မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၉

“ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ခြင်း”

“ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ခြင်း”

၁-၃။ (က) ခမည်းတော်နှင့်တူလိုစိတ်ရှိရန် ယေရှုအား အဘယ်အရာက စေ့ဆော်ပေးသနည်း။ (ခ) ယေရှုမေတ္တာတော်၏ အဘယ်အသွင်အပြင်များကို ကျွန်ုပ်တို့ ဆန်းစစ်ကြည့်ကြမည်နည်း။

ဖခင်နှင့်တူရန် ကြိုးစားအတုခိုးတတ်သော ကလေးတစ်ဦးကို သင်တွေ့ဖူးသလော။ ထိုသားငယ်သည် ဖခင်လမ်းလျှောက်ပုံ၊ စကားပြောပုံ၊ ပြုမူလုပ်ကိုင်ပုံတို့ကို အတုယူပေလိမ့်မည်။ အတန်ကြာသော် ထိုသူငယ်သည် ဖခင်၏ကျင့်ဝတ်နှင့် ဝိညာဉ်ရေးဆိုင်ရာ စံများကိုပင် ခံယူပေလိမ့်မည်။ မှန်ပါသည်၊ မေတ္တာရှိသောဖခင်တစ်ဦးအပေါ် သားဖြစ်သူ၏ ချစ်မြတ်နိုးမှုနှင့် ချီးမွမ်းအံ့သြမှုက သူ၏ဖခင်နှင့်တူရန် လှုံ့ဆော်မှုဖြစ်စေသည်။

ယေရှုနှင့် ကိုယ်တော်၏ကောင်းကင်ခမည်းတော်တို့စပ်ကြားရှိ ဆက်ဆံရေးကော အသို့နည်း။ “ငါသည် ခမည်းတော်ကိုချစ်သည်” ဟု ယေရှု တစ်ခါကမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၃၁) မည်သည့်သက်ရှိသတ္တဝါမျှ မရှိမီ ကြာမြင့်စွာအချိန်ကတည်းက ခမည်းတော်နှင့် အတူရှိခဲ့သော ဤသားတော်ထက် ယေဟောဝါအား ချစ်ခြင်းမေတ္တာရှိနိုင်မည့်သူ မည်သူမျှရှိမည်မဟုတ်ချေ။ ထိုချစ်ခြင်းမေတ္တာက ဤသစ္စာနှံသားအား ဖခင်နှင့်တူလိုစိတ် ရှိစေခဲ့သည်။—ယောဟန် ၁၄:၉

ဤစာအုပ်၏ရှေ့ပိုင်းအခန်းများ၌ ယေဟောဝါ၏တန်ခိုးတော်၊ တရားမျှတမှုနှင့် ဉာဏ်ပညာကို ယေရှု မည်သို့စုံလင်စွာတုပကြောင်း ဆွေးနွေးတင်ပြခဲ့ပြီ။ သို့သော် ခမည်းတော်၏မေတ္တာကို ယေရှု မည်သို့ရောင်ပြန်ဟပ်ခဲ့သနည်း။ ယေရှု၏မေတ္တာတော်အသွင်အပြင် သုံးခုဖြစ်သော ကိုယ်တော်၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်၊ သနားကြင်နာမှုနှင့် ခွင့်လွှတ်ရန် တလိုတလားရှိမှုတို့ကို ဆန်းစစ်ကြည့်ကြပါစို့။

ဤ “မေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ”

၄။ ယေရှုသည် လူ့ကိုယ်ကျိုးစွန့်မေတ္တာ၏ အကြီးမားဆုံးပုံနမူနာကို မည်သို့ပြခဲ့သနည်း။

ယေရှုသည် ကိုယ်ကျိုးစွန့်မေတ္တာပြရာတွင် ထူးခြားထင်ရှားသောပုံသက်သေ ချမှတ်ခဲ့သည်။ ကိုယ်ကျိုးစွန့်ခြင်း၌ မိမိအကျိုးထက် သူတစ်ပါးအကျိုး၊ သူတစ်ပါးလိုအပ်ရာများကို ဦးစားပေးခြင်းပါဝင်သည်။ ထိုသို့သောမေတ္တာကို ယေရှု မည်သို့ပြခဲ့သနည်း။ ကိုယ်တော်တိုင် ဤသို့ရှင်းပြသည်– “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၃) ယေရှုသည် မိမိ၏စုံလင်သောအသက်ကို ကျွန်ုပ်တို့အတွက် တလိုတလားပေးခဲ့သည်။ ယင်းသည် ပြခဲ့ဖူးသမျှမေတ္တာတွင် အကြီးမြတ်ဆုံးမေတ္တာပြနည်းဖြစ်သည်။ သို့သော် ယေရှုသည် ကိုယ်ကျိုးစွန့်မေတ္တာကို အခြားနည်းလမ်းများဖြင့်လည်း ပြခဲ့သေးသည်။

၅။ ကောင်းကင်မှထွက်ခွာခဲ့ခြင်းသည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်အတွက် မေတ္တာပါသည့် စွန့်လွှတ်မှုတစ်ခု အဘယ်ကြောင့်ဖြစ်ရသနည်း။

လူသားဘဝမတိုင်မီတွင် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် ကောင်းကင်၌ အထူးချီးမြှောက်ခြင်းခံခဲ့ရသည်။ ကိုယ်တော်သည် ယေဟောဝါနှင့်လည်းကောင်း၊ မြောက်မြားလှစွာသော နာမ်ဝိညာဉ်သတ္တဝါတို့နှင့်လည်းကောင်း လက်ပွန်းတတီး ရင်းနှီးစွာပေါင်းသင်းဆက်ဆံမှုရှိခဲ့သည်။ ထိုအခွင့်ထူးများကို ကိုယ်တိုင်ခံစားရလျက်နှင့် ဤချစ်မြတ်နိုးရသောသားတော်သည် “မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။” (ဖိလိပ္ပိ ၂:၇) ထို့နောက် ကိုယ်တော်သည် “မာရ်နတ်၏လက်၌ရှိ” သော ဤကမ္ဘာမြေပေါ် အပြစ်သားများကြား အသက်ရှင်နေထိုင်ရန် တလိုတလားကြွရောက်လာခဲ့သည်။ (၁ ယောဟန် ၅:၁၉) ဘုရားသခင်၏သားတော် ထိုသို့ပြုလုပ်တော်မူခဲ့ခြင်းသည် မေတ္တာပါသောစွန့်လွှတ်မှုတစ်ခု မဟုတ်ပေလော။

၆၊ ၇။ (က) ယေရှုသည် မြေကြီးပေါ် ဓမ္မအမှုဆောင်စဉ်ကာလအတွင်း အဘယ်နည်းများဖြင့် ကိုယ်ကျိုးစွန့်မေတ္တာပြခဲ့သနည်း။ (ခ) ကိုယ်ကျိုးမဖက်သောမေတ္တာနှင့်ပတ်သက်၍ နှလုံးသားကိုထိမိစေသည့် အဘယ်ပုံနမူနာကို ယောဟန် ၁၉:၂၅-၂၇ တွင်မှတ်တမ်းတင်ထားသနည်း။

ယေရှုသည် မြေကြီးပေါ်ဓမ္မအမှုဆောင်စဉ်တစ်လျှောက် ကိုယ်ကျိုးစွန့်မေတ္တာကို နည်းအမျိုးမျိုးဖြင့်ပြခဲ့သည်။ ကိုယ်တော်သည် လုံးဝတစ်ကိုယ်ကောင်းမဆန်ခဲ့ပါ။ ဓမ္မအမှုတွင် မိမိကိုယ်ကိုလုံးလုံးမြှုပ်နှံထားသဖြင့် လူအများ ခံစားလေ့ရှိ သာမန်မွေ့လျော်မှုများကိုပင် ကိုယ်တော်အနစ်နာခံ စွန့်လွှတ်ခဲ့သည်။ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှမရှိ” ဟု ကိုယ်တော်မိန့်တော်မူခဲ့၏။ (မဿဲ ၈:၂၀) ကျွမ်းကျင်သောလက်သမားဆရာတစ်ဦးဖြစ်ရာ ယေရှုသည် မိမိကိုယ်ပိုင်အိမ်ကောင်းတစ်လုံးဆောက်ရန်၊ သို့မဟုတ် ငွေပိုငွေလျှံရှိဖို့ လှပသောပရိဘောဂပြုလုပ်ရောင်းချရန် အချိန်ယူလုပ်ကိုင်နိုင်သည်။ သို့သော် ယေရှုသည် စည်းစိမ်ရှိရန် မိမိ၏ကျွမ်းကျင်မှုကို အသုံးမပြုခဲ့ချေ။

ယေရှု၏ကိုယ်ကျိုးစွန့်မေတ္တာနှင့်ပတ်သက်၍ အမှန်ပင် စိတ်နှလုံးထိမိစေသောပုံနမူနာတစ်ရပ်ကို ယောဟန် ၁၉:၂၅-၂၇ တွင် မှတ်တမ်းတင်ဖော်ပြထားပါသည်။ ယေရှုသေဆုံးမည့် မွန်းလွဲပိုင်းတွင် ကိုယ်တော်စဉ်းစားနေမည့်အကြောင်းအရာများကို စိတ်ကူးကြည့်ပါ။ နှက်တိုင်ပေါ်တွင် ကိုယ်တော်ဝေဒနာခံနေရစဉ် မိမိ၏တပည့်တော်များအတွက်၊ ဟောပြောခြင်းလုပ်ငန်းအတွက်၊ အထူးသဖြင့် ကိုယ်တော်၏တည်ကြည်မှုအတွက်နှင့် ယင်းသည် ခမည်းတော်၏နာမတော်ကို မည်သို့ထိခိုက်နိုင်ကြောင်း စိုးရိမ်ပူပန်နေသည်။ လူသားတစ်ရပ်လုံး၏အနာဂတ်သည် ကိုယ်တော့်အပေါ်တွင် တည်ရှိနေပါသည်တကား! သို့တိုင် ကိုယ်တော်မသေဆုံးမီကလေးတွင် ထိုအချိန်၌ မုဆိုးမဖြစ်နေဟန်ရှိသော မိခင်မာရိအတွက်လည်း ယေရှုစိုးရိမ်ပူပန်ခဲ့သည်။ မာရိအား မိခင်ရင်းသဖွယ်စောင့်ရှောက်ပေးရန် တမန်တော်ယောဟန်ကို ယေရှုတောင်းဆိုခဲ့ရာ အဆိုပါတမန်တော်က မာရိကို သူ့အိမ်သို့ ခေါ်ဆောင်သွားသည်။ ဤနည်းဖြင့် ယေရှုသည် မိခင်၏ကာယရေးနှင့် ဝိညာဉ်ရေးအတွက် ဂရုစိုက်စီစဉ်ပေးခဲ့သည်။ တကယ့်ကိုယ်ကျိုးမဖက်သောမေတ္တာဆိုင်ရာ ကြင်နာယုယမှုပင်!

‘သနားခြင်းစိတ်တော်ရှိ၏’

၈။ ယေရှု၏သနားကြင်နာမှုကိုဖော်ပြရန် သမ္မာကျမ်းစာအသုံးပြုထားသော ဂရိစကားလုံး၏အဓိပ္ပာယ်ကားအဘယ်နည်း။

ယေရှုသည် ခမည်းတော်နည်းတူ သနားကြင်နာစိတ်ရှိ၏။ ကိုယ်တော်သည် အလွန်သနားတတ်သဖြင့် ဒုက္ခဝေဒနာခံစားရသူတို့ကို ကြိုးစားကူညီပေးသည်ဟု သမ္မာကျမ်းစာက ပုံဖော်ပြထားသည်။ ယေရှု၏သနားကြင်နာမှုကို ဖော်ပြရန် သမ္မာကျမ်းစာက “သနားသောစိတ်ရှိသဖြင့်” ဟုဘာသာပြန်ဆိုထားသည့် ဂရိစကားလုံးတစ်လုံးကို အသုံးပြုသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆိုသည်– “ယင်းသည် . . . လူတစ်ဦး၏အတွင်းအကျဆုံး ခံစားချက်များကို ထိမိသည့် စိတ်လှုပ်ရှားမှုကို ဖော်ညွှန်း . . . သည်။ ယင်းသည် ဂရိဘာသာစကားတွင် ထောက်ထားကြင်နာသည့် ခံစားချက်နှင့်ပတ်သက်၍ ပြင်းထန်ထိရောက်မှုအရှိဆုံးသော ဝေါဟာရ ဖြစ်သည်။” အလွန်သနားကြင်နာစိတ်ရှိခြင်းကြောင့် ယေရှုအား မဖြစ်မနေလုပ်ဆောင်စေသည့် အခြေအနေအချို့ကို သုံးသပ်ကြည့်ပါ။

၉၊ ၁၀။ (က) ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ဆိတ်ညံရာအရပ်ကိုရှာရန် အဘယ်အခြေအနေက ဖန်တီးခဲ့သနည်း။ (ခ) လူအုပ်ကြောင့် ကိုယ်တော်သည် အေးအေးလူလူ သီးသန့်မနေနိုင်တော့သည့်အခါ ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်စွက်ပေးရန် လှုံ့ဆော်ခံရ။ အထူးသဖြင့် အဘယ်အရာက ယေရှုကိုသနားသွားစေခဲ့ကြောင်း မာကု ၆:၃၀-၃၄ ပါမှတ်တမ်းကဖော်ပြသည်။ ထိုမြင်ကွင်းကို ပုံဖော်ကြည့်ပါ။ တမန်တော်များသည် ဒေသစာရီလှည့်လည်၍ နေရာအနှံ့ဟောပြောပြီးခါစရှိသောကြောင့် စိတ်လှုပ်ရှားလျက်နေကြသည်။ ယေရှုထံ သူတို့ပြန်ရောက်လာကြသည့်အခါ သူတို့မြင်တွေ့ကြားသိခဲ့သမျှကို ကြားလျှောက်ကြ၏။ သို့သော် လူအုပ်ကြီး စုဝေးလာရာ ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် အစာစားရန် အချိန်ပင်မရခဲ့ချေ။ အမြဲပင်ဂရုစိုက်တတ်သော ယေရှုသည် တမန်တော်များ မောပန်းနေကြောင်း သတိပြုမိလေသည်။ သူတို့အား ကိုယ်တော်က “တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ငြိမ်သက်စွာနေကြ” ဟုမိန့်တော်မူခဲ့သည်။ ထိုအခါ သူတို့သည် လှေစီး၍ ဂါလိလဲပင်လယ် မြောက်ဘက်အစွန်အဖျား တစ်ဖက်ကမ်းရှိ ဆိတ်ညံရာအရပ်သို့ ရွက်လွှင့်ခဲ့ကြသည်။ သို့သော် လူအုပ်က သူတို့ထွက်ခွာသွားကြောင်းကို တွေ့မြင်လိုက်၏။ အခြားသူတို့ကလည်း သတင်းရကြသည်။ သို့နှင့် သူတို့အားလုံး မြောက်ဘက်ကမ်းရိုးတမ်းတစ်လျှောက် အပြေးအလွှားသွားကြ၍ လှေထက်အရင် တစ်ဖက်ကမ်းသို့ရောက်နှင့်နေကြသည်။

၁၀ အေးအေးလူလူသီးသန့် မနေလိုက်ရသောကြောင့် ယေရှု စိတ်အနှောင့်အယှက်ဖြစ်သွားသလော။ လုံးဝမဖြစ်ပါ! ကိုယ်တော်အား စောင့်မျှော်နေကြသော ထောင်နှင့်ချီသည့် ဤလူအုပ်ကိုတွေ့မြင်လိုက်ရာ ကိုယ်တော်စိတ်ထိခိုက်သွားသည်။ မာကုက ဤသို့ရေးသားခဲ့သည်– “လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမသြဝါဒကို ပေးတော်မူ၏။” ဤသူတို့သည် ဝိညာဉ်ရေးဘက်လိုအပ်နေသူများဖြစ်ကြောင်း ယေရှုတွေ့မြင်လိုက်သည်။ သူတို့သည် လမ်းပြမရှိ၊ ကာကွယ်ပေးမည့် သိုးထိန်းမရှိ၊ အကူအညီမဲ့စွာ လမ်းလွဲနေကြသော သိုးများနှင့်တူနေကြသည်။ ဂရုစိုက်ကြည့်ရှုသော သိုးထိန်းများဖြစ်ကြရမည့်၊ စာနာမှုကင်းမဲ့သည့် ဘာသာရေးခေါင်းဆောင်များသည် ထိုသာမန်လူတို့ကို လျစ်လျူရှုထားကြကြောင်း ယေရှုသိတော်မူ၏။ (ယောဟန် ၇:၄၇-၄၉) လူတို့အပေါ် ကိုယ်တော်၏သနားစိတ်ယိုဖိတ်သဖြင့် “ဘုရားသခင့်နိုင်ငံတော်၏အကြောင်း” သူတို့ကို ကိုယ်တော် စသွန်သင်လေသည်။ (လုကာ ၉:၁၁) ကိုယ်တော်၏သွန်သင်မှုကို သူတို့မည်သို့တုံ့ပြန်မည်ကို မသိမီကပင် ယေရှုသည် သူတို့ကိုသနားကြောင်း သတိပြုပါ။ တစ်နည်းဆိုသော် သနားခြင်းကရုဏာမှာ လူအုပ်အား ကိုယ်တော်သွန်သင်ပေးခြင်းကြောင့် ဖြစ်ပေါ်လာရာမဟုတ်ဘဲ ထိုသို့သွန်သင်ပေးရခြင်းအတွက် သဘောထားဖြစ်သည်။

‘ကိုယ်တော်သည် လက်တော်ကိုဆန့်၍ ထိုသူကို တို့လေသည်’

၁၁၊ ၁၂။ (က) ကျမ်းစာခေတ်က အနာကြီးရောဂါသည်တို့ကို မည်သို့ယူမှတ်ခဲ့ကြသနည်း၊ သို့သော် ယေရှုထံသို့ “တစ်ကိုယ်လုံးနူနာစွဲ” သူတစ်ဦး ချဉ်းကပ်လာသောအခါ ကိုယ်တော် မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ယေရှု တို့ထိလိုက်သည့်အတွက် ထိုအနာကြီးရောဂါသည် မည်သို့ခံစားလိုက်ရမည်နည်း၊ ယင်းကို ဆရာဝန်တစ်ဦး၏အတွေ့အကြုံက မည်သို့သရုပ်ဖော်သနည်း။

၁၁ ဝေဒနာကိုသက်သာစေရန် ပြုလုပ်ပေးဖို့ လှုံ့ဆော်ခံရသည်။ အဖျားအနာအမျိုးမျိုးခံစားနေရသူတို့သည် ယေရှု၌ သနားကြင်နာစိတ်ရှိကြောင်း သိမြင်သဖြင့် ကိုယ်တော်ထံသို့ ဆွဲဆောင်ခံရခဲ့ကြ၏။ ထိုသို့ဖြစ်ကြောင်း ယေရှုနောက် လူအုပ်လိုက်ပါလာသည့်တစ်ချိန်၌ “တစ်ကိုယ်လုံးနူနာစွဲသော” လူတစ်ဦး ချဉ်းကပ်ခဲ့ခြင်းက အထူးသဖြင့် ထင်ရှားသည်။ (လုကာ ၅:၁၂) ကျမ်းစာခေတ်က အခြားသူတို့ ရောဂါမကူးစက်စေရန် အနာကြီးရောဂါသည်များကို သီးသန့်ထားခဲ့သည်။ (တောလည်ရာ ၅:၁-၄) သို့ရာတွင် အတန်ကြာလေသော် ရဗ္ဗိခေါင်းဆောင်များသည် အနာကြီးရောဂါသည်များအပေါ် နှလုံးသားကင်းမဲ့သည့်အမြင် မွေးမြူခဲ့ကြကာ သူတို့၏ကိုယ်ပိုင်စည်းမျဉ်းများထုတ်၍ ဖိနှိပ်ခဲ့ကြသည်။ * သို့သော် အနာကြီးရောဂါသည်တစ်ဦးအား ယေရှုတုံ့ပြန်ခဲ့ပုံကို သတိပြုပါ– “နူနာစွဲသောသူတစ်ယောက်သည် အထံတော်သို့လာ၍ဒူးထောက်လျက်၊ ‘ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်’ ဟု တောင်းပန်လေ၏။ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ‘ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ’ ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။” (မာကု ၁:၄၀-၄၂) အဆိုပါအနာကြီးရောဂါသည် ထိုတွင်ရှိနေခြင်းကပင် ပညတ်ကိုဆန့်ကျင်ရာရောက်ကြောင်း ယေရှုသိတော်မူ၏။ သို့တိုင် ထိုသူကို ယေရှုနှင်ထုတ်လိုက်မည့်အစား အလွန်သနားသဖြင့် မမျှော်လင့်ရာတစ်ခုကို ပြုလုပ်ခဲ့၏။ သူ့ကို ယေရှုတို့ထိလိုက်ခြင်းပင်!

၁၂ ထိုအနာကြီးရောဂါသည်ကို ယေရှုတို့ထိလိုက်ခြင်းက သူ့အတွက် မည်မျှအဓိပ္ပာယ်ရှိခဲ့မည်ကို သင်စဉ်းစားကြည့်နိုင်သလော။ ဥပမာပြရန် ဤအတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ အနာကြီးရောဂါအထူးကုဖြစ်သူ ဒေါက်တာ ပေါလ် ဘရန်ဒ်က အိန္ဒိယပြည်တွင် မိမိကုသပေးခဲ့သော အနာကြီးရောဂါသည်တစ်ဦးအကြောင်း ပြောပြသည်။ စစ်ဆေးစမ်းသပ်စဉ် အဆိုပါဆရာဝန်က အနာကြီးရောဂါသည်၏ပခုံးပေါ် လက်တင်၍ ထိုသူခံယူရမည့် ဆေးကုသမှုအကြောင်း စကားပြန်တစ်ဦးအားဖြင့် ရှင်းပြခဲ့သည်။ ထိုစဉ် အနာကြီးရောဂါသည်မှာ ရုတ်တရက် ငိုချလိုက်လေသည်။ “ကျွန်တော် စကားပြောမှားသွားသလား” ဟု ဆရာဝန်မေးလိုက်ရာ စကားပြန်က ထိုလူငယ်ကို သူ၏ဘာသာစကားဖြင့်မေးပြီး ဤသို့ပြန်ဖြေဆိုခဲ့သည်– “မဟုတ်ဘူး၊ ဆရာ။ သူငိုရတဲ့အကြောင်းရင်းက ဆရာက သူ့ပခုံးပေါ် လက်တင်ထားလို့ပါ။ သူဒီကိုမရောက်လာခင်အထိ နှစ်ပေါင်းအတော်ကြာကြာ ဘယ်သူကမှ သူ့ကို အဖက်လုပ်၊ တို့ထိတာ မရှိခဲ့ဖူးဘူးတဲ့။” ယေရှုထံချဉ်းကပ်ခဲ့သော ထိုအနာကြီးရောဂါသည်အတွက်မှာမူ သူ တို့ထိခံလိုက်ရခြင်းသည် ထိုထက် သာ၍ပင် အဓိပ္ပာယ်ရှိ၏။ တစ်ချက်တည်း တို့ထိခံလိုက်ရရုံဖြင့် သူ့အား ဖယ်ကြဉ်ခံရသူတစ်ဦးဖြစ်စေခဲ့သည့်ရောဂါ လုံးလုံးပျောက်ကင်းသွားလေသည်တကား!

၁၃၊ ၁၄။ (က) နာဣနမြို့အနီးသို့ရောက်သောအခါ အဘယ်လူတန်းကြီးနှင့် ယေရှုကြုံကြိုက်ခဲ့သနည်း၊ ယင်းက အထူးသဖြင့် ဝမ်းနည်းဖွယ်အခြေအနေ အဘယ်ကြောင့်ဖြစ်သနည်း။ (ခ) ယေရှု၏သနားကြင်နာမှုက နာဣနမြို့မှ မုဆိုးမ၏အကျိုးအတွက် ကိုယ်တော်အား အဘယ်အမှုပြုလုပ်ဖို့ စေ့ဆော်ပေးခဲ့သနည်း။

၁၃ ဝမ်းနည်းပူဆွေးမှုဖြေဖျောက်ပေးဖို့ လှုံ့ဆော်ခံရသည်။ ယေရှုသည် သူတစ်ပါး ဝမ်းနည်းပူဆွေးသည်ကို တွေ့မြင်၍ အလွန်စိတ်ထိခိုက်ခဲ့သည်။ ဥပမာ၊ လုကာ ၇:၁၁-၁၅ ပါမှတ်တမ်းကိုသုံးသပ်ကြည့်ပါ။ ထိုအဖြစ်အပျက်သည် ကိုယ်တော့်ဓမ္မအမှုဆောင်ချိန်ထက်ဝက်ခန့်က ဂါလိလဲပြည်၊ နာဣနမြို့စွန်သို့ ယေရှုရောက်ရှိချိန်၌ ဖြစ်ပျက်ခဲ့သည်။ မြို့တံခါးအနီးသို့ ယေရှုရောက်သွားစဉ် ဈာပနပို့သည့်လူတန်းနှင့် ကြုံကြိုက်ခဲ့သည်။ အထူးဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အခြေအနေဖြစ်သည်။ မုဆိုးမ၏တစ်ဦးတည်းသောသား သေဆုံးသွား၏။ ထိုအမျိုးသမီးသည် သူ့ခင်ပွန်း၏ဈာပနကို ဤသို့ပင်ကျင်းပခဲ့ဖူးမည်။ ဤတစ်ကြိမ်တွင် သူ့အား အလုပ်အကြွေးပြုနေသူဖြစ်နိုင်သည့် သူ၏သားဈာပနဖြစ်သည်။ သူနှင့်အတူ ငိုချင်းသည်များနှင့် ဝမ်းနည်းကြေကွဲဖွယ်တီးလုံးများကို တီးမှုတ်ကြသူများလည်း လိုက်ပါလာခဲ့ကြမည်။ (ယေရမိ ၉:၁၇၊ ၁၈; မဿဲ ၉:၂၃) သို့သော် ယေရှုသည် သား၏ရုပ်ကလာပ်ကို သယ်ဆောင်လာသော အလောင်းစင်ဘေး လျှောက်နေမည့် ရင်ကွဲပက်လက်ဖြစ်နေရှာသောမိခင်ကိုသာ အာရုံစိုက်ကြည့်နေသည်။

၁၄ ကိုယ်တော်သည် ပူဆွေးကြေကွဲနေသည့် ကျန်ရစ်သူမိခင်ကို “သနားခြင်းစိတ်တော်ရှိ” လေသည်။ သို့ဖြစ်၍ နှစ်သိမ့်သောလေသံဖြင့် ကိုယ်တော်က “မငိုနှင့်” ဟုမိန့်တော်မူ၏။ ထို့နောက် အနီးသို့ကိုယ်တော်ကြွသွား၍ တလားကိုလက်နှင့်ကိုင်တော်မူ၏။ ထိုအခါ ထမ်းသောသူတို့နှင့် လူအုပ်ပါရပ်သွားကြစဉ် အာဏာသံအပြည့်ဖြင့် ယေရှုသည် သက်မဲ့ကိုယ်ခန္ဓာကို “အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်” ဟုမိန့်တော်မူလေသည်။ ၎င်းနောက် အဘယ်အရာဖြစ်ပျက်သနည်း။ အိပ်မောကျနေရာမှ အနှိုးခံရသည့်အလား “သေသောသူသည် ထိုင်၍စကားပြော၏!” ထို့နောက် နှလုံးအလွန်ထိမိသောဖော်ပြချက်ကို ဖတ်ရ၏– “[ယေရှု] သည်လည်း ထိုသူကို မိခင်အားအပ်ပေးတော်မူ၏။”

၁၅။ (က) ယေရှုသည် သနားတတ်ကြောင်း သမ္မာကျမ်းစာမှတ်တမ်းများက သနားကြင်နာမှုနှင့် ပြုမူလုပ်ဆောင်မှုများစပ်ကြား အဘယ်ဆက်နွှယ်မှုရှိကြောင်း ဖော်ပြသနည်း။ (ခ) ယင်းနှင့်ပတ်သက်၍ ယေရှုကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။

၁၅ ဤမှတ်တမ်းများမှ ကျွန်ုပ်တို့ အဘယ်အရာ သိရှိရသနည်း။ ဖြစ်ရပ်တစ်ခုစီတွင် သနားကြင်နာမှုနှင့် ပြုမူလုပ်ဆောင်မှု ဆက်နွှယ်နေကြောင်း သတိပြုပါ။ ယေရှုသည် အခြားသူတို့၏အခြေအနေဆိုးကိုမြင်ပြီး မသနားဘဲ မနေနိုင်ခဲ့ပါ၊ ထို့အပြင် ထိုသို့သနားလာသည့်အခါ လုပ်ဆောင်မှုမပါဘဲ မနေနိုင်ခဲ့ချေ။ ကိုယ်တော်၏စံနမူနာကို ကျွန်ုပ်တို့ မည်သို့တုပနိုင်မည်နည်း။ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောရန်နှင့် တပည့်ဖြစ်စေရန် တာဝန်ရရှိထားကြသည်။ အဓိကအားဖြင့် ဘုရားသခင်အား ချစ်သောမေတ္တာ၏စေ့ဆော်မှုကြောင့် ထိုတာဝန်ကို ကျွန်ုပ်တို့ထမ်းဆောင်ကြ၏။ သို့သော် ဤလုပ်ငန်းသည် သနားကြင်နာမှုဆိုင်ရာ လုပ်ငန်းဖြစ်သည်ကိုလည်း သတိရပါ။ ယေရှုကဲ့သို့ပင် လူတို့အတွက် ကျွန်ုပ်တို့ခံစားပေးတတ်လျှင် သူတို့ကိုသတင်းကောင်းဟောပြောရန် မိမိတတ်နိုင်သမျှပြုလုပ်ဖို့ စေ့ဆော်ခံရပါလိမ့်မည်။ (မဿဲ ၂၂:၃၇-၃၉) ဆင်းရဲဒုက္ခခံနေရသူ၊ ဝမ်းနည်းကြေကွဲနေသူ ယုံကြည်သူချင်းတို့အား သနားကြင်နာမှု ပြသခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ကျွန်ုပ်တို့သည် အံ့ဖွယ်နည်းဖြင့် ဝေဒနာပျောက်ကင်းစေနိုင်မည်မဟုတ်၊ လူသေကိုလည်း ပြန်ရှင်စေနိုင်မည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့၏စိုးရိမ်မှုကို ကိုယ်တိုင်အစပြု ဖော်ပြပေးခြင်း၊ သို့မဟုတ် သင့်လျော်သည့် လက်တွေ့ကျနည်းဖြင့်ကူညီပေးခြင်းအားဖြင့် သနားကြင်နာမှုကို တင်ပြနိုင်ကြသည်။—ဧဖက် ၄:၃၂

“အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ”

၁၆။ ယေရှုသည် ညှဉ်းဆဲရာနှက်တိုင်တင်ခံနေရစဉ်ပင် ခွင့်လွှတ်ရန်အသင့်ရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။

၁၆ ယေရှုသည် ကိုယ်တော့်ခမည်းတော်၏မေတ္တာကို အရေးပါသောနောက်တစ်နည်းဖြင့် စုံလင်စွာရောင်ပြန်ဟပ်ပြခဲ့သည်– ကိုယ်တော်သည် “အပြစ်လွှတ်” ရန်အသင့်ရှိခဲ့ခြင်းပင်။ (ဆာလံ ၈၆:၅သမ္မာ) ကိုယ်တော်သည် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အတင်ခံရစဉ်၌ပင် ဤတလိုတလားစိတ်ကို အထင်အရှားပြခဲ့သည်။ ကိုယ်တော်၏လက်နှင့် ခြေတို့ကို သံဖြင့်ရိုက်နှက်၍ အရှက်တကွဲအကျိုးနည်းစွာ သေရတော့မည့်အချိန်၌ပင် ယေရှုသည် အဘယ်အကြောင်း ပြောဆိုခဲ့သနည်း။ ကိုယ်တော်အား အဆုံးစီရင်သူတို့ကို အပြစ်ပေးဖို့ ယေဟောဝါထံတောင်းဆိုခဲ့ပါသလော။ ထိုသို့ပြောဆိုမည့်အစား ယေရှု၏နောက်ဆုံးစကားများမှာ “သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” ဟူ၍ဖြစ်သည်။—လုကာ ၂၃:၃၄ *

၁၇-၁၉။ မိမိအားသုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သော တမန်တော်ပေတရုကို ယေရှုခွင့်လွှတ်ကြောင်း အဘယ်နည်းများဖြင့် ဖော်ပြခဲ့သနည်း။

၁၇ တမန်တော်ပေတရုကို ယေရှုခွင့်လွှတ်၍ ဆက်ဆံခဲ့ပုံက သာ၍ပင်စိတ်နှလုံးထိမိစရာ ပုံဥပမာဖြစ်သည်။ ယေရှုကို ပေတရု အလွန်ချစ်ကြောင်း ယုံမှားဖွယ်အကြောင်းမရှိချေ။ နိသန်လ ၁၄ ရက်၊ ယေရှုမြေကြီးအသက်တာ၏နောက်ဆုံးညတွင် ပေတရုက ကိုယ်တော်အား “သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာအသင့်ရှိပါ၏” ဟုပြောခဲ့သည်။ သို့တိုင် နာရီအနည်းငယ်အကြာတွင် ယေရှုကိုသိပင်မသိဟု သုံးကြိမ်တိုင်တိုင် ပေတရုငြင်းပယ်ခဲ့သည်တကား! တတိယအကြိမ် ပေတရုငြင်းပယ်ပြောဆိုစဉ် အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “သခင်ဘုရားသည် လှည့်၍ပေတရုကိုကြည့်တော်မူ၏။” သူ့အပြစ်၏လေးလံမှုကြောင့် နှလုံးကြေကွဲသွားပြီး ပေတရု “ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။” ထိုနေ့နှောင်းပိုင်းတွင် ယေရှုသေဆုံးသွားသောအခါ အဆိုပါတမန်တော်အနေဖြင့် ‘ငါ့သခင် ငါ့ကိုခွင့်လွှတ်ပါ့မလား’ ဟုသိလိုခဲ့ပေလိမ့်မည်။—လုကာ ၂၂:၃၃၊ ၆၁၊ ၆၂

၁၈ အဖြေရရန် ပေတရုကြာကြာစောင့်နေစရာမလိုခဲ့ချေ။ နိသန်လ ၁၆ ရက်နံနက် ယေရှုရှင်ပြန်ထမြောက်ခဲ့သည့်နေ့တွင်ပင် ကိုယ်တော်သည် ပေတရုထံ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည်။ (လုကာ ၂၄:၃၄; ၁ ကောရိန္သု ၁၅:၄-၈) ယေရှုအား ခါးခါးသီးသီးငြင်းပယ်ခဲ့သော ဤတမန်တော်ကို ကိုယ်တော် အဘယ်ကြောင့် ထိုသို့အထူးဂရုစိုက်ခဲ့ရသနည်း။ နောင်တရသောပေတရုကို သူ၏သခင်သည် သူ့အားချစ်ဆဲ၊ တန်ဖိုးထားဆဲဖြစ်ကြောင်း ယေရှု ယုံကြည်စိတ်ချစေလို၍ဖြစ်မည်။ သို့သော် ယေရှုသည် ပေတရုကို စိတ်ချစေရန် ထိုထက်မက ပြုတော်မူခဲ့သည်။

၁၉ နောက်ပိုင်းတွင် ဂါလိလဲပင်လယ်၌ တပည့်တော်များရှေ့ ယေရှုကိုယ်ယောင်ထင်ရှားပြခဲ့သည်။ ဤအချိန်တွင် ယေရှုက မိမိအပေါ်ထားသော ပေတရု၏မေတ္တာနှင့်ပတ်သက်၍ (သူ၏သခင်အား သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သူ) ပေတရုကို သုံးကြိမ်တိတိ မေးမြန်းခဲ့သည်။ တတိယအကြိမ်မေးသည့်အခါ ပေတရုက “သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအမှုတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုပြန်ဖြေခဲ့သည်။ အမှန်မှာ စိတ်နှလုံးတွင်ရှိသည့်အရာကို သိနိုင်သောယေရှုသည် မိမိအပေါ်ထားရှိသည့် ပေတရု၏မေတ္တာနှင့် ချစ်ခင်တွယ်တာမှုအကြောင်း အပြည့်အဝသိပြီးသားဖြစ်၏။ သို့တိုင် ယေရှုသည် ပေတရုအား သူ၏မေတ္တာကို အခိုင်အမာထုတ်ဖော်ပြောဆိုခွင့်ပေးခဲ့သည်။ ထို့အပြင် ကိုယ်တော်၏ “သိုးသငယ်တို့ကိုကျွေးမွေး” ၍ “ထိန်း” ကျောင်းရန်တာဝန်ကို ပေတရုအား ယေရှုပေးခဲ့သည်။ (ယောဟန် ၂၁:၁၅-၁၇) အစောပိုင်းတွင် ပေတရုသည် ဟောပြောရန်တာဝန် ရရှိခဲ့သည်။ (လုကာ ၅:၁၀) သို့သော် ယခု သူ့ကိုယုံကြည်စိတ်ချကြောင်း ထူးထူးခြားခြားဖော်ပြသည့်အနေဖြင့် ခရစ်တော်၏နောက်လိုက်များ ဖြစ်လာကြမည့်သူတို့ကို ဂရုစိုက်ရန် ကြီးလေးသည့် နောက်ထပ်တာဝန်တစ်ခုကို ယေရှုအပ်နှင်းပြန်သည်။ များမကြာမီ ယေရှုသည် ပေတရုအား တပည့်တော်များ၏လုပ်ငန်းဆောင်တာတွင် ထင်ရှားသောအခန်းကဏ္ဍမှပါဝင်ရန် အခွင့်ပေးတော်မူခဲ့သည်။ (တမန်တော် ၂:၁-၄၁) ယေရှုသည် သူ့အားခွင့်လွှတ်၍ ယုံကြည်စိတ်ချဆဲဖြစ်ကြောင်း ပေတရုသိရှိလာရခြင်းက သူ့အတွက် မည်မျှစိတ်ချမ်းသာစရာဖြစ်လိမ့်မည်တကား!

“ခရစ်တော်၏ချစ်ခြင်းမေတ္တာ” ကို သင်သိပါသလော

၂၀၊ ၂၁။ “ခရစ်တော်၏ချစ်ခြင်းမေတ္တာကို” ကျွန်ုပ်တို့မည်သို့ အပြည့်အဝ “သိနားလည်” လာနိုင်သနည်း။

၂၀ ယေဟောဝါ၏နှုတ်ကပါဌ်တော်က ခရစ်တော်၏မေတ္တာကို အမှန်ပင် လှပစွာဖော်ပြထားသည်။ သို့သော် ခရစ်တော်၏မေတ္တာကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ သမ္မာကျမ်းစာက “ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ခြင်းငှာ” ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ (ဧဖက် ၃:၁၉) ကျွန်ုပ်တို့သိမြင်ခဲ့ရသည့်အတိုင်း ယေရှု၏ဘဝနှင့် ဓမ္မအမှုအကြောင်းဖော်ပြသော ခရစ်ဝင်ကျမ်း မှတ်တမ်းများက ခရစ်တော်၏မေတ္တာအကြောင်း များစွာသိရှိစေ၏။ သို့သော် “ခရစ်တော်၏ချစ်ခြင်းမေတ္တာကို” အပြည့်အဝ “သိနားလည်ခြင်း” တွင် ကိုယ်တော့်အကြောင်း ကျမ်းစာဖော်ပြသမျှကို သိရှိလာခြင်းထက်မက အကျုံးဝင်သည်။

၂၁ “သိနားလည်ခြင်း” ဟုဘာသာပြန်ဆိုထားသော ဂရိအသုံးအနှုန်းမှာ “အတွေ့အကြုံမှ လက်တွေ့ကျကျ” သိရှိခြင်းဟုအဓိပ္ပာယ်ရ၏။ ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့မေတ္တာပြကြရာတွင် အခြားသူတို့၏အကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ကိုယ့်ကိုယ်ကိုပေးဆက်မည်၊ သူတို့၏လိုအပ်ရာများကို သနားကြင်နာစွာ ဖြည့်စွက်ပေးမည်၊ ကျွန်ုပ်တို့စိတ်နှလုံးထဲမှ သူတို့ကို ခွင့်လွှတ်မည်ဆိုလျှင် ကိုယ်တော်၏ခံစားချက်များကို ကျွန်ုပ်တို့ အမှန်တကယ်ပင် သဘောပေါက်နားလည်နိုင်ကြပေလိမ့်မည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် “ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကို သိနားလည်” လာလိမ့်မည်။ ထို့ပြင် ခရစ်တော်နှင့် ကျွန်ုပ်တို့တူလာလေ ယေရှုစုံလင်စွာတုပတော်မူသည့် ကျွန်ုပ်တို့၏မေတ္တာရှင် ယေဟောဝါဘုရားသခင်ထံသို့ သာ၍နီးကပ်လာလေလေဖြစ်ကြောင်း ဘယ်တော့မျှမမေ့ဘဲ နေကြပါစို့။

^ အပိုဒ်၊ 11 ရဗ္ဗိတို့၏စည်းမျဉ်းများအရ အနာကြီးရောဂါသည်တစ်ဦးနှင့် ခြောက်ပေအတွင်း မည်သူမျှမရှိသင့်ဟုဆိုသည်။ သို့သော် အနာကြီးရောဂါသည် လေညာအရပ်တွင်ရှိနေပါက အနည်းဆုံး ပေ ၁၅၀ ခန့်အကွာတွင် ရှိနေရမည်ဖြစ်သည်။ ရဗ္ဗိတစ်ဦးသည် အနာကြီးရောဂါသည်တို့ကို ပုန်းရှောင်ခဲ့ကြောင်းနှင့် နောက်တစ်ဦးသည် အနာကြီးရောဂါသည်တို့ အဝေးတွင်နေစေရန် ကျောက်ခဲဖြင့်ပစ်ခဲ့ကြောင်း မစ်ဒရက်ရှ် ရာဘာစုပေါင်းစာပေတွင် ဖော်ပြထားသည်။ သို့နှင့် အနာကြီးရောဂါသည်တို့သည် အပယ်ခံရခြင်း၊ အထင်အမြင်သေးခံရခြင်းနှင့် မလိုလားအပ်သူအဖြစ်ခံစားရခြင်း၏ စိတ်ဝေဒနာကို သိထားခဲ့ကြသည်။

^ အပိုဒ်၊ 16 ရှေးစာမူအချို့တွင် လုကာ ၂၃:၃၄ ၏ပထမပိုင်း မပါပါ။ သို့သော် အသိအမှတ်ပြု လက်ခံအပ်သော အခြားစာမူများစွာတို့တွင် ဤစကားလုံးများပါရှိသောကြောင့် ၎င်းတို့ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းနှင့် အခြားဘာသာပြန်ကျမ်းများစွာတို့တွင် တွေ့ရှိရသည်။ ယေရှုသည် မိမိကိုနှက်တိုင်တင်ခဲ့သော ရောမစစ်သားများနှင့်ပတ်သက်၍ မိန့်ဆိုနေကြောင်း ထင်ရှားသည်။ အမှန်စင်စစ် သူတို့သည် ယေရှုကား မည်သူမည်ဝါဖြစ်ကြောင်းမသိ၊ သူတို့အဘယ်အရာပြုလုပ်နေကြကြောင်း မသိဘဲ ပြုလုပ်နေကြခြင်းဖြစ်သည်။ အမှန်မှာ၊ သိလျက်နှင့်တမင်သက်သက် အငြိုးသိုကာ အဆုံးစီရင်ကွပ်မျက်ရန် သွေးထိုးမြှောက်ပင့်ပြုခဲ့သော ဘာသာရေးခေါင်းဆောင်တို့၌ အပြစ်ပိုများ၏။ ဤသူအများစုသည် ခွင့်လွှတ်ခံရမည်မဟုတ်ချေ။—ယောဟန် ၁၁:၄၅-၅၃