မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လော့

ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လော့

အခန်း သုံ

ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လော့

၁။ (က) ဘုရားသခင့် နှုတ်ကပါဌ်တော် မှန်ကန်ကြောင်းကို ရှေးဣသရေလလူမျိုး မည်သို့ တွေ့ကြုံခဲ့ရသနည်း။ (ခ) ၎င်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။

 “သင်တို့၏ ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ] သည် သင်တို့အဖို့ မိန့်တော်မူသောကောင်းကျိုး တစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင် ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။” (ယောရှု ၂၃:၁၄-၁၆) ဤကား ကတိထားရာ ပြည်တော်တွင် အခြေကျပြီးနောက် ဣသရေလလူမျိုး အသက်ကြီးသူတို့အား ယောရှု ပြောကြားခဲ့သည့် စကားများဖြစ်သည်။ မှန်ပါသည်၊ ယေဟောဝါ၏ ကတိတော်များသည် ယုံကြည်စိတ်ချရကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းမှတ်တမ်း အပါအဝင် ကျမ်းစာမှ ကျန်မှတ်တမ်း အားလုံးတို့သည် ကျွန်ုပ်တို့ ‘မျှော်လင့်ခြင်း ရှိစေ’ ရန်အတွက် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။—ရောမ ၁၅:၄

၂။ (က) ကျမ်းစာသည် အဘယ်သဘောဖြင့် “ဘုရားသခင် မှုတ်သွင်းတော်မူ” ရာဖြစ်သနည်း။ (ခ) ကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူရာဖြစ်ကြောင်း သိရှိသဖြင့် ကျွန်ုပ်တို့၌ အဘယ်တာဝန် ရှိလာသနည်း။

ကျမ်းစာကို မှတ်တမ်းတင်ရေးသားရန် လူအယောက် ၄၀ ခန့်ကို အသုံးပြုခဲ့သော်လည်း ကျမ်းစာ၏ ကလောင်ရှင်မှာ ယေဟောဝါ ကိုယ်တော်တိုင် ဖြစ်တော်မူ၏။ ကျမ်းစာ၌ ပါရှိသမျှကို ရေးသားရာတွင် ကိုယ်တော်သည် တက်တက်ကြွကြွ ညွှန်ကြားပေးသည်ဟု ဆိုလိုသလော။ ဆိုလိုပါသည်။ တန်ခိုးကြီးသည့် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သော ကိုယ်တော်၏ တက်ကြွလှုပ်ရှားသည့် စွမ်းအားအားဖြင့် ထိုသို့ညွှန်ကြားတော်မူ၏။ တမန်တော်ပေါလုက မှန်ကန်စွာ ဤသို့ဆို၏– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်” စေသည်။ ဤအချက်ကို လက်ခံယုံကြည်ကြသည့် နေရာတိုင်းမှ လူတို့သည် ကျမ်းစာကို အလေးဂရုပြုလျက် ကျမ်းစာသွန်သင်ချက်အတိုင်း အသက်ရှင်နေထိုင်ကြ၏။—၂ တိမောသေ ၃:၁၆၊ ၁၇; ၁ သက်သာလောနိတ် ၂:၁၃

အခြားသူများ ကျမ်းစာကို တန်ဖိုးထား လေးမြတ်လာစေရန် ကူညီပေးခြင်း

၃။ ကျမ်းစာသည် ဘုရားသခင့် နှုတ်ကပါဌ်တော်ဖြစ်ကြောင်း ယုံကြည်လက်ခံခြင်း မရှိသူအများကို ကူညီနိုင်သော အကောင်းဆုံးနည်းကား အဘယ်နည်း။

ကျမ်းစာသည် ဘုရားသခင့် နှုတ်ကပါဌ်တော်ဖြစ်သည်ဟု ကျွန်ုပ်တို့ ခံယူကြသကဲ့သို့ ကျွန်ုပ်တို့နှင့် စကားပြောဆိုသူအများက လက်မခံကြချေ။ သူတို့ကို မည်သို့ ကူညီပေးနိုင်သနည်း။ များသောအားဖြင့် အကောင်းဆုံးနည်းလမ်းမှာ ကျမ်းစာကိုဖွင့်၍ ပါရှိသည့် အကြောင်းအရာများကို ပြောပြခြင်းပင်ဖြစ်သည်။ “ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ . . . စိတ်နှလုံး အကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) “ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်” သည် အတိတ်တွင် ချုပ်ငြိမ်းလျက်ရှိသော သက်မဲ့သမိုင်း မဟုတ်၊ ရှင်သန်လျက်ရှိ၏။ ကျမ်းစာ၏ ကတိတော်များသည် ပြည့်စုံခြင်းသို့ တစ်ဟုန်ထိုး ဦးတည်ရွေ့ရှားလျက်ရှိ၏။ လူတစ်ဦး၏ စစ်မှန်သော နှလုံးသား စေ့ဆော်မှုအပေါ် ကျမ်းစာသတင်းစကား သက်ရောက်သည့် ဩဇာအာနိသင်သည် ကျွန်ုပ်တို့ကိုယ်တိုင် ပြောနိုင်သော မည်သည့် စကားထက်မဆို သာ၍ တန်ခိုးထက်မြက်သည်။

၄။ အဘယ် ကျမ်းစာအမှန်တရားဆိုင်ရာ ရှင်းပြချက်တို့က ကျမ်းစာအပေါ် ထားရှိသည့် လူအချို့တို့၏ သဘောထားကို ပြောင်းလဲစေခဲ့ပြီနည်း။ အဘယ်ကြောင့်နည်း။

ဘုရားသခင့် နာမတော်ကို ကျမ်းစာတွင် တွေ့ရှိလိုက်ရာမှ လူအများတို့သည် ကျမ်းစာကို အလေးအနက် လေ့လာစူးစမ်းလာကြပြီ။ အခြားသူတို့မူကား ဘဝရည်ရွယ်ချက်အကြောင်း၊ ဆိုးယုတ်မှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုထားရခြင်းအကြောင်း၊ လတ်တလောဖြစ်ရပ်များ၏ အရေးပါမှုအကြောင်း၊ သို့မဟုတ် ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်း မျှော်လင့်ချက်အကြောင်းကို သိရှိလာသည့်အခါ ကျမ်းစာကို လေ့လာသင်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘာသာရေး ဓလေ့ထုံးစံများကြောင့် နတ်ဆိုးပယောဂများစွာ ခံစားနေရသည့် ဒေသများ၌ ၎င်းပယောဂများကို ပြစ်မှားစေသည့် အရင်းခံအကြောင်းတရားနှင့် ၎င်းမှ လွတ်မြောက်ရာလမ်းအကြောင်း ကျမ်းစာရှင်းပြချက်က စိတ်ဝင်စားမှုကို နှိုးဆော်ပေးခဲ့သည်။ ဤအချက်တို့က စိတ်ရင်းမှန်သူတို့အတွက် အဘယ်ကြောင့် စိတ်စွဲငြိစရာဖြစ်သနည်း။ အကြောင်းမှာ အရေးကြီးသည့် ဤအကြောင်းအရာ အားလုံးနှင့်ပတ်သက်၍ စိတ်ချအားထားရသော အချက်အလက်များကို ကျမ်းစာ၌သာ တွေ့ရှိနိုင်သောကြောင့်ဖြစ်သည်။—ဆာလံ ၁၁၉:၁၃၀

၅။ (က) လူတို့က ကျမ်းစာကို မယုံကြည်ဟု ပြောသည့်အခါ ဖြစ်နိုင်သည့် အကြောင်းရင်းများကား အဘယ်နည်း။ (ခ) ထိုသို့သောသူတို့ကို မည်သို့ ကူညီပေးနိုင်သနည်း။

သို့သော် လူတို့က ကျမ်းစာကို မိမိတို့ မယုံဟု ပြောလာခဲ့သော် မည်သို့ပြုမည်နည်း။ ပြောလက်စ စကားကို အဆုံးသတ်လိုက်မည်လော။ သူတို့ကသာ ဆင်ခြင်သုံးသပ်ရန် လိုလိုလားလား ရှိမည်ဆိုလျှင် အဆုံးမသတ်သင့်ပေ။ ကျမ်းစာကို ခရစ်ယာန်ဘောင်၏ စာအုပ်အဖြစ် သူတို့ ယူဆ၍ ဖြစ်ကောင်းဖြစ်မည်။ ခရစ်ယာန်ဘောင်၏ အရေခြုံမှုနှင့် နိုင်ငံရေး စွက်ဖက်မှု၊ အဆက်မပြတ် အလှူငွေများ တောင်းခံမှုတို့ကြောင့် ကျမ်းစာအပေါ် အမြင်လွဲမှားနေခြင်း ဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဟုတ်မဟုတ် မေးကြည့်ပါ။ ခရစ်ယာန်ဘောင်၏ လောကီဆန်သည့်လမ်းစဉ်ကို ကျမ်းစာက ပြစ်တင်ရှုတ်ချထားသည့် အချက်နှင့်တကွ ခရစ်ယာန်ဘောင်နှင့် စစ်မှန်သော ခရစ်ယာန်ဘာသာတို့၏ ခြားနားချက်တို့က သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးပေမည်။—မိက္ခာ ၃:၁၁၊ ၁၂; မဿဲ ၁၅:၇-၉; ယာကုပ် ၄:၄

၆။ (က) ကျမ်းစာသည် ဘုရားသခင့် နှုတ်ကပါဌ်တော်ဖြစ်ကြောင်း အဘယ်အရာက သင့်ကိုယ်တိုင်အား ယုံကြည်လက်ခံစေသနည်း။ (ခ) ကျမ်းစာသည် ဘုရားသခင့် ထံတော်မှသက်ရောက်ရာ အမှန်ဖြစ်ကြောင်း လူတို့သိရှိလက်ခံလာရန် ကူညီပေးရာ၌ အခြား အဘယ် ဆင်ခြင်သုံးသပ်ချက်များကိုလည်း သုံးနိုင်သနည်း။

အခြားသူတို့အတွက်မူ ကျမ်းစာကို ဘုရားသခင် မှုတ်သွင်းသည့် အထောက်အထားများကို ရိုးရိုးရှင်းရှင်း ဆွေးနွေးရုံမျှဖြင့် များစွာအကျိုးရှိနိုင်သည်။ ကျမ်းစာသည် ယေဟောဝါ ဘုရားသခင်ထံတော်မှ သက်ရောက်ရာဖြစ်ကြောင်း အဘယ်အရာက သင့် အား သံသယကင်းစွာ လက်ခံယုံကြည်စေသနည်း။ ကျမ်းစာကိုယ်နှိုက်က ၎င်း၏ ပင်ရင်းဇာစ်မြစ်အကြောင်း ပြောဆိုချက်များကြောင့်လော။ သို့တည်းမဟုတ် ကျမ်းစာတွင် အနာဂတ်ကို အသေးစိတ် ကြိုသိကြောင်း ထင်ဟပ်သည့် ပရောဖက်ပြုချက်များ၊ လူသာမန်ထက်လွန်ကဲသော အရင်းအမြစ်မှ သက်ရောက်ရာဖြစ်ရမည့် ပရောဖက်ပြုချက် အမြောက်အမြား ပါရှိခြင်းကြောင့်လော။ (၂ ပေတရု ၁:၂၀၊ ၂၁) ကျမ်းစာသည် လူပေါင်း ၄၀ က နှစ်ပေါင်း ၁,၆၀၀ မျှကြာညောင်းသည့် ကာလအတွင်း ရေးသားခဲ့ရာဖြစ်သော်လည်း အံ့သြဖွယ်ကောင်းလောက်အောင် အတွင်းသဘောချင်း တိုက်ဆိုင်ညီညွတ်ခြင်းကြောင့်လော။ သို့မဟုတ် ထိုခေတ်ထိုအခါများမှ အခြားစာပေများနှင့် မတူဘဲ သိပ္ပံနည်းကျ တိကျမှန်ကန်ခြင်းကြောင့်လော။ သို့မဟုတ် ကျမ်းရေးသူတို့၏ ပွင့်လင်းမှုကြောင့်လော။ သို့မဟုတ် ဖျက်ဆီးပစ်ရန် အပြင်းအထန် ကြိုးစားမှုများကြားမှ မပျက်မစီးဘဲ တည်တံ့နေခြင်းကြောင့်လော။ သင်ကိုယ်တိုင် အထင်ကြီးစွဲမှတ်ခဲ့သော မည်သည့်အချက်ကိုမဆို အသုံးပြု၍ အခြားသူများကိုလည်း ကူညီပေးနိုင်ပါသည်။ a

ကျွန်ုပ်တို့၏ ကျမ်းစာဖတ်ရှုခြင်း

၇၊ ၈။ (က) ကျမ်းစာကို ကျွန်ုပ်တို့ ဘာပြုလုပ်နေရမည်နည်း။ (ခ) ကိုယ်တိုင် ကျမ်းစာဖတ်ခြင်းအပြင် ဘာလိုအပ်သေးသနည်း။ (ဂ) ယေဟောဝါ၏ ရည်ရွယ်ချက်များအကြောင်းကို သင်ကိုယ်တိုင် မည်သို့ သိရှိခဲ့သနည်း။

ကျမ်းစာကို ယုံကြည်လာအောင် သူတစ်ပါးအား ကူညီပေးခြင်းအပြင် ကျွန်ုပ်တို့ကိုယ်တိုင် ကျမ်းစာကို ပုံမှန်ဖတ်ရန် အချိန်ပေးသင့်သည်။ သင်ထိုသို့ ဖတ်နေသလော။ ထုတ်ဝေခဲ့ပြီးသမျှ စာအုပ်အားလုံးအနက် ကျမ်းစာသည် အရေးအကြီးဆုံးဖြစ်သည်။ ကျမ်းစာကို မိမိဘာသာ ဖတ်လျှင်တော်ပြီ အခြားအရာများ မလိုအပ်တော့ဟူ၍ကား မဆိုလိုပါ။ တစ်သီးပုဂ္ဂလ သီးခြားနေခြင်းမပြုရန် ကျမ်းစာက သတိပေးထားသည်။ သီးခြားလွတ်လပ်စွာ သုတေသနလုပ်လျှင် မည်သည့်အကြောင်းကိုမဆို သိရှိနိုင်သည်ဟု မထင်သင့်ပါ။ မျှတတည်ငြိမ်သော ခရစ်ယာန်များဖြစ်လိုလျှင် ကိုယ်ပိုင်လေ့လာခြင်းကော ဘုရားသခင့် လူမျိုးတော်တို့၏ အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းပါ လိုအပ်ပေသည်။—သုတ္တံ ၁၈:၁; ဟေဗြဲ ၁၀:၂၄၊ ၂၅

ဤအကြောင်းနှင့်ပတ်သက်၍ ဟေရှာယ ပရောဖက်ပြုချက်ကို ဖတ်ရှုနေသည့် အဲသယောပိ မင်းမှုထမ်းတစ်ဦးအကြောင်း ကျမ်းစာက ဖော်ပြထားသည်။ ထိုသူအား “ဖတ်သောအရာကို နားလည်ပါ၏လော” ဟူ၍မေးမြန်းရန် ကောင်းကင်တမန်တစ်ပါးက ခရစ်ယာန် ဧဝံဂေလိဆရာ ဖိလိပ္ပုအား ညွှန်ကြားခဲ့သည်။ အဲသယောပိအမတ်က စိတ်နှိမ့်ချစွာဖြင့် “သွန်သင်ပဲ့ပြင်သောသူ မရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း” ဟုပြန်ဖြေပြီးလျှင် ထိုကျမ်းပိုဒ်ကို ရှင်းပြရန် ဖိလိပ္ပုအား တောင်းပန်၏။ ဖိလိပ္ပုသည် ကျမ်းစာနှင့်ပတ်သက်၍ ကိုယ်ပိုင်ထင်မြင်ချက် ပေးတတ်သည့် တစ်သီးပုဂ္ဂလ ကျမ်းစာဖတ်ရှုသူ မဟုတ်ပေ။ သူသည် ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်းတော်နှင့် အနီးကပ် အဆက်အသွယ် ထားရှိသည်။ ထို့ကြောင့် ၎င်းအဖွဲ့အစည်းတော်မှတစ်ဆင့် ယေဟောဝါ ချပေးနေသည့် ညွှန်ကြားချက်မှ အဲသယောပိအမတ် အကျိုးခံစားနိုင်အောင် ကူညီပေးနိုင်ခဲ့ခြင်းဖြစ်သည်။ (တမန်တော် ၆:၅၊ ၆; ၈:၅၊ ၂၆-၃၅) ထိုနည်းတူ ယနေ့လည်း ယေဟောဝါ၏ ရည်ရွယ်ချက်များကို မိမိဘာသာ မှန်မှန်ကန်ကန် နားလည်နိုင်သူ တစ်ဦးမျှမရှိ။ မျက်မြင်ရ အဖွဲ့အစည်းတော်မှတစ်ဆင့် မေတ္တာဖြင့် ယေဟောဝါ ပေးသနားသည့် အကူအညီကို ကျွန်ုပ်တို့အားလုံး လိုအပ်ကြသည်။

၉။ အဘယ် ကျမ်းစာဖတ်ခြင်း အစီအစဉ်သည် ကျွန်ုပ်တို့အားလုံးကို အကျိုးပြုနိုင်သနည်း။

ကျမ်းစာကို နားလည်စေရန် ကူညီပေးသည့်အနေနှင့် ယေဟောဝါ၏ အဖွဲ့အစည်းတော်သည် အလွန်ကောင်းသည့် ကျမ်းစာအကြောင်းအရာများကို စာပေအသီးသီးဖြင့် ဖြန့်ချိပေးလျက်ရှိသည်။ ၎င်းအပြင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်အားလုံးတွင်ကျင်းပသည့် သီအိုကရက်တစ် ဓမ္မအမှုကျောင်းနှင့် တွဲဖက်လျက် ပုံမှန် ကျမ်းစာဖတ်ခြင်း အစီအစဉ်ကို ထည့်သွင်းထားသည်။ သမ္မာကျမ်းစာကို ကိုယ်တိုင် လေ့လာဆန်းစစ်ခြင်းမှ ကြီးမားသော အကျိုးကျေးဇူး ရရှိနိုင်သည်။ (ဆာလံ ၁:၁-၃; ၁၉:၇၊ ၈) ကျမ်းစာကို မှန်မှန်ဖတ်ဖြစ်အောင် လုံ့လဝီရိယ အထူးစိုက်ထုတ်ပါ။ ဖတ်သမျှကို အပြည့်အဝ နားမလည်သည့်တိုင်အောင် ကျမ်းစာတစ်အုပ်လုံးကို ခြုံငုံသိရှိထားခြင်းသည် အကြီးအကျယ် အသုံးဝင်ပေသည်။ ဥပမာအားဖြင့် တစ်နေ့လျှင် လေးငါးမျက်နှာဖတ်လျှင် တစ်နှစ်လောက်နှင့် ကျမ်းစာတစ်အုပ်လုံးကို အပြီးဖတ်နိုင်မည်ဖြစ်သည်။

၁၀။ (က) အဘယ်အချိန်တွင် သင် ကျမ်းစာဖတ်သနည်း။ (ခ) ကျမ်းစာဖတ်သည့်အခါ မည်သူတို့ကိုလည်း ပါဝင်စေသင့်သနည်း။ ပုံမှန်ဖတ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၀ မည်သည့်အချိန်တွင် ကျမ်းစာဖတ်နိုင်သနည်း။ ကျမ်းစာဖတ်ရန် တစ်နေ့လျှင် ၁၀ မိနစ် ၁၅ မိနစ် အချိန်ယူနိုင်လျှင် အကျိုးများစွာ ခံစားရပေမည်။ ထိုသို့မလုပ်နိုင်လျှင်လည်း ယုတ်စွအဆုံး အပတ်စဉ်ဖတ်နိုင်ရန် ပုံမှန်အချိန်ဇယားဆွဲ၍ ထိုအစီအစဉ်ဇယားအတိုင်း ကြိုးစား၍လိုက်ပါ။ သင်သည် အိမ်ထောင်သည်ဖြစ်လျှင် လင်မယားအချင်းချင်း ကျမ်းစာကို အသံထွက် ဖတ်ရှုနိုင်ပေသည်။ စာဖတ်နိုင်သည့် သားသမီးများရှိလျှင် အလှည့်ကျ အသံထွက် ဖတ်ခိုင်းနိုင်သည်။ ကျမ်းစာဖတ်ခြင်းသည် အစာစားခြင်းကဲ့သို့ပင် တစ်သက်တာ အလေ့အထ ဖြစ်သင့်သည်။ သင်သိသည့်အတိုင်း အစာစားသည့် အလေ့အထ ညံ့ဖျင်းလျှင် ကျန်းမာရေး ထိခိုက်လာမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာလည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ထာဝရအသက်သည် “ယေဟောဝါ၏ နှုတ်တော်ထွက်စကား ရှိသမျှ” ကို ပုံမှန်မှီဝဲခြင်းအပေါ် မူတည်နေသည်။—မဿဲ ၄:၄ကဘ။

ကျွန်ုပ်တို့၏ ဦးတည်ချက်

၁၁။ ကျမ်းစာဖတ်ရာတွင် အဘယ်ဦးတည်ချက် ထားသင့်သနည်း။

၁၁ ကျမ်းစာဖတ်ခြင်း၏ ဦးတည်ချက်ကား အဘယ်သို့ ဖြစ်သင့်သနည်း။ ကျွန်ုပ်တို့၏ ပန်းတိုင်မှာ သတ်မှတ်စာမျက်နှာများကို အပြီးဖတ်ရန်သာ မဖြစ်သင့်ပေ။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ချစ်သောမေတ္တာ တိုးပွား၍ နှစ်သက်လက်ခံတော်မူသည့်နည်းဖြင့် ကိုယ်တော်အား ကိုးကွယ်နိုင်ရန် ကိုယ်တော့်အကြောင်းကို ကောင်းစွာသိရှိလိုခြင်း ဖြစ်သင့်ပေသည်။ (ယောဟန် ၅:၃၉-၄၂) ကျွန်ုပ်တို့၏သဘောထားသည် “အိုထာဝရဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ” ဟူ၍ ပြောဆိုခဲ့သည့် ကျမ်းရေးသူ၏ သဘောထားမျိုး ဖြစ်သင့်သည်။—ဆာလံ ၂၅:၄

၁၂။ (က) “တိကျမှန်ကန်သော အသိပညာ” ရရှိရန် အဘယ်ကြောင့် လိုအပ်သနည်း။ ထိုအသိပညာ ရရှိရေးအတွက် ကျမ်းစာဖတ်ရာ၌ အဘယ်သို့ လုံ့လဝီရိယ စိုက်ထုတ်ရမည်နည်း။ (ခ) ကျမ်းစာမှဖတ်သည့် အကြောင်းအရာကို အဘယ်ရှုထောင့် လေးခုကိုသုံး၍ အကျိုးရှိရှိ လေ့လာဆန်းစစ်နိုင်သနည်း။ (လေးထောင့်ကွက်ကိုရှု။) (ဂ) ဤအပိုဒ်တွင် ပေးထားသည့် မေးခွန်းများကို ဖြေဆိုခြင်းဖြင့် ထိုအချက်များကို ဥပမာပေး၍ ရှင်းပြပါ။ ညွှန်းထားသော်လည်း ကိုးကားဖော်ပြမထားသည့် ကျမ်းချက်များကို ဖွင့်ဖတ်ပါ။

၁၂ ယေဟောဝါထံတော်မှ သွန်သင်ချက်များကို လက်ခံရရှိရာ၌ ကျွန်ုပ်တို့၏ လိုအင်ဆန္ဒမှာ “တိကျမှန်ကန်သော အသိပညာ” ကိုရယူလိုခြင်း ဖြစ်သင့်သည်။ တိကျမှန်ကန်သော အသိပညာ မရှိလျှင် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို အသက်တာတွင် နည်းမှန်လမ်းကျ မည်သို့ကျင့်သုံးနိုင်မည်နည်း၊ သို့မဟုတ် အခြားသူတို့အား မှန်မှန်ကန်ကန် မည်သို့ ရှင်းပြနိုင်မည်နည်း။ (ကောလောသဲ ၃:၁၀ကဘ; ၂ တိမောသေ ၂:၁၅) တိကျမှန်ကန်သော အသိပညာ ရရှိနိုင်ရန် ဂရုတစိုက် ဖတ်ရမည်။ ခက်ခဲနက်နဲသော အပိုင်းကို နားလည်သဘောပေါက်အောင် တစ်ကြိမ်ထက်မက ဖတ်ရကောင်း ဖတ်ရမည်။ အကြောင်းအရာကို ဆင်ခြင်တွေးတောရန်၊ ရှုထောင့်အဘက်ဘက်မှ စဉ်းစားသုံးသပ်ရန် အချိန်ပေးမည်ဆိုလျှင် အကျိုးရရှိပေမည်။ ဤစာမျက်နှာတွင် စူးစမ်းလေ့လာရန် ဆင်ခြင်တွေးတောစရာ နည်းလမ်းလေးသွယ်ကို ဖော်ပြထားသည်။ ကျမ်းစာ အပိုင်းများစွာကို ဤရှုထောင့်တစ်ခု၊ သို့မဟုတ် တစ်ခုထက်မကဖြင့် အကျိုးရှိရှိ ဆန်းစစ်နိုင်သည်။ နောက်စာမျက်နှာများမှ မေးခွန်းများကို ဖြေသွားရင်းနှင့် သင် သဘောပေါက်လာပါလိမ့်မည်။

 (၁) သင်ဖတ်နေသည့် ကျမ်းစာအပိုင်းတစ်ပိုင်းက ယေဟောဝါသည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း မကြာခဏ ဖော်ပြပေးလေ့ရှိသည်။ သာဓကအားဖြင့် ဆာလံ ၁၃၉:၁၃၊ ၁၄ တွင် သန္ဓေသားအတွက် ဘုရားသခင် အထူးအရေးထားကြောင်းကို ကျွန်ုပ်တို့ သိရှိရသည်– “ကိုယ်တော်သည် . . . အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” ယေဟောဝါ၏ ဖန်ဆင်းခြင်း အမှုတော်များသည် အံ့သြကုန်နိုင်ဖွယ်ပါတကား! လူသားများ ဖန်ဆင်းထားခံရပုံက ကျွန်ုပ်တို့အပေါ် မဟာမေတ္တာတော်ကို ထောက်ခံလျက်ရှိသည်။

 ယောဟန် ၁၄:၉၊ ၁၀ တွင် ယေရှု မိန့်ဆိုခဲ့သည့် စကားကိုထောက်ရှု၍ အခြားသူတို့နှင့် ယေရှု ဆက်ဆံပုံအကြောင်းကို ဖတ်ရှုသည့်အခါ ယေဟောဝါ ကိုယ်တော်တိုင် မည်သို့ပြုမူမည်ကို ကျွန်ုပ်တို့ အမှန်တွေ့မြင်ရသည်။ ဤအချက်ကို စိတ်စွဲလျက် လုကာ ၅:၁၂၊ ၁၃ နှင့် လုကာ ၇:၁၁-၁၅ တွင်မှတ်တမ်းတင်ထားသည့် ဖြစ်ရပ်များမှ ယေဟောဝါအကြောင်း မည်သို့ကောက်ချက် ချနိုင်သနည်း။

 (၂) အကြောင်းအရာသည် ကတိထားရာ အမျိုးအနွယ် ယေရှုခရစ်၏ လက်အောက်ရှိ နိုင်ငံတော်အားဖြင့် ယေဟောဝါ၏ အချုပ်အခြာ အာဏာတော် သင်္ကာယန ကင်းရှင်းစေရေးနှင့် နာမတော် ရိုသေလေးမြတ်စေရေးဟူသော ကျမ်းစာ၏ အဓိက အကြောင်းအချက်နှင့် မည်သို့ ဆက်နွှယ်မှုရှိကြောင်း သုံးသပ်ပါ။

 ကျမ်းစာ၏ အဓိက အကြောင်းအချက်ကို ယေဇကျေလနှင့် ဒံယေလတို့က အဘယ်သို့ အလေးထား ပြောဆိုခဲ့ကြသနည်း။ (ယေဇကျေလ ၃၈:၂၁-၂၃; ဒံယေလ ၂:၄၄၊ ၄၅; ၄:၁၇; ၇:၉-၁၄)

 ယေရှုသည် ကတိထားရာ အမျိုးအနွယ်ဖြစ်ကြောင်း ကျမ်းစာက မည်သို့ ရှင်းလင်းစွာ ဖော်ပြသနည်း။ (ဂလာတိ ၃:၁၆)

 နိုင်ငံတော် အကြောင်းအချက်ဆိုင်ရာ မဟာ အထွတ်အထိပ်အကြောင်းကို ဗျာဒိတ်ကျမ်းက မည်သို့ဖော်ပြသနည်း။ (ဗျာဒိတ် ၁၁:၁၅; ၁၂:၇-၁၀; ၁၇:၁၆-၁၈; ၁၉:၁၁-၁၆; ၂၀:၁-၃; ၂၁:၁-၅)

 (၃) ဖတ်နေသည့် အကြောင်းအရာကို သင်ကိုယ်တိုင် မည်သို့ လက်တွေ့ကျင့်သုံးနိုင်ကြောင်း မိမိကိုယ်ကို မေးကြည့်ပါ။ သာဓကအားဖြင့် ထွက်မြောက်ရာကျမ်းမှ တရားဟောရာကျမ်းအထိ ဣသရေလလူမျိုး၏ ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်းနှင့် ပုန်ကန်ခြင်းအကြောင်းတို့ကို ဖတ်ရသည်။ ထိုစိတ်သဘောထားများနှင့် လုပ်ရပ်များသည် ဆိုးကျိုးများသာ ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့ သိရှိရသည်။ ထို့ကြောင့် ဣသရေလလူမျိုး၏ စံနမူနာအတိုင်း မလိုက်ဘဲနေခြင်းအားဖြင့် ယေဟောဝါ၏ စိတ်တော်နှင့်တွေ့ရန် စေ့ဆော်ခြင်း ခံသင့်ပေသည်။ “ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။”—၁ ကောရိန္သု ၁၀:၁၁

 ကာဣနက အာဗေလကိုသတ်ခြင်း အကြောင်းအရာတွင် ကျွန်ုပ်တို့အဖို့ အဘယ်သင်ခန်းစာ ပါရှိသနည်း။ (ကမ္ဘာဦး ၄:၃-၁၂; ဟေဗြဲ ၁၁:၄; ၁ ယောဟန် ၃:၁၀-၁၅; ၄:၂၀၊ ၂၁)

 ကောင်းကင်မျှော်လင့်ချက်ရှိသည့် ခရစ်ယာန်များအား ပေးသည့် ကျမ်းစာဆုံးမသြဝါဒသည် မြေကြီးပေါ် ထာဝရအသက် မျှော်လင့်ချက်ရှိသူများနှင့်လည်း သက်ဆိုင်ပါသလော။ (တောလည်ရာ ၁၅:၁၆; ယောဟန် ၁၀:၁၆)

 ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်တွင် ကောင်းသောအနေအထား ရရှိထားလင့်ကစား သိရှိပြီးသား ကျမ်းစာသြဝါဒများကို ပို၍ ပြည့်ပြည့်ဝဝ လက်တွေ့ကျင့်သုံးနိုင်ပုံအကြောင်းကို အဘယ်ကြောင့် ဆင်ခြင်သုံးသပ်ရန် လိုအပ်သနည်း။ (၂ ကောရိန္သု ၁၃:၅; ၁ သက်သာလောနိတ် ၄:၁)

 (၄) ဖတ်နေသည့် အကြောင်းအရာများကို အသုံးပြု၍ အခြားသူတို့ကို မည်သို့ ကူညီပေးနိုင်ကြောင်း ဆင်ခြင်တွေးတောပါ။ ကျန်းမာရေး ပြဿနာနှင့်ပတ်သက်၍ လူအားလုံး ပူပန်တတ်သောကြောင့် နိုင်ငံတော်တန်ခိုးနှင့် အုပ်ချုပ်သည့်အခါ သာ၍ကြီးကျယ်သော ပမာဏဖြင့် ယေရှု ပြုတော်မူမည့် အရာများကို သာဓကတင်ပြသည့် ကိုယ်တော့် လုပ်ဆောင်ချက်များအကြောင်းကို သူတို့နှင့်အတူ ဖတ်နိုင်သည်။ “များစွာသော လူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသူများကို ဆောင်ခဲ့ . . . [ကြသဖြင့် ကိုယ်တော်သည် ထိုသူတို့၏] အနာရောဂါများကို ငြိမ်းစေတော်မူ [၏]။”—မဿဲ ၁၅:၃၀

 ယာဣရု၏သမီး ရှင်ပြန်ထမြောက်ခြင်းအကြောင်းဖြင့် မည်သူတို့ကို ကူညီပေးနိုင်မည်နည်း။ (လုကာ ၈:၄၁၊ ၄၂၊ ၄၉-၅၆)

၁၃။ အဆက်မပြတ် ကျမ်းစာဖတ်ခြင်း အစီအစဉ်နှင့် ယေဟောဝါ၏ အဖွဲ့အစည်းတော်နှင့်အတူ လေ့လာသင်ကြားခြင်းတို့မှ အဘယ် အကျိုးရလဒ်များ မျှော်လင့်နိုင်သနည်း။

၁၃ အထက်ဖော်ပြပါ အချက်လေးချက်ကို သုံးသပ်၍ ဖတ်သွားမည်ဆိုပါက ကျမ်းစာဖတ်ခြင်းသည် အကျိုးကြီးလိုက်မည်ဖြစ်ခြင်း! အမှန်ဆိုလျှင် ကျမ်းစာဖတ်ခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့ကို တစ်သက်တာလုံး အကျိုးပြုသွားနိုင်သည်၊ အကြောင်းမှာ ကျမ်းစာကို ဖတ်သွားသည်နှင့်အမျှ ဝိညာဉ်ရေးဘက် သန်စွမ်းကြီးထွားလာပေမည်။ ကျမ်းစာကို မှန်မှန်ဖတ်ခြင်းဖြင့် မေတ္တာရှင် ခမည်းတော် ယေဟောဝါနှင့်လည်းကောင်း၊ ခရစ်ယာန် ညီအစ်ကိုများနှင့်လည်းကောင်း ပို၍ ချစ်ခင်ရင်းနှီးလာလိမ့်မည်။ “အသက်နှင့်ဆိုင်သော နှုတ်ကပါဌ်တရားတော်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လော့” ဟူသောသြဝါဒကို အလေးဂရုပြရာ၌လည်း အထောက်အကူ ပြုပေလိမ့်မည်။—ဖိလိပ္ပိ ၂:၁၆ကဘ။

[အောက်ခြေမှတ်ချက်]

a ကျမ်းစာသည် ဆင်ခြင်သုံးသပ်ထိုက်သော စာအုပ်ဖြစ်ကြောင်း ဆွေးနွေးချက်အတွက် ယေဟောဝါသက်သေများ ပုံနှိပ်ထုတ်ဝေသည့် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာကိုရှု။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ကျမ်းစာကို ရေးသား၍ ယနေ့တိုင်အောင် ထိန်းသိမ်းထားခဲ့ရခြင်းမှာ အဘယ်ကြောင့်နည်း။

• ကျမ်းစာကို အခြားသူများ တန်ဖိုးထားလေးမြတ်လာအောင် မည်သို့ ကူညီပေးနိုင်သနည်း။

• ကျမ်းစာကို ကိုယ်တိုင် မှန်မှန်ဖတ်ခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ ဖတ်သည့်အကြောင်းအရာအပေါ် အဘယ်ရှုထောင့် လေးခုကိုသုံးလျက် အကျိုးရှိရှိ လေ့လာဆန်းစစ်နိုင်သနည်း။

[လေ့လာရန် မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

ကျမ်းစာ အပိုင်းတစ်ပိုင်းကို ဖတ်သည့်အခါ အောက်ပါအချက်တို့ကို စဉ်းစားသုံးသပ်ပါ

ဤအပိုင်းသည် ပုဂ္ဂိုလ်တစ်ပါးအနေနှင့် ယေဟောဝါအကြောင်း အဘယ်အရာ ဖော်ပြထားပုံ

ဤအပိုင်းသည် ကျမ်းစာ၏ ခြုံငုံအဓိကအချက်နှင့် မည်သို့ ဆက်နွှယ်လျက်ရှိပုံ

ဤအပိုင်းသည် သင့်ကိုယ်တိုင်၏ အသက်တာအပေါ် မည်သို့ အကျိုးသက်ရောက်သင့်ပုံ

ဤအပိုင်းကို အသုံးပြု၍ အခြားသူတို့ကို မည်သို့ကူညီပေးနိုင်ပုံ