အခြားသူများ မည်သို့ ကူညီပေးနိုင်သနည်း
“ကျွန်တော်အကူအညီပေးနိုင်တာရှိရင် အချိန်မရွေးပြောပါနော်။” ကျွန်ုပ်တို့အထဲမှ အများသောသူတို့သည် လောလောလတ်လတ် ချစ်ရသူဆုံးပါး၍ ပူဆွေးကျန်ရစ်သည့် မိတ်ဆွေ၊ သို့မဟုတ် ဆွေမျိုးများအား ထိုအတိုင်းပြောတတ်လေ့ရှိသည်။ တကယ့်စိတ်ရင်းခံနှင့် ပြောခြင်းဖြစ်ပါသည်။ အကူအညီပေးရန်အတွက် မည်သည့်အရာကိုမဆို ကျွန်ုပ်တို့ လုပ်ရန်အသင့်ရှိပါသည်။ သို့သော် ပူဆွေးကျန်ရစ်သူက ကျွန်ုပ်တို့အားခေါ်၍ “ခင်ဗျားအကူအညီပေးနိုင်တာကို ကျွန်တော်စဉ်းစားလို့ရပြီ” ဟူ၍ပြောပါမည်လော။ ရှားပါသည်။ ရှင်းနေသည်မှာ ပူဆွေးသောကရောက်နေသူအား တကယ်တမ်း အကူအညီပေးလိုလျှင်၊ နှစ်သိမ့်အားပေးလိုလျှင် ကျွန်ုပ်တို့ဘက်မှ ဦးဆောင်လှုပ်ရှားဖို့လိုပေမည်။
“လျောက်ပတ်သောစကားသည် ငွေအပြောက်မှာစီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏” ဟူ၍ ကျမ်းစာစကားပုံတစ်ခွန်းက ဆို၏။ (သု. ၁၅:၂၃။၂၅:၁၁) အမြော်အမြင်ရှိသူသည် ပြောသင့်သောအကြောင်းနှင့် မပြောသင့်သောအကြောင်း၊ လုပ်သင့်သောအရာနှင့် မလုပ်သင့်သောအရာတို့ကို သိသည်။ အောက်ပါတို့မှာ ပူဆွေးကျန်ရစ်သူအချို့က အထောက်အကူဖြစ်ကြောင်းတွေ့ရှိထားသည့် အကြံပြုချက် အနည်းအကျဉ်းဖြစ်ပါသည်။
လုပ်သင့်သောအရာ . . .
နားထောင်ခြင်း– “ကြားနာခြင်းငှာလျင်မြန်ကြစေ” ဟု ယာကုပ် ၁:၁၉ ကဆို၏။ သင်ပြုလုပ်ပေးနိုင်သည့် အထောက်အကူအပြုဆုံးအရာတစ်ခုမှာ ပူဆွေးကျန်ရစ်သူ၏စကားကို နားထောင်ပေးခြင်းဖြင့် သူ၏ပူဆွေးသောကကို ဝေမျှခံစားပေးခြင်းပင်ဖြစ်သည်။ ပူဆွေးကျန်ရစ်သူအချို့သည် ကွယ်လွန်သွားသည့် ချစ်ခင်မြတ်နိုးရသူ၏အကြောင်း၊ သေဆုံးမှုဖြစ်စေသည့် မတော်တဆထိခိုက်မှုအကြောင်း၊ ဖျားနာမှုအကြောင်း၊ သူတို့ချစ်ရသူသေဆုံးချိန်မှစ၍ သူတို့ရင်ထဲတွင်ဖြစ်ပေါ်သည့် ခံစားချက်များအကြောင်း ပြောပြလိုကြသည်။ ထို့ကြောင့် “ဒီအကြောင်းပြောချင်သလား” ဟူ၍မေးပါ။ သူတို့ဘာသာဆုံးဖြတ်ပါစေ။ ဖခင်ကွယ်လွန်စဉ်က အခြေအနေကို သတိရစွာနှင့် လူငယ်တစ်ဦးဤသို့ဆို၏– “လူတွေက ဖြစ်ပျက်ပုံအကြောင်းကိုမေးပြီး တကယ့်ကိုဂရုစိုက်နားထောင်ပေးတာဟာ ကျွန်တော့်အတွက် တကယ့်ကိုအထောက်အကူဖြစ်တယ်။” အဖြေပေးရမည်၊ ဖြေရှင်းနည်းပေးရမည်ဟူ၍ မယူဆဘဲ သည်းခံခြင်းနှင့် စာနာနားလည်ခြင်းတို့ဖြင့် နားထောင်ပေးပါ။ သူတို့ဝေမျှလိုသည့် အဘယ်အရာကိုမဆို ဖော်ပြခွင့်ပြုပါ။
စိတ်ချမ်းသာအောင်လုပ်ပေးပါ– သူတို့အတတ်နိုင်ဆုံးပြုလုပ်ခဲ့ကြောင်း (သို့မဟုတ် သင်သိထားသည့် ဟုတ်မှန်၍ အပြုသဘောဆောင်သောအကြောင်း) စိတ်ချစေပါ။ သူတို့၏ခံစားချက်—ဝမ်းနည်းမှု၊ ဒေါသ၊ အပြစ်မကင်းစိတ် သို့မဟုတ် အခြားစိတ်လှုပ်ရှားမှု—မှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ကိစ္စမဟုတ်ကြောင်း စိတ်ချစေပါ။ အလားတူဆုံးပါးမှုမျိုးမှ မူလအခြေအနေသို့ အောင်မြင်စွာပြန်ရောက်ခဲ့သူများအကြောင်း ပြောပြပါ။ ဤကဲ့သို့ “သာယာသောစကားတို့” သည် “ကိုယ်အရိုးကိုကျန်းမာစေ” တတ်ကြောင်း နယပုံပြင်ကျမ်း ၁၆:၂၄ ကဆို၏။—၁ သက်သာလောနိတ် ၅:၁၁၊ ၁၄။
ဝင်ထွက်သွားလာပါ– မိတ်ဆွေသင်္ဂဟနှင့် ဆွေမျိုးဉာတိ စုံစုံညီညီရှိသည့် ပထမရက်ပိုင်းလောက်သာမဟုတ်ဘဲ အခြားသူများ နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်သို့ ပြန်သွားကြသည့်နောက် လအတန်ကြာသည့်တိုင်အောင် ဝင်ထွက်သွားလာမှုပြုလုပ်ပါ။ ဤနည်းအားဖြင့်သင်သည် “ဒုက္ခကာလ”တွင် မိတ်ဆွေအပါး၌ အစဉ်ရပ်တည်ပေးသော ‘အဆွေခင်ပွန်းစစ်’ ဖြစ်ကြောင်း သက်သေထူပေမည်။ (သု. ၁၇:၁၇) “ကျွန်မတို့ရဲ့မိတ်ဆွေတွေက ကျွန်မတို့ချည်း အိမ်မှာအချိန်ကြာကြာ အထီးကျန်မဖြစ်ရအောင် ညနေပိုင်းတွေမှာ လာပြီးအဖော်လုပ်ပေးကြတယ်။ ဒီလိုလုပ်ပေးတဲ့အတွက် ရင်ထဲမှာဟာတာတာဖြစ်နေတဲ့ ခံစားချက်တွေသက်သာသွားတယ်” ဟူ၍ ယာဉ်တိုက်မှုကြောင့် ကလေးတစ်ယောက်ဆုံးပါးခဲ့ရသည့် ထရေစာက ရှင်းပြသည်။ ယင်းနောက်ပိုင်း နှစ်နှင့်ချီ၍ လက်ထပ်မင်္ဂလာ နှစ်ပတ်လည်၊ သို့မဟုတ် ကွယ်လွန်သည့်နှစ်ပတ်လည်အစရှိသော နှစ်ပတ်လည်နေ့များသည် ကျန်ရစ်သူများအတွက် စိတ်ဆင်းရဲစရာ အခါသမယ ဖြစ်နိုင်ပေသည်။ ထိုသို့သောနေ့ရက်များကို ပြက္ခဒိန်တွင်ရေးမှတ်ထား၍ ကျရောက်လာသည့်အခါ လိုအပ်လာပါက ထောက်ထားစာနာသည့် အကူအညီပေးနိုင်ရန် အဆင်သင့်ပြင်ထားနိုင်သည်။
သင့်တော်သည့်ဦးဆောင်လှုပ်ရှားမှုပြုလုပ်ပါ– တောက်တိုမယ်ရ လုပ်ပေးစရာရှိသလော။ ကလေးများကိုကြည့်ရှုပေးရန် လူလိုသလော။ ရောက်လာကြသည့်မိတ်ဆွေများနှင့် ဆွေမျိုးဉာတိများ တည်းခိုစရာနေရာလိုသလော။ ချစ်ရသူလောလောလတ်လတ်ဆုံးပါး၍ ပူဆွေးကျန်ရစ်သူတို့သည် သူတစ်ပါးအား ဘာအကူအညီပေးပါဟူ၍ ခိုင်းရန်မဆိုထားနှင့် သူတို့ကိုယ်တိုင်ဘာလုပ်ရမည်ကိုပင် မသိသည်အထိမိန်းမောတွေဝေနေတတ်သည်။ တကယ်လိုအပ်နေကြောင်း သတိပြုမိပါက ခိုင်းလာသည့်အချိန်အထိ မစောင့်ပါနှင့်! ဦးဆောင်လှုပ်ရှားပါ။ (၁ ကောရိန္သု ၁၀:၂၄။ ၁ ယောဟန် ၃:၁၇၊ ၁၈ နှိုင်းယှဉ်။) ခင်ပွန်းဆုံးပါးသွားသည့် အမျိုးသမီးတစ်ဦးက သတိတရနှင့်ဤသို့ပြောပြသည်– “လူတော်တော်များများက ‘ကျွန်တော်ကူညီပေးနိုင်တာရှိရင် အချိန်မရွေးပြောပါနော်’ လို့ပြောကြတယ်။ ဒါပေမဲ့ တစ်ယောက်ကတော့ ဘာမှလာမမေးဘူး။ အိပ်ခန်းထဲကိုတန်းဝင်သွားပြီး သေဆုံးသူကြောင့် ညစ်ပတ်သွားတဲ့ အိပ်ရာခင်းတွေကိုဆွဲယူပြီး လျှော်ဖွပ်ပေးတယ်။ နောက်တစ်ယောက်ကျတော့ ရေတစ်ပုံးနဲ့ သန့်ရှင်းရေးလုပ်တဲ့ကိရိယာတွေကိုယူပြီး ကျွန်မခင်ပွန်းအန်လို့ ပေသွားတဲ့ ကြမ်းခင်းကော်ဇောကို တိုက်ဆေးပေးတယ်။ နှစ်ပတ်သုံးပတ်ကြာတော့ အသင်းတော်အကြီးအကဲတစ်ဦးက အလုပ်လုပ်တဲ့ဝတ်စုံနဲ့ ကိရိယာတန်ဆာပလာတွေနဲ့ရောက်လာပြီး ‘ညီမအိမ်မှာ ပြင်စရာတွေရှိတယ်ဆိုတာ ကျွန်တော်သိတယ်၊ ပြောပြပါလား’ ဆိုပြီးပြောတယ်။ ဒီညီအစ်ကိုက ပတ္တာချောင်လို့ စွေစောင်းနေတဲ့တံခါးနဲ့ လျှပ်စစ်ပစ္စည်းတစ်ခုကို ပြင်ပေးခဲ့တဲ့အတွက် ကျွန်မဖြင့်ကျေးဇူးတင်လို့ မဆုံးနိုင်အောင်ပါပဲရှင်။”—ယာကုပ် ၁:၂၇ နှိုင်းယှဉ်။
ဧည့်ဝတ်ကျေပွန်ပါ– “ဧည့်သည်ဝတ်ကိုပြုရန် မမေ့ကြနှင့်” ဟူ၍သမ္မာကျမ်းစာက သတိပေးထားသည်။(ဟေဗြဲ ၁၃:၂ သတင်းကောင်း) ကျွန်ုပ်တို့သည် အထူးသဖြင့် ပူဆွေးသောကရောက်နေသူတို့အား ဧည့်ဝတ်ပြုရန်သတိရသင့်သည်။ “အချိန်မရွေးဝင်လည်ပါ” ဟူ၍ ဖိတ်ခေါ်မည့်အစား နေ့ရက်နှင့် အချိန်ကို သတ်မှတ်ပါ။ သူတို့ကငြင်းပယ်ပါက လွယ်လွယ်နှင့် လက်မလျှော့လိုက်ပါနှင့်။ ကြင်နာစွာအားပေးမှု လိုကောင်းလိုမည်။ သူတစ်ပါးရှေ့တွင် စိတ်မထိန်းနိုင်ဘဲဖြစ်မည်ကို စိုးရိမ်၍ ဖိတ်ကြားချက်ကို ငြင်းပယ်ခြင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဤကဲ့သို့သောအချိန်အခါမျိုးတွင် မိတ်ဆုံပေါင်းသင်းစားသောက်ခြင်းအတွက် လိပ်ပြာမသန့်၍လည်း ဖြစ်နိုင်ပေသည်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် ဧည့်ဝတ်ကျေပွန်သောအမျိုးသမီး လုဒိကိုသတိရပါ။ သူမ၏အိမ်သို့ဖိတ်ခေါ်ခံရပြီးနောက် လုကာက သူမသည် “ကျွန်ုပ်တို့အား မရမကခေါ်ဖိတ်လေသည်” ဟူ၍ဆို၏။—တမန်တော် ၁၆:၁၅၊ သတင်းကောင်း။
သည်းခံပါ၊ စာနာမှုရှိပါ– ပူဆွေးကျန်ရစ်သူများ အစပိုင်း၌ ပြောမိသည့်စကားများကြောင့် အလွန်တရာ အံ့အားမသင့်လိုက်ပါနှင့်။ သူတို့သည် ဒေါသနှင့် အပြစ်မကင်းသည့်ခံစားချက် ဖြစ်ကောင်းဖြစ်နေမည်။ အကယ်၍ သင့်ကိုမဲ၍ ဒေါသပေါက်ကွဲခဲ့သည်ရှိသော် သင့်အနေဖြင့် ဒေါသနှင့်ပြန်မတုံ့ပြန်မိအောင် ထိုးထွင်းသိမြင်မှုနှင့် သည်းခံမှုရှိရန်လိုလိမ့်မည်။ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့” ဟူ၍သမ္မာကျမ်းစာက အကြံပေးထားသည်။—ကောလောသဲ ၃:၁၂၊ ၁၃။
သဝဏ်လွှာတစ်စောင်ရေးပို့ပါ– ဝမ်းနည်းကြောင်းသဝဏ်လွှာ၊ သို့မဟုတ် စာနာစိတ်ဖြင့်ပေးပို့သည့် ကတ်တစ်ခု၏တန်ဖိုးကို လူတို့မကြာခဏ သတိမမူမိကြချေ။ ယင်း၏အကျိုးကျေးဇူးကား အဘယ်နည်း။ ကင်ဆာရောဂါဖြင့် မိခင်ကွယ်လွန်သွားရှာသည့် စင်းဒီက ဤသို့ဖြေဆိုထားသည်– “မိတ်ဆွေတစ်ဦးက ကျွန်မဆီကိုကြင်နာစွာနဲ့ စာတစ်စောင်ရေးခဲ့တယ်။ ကျွန်မအတွက် တကယ့်ကို အထောက်အကူဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစာကို ထပ်ခါထပ်ခါပြန်ဖတ်နိုင်လို့ပါပဲ။” ထိုကဲ့သို့သောအားပေးစာ၊ အားပေးကတ်တို့ကို ‘စာနှစ်ကြောင်းသုံးကြောင်းနှင့်’ ရေးသားနိုင်သော်လည်း ရင်ထဲမှပေါက်ပွားလာရာ ဖြစ်သင့်သည်။ (ဟေဗြဲ ၁၃:၂၂) စာထဲ၌ တစ်ဖက်သားအပေါ် ဂရုစိုက်ကြောင်း၊ သူနှင့်ထပ်တူထပ်မျှ ကွယ်လွန်သူအား အထူးသတိရကြောင်း ဖော်ပြနိုင်သည်။ သို့မဟုတ် သင့်ဘဝအပေါ် ကွယ်လွန်သူ မည်မျှလွှမ်းမိုးခဲ့ကြောင်း ရေးသားနိုင်သည်။
သူတို့နှင့်အတူဆုတောင်းပါ– ပူဆွေးကျန်ရစ်သူနှင့် အတူဆုတောင်းခြင်း၊ သူတို့အတွက် ဆုတောင်းပေးခြင်း၏ တန်ဖိုးကို လျှော့မတွက်ပါနှင့်။ သမ္မာကျမ်းစာက “ဖြောင့်မတ်သောသူ၏ ပတ္ထနာသည် . . . အလွန်တန်ခိုးပါ၏” ဟုဆိုသည်။ (ယာကုပ် ၅:၁၆၊ သမ္မာ) ဥပမာ၊ သူတို့အဖို့ သင်ဆုတောင်းပေးသည်ကို ကြားရခြင်းဖြင့် အပြစ်မကင်းခြင်းကဲ့သို့သော အကျိုးမဲ့သည့်ခံစားချက်များကို လျော့ပါးစေရန် အထောက်အကူပြုနိုင်ပေသည်။—ယာကုပ် ၅:၁၃-၁၅ နှိုင်းယှဉ်။
မလုပ်သင့်သည့်အရာ . . .
ဘာပြောရမည်၊ ဘာလုပ်ပေးရမည်က မသိသောကြောင့် ရှောင်မနေပါနှင့်– ‘ခုလိုအချိန်မျိုးမှာ သူတို့ဘာသာ အေးအေးဆေးဆေးနေဖို့လိုမယ်ဆိုတာ သေချာပါတယ်’ ဟူ၍ကျွန်ုပ်တို့ မိမိဘာသာပြောမိပေမည်။ သို့သော် တကယ်တမ်းမှာမူ မပြောသင့်၊ မလုပ်သင့်သည်ကို ပြောမိလုပ်မိမှာစိုး၍ ကျွန်ုပ်တို့ ရှောင်နေခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် မိတ်ဆွေများ၊ ဆွေမျိုးများ၊ သို့မဟုတ် ယုံကြည်သူချင်းများ ယခုကဲ့သို့ရှောင်နေခြင်းကြောင့် ပူဆွေးကျန်ရစ်သူတို့အား ပို၍အထီးကျန်ညှိုးငယ်စေရာရောက်ပြီး စိတ်ဆင်းရဲခြင်းကို ပို၍ဆိုးရွားစေရုံသာရှိပေမည်။ အကြင်နာဆုံးစကားနှင့် အကြင်နာဆုံးလုပ်ရပ်များမှာ အများအားဖြင့် အလွယ်ကူဆုံး ဖြစ်တတ်ကြောင်းသတိရပါ။ (ဧဖက် ၄:၃၂) သင်ရောက်ရှိနေခြင်းကိုယ်နှိုက်က အားဆေးတစ်ခွက် ဖြစ်နိုင်သည်။ (တမန်တော် ၂၈:၁၅ နှိုင်းယှဉ်။) သမီးဖြစ်သူသေဆုံးသည့်နေ့ကို သတိရစွာနှင့် ထရေစာကဤသို့ပြောသည်– “နာရီပိုင်းအတွင်းမှာပဲ ဆေးရုံဧည့်သည်ဆောင်ထဲမှာ ကျွန်မတို့ရဲ့မိတ်ဆွေတွေနဲ့ ပြည့်သွားတာပဲ။ အကြီးအကဲအားလုံးနဲ့ သူတို့ရဲ့ဇနီးတွေအားလုံး စုံစုံညီညီရောက်လာကြတယ်။ တချို့ညီအစ်မများဆိုရင် ဆံပင်မှာ ဘီးလိပ်ကြီးတွေနဲ့။ တချို့ဆိုရင် အလုပ်လုပ်တဲ့အဝတ်အစားနဲ့။ သူတို့တွေဟာ လုပ်လက်စအလုပ်အားလုံးကို ပစ်ထားပြီးလာခဲ့ကြတယ်။ သူတို့ထဲကအတော်များများက ဘာပြောရမှန်းတောင်မသိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ဒါဟာအရေးမကြီးပါဘူး။ သူတို့တွေရောက်လာကြတာကိုက အားရှိစရာပါပဲ။”
ပူဆွေးဝမ်းနည်းခြင်းရပ်စဲရန် ဖျောင်းဖျအားပေးခြင်းမပြုပါနှင့်– ‘တော်ပါတော့၊ တော်ပါတော့ မငိုပါနဲ့တော့’ဟူ၍ ကျွန်ုပ်တို့ပြောချင်ပေလိမ့်မည်။ သို့သော် တစ်ဖက်သားအား စိတ်ရှိလက်ရှိ ငိုခွင့်ပေးလိုက်ခြင်းဖြင့် ပို၍အကျိုးရှိနိုင်သည်။ “ပူဆွေးကျန်ရစ်သူများကို စိတ်ထဲကခံစားချက်တွေဖော်ပြပြီး ထုတ်ပစ်လိုက်ရန် အခွင့်ပေးဖို့အရေးကြီးတယ်လို့ ကျွန်မထင်တယ်” ဟူ၍ ကက်သရင်းက ခင်ပွန်းဆုံးပါးခြင်းကို သတိတရနှင့်ပြောပြသည်။သူတစ်ပါးအား မည်သို့စိတ်ထားသင့်သည်ဟု ပြောချင်သည့်ဝသီကို ချိုးနှိမ်ပါ။ သူတို့၏ခံစားချက်များကို ကာကွယ်ရန်အတွက် မိမိ၏ခံစားချက်များကိုဖုံးဖိထားရမည်ဟု မယူဆပါနှင့်။ ယင်းအစား “ငိုကြွေးသူတို့နှင့်အတူ ငိုကြွေးကြလော့” ဟူ၍ သမ္မာကျမ်းစာက အကြံပေးထားသည်။—ရောမ ၁၂:၁၅၊ သတင်းကောင်း။
သူတို့အသင့်မဖြစ်မီ ကွယ်လွန်သူ၏အဝတ်အစား သို့မဟုတ် ကိုယ်ပိုင်ပစ္စည်းများကို စွန့်ပစ်ရန် အလျင်စလိုအကြံမပေးပါနှင့်– အမှတ်တရဖြစ်စေသည့် ပစ္စည်းများသည် ပူဆွေးဝမ်းနည်းမှုကို ကြာရှည်စေနိုင်သောကြောင့် ၎င်းပစ္စည်းများကို စွန့်ပစ်ကမ္ဘာဦး ၃၇:၃၁-၃၅၊ သမ္မာ။
လိုက်လျှင် ကောင်းမည်ဟု ကျွန်ုပ်တို့ယူဆပေမည်။ “တစ်ချုံကွယ် တစ်မယ်မေ့” ဟူသော ဆိုရိုးစကားသည် ဤနေရာ၌ သက်ဆိုင်ခြင်းမရှိပါ။ ပူဆွေးကျန်ရစ်သူအနေဖြင့် ကွယ်လွန်သူအားလွမ်းဆွတ်သတိရခြင်းကို တဖြည်းဖြည်းနှင့် ဖြေဖျောက်လိုပေမည်။ သားငယ်ယောသပ်သည် သားရဲတိရစ္ဆာန်တစ်ကောင် ကိုက်သတ်၍ သေပြီဟု အယုံသွင်းခံရစဉ်က ဘိုးဘေးယာကုပ်၏ တုံ့ပြန်မှုအကြောင်း သမ္မာကျမ်းစာဖော်ပြချက်ကို အမှတ်ရပါ။ သွေးစွန်းနေသော ယောသပ်၏ဝတ်ရုံရှည်ကို ယာကုပ်အားပြသပြီးနောက် ယာကုပ်သည် “နေ့ရက်များစွာ သားကြောင့်စိတ်မသာညည်းတွားလျက် နေလေ၏။ သားသမီးအပေါင်းတို့သည် အဘကိုနှစ်သိမ့်စေခြင်းငှာ ကြိုးစားသော်လည်း သူသည် နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ”နေ၏။—‘ကလေးနောက်တစ်ယောက် ရနိုင်ပါသေးတယ်’ဟူ၍မပြောပါနှင့်– “ကျွန်မကလေးနောက်တစ်ယောက် ရနိုင်သေးတယ်လို့ ပြောတဲ့လူတွေကို ကျွန်မမကျေနပ်ဘူး” ဟူ၍ ကလေးတစ်ယောက် ဆုံးပါးခဲ့သည့်မိခင်တစ်ဦးက ပြန်လည်ပြောပြသည်။ ထိုသူတို့သည် စေတနာကောင်းနှင့် ပြောခြင်းဖြစ်နိုင်သော်လည်း ပူဆွေးသောကရောက်နေသည့် မိဘအဖို့ ဆုံးပါးသွားသည့်ကလေးကို သု. ၁၂:၁၈) ကလေးတစ်ယောက်ကို နောက်တစ်ယောက်ဖြင့် အစားထိုး၍မရနိုင်ပါ။ အဘယ်ကြောင့်နည်း။ ကလေးတစ်ယောက်စီသည် ပြိုင်စံကင်းသော သီးခြားပုဂ္ဂိုလ်ဖြစ်သောကြောင့်တည်း။
အစားပြန်ထိုးနိုင်သည်ဟူ၍ အဓိပ္ပာယ်သက်ရောက်သည့်စကားမျိုးသည် ‘သန်လျက်နှင့်ထိုးသကဲ့သို့’ ဖြစ်နိုင်သည်။ (ဆုံးပါးသွားသူအကြောင်းမပြောမိအောင် မလိုအပ်ဘဲတမင်မရှောင်လွှဲပါနှင့်– “လူတော်တော်များများက ကျွန်မသားလေးဂျင်မီရဲ့ နာမည်ကိုဖြစ်ဖြစ်၊ သူ့အကြောင်းကိုပဲဖြစ်ဖြစ် တစ်ခွန်းတစ်ပါဒမျှ မဟကြဘူး။ လူတွေခုလိုလုပ်တဲ့အတွက် ကျွန်မစိတ်ထဲမှာ အောင့်သက်သက်ဖြစ်မိတာကတော့ အမှန်ပဲ”ဟူ၍ မိခင်တစ်ဦးက ပြန်လည်ပြောပြသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ နာမည်ပါလာသည့်အခါ၌ မလိုအပ်ဘဲနှင့် ပြောလက်စအကြောင်းကို မပြောင်းလိုက်ပါနှင့်။ တစ်ဖက်သားအား သူချစ်ခင်မြတ်နိုးရသူအကြောင်း ပြောလိုပါသလောဟုမေးကြည့်ပါ။ (ယောဘ ၁:၁၈၊ ၁၉ နှင့် ၁၀:၁ နှိုင်းယှဉ်။) အချို့သောပူဆွေးကျန်ရစ်သူတို့သည် ကွယ်လွန်သူကို ပို၍ချစ်ခင်စိတ်ပွားစေသော ထူးခြားသည့်အရည်အချင်းများအကြောင်း မိတ်ဆွေများပြောကြဆိုကြသည်ကို တန်ဖိုးထားတတ်ကြသည်။—တမန်တော် ၉:၃၆-၃၉ နှိုင်းယှဉ်။
‘ဒါအကောင်းဆုံးပါပဲ’ ဟူ၍ ပြောရန်မလောပါနှင့်– သေခြင်းနှင့်ပတ်သက်၍ အကောင်းဘက်မှမြင်အောင် ကြိုးစားခြင်းသည် ပူဆွေးဝမ်းနည်းနေသည့် ‘စိတ်မချမ်းမသာဖြစ်နေသူတို့ကို နှစ်သိမ့်အားပေး’ သည့်သဘော အစဉ်မသက်ရောက်ပါ။ (၁ သက်သာလောနိတ် ၅:၁၄) မိခင်ကွယ်လွန်စဉ်က အဖြစ်အပျက်ကို သတိရစွာနှင့် မိန်းမပျိုတစ်ဦးက ဤသို့ပြောပြသည်– “လူတွေကပြောကြမယ်၊ ‘အခုသူဝေဒနာမခံစားရတော့ဘူး’ ဒါမှမဟုတ် ‘အခုတော့သူ့ခမျာ အေးငြိမ်းသွားပြီပေါ့။’ ဒါပေမဲ့ ကျွန်မ ဒီစကားမျိုးကိုလုံးလုံးမကြားချင်ဘူး။” ထိုကဲ့သို့သောစကားများသည် ကျန်ရစ်သူတို့အနေနှင့် ဝမ်းနည်းစရာမဖြစ်သင့်ကြောင်း၊ ၎င်းဆုံးပါးမှုသည် အရေးမပါကြောင်းဟူသောအဓိပ္ပာယ် သက်ရောက်နိုင်ပေသည်။ သို့ရာတွင် သူတို့အနေဖြင့် ကွယ်လွန်သွားသည့်ချစ်ရသူအား အလွန်လွမ်းဆွတ်သောကြောင့် အလွန်စိတ်ထိခိုက်သွားပေမည်။
‘ခင်ဗျား ဘယ်လိုခံစားနေရတယ်ဆိုတာ ကျွန်တော်သိပါတယ်’ ဟူ၍ မပြောလျှင်ပိုကောင်းမည်– သင်တကယ်သိပါသလော။ ဥပမာ၊ ကလေးသေဆုံးသည့်ဝေဒနာကို သင်ကိုယ်တိုင်မခံစားဖူးဘဲနှင့် ကလေးဆုံးပါးသည့်မိဘတစ်ဦး၏ ခံစားချက်ကို သင်တကယ်သိနိုင်ပါမည်လော။ တွေ့ကြုံခံစားဖူးသည့်တိုင်အောင် သင်ခံစားခဲ့ရသည့်အတိုင်း အတိအကျတူချင်မှတူမည်ကို နားလည်ဖို့လိုသည်။ (ယေရမိမြည်တမ်းစကား ၁:၁၂ နှိုင်းယှဉ်။) အခြားတစ်ဖက်တွင် သင့်တော်မည်ဆိုပါက သင်ကိုယ်တိုင် ချစ်ရသူဆုံးပါးရသည့် ကြေကွဲဖွယ်အခြေအနေမှ ပုံမှန်အခြေအနေသို့ မည်သို့ပြန်လည်ရောက်ရှိကြောင်း ပြောပြလျှင် အကျိုးရှိကောင်းရှိမည်။ သမီးဆုံးပါးခဲ့သည့်မိခင်တစ်ဦးက သမီးသေဆုံးသွားသည့် နောက်အမျိုးသမီးတစ်ဦးအား သူမကိုယ်တိုင်ပုံမှန်ဘဝသို့ မည်သို့ပြန်လည်ရောက်ရှိခဲ့ပုံကို ပြောပြသည့်အခါ ထိုအမျိုးသမီးသည် စိတ်သက်သာရာရရှိခဲ့သည်။“အဲဒီသေဆုံးသွားတဲ့ကလေးမရဲ့အမေက ‘ရှင်ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်မသိပါတယ်’ လို့ အစချီပြီး ပြောမသွားဘူး။ သူက သူကိုယ်တိုင် ဘယ်လိုတွေ့ကြုံခဲ့တယ်ဆိုတာလောက်ပဲ ပြောသွားပြီး ကျွန်မဘာသာကျွန်မ ဆက်စပ်သင်ခန်းစာယူစေတယ်” ဟူ၍ ထိုအမျိုးသမီးပြောပြသည်။
ပူဆွေးကျန်ရစ်သူအား အကူအညီပေးရာ၌ သင့်အနေဖြင့် အကြင်နာ၊မေတ္တာနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း များစွာရှိရန်လိုအပ်သည်။ ပူဆွေးကျန်ရစ်သူက သင့်ထံလာရောက်သည်အထိ မစောင့်ပါနှင့်။ “ကျွန်တော်ကူညီပေးနိုင်တာများရှိရင် . . .” ဟူ၍လောက်သာမပြောပါနှင့်။ မိမိဘာသာ “ကူညီပေးနိုင်တာ” ကိုရှာ၍ သင့်လျော်သလို ဦးဆောင်လှုပ်ရှားပါ။
မေးခွန်းအနည်းငယ်ကျန်ပါသေးသည်– ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော သမ္မာကျမ်းစာမျှော်လင့်ချက်အကြောင်း မည်သို့ဆိုစရာရှိသနည်း။ ယင်းသည် အသင်နှင့်တကွ ကွယ်လွန်ပြီးသော သင်၏ချစ်ရသူတို့အဖို့ မည်သည့်အဓိပ္ပာယ်ရှိနိုင်သနည်း။ ယင်းသည် ယုံကြည်စိတ်ချရသော မျှော်လင့်ချက်ဖြစ်ကြောင်း အသေအချာမည်သို့သိနိုင်သနည်း။