အခန်း ဆယ့်ခုနစ်
“ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
၁၊ ၂။ (က) သူစိမ်းတစ်ယောက်က မာရိကို ဘယ်လို လာနှုတ်ဆက်သလဲ။ (ခ) မာရိ ဘယ်ဆုံးဖြတ်ချက်ကို ချရမလဲ။ ဒါက သူ့ဘဝကို ဘယ်လို ပြောင်းလဲစေမလဲ။
မာရိဟာ သူ့အိမ် ရောက်လာတဲ့ ဧည့်သည်ကို ကြောင်ပြီး ကြည့်နေတယ်။ အဖေ၊ အမေရှိသလားလို့ မမေးဘဲ သူ့ကို လာတွေ့တာလို့ ပြောတယ်။ ဒီလူဟာ နာဇရက်မြို့သားတော့ မဖြစ်နိုင်ဘူး။ မာရိနေတဲ့ မြို့ငယ်လေးမှာ သူစိမ်းဆိုရင် ချက်ချင်းသိတယ်။ ဒီဧည့်သည်ကျတော့ ထူးခြားတယ်။ သူက “မင်္ဂလာပါ၊ ဘုရား မျက်နှာသာရတဲ့သူ။ ယေဟောဝါဘုရားဟာ ခင်ဗျားနဲ့အတူ ရှိတယ်” လို့ နှုတ်ဆက်တာက မာရိအတွက် တကယ့်ကို အထူးအဆန်း ဖြစ်နေတယ်။—လုကာ ၁:၂၆-၂၈ ကိုဖတ်ပါ။
၂ ဂါလိလဲနယ်၊ နာဇရက်မြို့က ဟေလိရဲ့သမီး မာရိလို့ ကျမ်းစာက မိတ်ဆက်ပေးထားတယ်။ မာရိဘဝရဲ့ အလှည့်အပြောင်းကာလမှာ သူ့ကို စသိလာရတယ်။ အဲဒီအချိန်မှာ သူဟာ မချမ်းသာပေမဲ့လည်း ဘုရားသခင်ကို ယုံကြည်တဲ့ လက်သမား ယောသပ်နဲ့ စေ့စပ်ထားတယ်။ အဲဒါကြောင့် မာရိဟာ ဇနီးတစ်ယောက်အနေနဲ့ ယောသပ်ကို ထောက်မကူညီမယ်၊ ယောသပ်နဲ့အတူ မိသားစုတစ်ခု ထူထောင်မယ်ဆိုတဲ့ ရိုးရှင်းတဲ့ဘဝကို စတင်ဖို့ စီစဉ်ထားပုံရတယ်။ အဲဒီလိုအချိန်မှာ သူ့ဆီ ဒီဧည့်သည် ရုတ်တရက်ရောက်လာပြီး ဘုရားသခင်ဆီက တာဝန်တစ်ခု ပေးအပ်တယ်။ အဲဒီတာဝန်ကြောင့် သူ့ဘဝ အကြီးအကျယ် ပြောင်းလဲတော့မယ်။
၃၊ ၄။ မာရိအကြောင်း သိနိုင်ဖို့ ဘယ်အချက်တွေကို ဘေးဖယ်ထားဖို့လိုသလဲ။ ဘာကိုပဲ အာရုံစိုက်ဖို့ လိုသလဲ။
၃ မာရိအကြောင်း ကျမ်းစာက အများကြီး မဖော်ပြထားတာကို လူတွေ အံ့သြကြတယ်။ သူ့ရဲ့ ဘဝနောက်ခံနဲ့ ပင်ကိုစရိုက်အကြောင်း မသိရသလောက်ပါပဲ။ ရုပ်ရည်နဲ့ပတ်သက်ပြီး လုံးဝ မဖော်ပြထားဘူး။ ဒါတောင်မှ သူနဲ့ပတ်သက်ပြီး ကျမ်းစာဖော်ပြထားသလောက်နဲ့ သူ့အကြောင်း အတော်လေး သိရပါတယ်။
၄ မာရိအကြောင်းသိနိုင်ဖို့ သူနဲ့ပတ်သက်ပြီး ဘာသာဂိုဏ်းဂဏ အသီးသီးရဲ့ သွန်သင်ချက်တွေကို ဘေးဖယ်ထားဖို့လိုတယ်။ ပန်းချီကားတွေ၊ စကျင်ကျောက်တွေ၊ အင်္ဂတေတွေနဲ့ သူ့ပုံပန်းသဏ္ဌာန်ကို ဖော်ပြထားတဲ့ “ရုပ်တုတွေ” အကြောင်း မဆွေးနွေးဘဲ ချန်ထားကြစို့။ နှိမ့်ချမှုရှိတဲ့ ဒီအမျိုးသမီးကို “ဘုရားသခင့်မယ်တော်၊” “ကောင်းကင်မိဖုရား” စတဲ့ မြင့်မြတ်တဲ့ ဘွဲ့နာမည်တွေ ပေးထားတဲ့ ဘာသာရေးအယူဝါဒတွေကိုလည်း ဖယ်ထားကြစို့။ အဲဒီအစား မာရိနဲ့ပတ်သက်ပြီး ကျမ်းစာ အမှန်တကယ် ဖော်ပြတာကိုပဲ အာရုံစိုက်ကြရအောင်။ ကျမ်းစာက မာရိရဲ့ ယုံကြည်ခြင်းကို ထိုးထွင်းသိမြင်စေပြီး သူ့ယုံကြည်ခြင်းကို ဘယ်လို အတုယူနိုင်တယ်ဆိုတာ သိစေတယ်။
ကောင်းကင်တမန်တစ်ပါး ရောက်လာ
၅။ (က) ဂါဗြေလရဲ့ နှုတ်ဆက်စကားကို မာရိတုံ့ပြန်ပုံကနေ သူ့အကြောင်း ဘာဖော်ပြသလဲ။ (ခ) မာရိဆီကနေ ဘာသင်ယူနိုင်သလဲ။
၅ မာရိဆီ ရောက်လာတဲ့ ဧည့်သည်က သာမန်လူမဟုတ်ဘဲ ကောင်းကင်တမန် ဂါဗြေလ ဖြစ်နေတယ်။ ဒီကောင်းကင်တမန်က မာရိကို “ဘုရား မျက်နှာသာရတဲ့သူ” လို့ခေါ်လိုက်တဲ့အခါ မာရိခမျာ “စိတ်ယောက်ယက်ခတ်ပြီး” ဒီလိုနှုတ်ဆက်တာကို နားမလည်နိုင်ဘဲ ဖြစ်သွားတယ်။ (လု. ၁:၂၉) ဘယ်သူက သူ့ကို အထူးမျက်နှာသာ ပေးတာလဲ။ လူတွေက သူ့ကို မျက်နှာသာပေးမယ်လို့ သူမထင်ဘူး။ ယေဟောဝါဘုရားက သူ့ကို အထူးမျက်နှာသာပေးတာလို့ ကောင်းကင်တမန် ပြောတယ်။ ဒါကို မာရိ တန်ဖိုးထားတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ မျက်နှာသာရသူဖြစ်လို့ သူ မာနမကြီးသွားပါဘူး။ ကျွန်တော်တို့လည်း ဘုရားမျက်နှာသာရဖို့ ကြိုးစားရမယ်၊ ဘုရားမျက်နှာသာရလို့ မာနမကြီးရဘူးဆိုတာကို မာရိဆီကနေ သင်ယူနိုင်တယ်။ ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်တယ်။ စိတ်နှိမ့်ချတဲ့ နိမ့်ကျသူတွေကိုတော့ ချစ်မြတ်နိုးပြီး ထောက်မပေးတယ်။—ယာ. ၄:၆။
မာရိဟာ ဘုရားသခင်ရဲ့ မျက်နှာသာ ရထားပြီဆိုပြီး မာနမကြီးခဲ့
၆။ ဘယ်အခွင့်ထူးကို ကောင်းကင်တမန်က မာရိကို ကမ်းလှမ်းသလဲ။
၆ စိတ်ကူးလို့ မရနိုင်လောက်အောင် ထူးမြတ်တဲ့ အခွင့်အရေးကို မာရိရမယ်လို့ ကောင်းကင်တမန်ပြောလို့ သူ အထူးနှိမ့်ချဖို့ လိုပါလိမ့်မယ်။ လူသားတွေထဲမှာ အရေးတကာ့ အရေးကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာမယ့် ကလေးကို သူမွေးဖွားရလိမ့်မယ်လို့ ကောင်းကင်တမန် ရှင်းပြတယ်။ “ယေဟောဝါဘုရားက သူ့ကို ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။ သူက ယာကုပ်အမျိုးကို ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး” လို့ ဂါဗြေလ ပြောတယ်။ (လု. ၁:၃၂၊ ၃၃) ဒါဝိဒ်မင်းရဲ့ မျိုးနွယ်တစ်ယောက်ဟာ ထာဝစဉ်အုပ်စိုးရမယ်ဆိုတဲ့ အနှစ်တစ်ထောင်ကျော်က ဘုရားပေးခဲ့တဲ့ ကတိကို မာရိ ကောင်းကောင်းသိထားမှာ သေချာတယ်။ (၂ ရှ. ၇:၁၂၊ ၁၃) အခုတော့ ဘုရားသခင့်လူမျိုး နှစ်အတော်ကြာ စောင့်မျှော်ခဲ့တဲ့ မေရှိယကို သူ ဖွားမြင်ရမှာပါလား။
၇။ (က) မာရိမေးလိုက်တဲ့ မေးခွန်းက သူ့အကြောင်း ဘာဖော်ပြသလဲ။ (ခ) ဒီနေ့ခေတ် လူငယ်တွေဟာ မာရိဆီကနေ ဘာသင်ယူနိုင်သလဲ။
၇ ဒါထက် မကသေးဘူး။ သူ့သားဟာ “အမြင့်ဆုံးအရှင်ရဲ့ သားလို့ အခေါ်ခံရလိမ့်မယ်” ဆိုပြီး ကောင်းကင်တမန် ပြောသေးတယ်။ သာမန်အမျိုးသမီးတစ်ယောက်ဟာ ဘုရားသခင်ရဲ့သားကို ဘယ်လိုလုပ် ဖွားမြင်နိုင်မှာလဲ။ မာရိအနေနဲ့ ယောသပ်နဲ့ စေ့စပ်ထားရုံပဲ ရှိသေးတဲ့အတွက် ဘယ်လိုလုပ် သားမွေးမလဲ။ ဒါကြောင့် သူက “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မဟာ အပျိုစင်ပါ” လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ (လု. ၁:၃၄) အပျိုစင်ဖြစ်တဲ့အကြောင်း မာရိ ထုတ်ပြောတာကို သတိပြုပါ။ သူဟာ ကိုယ်ကျင့်တရားစင်ကြယ်သူ ဖြစ်ကြောင်း ဂုဏ်ယူပြီး ပြောနေတာ။ ဒီနေ့ခေတ် လူငယ်တွေကျတော့ အပျိုစင်ဘဝကို စွန့်လွှတ်ဖို့ ဝန်မလေးကြဘူး။ အဲဒီလို မလုပ်တဲ့သူတွေကိုတောင် ကဲ့ရဲ့လှောင်ပြောင်ကြတယ်။ ဒီလောကဟာ လုံးဝ ပြောင်းလဲသွားပြီ။ ယေဟောဝါဘုရားကတော့ မပြောင်းလဲဘူး။ (မလ. ၃:၆) မာရိခေတ်က လူတွေလို ကိုယ်ကျင့်တရားစံနှုန်းတွေကို စွဲစွဲမြဲမြဲ လိုက်နာသူတွေကို ဘုရား တန်ဖိုးထားတယ်။—ဟီဘရူး ၁၃:၄ ကိုဖတ်ပါ။
၈။ မာရိဟာ မစုံလင်သူဖြစ်ပေမဲ့ စုံလင်တဲ့ ကလေးကို ဘယ်လို မွေးဖွားနိုင်မလဲ။
၈ မာရိဟာ ဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်ဖြစ်ပေမဲ့ မစုံလင်သူပါပဲ။ ဒီတော့ ဘုရားသခင်ရဲ့သားဖြစ်တဲ့ စုံလင်သူတစ်ယောက်ကို ဘယ်လို မွေးဖွားပေးနိုင်မလဲ။ ဂါဗြေလက ဒီလိုရှင်းပြတယ်– “ခင်ဗျားအပေါ် သန့်ရှင်းသော စွမ်းအားတော် သက်ရောက်ပြီး အမြင့်ဆုံးအရှင်ရဲ့ တန်ခိုးတော် လွှမ်းမိုးလိမ့်မယ်။ ဒါကြောင့် မွေးလာမယ့် ကလေးဟာ သန့်ရှင်းတဲ့သူ၊ ဘုရားသခင်ရဲ့သားလို့ အခေါ်ခံရလိမ့်မယ်။” (လု. ၁:၃၅) သန့်ရှင်းခြင်းဆိုတာက “သန့်စင်ခြင်း၊” “စင်ကြယ်ခြင်း၊” “မြင့်မြတ်ခြင်း” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ သာမန်ဆိုရင် သားသမီးတွေဟာ မစင်ကြယ်ဘူး။ မိဘတွေဆီကနေ အပြစ်ကို အမွေရကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားဟာ ထူးခြားတဲ့ အံ့ဖွယ်အမှုတစ်ခုကို ဒီတစ်ခေါက် ပြုလုပ်တော့မှာဖြစ်တယ်။ ဘုရားဟာ သူ့သားရဲ့အသက်ကို ကောင်းကင်ကနေ မာရိရဲ့ သားအိမ်ထဲ ထည့်သွင်းပေးတော့မယ်။ အဲဒီနောက် သန့်ရှင်းသော စွမ်းအားတော်ကို မာရိအပေါ် “သက်ရောက်” စေပြီး သားကို အပြစ်ရဲ့ စွန်းထင်းမှု မရှိအောင် ဘုရားသခင် ကာကွယ်ပေးမှာဖြစ်တယ်။ ကောင်းကင်တမန်ရဲ့ စကားကို မာရိယုံသလား။ သူ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
ဂါဗြေလစကားကို မာရိတုံ့ပြန်ပုံ
၉။ (က) မာရိနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေ သံသယဝင်တာ ဘာကြောင့် မှားသလဲ။ (ခ) မာရိရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာအောင် ဂါဗြေလ ဘယ်လို ကူညီပေးခဲ့သလဲ။
၉ ဝေဖန်ရေးသမားတွေအပြင် ခရစ်ယာန်ဘောင်က ကျမ်းပညာရှင်တချို့တောင် အပျိုစင်တစ်ယောက် သားဖွားနိုင်တာကို ယုံရခက်နေကြတယ်။ သူတို့ဟာ ပညာတတ်တွေဖြစ်ပေမဲ့ ရိုးရှင်းတဲ့ အမှန်တရားကို နားမလည်နိုင်ကြဘူး။ ဂါဗြေလ ပြောခဲ့တဲ့အတိုင်းပဲ “ဘုရားသခင်ရဲ့ စကားတွေ မပြည့်စုံဘဲ မနေဘူး။” (လု. ၁:၃၇) မာရိကတော့ ယုံကြည်ခြင်းခိုင်ခံ့သူ ဖြစ်လို့ ဂါဗြေလရဲ့စကားကို အမှန်တရားအဖြစ် လက်ခံတယ်။ အဲဒီယုံကြည်ခြင်းက ပြောသမျှယုံတာ မဟုတ်ပါဘူး။ စဉ်းစားဆင်ခြင်တတ်သူ ဖြစ်တဲ့ မာရိဟာ သူ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာစေဖို့ အထောက်အထား ရချင်ခဲ့တယ်။ ဒါနဲ့ ဘုရားသခင်ဟာ မာရိနဲ့ အမျိုးတော်စပ်တဲ့၊ သားမဖွားနိုင်တော့တဲ့ သက်ကြီးရွယ်အို ဧလိရှဗက်ကို အံ့သြစရာကောင်းတဲ့နည်းနဲ့ ကိုယ်ဝန်ရစေခဲ့ပြီလို့ ဂါဗြေလ အထောက်အထားပြခဲ့တယ်။
၁၀။ မာရိရတဲ့ အခွင့်ထူးဟာ သူ့အတွက် စိုးရိမ်စရာမရှိ၊ အခက်အခဲမရှိဘူးလို့ ဘာကြောင့် မထင်သင့်သလဲ။
၁၀ အခု၊ မာရိ ဘာဆက်လုပ်မလဲ။ သူ့မှာတာဝန်တစ်ခု ရထားပြီး ဂါဗြေလ ပြောသမျှကို ဘုရားသခင် လုပ်ပေးမယ်ဆိုတဲ့ အထောက်အထားလည်း ရပြီ။ ဒါကြောင့် သူ့မှာ ဘာစိုးရိမ်စရာမှ မရှိဘူး၊ ဘာအခက်အခဲမှ မရှိဘူးလို့တော့ မထင်ပါနဲ့။ တစ်ချက်က မာရိဟာ ယောသပ်နဲ့ စေ့စပ်ထားပြီးသားဖြစ်တယ်။ သူ့မှာ ကိုယ်ဝန်ရှိနေတယ်လို့ ယောသပ် သိသွားရင် သူ့ကို လက်ထပ်ချင်ပါ့မလား။ နောက်တစ်ချက်က အဲဒီတာဝန်ကိုယ်နှိုက်က သူ့အတွက် သိပ်ကြီးလေးတဲ့တာဝန် ဖြစ်နေတယ်။ ဘုရားသခင် ဖန်ဆင်းထားသမျှမှာ အဖိုးအထိုက်ဆုံး၊ ဘုရားအချစ်ရဆုံး သားရဲ့အသက်ကို ကိုယ်ဝန်ဆောင်ရမှာ ဖြစ်တယ်။ မွေးကင်းစကလေးကို ဆိုးညစ်တဲ့ လောကထဲမှာ ကျွေးမွေးပြုစု၊ ကာကွယ်ပေးရမှာ ဖြစ်တယ်။ တကယ်ကြီးလေးတဲ့ တာဝန်ပါပဲ။
၁၁၊ ၁၂။ (က) ခွန်အားရှိပြီး ယုံကြည်ခြင်းခိုင်ခံ့တဲ့ အမျိုးသားတွေတောင်မှ ဘုရားပေးတဲ့ ခက်ခဲတဲ့တာဝန်တွေနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ (ခ) ဂါဗြေလကို မာရိ ပြန်ပြောတဲ့စကားကနေ သူ့အကြောင်း ဘာသိရသလဲ။
၁၁ ခွန်အားရှိပြီး ယုံကြည်ခြင်းခိုင်ခံ့တဲ့ အမျိုးသားတွေတောင်မှ ခက်ခဲတဲ့ ဘုရားပေးတာဝန်တွေကို လက်ခံဖို့ တွန့်ဆုတ်ခဲ့တဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ မောရှေက သူဟာ စကားပြော သွက်လက်သူ မဟုတ်လို့ ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူ မဖြစ်နိုင်ဘူးဆိုပြီး ဘုရားပေးတာဝန်ကို ငြင်းခဲ့တယ်။ (ထွ. ၄:၁၀) ယေရမိကလည်း သူဟာ “လူငယ်လေး” ဖြစ်တဲ့အတွက် ဘုရားပေးတာဝန်ကို လက်မခံနိုင်ဘူးလို့ ပြောခဲ့တယ်။ (ယေ. ၁:၆) ယောနဟာ သူ့ကိုပေးအပ်တဲ့တာဝန်ကနေ ထွက်ပြေးခဲ့တယ်။ (ယောန ၁:၃) မာရိကျတော့ကော။
၁၂ နှိမ့်ချမှုနဲ့ နာခံမှု အပြည့်ရှိတဲ့ မာရိရဲ့စကားတွေကို ဒီနေ့ခေတ် လူအများ မှတ်မိကြတုန်းပဲ။ သူက “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ။ သခင်ပြောတဲ့အတိုင်း ဖြစ်လာပါစေ” လို့ဂါဗြေလကို ပြောတယ်။ (လု. ၁:၃၈) အစေခံဆိုတာက အနိမ့်ကျဆုံး အိမ်စေ။ သခင်ခိုင်းချင်သလို ခိုင်းလို့ရတဲ့သူ ဖြစ်တယ်။ မာရိလည်း အဲဒီလိုပဲ သူ့သခင် ယေဟောဝါဘုရား အလိုရှိတဲ့အတိုင်း လုပ်ပါ့မယ်လို့ ပြောတယ်။ ဘုရားသခင်ဟာ သူ့လူတွေကို ကာကွယ်ပေးတယ်၊ သူ့ကို သစ္စာစောင့်သိသူတွေအပေါ် သစ္စာရှိတယ်ဆိုတာ မာရိ သိထားတယ်။ ဒီခက်ခဲတဲ့တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားထမ်းဆောင်ရင် ကောင်းချီးရမယ်ဆိုတာကိုလည်း သိတယ်။—ဆာ. ၁၈:၂၅။
သစ္စာစောင့်သိတဲ့ ယေဟောဝါဘုရား လက်တော်အောက်မှာ လုံခြုံတယ်ဆိုတာ မာရိသိထား
၁၃။ ခက်ခဲပုံရတဲ့၊ မဖြစ်နိုင်ပုံပေါက်တဲ့ အရာကို လုပ်ဆောင်ဖို့ ဘုရားသခင် တောင်းဆိုတဲ့အခါ မာရိရဲ့ စံနမူနာကို ဘယ်လို အတုယူနိုင်သလဲ။
၁၃ တစ်ခါတလေ ကျွန်တော်တို့အမြင်မှာ ခက်ခဲပုံရတဲ့၊ မဖြစ်နိုင်ပုံပေါက်တဲ့ အလုပ်ကို ဘုရားသခင် လုပ်ခိုင်းတဲ့အခါတွေ ရှိတယ်။ အဲဒီအခါ မာရိလို ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားသခင့်လက်ထဲ အပ်ထားသင့်တယ်။ ဘုရားကို အဲဒီလို ယုံကြည်ကိုးစားဖို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၃:၅၊ ၆) ဘုရားသခင်ကို ယုံကြည်ကိုးစားမလား။ ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းချီးပေးမယ့်အပြင် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကိုလည်း ပိုခိုင်ခံ့လာအောင် ကူညီပေးမှာ သေချာပါတယ်။
ဧလိရှဗက်ဆီ အလည်သွား
၁၄၊ ၁၅။ (က) ဧလိရှဗက်နဲ့ ဇာခရိတို့ဆီ မာရိသွားလည်တဲ့အခါ ယေဟောဝါဘုရားက သူ့ကို ဘယ်လိုကောင်းချီးပေးသလဲ။ (ခ) လုကာ ၁:၄၆-၅၅ မှာ မှတ်တမ်းတင်ထားတဲ့ မာရိရဲ့ စကားတွေကနေ သူ့အကြောင်း ဘာသိရသလဲ။
၁၄ ဧလိရှဗက်အကြောင်း ဂါဗြေလပြောပြတာက မာရိအတွက် တကယ်အားရှိစရာပဲ။ သူ့အခြေအနေကို တခြားအမျိုးသမီးတွေ အားလုံးထက် ဧလိရှဗက်က ပိုနားလည်ပေးနိုင်မှာပါ။ ဒါနဲ့ မာရိဟာ ယုဒနယ်က တောင်တန်းဒေသကို ချက်ချင်းထွက်သွားတယ်။ အဲဒီခရီးက သုံးလေးရက်လောက် ကြာနိုင်တယ်။ ပုရောဟိတ်ဇာခရိနဲ့ ဧလိရှဗက်တို့ရဲ့ အိမ်ထဲ မာရိဝင်တာနဲ့ ယေဟောဝါဘုရားက သူ့ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့တယ်။ မာရိရဲ့ နှုတ်ဆက်သံကို ဧလိရှဗက် ကြားတာနဲ့ သူ့ဗိုက်ထဲက ကလေးဟာ လှုပ်လှုပ်ရွရွ ဖြစ်လာတာကို ခံစားလိုက်ရတယ်။ အဲဒီနောက် ဧလိရှဗက်ဟာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ပြီး မာရိကို “ငါ့သခင်ရဲ့မိခင်” လို့ခေါ်လိုက်တယ်။ မာရိဖွားမြင်မယ့် သားဟာ သူ့ရဲ့သခင် မေရှိယဖြစ်လာမယ်ဆိုတာ ဧလိရှဗက်ကို ဘုရားသခင် အသိပေးတယ်။ အဲဒီအပြင် သစ္စာရှိရှိ နာခံခဲ့တဲ့ မာရိကို ချီးကျူးဖို့ လှုံ့ဆော်ခံရပြီး “ဒါကိုယုံတဲ့ ညီမဟာ မင်္ဂလာရှိတယ်” လို့ ပြောလိုက်တယ်။ (လု. ၁:၃၉-၄၅) မှန်ပါတယ်၊ မာရိကို ယေဟောဝါဘုရားပေးတဲ့ ကတိမှန်သမျှ ပြည့်စုံလာပါလိမ့်မယ်။
၁၅ အဲဒီအချိန်မှာ မာရိ ပြန်ပြောတဲ့ စကားတွေကို ကျမ်းစာထဲမှာ သေသေချာချာ မှတ်တမ်းတင်ထားတယ်။ (လုကာ ၁:၄၆-၅၅ ကိုဖတ်ပါ။) ဒါဟာ ကျမ်းစာမှာတွေ့ရတဲ့ မာရိရဲ့ အရှည်ဆုံးစကားဖြစ်ပြီး အဲဒီကနေ သူ့အကြောင်း အများကြီးသိရတယ်။ မာရိဟာ မေရှိယရဲ့မိခင် ဖြစ်ရတဲ့ အခွင့်ထူးရလို့ ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းခဲ့တယ်။ သူ့မှာ ကျေးဇူးတင် လေးမြတ်တတ်တဲ့စိတ် ရှိတယ်ဆိုတာ ဖော်ပြတယ်။ ဘုရားသခင်ဟာ မောက်မာသူ၊ အာဏာရှိသူတွေကို ရှုတ်ချပြီး ဘုရားကိုဝတ်ပြုတဲ့ နိမ့်ကျသူ၊ ဆင်းရဲသူတွေကို ကူညီပေးတယ်လို့ သူပြောတဲ့အတွက် သူ့မှာ နက်ရှိုင်းတဲ့ ယုံကြည်ခြင်းရှိမှန်း ထင်ရှားတယ်။ အဲဒီအပြင် သူ့မှာ ကျမ်းစာအသိပညာ အများကြီး ရှိတယ်ဆိုတာကိုပါ သိရတယ်။ ခန့်မှန်းချက်တစ်ခုအရ မာရိဟာ ဟီဘရူးကျမ်းစောင်တွေထဲကနေ ကျမ်းစကား ၂၀ ကျော်ကို ကိုးကားဖော်ပြခဲ့တယ်။ a
၁၆၊ ၁၇။ (က) မာရိနဲ့ သူ့ရဲ့သားဟာ ကျွန်တော်တို့ အတုယူရမယ့် ဘယ်စိတ်သဘောထားကို တင်ပြခဲ့သလဲ။ (ခ) ဧလိရှဗက်ဆီ မာရိ အလည်သွားခဲ့တာက ဘာကို သတိရစေသလဲ။
၁၆ မာရိဟာ ကျမ်းစာကို လေးလေးနက်နက် တွေးတောဆင်ခြင်ခဲ့တဲ့အတွက် ပြောစရာ ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရှိမှာပဲ။ ဒါပေမဲ့ သူဟာ နှိမ့်ချမှုရှိရှိနဲ့ ကျမ်းစကားတွေကိုပဲ ပြောခဲ့တယ်။ သူ့ရဲ့ဗိုက်ထဲမှာ ကြီးထွားနေတဲ့ သားဟာလည်း နောက်ပိုင်းမှာ သူ့လိုပဲ နှိမ့်ချမှုရှိရှိနဲ့ “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော့်ရဲ့တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့အရှင်ရဲ့ တရားတွေပဲ” လို့ပြောပါလိမ့်မယ်။ (ယော. ၇:၁၆) ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ငါလည်း မာရိလို ကျမ်းစာကို ရိုသေလေးမြတ်သလား။ ကိုယ့်အယူအဆ၊ ကိုယ့်သွန်သင်ချက်တွေကို ပိုနှစ်သက်သလား။’ မာရိရဲ့ သဘောထားက မှန်တယ်။
၁၇ မာရိဟာ ဧလိရှဗက်ဆီမှာ သုံးလလောက် နေတဲ့အချိန်အတွင်း အပြန်အလှန် အားပေးတည်ဆောက်မှု ရခဲ့မှာ သေချာတယ်။ (လု. ၁:၅၆) ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေရှိတာ ဘယ်လောက် ကောင်းသလဲဆိုတာ ဒီကျမ်းမှတ်တမ်းက ဖော်ပြတယ်။ ယေဟောဝါဘုရားကို တကယ် ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့ရင် ဘုရားသခင်နဲ့ ပိုရင်းနှီးလာမှာ သေချာတယ်။ (ပညာ. ၁၃:၂၀) မာရိ အိမ်ပြန်ချိန် ရောက်ပြီ။ သူကိုယ်ဝန်ရှိနေမှန်း ယောသပ် သိရင် ဘာပြောမလဲ။
မာရိနဲ့ ယောသပ်
၁၈။ ယောသပ်ကို မာရိ ဘာပြောပြသလဲ။ အဲဒီနောက် သူ ဘယ်လို တုံ့ပြန်သလဲ။
၁၈ မာရိဟာ ကိုယ်ဝန်ရင့်တဲ့အထိ မစောင့်ဘဲ ယောသပ်ကို ပြောပြခဲ့ပုံရတယ်။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ ဖြောင့်မတ်သူ ယောသပ် ဒီသတင်းကြားရင် ဘယ်လိုများ တုံ့ပြန်မလဲလို့ သူ တွေးမိမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မာရိဟာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ အဲဒီအခါ ယောသပ် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားတယ်။ မာရိကို သူယုံချင်ပေမဲ့ မာရိသစ္စာမဲ့ပုံ ပေါက်နေတယ်။ သူ့စိတ်ထဲ ဘယ်လိုအတွေးတွေ ဝင်လာတယ်၊ ဘယ်လို စဉ်းစားခဲ့တယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ မာရိကို ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကျမ်းစာက ဆိုတယ်။ အကြောင်းက စေ့စပ်ထားသူနှစ်ယောက်ကို လက်ထပ်ထားသူတွေအဖြစ် အဲဒီအချိန်က ရှုမြင်ကြလို့ပါ။ ဒါပေမဲ့ မာရိ လူရှေ့သူရှေ့ အရှက်တကွဲ အပြစ်ပေးခံရတာမျိုး မဖြစ်စေ ချင်လို့ တိတ်တဆိတ် ကွာရှင်းဖို့ သူစဉ်းစားတယ်။ (မ. ၁:၁၈၊ ၁၉) အခုလို အခြေအနေကြောင့် ကြင်နာတတ်တဲ့ ယောသပ် စိတ်အနှောင့်အယှက် ဖြစ်နေတာကို မြင်ရတဲ့အခါ မာရိလည်း စိတ်ထိခိုက်ခဲ့မှာပဲ။ ဒါပေမဲ့ ယောသပ်ကို သူ အပြစ်မတင်ခဲ့ဘူး။
၁၉။ အကောင်းဆုံးဖြစ်ဖို့ ယောသပ်ကို ယေဟောဝါဘုရား ဘယ်လို ကူညီပေးသလဲ။
၁၉ အကောင်းဆုံးဖြစ်ဖို့ ယောသပ်ကို ယေဟောဝါဘုရား ကူညီပေးခဲ့တယ်။ အံ့ဖွယ်နည်းနဲ့ မာရိ ကိုယ်ဝန်ရခဲ့တာဟာ အမှန်ပဲလို့ ကောင်းကင်တမန်က ယောသပ်ကို အိပ်မက်ထဲမှာ လာပြောတယ်။ အဲဒီအခါ သူ စိတ်ပေါ့သွားမှာပဲ။ ဒီအခါ မာရိလိုပဲ ယောသပ်လည်း ယေဟောဝါဘုရား ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်တော့တယ်။ သူဟာ မာရိကို ဇနီးအဖြစ် လက်ထပ်ပြီးနောက် ယေဟောဝါဘုရားရဲ့ သားတော်ကို စောင့်ရှောက်ရမယ့် တာဝန်ကို လက်ခံဖို့ အသင့်ဖြစ်နေပြီ။—မ. ၁:၂၀-၂၄။
၂၀၊ ၂၁။ အိမ်ထောင်သည်တွေနဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားနေသူတွေဟာ မာရိနဲ့ ယောသပ်တို့ဆီကနေ ဘာသင်ယူနိုင်သလဲ။
၂၀ လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ ကျော်က ဒီမောင်နှံစုံဆီကနေ အခုခေတ် အိမ်ထောင်သည်တွေအပြင် အိမ်ထောင်ပြုဖို့ စဉ်းစားနေသူတွေပါ သင်ခန်းစာယူသင့်တယ်။ ယောသပ်ဟာ မိခင်တာဝန်တွေကို ကျေပွန်စွာ လုပ်ဆောင်နေတဲ့ ဇနီးသည်ကို ရထားတဲ့အတွက် ကောင်းကင်တမန်ရဲ့ လမ်းညွှန်မှုကို သိပ်ကျေးဇူးတင်ခဲ့မှာပဲ။ ဒါကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ ယေဟောဝါဘုရားကို မှီခိုအားထားဖို့ အရေးကြီးကြောင်း ယောသပ်သိလာတယ်။ (ဆာ. ၃၇:၅။ ပညာ. ၁၈:၁၃) နောက်ပိုင်းမှာ ယောသပ်ဟာ အိမ်ထောင်ဦးစီးအနေနဲ့ ဂရုတစိုက်ချင့်ချိန်ပြီး ဆုံးဖြတ်ချက်တွေ ချသွားမှာ သေချာတယ်။
၂၁ ယောသပ်ကို လက်ထပ်ဖို့ လိုလိုလားလားရှိတဲ့ မာရိဆီကနေကော ဘာသင်ယူနိုင်သလဲ။ မာရိ ပြောပြတာကို အစပိုင်းမှာ ယောသပ် လက်မခံခဲ့ဘူး။ ဒါပေမဲ့ မာရိဟာ အိမ်ထောင်ဦးစီး ဖြစ်လာမယ့်သူရဲ့ ဆုံးဖြတ်ချက်ကို စိတ်ရှည်ရှည် စောင့်ခဲ့တယ်။ ဒါဟာ မာရိနဲ့ ဒီနေ့ခေတ် ခရစ်ယာန်အမျိုးသမီးတွေအတွက် တကယ်ကောင်းတဲ့ သင်ခန်းစာတစ်ခုပါပဲ။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်တာဟာ ဘယ်လောက်အရေးကြီးမှန်း ဒီအဖြစ်အပျက်တွေကနေ မာရိနဲ့ယောသပ်တို့ သိခဲ့ပုံရတယ်။—ပညာအလိမ္မာ ၁၅:၂၂ ကိုဖတ်ပါ။
၂၂။ ယောသပ်နဲ့ မာရိတို့ဟာ သူတို့အိမ်ထောင်ကို ဘယ်အုတ်မြစ်ပေါ် တည်ဆောက်ခဲ့သလဲ။ ရှေ့မှာ သူတို့ ဘာတွေ ကြုံရဖို့ ရှိသေးသလဲ။
၂၂ အဲဒီမောင်နှံစုံဟာ သူတို့ရဲ့ အိမ်ထောင်ရေးကို အကောင်းဆုံး အုတ်မြစ်ပေါ်မှာ တည်ဆောက်ခဲ့တယ်။ သူတို့နှစ်ယောက်စလုံးဟာ အရာရာထက် ယေဟောဝါဘုရားကို ပိုချစ်မြတ်နိုးပြီး တာဝန်ကျေပွန်တဲ့ မိဘတွေအနေနဲ့ ဘုရားသခင့်မျက်နှာသာ ရချင်သူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ရှေ့မှာ ကောင်းချီးတွေရော၊ ပိုခက်ခဲတဲ့ အခြေအနေတွေပါ ကြုံကြရဦးမယ်။ အသက်ရှင်ခဲ့သမျှ လူတွေထဲမှာ အကြီးမြတ်ဆုံး လူသားဖြစ်လာမယ့် ယေရှုကို သူတို့ ပြုစုစောင့်ရှောက် ရတော့မယ်။
a အဲဒီ ကိုးကားဖော်ပြချက်တွေထဲမှာ ယေဟောဝါရဲ့ ကောင်းချီးကြောင့် သားဖွားခွင့်ရခဲ့တဲ့ သစ္စာရှိအမျိုးသမီး ဟန္နရဲ့ စကားတွေကိုလည်း မာရိ ကိုးကားခဲ့တာ ထင်ရှားတယ်။—အခန်း ၆ က “ထူးခြားတဲ့ ဆုတောင်းချက်နှစ်ခု” လေးထောင့်ကွက်ကို ကြည့်ပါ။