မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၇

ယေဟောဝါနဲ့ သားတော်ကို သတိရအောက်မေ့ခြင်း

ယေဟောဝါနဲ့ သားတော်ကို သတိရအောက်မေ့ခြင်း

တစ်ယောက်ယောက်က ကလေးတို့ကို သိပ်ကောင်းတဲ့ လက်ဆောင်တစ်ခု ပေးတယ် ဆိုပါတော့။ ဘယ်လိုခံစားရမလဲ။— ကျေးဇူးတင်ပါတယ်လို့ ပြောပြီး လက်ဆောင်ပေးတဲ့ လူကို မေ့ပစ်လိုက်မလား။ ဒါမှမဟုတ် သတိရနေမလား။—

ယေဟောဝါဘုရားဟာ တို့တစ်တွေကို ထူးမြတ်တဲ့လက်ဆောင် ပေးခဲ့တယ်။ တို့အတွက် အသေခံဖို့ သားတော်ကို ကမ္ဘာပေါ် စေလွှတ်ခဲ့တယ်။ တို့အတွက် ယေရှု ဘာကြောင့် အသေခံရသလဲ သိသလား။— ဒီအကြောင်းကို ကောင်းကောင်း နားလည်ဖို့ သိပ်အရေးကြီးတယ်။

အခန်း ၂၃ မှာ သိခဲ့ရတဲ့အတိုင်း ဘုရားသခင်ရဲ့ စုံလင်တဲ့ပညတ်ကို အာဒံ ချိုးဖောက်တဲ့အခါ အပြစ် ရှိသွားတယ်။ တို့တစ်တွေဟာ ဖခင် အာဒံဆီကနေ အပြစ်တရားကို အမွေရခဲ့ကြတယ်။ ဒီတော့ တို့တစ်တွေ ဘာလိုနေတယ်လို့ ထင်သလဲ။— ကမ္ဘာပေါ် စုံလင်တဲ့အသက်နဲ့ အသက်ရှင်တဲ့ ဖခင်အသစ်တစ်ယောက် လိုတယ်လို့ ပြောရမှာပဲ။ အဲဒီလို ဖခင်မျိုး ဘယ်သူ ဖြစ်နိုင်တယ်လို့ ထင်သလဲ။— ယေရှုပဲပေါ့။

ယေဟောဝါဟာ အာဒံအစား ဖခင်နေရာ ဝင်ယူပေးမယ့် ယေရှုကို ကမ္ဘာပေါ် စေလွှတ်ခဲ့တယ်။ ကျမ်းစာက ‘“ပထမလူ အာဒံဟာ အသက်ရှင်သူ ဖြစ်လာတယ်။” နောက်ဆုံး အာဒံဟာ အသက်ရှင်စေတဲ့ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်လာတယ်’ လို့ ဆိုထားတယ်။ ပထမ အာဒံက ဘယ်သူလဲ။— ဟုတ်တယ်၊ မြေမှုန့်ကနေ ဘုရားသခင် ဖန်ဆင်းတဲ့သူ ဖြစ်တယ်။ ဒုတိယ အာဒံကော ဘယ်သူလဲ။— ယေရှုပဲပေါ့။ ကျမ်းစာက “ပထမလူ [အာဒံ] ဟာ မြေကြီးထဲက လာပြီး မြေမှုန့်နဲ့ ဖန်ဆင်းခံရတာ။ ဒုတိယလူ [ယေရှု] ကတော့ ကောင်းကင်ကနေ လာတာ” လို့ ဆိုထားတယ်။—၁ ကောရိန္သု ၁၅:၄၅၊ ၄၇။ ကမ္ဘာဦး ၂:၇

ဘုရားသခင်က ယေရှုရဲ့ အသက်ကို ကောင်းကင်ကနေ မာရိလို့ခေါ်တဲ့ အမျိုးသမီးရဲ့ ဝမ်းထဲ ပြောင်းရွှေ့ပေးလိုက်တဲ့အတွက် ယေရှုဟာ အာဒံဆီက ဘာအပြစ်မှ အမွေမရခဲ့ဘူး။ အဲဒါကြောင့် စုံလင်တဲ့လူတစ်ယောက် ဖြစ်တာပေါ့။ (လုကာ ၁:၃၀-၃၅) ဒါကြောင့်လည်း ယေရှု မွေးဖွားတဲ့အခါ ကောင်းကင်တမန်တစ်ပါးက ‘ဒီနေ့ ခင်ဗျားတို့ကို ကယ်တင်မယ့်သူ မွေးဖွားပြီ’ လို့ သိုးထိန်းတွေကို ပြောခဲ့တာပေါ့။ (လုကာ ၂:၁၁) ဒါပေမဲ့ တို့တစ်တွေရဲ့ ကယ်တင်ရှင်ဖြစ်ဖို့ ကလေးလေး ယေရှုဟာ ပထမဆုံး ဘာဖြစ်ဖို့ လိုသလဲ။— အာဒံလို လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ လိုတယ်။ ဒါမှလည်း ယေရှုဟာ ‘ဒုတိယအာဒံ’ ဖြစ်နိုင်မှာပေါ့။

ကယ်တင်ရှင် ယေရှုဟာ တို့တစ်တွေရဲ့ “ထာဝရဖခင်” လည်း ဖြစ်လာမယ်။ ကျမ်းစာမှာ သူ့ကို ဒီလိုပဲ ခေါ်ထားတယ်။ (ဟေရှာယ ၉:၆၊ ၇) ဟုတ်ပါတယ်၊ စုံလင်တဲ့ ယေရှုဟာ အပြစ်လုပ်လို့ မစုံမလင်ဖြစ်သွားတဲ့ အာဒံအစား တို့တစ်တွေရဲ့ဖခင် ဖြစ်လာနိုင်တယ်။ ဒီနည်းနဲ့ တို့တစ်တွေဟာ ‘ဒုတိယအာဒံ’ ကို ဖခင်အဖြစ် ရွေးချယ်နိုင်တယ်။ တကယ်တော့ ယေရှုကိုယ်တိုင် ယေဟောဝါရဲ့ သားတော်တစ်ပါး ဖြစ်တယ်။

အာဒံနဲ့ ယေရှု ဘယ်လိုတူသလဲ။ အဲဒီလိုတူဖို့ ဘာကြောင့် အရေးကြီးသလဲ

ယေရှုအကြောင်း ကောင်းကောင်း သိကျွမ်းအောင် သင်ယူမယ်ဆိုရင် ကယ်တင်ရှင်အဖြစ် လက်ခံလာနိုင်တယ်။ ဘယ်ကနေ ကယ်တင်ဖို့ လိုတယ်ဆိုတာ မှတ်မိသေးသလား။— ဟုတ်တယ်၊ အာဒံဆီက အမွေရခဲ့တဲ့ အပြစ်နဲ့ သေခြင်းကနေပဲပေါ့။ လူကြီးတစ်ယောက်အဖြစ် ယေရှု ပူဇော်ဆက်သလိုက်တဲ့ စုံလင်တဲ့အသက်ကို ရွေးဖိုး လို့ခေါ်တယ်။ တို့တစ်တွေ အပြစ်သားဘဝကနေ လွတ်မြောက်စေဖို့ ယေဟောဝါက အခုလို ရွေးဖိုး ပေးခဲ့တာဖြစ်တယ်။—မဿဲ ၂၀:၂၈။ ရောမ ၅:၈။ ၆:၂၃

တို့တစ်တွေအတွက် ဘုရားသခင်နဲ့ သားတော် လုပ်ပေးခဲ့တာတွေကို အမြဲ သတိရနေချင်တယ် မဟုတ်လား။— ယေရှုက သူလုပ်ခဲ့တာတွေကို သတိရစေနိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်း တပည့်တွေကို ပြခဲ့တယ်။ အဲဒီအကြောင်းကို ကြည့်ကြရအောင်။

ဂျေရုဆလင်မြို့က အိမ်တစ်အိမ်ရဲ့ အပေါ်ထပ် အခန်းထဲမှာ ကလေးတို့ ရောက်နေတယ်လို့ စိတ်ကူးကြည့်ပါ။ ညအချိန်မှာပေါ့။ ယေရှုနဲ့ တမန်တော်တွေ စားပွဲတစ်ခုနားမှာ ထိုင်နေကြတယ်။ စားပွဲပေါ်မှာတော့ သိုးသားကင်ရယ်၊ မုန့်ပြားတချို့ရယ်၊ စပျစ်ဝိုင်အနီရယ် တင်ထားတယ်။ သူတို့တွေ အထူး ညစာစားပွဲ ကျင်းပနေကြတာ။ ဘာကြောင့်လဲ သိသလား။—

အဲဒီစားသောက်ပွဲက ဟိုးအရင် ရာစုနှစ်ပေါင်းများစွာက အီဂျစ်ပြည်မှာ ကျွန်ဘဝရောက်နေတဲ့ အစ္စရေးလူမျိုးအတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေကို သတိရစေတယ်။ အဲဒီအချိန်မှာ ယေဟောဝါက ‘တစ်အိမ်ထောင်ကို သိုးတစ်ကောင် သတ်ရမယ်။ သွေးကို ယူပြီး အိမ်ရဲ့ တံခါးတိုင်တွေမှာ သုတ်ရမယ်’ ဆိုပြီး မိန့်မှာတယ်။ အဲဒီနောက် ‘အိမ်ထဲ ဝင်ပြီး သိုးသားကို စားရမယ်’ လို့ပြောတယ်။

သိုးသငယ်ရဲ့သွေးဟာ အစ္စရေးလူမျိုးကို ဘယ်လို ကာကွယ်ပေးခဲ့သလဲ

အစ္စရေးတွေ အဲဒီအတိုင်း လုပ်ခဲ့ကြတယ်။ အဲဒီညမှာပဲ ဘုရားသခင်ရဲ့ ကောင်းကင်တမန်က အီဂျစ်ပြည်ကို ဖြတ်သွားတယ်။ အိမ်တိုင်းလိုလိုက သားဦးတွေကို ကွပ်မျက်လိုက်တယ်။ ဒါပေမဲ့ တံခါးတိုင်တွေမှာ သွေးကိုမြင်ရင် အဲဒီအိမ်ကို ကျော်သွားတယ်။ အဲဒီအိမ်တွေမှာတော့ ဘယ်ကလေးမှ မသေဘူး။ ယေဟောဝါရဲ့ ကောင်းကင်တမန် လုပ်ရပ်ကြောင့် အီဂျစ် ဖာရောဘုရင် သိပ်ကြောက်သွားတယ်။ ဒါကြောင့် ‘မင်းတို့ကို လွှတ်လိုက်ပြီ။ အီဂျစ်ပြည်ကနေ ထွက်သွားကြ’ လို့ အစ္စရေးတွေကို ပြောတယ်။ ဒီလိုနဲ့ အစ္စရေးတွေဟာ ကုလားအုတ်တွေ၊ မြည်းတွေပေါ် ပစ္စည်းပစ္စယတွေ တင်ပြီး ထွက်ခဲ့ကြတယ်။

သူတို့ ဘယ်လို လွတ်မြောက်ခဲ့တယ်ဆိုတာကို ယေဟောဝါက သူ့လူမျိုးကို မမေ့စေချင်ဘူး။ ဒါကြောင့် ‘ဒီညလို စားသောက်ပွဲမျိုးကို တစ်နှစ်တစ်ခါ စားသောက်ကြရမယ်’ ဆိုပြီး မိန့်မှာတယ်။ ဒီအထူး စားသောက်ပွဲကို ပသခါပွဲလို့ ခေါ်ကြတယ်။ အဲဒီညမှာ ဘုရားရဲ့ ကောင်းကင်တမန်ဟာ သွေးသုတ်ထားတဲ့ အိမ်တွေကို ‘ကျော်သွား’ လို့ပဲ။—ထွက်မြောက်ရာ ၁၂:၁-၁၃၊ ၂၄-၂၇၊ ၃၁

ယေရှုနဲ့ တမန်တော်တွေဟာ ပသခါပွဲ စားနေရင်း အဲဒီအကြောင်းကို စဉ်းစားကြတယ်။ အဲဒီနောက် အင်မတန် အရေးကြီးတဲ့အရာတစ်ခု ယေရှု ဆက်လုပ်တယ်။ မလုပ်ခင် သစ္စာဖောက် တမန်တော် ယုဒကို ထွက်သွားခိုင်းလိုက်တယ်။ ပြီးတော့မှ ယေရှုက မုန့်တစ်ချပ်ကို ယူပြီး ဆုတောင်းတယ်၊ မုန့်ကို ဖဲ့ပြီးနောက် “ယူစားကြပါ” ဆိုပြီး တပည့်တွေကို ကမ်းပေးတယ်။ ပြီးတော့ ‘ဒီမုန့်ဟာ ခင်ဗျားတို့အတွက် စွန့်လွှတ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်’ လို့ပြောတယ်။

အဲဒီနောက် ယေရှုက ဝိုင်အနီတစ်ခွက်ကို ယူပြီး နောက်တစ်ကြိမ် ကျေးဇူးတင် ချီးမွမ်းတယ်။ ပြီးတော့ တပည့်တွေကို ကမ်းပေးရင်း “သောက်ကြပါ” လို့ပြောတယ်။ ‘ဒီဝိုင်ဟာ ကျွန်တော့်ရဲ့သွေးကို ကိုယ်စားပြုတယ်။ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ မကြာခင် သွန်းလောင်းမယ့် သွေးပဲ။ ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ပါ’ လို့မှာတယ်။—မဿဲ ၂၆:၂၆-၂၈။ ၁ ကောရိန္သု ၁၁:၂၃-၂၆

စပျစ်ဝိုင် ကိုယ်စားပြုတဲ့ ယေရှုရဲ့သွေးက တို့တစ်တွေအတွက် ဘာလုပ်ပေးနိုင်သလဲ

သူ့ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲဆက်လုပ်ပါလို့ ယေရှုပြောခဲ့တာကို ကလေးတို့ သတိထားမိသလား။— အဲဒီအချိန်ကစပြီး တပည့်တွေဟာ ပသခါပွဲကို ကျင်းပစရာ မလိုတော့ဘူး။ အဲဒီအစား ယေရှုနဲ့ ယေရှုရဲ့သေခြင်းကို အောက်မေ့ဖို့ အခုလို အထူးညစာစားပွဲကို တစ်နှစ် တစ်ခါ ကျင်းပရမယ်။ အဲဒီစားသောက်ပွဲကို သခင့်ညစာစားပွဲ လို့ခေါ်တယ်။ ခုခေတ်မှာတော့ သတိရအောက်မေ့ပွဲလို့ ခေါ်လေ့ရှိကြတယ်။ ဘာကြောင့်လဲ။— တို့တစ်တွေအတွက် ယေရှုနဲ့ ဖခင် ယေဟောဝါ လုပ်ပေးခဲ့တာတွေကို ပြန်ပြီး သတိရစေလို့ပါပဲ။

မုန့်က ယေရှုရဲ့ ကိုယ်ခန္ဓာကို သတိရစေတယ်။ တို့တစ်တွေ ထာဝရအသက်ရဖို့ သူ့ကိုယ်ခန္ဓာကို စိတ်လိုကိုယ်လျောက် စွန့်လွှတ်ခဲ့တယ်။ စပျစ်ဝိုင်အနီကျတော့ကော။— ယေရှုရဲ့သွေး ဘယ်လောက် အဖိုးတန်မှန်း သတိရစေတယ်။ အီဂျစ်ပြည်က ပသခါ သိုးသငယ်ရဲ့ သွေးထက် ပိုပြီး အဖိုးတန်တယ်။ ဘာကြောင့်လဲ သိသလား။— ယေရှုရဲ့သွေးကြောင့် တို့တစ်တွေရဲ့ အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်လို့ ကျမ်းစာကဆိုတယ်။ အပြစ်အားလုံး ဖယ်ရှားခံရပြီဆိုရင် တို့တစ်တွေ အိုစရာ၊ နာစရာ၊ သေစရာအကြောင်း မရှိတော့ဘူး။ သတိရအောက်မေ့ပွဲကို တက်တဲ့အခါ ဒါတွေကို စဉ်းစားသင့်တယ်။

သတိရအောက်မေ့ပွဲမှာ မုန့်နဲ့ စပျစ်ဝိုင်ကို လူတိုင်း စားသောက်သင့်သလား။— စားသောက်တဲ့သူတွေဟာ ‘နိုင်ငံတော်မှာ ပါဝင်ခွင့်ရမယ်။ ကောင်းကင်မှာ ကျွန်တော်နဲ့အတူ ပလ္လင်ပေါ် ထိုင်ရလိမ့်မယ်’ ဆိုပြီး ပြောခဲ့တယ်။ (လုကာ ၂၂:၁၉၊ ၂၀၊ ၃၀) ဆိုလိုတာက အဲဒီလူတွေဟာ ကောင်းကင်ကို သွားပြီး ယေရှုနဲ့အတူ ဘုရင်တွေအဖြစ် အုပ်စိုးကြမှာ။ ဒါကြောင့် ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးဖို့ မျှော်လင့်ချက် ရှိသူတွေသာ မုန့်နဲ့ စပျစ်ဝိုင်ကို သုံးဆောင်သင့်တယ်။

ဒါပေမဲ့ မုန့်နဲ့ စပျစ်ဝိုင်ကို မသုံးဆောင်တဲ့သူတွေလည်း သတိရအောက်မေ့ပွဲကို တက်သင့်တယ်။ ဘာကြောင့်လဲ သိသလား။— ယေရှုက တို့တစ်တွေအတွက်ပါ အသက်စွန့်ခဲ့လို့ပါပဲ။ သတိရအောက်မေ့ပွဲကို တက်တာက အဲဒီကျေးဇူးကို တို့တစ်တွေ မမေ့ဘူးဆိုတာ ပြရာရောက်တာပေါ့။ ဘုရားပေးတဲ့ ထူးမြတ်တဲ့လက်ဆောင်ကို တို့တစ်တွေ အမြဲပဲ သတိရနေမယ်။

ယေရှုရဲ့ရွေးဖိုး အရေးပါကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေထဲမှာ ၁ ကောရိန္သု ၅:၇။ ဧဖက် ၁:၇။ ၁ တိမောသေ ၂:၅၊ ၆။ ၁ ပေတရု ၁:၁၈၊ ၁၉ တို့လည်း ပါတယ်။