ထဲ ဝင်လာအောင် လုပ်နိုင်ရင် ကောင်းမှာပဲလို့ တခြားတံငါသည်တွေလို သူ တောင့်တခဲ့တဲ့ အချိန်တွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအတွေးတွေက သူ့ကို ပိုပြီး စိတ်ပျက်စေရုံပဲ ရှိတယ်။ ပေတရုဟာ အပျော်တမ်း ငါးဖမ်းနေတာ မဟုတ်ဘဲ မိသားစုဝမ်းရေးအတွက် အလုပ်လုပ်နေတာ။ နောက်ဆုံးတော့ ဘာမှမရဘဲ ကမ်းပေါ် ပြန်တက်လာရတယ်။ ဒါပေမဲ့ ပိုက်ကွန်တွေကို ဆေးရဦးမယ်။ ဒါကြောင့် ယေရှု သူ့အနားရောက်လာချိန်မှာ ပေတရု အလုပ်များနေတယ်။
ဘုရားသခင့် နိုင်ငံတော်အကြောင်း ယေရှု အဓိကထား ဟောပြောသွားတာကို နားထောင်ရတာ ပေတရု တစ်ခါမှ မငြီးငွေ့ခဲ့
၁၂ အဲဒီအခါ လူအုပ်က ယေရှုစကားနားထောင်ဖို့ ကိုယ်တော့်နား တိုးဝှေ့ရောက်လာကြတယ်။ လူတွေ ဝိုင်းအုံနေလို့ ယေရှုဟာ ပေတရုရဲ့ လှေပေါ်တက်ပြီး လှေကို ကမ်းကနေ နည်းနည်း လု. ၅:၁-၃။
ခွာခိုင်းလိုက်တယ်။ အဲဒီနောက် လူအုပ်ကို ရေပေါ်ကနေ ယေရှုသွန်သင်ပေးတဲ့အတွက် ယေရှုရဲ့အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်။ ကမ်းပေါ်က လူတွေလိုပဲ ပေတရုလည်း အာရုံစိုက် နားထောင်နေပါတယ်။ ဘုရားသခင့် နိုင်ငံတော်အကြောင်း ယေရှု အဓိကထား ဟောပြောသွားတာကို နားထောင်ရတာ သူတစ်ခါမှ မငြီးငွေ့ခဲ့ဘူး။ မျှော်လင့်ချက်ပေးတဲ့ ဒီသတင်းကို နယ်မြေတစ်လျှောက်လုံး ပျံ့နှံ့သွားအောင် ယေရှုကို ကူညီပေးရမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဒါပေမဲ့ ဒါဟာ လက်တွေ့ကျပါ့မလား။ စားဝတ်နေရေးအတွက် ဘယ်လို ဖြေရှင်းရမလဲ။ မနေ့ညက ငါးတစ်ကောင်မှ မရဘဲ အချိန်ကုန်ခဲ့ရတဲ့ အဖြစ်ကို ပေတရု ပြန်စဉ်းစားမိပါလိမ့်မယ်။—၁၃၊ ၁၄။ ပေတရုအတွက် ဘယ်အံ့ဖွယ်အမှုကို ယေရှုလုပ်ပြခဲ့သလဲ။ ပေတရု ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၃ ဟောပြောပြီးနောက် ယေရှုက “ရေနက်တဲ့ဘက်ကို လှော်သွားပြီး ပိုက်ကွန်ချပါ” လို့ ပေတရုကို အမိန့်ပေးတယ်။ ပေတရုက “ဆရာ၊ ကျွန်တော်တို့ တစ်ညလုံး ကြိုးစားတာ ငါးတစ်ကောင်မှ မရဘူး။ ဒါပေမဲ့ ဆရာခိုင်းတဲ့အတိုင်း ပိုက်ကွန်ချပါ့မယ်” လို့ သံသယစိတ်နဲ့ ပြန်ပြောတယ်။ ပေတရုဟာ အထူးသဖြင့် အခုလို ငါးမရတဲ့ အချိန်မှာ ပိုက်ကွန်ကို လုံးဝပြန်ချချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ နာခံလိုက်ပြီး တခြားလှေပေါ်က အဖော်တွေကို နောက်ကလိုက်ခဲ့ဖို့ အချက်ပြလိုက်ပုံရတယ်။—လု. ၅:၄၊ ၅။
၁၄ ပေတရုဟာ ပိုက်ကွန်ကို စပြီး ဆွဲတင်လိုက်တဲ့အခါ လေးနေတယ်ဆိုတာ သတိထားမိလိုက်တယ်။ မယုံနိုင်အောင်ဖြစ်သွားပြီး ပိုက်ကွန်ကို အားစိုက်ဆွဲတင်တဲ့အခါ ပိုက်ကွန်ထဲမှာ ငါးတွေ တဖျပ်ဖျပ် လူးနေတာကို မြင်နေရတယ်။ ဒါနဲ့ သူ့ကို အကူအညီပေးဖို့ တခြားလှေပေါ်က လူတွေကို ကမန်းကတန်း အချက်ပြ ခေါ်လိုက်တယ်။ ပိုက်ကွန်ကို ဆွဲတင်လိုက်တဲ့အခါ လှေတစ်စင်းတည်းနဲ့ မဆံ့ဘူးဆိုတာ သိလိုက်တယ်။ လှေနှစ်စင်းမှာ ငါးတွေ ပြည့်သွားတဲ့အခါ လှေတွေ နစ်တော့မလို ဖြစ်ကုန်တယ်။ ပေတရု သိပ်အံ့သြသွားတယ်။ ခရစ်တော်ရဲ့ တန်ခိုးပါတဲ့ အလုပ်တွေကို သူအရင်က မြင်ခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့အတွက် သီးသန့်ပြတဲ့တန်ခိုး ဖြစ်နေတယ်။ ယေရှုဟာ ပိုက်ကွန်ထဲ ငါးတွေဝင်လာအောင် လုပ်ပေးနိုင်တဲ့သူပါလား။ ပေတရု ကြောက်စိတ်တွေဝင်လာတယ်။ သူ ချက်ချင်းဒူးထောက်လိုက်ပြီး “သခင်၊ ကျွန်တော်ဟာ အပြစ်များတဲ့သူပါ။ ကျွန်တော့်ဆီက ထွက်သွားပေးပါ” ဆိုပြီး ပြောတယ်။ ဒီလိုနည်းတွေနဲ့ ဘုရားရဲ့ တန်ခိုးတော်ကို ပြနိုင်သူ တစ်ယောက်နဲ့အတူ အလုပ်လုပ်ဖို့ သူ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။—လုကာ ၅:၆-၉ ကိုဖတ်ပါ။
၁၅။ သံသယဝင်ဖို့၊ ကြောက်ရွံ့ဖို့ မလိုဘူးဆိုတာ ပေတရုကို ယေရှု ဘယ်လို သင်ပေးခဲ့သလဲ။
၁၅ ယေရှုက “မစိုးရိမ်နဲ့တော့။ အခုချိန်ကစပြီး ခင်ဗျားဟာ လူကိုဖမ်းတဲ့ တံငါသည် ဖြစ်လိမ့်မယ်” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။ (လု. ၅:၁၀၊ ၁၁) အခုအချိန်ဟာ သံသယစိတ်ဝင်ပြီး ကြောက်ရွံ့နေရမယ့်အချိန် မဟုတ်ဘူး။ ပေတရုဟာ မိသားစုကို ထောက်ပံ့နိုင်ပါ့မလား၊ ဟောပြောခြင်းလုပ်ငန်းနဲ့ ထိုက်တန်ပါ့မလားလို့ စိုးရိမ်နေမယ့်အစား အရေးကြီးတဲ့ ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်ဖို့လိုတယ်။ ယေရှုဟာ လူသားထုအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ့် ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ရမှာဖြစ်တယ်။ ဘုရားသခင်ဟာ “အကြွင်းမဲ့ ခွင့်လွှတ်” တဲ့အရှင်ဖြစ်တယ်။ (ဟေရှာ. ၅၅:၇) ယေဟောဝါဘုရားဟာ ပေတရုရဲ့ ကာယရေးနဲ့ ဝတ်ပြုရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။—မ. ၆:၃၃။
၁၆။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ဟာ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ဒါက ဘာကြောင့် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သလဲ။
၁၆ ပေတရုလိုပဲ ယာကုပ်နဲ့ ယောဟန်တို့လည်း ချက်ချင်း တုံ့ပြန်ခဲ့ကြတယ်။ “သူတို့လည်း လှေတွေကို ကမ်းကပ်ပြီးတဲ့နောက် အရာရာကို စွန့်လွှတ်ပြီး ယေရှုနောက်ကို လိုက်ကြတယ်။” (လု. ၅:၁၁) ပေတရုဟာ ယေရှုနဲ့ စေလွှတ်တဲ့အရှင် ယေဟောဝါဘုရားကို ယုံကြည်စိတ်ချတယ်။ ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ သံသယစိတ်နဲ့ ကြောက်စိတ်ကို ကျော်လွှားပြီး ဘုရားအမှုဆောင်နေကြတဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ပေတရုလို ယုံကြည်ခြင်းမျိုး တင်ပြနေကြပါတယ်။ ယေဟောဝါဘုရားကို ယုံကြည်စိတ်ချတာဟာ ဘယ်တော့မှ မမှားပါဘူး။—ဆာ. ၂၂:၄၊ ၅။
“ဘာလို့ သံသယဝင်တာလဲ”
၁၇။ ယေရှုနဲ့တွေ့ပြီး နှစ်နှစ်လောက်အကြာမှာ ပေတရု ဘာတွေ တွေ့ကြုံခဲ့သလဲ။
၁၇ ပေတရုဟာ ယေရှုနဲ့တွေ့ပြီး နှစ်နှစ်လောက်အကြာမှာ အစပိုင်းက ဖော်ပြထားသလို ဂါလိလဲအိုင်ရဲ့ မုန်တိုင်းထန်တဲ့ညမှာ လှေကို လှော်ခတ်နေတယ်။ သူ့ရဲ့စိတ်ထဲမှာ ဘာတွေ တွေးနေတယ်ဆိုတာ မသိနိုင်ပါဘူး။ ပေတရုမှာ တွေးစရာတွေ အများကြီးရှိမှာတော့ သေချာတယ်။ သူ့ယောက္ခမကို ယေရှု ကုသပေးခဲ့တယ်။ တောင်ပေါ်ဒေသနာ ဟောခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်တွေနဲ့ တန်ခိုးပါတဲ့ လုပ်ဆောင်မှုတွေက ယေရှုဟာ ယေဟောဝါဘုရား ရွေးချယ်တဲ့ မေရှိယဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် ဖော်ပြနေတယ်။ ပေတရုရဲ့ အားနည်းချက်ဖြစ်တဲ့ ကြောက်ရွံ့စိတ်၊ သံသယစိတ်တွေလည်း လတွေ ကုန်လွန်လာတာနဲ့အမျှ အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားခဲ့မှာ သေချာတယ်။ ယေရှုဟာ ပေတရုကို တမန်တော် ၁၂ ပါးအဝင်အဖြစ်တောင် ရွေးချယ်ထားတယ်။ ဒါတောင်မှ ပေတရုဟာ သူ့ရဲ့ ကြောက်ရွံ့စိတ်နဲ့ သံသယစိတ်ကို မဖျောက်နိုင်သေးဘူးဆိုတာ မကြာခင် သိရပါတော့မယ်။
၁၈၊ ၁၉။ (က) ဂါလိလဲအိုင်မှာ ပေတရု ဘာကြုံခဲ့ရသလဲဆိုတာ ပြောပြပါ။ (ခ) ပေတရုရဲ့ တောင်းဆိုချက်ကို ယေရှု ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၈ နံနက် ၃ နာရီနဲ့ နေထွက်ချိန်စပ်ကြား၊ မိုးသောက်ယံ အချိန်လောက်မှာ ပေတရုဟာ လှေလှော်နေရင်း ရုတ်တရက် ကိုယ်ကို ဆတ်ကနဲ မတ်လိုက်တယ်။ ရေလှိုင်းတွေကြားမှာ တစ်ခုခု ရွေ့လျားလာနေတယ်။ အဲဒါဟာ လရောင်ကြောင့် အလင်းပြန်နေတဲ့ ရေလှိုင်းတွေလား။ မဟုတ်ဘူး။ အဲဒါဟာ ယိမ်းထိုးမနေဘဲ မတ်တတ်ဖြစ်နေတယ်။ လူတစ်ယောက်ပါလား။ ဟုတ်တယ်။ လူတစ်ယောက် ရေပေါ်မှာ လမ်းလျှောက်နေတယ်။ အဲဒီလူဟာ တဖြည်းဖြည်း နီးလာပြီး သူတို့ဆီ တည့်တည့် လျှောက်လာနေတဲ့ပုံပဲ။ တပည့်တွေက တစ္ဆေလို့ထင်ပြီး ကြောက်လန့်သွားကြတယ်။ အဲဒီပုဂ္ဂိုလ်က “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ပြောတယ်။ ယေရှုပါလား။—မ. ၁၄:၂၅-၂၈။
၁၉ “သခင်၊ တကယ်ပဲ သခင်ဟုတ်တယ်ဆိုရင် ကျွန်တော်လည်း ရေပေါ် လမ်းလျှောက်ပြီး သခင့်ဆီ လာဖို့ အမိန့်ရှိပါ” လို့ ပေတရု ပြောလိုက်တယ်။ သူ့ရဲ့ ဦးဆုံးတုံ့ပြန်ပုံက ရဲရင့်ပါတယ်။ ထူးခြားတဲ့ ဒီအံ့ဖွယ်အမှုကြောင့် သူစိတ်လှုပ်ရှားသွားပြီး သူ့ရဲ့ယုံကြည်ချက်ကို ပိုသေချာစေဖို့ နောက်တစ်ဆင့် ကြိုးစားနေတာဖြစ်တယ်။ အဲဒီအံ့ဖွယ်အမှုမှာ သူကိုယ်တိုင် ပါဝင်ချင်နေတယ်။ ယေရှုဟာ သူ့ကို လှမ်းခေါ်လိုက်တယ်။ ပေတရုဟာ လှေရဲ့ဘောင်ကို ကျော်ပြီး လှိုင်းထန်နေတဲ့ ရေထဲ ဆင်းလိုက်တယ်။ ရေပေါ် ခြေချလိုက်တဲ့အခါ သူ့ခြေဖဝါးအောက်မှာ မာကျောတဲ့ အထိအတွေ့ကို ခံစားလိုက်ရပြီး ရေပြင်ပေါ် မတ်တတ်ရပ်နေတဲ့အချိန်မှာ သူ ဘယ်လို ခံစားနေရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေရှုဆီ လျှောက်သွားတော့ သူ မယုံနိုင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်မှာပဲ စိတ်ထဲမှာ ခံစားချက် နောက်တစ်မျိုး ပေါ်လာတယ်။—မဿဲ ၁၄:၂၉ ကိုဖတ်ပါ။
၂၀။ (က) ပေတရုဟာ ဘာကို အာရုံစိုက်ဖို့ ပျက်ကွက်ခဲ့သလဲ။ ဘာဖြစ်ပျက်ခဲ့သလဲ။ (ခ) ပေတရုကို ယေရှု ဘာသင်ခန်းစာ ပေးခဲ့သလဲ။
၂၀ ပေတရုဟာ ယေရှုကိုပဲ အာရုံစိုက်နေဖို့လိုတယ်။ ယေဟောဝါဘုရားရဲ့ တန်ခိုးတော်ကို အသုံးပြုပြီး ပေတရုကို လှိုင်းထန်နေတဲ့ရေပေါ် လမ်းလျှောက်နိုင်အောင် လုပ်ပေးနေသူဟာ ယေရှုကိုယ်တိုင်ဖြစ်တယ်။ ပေတရုရဲ့ ယုံကြည်ခြင်းကြောင့် ယေရှု အဲဒီလို လုပ်ဆောင်ပေးနေတာ ဖြစ်တယ်။ မ. ၁၄:၃၀၊ ၃၁။
ဒါပေမဲ့ ပေတရု အာရုံပျံ့လွင့်သွားတယ်။ “မုန်တိုင်းထန်နေတာကို မြင်တော့ ကြောက်စိတ်ဝင်” လာတယ်လို့ ဖတ်ရတယ်။ လှေကို တဝုန်းဝုန်း ရိုက်ခတ်နေတဲ့ ရေလှိုင်းတွေ၊ လေထဲ လွင့်စဉ်သွားတဲ့ ရေမှုန်ရေမွှားတွေကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်ရင်း သူ အရမ်းထိတ်လန့်သွားတယ်။ ရေနစ်တော့မယ်လို့ သူ တွေးကောင်းတွေးမိမယ်။ ကြောက်စိတ် ဝင်လာတာနဲ့ သူ့ရဲ့ ယုံကြည်ခြင်းလည်း လျော့နည်းသွားတော့တယ်။ ကြံ့ခိုင်တည်ငြိမ်ပုံပေါက်လို့ ကျောက်ဆောင်လို့ နာမည်ရထားသူဟာ ယုံကြည်ခြင်း မခိုင်မြဲတော့ဘဲ ကျောက်တုံးတစ်တုံးလို စပြီး နစ်မြုပ်လာတယ်။ ပေတရုဟာ ရေကူးကျွမ်းကျင်ပေမဲ့ အဲဒီကျွမ်းကျင်မှုကို အခု သူ အားမကိုးတော့ဘူး။ “သခင်၊ ကယ်ပါဦး” လို့ အော်ဟစ် အကူအညီတောင်းလိုက်တော့ ယေရှုက လက်ကိုဆန့်ပြီး သူ့ကို ဆွဲတင်တယ်။ အဲဒီနောက် ရေပေါ်မှာပဲ ပေတရုကို ယေရှုက “ယုံကြည်ခြင်းနည်းတဲ့သူ၊ ဘာလို့ သံသယဝင်တာလဲ” လို့ပြောပြီး အရေးကြီးတဲ့ သင်ခန်းစာ ပေးလိုက်ပါတယ်။—၂၁။ သံသယစိတ်က ဘာကြောင့် အန္တရာယ်ရှိသလဲ။ ဒါကို ဘယ်လို တိုက်ထုတ်နိုင်မလဲ။
၂၁ “ဘာလို့ သံသယဝင်တာလဲ” ဆိုတဲ့ စကားက တကယ် သင့်တော်တယ်။ သံသယစိတ်ဟာ ပြင်းထန်တဲ့ အဖျက်စွမ်းအားတစ်ခု ဖြစ်နိုင်တယ်။ သံသယစိတ် ဝင်လာမယ်ဆိုရင် ကိုယ့်ရဲ့ယုံကြည်ခြင်း တဖြည်းဖြည်း အားနည်းပြီး ပျက်စီးသွားနိုင်တယ်။ ဒါကို အားသွန်ခွန်စိုက် ပြန်တိုက်ထုတ်ဖို့ လိုတယ်။ ဘယ်လိုနည်းနဲ့လဲ။ မှန်ကန်တဲ့အရာပေါ် ဆက်ပြီး အာရုံစိုက်နေခြင်းအားဖြင့် ဖြစ်တယ်။ ကြောက်လန့်စေ၊ စိတ်ပျက်အားလျော့စေ၊ ယေဟောဝါဘုရားနဲ့ ကိုယ်တော့်သားတော်ဆီကနေ သွေဖည်သွားစေတဲ့ အရာတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် သံသယစိတ် ပိုများလာပါလိမ့်မယ်။ ယေဟောဝါဘုရားနဲ့ ယေရှုကို အာရုံစိုက်မယ်၊ ဘုရားသခင်နဲ့ သားတော်ကို ချစ်မြတ်နိုးသူတွေအတွက် သူတို့လုပ်ဆောင်ပေးခဲ့ရာ၊ လုပ်ဆောင်ပေးနေတဲ့အရာနဲ့ လုပ်ဆောင်ပေးတော့မယ့် အရာတွေကိုပဲ အာရုံစိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေပါလိမ့်မယ်။
၂၂။ ပေတရုရဲ့ ယုံကြည်ခြင်းဟာ ဘာကြောင့် အတုယူထိုက်သလဲ။
၂၂ ပေတရုဟာ ယေရှုနဲ့အတူ လှေပေါ်ပြန်တက်တဲ့အခါ မုန်တိုင်းစဲသွားပြီဆိုတာ သိလိုက်တယ်။ ဂါလိလဲအိုင်ဟာ ငြိမ်သက်သွားပါပြီ။ ပေတရုက “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားပါ” လို့ တခြားတပည့်တွေလိုပဲ ပြောလိုက်တယ်။ (မ. ၁၄:၃၃) တဖြည်းဖြည်းနဲ့ မိုးလင်းလာပါပြီ။ ပေတရုရင်ထဲမှာလည်း ကျေးဇူးတင်စိတ်တွေ ပြည့်နေမှာ သေချာတယ်။ ကြောက်ရွံ့စိတ်ကြောင့် ယေဟောဝါဘုရားနဲ့ ယေရှုကို သံသယမဝင်ဖို့ သူ သင်ခန်းစာရခဲ့တယ်။ ဒါပေမဲ့ ပေတရုဟာ ယေရှုကြိုမြင်ခဲ့တဲ့အတိုင်း ကျောက်ဆောင်လို ကြံ့ခိုင်တဲ့ ခရစ်ယာန်မဖြစ်လာခင် အများကြီး ပြောင်းလဲရဦးမယ်။ သူကတော့ ဆက်ကြိုးစားဖို့၊ ဆက်တိုးတက်နေဖို့ ဆုံးဖြတ်ထားတယ်။ သင်ကော အဲဒီလိုပဲ ဆုံးဖြတ်ထားပါသလား။ ပေတရုရဲ့ ယုံကြည်ခြင်းဟာ တကယ်ပဲ အတုယူထိုက်ပါတယ်။