အခန်း ၃၁
နှစ်သိမ့်မှု တွေ့နိုင်တဲ့နေရာ
ကလေးတို့ တစ်ခါတလေ ဝမ်းနည်းပြီး အထီးကျန်တာမျိုး ဖြစ်ဖူးသလား။— ကိုယ့်ကို ချစ်တဲ့သူမှ ရှိရဲ့လားလို့ တွေးမိဖူးသလား။— တချို့ကလေးတွေ ဒီလိုမျိုး ဖြစ်ဖူးကြတယ်။ ဒါပေမဲ့ ဘုရားသခင်က “ငါကတော့ မင်းကို ဘယ်တော့မှ မမေ့ဘူး” ဆိုပြီး ကတိပေးထားတယ်။ (ဟေရှာယ ၄၉:၁၅) ဒီကတိကို သိလိုက်ရတော့ ဝမ်းမသာဘူးလား။— ယေဟောဝါဘုရားဟာ တို့တစ်တွေကို တကယ်ချစ်တာကွဲ့။
“မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင် ယေဟောဝါ လက်ခံထားမှာပါ” လို့ ကျမ်းစာရေးသူတစ်ယောက် ပြောခဲ့တယ်။ (ဆာလံ ၂၇:၁၀) ဒါကို သိလိုက်ရတော့ စိတ်ချမ်းသာသွားတယ် မဟုတ်လား။— ဟုတ်ပါတယ်၊ ယေဟောဝါက “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ . . . မင်းကို . . . ကူညီပေးမယ်” ဆိုပြီး ပြောထားတယ်။—ဟေရှာယ ၄၁:၁၀။
တစ်ခါတလေကျတော့ တို့တစ်တွေကို စာတန် နှောင့်ယှက်တာကို ယေဟောဝါ ခွင့်ပြုထားတယ်။ ယေဟောဝါက မိမိကိုဝတ်ပြုသူတွေကို စာတန် စမ်းသပ်တာကိုတောင် ခွင့်ပြုထားတယ်။ တစ်ခါကဆိုရင် ယေရှုအကြီးအကျယ် ဝေဒနာခံစားရအောင် မာရ်နတ် လုပ်လိုက်လို့ ယေရှုက “ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” ဆိုပြီးတော့တောင် ယေဟောဝါဆီ အော်ဟစ်ခဲ့တယ်။ (မဿဲ ၂၇:၄၆) အဲဒီလို ဝေဒနာ ခံစားနေရပေမဲ့ သူ့ကို ယေဟောဝါ ချစ်တုန်းပဲဆိုတာ ယေရှု သိတယ်။ (ယောဟန် ၁၀:၁၇) ပြီးတော့ ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေကို စမ်းသပ်ဖို့ စာတန်ကို လွှတ်ထားပေးတဲ့အပြင် ဒုက္ခပေးဖို့လည်း ခွင့်ပြုထားမှန်း ယေရှု သိတယ်။ ဘုရားသခင် ဘာဖြစ်လို့ အဲဒီလို ခွင့်ပြုထားရတဲ့အကြောင်း နောက်အခန်းတစ်ခန်းမှာ ရှင်းပြပါမယ်။
တို့တစ်တွေ ငယ်သေးတဲ့အချိန်မှာတော့ တစ်ခါတလေ ကြောက်တတ်ကြတယ်။ ဥပမာ၊ ကလေးတို့ မျက်စိလည်ပြီး လမ်းပျောက်ဖူးသလား။— ကြောက်သလား။— ကလေး တော်တော်များများ ကြောက်ကြတယ်။ ကြီးမြတ်တဲ့ဆရာက လမ်းပျောက်တဲ့အကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ်။ လမ်းပျောက်တာက ကလေးတစ်ယောက် မဟုတ်ဘူး။ သိုးလေးတစ်ကောင်ဖြစ်တယ်။
ကလေးတို့လည်း သိုးလေးနဲ့တူတာတွေ ရှိတယ်။ ဘယ်လိုတူတာလဲ။ ဒီလိုကွဲ့၊ သိုးတွေဟာ အကောင် သိပ်မကြီးဘူး၊ သန်မာတဲ့ တိရစ္ဆာန်လည်း မဟုတ်ဘူး။ ဒီတော့ လူတွေရဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်တာပေါ့။ သိုးတွေကို ထိန်းကျောင်းတဲ့သူတွေကို သိုးထိန်းလို့ခေါ်တယ်။
သိုးအကောင် တစ်ရာရှိတဲ့ သိုးထိန်းတစ်ယောက်အကြောင်း ယေရှု ပြောပြတယ်။ ဒါပေမဲ့ သိုးတစ်ကောင် လမ်းပျောက်သွားတယ်။ တောင်ကုန်းတစ်ဖက်မှာ ဘာများရှိမလဲဆိုပြီး သွားကြည့်ချင်တာ ဖြစ်ရင်ဖြစ်မယ်။ မကြာခင်မှာပဲ အဲဒီသိုးလေးဟာ ကျန်တဲ့သိုးတွေနဲ့ ဝေးရာကို ရောက်သွားတယ်။ ပတ်လည်ကို ကြည့်လိုက်တော့ သူတစ်ကောင်တည်း ရှိတာကို တွေ့ရတဲ့အခါ အဲဒီသိုးလေး ဘယ်လောက် ကြောက်လိုက်မလဲဆိုတာ စဉ်းစားကြည့်နိုင်မလား။—
သိုးတစ်ကောင် ပျောက်နေမှန်း သိသွားတဲ့အခါ သိုးထိန်း ဘာလုပ်မလဲ။ ဒါက သိုးလေးရဲ့ အပြစ်ပဲ၊ စိတ်ပူစရာ မလိုပါဘူးဆိုပြီး ပြောမလား။ ဒါမှမဟုတ် သိုး ၉၉ ကောင်ကို လုံခြုံတဲ့နေရာမှာ ထားပြီး အဲဒီတစ်ကောင်ကို သွားရှာမလား။ သိုးလေးတစ်ကောင်အတွက် အဲဒီလောက် အပင်ပန်းခံသင့်သလား။— ကလေးတို့သာ အဲဒီပျောက်နေတဲ့ သိုးလေးဖြစ်မယ်ဆိုရင် ကိုယ့်ကို သိုးထိန်း လာရှာစေချင်မယ် မဟုတ်လား။—
သိုးထိန်းဟာ ပျောက်သွားတဲ့သိုးလေး အပါအဝင် သူ့ရဲ့သိုး အားလုံးကို ချစ်တယ်။ ဒါကြောင့် ပျောက်တဲ့သိုးလေးကို သွားရှာတာပေါ့။ သိုးထိန်း လာနေတာကို တွေ့လိုက်ရတဲ့အခါ ပျောက်တဲ့သိုးလေး ဘယ်လောက် ဝမ်းသာသွားမယ်ဆိုတာ စဉ်းစားကြည့်။ သိုးထိန်းဟာ သိုးလေးကိုတွေ့တော့ ဝမ်းသာသွားတယ်။ မပျောက်တဲ့သိုး ၉၉ ကောင်ထက် ပြန်တွေ့တဲ့
သိုးလေးအတွက် ပိုပြီး ဝမ်းသာတယ်လို့ ယေရှု ပြောတယ်။ ကဲ၊ ယေရှုရဲ့ ပုံပြင်ထဲက သိုးထိန်းနဲ့ ဘယ်သူတူသလဲ။ အဲဒီသိုးထိန်းက သိုးတွေကို စောင့်ရှောက်သလို တို့တစ်တွေကို ဘယ်သူက စောင့်ရှောက်သလဲ။— ကောင်းကင်မှာ စံမြန်းတဲ့ အဖလို့ ယေရှု ပြောတယ်။ သူ့ဖေဖေ ယေဟောဝါပဲပေါ့။ယေဟောဝါဘုရားဟာ သိုးထိန်းကြီးဖြစ်တယ်။ ကလေးတို့ အပါအဝင် သူ့ကို ဝတ်ပြုသူအားလုံးကို ချစ်တယ်။ တို့တစ်တွေ တစ်ယောက်ကိုမှ ထိခိုက်နစ်နာတာ၊ ပျက်စီးတာတို့ မဖြစ်စေချင်ဘူး။ တို့တစ်တွေကို ဘုရား အဲဒီလောက် ဂရုစိုက်မှန်း သိရတာ တကယ့်ကို ဝမ်းသာစရာပါပဲ။—မဿဲ ၁၈:၁၂-၁၄။
ကလေးတို့ ယေဟောဝါဘုရားကို တကယ်ယုံကြည်သလား။— ဘုရားသခင်ကို တကယ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးလို့ လက်ခံသလား။— ယေဟောဝါကို တို့တစ်တွေ မမြင်နိုင်တာ မှန်တယ်။ ဒီလို မမြင်နိုင်တာက ဘုရားသခင်ဟာ နာမ်ဝိညာဉ် ဖြစ်လို့ပေါ့။ ဘုရားသခင်မှာ တို့မျက်စိနဲ့ မမြင်နိုင်တဲ့ ခန္ဓာမျိုးရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ တကယ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး တို့တစ်တွေကို မြင်နိုင်တယ်ကွဲ့။ ဘယ်အချိန်မှာ တို့တစ်တွေ အကူအညီ လိုတယ်ဆိုတာလည်း သိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တခြားလူတစ်ယောက်နဲ့ တို့တစ်တွေ စကားပြောသလို ယေဟောဝါကို ဆုတောင်းပြီး စကားပြောနိုင်တယ်။ ယေဟောဝါလည်း တို့တစ်တွေကို အဲဒီလိုမျိုး လုပ်စေချင်တယ်။
ဆာလံ အခန်းကြီး ၂၃၊ အခန်းငယ် ၁၊ ၂ မှာ ဒီလို ဆိုထားတယ်– “ယေဟောဝါဟာ ငါ့သိုးထိန်းပါ။ လိုလေသေးမရှိ ငါပြည့်စုံနေတာ။ ငါ့ကို စိမ်းစိုတဲ့ စားကျက်တွေမှာ နားနေစေတယ်။ ရေပေါများတဲ့နေရာဆီ ဦးဆောင်ခေါ်သွားတယ်။”
ဒါကြောင့် ဝမ်းနည်းနေမယ်၊ အထီးကျန်ဖြစ်နေမယ်ဆိုရင် ဘာလုပ်ရမလဲ။— ယေဟောဝါကို ပြောပြပါ။ ဘုရားသခင်ဆီ ချဉ်းကပ်ပြီး ခံစားရတာတွေကို ပြောပြမယ်ဆိုရင် ဘုရားက ကလေးတို့ကို နှစ်သိမ့်အားပေးပြီး ကူညီမစမှာပေါ့။ တစ်ကိုယ်တည်း အဖော်မဲ့နေတယ်လို့ ခံစားနေရရင်တောင် ကလေးတို့ကို ယေဟောဝါ ချစ်တယ်ဆိုတာ သတိရပါ။ ကဲ၊ ကျမ်းစာထုတ်ရအောင်။ကျမ်းရေးသူက အခန်းငယ် ၄ မှာ ဒီလို ရေးထားတာကို သတိပြုပါ– “မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရပေမဲ့ ကိုယ်တော်ရှိနေလို့ ဘာအန္တရာယ်မှ မကြောက်ဘူး။ နှင်တံနဲ့ တောင်ဝှေးတော်ကြောင့် ကျွန်တော် စိတ်အေးလက်အေး ဖြစ်နေတယ်။” ယေဟောဝါကို ဘုရားသခင်အနေနဲ့ ကိုးကွယ်တဲ့လူတွေ အဲဒီလို ခံစားရကြတယ်။ ဒုက္ခရောက်တဲ့အခါမှာ နှစ်သိမ့်မှု ရရှိကြတယ်။ ကလေးတို့ကော အဲဒီလိုပဲ ခံစားရသလား။—
မေတ္တာရှိတဲ့ သိုးထိန်းတစ်ယောက်က ကိုယ့်သိုးစုကို ဂရုစိုက်စောင့်ရှောက်သလို ယေဟောဝါကလည်း မိမိလူမျိုးကို ဂရုတစိုက် စောင့်ရှောက်တယ်။ သူတို့သွားရမယ့် လမ်းအမှန်ကို ပြတယ်၊ သူတို့လည်း ဝမ်းမြောက်ဝမ်းသာနဲ့ နောက်ကိုလိုက်ကြတယ်။ ပတ်ဝန်းကျင်မှာ မငြိမ်မသက် ဖြစ်နေရင်တောင် သူတို့ ကြောက်စရာ မလိုဘူး။ သိုးထိန်းဟာ အန္တရာယ်ပေးမယ့် တိရစ္ဆာန်တွေရန်ကနေ သိုးတွေကို နှင်တံ ဒါမှမဟုတ် တောင်ဝှေးနဲ့ ကာကွယ်ပေးတယ်။ ကျမ်းစာမှာ သိုးထိန်းလေးဒါဝိဒ်ဟာ ခြင်္သေ့တစ်ကောင်နဲ့ ဝက်ဝံတစ်ကောင်ရဲ့ရန်ကနေ သူ့သိုးတွေကို ကာကွယ်ပေးခဲ့ပုံအကြောင်း ပြောပြထားတယ်။ (၁ ရှမွေလ ၁၇:၃၄-၃၆) ယေဟောဝါလည်း အဲဒီလိုပဲ ကာကွယ်ပေးမယ်ဆိုတာ ဘုရားရဲ့လူမျိုး သိထားကြတယ်။ သူတို့နဲ့အတူ ဘုရားသခင် ရှိတဲ့အတွက် လုံခြုံတယ်လို့ ခံစားရကြတယ်။
ယေဟောဝါဟာ သူ့သိုးတွေကို တကယ်ချစ်ပြီး သူတို့ကို တယုတယ စောင့်ရှောက်တယ်။ “ဘုရားက သိုးတော်စုကို သိုးထိန်းတစ်ယောက်လို ဂရုစိုက်လိမ့်မယ်။ သိုးကလေးတွေကို ပွေ့ပိုက်ပြီး ရင်ခွင်ထဲ ချီပိုက်ထားလိမ့်မယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။—ဟေရှာယ ၄၀:၁၁။
တို့တစ်တွေကို ယေဟောဝါ ဂရုစိုက်တယ်ဆိုတာ သိလိုက်ရတော့ ကလေးတို့ စိတ်ချမ်းသာသွားတယ် မဟုတ်လား။— ဘုရားသခင်ရဲ့ သိုးလေးတစ်ကောင် မဖြစ်ချင်ဘူးလား။— သိုးတွေဟာ သိုးထိန်းရဲ့ စကားသံကို နားထောင်ကြတယ်။ သိုးထိန်းအနားမှာပဲ နေကြတယ်။ ကလေးတို့ကော ယေဟောဝါရဲ့စကားကို နားထောင်ကြသလား။— ယေဟောဝါအနားမှာပဲ နေကြသလား။— ဒါဆိုရင် လုံးဝ ကြောက်စရာ မလိုတော့ဘူး။ ကလေးတို့နဲ့အတူ ယေဟောဝါ ရှိနေမှာ။
ယေဟောဝါဟာ မိမိကို ဝတ်ပြုတဲ့သူတွေကို မေတ္တာနဲ့ စောင့်ရှောက်တယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ပြောတာကို ဆာလံ ၃၇:၂၅။ ၅၅:၂၂။ လုကာ ၁၂:၂၉-၃၁ တို့မှာ အတူတူ ဖတ်ကြည့်ရအောင်။